Search This Blog

Wednesday, January 18, 2017

ညောင်ရမ်းခေတ်မှ ထင်ရှားသော အဖြစ်အပျက်များ


ဆယ့်သုံးနှစ်သား ငထင်

အင်းဝဘုရင် မဟာဓမ္မရာဇာ မည်သော အနောက်ဘက်လွန် မင်းတရားသည် ၉၇၀ တွင် ပြည်မြို့ကို တိုက်ခိုက်ရာ မြို့ပေါက်လျှင် ပြည်ဘုရင်သည် အညံ့မခံသေးဘဲ ရာဇပလ္လင် ထက်မှနေ၍ ခုခံ၏။ မကြာမီ အားမတန်၍ ပြည်ဘုရင်နှင့်တကွ မှူးမတ် ၊ ရဲမက်တို့ လက်နက်ချ၍ အညံ့ခံရလေသည်။

ထိုအခါ ဘယဂါမဏိ၏တူ ပြည်ဘုရင်၏ ကျွန် အသက် ၁၃ နှစ်သာရှိလျှင် ငထင် ဆိုသော သူငယ်သည်ကား ကျေးဇူးသစ္စာသိစွာဖြင့် " သေရလျှင် ငါ့အရှင်ရာဇပလ္လင်ရင်းတွင် သေပေစေတော့ ၊ ငါ့အရှင်ကို ငါသေမှသာ ထိပါးရမည် " ဟူ၍ ရန်သူတို့ကို ဓားတစ်ဖက်တစ်စင်းနှင့် ဆက်လက် ခုခံနေလေသည်။

ထိုအခါမှ ဦးရီးတော် ဘယဂါမဏိက " ဟယ် ငထင် ၊ လူပျိုလူရွယ် ပီလှပေသည်။ သို့ရာတွင် မြို့ပျက်၍ တစ်မြို့လုံး သူ့လက်တွင်း ရောက်နေလေပြီ ၊ နင် တစ်ယောက်တည်း ခုခံ၍ ဖြစ်နိုင်မည်လော ၊ လက်နက်ချ၍ အညံ့ခံပေတော့ " ဟု ဟစ်၍ဆိုမှ " သူ့ဆန်စား၍ ရဲရတော့သည် " ဟု ဆို၍ လက်နက်ချလေသည်။
" သူ့ဆန်စား ရဲမှ " ဆိုသော စကားပုံသည် ဤကစ၍ ဖြစ်ဟန်ရှိသည်။ ဤသို့ ပြည်မြို့ကို ရပြီးနောက် မင်းနှင့်တကွ အလိုရှိသူတို့ကို အင်းဝသို့ ယူဆောင်လေသည်တွင် ငထင်လည်း ပါလာလေသည်။ မိမိ၏ အရှင် အပါးတွင်ပင် သေလွန်သည့်တိုင်အောင် ခစားနေရ၍ အင်းဝမင်းက လူကောင်းလူမွန်ဟု ယုံကြည်တော်မူသဖြင့် ဆက်လက် ချီးမြှောက် ထားလေသည်။

အင်းဝသို့ရောက်စက အင်းဝမင်းက " ငါသည် ပြည်မြို့ကို သိမ်းရာမှာ ရှင်တစ်ဆူ ၊ လူတစ်ယောက်သာ ရတော်မူသည် " ဟု မိန့်တော်မူသည်။ ရှင်တစ်ဆူကား ' တိပိဋက လင်္ကာရ တောင်ဖီလာကျော်ပုဂ္ဂိုလ် ' ကို ဆိုလိုသည်။ လူတစ်ယောက်ကား ဤ ' ငထင် ' ကို ဆိုလိုသည်။

အနောက်ဘက်လွန်မင်း နတ်ရွာစံပြီးနောက် ညီတော် သာလွန်မင်း လက်ထက်သို့ ရောက်သော် ၎င်းငထင်သည် များစွာ ချီးမြှောက်ခြင်းကို ခံရပြန်၏။ ' နန္ဒယော်ဓာ ' ဘွဲ့ကို ပေးပြီးနောက် ဝန်ကြီးပင် ခန့်တော်မူသည်။

