Search This Blog

Wednesday, January 18, 2017

အသောကမင်းကြီး


အသောက ဘုရင် ဟာ မာဂဓတိုင်းရဲ့ ဘုရင်ဖြစ်တယ်။ သူ့ရဲ့ ခမည်းတော်ဟာ ဗိန္ဓုသာရမင်းကြီး ဖြစ်ပြီး ဒီမင်းကြီးမှာ မိဘုရား (၁၆) ပါးနဲ့ သားတော် (၁၀၁) ရှိတယ်။ အသောကဘုရင် အကြောင်း မှတ်တမ်းတင်ထားတဲ့ အဓိက ပါဠိ ကျမ်းဂန်တွေကတော့ ‘‘ဒီပ၀ံသ’’ ၊ ‘‘မဟာဝံသ’’၊ နဲ့ ‘‘သမန္တပါသာဒိကာ’’ ကျမ်းတွေ ဖြစ်ပြီး အခြားတွေ့ရတဲ့ ကျမ်းဂန်တွေကတော့ ‘‘ဒိဗျာဝဒါနကျမ်း’’၊ ‘‘အ၀ဒါနသတက’’ ကျမ်းတွေဖြစ်တယ်။

ဒီပ၀ံသနဲ့ မဟာဝံသ မှာတော့ ဗိန္ဓုသာရမင်းကြီးရဲ့ သားတော် (၃) ပါးကို သာဖော်ပြထားတယ်။ သားတော်အကြီးဆုံးက သုမန မင်းသား (မြောက်ပိုင်းကျမ်းဂန်တွေမှာ သုသီမ လို့ရှိတယ်)၊ ပြီးတော့ အမေတူ ညီ၊ အစ်ကိုတွေဖြစ်တဲ့ အသောကမင်းသားနဲ့ အငယ်ဆုံးသား တိဿ မင်းသားလို့ ဆိုထားတယ်။ ပြီးတော့ အသောကမင်းသားမှာ နှမတော်တစ်ယောက်
ရှိကြောင်း၊ အဲဒီ နှမတော်ရဲ့သား အဂ္ဂိဗြာဟ္မဏနဲ့ အသောကမင်းသားရဲ့သမီးတော် သံဃာမိတ္တာတို့ စုံဖက်ရာက မြေးတော် သုမန မင်းသားဖွားမြင်တယ်လို့လည်းတွေ့ရပါတယ်။

မဟာဝံ ဋီကာမှာ အသောကမင်းသားရဲ့ မယ်တော့်အမည်ကို ဓမ္မာလို့ဆိုထားပြီးအဂ္ဂမဟေသီဖြစ်ကြောင်း၊ မောရိယအနွယ်ဖြစ်ကြောင်း တွေ့ရပေမဲ့ ‘‘အသောကာဝဒါနမာလာကျမ်း’’ လိုမြောက်ပိုင်းကျမ်း ဂန်တွေကတော့ မယ်တော်ဟာစမ္ပာ ဗြာဟ္မဏရဲ့သမီးဖြစ်ပြီးသုဘဒရင်္ဂီ ဖြစ်ကြောင်းဆိုထားပါတယ်။ ဓမ္မာ မိဘုရားကြီးမိသားစု ဆည်းကပ်ကိုးကွယ်တာကတော့ အာဇီဝိက ဇနသာန တက္ကတွန်းဖြစ်တယ်။ ဒီအချက်က အသောက ဘုရင်ဟာ အစောပိုင်းကာလမှာ အာဇီဝိက ဂိုဏ်းကို ကိုးကွယ် ဆည်းကပ်ခြင်းရဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်

အသောကမင်းသားဟာ ငယ်ရွယ်စဉ်အချိန်က အ၀န္တိတိုင်းက၊ ဥဇ္ဇေနီပြည်မှာ မြို့စားအဖြစ် အုပ်ချုပ်စိုးစံရတယ်။ ဒိဗျာဝဒါနမှာ အသောကမင်းသားဟာ တက္ကသီလက ဥတ္တရပထမှာ တပ်စွဲပြီး သူပုန်ရန်ကို နှိမ်နင်းတယ်။ ပြီးတော့ အစ်ကိုတော် သုသီမနေရာ မှာ ဆက်ခံ အုပ်စိုးတယ် လို့လည်းဖော်ပြထားတယ်။ ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့အခါ အသောကမင်းသားဟာ ဥဇ္ဇေနီကနေ ပါဋလိပုတ်ကို သွားရောက်ပြီး ခမည်းတော်ရဲ့ ထီးနန်းကို သိမ်းပိုက်စိုးစံပါတယ်။ ဒီ လိုသိမ်းပိုက်စိုးစံဖို့ အတွက် အမေတူ ညီတော် တိဿ ကလွဲပြီး အခြား ညီ၊ အစ်ကိုတော် မင်းသားတွေကို သတ်ခဲ့လို့ ဘုရင်ဖြစ်တဲ့အခါ အသောကမင်းသား ကို စဏ္ဍာသောက ဘုရင်၊ ကြမ်းကြုတ်ရက်စက်တဲ့ အသောကဘုရင်လို့ အမည်တွင်ကြောင်း မဟာဝံသ က ဆိုထားတယ်။ ဒီ လို သတ်ဖြတ်တယ် ဆိုတဲ့ မှတ်တမ်းဟာ ဘယ်လောက်မှန်ကန်မယ်ဆိုတာ မပြောနိုင်ပါဘူး။

