Search This Blog

Showing posts with label ဗုဒ္ဓ၀ါဒ. Show all posts
Showing posts with label ဗုဒ္ဓ၀ါဒ. Show all posts

Wednesday, January 18, 2017

မဟာဗောဓိစေတီတော်


မဟာဗောဓိစေတီတော်
*****************
မဟာဗောဓိစေတီတော်သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍
သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင် တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ် စေတီဖြစ်သည်။

သီရိဓမ္မာ သောကမင်းကြီး၏နောက် ဗုဒ္ဓဘာသာဝင် မင်းများက ထပ်မံမွမ်းမံကြ၍ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာဘုရင် မင်းတုန်းမင်း ၏ အလိုတော်အရ ဗြိတိသျှအစိုးရက မွမ်းမံပြင်ဆင်ပေးခဲ့သည်။ အိန္ဒိယ အစိုးရလက်ထက်တွင် ဘုရားကျောင်းကန် အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပေးသည်။

ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာထူးခြားကောင်းမွန်လှသည်။
စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။

အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော် တဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။

မဟာဗောဓိပင်
************
ဗုဒ္ဓဘာသာဝင် ဘုရားဖူးများ ဗုဒ္ဓဂါယာ၌ အဓိက ဖူးမျှော်ကြသော မဟာဗောဓိပင်သည် ပေတရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏ အနောက်ဖက်တွင် ရှိသည်။ မြတ်စွာဘုရားသခင်၏ ဖွားဖက်တော် တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင်ကား မဟုတ်ပေ။

သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကို ခုတ်လှဲဖျက်ဆီးခဲ့သည်။ သို့သော် ထိုမဟာဗောဓိပင်၏ အမြစ်နေရာမှပင် ဗောဓိပင် တစ်ပင်ပေါက်လာသည်။

ထိုဗောဓိပင်သည်လည်း ၁၈၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ ထိုအချိန်က မဟာဗောဓိစေတီအား ဗြိတိသျှ အစိုးရအမိန့်ဖြင့် ပြင်ဆင်မွမ်းမံလျက်ရှိသော ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ်က မူလဗောဓိပင်နေရာ၌ လဲကျသွားသော ပင်မကြီးမှ အကိုင်းတကိုင်းကို ပြန်၍စိုက်ပျိုးထားခဲ့ရာ ယခုဖူးတွေ့ရသည့် မဟာဗောဓိပင်သည် ထိုဗောဓိပင်ပွား ဖြစ်လေသည်။

စွယ်စုံကျမ်းမှ ကူးယူဖော်ပြသည်။

ဗုဒ္ဓဂါယာ


ဗုဒ္ဓဂါယာ
ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီ

ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိကြရာ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်ဟု တနေရာရာကို ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲ ဖြစ်သည်။ ဗုဒ္ဓဝါဒီတို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်

ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊
သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊
ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊
ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောစသည့် သံဝေဇနိယ လေးဌာန ပါဝင်သည်။

အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး​ ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။ တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောင့်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်​ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။

ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွဋ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။

ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။
မဟာဗောဓိစေတီတော်

မဟာဗောဓိစေတီတော်သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍ သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင် တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ် စေတီဖြစ်သည်။ သီရိဓမ္မာ သောကမင်းကြီး၏နောက် ဗုဒ္ဓဘာသာဝင် မင်းများက ထပ်မံမွမ်းမံကြ၍ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာဘုရင် မင်းတုန်းမင်း၏ အလိုတော်အရ ဗြိတိသျှအစိုးရက မွမ်းမံပြင်ဆင်ပေးခဲ့သည်။ အိန္ဒိယ အစိုးရလက်ထက်တွင် ဘုရားကျောင်းကန် အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပေးသည်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှသည်။ စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော် တဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။
မဟာဗောဓိပင်
မဟာဗောဓိပင်

ဗုဒ္ဓဘာသာဝင် ဘုရားဖူးများ ဗုဒ္ဓဂါယာ၌ အဓိက ဖူးမျှော်ကြသော မဟာဗောဓိပင်သည် ပေတရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏ အနောက်ဖက်တွင် ရှိသည်။ မြတ်စွာဘုရားသခင်၏ ဖွားဖက်တော် တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင်ကား မဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကို ခုတ်လှဲဖျက်ဆီးခဲ့သည်။ သို့သော် ထိုမဟာဗောဓိပင်၏ အမြစ်နေရာမှပင် ဗောဓိပင် တစ်ပင်ပေါက်လာသည်။ ထိုဗောဓိပင်သည်လည်း ၁၈၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ ထိုအချိန်က မဟာဗောဓိစေတီအား ဗြိတိသျှ အစိုးရအမိန့်ဖြင့် ပြင်ဆင်မွမ်းမံလျက်ရှိသော ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ်က မူလဗောဓိပင်နေရာ၌ လဲကျသွားသော ပင်မကြီးမှ အကိုင်းတကိုင်းကို ပြန်၍စိုက်ပျိုးထားခဲ့ရာ ယခုဖူးတွေ့ရသည့် မဟာဗောဓိပင်သည် ထိုဗောဓိပင်ပွား ဖြစ်လေသည်။
သတ္တသတ္တာဟဌာနများ
ဝဇီရာသန ပလ္လင်တော်ရှိ ရုပ်ပွားတော်

(က) ဝဇိရာသန ပလ္လင်တော် ။ ။ ထိုပလ္လင်တော်သည် မဟာဗောဓိပလ္လင်၏ ခြေရင်း၌ရှိ၍ မြတ်စွာဘုရားသခင် သဗ္ဗညုတ ရွှေဉာဏ်တော် ရရှိသည့် အပရာဇိတပလ္လင်၏ နေရာဟုဆိုသည်။ ထိုနေရာသည် စကြဝဠာ၏ ဗဟိုချက်ဟုလည်း ဆိုကြသည်။ ဝဇိရာသန ပလ္လင်သည် အနုပညာ လက်ရာမြောက်လှစွာ ထုထွင်းထားသော ကျောက်သား ပလ္လင်တော်ဖြစ်သည်။ ထိုပလ္လင်တော်သည် မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီအကြား မဟာဗောဓိပင်၏ အရှေ့ဖက်၌ ရှိသည်။

ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးသည်မစ၍ အပရာဇိတ ပလ္လင်ပေါ်မှ မထပဲ ခုနစ်ရက်တိုင်တိုင် အရဟတ္တ ဖိုလ်ချမ်းသာကို ခံစားတော်မူသည်။ ယင်းသို့ ပလ္လင်ထက်၌ ခုနစ်ရက် စံတော်မူခဲ့သည့် ပထမ သတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟုခေါ်လေသည်။

(ခ) အနိမိသဌာန ။ ။ ခုနစ်ရက်မြောက်၍ ပလ္လင်ထက်မှ ထလျှင် နတ်ဗြဟ္မာ အပေါင်းတို့စိတ်၌ ဘုရားအဖြစ်သို့ ရောက်ခြင်းတွင် သံသယရှိနေသည်ကို ပယ်ဖျက်ရန် ကောင်းကင်သို့တက်၍ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ ယင်းသည့်နောက် ပလ္လင်၏ အရှေ့မြောက်ထောင့် ၁၀၄ ပေခန့်အကွာတွင် ရပ်တော်မူ၍​ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက်စံတော်မူခဲ့သည့် နေရာကို အနိမိသ သတ္တာဟ ဟုခေါ်၍ ဒုတိယ သတ္တာဟဖြစ်သည်။ ထိုနေရာတွင် အထိမ်းအမှတ် တည်ထားသော အနိမိသ စေတီတစ်ဆူရှိသည်။

(ဂ) ရတနာ စင်္ကြံတော် ။ ။ မဟာဗောဓိ စေတီတော်ကြီး မြောက်ဖက်တွင်ကပ်လျက် အရှေ့အနောက် ပေ ၆၀ ခန့်အတွင်း ကျောက်ကြာပွင့် ၁၁ ပွင့်ရှိရာဌာနသည် အနိမိသ သတ္တာဟ စံတော်မူပြီးနောက် ရတနာစင်္ကြံကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံး စင်္ကြံကြွလျက် တတိယ သတ္တာဟကို သီတင်းသုံးခဲ့သော နေရာဖြစ်သည်။ ထိုနေရာကို ရတနစင်္ကမန သတ္တာဟ ဟုခေါ်သည်။
ရတနာစင်္ကမန သတ္တာဟ

(ဃ) ရတနာဃရ ရွှေအိမ်တော် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အနောက်မြောက် ပေ ၇၀ ခန့်တွင် နတ်တို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ပဋ္ဌာန်းကျမ်းကို သုံးသပ်လျက် ခုနစ်ရက် စံတော်မူခဲ့သည်။ ထိုနေရာကို ရတနဃရ သတ္တာဟ ဟုခေါ်သည်။ စတုတ္ထ သတ္တာဟ စံခဲ့သော ထိုနေရာတွင် ယခုအခါ အုတ်တိုက်စေတီငယ်တဆူ ရှိ၍ အနုပညာ လက်ရာမြောက်သော ထူပါကျောက်တိုင်များဖြင့် ဝန်းရံလျက်ရှိသည်။
ရတနာဃရ စေတီ