နန်းတက်စက " ငထင်မှာ ' မဟာတရဖျား ' ဘွဲ့ကို ခံစေ " ဟု အမိန့်တော် ရှိသည်ကို " ကျွန်တော်ထက် အမှုထမ်း သာလွန် ရင့်မာ သူတို့သည် ငထင်ငယ်ကို ဘွဲ့ကြီး ပေးလေသည်ဟု ဝမ်းနည်းရန် ရှိပါသည်။ ငယ်မည်နှင့်ပင် အမှုတော်ကို ထမ်းပါမည် " ဟု မိမိကိုယ်ကို နှိမ့်ချ၍ လျှောက်လေသည်။
ရွှေနန်းတော်သို့ အခစားဝင်လျှင် အိမ်က တစ်ကြိမ် ၊ နန်းမြို့တံခါးတွင် တစ်ကြိမ် ၊ နန်းတော်လှေခါးဝတွင် တစ်ကြိမ် ဤသို့ သုံးကြိမ် မိမိ၏အရှင်ကို မပြတ် ရှိခိုးလေ့ရှိသည်။

အရည်အချင်း ရှိသူတို့ကို ပဏ္ဏာကြေးငွေမယူဘဲ “ သူကောင်းပြုတော်မူပါ " ဟု လျှောက်ပေးလေ့ရှိသည်။ ပညာရှိတို့ကို ခေါ်၍ နှီးနှောပြောဆိုပြီးလျှင် ဆုလာဘ်ကြေးငွေ အထည်အလိပ် ရက်ရက်ရောရော ပေးလေ့ရှိသည်။
ဤငထင်အား ဝန်ကြီး ခန့်တော်မူစဉ်က " နန္ဒယောဓာလည်း ပြည်မြို့ကို ရလျှင် ပြည်စားပျက်သည် တိုင်အောင် အတူမြဲသည်နှင့် နောင်တော်မင်းတရားသည် အတွင်းတွင် စေတော်မူသည်ဖြစ်၍ အကြောင်းမျိုးကို တွေ့မြင်သိမီ အဝါးဝသည်။ ကျေးဇူးသစ္စာတော်စောင့်သည်။ ငါယုံမှတ်တော်မူ၍ ဝန်ကြီး ခန့်တော်မူသည် " ဟု အမိန့်တော်ပြန်တမ်းတွင် ရှိလေသတည်း။

သာလွန်မင်းတရားကြီး

ချွေတာတတ်ခြင်း ၊ သနားတတ်ခြင်း

တစ်ရံသောအခါ အင်းဝ သာလွန်မင်းတရားကြီး (၉၉၁ - ၁၀၁၀) သည် စစ်ကိုင်းဘက်သို့ ဆင်စီး၍ ထွက်တော်မူရာ သူဆင်းရဲမ တစ်ယောက်သည် ထမင်းရည်ငှဲ့သည်တွင် လမ်းပေါ်သို့ ထမင်းရည် စီးလာသည်ကို တွေ့သည်နှင့် သူဆင်းရဲမကို ခေါ်ပြီးသော် " သည်ထမင်းရည်ကို ဆားခတ်ပြီးလျှင် ထမင်း မကျက်ခင် အဆာပြေ သာသမီးများကို လည်းကောင်း ၊ အိမ်တွင် ကျွေးမွေးထားသော ခွေး ၊ ဝက် များကိုလည်းကောင်း ကျွေးမွေးနိုင်သည် မဟုတ်ပါလော။ အစဉ်းအစား မရှိ ၊ အနှမြော မရှိ ၊ အလဟဿ ထုတ်ပစ်ရမည်လော " ဟု ကိုယ်တော်တိုင် ဒဏ်ဆယ်ချက် ရိုက်တော်မူသည်။