ဘာကြောင့်တုန်းဆိုတော့ ပါဋလိ ပုတ် နဲ့ အခြားနေရာတွေမှာ အသောကမင်းကြီးရေးထိုးခဲ့တဲ့ ကျောက်စာတွေအရ၊ ကျောက်စာရေးထိုးတဲ့ ကာလမှာ မင်းကြီးရဲ့ ညီအစ်ကိုတော်၊ ညီမတော်၊ ဆွေမျိုးတော်တွေ အသက်ရှင်လျက်ရှိနေဆဲ ဖြစ်တယ်လို့ ခန့်မှန်းနိုင်လို့ဖြစ်တယ်။ မင်းကြီးဟာ သူရဲ့ညီတော် တိဿ ကို အိမ်ရှေ့ဥပရာဇာ အဖြစ်အပ်နှင်းခဲ့ပေမဲ့ တိဿ မင်းသားဟာ သာသနာဘောင်ဝင်ရောက်ခဲ့ပြီးရဟန္တာမထေရ်မြတ်ဖြစ်ခဲ့တယ်။ ထေရဂါထာ အဋ္ဌကထာမှာ အသောကမင်းကြီးရဲ့ အခြား ညီတော်တစ်ပါးကိုဖော်ပြထားပြီး ၀ိတသောက လို့ အမည်တွင်ပါတယ်။ ဒီ မင်းသားဟာလည်း ရဟန်းအဖြစ် သာသနာဘောင်ဝင်ရောက်ပြီး ရဟန္တာဖြစ်ခဲ့တယ် လို့ ဆိုတယ်။

အသောကမင်းကြီးမှာ မိဘုရား တစ်ပါးမက ရှိတယ်။ သူ့ရဲ့ ပထမ မိဘုရားဟာ ဝေဒိသဂိရိကကုန်သည်တစ်ဦးရဲ့သမီးဖြစ်ပြီးဥဇ္ဇေနီကို အသွား ကုန်သည်အိမ်မှာ နားခိုရင်း တွေ့ဆုံခဲ့တာဖြစ်တယ်။ မိဘုရားရဲ့ အမည်ဟာ ဒေ၀ီဖြစ်ပြီး၊ ဝေဒိသ ဒေ၀ီ လို့ လည်း ထင်ရှားတယ်။ ဝေဒိသမိဘုရားဟာဝိဋဋုဘရန်ကြောင့် ဝေဒိသကို ပြောင်းရွှေ့လာတဲ့ သကျမျိုးနွယ်ကဆင်းသက်လာ တယ်လို့မဟာဗောဓိဝံသမှာ ဖော်ပြထားတယ်။

ဒေ၀ီ မိဘုရားဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာ တို့ကိုဖွားမြင်ခဲ့တယ်။ ဒေ၀ီမိဘုရားဟာ အသောမင်းကြီး ပါဋလိပုတ်မှာ ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံ စိုးစံတဲ့ အခါ မင်းကြီးနဲ့ အတူလိုက်ပါမသွားပါဘူး။ ဘာကြောင့်တုန်းဆို အသောကမင်းကြီးရဲ့ အဂ္ဂမဟေသီဟာ အသန္ဓိမိတ္တာမိဘုရားကြီးဖြစ်တယ် ဆိုတဲ့ ဖော်ပြချက်ကြောင့်ဖြစ်တယ်။ မင်းကြီးရဲ့ နန်းစံသက် (၁၃) နှစ်မြောက်မှာ အသန္ဓိမိတ္တာမိဘုရားကြီး ကံတော်ကုန်လို့ တိဿ ရက္ခာ ဆိုတဲ့ မိဘုရားတပါးကို ထပ်မံတင်မြှောက်ကြောင်း မဟာ ၀ံသ မှာ ဆိုထားတယ်။ အလ်ဟဘဒ် ကျောက်စာတိုင်မှာ တိဝန ရဲ့မယ်တော် ကာရုဝကီ မိဘုရားဆိုတာကို တွေ့ရပြီး ဒိဗျာဝဒါနမှာ ကဏာလ ရဲ့ မယ်တော် ပဒုမာဝတီ မိဘုရားဆိုတာလည်းတွေ့ရတယ်။ ဖော်ပြခဲ့တဲ့ ရင်သွေးတော်တွေအပြင် ဇလုကာ၊ စာရုမတီ ဆိုတဲ့ အမည်တွေကိုလည်း တွေ့ရပါတယ်။

