Search This Blog

Wednesday, January 18, 2017

အိန္ဒိယ နှင့် ဗုဒ္ဓဘာသာ ၂


ဗုဒ္ဓမြတ်စွာဟာ တရားဓမ္မတွေဟောကြားတဲ့အခါ အများအားဖြင့်အရေအတွက် ကြီးမားများပြားတဲ့ ပရိတ်သတ်တွေ မရှိခဲ့ပါဘူး။ တစ်ဦးချင်းသို့မဟုတ်ရင် အရေတွက် အနည်းငယ်သာရှိတဲ့ ပရိသတ်တွေကိုသာ ဟောကြားခဲ့တာများပါတယ်။ ပထမဆုံး တရား ဓမ္မဟောကြားခဲ့ရသူတွေဟာ ရသေ့ ပရိဗိုဇ် ငါးဦးမျှသာဖြစ်တယ်။ ဒီလို ဟောကြားလိုက်လို့ နာကြားသူတစ်ဦးဟာ တရား အသိသက်ဝင်ကိန်းအောင်းသွားပြီး နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်ပြီ၊ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီ ဆိုတာနဲ့ သူဟာ ဆရာ ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတော်တွေကို ပြန့်ပွားစေဖို့ တာဝန်ကို ထမ်းဆောင်ရပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ပရိနိဗ္ဗာန်စံတော် မူဖို့ ညောင်စောင်း မှာ နောက်ဆုံးအချိန်လဲလျောင်းတော်မူခဲ့တဲ့ကာလမှာတောင် တရားဓမ္မဟောကြားပြသဖို့ မောပမ်းတော်မမူခဲ့ ပါဘူး။ ဗုဒ္ဓရှင်တော်ဟာ အဲဒီနောက်ဆုံးအချိန်မှာ ပရိဗိုဇ်တစ်ဦးကို တရားဓမ္မနဲ့ပတ်သက်ပြီး မေးမြန်းခွင့်ပြုခဲ့ကြောင်း ပိဋကတ် တော်မှာတွေ့ကြရတယ်။ ဘုရားဖြစ်ပြီးတဲ့ ဘ၀တစ်လျှောက်လုံးမှာလည်း ဗုဒ္ဓမြတ်စွာဟာ တရားနာကြားနိုင်စွမ်းရှိတဲ့သူတွေ ကို တရားဓမ္မဟောကြားဖို့အတွက် လမ်းအသွယ်သွယ်မှာ တစ်ပါးတည်း ကြွချီတော်မူခဲ့ တယ်။ ပြစ်တင်စော်ကားတဲ့ လူအချို့ ကိုတောင်မှ တရားဓမ္မမဟောကြားဘဲ လှည့်ထွက်သွားတော်မမူခဲ့ဘူး။ ဒီလို အနည်းအကျဉ်းနဲ့ ဗုဒ္ဓမြတ်စွာ စတင်ခဲ့တဲ့ သာသနာ ခရီးဟာ နောက်ဆုံးမှာ အကြီးအကျယ်ပြန့်ပွားသွားခဲ့တယ်။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကာလမှာ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက လူများစွာရဲ့ ကိုးကွယ်ယုံကြည်ရာ ဘာ သာတရားဖြစ်ခဲ့တယ်ဆိုတာကို ပိဋကတ်တော်ထဲက အစောပိုင်း သုတ္တံဒေသနာတော်တွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

အဲဒီခေတ်ကာလ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တည်ရှိခဲ့တဲ့ တိုင်းနိုင်ငံ (၁၆) နိုင်ငံအနက်က မာဂဓတိုင်းနဲ့ ကောသလတိုင်းဟာ စီးပွားရေးနဲ့ နိုင်ငံရေးအားဖြင့် ပိုမိုသြဇာကြီးမား ဖွံ့ဖြိုးခဲ့တဲ့ နိုင်ငံတွေဖြစ်တယ်။ ဗုဒ္ဓမြတ်စွာကလည်း ဘုရားဖြစ်ပြီးကာလ ဘ၀ တစ်လျှောက်မှာ အများအားဖြင့် ဒီ တိုင်းဒေသနှစ်ခု အတွင်းမှာ သီတင်းသုံးနေထိုင်တော်မူခဲ့တယ်။ မာဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရမင်းနဲ့ သားတော် အဇာတသတ်မင်း၊ ကောသလတိုင်းရဲ့ ဘုရင် ပသနဒီ ကောသမင်းတို့ဟာ ဗုဒ္ဓ၀ါဒကို အဓိက ချီးမြှောက်ထောက်ပံ့ခဲ့တဲ့ မင်းတွေဖြစ်ခဲ့တယ်။