ပြီးမှ ငွေ ၃၀ သနားတော်မူခဲ့သည်။ တစ်ခါလည်း သမီးတော်သည် ခါသာပိတ်အင်္ကျီကို ဝတ်လျက် ညစ်ပတ်သောတိုင်ကို မှီ၍ထိုင်နေသည်ကို မြင်တော်မူလျှင် " နင်သည် ကောင်းမှန်းဆိုးမှန်း မသိ ၊ အဝတ်အစားကိုလည်း ရိုသေခြင်း မရှိ ၊ ထို့ပြင် အင်္ကျီမှာ ဆင်းရဲသားများ ထံမှရသော အခွန်တော်နှင့် ဝယ်ရသည်။ နင်တို့က အဆင်အခြင်မရှိ ထိုင်ကာဖြုန်းနေလျှင် တော်ရော့သလား " ဟု ပရိတ်သတ် အလယ်တွင် ဆိုမည်တော်မူ၍ သုံးရက်တိတိ သမီးတော်ကို စကားမပြော မခေါ်ဘဲ နေတော်မူသော ဟူ၏။

အလွန်ရိုးရှာသော သာလွန်မင်းတရားကြီး

သာလွန်မင်း၏ သားတော် အမြင့်မြို့စား ရှင်တရုတ်က ခမည်းတော်နှင့်အတူ အိပ်စက်လိုပါသည်ဟု လျှောက်ရာ မင်းကြီးက " သင်တို့ မဟာသွေး မင်းညီမင်းသား ဆိုသည်မှာ သားသမီးပင် ဖြစ်သော်လည်း မယုံရ ၊ သို့ကြောင့် စကားစမည်ပြောရင်း အိပ်လိုလျှင် ငါ့နောင်တော်၏သား မင်းရဲအောင်ထင် နှင့်ပင် အိပ်ချေ " ဟု မိန့်တော်မူသည်။
သို့အတိုင်း အိပ်သောအခါ မင်းရဲအောင်ထင် မှေးမှေးရှိစဉ် ရုတ်တရက် ကထ၍ ဓားနှင့်ခုတ်လျှင် " ဟယ် " ဆို၍ လက်ဝဲလက်ဖြင့် ကာလိုက်ရာ လက်အကြားကို ဓားထိ ၊ ဆေးဝါးထည့်ပြီးမှ ဘုရင့်ရှေ့တွင် အမှုရင်ဆိုင်ကြရ၏။

ထိုအခါ မင်းရဲအောင်ထင်က မကျေမချမ်းနှင့် " နင်သည် မိမဆုံးမ ၊ ဖမဆုံးမ သား ဖြစ်သည် " စသည်ဖြင့် ဆဲရေးလေလျှင် သာလွန် မင်းတရားကြီးက " ငါသည် သူ့ကို ဆုံးမပါသည်။ မဆုံးမသည် မဟုတ်ပါ။ ငါ့သား ဤကဲ့သို့ ကြံစည်မည်ကို ငါမသိရ၍ မင်းရဲအောင်ထင်နှင့် အအိပ်ခိုင်းမိပါသည်။ ငါက အခုတ်မခိုင်းပါ ၊ သင်းအကြံကို မသိရိုးမှန်ပါသည်။ သိပါချေသော် မဟာသမ္မတ မင်းတို့ ထားအပ်သော ကမ္ဘာ့တန်ဆာ သစ္စာကျမ်းအတိုင်း ရောက်ပါစေ " ဟု ကျိန်ဆိုပြီးလျှင် မင်းရဲအောင်ထင်ကို ကျေရာကျေကြောင်း တောင်းပန်သော ဟူ၏။

သာလွန်မင်းလက်ထက် ကောင်းကင်၌ တည်သည်ဆိုသော ဘုရားဆင်းတု
သာလွန်မင်းလက်ထက် လူအချို့တို့သည် သံကို ဘုရားဆင်းတု လုပ်၍ အထက်မျက်နှာကြက်တွင် သံလိုက်ကျောက်ကို ထားပြီးကာ ဘုရားမဏိတော်နှင့် မျက်နှာကြက်ကို ထိထားသော် အထက်တွင် ကပ်၍နေလေ၏။ မြို့သူမြို့သားတို့လည်း ဆင်းတုတော် ကောင်းကင်ဝယ် တည်သည်ဟု အုတ်အုတ်ကျက်ကျက် ပူဇော်ကြ၏။

