Search This Blog

Wednesday, January 18, 2017

ကျောက်စာများက ပြောသော အသောကမင်းကြီး


ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်။ အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာ အီဂျစ်၊ ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ် လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေ ကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ "မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ "ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။ အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။ ဒီကျောက်စာတွေအပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ''မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’ နဲ့ '' ဒိဗျာဝဒါန ’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။

အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်း ခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါ အလွန် ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ''ဓမ္မာသော ကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်တယ်။

အသောကဘုရင်ရဲ့ဘ၀ဇာတ်ကြောင်းကိုကျောက်စာရေးသားချက်တွေကပိုပြီးခိုင်ခိုင်မာမာပြောပြနေပါတယ်။ ကျောက်စာတွေထဲကအတိုင်းပြောရရင်တော့ အသောက ဘုရင်ဟာ နန်းစံနှစ် (၇) နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး ၂ နှစ်ခွဲလောက်ထိ သူဟာ ဗုဒ္ဓဘာသာကိုလေးလေးနက် မသက်ဝင်ခဲ့သေးဘူးလို့ ခန့်မှန်းရမှာ ဖြစ်တယ်။ နန်းစံနှစ် (၈) နှစ်မှာကလိင်္ဂတိုင်းကိုစစ်နိုင်ခဲ့တယ်၊ ဒီ စစ်ပွဲအတွင်းမှာအပြစ်မဲ့ ပြည်သူများစွာသေကြခဲ့ရတာ ကိုအသောကဘုရင်မြင်တွေ့ခဲ့ရတယ်။ စစ်သုံ့ပမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့ တယ်။ ကလေးသူငယ်တွေ မိတကွဲ၊ ဖတကွဲ ဖြစ်ခဲ့ကြရ သလို ၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံးလို့ ပူဆွေးသောက ရောက်နေတဲ့ စစ်ဒဏ်ထိပြည်သူတွေကို အသောကဘုရင်တွေ့မြင်ခဲ့ရတယ်။ ဒီလို စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်း ကို မြင်တွေ့ခဲ့ ရတဲ့ အသောကဘုရင်ဟာအလွန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပြီး စစ် ကိုစက်ဆုပ်သွားခဲ့တယ်။ တိုက်ခိုက် သတ်ဖြတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့အောင်ပွဲကိုအလွဲအောင်ပွဲ အဖြစ်သိမြင်လက်ခံခဲ့ပြီးတော့ တကယ့် အောင်ပွဲ ဆို တာ ဟာအကြမ်းဖက်၊ နှိပ်ကွပ်မူ မပါတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မ၊၀ိနယအဆုံးမတွေပေါ် မှာအခြေခံ တဲ့ အောင်ပွဲ သာ ဖြစ်တယ်လို့ လက်ခံသိမြင်လာခဲ့တယ်။

အဲဒီနောက်တစ်နှစ်ကျော်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တပည့်သာဝကသံဃာတော်အရှင်မြတ်တွေကို ဆည်းကပ် ခဲ့တယ်။ ကောင်းမှုကုသိုလ်များစွာပြုခဲ့တယ်၊ ကိုယ်ကျင့် သီလတွေ ယုံယုံကြည်ကြည် ကျင့်ကြံခဲ့ တယ်။ ကျောက်စာ နံပါတ် (၈) မှာ အသောကမင်းကြီးဟာ နန်းစံနှစ် (၁၀) နှစ်မှာ ''သမ္ဗောဓိ’’ ကိုသွားခဲ့တယ် လို့ ရေးထိုးထားတယ်။ ဒီရေးထိုးမူဟာ အသောကမင်းကြီးဟာသူကိုယ်တိုင်ထူးမြတ်တဲ့ တရားအသိဉာဏ်ရရှိသွားခဲ့တယ်လို့အဓိပ္ပါယ်ထွက်သလိုဗုဒ္ဓမြတ်စွာသဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့တဲ့ ဗုဒ္ဓဂါယာဒေသ ကို သွားရောက်ခဲ့တယ် လို့လည်း အဓိပ္ပါယ်ထွက်နေပါတယ်။

အဲဒီအချိန်ကစပြီးအသောကဘုရင်ဟာဗုဒ္ဓမြတ်စွာရဲ့ဘ၀ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နေရာဌာနတွေကိုဘုရားဖူးခရီးထွက်ခဲ့တယ်။ နောက်ထပ်ကျောက်စာတစ်ခုကတော့အသောကဘုရင်ဟာနန်းစံနှစ်(၁၂) နှစ်မှာဗုဒ္ဓမြတ်စွာဖွားတော်မူရာ လုမ္ဗိနီကိုသွားခဲ့တယ် လို့ ရေးထိုးထားပါတယ်။အသောက ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ထက်သန်တဲ့ သဒ္ဓါတရားနဲ့ယုံကြည်ကိုးကွယ်ပြီးလိုက်နာကျင့်သုံးခဲ့တယ်။သူ့သြဇာ ဖြန့်ကျန်မူအောက်မှာရှိတဲ့တိုင်းပြည် ဒေသအနှံ့မှာလည်းဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ ထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။