ဗိမ္ဗိသာရမင်းဟာ သူ့ရဲ့ဥယျဉ်တစ်ခုဖြစ် တဲ့ ဝေဠုဝန်ဥယျဉ်တော်ကို ဗုဒ္ဓမြတ်စွာ အတွက် ပထမဆုံး ကျောင်းတော်အဖြစ်လှူဒါန်းခဲ့ကြောင်း ကျမ်းဂန်မှာ မှတ်တမ်းတင်ထားတယ်။ ကောသလမင်းကြီးကတော့ ဗုဒ္ဓမြတ်စွာရဲ့ ရှေ့တော်မှာ အလျားမှောက်ပြီး ခြေတော်အစုံကို နမ်းရူံတဲ့အထိ ဗုဒ္ဓမြတ်စွာကို ကြည်ညိုမြတ်နိုးကြောင်းတွေ့ကြ ရတယ်။ ဒီ မင်းကြီးနဲ့ ဗုဒ္ဓမြတ်စွာဟာ ဘယ်လောက် ရင်းနှီးတဲ့ထိတွေ့မူရှိသလဲ ဆိုတာကို သံယုတ္တနိကာယ်က သုတ္တံတရား (၂၅) သုတ် ပါတဲ့ ကောသလသံယုတ် က ဖော်ပြနေပါတယ်။

အခြားတိုင်းနိုင်ငံ အများစုဟာလည်း ဗုဒ္ဓ၀ါဒရဲ့ လွှမ်းမိုးမူအောက်မှာ တည်ရှိခဲ့ကြောင်းကို ဗုဒ္ဓမြတ်စွာရဲ့ အဲဒီတိုင်းနိုင်ငံတွေကို အကြိမ်များစွာ ကြွရောက်တော်မူခဲ့တဲ့ ဒေသစာရီခရီးတွေကတဆင့် သိရှိနိုင်ပါတယ်။ ဗုဒ္ဓမြတ်စွာဟာ ပထမဆုံးတရားတော်ကို ဗာရာဏသီက မိဂဒါဝုန်ဥယျဉ်မှာ ဟောကြားတော်မူခဲ့ပြီး၊ ဗာရာဏသီဟာ ကာသိတိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တယ်။ငတ်မွတ် ဘေးစိုက်လို့ ပြည်သူပြည်သားတွေရဲ့တောင်းပန်လျှောက်ထားမူနဲ့ ရတနာသုတ်တရားတော်ကို ဟောကြားခဲ့တာဟာ ဝေသာလီ မှာဖြစ်ပြီး၊ ဝေသာလီဟာ ၀ဇ္ဇီတိုင်းနိုင်ငံရဲ့မြို့တော်ဖြစ်တယ်။

သာသနာတော်မှာ အဆုံးမရခက်သူတွေအဖြစ်ထင်ရှားတဲ့ ဆဗ္ဗဂ္ဂီယ ရဟန်းတော် ခြောက်ဦးဟာလည်း ၀ဇ္ဇီတိုင်းကဖြစ်ပါတယ်။ နောက်ဆုံး ပရိနိဗ္ဗာန်ပြုတော်မူခဲ့တဲ့ နေရာကတော့ ကုသိ နာရုံက အင်ကြင်းဥယျာဉ်တော်မှာဖြစ်ပြီး၊ မလ္လတိုင်းအတွင်းမှာ တည်ရှိတယ်။ ပရိနိဗ္ဗာန်စံတော်မူဖို့ ကုသိနာရုံကို ကြွချီတော် မူရာ လမ်းတစ်လျှောက်မှာ လည်း မြို့၊ ရွာပေါင်းများစွာ ဖြတ်သန်းတော်မူခဲ့ပြီးဝဇ္ဇီတိုင်းသူ၊ပြည်သားတွေကို တရားဓမ္မဟော ကြားတော်မူခဲ့ကြောင်း တွေ့ကြရတယ်။

ဓမ္မ၊ ၀ိနယ နဲ့ ပတ်သက်ပြီး အခြေအတင်အငြင်းပွားမူကြောင့် ဗုဒ္ဓမြတ်စွာကို ပါရိလေယျက တောအုပ်မှာတစ်ပါးတည်းသီတင်းသုံး နေထိုင်တော်မူအောင်ဖြစ်စေခဲ့တဲ့ရဟန်းတော်ရာပေါင်းများစွာဟာ ကောသမ္ဗီက ဖြစ်ပြီး၊ ကောသမ္ဗီဟာ ၀ံသတိုင်းရဲ့ မြို့တော် ဖြစ်တယ်။ ပိဋကတ်တော်မှာ အလွန်အရေးပါတဲ့ သုတ္တံဒေသနာတွေဖြစ်တဲ့ ‘‘မဟာသတိပဋ္ဌာနသုတ်နဲ့ မဟာနိဒါနသုတ်’’ တွေကို ဟောကြားခဲ့ရာဒေသဟာ ကမ္မာသဓမ္မ နိဂုံးရွာကြီးဖြစ်ပြီး၊ အဲဒီ ရွာဟာ ကုရုတိုင်းမှာ တည်ရှိခဲ့တယ်။