ထိုအကြောင်းကို မင်းကြီး ကြားသော် တောင်ဖီလာ ဆရာတော်ကို " စုံစမ်းတော်မူပါ " ဟု လျှောက်၏။ ဆရာတော်လည်း သေချာစွာ စုံစမ်းကြည့်ရှုသော် သံဆင်းတုနှင့် သံလိုက်ကျောက်ကို ဆင်ခြင်မိ၍ ဆင်းတုတော်၏ ဦးခေါင်းတော် အထက်က ယပ်ဖြင့် ဆီးကာလျှင် ဆင်းတုတော် အောက်သို့ ပြုတ်ကျလေ၏။ ဤအခါမှ လူတို့ လှည့်စားကြောင်း သိရလေ၏။

ရဲရင့်သော ဆင်းရဲသား
သာလွန်မင်းတရားကြီး လက်ထက် ဗညားကျန်းတောမှာ ဝန်ကြီးဖြစ်၍ တစ်ခါသော် စစ်ကိုင်းဘက် မန်ကျည်းတောသို့ ရောက်ရှိရာ မန်ကျည်းရွက်နုချိန်လည်း ဖြစ်သဖြင့် ဆင်းရဲသားများ အပင်ပေါ်ကိုတက်၍ မန်ကျည်းရွက်နု ခူးနေကြသည်ကို တွေ့ရ၏။ ဤလူစု၌ ရဲရင့်သူများ ပါတန်ရာ၏ဟု စုံစမ်းလိုသဖြင့် မိမိ၏ နောက်ပါ ရဲသားများအား " ရိုက်နှက်၍ချ " ဟု အမိန့်ပေး၏။ ကြားရုံနှင့် အချို့ပြေးကြ၏။ အနည်းငယ် ကျန်ရစ်သည်တွင် နောက်ထပ်၍ " လှံနှင့်ထိုး သေနတ်နှင့်ပစ် " စသည်ဖြင့် အမိန့်ပေးရာ ကြောက်လန့်ကြ၍ အားလုံး ဆင်းပြေးကြလေ၏။

သို့ရာတွင် တစ်ယောက်သော်ကား ကျန်ရစ်၏။ ဤတစ်ယောက်ကား ဤဝန်ကြီးသည် ငါတို့ ဆင်းရဲသားများကို မတရား ပြုလုပ်သည်။ ဤ မတရားသူ၏ စကားကို ငါ နားမထောင် ၊ သတ်သော် သေပေစေ့ဟု မဆင်းဘဲ ရဲရင့်စွာ နေလေ၏။
ထိုအခါ ဝန်ကြီးက " အသင် ဆင်းရဲသား ၊ အဘယ်ကြောင့် မဆင်းသနည်း ၊ သေမည်ကို မကြောက်သလော " ဟုမေး၏။ " အရှင် ဝန်ကြီးမင်းကို တိုင်းရေးပြည်မှု ကြည့်ရှုရန်သာ ဘုရင်က ခန့်ထားပါသည်။ မန်ကျည်းရွက် ခူးစားရရှာသော ဆင်းရဲသားများကို ညှဉ်းဆဲရန် မဟုတ်ပါ ၊ ယခု အရှင်ဝန်ကြီးမင်း ပြုလုပ်ပုံမှာ တရားသည် မထင်ပါ ၊ သို့ကြောင့် နားမထောင်ဘဲ အသက်အသေခံတော့မည်ဟု မဆင်းဘဲ နေပါသည် " ဟု ပြန်လျှောက်၏။

ဝန်ကြီးလည်း ပြုံးရယ်၍ " ငါသည် သင်တို့၏ အရည်အချင်း သတ္တိကို စုံစမ်းခြင်းမျှသာ ဖြစ်သည်။ သင်ကဲ့သို့ အရည်အချင်း သတ္တိနှင့် ပြည့်စုံသူသည် အချည်းအနှီး မဖြစ်ကောင်း " ဟုဆိုပြီးလျှင် ဆုလာဘ် အဝတ်အစားပေး၍ ချီးမြှောက် သူကောင်းပြုလေသည်။
ဗညားကျန်းတော၏ သဘောထား