(င) အဇပါလညောင်ပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့မျက်နှာ ပေ ၇၀ ခန့်တွင် မြတ်စွာဘုရား သခင်သည် မာရ်နတ်သမီးတော် သုံးပါးနှင့် ဟုံဟုံက ပုဏ္ဏားတို့ကို ဆုံးမ၍ ခုနစ်ရက် သီတင်သုံးတော်မူခဲ့သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့သည်။ ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော ကျောက်တိုင်ရှိသည်။ ပဉ္စမ သတ္တာဟ စံခဲ့သော ထိုနေရာကို အဇပါလ သတ္တာဟ ဟုခေါ်သည်။

(စ) မုစလိန္ဒာအိုင် ။ ။ ဘုရားရှင် ဆဋ္ဌ သတ္တာဟကို စံတော်မူခဲ့သည့် နေရာဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့တောင်ဖက် ပေ ၁၇၀ ခန့်တွင် မုစလိန္ဒာအိုင် ရှိခဲ့ရာ ထိုအိုင်အနီး ကျည်းပင်းရင်း၌ ခုနစ်ရက်လုံး စံနေစဉ် မိုးကြီးစွေသဖြင့် မုစလိန္ဒ နဂါးမင်းက မိမိပါးပျဉ်းဖြင့်မိုး၍ ကိုယ်ကိုခွေလျက် ပလ္လင်ပြုကာ လှူဒါန်းခြင်းကို ခြီးမြှောက် စံနေတော်မူခဲ့သည်။ ထိုနေရာကို အထိမ်းအမှတ်ပြုသော အဆောက်အအုံ မတွေ့ရသော်လည်း တခါက ရှိခဲ့ဖူးဟန်တူ၍​ မြေအောက်မြုပ်နေဟန် ရှိကြောင်း အထောက်အထား အစအနများ တွေ့ရသည်။ ထိုသတ္တာဟကို မုစလိန္ဒ သတ္တာဟ ဟုခေါ်သည်။
မုစလိန္ဒာအိုင်

(ဆ) ရာဇာယတနလင်းလွန်းပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ တောင်ဖက် ပေ ၁၇၀ ခန့်တွင် ဘုရားရှင် သတ္တမသတ္တာဟ စံတော်မူခဲ့သော လင်းလွန်းပင်နေရာဖြစ်သည်။ ထိုနေရာတွင် ယခု အထိမ်းအမှတ် အုတ်တိုက်စေတီ ရှိသည်။ ထိုနေရာကို ရာဇာယတန သတ္တာဟဟု ခေါ်သည်။
ရာဇာယတန လင်လွန်းပင်

ထိုနေရာ၌ ခုနစ်ရက် စံတော်မူပြီး၍ ဘုရားအဖြစ် ရရှိပြီးသည်မှ ၄၉ ရက်မြောက်တွင် ထိုလင်းလွန်းပင်ရင်း၌ပင် ဥက္ကလာ ဇနပုဒ်မှ တပုဿ - ဘလ္လိက ကုန်သည်ညီနောင်တို့အား ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၍ သရဏဂုံ နှစ်ပါးတည်စေခဲ့သည်။ ဆံတော်များကို ရွှေတိဂုံ စေတီတော်၌ ဌာပနာတည်စေခဲ့သည်။
အခြား ထင်ရှားသည့် သမိုင်းဝင် နေရာများ

ဖော်ပြခဲ့သော အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊​ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း (မဟာဗောဓိ စေတီတော်မှ အရှေ့မြောက်ဖက် နေရဉ္စရာမြစ်၏ အရှေ့ဖက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်သည်။

ဆိုခဲ့ပြီးသော မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။ မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌​ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ အသောကမင်းခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။

ဥရုဝေလ တော


ဘုရားရှင် ဒုက္ကရစရိယ ကျင့်ရာဂူအတွင်းရှိ ရုပ်ပွားတော်


သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူရာ နေရာ


ဘုရားရှင် ရွှေခွက်မျှောရာေ

အိန္ဒိယ နှင့် ဗုဒ္ဓဘာသာ ၂


ဗုဒ္ဓမြတ်စွာဟာ တရားဓမ္မတွေဟောကြားတဲ့အခါ အများအားဖြင့်အရေအတွက် ကြီးမားများပြားတဲ့ ပရိတ်သတ်တွေ မရှိခဲ့ပါဘူး။ တစ်ဦးချင်းသို့မဟုတ်ရင် အရေတွက် အနည်းငယ်သာရှိတဲ့ ပရိသတ်တွေကိုသာ ဟောကြားခဲ့တာများပါတယ်။ ပထမဆုံး တရား ဓမ္မဟောကြားခဲ့ရသူတွေဟာ ရသေ့ ပရိဗိုဇ် ငါးဦးမျှသာဖြစ်တယ်။ ဒီလို ဟောကြားလိုက်လို့ နာကြားသူတစ်ဦးဟာ တရား အသိသက်ဝင်ကိန်းအောင်းသွားပြီး နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်ပြီ၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီ ဆိုတာနဲ့ သူဟာ ဆရာ ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတော်တွေကို ပြန့်ပွားစေဖို့ တာဝန်ကို ထမ်းဆောင်ရပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ပရိနိဗ္ဗာန်စံတော် မူဖို့ ညောင်စောင်း မှာ နောက်ဆုံးအချိန်လဲလျောင်းတော်မူခဲ့တဲ့ကာလမှာတောင် တရားဓမ္မဟောကြားပြသဖို့ မောပမ်းတော်မမူခဲ့ ပါဘူး။ ဗုဒ္ဓရှင်တော်ဟာ အဲဒီနောက်ဆုံးအချိန်မှာ ပရိဗိုဇ်တစ်ဦးကို တရားဓမ္မနဲ့ပတ်သက်ပြီး မေးမြန်းခွင့်ပြုခဲ့ကြောင်း ပိဋကတ် တော်မှာတွေ့ကြရတယ်။ ဘုရားဖြစ်ပြီးတဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ဗုဒ္ဓမြတ်စွာဟာ တရားနာကြားနိုင်စွမ်းရှိတဲ့သူတွေ ကို တရားဓမ္မဟောကြားဖို့အတွက် လမ်းအသွယ်သွယ်မှာ တစ်ပါးတည်း ကြွချီတော်မူခဲ့ တယ်။ ပြစ်တင်စော်ကားတဲ့ လူအချို့ ကိုတောင်မှ တရားဓမ္မမဟောကြားဘဲ လှည့်ထွက်သွားတော်မမူခဲ့ဘူး။ ဒီလို အနည်းအကျဉ်းနဲ့ ဗုဒ္ဓမြတ်စွာ စတင်ခဲ့တဲ့ သာသနာ ခရီးဟာ နောက်ဆုံးမှာ အကြီးအကျယ်ပြန့်ပွားသွားခဲ့တယ်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကာလမှာ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက လူများစွာရဲ့ ကိုးကွယ်ယုံကြည်ရာ ဘာ သာတရားဖြစ်ခဲ့တယ်ဆိုတာကို ပိဋကတ်တော်ထဲက အစောပိုင်း သုတ္တံဒေသနာတော်တွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

အဲဒီခေတ်ကာလ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ တိုင်းနိုင်ငံ (၁၆) နိုင်ငံအနက်က မာဂဓတိုင်းနဲ့ ကောသလတိုင်းဟာ စီးပွားရေးနဲ့ နိုင်ငံရေးအားဖြင့် ပိုမိုသြဇာကြီးမား ဖွံ့ဖြိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကလည်း ဘုရားဖြစ်ပြီးကာလ ဘ၀ တစ်လျှောက်မှာ အများအားဖြင့် ဒီ တိုင်းဒေသနှစ်ခု အတွင်းမှာ သီတင်းသုံးနေထိုင်တော်မူခဲ့တယ်။ မာဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရမင်းနဲ့ သားတော် အဇာတသတ်မင်း၊ ကောသလတိုင်းရဲ့ ဘုရင် ပသနဒီ ကောသမင်းတို့ဟာ ဗုဒ္ဓ၀ါဒကို အဓိက ချီးမြှောက်ထောက်ပံ့ခဲ့တဲ့ မင်းတွေဖြစ်ခဲ့တယ်။

ဗိမ္ဗိသာရမင်းဟာ သူ့ရဲ့ဥယျဉ်တစ်ခုဖြစ် တဲ့ ဝေဠုဝန်ဥယျဉ်တော်ကို ဗုဒ္ဓမြတ်စွာ အတွက် ပထမဆုံး ကျောင်းတော်အဖြစ်လှူဒါန်းခဲ့ကြောင်း ကျမ်းဂန်မှာ မှတ်တမ်းတင်ထားတယ်။ ကောသလမင်းကြီးကတော့ ဗုဒ္ဓမြတ်စွာရဲ့ ရှေ့တော်မှာ အလျားမှောက်ပြီး ခြေတော်အစုံကို နမ်းရူံတဲ့အထိ ဗုဒ္ဓမြတ်စွာကို ကြည်ညိုမြတ်နိုးကြောင်းတွေ့ကြ ရတယ်။ ဒီ မင်းကြီးနဲ့ ဗုဒ္ဓမြတ်စွာဟာ ဘယ်လောက် ရင်းနှီးတဲ့ထိတွေ့မူရှိသလဲ ဆိုတာကို သံယုတ္တနိကာယ်က သုတ္တံတရား (၂၅) သုတ် ပါတဲ့ ကောသလသံယုတ် က ဖော်ပြနေပါတယ်။