အသောကမင်းကြီးဟာ သာသနာနှစ် (၂၁၈) နှစ်မှာ ထီးနန်း စိုးစံပြီး၊ နောက် (၄) နှစ်အကြာမှာ ဘိသိက်သွန်းလောင်းခဲ့တယ် လို့ မဟာဝံသမှာ ဖော်ပြထားတယ်။ ဒီ အစဉ်လာ သမိုင်းကျမ်းတွေထဲမှာ အသောကမင်းကြီးရဲ့ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေ အကြောင်းကိုလည်းရေးသားထားတယ်။ မင်းကြီးရဲ့ အမိန့်အာဏာစက်ဟာ မြေအထက် တစ်ယုဇနာ၊ မြေအောက် တစ်ယူဇနာထိ ပြန့်နှံ့ပါတယ် တဲ့။ နတ်တွေဟာ နေ့တိုင်း မင်းကြီးထံကို အနောတတ္တ ရေအိုင်ကနေ ရေတော်ဆက်ရတယ် လို့ဆိုတယ်။ အခြား မွန်မြတ်တဲ့ သုံးဆောင်ဖွယ်ရာတွေကိုလည်း ဆက်သရပါတယ်တဲ့။ ဘီလူးတွေ၊ နဂါးတွေ၊ ကရ၀ိတ်ငှက်တွေနဲ့ ကြွက်တွေတောင် မှ မင်းကြီးထံ နေ့စဉ် ခစားကြရသတဲ့။ အချို့တိရစ္ဆာန်တွေဟာ စားဖိုဆောင်တော်ရဲ့ အပြင်ဘက်ကိုလာရောက်ကြပြီး မိမိတို့ အသားနဲ့ မင်ကြီးစားတော်တည်ဖို့အတွက် ကိုယ်တိုင်လာရောက် အသေခံကြတယ်လို့ ဆိုပါတယ်။

အသောကမင်းကြီး ထီးနန်းတက်စ အချိန်တုန်းကတော့ သူ့ရဲ့ ခမည်းတော် ၀တ်ဆောက်တည်ခဲ့တဲ့ အလှူဝတ်ကို မပြတ်စေ ဘဲ ဆက်လက် အလှူပေးခဲ့တယ်။ သို့သော်လည်း မင်းကြီးဟာ သိပ်မကြာခင်မှာ ဘဲ သူ့ခမည်းတော် လှူဒါန်းခဲ့တဲ့ ဘာသာရေး ဆရာတွေကို စိတ်လိုမကျဖြစ်ပြီး မြင့်မြတ်စင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်၊ ဘာသာရေး ခေါင်းဆောင်ကို ရှာဖွေခဲ့တယ်။ အဲလို ရှာဖွေနေတဲ့ကာလမှာဘဲ နန်းတော် ပြတင်းပေါက်ကနေ ဆွမ်းခံကြွလာနေတဲ့ မင်းကြီးရဲ့တူတော် နိဂြောဓ သာမဏေကို ဖူးတွေ့ခဲ့ရတာ ဖြစ်တယ်။ နိဂြောဓ သာမဏေကလေးကို ဖူးတွေ့ရတဲ့ အခါ အသောကမင်းကြီးဟာ ချက်ချင်းကြည်ညိုသွားခဲ့ ပြီး နန်းတော်ကို ပင့်ဖိတ်ခိုင်းပါတယ်။ ဒီလို သာမဏေလေးကို ချက်ချင်းကြည်ညိုစိတ်ဖြစ်ရတာဟာ ရှေးအတိတ်ဘ၀က ပါရမီ အတူ ဖြည့်ဆည်းခဲ့ဖူးလို့ ဖြစ်သတဲ့။ အသောကမင်းကြီးရယ်၊ သီဟိုဠ်ကျွန်းရဲ့ ဘုရင် ဒေ၀ါနံ ပိယ တိဿဘုရင်ရယ်၊ နိဂြောဓ သာမဏေရယ် ဒီ သုံးဦးသား ဟာ ရှေးအတိတ်ဘ၀တစ်ခု မှာ ပျားရည်ကုန်သည် ညီနောင်တွေဖြစ်ခဲ့ကြပြီး ပစ္စေက ဗုဒ္ဓါ အရှင် မြတ်တစ်ပါးကို ပျားရည် အတူလှူဒါန်းခဲ့ဖူးပါတယ်။