ဗုဒ္ဓ၀ါဒရဲ့ လွှမ်းမိုးမူအောက်မှာ တည်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက နောက်ထပ်တိုင်းနိုင်ငံတစ်ခုကတော့ အ၀န္တိတိုင်း ဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရား အကျဉ်းအားဖြင့်ဟောကြားတော်မူတဲ့ တရားဒေသနာတော်တွေကို အကျယ်ရှင်းပြရာမှာ အသာဆုံး၊ အမြတ်ဆုံး အဖြစ် ချီးမြှောက်ခြင်းခံခဲ့ရတဲ့ ရှင်မဟာကစ္စာယန မထေရ်ရဲ့ ဇာတိဟာ အ၀န္တိတိုင်းဖြစ်ပါတယ်။ မထုရာမြို့ဟာ အ၀န္တိတိုင်းရဲ့ မြို့တော်ဖြစ်ပြီး ဗုဒ္ဓရှင်တော်ကိုယ်တိုင်ကြွရောက်တော်မူခဲ့ကြောင်း တွေ့ကြရတယ်။ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီး မကြာ ခင် ကာလတစ်ခုမှာ ရှင်မဟာကစ္စာယန မထေရ်မြတ်က မထုရာဘုရင်ကို ဟောကြားတော်မူခဲ့တဲ့ မဓုရာ သုတ်တော်ကို မဇ္ဈိမ နိကာယ်မှာ တွေ့နိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့ ဘုရားသက်တမ်းတစ်လျှောက်လုံး တရားဓမ္မတော်တွေ မနေမနား ဟောကြားပြသမူ၊ သပ္ပါယ်တော်မူတဲ့ ရုပ်ဆင်းအင်္ဂါတော်၊ နက်နဲတဲ့တရားဓမ္မတော်တွေကို နားလည်အောင်ဟောပြနိုင်စွမ်းနဲ့ လူအများနှစ်သက်လက်ခံဖွယ်ကောင်းတဲ့ သင်ကြားဟောပြမူဂုဏ် ရည် တော်တွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ အလျင်အမြန် ပြန့်ပွားထွန်းကားခဲ့ခြင်းရဲ့ အဓိကအကြောင်းတ ရားများဖြစ်ခဲ့တယ်။ဗုဒ္ဓမြတ်စွာဟာ ကိုယ်တော်မြတ်ရဲ့ တရားဓမ္မတွေကို လူပေါင်းများစွာထံရောက် ရှိပြန့်နှံ့စေချင်ခဲ့မယ်လို့ ယူဆရပါတယ်။

ဒါကြောင့် မို့ သူ့ရဲ့ တပည့်သာဝကတွေကို တရားဓမ္မဟောကြားဖို့အတွက် တိုင်းပြည် ဒေသအသီးသီးကို စေလွှတ်ခဲ့တာဖြစ်တယ်။ ပထမဆုံးအကြိမ် တပည့်သာဝက ရဟန္တာမထေရ် အပါး (၆၀) ပေါ်ထွန်းခဲ့တဲ့အခါတုန်းက ဗုဒ္ဓမြတ်စွာဟာ ဒီ တပည့်ရဟန်းတော် တွေကို လူ၊ နတ်များစွာ အကျိုးစီးပွားဖြစ်ထွန်းစေအောင် လမ်းခရီးတစ်ခုမှာ နှစ်ပါးမသွားဘဲ တရားဓမ္မဟောကြားတော်မူကြဖို့တိုက်တွန်းစေလွှတ်တော်မူကြောင်း ပိဋကတ်တော်မှာ တွေ့ကြရတယ်။

ဗုဒ္ဓမြတ်စွာရဲ့ တပည့်သာဝက ရဟန္တာမထေရ်မြတ်တွေ အားလုံးဟာလည်း မိမိတို့ကိုယ်တိုင် ရဟန္တာဖြစ်တော် မူပြီးတာနဲ့ သာမာန်လူတွေကြားမှာ သီတင်းသုံးနေထိုင်တော်မူပြီး ဗုဒ္ဓ၀ါ ဒ ပြန့်ပွားထွန်းကားဖို့အတွက် အများကြီးဆောင်ရွက်တော်မူခဲ့ကြတယ်။

ဘိက္ခု ကေသရ
ref: Popularization of Buddhism in India by Prof.Dr. Kapila
Abhayawansa
Posted by bhikkhukesara

No comments:

Post a Comment