အခြားတိုင်းနိုင်ငံ အများစုဟာလည်း ဗုဒ္ဓ၀ါဒရဲ့ လွှမ်းမိုးမူအောက်မှာ တည်ရှိခဲ့ကြောင်းကို ဗုဒ္ဓမြတ်စွာရဲ့ အဲဒီတိုင်းနိုင်ငံတွေကို အကြိမ်များစွာ ကြွရောက်တော်မူခဲ့တဲ့ ဒေသစာရီခရီးတွေကတဆင့် သိရှိနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ပထမဆုံးတရားတော်ကို ဗာရာဏသီက မိဂဒါဝုန်ဥယျဉ်မှာ ဟောကြားတော်မူခဲ့ပြီး၊ ဗာရာဏသီဟာ ကာသိတိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တယ်။ငတ်မွတ် ဘေးစိုက်လို့ ပြည်သူပြည်သားတွေရဲ့တောင်းပန်လျှောက်ထားမူနဲ့ ရတနာသုတ်တရားတော်ကို ဟောကြားခဲ့တာဟာ ဝေသာလီ မှာဖြစ်ပြီး၊ ဝေသာလီဟာ ၀ဇ္ဇီတိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တယ်။

သာသနာတော်မှာ အဆုံးမရခက်သူတွေအဖြစ်ထင်ရှားတဲ့ ဆဗ္ဗဂ္ဂီယ ရဟန်းတော် ခြောက်ဦးဟာလည်း ၀ဇ္ဇီတိုင်းကဖြစ်ပါတယ်။ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော်မူခဲ့တဲ့ နေရာကတော့ ကုသိ နာရုံက အင်ကြင်းဥယျာဉ်တော်မှာဖြစ်ပြီး၊ မလ္လတိုင်းအတွင်းမှာ တည်ရှိတယ်။ ပရိနိဗ္ဗာန်စံတော်မူဖို့ ကုသိနာရုံကို ကြွချီတော် မူရာ လမ်းတစ်လျှောက်မှာ လည်း မြို့၊ ရွာပေါင်းများစွာ ဖြတ်သန်းတော်မူခဲ့ပြီးဝဇ္ဇီတိုင်းသူ၊ပြည်သားတွေကို တရားဓမ္မဟော ကြားတော်မူခဲ့ကြောင်း တွေ့ကြရတယ်။

ဓမ္မ၊ ၀ိနယ နဲ့ ပတ်သက်ပြီး အခြေအတင်အငြင်းပွားမူကြောင့် ဗုဒ္ဓမြတ်စွာကို ပါရိလေယျက တောအုပ်မှာတစ်ပါးတည်းသီတင်းသုံး နေထိုင်တော်မူအောင်ဖြစ်စေခဲ့တဲ့ရဟန်းတော်ရာပေါင်းများစွာဟာ ကောသမ္ဗီက ဖြစ်ပြီး၊ ကောသမ္ဗီဟာ ၀ံသတိုင်းရဲ့ မြို့တော် ဖြစ်တယ်။ ပိဋကတ်တော်မှာ အလွန်အရေးပါတဲ့ သုတ္တံဒေသနာတွေဖြစ်တဲ့ ‘‘မဟာသတိပဋ္ဌာနသုတ်နဲ့ မဟာနိဒါနသုတ်’’ တွေကို ဟောကြားခဲ့ရာဒေသဟာ ကမ္မာသဓမ္မ နိဂုံးရွာကြီးဖြစ်ပြီး၊ အဲဒီ ရွာဟာ ကုရုတိုင်းမှာ တည်ရှိခဲ့တယ်။

ဗုဒ္ဓ၀ါဒရဲ့ လွှမ်းမိုးမူအောက်မှာ တည်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက နောက်ထပ်တိုင်းနိုင်ငံတစ်ခုကတော့ အ၀န္တိတိုင်း ဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရား အကျဉ်းအားဖြင့်ဟောကြားတော်မူတဲ့ တရားဒေသနာတော်တွေကို အကျယ်ရှင်းပြရာမှာ အသာဆုံး၊ အမြတ်ဆုံး အဖြစ် ချီးမြှောက်ခြင်းခံခဲ့ရတဲ့ ရှင်မဟာကစ္စာယန မထေရ်ရဲ့ ဇာတိဟာ အ၀န္တိတိုင်းဖြစ်ပါတယ်။ မထုရာမြို့ဟာ အ၀န္တိတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကြွရောက်တော်မူခဲ့ကြောင်း တွေ့ကြရတယ်။ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီး မကြာ ခင် ကာလတစ်ခုမှာ ရှင်မဟာကစ္စာယန မထေရ်မြတ်က မထုရာဘုရင်ကို ဟောကြားတော်မူခဲ့တဲ့ မဓုရာ သုတ်တော်ကို မဇ္ဈိမ နိကာယ်မှာ တွေ့နိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ ဘုရားသက်တမ်းတစ်လျှောက်လုံး တရားဓမ္မတော်တွေ မနေမနား ဟောကြားပြသမူ၊ သပ္ပါယ်တော်မူတဲ့ ရုပ်ဆင်းအင်္ဂါတော်၊ နက်နဲတဲ့တရားဓမ္မတော်တွေကို နားလည်အောင်ဟောပြနိုင်စွမ်းနဲ့ လူအများနှစ်သက်လက်ခံဖွယ်ကောင်းတဲ့ သင်ကြားဟောပြမူဂုဏ် ရည် တော်တွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ အလျင်အမြန် ပြန့်ပွားထွန်းကားခဲ့ခြင်းရဲ့ အဓိကအကြောင်းတ ရားများဖြစ်ခဲ့တယ်။ဗုဒ္ဓမြတ်စွာဟာ ကိုယ်တော်မြတ်ရဲ့ တရားဓမ္မတွေကို လူပေါင်းများစွာထံရောက် ရှိပြန့်နှံ့စေချင်ခဲ့မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် မို့ သူ့ရဲ့ တပည့်သာဝကတွေကို တရားဓမ္မဟောကြားဖို့အတွက် တိုင်းပြည် ဒေသအသီးသီးကို စေလွှတ်ခဲ့တာဖြစ်တယ်။ ပထမဆုံးအကြိမ် တပည့်သာဝက ရဟန္တာမထေရ် အပါး (၆၀) ပေါ်ထွန်းခဲ့တဲ့အခါတုန်းက ဗုဒ္ဓမြတ်စွာဟာ ဒီ တပည့်ရဟန်းတော် တွေကို လူ၊ နတ်များစွာ အကျိုးစီးပွားဖြစ်ထွန်းစေအောင် လမ်းခရီးတစ်ခုမှာ နှစ်ပါးမသွားဘဲ တရားဓမ္မဟောကြားတော်မူကြဖို့တိုက်တွန်းစေလွှတ်တော်မူကြောင်း ပိဋကတ်တော်မှာ တွေ့ကြရတယ်။

ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝက ရဟန္တာမထေရ်မြတ်တွေ အားလုံးဟာလည်း မိမိတို့ကိုယ်တိုင် ရဟန္တာဖြစ်တော် မူပြီးတာနဲ့ သာမာန်လူတွေကြားမှာ သီတင်းသုံးနေထိုင်တော်မူပြီး ဗုဒ္ဓ၀ါ ဒ ပြန့်ပွားထွန်းကားဖို့အတွက် အများကြီးဆောင်ရွက်တော်မူခဲ့ကြတယ်။

ဘိက္ခု ကေသရ
ref: Popularization of Buddhism in India by Prof.Dr. Kapila
Abhayawansa
Posted by bhikkhukesara

မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း


မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း

(၁) ကသ္မိရ ဂန္ဓာရ

ကသ္မိရ, ဂန္ဓာရတိုင်းတို့တွင် သာသနာတော်သည် နှစ် ၁၀၀၀-ကျော် တည်ရှိခဲ့သော်လည်း သာသနာနှစ် ၅၀၀-လောက်အထိသာ ထေရ၀ါဒ သာသနာတည်ရှိပြီး နောက်ပိုင်းတွင် မာသံဃိတိဂိုဏ်း ရောက်လာကာ မဟာယာနသာသနာအဖြစ် သာသနာတော်နှစ် ၁၀၀၀-လောက်ထိ လွှမ်းမိုးခဲ့သည်။ နောင်အခါ ဘာသာခြားတို့ လွှမ်းမိုးသွားသည်။

(၂) မဟိံသကမဏ္ဍလ

မဟိံသကမဏ္ဍလ (မိုက်ဆိုးရ်)ပြည်မှာ မဇ္ဈိမဒေသတောင်ပိုင်းတွင် တည်ရှိ၍ ကလိင်္ဂတိုင်း အန္ဓတိုင်း၊ စောဠတိုင်း၊ ဒမိလတိုင်း၊ ပဏ္ဍုတိုင်း၊ မာလကုဋတိုင်းစသော ဣန္ဒိယ တောင်ဘက်စွန်းနိုင်ငံများသို့တိုင် ထေရ၀ါဒ သာသနာရောက်ခဲ့၍ သာသနာတော်နှစ် တစ်ထောင်ကျော်အထိ သာသနာထွန်းကားခဲ့သည်။ အဋ္ဌကထာ ကျမ်းပြုအကျော် မထေရ်မြတ်တို့ ထွက်ပေါ်ရာ တိုင်းဖြစ်၏။