ဝန်ကြီး ဗညားကျန်းတောတွင် သားနှစ်ယောက် ရှိ၏။ တစ်ခါသော် ဗညားကျန်းတော မရှိခိုက် သားနှစ်ယောက်ကို လွှတ်တော်က ခေါ်၍ ဘွဲ့အမည် ပေးနှင့်၏။ အဘ ပြန်လာ၍ ဝမ်းမြောက်ဝမ်းသာ ပြန်ပြောကြသော် ဗညားကျန်းတော မနှစ်သက်လေ။ " သင်တို့ ဘွဲ့အမည် ရထိုက်အောင် တစ်စုံတစ်ခုမျှ မပြုရသေး ၊ သင်တို့ အမှုထမ်း၍ ခွေးတစ်ကောင်ကိုမျှ မရနိုင်သေးချေ ၊ မတန်ဘဲနှင့် ယူခြင်းသည် ရှက်ဖွယ် ဖြစ်သည်။ သင်တို့က ဤကဲ့သို့ ဘွဲ့အမည်ယူလျှင် အကယ်ဆောင်ရွက်၍ ထိုက်တန်သူတို့မှာ အဘယ်ဘွဲ့အမည်ကို ယူရမည်နည်း ၊ မတန်သည်ကို မလိုချင်နှင့် ၊ ပြန်၍ပေးပေ " ဟု ဆိုလေသည်။

သားများလည်း ဘွဲ့ကို ပြန်၍ ပေးလိုက်ရလေသတည်း။

ဗညားကျန်းတောနှင့် ဆီသည်မ

တစ်ရံခါသော် သာလွန်မင်းသည် အလွန် ကြမ်းတမ်းခက်ထန်သော ဆင်ကိုစီး၍ ထွက်တော်မူရာ ဗညားကျန်းတောအား ဆင်ကို မောင်းနှင်စေ၏။ ကျောက် ၊ အုတ် ၊ ခလုတ် ကြမ်းတမ်းသော လမ်းတွင် မောင်းနှင်၍ အတန်ကြာလျှင် ဗညားကျန်းတောသည် ချွန်းချက်ကို သိလေ၏။
ယင်းသို့မှ ဆင်ကို အပြင်းအားသွင်၍ မောင်းနှင်လေရာ လမ်းအနီးတွင် ဈေးတောင်းနှင့် ဆီရောင်းနေသော ဆီသည်မကို ထိခိုက်အံ့ ဆဲဆဲတွင် အလျင်အမြန် ချွန်းသတ် ရပ်တန့်ပြီးမှ " ကံကောင်းလို့ဟဲ့ ၊ ငါချွန်းချက်ပိုင်၍သာ နင့်ကို မနင်းမိသည် " ဟု ဗညားကျန်းတောက ဆိုသည်ကို ထက်မြက် ဖျတ်လတ်သော ဆီသည်မက " အိုလေ့ ကျွမ်းရာ ကျင်လည်ကြတာပါပဲ " ဟု ပြန်၍ ဆိုလိုက်လေ၏။
ဗညားကျန်းတောသည် ထိုမိန်းမကို မှတ်သားခဲ့၍ ကိစ္စပြီးသောအခါ သွားရောက် အထက်စကားကို စုံစမ်းလေ၏။ ဆီသည်မလည်း မိမိဆိုသော စကားကို မြဲမြံစေလျက် ဝန်ကြီးအား ဆီဘူးပေါက်အတွင်းသို့ ဆီလောင်းသွင်းစေသည်တွင် မဖြစ်နိုင် မတတ်နိုင် ရှိသောအခါမှ " အရှင် ကြည့်ပါလော့ " ဆို၍ ဆီမှုတ်ကို ဝင့်မြှောက်ကာ သေသပ်ကျန ကောင်းမွန်စွာ သွန်းလောင်း၍ ပြလိုက်လေ၏။ ဝန်ကြီး ဗညားကျန်းတော လည်း ခေါင်းကို အခါခါညိတ်ပြီး ကျေနပ်ကျေငြိမ်း၍ ပြန်သွားလေသတည်း။
ဝတ္တရားကျေပွန်သော တံခါးမှူး
တစ်ခါသော် ဝန်ကြီး ဗညားကျန်းတောသည် စစ်ကိုင်းတွင် ညဉ့်နက်အောင်နေပြီးမှ အင်းဝ မာရ်အောင်တံခါးသို့လာ၍ " ဝန်ကြီး စစ်ကိုင်းက ရောက်လာသည် ၊ တံခါးဖွင့်ပါ " ဟု လူတစ်ယောက်ကို အပြင်က ဆိုစေ၏။
တံခါးမှူးက " သန်းခေါင် ဝန်ကြီးကို ငါ့မတွေ့ဖူးချေ ၊ အချိန်မဲ့ဝင်လိုလျှင် မြို့ဝန်ထံမှာ စာခံ၍ ပြန်လှည့်ပါ " ဟု ဆို၏။ ဗညားကျန်းတောလည်း " ငါ ဝန်ကြီးရောက်လာသည်ကို နင် အဘယ်ကြောင့် တံခါးမဖွင့်သနည်း " ဟု ဆိုပြန်လျှင် တံခါးမှူးက " ထွက်၍သွားစဉ်က ငါ ဘယ်အချိန် ပြန်ရောက်မည်ဟု အမှာအထားလည်း မရှိ ၊ သို့မဟုတ် စောစောက တင်ကြိုလူလွှတ်၍လည်း အပြောအဆို မရှိ ၊ ဝန်ကြီးအင်္ဂါနှင့် မညီ ၊ ဝန်ကြီးယောင်ဆောင် ဝင်သော် အကျိုးမယုတ်လော ၊ မဖွင့်နိုင် " ဟု ရဲဝံ့စွာ ဆိုလေ၏။