စေတီပုထိုးတွေမှာ ဗုဒ္ဓ၀င်ကြောင်းချင်းရာ နတ်ပြည်လောက ရုပ်လုံးရုပ်ကြွတွေ ထုလုပ်တန်ဆာဆင်စေပြီး တိုင်းသူပြည်သားတွေကို ရုပ်ပုံတွေက တဆင့် ဗုဒ္ဓ၀ါဒ အဆုံးအမတွေကို သင်ကြားပေးခဲ့တယ်။

ဒီလိုသင်ကြားမူတွေကြောင့် အရင်တုန်းက ဗုဒ္ဓ၀ါဒအကြောင်းဘာမှမသိကြရတဲ့သာမာန်ပြည်သူတွေဟာ နတ်သားနတ်သမီးတွေအကြောင်းနတ်ပြည်လောကအကြောင်းကိုသိကြရတယ်လို့ကျောက်စာများစွာမှာရေးထိုးဖော်ပြထားတယ်။ နန်းစံနှစ်(၇) နှစ်ကစပြီး(၂၇) နှစ်အထိအသောဘုရင်ကြီးဟာ ဗုဒ္ဓသာသနာတော်ပြန့် ပွား ထွန်းကားဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်မူတွေကို ကျောက်စာမှတ်တမ်းတွေနဲ့ ရေးထိုးမှတ် တမ်းတင်ခဲ့တယ်။ ဒီလို ရေးထိုးထားခဲ့တဲ့ ကျောက်စာအများစုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အချို့ကျောက်စာတွေကို ပြောင်ချောနေတဲ့ ကျောက်ပြားတွေပေါ်မှာ ရေးထွင်း ထားခဲ့ပြီး ကျောက်ချပ်စာ လို့ခေါ်ကြတယ်။ အချို့ကျောက်စာတွေကို ကြီးမားတဲ့ သဲကျောက်လုံးတိုင်ကြီးတွေပေါ် မှာ ရေးထွင်း ခဲ့ပြီး ကျောက်စာတိုင် လို့ခေါ်ကြပါတယ်။ ကျောက်ချပ်စာ ကိုဘဲ နောက်ထပ် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဓိ က ကျောက်ချပ်စာ(၁၄)ချပ်ကို အသောက ဘုရင်အုပ်ချုပ်စိုးစံသွားခဲ့တဲ့ ဂါနာအပါအ၀င်တိုင်းပြည်နယ်စပ် တစ်လျှောက် ဒေသ(၇) နေရာကနေရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲဒီကျောက်ချပ်တွေမှာရှည်လျားတဲ့ကျောက် စာ မှတ် တမ်းတွေပါဝင်ပြီး ကျောက်စာမှတ်တမ်းတွေ ရဲ့ အရေးကြီးတဲ့အချက်လက်တွေ ကို တွေ့ရှိ ကြရ ပါတယ်။သေးငယ်တဲ့အခြား ကျောက်ချပ်စာတွေကိုတော့အိန္ဒိယနိုင်ငံ၊အလယ်ပိုင်းနဲ့တောင် ပိုင်းဒေသ က နေရာ (၇) နေရာမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ ကျောက်စာတွေဟာ အများအားဖြင့် ဗုဒ္ဓ၀ါဒနဲ့ သက်ဆိုင်နေ ပြီး အချို့ကျောက်စာတွေမှာတော့ အသောကဘုရင်ရဲ့မင်းကျင့်တ ရားဆိုင်ရာကျင့်ထုံးတွေကိုရေးထိုး ထားပါတယ်။အသောကဘုရင်က လေ့လာသင်ယူကြဖို့တိုက်တွန်းထား တဲ့ ဗုဒ္ဓတရားတော်သုတ် (၇)သုတ် ပါတဲ့မှတ်တမ်းကျောက်စာချပ်ကို ''ဘာရတ်ထ်’’ မှာတွေ့ရှိခဲ့ပြီး အဲဒီကျောက်ချပ်စာဟာ အသေး စားတွေထဲ က တစ်ချပ်ဖြစ်ပါတယ်။

