Search This Blog

Wednesday, January 18, 2017

ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး စလေရုပ်စုံကျောင်း


ကုန်းဘောင်ခေတ်ရဲ့နောက်ဆုံး စလေရုပ်စုံကျောင်း

(၅၅၀) ပဏ္ဍာသ နိပါတ်က ဥမ္မာဒန္တီဇာတ်ကို စလေဆရာ ထုလုပ်ထားပုံက ကကြိုးတန်ဆာနဲ့ ဆင်ပေါ်မှာ သိဝိမင်းကြီးက ညာခြေပေါ်မှာ ညာလက်ထောက်၊ ဘယ်လက်က ပါးကိုထောက်ပြီး ဘေးကဆင်ဦးစီးကပါ ဆင်ဦးကင်းပေါ်မှာ လက်နှစ်ဘက်ကိုပူး ဆေးလိပ်ကိုညှပ်လျက်၊ ခန္ဓာကိုယ်ကို ကိုင်းချပြီး သူပါလိုက်မျောနေပုံနဲ့ပို့ဆောင်ထားပါတယ်၊

အဲဒီလိုခန္တာကိုယ်တစ်ခုလုံးငေးနေတဲ့ ဆင်ထိန်းနဲ့ သိဝိမင်းတို့ရဲ့ မျက်နှာအကြည့်တွေကဒီပန်းပုရုပ်လုံးတွေ ကို ရပ်ကြည့်မယ့် လူတွေရဲ့နေရာလောက်မှာရှိတဲ့ ဥမ္မာဒန္တီဆီကို ပို့ထားတဲ့ ဒါရိုက်ရှင်တွေက အဲဒီဇာတ်ကွက်တွေကိုကြည့်နေတဲ့ ကိုယ်တိုင်ပါ ယောင်ယမ်းပြီး ကိုယ့်ဘေးမှာ ဥမ္မာဒန္တီများရှိနေရော့သလား ရှာကြည့်မိမှာအမှန်ပဲ၊

ဆင်ပေါ်မှာ မျက်နှာဖွင့်အမြင် အနေအထားမှာ ဘုရင်ရော၊ဆင်ဦးစီးရောပါမြင်ရအောင် ဖွဲ့ စည်းတည်ဆောက်ထုလုပ်ထားပုံက အချိုးအစားကျနလွန်းလှပြီး ဆင်ပေါ်ကလူနှစ်ယောက်ကို ရှေ့နောက်ထပ်ထားတာမဟုတ်ပဲ ယိမ်းပြီးထုလုပ်ထားတာဖြစ်တယ်၊ အံ့သြလို့ နောက်ကနေဝင်ပြီးကြည့်မှ ဆင်ပေါ်မှာ နောက်ထပ်ထီးမိုးတဲ့ သူငယ်တစ်ယောက်ပါနေသေးတယ်၊ဆင်ထိမ်းတဲ့ကြိုးနဲ့ ခါးကိုသိုင်းထားပြီး ဆင်ရဲ့ တင်ပါးပေါ်က နောက်ဆုံးအပိုင်းမှာ ခပ်လျောလျောအနေအထားနဲ့ ဘုရင်ကို ထီးမိုးပေးထားတဲ့ ထီးတော်မိုးလေးဖြစ်တယ်။

ထီးတော်မိုး အပါအ၀င် လူ(၃)ယောက်ကို အချိုးအစားမျှတအောင်တင်ပြီး ထုလုပ်သွားပုံကသစ်သားတုံးကိုကြည့်ပြီး စိတ်ကူးထဲကနေ ခံစားဆုံးဖြတ်ကာ အနှုတ်ဖြစ်တဲ့ သစ်သားပန်းပုထဲမှာ တင်ပြပုံ၊အချိုးအစားကျနမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတို့မှာ ထိပ်တန်းလက်ရာဖြစ်ကြောင်း သက်သေခံနေပါတယ်၊

သိဝိမင်းကို ညာဖက် ခပ်ယိမ်းယိမ်း၊ ဆင်ဦးစီးကို ဘယ်ဖက်ခပ်ယိမ်းယိမ်းကနေ ထုလုပ်ပြီး ဥမ္မာဒန္တီကို အာရုံစိုက်မှုအတွက် ဦးတည်ထားချက်က အတူတူကျအောင် ထုလုပ်ထားခြင်းဖြစ်ပါတယ်။ဆင်ရဲ့နောက်ပိုင်းက ဘုရင်ကိုထီးမိုးပေးနေတဲ့ ထီးတော်မိုးက ခန္ဓာကိုယ်ကို ခါးထိန်းကြိုးနဲ့ သိုင်းထားပြီး ကျောနောက်ကနေ ထီးတိုင်ရဲ့ဖင်ကို ညာလက်နှင့် ထိန်းထားလျက်က ခန္ဓာကိုယ်ရောစိတ်ကပါ မိုးနေတဲ့ ထီးဆီကို အာရုံပို့ထားပါတယ်၊