(၃) ဒက္ခိဏပထ

ဝန၀ါသီမှာဒက္ခိဏပထအနောက်ဘက်တိုင်းနိုင်ငံများဖြစ်သည်။ ကျေးကုလားဟု မြန်မာတို့ ခေါ်ဆိုကြသော ပြည်နယ်များဖြစ်၍ ပင်လယ်ကမ်းရိုးတန်းတလျှောက် ကေရလာ, မလဘာနယ်တို့ ပါဝင်သည်။သာသနာတော်နှစ် ၁၀၀၀ကျော်ထိ ထေရ၀ါဒသာသနာထွန်းကားခဲ့၏။ အသောကမင်းတရား ကျောက်စာတွင် ဓမ္မမဟာမတ္တ သာသနာရေးရာ မင်းကြီးလက်အောက်၌ ၀ါဒပျံ့နှံ့ရေးမှူးများ ခန့်အပ်ဆောင်ရွက်ခဲ့သည့် ဌာနများအဖြစ် ကေရလပုတတိုင်း သတိယပုတတိုင်း တို့ကို ဖော်ပြထားသည်။

(၄) အပရန္တတိုင်း

အပရန္တတိုင်း ဗုံဗာဤ(ဘုံဘိုင်) နယ်ဖြစ်သည်။ အဇန္တာ အဲလိုရာဒေသ ၀ိဉ္ဈာတောင်တန်းဒေသတို့ ပါဝင်၏။ အဇန္တာကျောင်းတော်ကြီးမှာ နာမည်ကျော်ခဲ့၍ သာသနာတော်နှစ် ၇၀၀လောက်ထိ ထေရ၀ါဒ ထွန်းကား၏။ နောက်ပိုင်း မဟာယာနဂိုဏ်းထွန်းကားခဲ့၍ သာသနာတော်နှစ် ၁၀၀၀-ကျော်အထိ တည်ရှိခဲ့သည်။

(၅) မဟာရဋ္ဌ

မဟာရဋ္ဌတိုင်းမှာ အန္ဓရတိုင်း ၀န၀ါသီတိုင်း အပရန္တတိုင်းတို့ အကြားတွင် တည်ရှိ၍ ထေရ၀ါဒသာသနာထွန်းကားခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ကျော်ထိ သာသနာတော် တည်ရှိခဲ့သည်။

(၆) ယောနက

ယောနကတိုင်းသည် အနောက်မြောက်ပိုင်းဖြစ်သည်။ ဂန္ဓာရတိုင်း အပြင်ဘက် ကျရောက်သည်။ နေပြည်တော်မှ ယူဇနာရှစ်ရာ ကွာဝေးသည်။ ယောနသို့မဟုတ် ယောနကတိုင်းပြည်များကို ဂရိနိုင်ငံဟု ဆိုကြသည်။ အသောက ကျောက်စာအမှတ် ၁၃-တွင် ထိုတိုင်းသို့ ဓမ္မမဟာမတ္တ သာသနာရေးရာ အမတ်၊ ဓမ္မနိယုတ္တ တရားဖြန့်ဖြူးရေး တမန်အဖွဲ့များ ခန့်ထားစေလွှတ်ကြောင်း ယောနကနိုင်ငံနှင့် အနီးနားနိုင်ငံများသို့ တရားဓမ္မ ပျံ့နှံ့ရန် ၎င်းနိုင်ငံရှိ ဘုရင်များဖြစ်သော -

(၁) အံတိအိုက (အံတိယိုခ်ျစစ်မင်း) ဆိုက်ရီယ (ဆီရိယနိုင်ငံ)
(၂) တုလမယ (တိုလမီမင်း) ဖိလစ်ဒလ (အီးဂျစ်နိုင်ငံ)
(၃) အံတိကိနီ (အံနိဂိုနောစ့်မင်း) မက်ဆီဒိုနီးယားနိုင်ငံ၊
(၄) မက (မဂါ့စ်မင်း) ဆိုက်ရံနီ (အီဂျစ်အနောက်ပိုင်း)၊
(၅) အလိကသုဒရ (အလက္ကဇန္ဒြာမင်း) အပ္ပိရောဆီနိုင်ငံ -

တို့ထံ သာသနာပြုစေလွှတ်သည်။ သာသနာတော်နှစ် ၅၀၀ လောက်တွင် အရှင်ပီယုဟထေရ (အလက္ကဇန္ဒြိယပြည်သား) နှင့် အရှင်ဣသေနေသ (ပါလစ္စတိုင်းပြည်သား)တို့ ထိုနယ်များ၌ တရားဟောပြကြောင်း မှတ်တမ်းရှိ၍ သာသနာတော်နှစ်-၃၀၀ ကျော်ထိ တည်ရှိခဲ့သည်။ တူရကီစတန် အာဖဂန်နီစတန် ပါသိယန်နိုင်ငံတို့တွင် ဗုဒ္ဓသာသနာအနှစ် ၈၀၀ကျော်ထိ ပျံ့နှံ့ခဲ့သည်။ မဟာယာန သာသနာထွန်းကားခဲ့သည်။

ကမ္ဘောဇတိုင်း ကာဗူဥလ် ဥဒယာန တိုင်းမှာလည်း မဟာယာန သာသနာရောက်ရှိ ထွန်းကားခဲ့သည်။

(၇) ဟိမ၀န္တာဒေသ

ဟိမ၀န္တာနယ်စပ်ဒေသများမှာ နေပါလနယ် တောင်တန်းဒေသများ၊ စိနရဋ္ဌခေါ် တရုပ်ပြည်၊ ဆီက္ကန်၊ ဘူတန်၊ တိဘက်၊ ၀ူထန်(ခူတန်၊ ခိုတန်) နိုင်ငံများဖြစ်သည်။ ရာသီဥတု အေးလွန်းပြီး တောင်စဉ်အထပ်ထပ်ခရီး ဖြစ်သော်လည်း မဇ္ဈိမ မထေရ် ခေါင်းဆောင်သော မထေရ်တို့ သာသနာပြုခဲ့ကြသည်၊ အစပိုင်းတွင် ထေရ၀ါဒ သာသနာရောက်ရှိသွားသော်လည်း နောင်သောအခါ မဟာယာန သာသနာထွန်းကားသွားသည်။ ယခုထက်တိုင် မဟာယာနသာသနာ ထင်ရှားရှိသေးသည်။

(၈) လင်္ကာဒီပ သာသနာ

အရှင်မဟိန္ဒမထေရ်သည် သာသနာတော်နှစ် ၂၃၆-ခုနှစ် နယုန်လပြည့်နေ့တွင် သီဟိုဠ်သို့ ကြွတော်မူသည်။ ဒေ၀ါနံပိယတိဿ မင်းသည် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုကိုးကွယ်ပြီး သာသနာပြုခဲ့သည်။ မဟာဝိဟာရ ကျောင်းတိုက်ကြီးကို တည်ဆောက်လှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ သီဟိုဠ်နိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်လာသည်။ အရှင်မဟိန္ဒ မထေရ်သည် မဟာအဋ္ဌကထာကျမ်းများကို သီဟဋ္ဌဘာသာသို့ ပြန်ဆိုပို့ချသဖြင့် သီဟိုဠ် သာသနာ ခိုင်မြဲလာသည်။ နောင်အခါဝယ် သာသနာတော်နှစ် ၄၅၀-ခုနှစ်၌ စတုတ္ထသံဂါယနာတင်တော်မူကြပြီး ပေထက်အက္ခရာ တင်ထားခဲ့ကြသဖြင့် ပိဋကစာပေသည် တိုးတက်ဖွံ့ဖြိုးလာသည်။

အသောကမင်းကြီး သားတော် အရှင်မဟိန္ဒကို သိဟိုဠ်သို့ စေလွှတ်ခြင်းသည် အကြောင်းထူးရှိသည်။ သီဟိုဠ်နိုင်ငံသည် သာသနာတော် ခိုင်မြဲတည်တံ့ကျယ်ပြန့်မည့် နိုင်ငံဖြစ်ကြောင်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် အနာဂတံသဉာဏ်တော်ဖြင့် မြင်တော်မူပြီး ဖြစ်၍ မင်းကြီး၏ သားတော်ကို ရွေးချယ် စေလွှတ်တော်မူခဲ့သည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ သာသနာတော် ရောက်ရှိလာခြင်း

(၉) သုဝဏ္ဏဘူမိ
သုသဏ္ဏဘူမိ ခေါ် ရာမညတိုင်း သထုံမြို့တော်သို့ သာသနာတော်နှစ် ၂၃၅-ခုနှစ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိလာသည်။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင်အနုရုဒ္ဓါ၊ အရှင်တိဿဂုတ္ထ အရှင်သောဏေယ မထေရ်ငါးပါးတို့သည် သာသနာပြုရန် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွတော်မူသည်။ သထုံမြို့ကား သုဓမ္မပူရအမည်ရှိ၏။ မင်းကား သီရိမာသောကမင်းဖြစ်သည်။
ထိုအချိန်မတိုင်မီက မင်းနန်းတော်၌ ဖွားမြင်တိုင်းသော သားသူငယ်တို့ကို ဘီလူးမတစ်ကောင်သည် သမုဒ္ဒရာမှ တက်လာ၍ ခိုးယူစားသောက်လေ့ရှိ၏။