အကြီးစား၊အသေးစားကျောက်စာတိုင်တွေများစွာ လည်းယနေ့ခေတ် ထိအောင် ကျန်ရစ်ခဲ့ပါတယ်။ ကျောက်စာတိုင်(၆)တိုင်၊သို့မဟုတ်(၇)တိုင်ကိုအဓိကအားဖြင့် အိန္ဒိယနိုင်ငံအလယ်ပိုင်း က နေရာ(၆) နေရာမှာ တွေ့ရှိခဲ့တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့မှတ်တမ်းတွေ ဟာ အများ အားဖြင့် ကျောက်ချပ်စာတွေ မှာပါသလို ဗုဒ္ဓဓမ္မဆိုင်ရာ အဆုံး အမတွေဖြစ်ပါ တယ်။ အဲဒီကျောက် စာတိုင်တွေ ကိုအသောကဘုရင် နန်းစံနှစ် (၂၆) နှစ်မှာ ရေးထိုးစိုက်ထူခဲ့တာဖြစ်တယ်။ အသေး စားကျောက်စာတိုင်တွေ ကို ဗုဒ္ဓ၀င်နေရာတွေဖြစ်တဲ့ ''ဆာရာနတ်ထ်’’ လို၊ ''ဆန်ချီ’’ လို နေရာတွေ မှာ တွေ့ရများတယ်။ ဒီကျောက်စာတိုင်တွေ ကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့် သံဃာ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေ ပါဝင်နေတယ်။ ပြီးတော့ သံဃာတွေ မညီမညွတ်ဂိုဏ်းကွဲသွားနိုင် တဲ့ အန္တာရာယ်တွေကိုလည်း သတိပေးရေးထိုးထားပါတယ်။ ဒီကျောက်စာ တိုင်တွေရဲ့ ထိပ် ဆုံးမှာ အများ အားဖြင့် သတ္တ၀ါတစ်မျိုးမျိုးနဲ့ တန်ဆာဆင်ထားတယ်။ ''ဆာရာနတ်ထ်’’မှာ ရှာဖွေတွေ့ရှိခဲ့ တဲ့ ကျောက်စာတိုင်ရဲ့ ထိပ်မှာ ခြင်္သေလေးကောင် လေးဘက်လေး တန်မျက်နှာ မူနေ ပုံထွင်းထု ထား ပြီးအောက်ဘက်မှာ ဓမ္မစကြာလှည်းဘီး တွေပါတယ်။ ဒီလက်ရာပြောက်မြောက်လှတဲ့ အသောကဘုရင်ရဲ့ သင်္ကေတ အမှတ်တံဆိပ်ကို ဒီနေ့ခေတ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် အမှတ်တံဆိပ် အဖြစ်အသုံးပြုထား ပါတယ်၊ပြီးတော့ဓမ္မလှည်းဘီးပုံကိုတော့ အိန္ဒိယနိုင်ငံ ရဲ့နိုင်ငံတော် အလံပေါ် မှာတွေ့မြင်နိုင် ပါတယ်။ အသောကဘုရင်ရဲ့ကျောက်စာတွေကို(၁၉) ရာစုနှစ်က စပြီးပညာရှင်တွေ စတင်တွေ့ရှိခဲ့ကြ တယ်။ မကြာသေးခင်နှစ်များထိဆက်လက်တွေ့ ရှိနေဆဲဖြစ်တယ်။ ၁၉၄၉ခုနှစ်မှာ အာမေးနီး ယန်း ဘာသာ နဲ့ ရေးထိုးထား တဲ့အသောက ဘုရင်ရဲ့ကျောက်စာ တစ်ချပ်ကို အာဖရိ ကန် နစ်စတန်နိုင်ငံလမ်ပါ က ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဂရိ၊ အာမေးနီးယန်း နှစ်ဘာ သာ ရေးထိုးထား တဲ့ ကျောက်စာ ကိုတော့၁၉၅၈ ခုနှစ်က ကန်ဒဟာရ် ဒေသမှာတွေ့ ရှိခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဒေလီမြို့နယ် အစပ်မှာ လည်း ကျောက် စာချပ်တစ်ချပ်တွေ့ရှိခဲ့ တယ်။ ကျောက်စာ (၃၀) ကျော်ကို အတည်ပြု ထားနိုင်ခဲ့ပြီးဖြစ် တယ်။ဂျိမ်း ပရင့်ဆပ် က ၁၈၇၃ ခုနှစ်မှာ အသောကကျောက် စာတွေ ရဲ့ အဓိပ္ပါယ်တွေကို စတင် ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်း အဓိပ္ပါယ် ပိုကောက်နိုင်ခဲ့ရာကနေ အခုတော့ကျောက်စာ ချပ်တွေရဲ့ စကားအဓိပ္ပါယ်ကို အပြည့်အ၀ နီးပါး နားလည်နိုင်ကြပြီဖြစ်ပေမဲ့ ဒွိဟဖြစ်စရာ ကျောက်စာ အဓိပ္ပါယ်များစွာလည်း ကျန်ရှိနေပါသေးတယ်။