အသန္ဓိမိတ္တာ မိဘုရားကတော့ အဲဒီ အချိန်တုန်းက ပစ္စေက ဗုဒ္ဓါအရှင်မြတ် ကို ပျားရည် ကုန်သည်တွေထံ ညွှန်ပြခဲ့သူ မိန်းမပျို ဖြစ်ခဲ့ကြောင်း မဟာဝံသ မှာ ဖော်ပြထားတယ်။ နိဂြောဓ သာမဏေကလေး ဟာ အသောကမင်းကြီးကို အပ္ပမာဒ၀ဂ်က တရားဂါထာတော်ကို ဟောကြားတဲ့အခါ၊ မင်းကြီး အလွန်နှစ်သက် ကြည်ညိုမူဖြစ်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး အသောကမင်းကြီးဟာ အစဉ်အဆက်လှူလာတဲ့ အခြားဘာသာ အတွက် လှူဒါန်းမူကို ရပ်ဆိုင်းပြီး၊ နိဂြောဓသာမဏေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့ခဲ့တယ်။ နေ့စဉ် လှူ ဒါန်းမူဟာ အသပြာ ငါးသိန်းဖိုး ပမာဏရှိတယ်လို့ သမန္တပါသာဒိကာ မှာဖော်ပြထားတယ်။ အဲဒီ ငါးသိန်းအနက် တစ်သိန်းဟာ နိဂြောဓ သာမဏေ ကို သီခြားလိုအပ်ရာအတွက် လှူဒါန်းတာဖြစ်တယ်။ နောက်ထပ် တစ်သိန်းဟာ ဗုဒ္ဓမြတ်စွာကို ပန်း၊ အမွှေး နံ့သာများနဲ့ ပူဇော်ဖို့အတွက်ဖြစ်ပြီး နောက် တစ်သိန်းကတော့ ဓမ္မပူဇာ အတွက်ဖြစ်တယ်။ နောက်တစ်သိန်းက သံဃာတော်တွေ ရဲ့ ပစ္စည်းလေးပါးအတွက်ဖြစ်ပြီး နောက်ဆုံး တစ်သိန်းကတော့ နာမကျန်းဖြစ်နေသူတွေအတွက် ဆေး အလှူတော်ဖြစ်ပါတယ်။

အခြား အသုံးဆောင်လှူဒါန်းမူတွေအပြင် ပန်းနံ့သာတွေနဲ့ တန်ဆာဆင်ထားတဲ့ မင်္ဂလဆင်ထက်မှာ သင်္ကန်းသုံးစုံတင်ပြီး နေ့စဉ်နေ့တိုင်း နိဂြောဓသာမဏေကို လှူဒါန်းခဲ့သတဲ့။ နိဂြောဓ သာမဏေကလေးဟာ ဒီလို လှူဒါန်းလို့ရရှိလာတဲ့ သင်္ကန်းတွေကို အခြား သံဃာတော်တွေ အတွက် ပြန်လည်လှူဒါန်းကြောင်း မဇ္ဈိမ နိကာယ် အဋ္ဌကထာမှာ တွေ့ရတယ်။

မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ ဟောကြားဆုံးမမူကနေ ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှိကြောင်း သိရှိသွားတဲ့ အသောကမင်း ကြီးဟာ ဒီ တရားဓမ္မတွေကို ပူဇော်တဲ့ အနေနဲ့ ကျောင်းတိုက်ပေါင်း (၈၄၀၀၀) ကို မြို့ရွာတွေမှာဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပါဋလိပုတ်မှာ အသောကာရာမ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းတယ်။ ဗုဒ္ဓမြတ်စွာရဲ့ဓါတ်တော်တွေကို အညီအမျှ ခွဲဝေပြီး အလားတူ အရေတွက်ရှိတဲ့ စေတီတော်တွေကိုလည်း တိုင်းပြည် နေရာဒေသ အနှံ့ တည်ထားခဲ့တယ်။