မထေရ်တို့ရောက်သည့်နေ့၌လည်း နန်းတော်တွင် မင်းသားကလေးတစ်ဦး ဖွားမြင်သည်။ စောင့်ရှောက်နေကြသော သူတို့သည် ရုပ်သွင်ထူးဆန်းသော ထိုရဟန်းတို့ကို တွေ့လျှင် ဘီလူးမ၏ အပေါင်းအဖော်များဟုထင်ကာ ရိုက်ပုတ်ရန် ပြေးလာကြသည်။ အရှင်သောဏနှင့် အရှင်ဥတ္တရတို့က သံဃာတော်များဖြစ်ကြောင်း ရှင်းပြနေစဉ်မှာပင် ဘီလူးမသည် အခြံအရံများနှင့်တကွ သမုဒ္ဒရာမှ တက်လာ၏။ မထေရ်တို့လည်း ဘီလူးမထက် နှစ်ဆကြီးသော ပုံသဏ္ဌာန်ဖန်ဆင်း၍ ဘီလူးမများကို နှင်ထုတ်တော်မူသည်။

စည်းဝေးရောက်လာသော သူတို့အား ဒီဃနိကာယ သီလက္ခန္ဓ၀ဂ် ဗြဟ္မဇာလသုတ်တော်မြတ်ကို ဟောပြတော်မူရာ ပရိသတ်ပေါင်း ခြောက်သောင်းတို့ အရိယာဖြစ်ကြ၏။ သုံးထောင်ငါးရာသော ယောက်ျားတို့ ရဟန်းပြုကြကုန်၏။ တစ်ထောင့်ငါးရာသော အမျိုးသမီးတို့ ရဟန်းမ ပြုလုပ်ကြကုန်၏။ ဤသို့လျှင် သုဝဏ္ဏဘူမိ တိုင်း၌ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော် အခြေတကျ ထွန်းကားခဲ့လေသည်။

သာသနာဝင်စာပေတို့တွင် သုဝဏ္ဏဘူမိနှင့် စပ်၍ အကျဉ်းမျှသာ ရေးသားတော်မူခဲ့ကြသဖြင့် သုဝဏ္ဏဘူမိနှင့်စပ်၍ ခိုင်လုံမူရှိစေရန် လိုအပ်လာ၏။ မြန်မာတို့က သုဝဏ္ဏဘူမိဟု အချို့က ဆိုကြပြန်၏။ ယိုးဒယားပြည်တောင်ပိုင်း ဒွါရာဝတီ နိုင်ငံသည်လည်း သုဝဏ္ဏဘူမိဖြစ်နိုင်ကြောင်း ရေးကြပြန်၏။ ဣန္ဒိယတောင်ပိုင်း အနောက်ဘက်ကမ်း ဘုံဘိုင်နယ်ကို လည်းကောင်း၊ တချို့က သူရဋ္ဌတိုင်းနယ်ကို လည်းကောင်း၊ သုဝဏ္ဏဘူမိဖြစ်လေဟန် ပြောဆိုကြ၏။ သို့ဖြစ်၍ သုဝဏ္ဏဘူမိကို စိစစ်ရန်လိုအပ် လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Ref:ဓမ္မစာပေများ
Today Bago New Version အား Download ပြုလုပ်ခြင်းဖြင့်
ပိုမိုဆန်းသစ် ပြီးပြည့်စုံ တဲ့ သတင်းများနှင့် အကြောင်းအရာများကို
နေ့စဉ်အခမဲ့ ဖတ်ရှုလိုက်ပါ။
Download for blow link
www.todaybago.com/todaybago.apk

ကမ္ဘာကို လွှမ်းမိုးခဲ့ တဲ့ ဗုဒ္ဓ ယဉ်ကျေးမှု


လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) လောက်က ကမ္ဘာကြီးရဲ့ ဒေသများစွာဟာ အသိဉာဏ်ချို့တဲ့မှုနဲ့ ရက်စက်အကြမ်းဖက်မှု အမှောင်ကမ္ဘာထဲမှာသာ ရှင်သန်နေထိုင်ခဲ့ကြတယ်။ လူသားယဉ်ကျေးမှုသစ် တစ်ရပ်ဟာ ဂရိနဲ့ အီတလီကို ဗဟိုပြု ပေါ်ထွန်းခဲ့ပြီးဖြစ်ပေမဲ့ ဂရိမှာပါသီနွန်ဘုရားကျောင်း ကြီးကို မဆောက်ရသေးသလို ရောမမြို့ကြီးက လည်း သေးငယ်လှတဲ့ မြို့ကလေးတစ်မြို့ သာရှိပါသေးတယ်။

သို့သော်လည်း အဲဒီခေတ် ကာလမှာ အရှေ့အလယ်ပိုင်း၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ လူသားတွေဟာ စာရေးခြင်း အတတ်နဲ့ ဆောက်လုပ်ခြင်း ဗိသုကာ အတတ်ကို တတ်မြောက်ပြီးတာ ရာစုနှစ်များစွာကြာနေခဲ့ပါပြီ။ သူတို့ရဲ့ ကုန်သွယ်မူ ရွက်လှေတွေ ဟာ ကုန်ပစ္စည်းတွေကိုသာမက၊ အနုပညာလက်ရာတွေ၊ အတွေးသစ်၊ အယူဆသစ်တွေကိုပါ သယ်ဆောင်ပြီး ကမ္ဘာအရပ် ရပ်ကို ပြန့်နှံ့ရောက်ရှိစေခဲ့တယ်။ အဲဒီခေတ် ရှေးကမ္ဘာက လူသားတွေဟာ မိမိတို့ရဲ့ လူသားကံကြမ္မာကို မိမိ တို့ဘာသာ ဖန်တီး တည်ဆောက်နိုင်တဲ့ စွမ်းအားတွေနဲ့ တဖြည်းဖြည်း ပို၍ ပို၍ပြည့်စုံလာခဲ့ကြပြီး လူသားဆန်တဲ့ ကိုးကွယ်ယုံကြည်မူ ဘာသာတရားတစ်ရပ်ကို တောင်းဆိုလာခဲ့ကြတယ်။

ဒီလိုအပ်ချက်အတွက် အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒ ထွန်းကားဖြစ်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံမှာ တာအိုဝါဒ ပေါ်ထွန်းလာခဲ့တယ်။ အဲဒီနောက် နှစ်ငါးရာလောက်ကြာတဲ့အခါ အနောက်တိုင်းမှာ ခရစ်ယာန်ဝါဒ ပေါ်ပေါက်ခဲ့တယ်။ လူသားတွေဟာ အယူးသီးတဲ့အစွဲလမ်းတွေရဲ့ လွှမ်းမိုးမူကနေလွန်မြောက်ခဲ့ပြီးကိုယ့်လွတ်မြောက်မူ အတွက် ကိုယ့်စွမ်းအားနဲ့ ကြိုးစားထွက်မြောက်ပိုင်ခွင့် ရရှိခဲ့ကြတယ်။
အဲဒီနောက် ဗုဒ္ဓ၀ါဒဟာ အာရှတိုက် တစ်ခွင် ပြန့်နှံ့ထွန်းကားသွားခဲ့ပြီး ခရစ်ယာန်ဝါဒဟာ ဥရောပတစ်ခွင် ပြန့်နှံ့ထွန်းကား သွားခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဂေါတမဗုဒ္ဓ ရှင်သန်နေထိုင်တော်မူခဲ့ပြီး ကိုယ်တော်မြတ်ရဲ့ တရားဓမ္မတွေကို သွန်သင်ဟောကြားတော်မူခဲ့ တယ်။ လူသားအားလုံးဟာ ဆင်းရဲခြင်းအမှန်တရား ရဲ့မျက်မှောက်မှာ အတူတူသာဖြစ်ကြောင်း ဟောကြားပြသ ခဲ့တယ်။

တွယ်တာတပ်မက်မူ တဏှာလောဘကိုစွန့်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ အသိဉာဏ်မဲ့မူ အ၀ိဇ္ဇာတရားကို ပယ်နုတ်ခြင်းအားဖြင့် လည်းကောင်း အဲဒီ ဆင်းရဲဒုက္ခအပေါင်းကနေကျော်လွှားလွန်မြောက် နိုင်ကြောင်းကို ဂေါတမဗုဒ္ဓဟာ ကိုယ်တော်တိုင် လွန်မြောက်တော်မူခြင်းအားဖြင့် ပြသတော် မူခဲ့တယ်။ ဒီလိုပြသတော်မူခဲ့ပြီး ဟောကြား လမ်းညွှန်တော်မူခဲ့တဲ့ ဗုဒ္ဓ၀ါဒကို ယနေ့ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ဆက်လက်ယုံကြည် ကိုးကွယ်နေကြဆဲဖြစ်တယ်။