အသောကမင်ကြီးဟာဗုဒ္ဓ၀ါဒရဲ့သင်ကြားမူဖြစ်တဲ့လူသားအားလုံးဟာအခြေခံအားဖြင့်အဆင့်တန်းတူညီတယ် ဆိုတဲ့ ဆုံးအမကို လက်ခံယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ သူ အပါဝင် လူသား အားလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတရားတော်တွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ လူသားအားလုံးဟာကရုဏာတရား ကိန်းအောင်း ပြီး ရိုးသားဖြူ စင်ဖို့လိုတယ် လို့ယုံကြည်ယူဆခဲ့တယ်။ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ပြည် သူ ပြည် သားတွေ အားလုံး သက်ရှိ သတ္တ၀ါတွေ အပေါ်မှာသနားကြင်နာဖို့၊ မှန်ကန်စွာ ပြောဆိုဖို့၊ စိတ်ရှည် သည်းခံဖို့ အကူညီမဲ့နေသူတွေ ကိုကူညီဖို့တိုက်တွန်းခဲ့တယ်၊ အားပေးခဲ့တယ်။ ဆိုခဲ့တဲ့လူသားကျင့်ဝတ်တွေ ဟာအလွန်ရိုးရှင်းနေပေမဲ့၊ အသောကမင်းကြီးကတော့ ဒီကျင့်ဝတ်တွေဟာ ဘယ်တော့မှ ဖောက်ပြန်ပြောင်း လဲ မူ မရှိတဲ့လူသားအားလုံးလိုက်နာ ကျင့်သုံးသင့်တဲ့သစ္စာတရားတွေအဖြစ်ယုံကြည်လက်ခံခဲ့တယ်။ အဲဒီ ကျင့်ဝတ်တွေကိုနောက် အနာဂတ် မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် သူဟာဆိုခဲ့ပြီး တဲ့ ကျောက်စာ ချပ်၊ ကျောက်စာတိုင်တွေ မှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်လို ဝေဒနာခံစားမူရှိတဲ့သတ္တ၀ါအားလုံးရဲ့အသက်ကို လေးစားတန်ဖိုးထားဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာထပ်ခါတလဲလဲ ဖော်ပြရေးထိုးထားခဲ့ပါတယ်မလိုအပ်ဘဲသတ်ဖြတ်ညဉ်းဆဲခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့တယ်။ အကယ်၍ သတ္တ၀ါတွေကို မဖြစ်မနေသတ်ဖြတ်ရမယ် ဆိုရင်တောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ငယ်ရွယ်တဲ့သတ္တ၀ါတွေကိုလုံးဝမသတ်ရဘူး။တိုင်းပြည်အနှံ့မှာ ဆေးရုံတွေဆောက်လုပ်ပေးခဲ့တယ်၊ ဆေးရုံတစ်မျိုးက လူတွေ အတွက်ဖြစ်ပြီး၊ နောက်ထပ် ဆေးရုံတစ်မျိုးက တိရစ္ဆာန်တွေ အတွက်ဖြစ်တယ်။ ဆေးဝါးကုသဖို့လိုအပ်တဲ့ ဆေးပင်တွေကို အထူးစိုက်ပျိုးစေခဲ့ တယ်၊ လမ်းဘေးတွေမှာ အရိပ်ရသစ်ပင်တွေစိုက်ပျိုးစေခဲ့တယ်။ရေတွင်းရေကန်ပေါင်းများစွာတူးဖော်စေခဲ့တယ်။ ခရီးသည်တွေနားခိုဖို့ ဇရပ်၊နားနေရန်ဌာနတွေ၊ သောက်သုံးရေစင်တွေ ခရီး လမ်းမတွေရဲ့ဘေးမှာ တည်ထားစေခဲ့တယ်

(ကျောက်စာ ၃)

ဒီလိုကူညီစောင့်ရှောက်ခြင်းနဲ့အသောကမင်းကြီးဟာသူ့တိုင်းပြည်က ပြည်သူပြည်သားတွေ ရဲ့ ဘ၀ ကို ငြိမ်းချမ်းသာ ယာစေခဲ့တယ်၊ လူအပါအ၀င် သတ္တ၀ါအားလုံးရဲ့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ မေတ္တာတရား၊ သနားစောင့်ရှောက်မူ (ဒယာ)တရားတွေကို ဖော်လှစ်ပြသခဲ့ပါတယ်။ အသောကမင်းကြီး ရဲ့ကျောက်စာတွေ မှာ မိဘ၊ဆရာသမားနဲ့ သက်ကြီးဝါကြီးတွေရဲ့ဆုံးမစကားကို ရိုသေလေးစားဖို့အ ရေးကြီးကြောင်းကိုလည်း ထပ်ခါတလဲလဲဖော်ပြထားတယ်။ သက်ကြီးရွယ်အိုတွေကို ယဉ်ကျေးစွာဆက်ဆံဖို့လမ်းညွှန်ထားတယ်။ မိတ်ဆွေတွေ၊ ပညာရှိ၊ သမဏ၊ ဗြာဟ္မဏတွေ၊ ဆင်းရဲသားတွေ ၊ကျေးကျွန်တွေကို ကောင်းမွန်စွာ ဆက် ဆံဖို့၊ ဘယ်အဆင့်တန်းမှာ ဘဲဖြစ်ဖြစ်လူသားတစ်ဦးစီမှာရှိတဲ့လူသားဂုဏ်သိက္ခာ ကို လေးစားဖို့တိုက် တွန်း ထားတယ်။ ဒီအပြင်သာမဏ၊ ဗြာဟ္မဏတွေနဲ့ဘုန်းတောင်းယာစကာတွေကို ဆွမ်း၊ ထမင်းလှူဒါန်းစွန့် ကြဲဖို့ လည်း လမ်းညွှန်ထားပါတယ်။ အသောကမင်းကြီး ကိုယ်တိုင်လည်း အမဲလိုက်လေ့ရှိတဲ့ ၀ါသနာ ကို စွန့်လွတ်ခဲ့ပြီး တိုင်းပြည်အနှံ့ ဓမ္မခရီးတွေ လှည့်လည်ခဲ့ကြောင်း ကျောက်စာ မှာ ရေးထိုးဖော်ပြထားတယ်။