မဟာကာလ နဂါးမင်းရဲ့ ကူညီညွှန်ပြမူနဲ့ ဗုဒ္ဓမြတ်စွာရဲ့ သက်ရှိအသွင် ရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ပြီး အကြီးအကျယ်ပူ ဇော်လှူဒါန်းခဲ့ပါတယ်။
မင်းကြီးရဲ့ နန်းစံသက် (၆) နှစ်မြောက်မှာ အသက်နှစ်ဆယ်ပြည့်ချိန်ရောက်နေတဲ့ သားတော် မဟိန္ဒနဲ့ အသက် (၁၈) နှစ်အရွယ် သမီးတော် သံဃမိတ္တာ တို့ကို မောဂ္ဂလိပုတ္တ တိဿ မထေရ်မြတ်နဲ့ ဓမ္မပါလ မထေရ်မြတ်တို့ထံမှောက်မှာ သာသနာတော်တွင်း သွတ်သွင်းချီးမြှောက်ပြီး ပစ္စယဒါယကာ အဖြစ်ကနေ သာသနာ့ ဒါယကာ အဖြစ်သို့ ခံယူခဲ့ကြောင်း မဇ္ဈိမနိကာယ် အဋ္ဌကထာမှာ ဖော်ပြထားတယ်။

အသောကမင်းကြီးရဲ့ ချီးမြှောက်ထောက်ပံ့မူနဲ့ ရှင် မဟာမောဂ္ဂလိပုတ္တ တိဿ မထေရမြတ်ဟာ (မြောက်ပိုင်း ကျမ်းဂန်တွေမှာ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို ဥပဂုတ္တ လို့ တွေ့ရတယ်) မသန့်မရှင်း ဖြစ်နေတဲ့ သံဃာ ၊ ပရိသတ်နဲ့ တရားတော်တွေကို သန့်ရှင်းစင်ကြယ်အောင် သုတ်သင်ဖို့ တတိယ သင်္ဂါယနာ သံဃာအစည်းဝေးပွဲကို ကြီးမှူး ကျင်းပခဲ့တယ်။ ဒီလို အစည်းဝေး မကျင်းပခင်က သံဃာတော်တွေဟာ သံဃာ့ ပရိတ်သတ် မစင်ကြယ်တဲ့အတွက် ဥပါသ်မပြု ခဲ့ကြဘူးလို့ ဆိုပါတယ်။ သံဃာတော်တွေကို ညီညွတ်စေချင်တဲ့ မင်းကြီးဟာ အမတ်တစ်ယောက်ကို ညီညွတ်အောင် ပြုလုပ်ဖို့ စေခိုင်းတဲ့အခါ နားလည်မူလွဲသွားတဲ့ အမတ်ဟာ ဥပါသ် မပြုတဲ့ သူတော်ကောင်း ရဟန်းတော်တွေကို သတ်စေခဲ့တယ်။ နောက်ဆုံး မင်းကြီးရဲ့ ညီတော် တိဿ မထေရ်မြတ်က တားမြစ်မှသာ အမတ်ကြီးရဲ့ လုပ်ရပ်ဆိုင်းသွားတယ်လို့ မဟာဝံသ မှာ တွေ့ရတယ်။

မင်းကြီးရဲ့ နန်းစံသက် (၁၇) နှစ်မှာ သင်္ဂါယနာတင်ပွဲကြီးပြီးစီး အောင်မြင်တဲ့အခါ အတိုင်းတိုင်းအပြည်ပြည်ကို သာသနာပြု အဖွဲ့တွေ စေလွှတ်ခဲ့တယ်။ (၁) ကသ္မီရ နဲ့ ဂန္ဓရတိုင်းကို မဇ္ဈန္တိက မထေရ်၊ (၂) မဟိသာမဏ္ဍလတိုင်း ကို မဟာဒေ၀ မထေရ်၊ (၃) ၀န၀ါသတိုင်း ကို ရက္ခိတ မထေရ်၊ (၄) ယောန ဓမ္မရက္ခိတ ကို အပရန္တကတိုင်း၊ (၅) မဟာရက္ခိတ ကို ယောနတိုင်း၊ (၇) မဇ္ဈိ မ မထေရ်ကို ဟိမ၀န္တာ၊ (၈) သောဏနဲ့ ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏဘူမိ နဲ့၊ (၉) မဟာ မဟိန္ဒ၊ ဣဋ္ဌိယ၊ ဥတ္တိယ၊ သမ္ဗလ၊ မဒ္ဒ သာလ မထေရ်တို့ကို လင်္ကာ ဒီပ သို့ သာသနာ ပြု ခရီးတွေစေလွှတ်ခဲ့တယ်။ ဒီသာသနာပြု ခရီးတွေရဲ့ အသေးစိတ် အကြောင်းချင်းရာတွေကို သမန္တပါသာဒိကာမှာတွေ့နိုင်တယ်။