ဗုဒ္ဓမြတ်စွာရဲ့ လမ်းညွှန်မူတွေဟာ ငြိမ်းချမ်းရေး အတွက်သာဖြစ်ခဲ့တယ်။ သမိုင်းတစ်လျောက်မှာ ဗုဒ္ဓ၀ါဒကို အကြောင်းပြုပြီး ညဉ်းပမ်းနှိပ်စက်ခဲ့ခြင်း၊ စစ်ဆင်ခဲ့ခြင်းမျိုး မတွေ့ခဲ့ကြရဘူး။ ဖြစ်ပေါ်ခြင်း မရှိခဲ့ဘူး။ ပဋိပက္ခတွေ အမြဲဖြစ်ပေါ်နေတဲ့ ကမ္ဘာမှာ ဗုဒ္ဓ၀ါဒဟာ လူသားရဲ့ထာဝရငြိမ်းချမ်းရေး ရှာဖွေခြင်း ဆန္ဒကို ဖွံ့ဖြိုးအားကောင်းစေခဲ့တယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ မဟာရာဇာ ဧကရာဇ် မင်းဖြစ်တဲ့ အသောကဘုရင် (ဘီစီ-၃ ရာစု) ဟာ အိမ်နီးချင်း ကလိင်္ဂတိုင်းကို စစ်ထိုးအောင်မြင်ပြီးတဲ့နောက် ဗုဒ္ဓ၀ါဒကို ပြောင်းလဲကိုးကွယ်ခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ယုံကြည်မူနဲ့ ပတ်သက်ပြီး ကျောက်တုံး၊ ကျောက်တိုင်တွေမှာ ကျောက်စာရေးထိုးစေခဲ့ပြီး တိုင်းပြည်အနှံ့ စိုက်ထူစေခဲ့တယ်။

‘‘လူပေါင်း တစ်သိန်းခွဲ နေရပ် မိသားစုကစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်။ လူပေါင်းတစ်သိန်း သေကြေခဲ့ရတယ်။ လူပေါင်းများ စွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ကလိင်္ဂတိုင်းကို အောင်နိုင်ပြီးတဲ့နောက် ဒေ၀ါနံပိယတိဿ မင်းကြီးရဲ့ ရင်မှာ နောက်တ တွေ လွှမ်းမိုးခဲ့တယ်။ တိုင်းပြည်တစ်ခုကို စစ်အောင်နိုင်တယ်ဆိုတာ သတ်ဖြတ်မူ၊ သေကြေပျက်စီးမူနဲ့ စစ်သုံ့ပန်းတွေသာ အဖတ်တင်ခဲ့တယ်။ တိုင်းသူပြည်သားအားလုံးဟာ ညဉ်းပမ်းမူ၊ အကြမ်းဖက်မူ၊ သေဆုံးမူ၊ ချစ်ခင်တဲ့ မိသားဝင်တွေနဲ့ သေကွဲ ရှင်ကွဲ ကွဲကွာကြရမူတွေနဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ကြရတယ်။ ဒီလို သိမြင်နားလည်ခဲ့တဲ့ ဒေ၀ါနံပိယတိဿမင်းကြီးရင်မှာ နောင် တ၊ သောကတွေနဲ့ ပူလောင်ခဲ့ရတယ်။’’

‘‘အကယ်၍ စစ်ဘေးဒုက္ခသည် တွေဟာ ဒီအရေအတွက်ထက်အဆပေါင်းတစ်ထောင်နည်းမယ်ဆိုရင်လည်း ဒီ အတွေးမျိုးက ဒေဝါနံ ပိယတိဿ မင်းကြီးကို ပူဆွေးစေမှာပါဘဲ။ အကယ်၍ ကလိင်္ဂတိုင်းသားတွေဟာ မှားနေတယ်ဆိုရင်တောင် တန်ပြန် တိုက်ခိုက်မူတွေမလုပ်ဘဲ စွမ်းအားရှိသမျှ သည်းခံခွင့်လွတ်ခဲ့သင့်တယ် လို့ မင်းကြီး ယုံကြည်လာခဲ့တယ်’’

‘‘အောင်ပွဲများစွာ အနက် ကောင်းမြတ်ဆုံး အောင်ပွဲဟာ ဓမ္မအောင်ပွဲသာဖြစ်တယ်။ငါ့ရဲ့ သားတော်၊ မြေးတော်တွေဟာ ဒီသဘောမှန်၊ အတွေးမှန်တွေကို သိရှိနားလည်စေဖို့ ငါ့ဟာယခု ဓမ္မသဘော တရားမှန်တွေကို ကျောက်စာရေးထိုးစေခဲ့တယ်။ ငါ့သားစဉ် မြေးဆက်တွေဟာ ဓမ္မသဘောမှန်တွေ ကို သိရှိနား လည်ပြီး စစ်ပွဲအသစ်၊ စစ်အောင်မြင်မူ အသစ်တွေကို စိတ်မကူးကြပါစေနဲ့။
သည်းခံ ခွင့်လွတ်ခြင်းဖြင့်သာ မှန်ကန်တဲ့ ဓမ္မအောင်ပွဲတွေကို ဆင်နွှဲအောင်မြင်ကြပါစေ’’

ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခဲ့ပြီး၊ ပြန့်နှံ့စေခဲ့တဲ့ ဒေသကြီးဟာ ယနေ့ခေတ်လူတွေ တွေးသိတာထက် အများကြီးပိုမိုကျယ်ပြန့်ခဲ့ပြီး လူတွေ၊ အတွေးအခေါ်အယူဆတွေ လူပ်ရှားထကြွရာ နေရာ၊ ဒေသကြီးဖြစ်ခဲ့တယ်။ ဒီ ကမ္ဘာမြေပေါ်မှာ အိန္ဒိယနိုင်ငံဟာ ပထ၀ီ အနေအထားအရ အနောက်တိုင်း နိုင်ငံတွေနဲ့ အရှေ့ဖျားနိုင်ငံတွေက ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံရာ၊ ထိတွေ့ရာ လမ်းဆုံလမ်းခွ နိုင်ငံကြီးဖြစ်ခဲ့တယ်။ အဲဒီ ခေတ်ကာလက ကမ္ဘာ့ကုန်းတွင်း စီးပွားကူးသန်းရေး ခရီးလမ်းမကြီးတွေဟာ အနောက်တိုင်းကနေ ပါးရှားပြည်ကတဆင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်ကြားလမ်းတွေကို ဖြတ်သန်းခဲ့ကြရတယ်။ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အာရှအလယ်ပိုင်းက ရှေးဟောင်း ပိုးလမ်းမကြီးကလည်း အဲဒီ အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်ကြားလမ်း ခရီး တွေကို ဖြတ်သန်း သွားခဲ့ကြရတယ်။

ကမ္ဘာ့ရေလမ်းခရီးမှာလည်း ပါရှား၊ ဂရိ၊ ရောမနဲ့ အလက်ဇန္ဒြိယားက ကုန်သွယ်မူ သင်္ဘောတွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းတွေဖြစ်တဲ့ ဂူဂျာရတ်နဲ့ ကွန်ကန် မှာ ဆိုက်ရောက်ခဲ့ကြတယ်။ ကွန်ဘတ်တိုး၊ အန္ဓရတိုင်းနဲ့ သီဟိုဠ်ကျွန်းက ကုန်သွယ် သင်္ဘောတွေဟာလည်း အိန္ဒိယနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းတွေမှာ ဆိုက်ရောက်ခဲ့ကြတယ်။ ဒီထက်မကဘူး။ အနောက်တိုင်း နိုင်ငံတွေကို ကုန်သွယ်ရွက်လွင့်ခဲ့တဲ့ အရှေ့ဖျားတိုင်းနိုင်ငံတွေက ကုန်သွယ် သင်္ဘောတွေရဲ့ ခရီးတစ်ထောက်ရပ်နားရာ ဆိပ်ကမ်းလည်း ဖြစ်ခဲ့တယ်။ အိန္ဒိယနိုင်ငံ ကိုယ်တိုင်က ကုန်သွယ် သင်္ဘောတွေကတော့ အရပ်မျက်နှာဒေသအသီးသီးက တိုင်းနိုင် ငံတွေကို ကုန်သွယ်ရွက်လွင့်ခဲ့တယ်။

အနောက်တိုင်းကမ္ဘာနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးဟာ ရှေးကမ္ဘာမှာ အဆက်ပြတ်မသွားခဲ့ဘူး။ ပါရှန် ဧကရာဇ်ဘုရင် ဒါးရီးယက် ဟာ ဘီစီ (၅) ရာစုအတွင်း ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မပြုခင် နှစ်အနည်းငယ် အတွင်းမှာဘဲ အိန္ဒိယနိုင်ငံက ပန်ချပ်ပြည်နယ်နဲ့ သိန္ဓုမြစ်ဝှမ်းဒေသကို ချဲ့ထွင်သိမ်းပိုက်ဖို့အတွက် ကြိုးစားရင်း ပါစီပိုးလစ် မှာ သူ့ရဲ့ နန်းတော်ကြီးကို ချန်ထားရစ်ခဲ့တယ်။