(ကျောက်စာ - ၈) ဒီလို ဓမ္မခရီးထွက်တဲ့အခါ အသောကဘုရင်ဟာ ဘာသာရေးခေါင်းဆောင် ကျမ်းတတ်ပုဂ္ဂိုလ်တွေကိုသွားရောက်ဖူးမြင် တယ် ၊ဆွမ်းပစ္စည်းတွေ လှူဒါန်းထောက်ပံ့ တယ်၊ပြီးတော့ သာမာန်ပြည်သူ၊ ပြည်သားတွေနဲ့ တွေ့ဆုံပြီးသူသိထားတဲ့တရား ဓမ္မတွေနဲ့ သူတို့ကို ဟောပြောဆုံးမ ပါတယ်။ ဒီလိုဓမ္မခရီးထွက်ရတာကို အသောကမင်းကြီး အလွန်နှစ်သက်မြတ်နိုး တယ်။ ဘုရင်မင်းကြီး ဟာ အလှူတကာ့ အလှူတွေထဲမှာ ဓမ္မ အလှူကိုအမြတ်ဆုံးလို့ ခံယူထားပြီး ဒီလို သူသိတဲ့ တရားဓမ္မတွေ ကိုမျှဝေရင်း ဓမ္မမိတ်ဆွေပေါင်းများစွာနဲ့ ချစ်ကြည်မူရယူခဲ့တယ်။ တရားဓမ္မဟောကြားခြင်း ဟာ ဟောကြား သူ အတွက် ဒီဘ၀မှာ လည်း ကောင်းကျိုး တရားတွေရမယ် နောင်သံသရာ မှာလည်း မရေမတွက်နိုင်တဲ့ အကျိုးတရားတွေရမယ်လို့အသောကမင်းကြီးယုံကြည်ပါတယ်။ ပြည်သူပြည်သားတွေကိုကာမဂုဏ်အာရုံတွေကိုအလွန်ကျူးမလိုက်စားဖို့၊ကာမဂုဏ်ဆန္ဒတွေကိုပညာနဲ့ထိန်းကြောင်းဖို့ဟောပြောလေ့ရှိတယ်လို့ ကျောက်စာတွေ မှာမှတ်တမ်းတင်ထားတယ်။ အသောကမင်းကြီးဟာတိုင်းပြည်ကိစ္စကို ဆောင်ရွက်ရာမှာအလွန်လုံ့လပြု တယ်။ နိုးကြားတယ်။ တိုင်းရေးပြည်ရေး ကိစ္စကြုံလာရင်သူပွဲတော်တည်နေသည်ဖြစ်စေ ၊ မိဘုရားေ ဆာင်ရောက်နေသည်ဖြစ်စေ၊ ဥယျာဉ်တော်မှာပျော်ပွဲ စားနေသည်ဖြစ်စေ၊ ချက်ချင်းသတင်းပို့ရမယ်လို အမိန့်ထုတ်ထားပါတယ်။ မင်းကြီးဟာ ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်အောင် ကြိုးစားခြင်း ၊ကျင့်ကြံခြင်းဟာ တိုင်းပြည်ဘုရင်တစ်ပါးက ပြည်သူတွေအတွက်ဆောင်ရွက်ရမဲ့တာဝန်ဝတ္တရားတစ်ရပ်အဖြစ်ခံယူထားတယ်။ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့ အကျိုးစီးပွားကို ဆောက်ရွက်ရတာ၊ ဆောက်ရွက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားတွေကို ဆထက်တပိုး တိုးပွားလာအောင်ကြိုးစားအားထုတ်နေတာဟာအမွန်မြတ်ဆုံးအလုပ်လို့အသောကမင်းကြီးရဲ့ခံယူထားတယ်။ သူရဲ့အုပ်ချုပ်စီမံမူအားလုံးဟာ ပြည်သူပြည်သားနဲ့သက်ရှိအားလုံးအပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးတရား၊ သံသရာကြွေးကိုဆပ်နေရတာဖြစ်တယ်လို့လည်းသူ ခံယူထားပါတယ်။ အသောကမင်းကြီးဟာ ပြည် သူ၊ ပြည်သား သတ္တ၀ါအားလုံးကို ယခု မျက်မှောက်ဘ၀မှာ လည်း ပျော်ရွှင်ချမ်းမြေ့စေချင်တယ်၊ နောင် သံသရာမှာ လည်း ကောင်းမွန်တဲ့ သုဂတိဘုံဘ၀တွေမှာခံစားပျော်ရွှင်စေချင်တယ်။ သူဟာ သူမှတပါး အခြား သတ္တ၀ါအားလုံးကိုသူ့ရဲ့ရင်ဝယ်သား၊သမီးများပမာသဘောထားကြောင်း ကျောက်စာမှာ
ရေးထိုးထားခဲ့ပါတယ်။
(ကျောက်စာ - ၆)