ဗညားကျန်းတောလည်း အောင်ထွန်းတံခါးက လှည့်၍ ဝန်ရလေ၏။ နံနက်ကျသော် မာရ်အောင် တံခါမှူးကို ခေါ်၍ ချီးမွမ်း ဆုလာဘ် ပေးတော်မူ၏။ အောင်ထွန်းတံခါးမှူးကိုကား အပြစ်တင်တော်မူ၏။

ဟံသာဝတီပါမင်း
၁၁၁၃ ခုတွင် မွန်များ တက်၍ တိုက်ခိုက်သဖြင့် အင်းဝ ပျက်လေ၏။ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံ ဟံသာဝတီပါမင်း ကိုလည်း မိဖုရား အခြွေအရံ ၊ လက်နက် ၊ ဆင်မြင်း ၊ ပစ္စည်းဘဏ္ဍာပါ သိမ်းကျုံး၍ ဖမ်းယူသွားလေ၏။ သုံးနှစ်ခန့် သုံ့ပန်းအဖြစ်ဖြင့် ထားပြီးမှ မြန်မာဘုရင်သည် မသင့်သောအကြံကို ကြံသည်ဟု ဘုရင်နှင့်တကွ မိဖုရားခေါင်ကြီး အချို့သော သားတော် သမီးတော်တို့ကိုပါ ပဲခူးချောင်း စည်တီးအရပ်၌ ရေတွင်ချ၍ သတ်လေသတည်း။

ဤသို့မသေရမီတွင် ဟံသာဝတီမင်းသည် ပညာမဲ့သော သူများကဲ့သို့ ချောက်ချားခြင်း မရှိဘဲ အနိစ္စသဘောတရား ၊ ဘုရားဂုဏ်တော် ကျေးဇူးကို အထူးအောက်မေ့တော် မူကြောင်းကို နောင်လာနောက်သားတို့ သိကြစေရန် အောက်ပါပိုဒ်စုံ ရတုကို ရေးဆို ခဲ့လေသတည်း။