ဘီစီ (၄) ရာစုအတွင်း၊ အလက်ဇန္ဒားဘုရင်ရဲ့ နယ်မြေချဲ့ထွင်ရေးစစ်ခရီးစဉ်ကြီးမှာ ရေမြေအနေအထားတွေကို လေ့လာမှတ်တမ်း တင်တဲ့ ပထ၀ီပညာရှင်တွေ၊ သိပ္ပံ ပညာရှင်တွေ အတူပါလာခဲ့ပြီး ပါရှန်ဘုရင်တွေရဲ့ စစ်သည်တော်တွေစတင်ခဲ့တဲ့ ကုန်းတွင်း ခရီးလမ်းကြောင်းကို ပိုမို ခရီးပေါက်တွင်ကျယ်စေခဲ့တယ်။ အလက်ဇန္ဒားဘုရင်ဟာ သိန္ဓုမြစ်ပေါ်မှာ ဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ပြီး ရေတပ်တစ်တပ် တပ်စွဲခဲ့တယ်။ အဲဒီရေတပ်က ရေတပ်ဗိုလ်ချုပ် နီယာကွီးဟာ သိန္ဓုမြစ်တစ်လျှောက်ရွက်လွှင့်ပြီး သိန္ဓုမြစ်နဲ့ တိုင်းဂရစ်မြစ်ကြား ရေလမ်းခရီးတစ်ခု ဖောက်ထွင်ခဲ့တယ်။ အလက်ဇန္ဒားဘုရင်ဟာ ဆင်တပ်တွေ၊ အိန္ဒိယ စစ်သားတွေနဲ့အတူ သူ့ရဲ့စစ်တပ်ကြီးနဲ့ အာဖရိကန်နစ္စတန်နိုင်ငံကို ဖြတ်သန်းပြီး သူ့ရဲ့ ဇာတိတိုင်းနိုင်ငံကို ပြန်ခဲ့တယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းဒေသတစ်ခုလုံးနဲ့ အာဖရိကန်နစ္စတန်၊ ဂန္ဓာရတိုင်း (ယခုခေတ် အာဖရိကန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံနယ်စပ်) ပန်ဂျပ်ပြည်နယ်တွေဟာ ဂရိဘုရင်တွေရဲ့ လက်အောက်မှာ ရာစုနှစ်များစွာ ကျရောက်ခဲ့တယ်။ မိလန္ဒ သို့ မဟုတ် မိနန္ဒာ ဘုရင်ဟာ အဲဒီ ဂရိဘုရင်တွေထဲက တစ်ပါးဖြစ်ခဲ့ပြီး သူဟာ ဗုဒ္ဓဘာသာဝင်မင်းတစ်ပါးဖြစ်ခဲ့တယ်။ ဒီ ဂရိမင်းဆက် တွေဟာ ဂရိ ဟန်လင်နစ်ယဉ်ကျေးမှု၊ ရောမယဉ်ကျေးမှုတွေကိုလည်း ထွန်းကားပြန့်ပွားစေခဲ့တယ်။ ဂရိလူ မျိုးတွေဟာ အိန္ဒိယတိုင်းရင်းနွယ်ဖွားတွေနဲ့ ပေါင်းဖက်ခဲ့ကြပြီး အဲဒီ မျိုးဆက်တွေကတစ်ဆင့် ဂရိကိုရိုမန် လို့ခေါ်တဲ့ ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုသစ်တစ်ရပ် ဖြစ်ပေါ်ထွန်းကားခဲ့တယ်။

အသစ်ဖြစ်ပေါ်လာတဲ့ ဂရိကိုရိုမန် ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုဟာ အေဒီ တစ်ရာစုကာလ ဂရိမင်းဆက်တွေကို ဆက်ခံခဲ့တဲ့ ကုရှန်မင်းတွေ လက်ထက်မှာ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ကုရှန်လူမျိုးတွေဟာ တရုတ်နိုင်ငံနဲ့ အာရှအလယ်ပိုင်းမှာ လှည့်လည် နေထိုင်နေကြတဲ့ လူမျိုးတွေဖြစ်တယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံ ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး သူတို့ရဲ့ အင်ပါယာဘုရင်တွေဟာ ဗုဒ္ဓ၀ါဒကို ခံယူကိုးကွယ်ခဲ့ကြတယ်။

သမိုင်းမှာ စစ်ပွဲတွေ၊ စစ်အောင်နိုင်မူတွေထက် အရေးပါတာက အလက်ဇန္ဒားဘုရင်ကို ဆက်ခံခဲ့တဲ့ ဆီလူးကပ်ဘုရင်တွေနဲ့ ပါရှားက ဒါးရီးယက် ဘုရင်ရဲ့နန်းတော်ကို စံနမူနာပြုပြီး နန်းတော်ကြီးတည်ဆောက်စိုးစံခဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက မောရိယ ဘုရင်တွေကြားဖြစ်ပေါ်ခဲ့တဲ့ ချစ်ကြည်ရင်းနှီးမူ ကာလဖြစ်တယ်။ ဒီကာလဟာ အတော်ရှည်ကြာခဲ့တယ်။ သံတမန်တွေ အချင်း ချင်း အပြန်အလှန်ထားရှိခဲ့ကြပြီး ကုန်သည်တွေဟာ ယနေ့ခေတ် ဗီဟာနယ်ရဲ့ မြို့တော် ပတ်တနားမြို့နေရာမှာ ရှိခဲ့တဲ့ ပါဋလိ ပုတ်ကို အစုလိုက်၊ အစုလိုက် ရောက်ရှိလာခဲ့ကြတယ်။ အသောကဘုရင်ဟာ ဂရိမင်းသမီးတတစ်ပါးကို မိဘုရားတင်မြှောက်ခဲ့ ပြီး ဗုဒ္ဓသာသနာပြု အဖွဲ့တွေကို အရှေ့၊ အနောက်တိုင်း နိုင်ငံတွေကို စေလွှတ်ခဲ့တယ်။

အသောကမင်းကြီး စေလွှတ်ခဲ့တဲ့ ဗုဒ္ဓသာသနာပြုအဖွဲ့တွေဟာ ပါရှားပြည်၊ အီဂျစ်ပြည်၊ မက်ဆီဒိုးနီးယားပြည်၊ ဆိုင်ယမ်နိုင်ကပြည်နဲ့ ဂရိနိုင်ငံအနောက်မြောက် ပိုင်းထိ ရောက်ရှိခဲ့တယ်။ ရောမသမိုင်းဆရာ ပလင်နီရဲ့ရေးသားမူအရ အဲဒီခေတ်တုန်းက ရောမဟာ ရောမဒင်္ဂါးငွေ သန်း (၅၀) တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို အိန္ဒိယကနေ နှစ်စဉ်ဝယ်ယူခဲ့တယ်လို့ သိကြရတယ်။

အဲဒီ ကုန်ပစ္စည်းတွေထဲမှာ မော်လ်ဝါက ချည်ထည်တွေ၊ ပဋလိပုတ်က ယွန်းထည်တွေနဲ့ သံလွင်ဆီ၊ ကွန်ကန်ဒေသက ဆိုးဆေး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အဖိုးတန် ကျောက်မျက်တွေပါဝင်သလို ကျောက်စိမ်းထည်တွေ၊ ဆင်စွယ်တွေ၊ ရောမစစ်တပ်နဲ့ ဆက်ကပ်တွေမှာ သုံးတဲ့ ဆင် တွေအထိပါဝင်ခဲ့တယ်။ ရှေးခေတ်ရောမ ရွှေဒင်္ဂါးပြားတွေကို အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်ရိုးတမ်းတစ်လျှောက်နဲ့ အနောက်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ကန်နနိုး၊ ကွိုင်ဘက်တိုး၊ မဟာဗလိပုရ တို့မှာတွေ့ကြရတယ်။ အဲဒီ ရောမဒင်္ဂါးပြားတွေပေါ်မှာ ရောမဘုရင်တွေဖြစ်တဲ့ ‘‘သြဂတ်စတပ်၊ ကာရာကော်လာ၊ ကလော့ဒီးယက်၊ သီအိုဒိုနဲ့ ကွန်စတန်တင်’’ တို့ရဲ့ပုံတွေကို ထုထွင်း ထားပါတယ်။

တိုင်းတပ်လို့ အမည်ရှိတဲ့ အာရှ အနုပညာသည်တစ်ဦးဟာ အာရှအလယ်ပိုင်း မီရန်မှာ ဗုဒ္ဓ၀င်ဆိုင်ရာ နံရံဆေးရေး ပန်းချီတွေကို ရေးခြယ်ခဲ့တယ်။ အလက်ဇန်းဒီးယန်း ကုန်သည်တွေဟာ ဘုံဘေ အနီးက နဆစ်ခ်နဲ့ ဂျွန်နာမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေကို ကူညီခဲ့တယ်။ သမိုင်းမှတ်တမ်းတွေဟာ အဲဒီခေတ်အခါက လူနေမှုကို အနည်းအကျဉ်းသာ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်တယ်။ စစ်သုံ့ပန်းတွေ၊ စစ်တပ်အသီးသီးမှာ ၀င်ရောက်အမှုထမ်းကြတဲ့ စစ်သားတွေ (အိန္ဒိယ မြှားသည်တော်တွေဟာ ပါရှန် စစ်တပ်မှာ အထူးထင်ရှားတယ်)၊ တစ်နေကနေ တစ်နေရာကို လှည့်လည်သွားလာနေတဲ့ စစ်ပြေးတွေ၊ လက်မှုပညာသည်တွေ ၊ ပန်းပဲဆရာတွေ၊ ဆင်စွယ် ပန်းပွတ်သည်တွေ (အိန္ဒိယဆင်စွယ် လက်မှုပစ္စည်းတွေကို ရောမက ပွန်ပေအိုင် မှာတွေ့ကြရတယ်)ရက်ကန်းသည်တွေ၊ ကျောက်မျက်ကုန်သည်တွေ၊ ပန်းပုဆရာတွေ၊ ကြွေထည်သည်တွေ စတဲ့ အမှုထမ်း၊ ဈေးသည်၊ လက်မှု ပညာသည်တွေဟာ ကုန်သည်ကြီးတွေရဲ့အောက်မှာ အထူးစည်ပင် ထွန်းကားခဲ့တယ်။