အသောကမင်းကြီးရဲ့ ကျောက်စာတွေထဲမှာ "ဓမ္မ’’ ရဲ့ အဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုထားတယ်။''ကောင်းမြတ် မူ"(sadhu) ၊"မကောင်းမူမှ ကင်းစင်မူ" "ကောင်းမူများစွာဖြင့် ပြည့်စုံမူ’’၊ "သနားစောင့်ရှောက်မူ’’၊ "ပေးကမ်း စွန့်ကြဲမူ’’၊ ‘’မှန်ကန်မူ သစ္စာတရား’’၊ "ကိုယ်၊ နူတ်၊နှလုံးစင်ကြယ်မူ’’စသည်ဖြင့် တွေ့ရပါတယ်။ တရားဓမ္မကို သိရှိနားလည်ခြင်း၊ မျက်မှောက်ပြု ခြင်းဆိုတဲ့ အဓိပ္ပါယ်မှာ”သနားစောင့်ရှောက်မူရှိခြင်း’’၊ "လွတ် လွတ် ပေးကမ်း စွန့်ကြဲနိုင်ခြင်း’’၊ "သစ္စာတရား’’ ၊ "စိတ်နှလုံး စင်ကြယ်မူ”၊ “စိတ်နှလုံး နူးညံ့မူ”၊ “ကောင်းမြတ်မူ” စတဲ့ ကောင်းမြတ်တဲ့ အရည်သွေးတွေပါတယ်။ လူတစ်ယောက်ဟာ ‘’ပေးကမ်းစွန့်ကြဲမူ” ကိုတော့ လုပ်တယ်၊ သိုသော် သူဟာ အာရုံတွေအပေါ်မှာထိန်းချုပ်ထားနိုင်စွမ်း မရှိဘူးဆိုရင် ၊သူတထူးရဲ့ ကျေးဇူးတရားတို့ကို ချေပတတ်ရင်၊ခိုင်မြဲတဲ့ ရိုးသားစင်ကြယ်မူ မရှိဘူးဆိုရင်၊ အထူးကောင်း မွန်သူ မဟုတ်သေးဘူး၊ နိမ့်ကျနေသေးတယ်လို့ ဆိုထားပါတယ်။ ဒီအပြင် "ရက်စက်ကြမ်းကြုတ်မူ’’၊ "လူသားမဆန်မူ’’၊ ဒေါသ၊ မာနတရားများ၊ မနာဝန်တိုမူ စတဲ့ အကုသိုလ်တရားတွေဟာ စိတ်ညစ်နွမ်းမူ ကိလေသာတရားတွေကို ပိုပြီး တိုးပွားစေလိမ့်မယ် လို့ အသောကမင်းကြီးဟာ သူ့ရဲ့ကျောက်စာထဲ မှာ သတိပေးရေးထိုးထားတယ်။
"ကောင်းမူပြု ဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းတာတွေ ကို ပြုလုပ်အားထုတ်တဲ့အခါအစ မှာတော့ အခက်ခဲတွေ့ရလိမ့်မယ်’’ လို့ ဖော်ပြထားတယ်။ အဲဒီနောက်မင်းကြီးကသူဟာ ကောင်းမူ များစွာကို အား ထုတ်ခဲ့ပြီးပြီ လို့ဆက်လက်ရေးထိုးထားတယ်။ (ကျောက်စာ ၄ - ၅ ) အသောကမင်းကြီး ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဓမ္မအမြင် အယူဆတွေကို နည်း လမ်းနှစ်ခု နဲ့ ပြန့်ပွားထွန်း ကားအောင် အားထုတ်ခဲ့တယ်။ ပထမနည်းက အာဏာစက်နဲ့ ဥပဒေပြဋ္ဌာန်းခြင်း အားဖြင့် တရားဓမ္မတည် တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ တရားဓမ္မနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေတွေဟာ အထူးသဖြင့်သတ္တ၀ါတွေကိုညဉ်းဆဲသတ်ဖြတ်ခြင်းရှောင်ကြဉ်ဖို့နဲ့သက်ဆိုင်တယ်။ အသောကမင်းကြီးဟာ ဒီလိုဥပဒေပြဋ္ဌာန်းခြင်းနည်းလမ်းနဲ့သူရဲ့သတ္တ၀ါတွေအပေါ်ညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ဓမ္မအမြင်၊ကျင့်သုံးဆောက်တည်မူကိုသူ့တိုင်းပြည်က ပြည်သူ၊ ပြည်သားတွေကိုလည်းအာဏာစက်နဲ့ကျင့်သုံးဆောက်တည်စေခဲ့တယ်။ တရားဓမ္မတည်ရှိစေခဲ့တယ်။ နောက်တစ်နည်းကတော့တရားဓမ္မတွေကိုဆင်ခြင်ပွားများစေခြင်း၊ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်စေခြင်းဖြင့်တည်တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ဒီနည်းလမ်းနဲ့တိုင်းသူ ပြည်သားတွေဟာသတ္တ၀ါတွေကိုသတ်ဖြတ်ညဉ်းဆဲခြင်းမပြုဖို့တားမြစ်ရတဲ့အကြောင်းရင်းကို လေးလေးနက်နက်သဘောပေါက်နားလည်သွားကြလိမ့်မယ်။ ပြီးတော့ဒီနားလည်သိမြင်မူ ကနေသူတို့ရဲ့အခြား ပြုလုပ်အားထုတ်မူတွေမှာ လည်းတရားဓမ္မနဲ့ယှဉ်ပြီး ပြုလုပ်အားထုတ်သွားကြလိမ့်မယ် လို့ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်တိုင်ဆင်ခြင်ပွားများခြင်း၊ ကျင့်ကြံအားထုတ်ခြင်းဖြင့်သိရှိတဲ့ တရားဓမ္မ အမြင် ဟာ ဥပဒေ တားမြစ်ချက်ကြောင့် ကျင့်ကြံရတဲ့ တရားဓမ္မ ထက်ပိုပြီး အဆင့်တန်းမြင့်ကြောင်း လည်း ရေးထိုး ထားပါတယ်။
(ကျောက်စာ - ၇ )