မင်းကြီးရဲ့ နန်းစံနှစ် (၁၈) နှစ်မြောက်မှာ ဒေ၀ါနံ ပိယတိဿ မင်းရဲ့ တောင်းပန်မူကြောင့် သံဃမိတ္တာထေရီကို ဗုဒ္ဓဂါယာက ဗောဓိပင်ရဲ့ ပင်ပွား အကိုင်းခက်နဲ့အတူ သီဟိုဠ်ကျွန်းကို သာသ နာပြု ခရီး ထပ်မံစေလွှတ်ခဲ့တယ်။ ဒီ မတိုင်ခင်ကာလ ကလည်း မြေးတော် သုမန ဦးဆောင်စေပြီး ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော် အချို့နဲ့ သပိတ်တော်ကို သီဟိုဠ်ကျွန်းက ထူပါရုံစေတီတော်မှာ ဌာပနာပြု ပူဇော်ဖို့ စေလွှတ်ခဲ့ပြီးဖြစ်တယ်။ ဒီအကြောင်းရာတွေ ကို မဟာဝံသမှာ တွေ့နိုင်တယ်။

အသောကမင်းကြီးဟာ နန်းစံသက် (၃၇) နှစ်ထိ စိုးစံတော်မူခဲ့ပြီး နန်းစံသက် နောက်ပိုင်းနှစ်ကာလတွေမှာ မင်းကြီးရဲ့ ဗုဒ္ဓသာ နာအပေါ် ချီးမြှောက်ထောက်ပံ့လှူဒါန်းမူတွေကြောင့် ဓမ္မာသောက ဘုရင်ကြီး အဖြစ်ထင်ရှားပါတယ်။ ဒီပ၀ံသ မှာတော့ အသောက မင်းကြီးရဲ့ ဘွဲ့တော်ကို ပီယဒဿီ လို့ အကြိမ်များစွာ ဖော်ပြထားတယ်။ မင်းကြီးရဲ့ ကျောက်စာတွေထဲ မှာ ရည် ညွှန်းထားတဲ့ ဒေ၀ါနံ ပီယ တိဿ ဆိုတဲ့ ဘွဲ့တော်ကတော့ ၊ ခေတ်ပြိုင် လင်္ကာကျွန်း ဘုရင် တိဿ နဲ့ မင်းကြီး ရဲ့ မြေးတော်ဒဿ ရထ ဘုရင် တို့လည်း သုံးနှုန်းတာကို တွေ့ရတယ်။ ပြီးတော့ ဒီ ဘွဲ့အမည်ကို သီဟိုဠ်ကျွန်းက အခြားဘုရင်တွေလည်း သုံးနှုန်းပါတယ်။
ဒီကျမ်းဂန်တွေထဲမှာ အသောကမင်းကြီးနဲ့ ဒေ၀ါနံပီယ တိဿ ဘုရင်တို့ဟာ မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းကို သာသနာပြု မကြွ ရောက်မီ ကတည်းက မိတ်ဆွေတွေ ဖြစ်တယ် လို့ ဆိုထားပါတယ်။ သို့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ဘူးကြဘူး။ တိဿ ဘုရင်က အသောကမင်းကြီးထံ လက်ဆောင် ပဏ္ဏာတွေ ဆက်သတဲ့အခါ မင်းကြီးကလည်း တိဿ ဘုရင် ဒုတိယ အကြိမ် ဘိသိက် ခံယူဖို့ အတွက် ထူးခြားကောင်းမြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေနဲ့ အတူ ချစ်ကြည်ရေး သံအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အသောကမင်းကြီးဟာ ဒီ သံအဖွဲ့နဲ့ အတူ အထူး လက်ဆောင် အဖြစ် အမှာ စကားလည်း ပါးလိုက်ပါတယ်။