(၁) ပုဂ္ဂိုလ်ခြောက်မည် ၊ သန္ဓေတည်သား ၊ ဤသည် ပရိတ် ၊ ရှစ်ဆယ်စိတ်တွင် ၊ ခု - တိထီ - နောင်လျဉ် ၊ သံယောဇဉ်လည်း ၊ အယဉ်စီစီ ၊ တိထီသာခန်း ၊ ပျော်မမြန်းခဲ့ ၊ တစ်ဆန်းကျူးလွန် ၊ ဘုံသုံးတန်တွင် ၊ နှိုင်းရန်တူကြောင်း ၊ ရွေးချယ်ပေါင်းသော် ၊ သောင်းကလွှတ်ခွာ ၊ ရာကားကင်းဝေး ၊ ကိုးယောက်ရှေးလျှင် ၊ ရှင်ထွေးလှခေါင် ၊ လှတန်ဆောင်သည် ၊ ရှင်အောင်ကိုသာ လွမ်းမိခဲ့။
(၂) ထုတ်ဆိုဆောက်တည် ၊ ခန်ငါးမည်လည်း ၊ အတည်မမြဲ ၊လွင်ဆင်းရဲစွ ၊ စိုးကဲမသာ ၊ ဤကာယာမူ ၊ ဖန်ရာဆင်ခြင် ၊ ဌီသို့သင်လည်း ၊ တင်သာမရောက် ။ တစ်ထောက် တက်တက် ၊ တစ်သက်သက်တည့် ၊ မွန်းချက်ဦးတင် ၊ သုံးခွင်မိုက်မှောင် ။ လေးမည်ရောင်လည်း ၊ ရာထောင်ဆကာ ၊ မနှုန်းသာသား ၊ ဝိဇ္ဇာယှက်မြှေး ၊ ထိုသည့်ဘေးကြောင့် ၊ တုန်အေးသည်းတွင်း ၊ ခြင်ဆီချဉ်းမျှ ၊ ပျံ့သင်းမရွှင် ၊ ရှိသည်ပင်ကို ၊ နှောင်းမြင်ငြိမ့်ရွှန်း ၊ လှတုကျွန်းသား ၊ သုံးခန်းခေတ္တ ၊ စံတိုင်းပသည် ၊ ရှင်ယျကိုသာ တမ်းမိခဲ့။
(၃) နှုတ်ချိုလျှောက်မည် ၊ ကြံမိသည်ကြောင့် ၊ ရွှေပြည်ဘုံစွန် ။ နိဗ္ဗာန်ကိုပင် ၊ မလိုချင်သေး ၊ ရှင်ထွေးလှလွန်း ၊ လှတံခွန်း၏ ၊ ကျူးလွန်ချိုသာ ၊ ဩဇာရွှေခွန်း ၊ ကြိုင်ကြိုင်မွှန်းကို ၊ ဦးစွန်းထိပ်ပြင် ၊ ကောင်းစွာဆင်၍ ၊ ရွှေရင်တော်ငွေ့ ၊ လှုံရ၍လျှင် ၊ မမေ့ရလို ၊ ဆက်တိုင်ကိုယ်ဟု ၊ တဆိုလျှောက်မည် ၊ ကြံမိသည်ကြောင့် ၊ ရွှေရည်ဦးသစ် ၊ စံသော်ညစ်လိမ့် ၊ တင်ပြစ်ကင်းဝေး ၊ ကိုးယောက်ရှေးလျှင် ၊ ရှင်ထွေးလှခေါင် ၊ လှရှင်အောင်ကို ၊ ရည်ဆောင်လွန်ကျူး ၊ မရွှင်မြူးသည် ၊ ရှင်ဦးကိုသာ ရမ်းမိခဲ့။

( ဤရတုမှာအတန် နက်နဲ သိမ်မွေ့လေသည်။ လူငယ်များ နားလည်ရန် ခက်ခဲ၏။ ဤသံသရာ လောကကြီး၌ မကောင်းမှု ပွားများနေ၍ ကုသိုလ်ကောင်းမှု များစွာ မပြုလုပ်ခဲ့ရ။ နိဗ္ဗာန် မရောက်သေးသမျှ ဆင်းရဲဒုက္ခ ရောက်ကြရမည့် အကြောင်းကို နောင်ပွင့်မည့် အရိမေတ္တယျဘုရားအား လျှောက်ထား အားကိုးလိုကြောင်း တိုင်တန်းတသခြင်း ဖြစ်သည်။ ဤမျှသာ အကြမ်းအားဖြင့် နားလည်ရာ၏။)

Posted by မင်းအရိပ်

No comments:

Post a Comment