ဘုရင်မင်းမြတ်ဟာ သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့၊ သက်ရှိအားလုံးကို တန်ဖိုးထားဖို့၊ လူအချင်းချင်း ရိုသေမူ ဂါရ၀တရား ထားဖို့ အထူးအလေးပေးခဲ့တယ်။ သေမိန့်သေဒဏ် ကျခံနေရတဲ့ရာဇ၀တ်သား တစ်ယောက်ကိုတောင်မှ ဆွေမျိုးမိဘတွေ နဲ့တွေ့ဆုံဖို့၊ နောင်သံသရာအတွက် ကောင်းမူကုသိုလ်ပြုလုပ်ဖို့ အတွက် အမိန့်မချမှတ်ခင် (၃) ရက် လွတ် ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ အသောကမင်းကြီးရဲ့နန်းစံသက် (၂၆) နှစ်အတွင်းမှာ (၂၅) ကြိမ်တိုင်တိုင် ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။

(ကျောက်စာ - ၅) အသောကမင်းကြီးအထူးညွှန်ပြရေး ထိုးထားတဲ့ ‘’သူတပါးအ သက်ကို လေးစားမူ’’ ဆိုတဲ့ တရားဓမ္မဟာကိုယ်မှတပါးအခြားသောသတ္တ၀ါတွေဟာကိုယ်လိုဘဲအသက်ရှင်သန်လိုတယ်ခံစားတတ်တယ်ဆိုတဲ့ခံစားသိမြင်မူကိုယ်ချင်းစာတရားပေါ်မှာ အခြေခံထားတာဖြစ်တယ်။ အသောကမင်းကြီး အထူးအလေးနက်ထားတဲ့အခြားကောင်းမြတ်တဲ့ တရားဓမ္မတွေ ကတော့ "ကြင်နာသနားမူ”၊ "ပေးကမ်းစွန့်ကြဲမူ’’၊ "မှန်ကန်ခြင်း သစ္စာတရား’’၊ "ကိုယ်နူတ်စိတ် စင်ကြယ်မူ’’၊ "မိခင်၊ ဘခင်တွေရဲ့ ဆုံးမစကားကို နားထောင်မူ’’၊ "အခြားသူတွေရဲ့အပေါ်မှာ တရားမျှတစွာ ပေါင်းသင်းဆက်ဆံမူ’’ ၊ " မိမိနေထိုင်တဲ့ လူ့ပတ်ဝန်းကျင် ရဲ့ ကျေးဇူးတရားတွေကို နားလည်သိရှိမူ’’ စတဲ့ အရည်အသွေးတွေဖြစ်တယ်။ အသောကမင်းကြီးသိမြင်တဲ့ တရားဓမ္မတော်တွေ ဟာကြွယ်ဝပြည့်စုံလှပါတယ်။

အသောကမင်းကြီးဟာကျင့်သုံးဖို့သူလမ်းညွှန်တိုက်တွန်းထားတဲ့တရားဓမ္မတွေကိုတိုင်းသူပြည်သားတွေ လိုက်နာမူရှိမရှိ စိစစ်စုံစမ်းဖို့၊ စစ်ဆေးဖို့ အတွက် ဓမ္မရေးရာ ၀န်ကြီးတွေကို ခန့်အပ်ထားခဲ့တယ်။ အဲဒီဓမ္မရေးရာဝန်ကြီးတွေဟာငါးနှစ်တစ်ကြိမ်သက်ဆိုင်ရာနယ်တွေကိုသွားရောက်စုံစမ်း၊စစ်ဆေးကြရတယ်။
(သီးခြားကျောက်စာ -၁၊ Dhauli) ။