‘‘ငါသည် ဘုရား၊ တရား၊ သံဃာ တည်းဟုသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည်သည် ဖြစ်၍ သကျပုတ္တ တည်းဟုသော ဗုဒ္ဓမြတ် စွာ၏ တပည့် ဥပါသကာ တစ်ဦးအဖြစ် ခံယူခဲ့လေပြီ၊ အို ... ယောက်ျားမြတ်ဖြစ်သော အဆွေတော် ... သင်သည် လည်း ယုံကြည်မူ သဒ္ဓါတရားကို ဖွင့်လှစ်၍ လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ ကိုးကွယ်ဆည်းကပ်လေလော့’’
မိလိန္ဒာပဥှာကျမ်းမှာ တော့ အသောကမင်းကြီးနဲ့ ပါဋလိပုတ်ပြည်ရဲ့ ပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ ဗိန္ဒုမတီနဲ့ တွေ့ဆုံမူကိုဖော်ပြ ထားတယ်။ ဒီ ပြည့်တန်ဆာမကလေးဟာ မင်းကြီးကို သစ္စာတရားရဲ့ စွမ်းအားနဲ့ ဂင်္ဂါမြစ်ကြီးကို ပြောင်းပြန် ပြန်စီးဆင်းစေတယ် လို့ ဆိုပါတယ်။ ပေတ ၀တ္ထု အဋ္ဌကထာ မှာတော့ သုရတ္ထတိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ ပိင်္ဂလ ဘုရင်ဟာ မင်းကြီးထံ ၀င်ရောက် ခံစားပြီး အကြံဉာဏ်ပေးလေ့ရှိကြောင်း ဖော်ပြထားတယ်။ ဒီ ဘုရင်ဟာ မင်းကြီးရဲ့ မိတ်ဟောင်း၊ ဆွေဟောင်း သို့မဟုတ်ရင် အကြံပေး ဆရာတစ်ဦးဖြစ်မယ် လို့ ခန့်မှန်းရတယ်။
ဗိမ္ဗိသာရမင်းနဲ့ ပသနဒီ မင်းကို ပဒေသ ရာဇာ လို့ ခေါ်ကြ သလို အသောက ဘုရင်ကြီးကိုတော့ ‘‘ဒီပစက္က၀တ္တိ’’ လို့လည်း ခေါ်
ကြောင်းသိရတယ်။ အသောကမင်းကြီးမှာ ဥတုသုံးလီ စံမြန်းဖို့ ‘‘မဟာ သပ္ပိကာ၊ မောရဂီဝ၊ မင်္ဂလ’’ လို့ ခေါ်တဲ့ နန်းသုံးဆောင် ရှိကြောင်းလည်း တွေ့ရပါတယ်။
အသောကဘုရင်ကြီး သာ မပေါ်ပေါက်ခဲ့ရင် ဗုဒ္ဓသာသနာဟာ ဒီနေ့ခေတ်အခြေနေလောက် ပြန့်ပွားနိုင်ပါ့မလား လို့ သမိုင်းဆရာ တွေက သုံးသပ်ကြပါတယ်။ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး ကျမ်းဂန်တွေကလည်း အမျိုးမျိုးအထွေထွေ ရေးသားကြတာ ကို တွေ့ရတယ်။ ဥပမာ အသောကမင်းကြီး ခေတ်က ရှင် ဥပဂုတ္တ မထေရ်မြတ်နဲ့ ပတ်သက်ပြီး၊ တောင်ပိုင်းထေရ၀ါဒနဲ့ မြောက် ပိုင်း မဟာယန ကျမ်းဂန်တွေမှာ မူအမျိုးမျိုးတွေ့ကြရတယ်။ အိန္ဒိယက နာမည်ကျော် ကဗျာဆရာကြီး တဂိုးကတောင် ရှင်ဥပဂု တ္တမထေရ် နဲ့ ပတ်သက်ပြီး ကဗျာရှည် တစ်ပုဒ်ရေးသားထားကို တွေ့ရတယ်။

ဘယ်လိုဘဲဖြစ်စေ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြု ပြီး နှစ်တစ်ရာ ကြာမှာ ကျင်းပတဲ့ ဒုတိယသင်္ဂါယနာ ခေတ်နဲ့ အသောကမင်းကြီးလက်ထက်၊ သာသနာ နှစ် (၂၃၅) မှာ ကျင်းပတဲ့ တတိယသင်္ဂါယနာခေတ် ကြားကာလ နှစ်တစ်ရာကျော် လောက်ဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကာလတစ်ခု ဖြစ်ကြောင်းတွေ့ရပါတယ်။ အဲဒီ ခေတ်ကာလမှာ ဘဲ ဗုဒ္ဓ၀ါဒ ဂိုဏ်း ကွဲတွေ သန္ဓေတည်ခဲ့ပြီး အားကောင်းစွာ ရပ်တည်လာခဲ့သလို၊ ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ လည်း ဆန့်ကျင်ဘက် ၀ါဒတွေ ကြားမှာ ကြံ့ကြံ့ခံ့ ရပ်တည်ခဲ့တာဖြစ်တယ်။ ဒီလို ရပ်တည်နိုင်ခဲ့ခြင်းမှာ သံဃာတော် အရှင်သူမြတ်တွေရဲ့ ပရိယတ်၊ ပဋိပတ် နှစ်ဖြာကို စွမ်းစွမ်းတမံ အားထုတ်ခဲ့မူကြောင့်ဖြစ် သလို အသောကမင်းကြီးရဲ့ ဗုဒ္ဓသာသနာတော်အပေါ် ချီးမြှောက်ထောက်ပံ့မူကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်းတွေ့ရတယ်။