အဲဒီခေတ်က အာရှအလယ်ပိုင်းဆိုတာ ဗမီးယန်းဒေသများ (အာဖရိကန်နစ္စတန်နိုင်ငံအတွင်းက ရှေး ဘက်ထရီးယားပြည် ရဲ့ တောင်ဘက်မှာတည်ရှိတယ်)၊ ကက်ရှဂါနဲ့ ကုရှာဒေသများကနေ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက နယ်စပ်မြို့ တွန်းဟွန် အထိ ပါဝင်ခဲ့တယ်။ အဲဒီ နယ်နိမိတ်ဟာ မြောက်ဘက်မှာ တိုင်ရှန်တောင်ထွတ်တွေနဲ့ တောင်ဘက်မှာ ကရကိုရမ်နဲ့ ကိုအန်လွန် တောင်ထွတ်တွေကြားမှာ အဆုံးသတ်လျက်တည်ရှိပြီး ကန္တာရကနေ ခရီးလမ်းနှစ်ခု ရှိခဲ့တယ်။ မြောက်ပိုင်းလမ်းဟာ ကက်ရှ်ဂါ၊ ကုရှာ၊ ကီဇီလ်နဲ့ တော်ဖန်အိုအေစစ်ဒေသတွေကို ဖြတ်သွားပြီး တောင်ပိုင်းလမ်းကတော့ ယာကန်၊ ခိုတန်၊ မီရန်နဲ့ လော့ဗနော် ဒေသတွေကို ဖြတ်သန်းသွားတယ်။

အဲဒီလမ်းခရီးနှစ်ခုစလုံးဟာ ‘‘တွန်းဟွန်’’ မှာ အဆုံးသတ်ကြတယ်။ အဲဒီ ကုန်သွယ်လမ်းခရီးနှစ်ခုဟာ အာရှအလယ်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဗုဒ္ဓဘာသာဝင်တွေပြန့်ပွားရောက်ရှိသွားခဲ့တဲ့ အဓိက လမ်းခရီးတွေဖြစ်ခဲ့တယ်။ ပြီးတော့ အဲဒီဒေသတွေဟာလည်း ဗုဒ္ဓဘာသာယဉ်ကျေးမူ အလွန်ထွန်းကားတဲ့ ဗဟိုအချက်ချာနေရာဒေသတွေဖြစ်ခဲ့တယ်။ ဗုဒ္ဓသာသနိကဆိုင်ရာ ဂူကျောင်း ဆောင် ထောင်ပေါင်းများစွာ ဖောက်ထွင်းတည်ဆောက်ခဲ့ပြီး မြေပေါ်အဆောက်အဦးတွေလည်း ဆောက်လုပ်ခဲ့တယ်။ ကီဇီလ် ဒေသတစ်ခုထဲမှာဘဲ ‘‘မင်ဂွိုင်’’ လို့ခေါ်တဲ့ ဂူကျောင်းပေါင်းထောင် ချီ ဖောက်ထွင်း တည်ဆောက်ခဲ့တာကို တွေ့ကြရတယ်။ အဲဒီ ဂူကျောင်းတွေမှာ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက လက်မှုပညာ သည်တွေရဲ့ ဆေးရေး၊ ပန်းပုလက်ရာတွေကို တွေ့ကြရတယ်။

အေဒီ (ရ) ရာစုအတွင်း၊ တရုတ်ပြည်ကနေ အိန္ဒိယကို ဘုရားဖူး၊ ပညာတော်သင်သွားခဲ့တဲ့ တရုတ်ရဟန်းတော်ရွှင်ကျန် ဟာ ဆိုခဲ့ပြီးတဲ့ ခရီးလမ်း နှစ်ခုအနက်က မြောက်ပိုင်းလမ်းကတစ်ဆင့်သွားရောက်ခဲ့တာဖြစ်တယ်။ သူ့ရဲ့ခရီးသွားမှတ်တမ်း ကတစ်ဆင့် အဲဒီ မြောက်ပိုင်း လမ်းတစ်လျှောက်မှာရှိတဲ့ ပူပြင်းတဲ့ ကန္တာတွေ အကြောင်း၊ နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ထွတ်တွေအကြောင်းနဲ့ အိုအေစစ်ဒေသက တိုင်းနိုင်ငံတွေအကြောင်းသိကြရတယ်။

အိန္ဒိယမှာ စာပေကျမ်းဂန်တွေသင်ယူပြီးတဲ့အခါရဟန်းတော် ရွှင်ကျန်ဟာ ပိဋကတ်ကျမ်းစာတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေသယ်ဆောင်ပြီး တရုတ်ပြည်ကိုပြန်ခဲ့တယ်။
အေဒီ (၁၄) ရာစုမာကိုပိုလိုရဲ့ မှတ်တမ်းမှာလည်း အဲဒီ မြောက်ပိုင်းလမ်းခရီးက တိုင်းနိုင်ငံတွေမှာ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာ ထုလုပ်ကိုးကွယ်ထားကြောင်းဖော်ပြထားတယ်။

အာဖရိကန်နစ္စတန်က ဗမိရန်းဒေသကတော့ အိန္ဒိယနိုင်ငံရဲ့ ၀င်ပေါက်လမ်းကို ပိတ်ဆို့တည်ရှိနေတဲ့ ဟိန္ဒူကက်ရှ် တောင်ကြားလမ်းကို ခက်ခက် ခဲခဲ ဖြတ်သန်းခဲ့ကြရတဲ့ အ၀င်အထွက်ခရီးသည်တွေ နားခိုရာနေရာဖြစ်ခဲ့တယ်။ အဲဒီ နေရာက ဗမိရန်းကျောက် ဆောင်ကမ်းပါးပြတ်မျက်နှာစာမှာ ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူကို ထွင်းထုပူဇော်ခဲ့ပြီး ဂူကျောင်းတွေကို ဖောက်လုပ် တည်ဆောက်ခဲ့တယ်။ အဲဒီ ဆင်းတုတော်ကြီးနှစ်ဆူဟာ (၁၇၃) ပေနဲ့ (၁၂၀) ပေ အသီးသီး ဉာဏ်တော်မြင့်မားကြတယ်။ ပြီး တော့ ဂူကျောင်းတွေထဲမှာ နံရံဆေးရေးပန်းချီတွေရေးခြယ်ထားခဲ့တယ်။ ကုန်သည်တွေဟာ ဒီလို ထုလုပ်ခြင်း၊ ဆေးရေးခြယ် ခြင်းအတွက် လှူဒါန်းခဲ့ကြပြီး သူတို့ ကုန်သွယ်ခရီးလမ်းတစ်လျှောက်ဘေးအန္တာရာယ်ကင်းဖို့ လှူဒါန်းခဲ့ခြင်းဖြစ်တယ် လို့ သိကြ ရတယ်။

ခရီးလမ်းရဲ့ အဆုံးဖြစ်တဲ့ ‘‘တွန်းဟွန်’’ မှာတော့ ဗုဒ္ဓ၀ါဒယဉ်ကျေးမှုဟာ ကုန်သည်တွေနဲ့ ရှင်ဘုရင်တွေရဲ့ လှူဒါန်းထောက်ပံ့မူ ကြောင့် အကြီးအကျယ်ထွန်းကားခဲ့တယ်။ တရုတ်နိုင်ငံက ဝေ၊ တန်နဲ့ ဆုန် မင်းဆက်တွေအားလုံးဟာ ဗုဒ္ဓ၀ါဒယဉ်ကျေးမှုကို လှူဒါန်း ထောက်ပံ့ခဲ့ကြတာဖြစ်လို့ အဲဒီနေရာဒေသမှာ အံ့မခန်း ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုလက်ရာတွေကို တွေ့ရှိကြရတယ်။

အဲဒီဒေ သမှာ လှိုဏ်ဂူရာများစွာတွေ့ရတဲ့အနက် ဗုဒ္ဓရုပ်ပွားတစ်ထောင် လှိုဏ်ဂူဟာ ရာစုနှစ်များစွာကြာအောင် ပိတ်ဆို့ကွယ်ပျောက်နေ ခဲ့ရပြီး ပြန်လည်တွေ့ရှိတဲ့အခါ လှိုဏ်ဂူထဲကနေ အဖိုးမဖြတ်နိုင်တဲ့ လက်ရေးမူကျမ်းစာတွေ၊ ပိုးထည် ဆေးရေးပန်းချီတွေ၊ နံရံ ဆေးရေးပန်းချီလက်ရာတွေကို တွေ့ရှိခဲ့ကြတယ်။ ယင်ကင်နဲ့ လွင်မန် ဒေသနှစ်ခုကတော့ တရုတ်နိုင်ငံမှာ အထူးထင်ရှားတဲ့ ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာ အခြားဒေသနှစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံမှာ ဗုဒ္ဓ၀ါဒနဲ့ ပတ်သက်ပြီး အစောဆုံးတွေ့ ရတဲ့ ခုနှစ်ဟာ အေဒီ (၆၅) ဖြစ်တယ်။

ဘိက္ခု ကေသရ
(source: The UNESCO COURIER)
Posted by bhikkhukesara