အသောမင်းကြီးရဲ့ အရှည်လျားဆုံးရေးထိုးခဲ့တဲ့ ကျောက်စာ နံပါတ် (၁၄) မှာ၊မင်းကြီးရဲ့ တရားဓမ္မ အမြင်တွေ ဟာ ဗုဒ္ဓ၀ါဒကလာတယ်လို့အတိအကျဖော်ပြမထားတဲ့အတွက်ကြောင့် အချို့ပညာရှင်တွေ က မင်းကြီးရဲ့ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒ ဟုတ်လေမလား ဆိုတဲ့ သံသယတွေရှိကြပါ တယ်။ သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒမှတပါးသော အခြားဘာသာရေးဝါဒ တစ်ခုခုပေါ်မှာ အခြေခံတယ် လို့တော့ ပြောနိုင်စရာမရှိဘူး။ဥပမာ - ဟိန္ဒူဝါဒက "မနုဓမ္မသတ်” မှာ သုံးနှုန်းထားတဲ့ “ဓမ္မ” ဆိုတဲ့အသုံးနှုန်းရဲ့ အဓိပ္ပါယ်ဟာ တရားစီရင်ရေး ဥပဒေ နဲ့သာ သက်ဆိုင်တယ်။ "နိယာယ၀ါဒဂိုဏ်း’’ နဲ့ "ဂျိန်းဝါဒ’’ မှာလည်း "ဓမ္မ’’ ဆိုတဲ့ အသုံးနှုန်းကိုသုံးထားပါတယ်။ သို့သော်လည်း အဲဒီ အသုံးနှုန်းက ဆိုလိုတဲ့ အဓိပ္ပါယ်ဟာ အသောကမင်းကြီးရဲ့ ကျောက်စာတွေက "ဓမ္မ” အသုံးနှုန်းအဓိပ္ပါယ်နဲ့လုံးဝ ကွာခြားနေပါတယ်။ "ဝေဒကျမ်း’’ နဲ့ "ဥပနိသျှကျမ်းဂန်’’ တွေမှာသုံးနှုန်းထားတဲ့ "ဓမ္မ” အဓိပ္ပါယ်ဟာ မင်းကြီး ဆိုလိုတဲ့ အဓိပ္ပါယ်နဲ့တော့နီးစပ်တယ်၊ သို့သော် ထပ်တူကျတယ် လို့တော့ မပြောနိုင်ပါ ဘူး။ "ဥပနိသျှကျမ်းဂန်’’ တွေ ဦးတည်ထားတာကဗြဟ္မာနဲ့ အတ္တ၀ါဒ ဖြစ်တယ်၊ "ဓမ္မ’’ မဟုတ်ဘူး။ အသောကမင်းကြီးရဲ့ ဦးတည်မူ ကတော့ "ဓမ္မ’’ သက်သက်သာဖြစ်တယ်။

"ဘဂ၀ဂ်ဂီတ’’ မှာ "ဓမ္မ’’ ဆိုတာ "ကမ္မယောဂ’’ ကျင့်စဉ်ရဲ့ အဓိကကျတဲ့ကျင့်ဝတ်၊ ကျင့်ထုံးတစ်ခုဖြစ်ပြီး "ဆွဓမ္မ’’ လို့ခေါ်တဲ့ ကျင့်ဝတ်၊ ၀တ္တရားတစ်ခုအဖြစ်တွေ့ရပါတယ်။ "ဘဂ၀ဂ်ဂီတ’’မှာကောင်းမြတ်တဲ့ဓမ္မ ကျင့်ဝတ်၊ကျင့်ထုံးတွေကို ဖော်ပြထားပြီးအများအားဖြင့်အသောကမင်းကြီးရဲ့ကျောက်စာတွေမှာရေးထိုးထားတဲ့ဓမ္မသဘောထား အမြင်တွေနဲ့ တူညီနေတယ်။သို့သော် မတူတဲ့ အချက်ကဘာလဲ ဆိုတော့ "ဘဂ၀ဂ်ဂီတကျမ်း’’က "စစ်’’ ကို ချီးမွမ်းရေးသားထားပြီး အသောကမင်းကြီးက"စစ်’’ ကို ဆန့်ကျင် ရူတ်ချထားတဲ့ အချက်ဖြစ်ပါတယ်။
အခြား ဘာသာဝါဒတွေနဲ့ နှိုင်းယှဉ်တဲ့အခါ "ဓမ္မ’’ ဆိုတဲ့အသုံးနှုန်းဟာ "ဗုဒ္ဓ၀ါဒ’’ မှာ အဓိက အစိတ်ပိုင်းမှာ ရှိနေပါတယ်။ "ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ’’ ဆိုတဲ့ ရတနာသုံးပါးမှာ "ဓမ္မ’’ ဆိုတာ တပါးအပါဝင်ဖြစ် တယ်။ပြီးတော့အသေးစားကျောက်ချပ်စာတွေနဲ့ကျောက်စာတိုင်တွေမှာလည်း အသောကမင်းကြီးဟာ သဒ္ဓါ တရားထက်သန်တဲ့ဗုဒ္ဓ၀ါဒီဘုရင်မင်းမြတ်ဖြစ်ကြောင်းဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ အသောကမင်းကြီး ရဲ့ဓမ္မအမြင်၊ ဓမ္မသဘေားတရားတွေဟာ "ဗုဒ္ဓ၀ါဒ’’ ရဲ့ ဓမ္မအမြင်၊ဓမ္မ သဘောတရား တွေသာဖြစ်ပါတယ်။

အသောကမင်းကြီးဟာသူကိုယ်တိုင်ကဗုဒ္ဓ၀ါဒီအဖြစ်ကူးပြောင်းခဲ့ပေမဲ့အခြားဘာသာတရားတွေကိုလည်းတရားနဲ့အညီချီးမြှောက်ခဲ့တယ်။ဘာသာတရားအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေ၊ကိုးကွယ်ယုံကြည်သူတွေအားလုံးကိုပေးကမ်းလှူဒါန်းမှု၊ပူဇော်မူတွေပြုလုပ်ခဲ့တယ် လို့ ကျောက်နံပါတ် (၁၂) မှာဖော်ပြထားပါတယ်။

No comments:

Post a Comment