နောက်ဆုံးအနေနဲ့ သမိုင်းဆရာ အိပ်ခ်ျ ဂျီ ၀ဲလ် ရဲ့ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကမ္ဘာ့သမိုင်း အကျဉ်းချုပ် စာအုပ် မှာ သုံးသပ်ထားတာလေးနဲ့ နိဂုံးချူပ်ပါရစေ။

‘‘အသောကဘုရင် ဟာ ဘုရင်တွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တယ်။ သူ ဟာ သူ့ခေတ်ထက် အများကြီး ရှေ့ကိုပြေးနေတယ်။ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်ခံဖို့ ဘယ်လို အိမ်ရှေ့ဥပရာဇာမှ၊ ဘယ်လို အဖွဲ့စည်းမှ ချန်မထားခဲ့ဘူး၊ သူအုပ်ချုပ်စိုးစံခဲ့တဲ့ ခေတ်ကာလတစ်လျှောက်ဟာသူကံကုန်ပြီး နှစ်တစ်ရာ လောက်အတွင်းမှာ အစိတ်စိတ်မွှာမွှာ ကွဲထွက်ပြီးပြိုလဲပျက်စီးနေခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ယူလွမ်းဆွတ်ဖွယ် ခေတ်ကာလကြီး ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယလူမူ အဖွဲ့အစည်းရဲ့ အဆင့်မြင့်ဆုံး၊ အခွင့်ထူး ခံစားရဆုံး ဗြာဟ္မဏဇာတ်အလွှာဟာ ဗုဒ္ဓ၀ါဒကို အမြဲမပြတ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ဟာ အိန္ဒိယမြေပေါ်မှာ ဗုဒ္ဓ၀ါဒ လွှမ်းမိုးမူကို ချိနဲ့ ယုတ်လျော့သွားစေခဲ့ပါတယ်။ ရှေးဟောင်း တန်ခိုးကြီး နတ်ဘုရား ကိုးကွယ်မူ တွေ၊ မရေမတွက်နိုင်တဲ့ ဟိန္ဒူဝါဒရဲ့ ရိုးရာအစွဲလမ်း ကိုးကွယ်မူတွေဟာ တစ်ကျော့ပြန်ထွန်းကား လာခဲ့ပြန်ပါတယ်။ နှစ်ရာစု များစွာကြာအောင် ဗုဒ္ဓ၀ါဒနဲ့ ဗြာဟ္မဏ၀ါဒ ဟာ ယှဉ်လျက် ထွန်းကားပြန့်ပွားခဲ့ပေမဲ့၊ နောက်ဆုံး ဗုဒ္ဓ၀ါဒဟာ ပြိုကွဲပျောက်ကွယ် ခဲ့ရပြီး အဲဒီ နေရာ မှာ ဗြာဟ္မဏ၀ါဒဟာ ပုံစံ မျိုးစုံနဲ့ အစားထိုးနေရာယူ သွားခဲ့တယ်။ ဒါပေမဲ့ ဗုဒ္ဓ၀ါဒ ဟာ ဇာတ်ခွဲခြားမူ စနစ်ကြီး စိုးတဲ့ အိန္ဒိယတိုက်ငယ် ကို ကျော်လွှားပြီး ဒီနေ့ ခေတ်အထိ ဆက်လက် ရှင်သန်ထွန်းကားနေတဲ့ တရုတ်၊ ယိုးဒယား၊ မြန်မာ ၊နဲ့ ဂျပန် နိုင်ငံများဆီ သို့ ပြန်နှံ့ရောက်ရှိသွားခဲ့ပါတယ်’’

ဘိက္ခု ကေသရ
sources: 1/ Dictionary of Pali Proper Names by Malalasekera
2/Asoka: The Buddhist Emperor of India by Vincent A Smith
3/A Short History of the World by H.G Wells
4/ပါရဂူ၊ ရာဇာနဲ့ သာသနာ
5/အရှင်သံဝရာဘိဝံသ၊ ဗုဒ္ဓနိုင်ငံတော်၊ ဒု-တွဲ
Bhikkhu Kesara's photo.

No comments:

Post a Comment