အမှန်တော့ ထီးတော်မိုးလေးကို အလွယ်မြင်နိုင်ပေမယ့် ကျော်သွားကြမှာကလည်း အသေအချာပါပဲ၊ပန်းပုရုပ်ကို တတ်ဆင်ထားတဲ့ နေရာကိုပါတွက်ပြီး ထုလုပ်ထားတာ ထောင့်ကွေးလေးထဲကိုရောက်နေတဲ့ ဆင်ရဲ့အမြီးပိုင်းမှာပါ၊ ထီတော်မိုးကို ခါးကနေ ဆင်သိုင်းကြိုးနဲ့ သိုင်းထားပြီး ထီးရိုးကို ကျောရဲ့နောက်မှထားကာ ညာဖက်လက်က လက်နောက်ပြန် အနေအထားနဲ့ ထီးကိုထိမ်းထားပေးရင်း ဘယ်ဖက်လက်ကစလို့  ဒါရိုက်ရှင်ကို ထီးရိုးအတိုင်း ထီးရွက်ဆီသို့ အကြည့်ရော အာရုံပါပို့ဆောင် ထားပုံက သူ့တစ်ယောက်ထဲ ကြည့်မယ်ဆိုရင် ယောင်ယောင်ရမ်းရမ်းနဲ့ ညာလက်ကို ကျောနောက်ကိုပို့ပြီး ခန္တာကိုယ်ကို ယို့ကြိုးကာ ၄၅ဒီဂရီအစောင်းလောက်ဆီကို ကိုယ်တိုင် ဒါရိုက်ရှင်ရောက်သွားဦးမှာမည်သူမျှမလွဲနိုင်ပါ၊

အဲဒါမြန်မာတို့ ရဲ့ ထင်ရှားပိုင်နိုင်လှတဲ့ ပန်းပုရုပ်တွေမှာ အကြည့်ဦးတည်ချက်ကို ဗဟိုဟန်ချက်ယူပြီး ဖန်တီးလေ့ရှိတဲ့ သဘာဝပဲဖြစ်ပါတယ်၊မြန်မာတို့ ရဲ့ နည်းဟန်နဲ့ စနစ်တွေဟာ သီးခြားကိုယ်ပိုင်ဟန်ရှိခဲ့ကြပါတယ်၊ ဥပမာ ဘုရားဆင်းတုရုပ်ပွားများအတွက် ပန်းပု၊ ပန်းတော့ဆိုင်ရာတွေမှာ မိသားစုအလိုက်၊ မျိုးနွယ်စုအလိုက်ထားခဲ့ကြတဲ့ စနစ်တွေရှိရာမှာ ဆယ်ဆံချည်၊တစ်နှမ်းစေ့၊ ဆယ်နှမ်းစေ့ တစ်ရွေးစေ့လို့ဆိုတဲ့ အတိုင်းအတာကို ဒီအတိုင်းရွတ်ဖတ်နေလို့ရှိရင်ခေတ်ကမ္ဘာက ရယ်နေမှာပေါ့လို့ ဆိုပါလိမ့်မယ်။

အဲဒါတွေက တစ်ကယ်လက်တွေ့ မလုပ်ဖူးတဲ့သူတွေအတွက် ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တော့ပါ၊ လက်တွေ့လုပ်ကိုင်မှသာ အသက် ဝင်မယ့် စနစ်တွေဖြစ်နေလို့ပါပဲ။ လုပ်ကိုင်နေရင်းမှသာ အော် ဘယ်ဆယ်နှမ်းစေ့ဆိုတာသိပဟဲ့၊ ဘယ်အချိန်မှာ ဆယ်နှမ်းစေ့ပြည့်ပြီး ရွေးစေ့တစ်စေ့စာဖြစ်သွားတာပဲ လို့ ဆောက်ကိုကိုင်ရင်း ကိုယ့်သစ်သားတုံးထဲက သစ်သားစလေးလွင့်သွားတာ မြင်ရခိုက်မှာ အနှုတ်ရဲ့သဘောကိုဆင်ခြင်မိလိုက်တဲ့ သကာလမှာသော်လည်းကောင်း၊

သံလျက်ကလေးဆကာ ဆကာ ထုံး၊သဲ၊ ဥသျှစ်ဖျော်ထားတဲ့ မဆလာဖတ်လေးကို ဘတ်ကနဲကပ်ထည့်လိုက်ပြီး ရုပ်ပွားတော်ရဲ့ ရင်ဘတ် မောက်တက်လာတာကိုမြင်ရခိုက် အပေါင်းရဲ့သဘောကို ဆင်ခြင်မိလိုက်တဲ့ သမယမှာ သော်လည်းကောင်း ဆယ်နှမ်းစေ့ ပမာဏဟာ ဘယ်လိုဆိုဒ်နဲ့ ဘယ်လိုရွေးစေ့ ပုံစံတစ်စေ့စာ ပြည့်ခဲ့ပြီလို့ နည်းပညာရော အတတ်ပညာကို၊အနုပညာနဲ့ပေါင်းပြီး တစ်ပြိုင်နက်ထဲ နှလုံးသားကိုပါအသိပေးခဲ့လို့ ပုဂံတစ်ခေတ်လုံးက ရုပ်ပွားတော်တွေရဲ့နှုတ်ခမ်း၊ မျက်ခုံး၊ လက်ဖျားလေးတွေ ကော့ညွှတ်ခဲ့ရပြီးပြည့်ဝတဲ့ကြာပန်းတွေက ငန့်လင့်စွာ ပွင့်ဖူးခဲ့ကြခြင်းဟာ နောက်ဆုံးမင်းနေပြည်တော်ရဲ့ ခေတ်ရောက်သည်ထိ

ကုန်းဘောင်၊ အမရပူရ၊ ရတနာပုံခေတ်က ပြုံးယောင်သမ်းနေတဲ့နှုတ်ခမ်းတော်နဲ့ ရင်ဘတ်တော်ကိုဖိဟန်ရောက်ရုံလေးတင်ထားတဲ့ လက်တော်အဘယမုဒြာနဲ့ အင်္ဂတေရုပ်ပွားတော်က အခုပဲသောကတွေငြှိမ်းပေးတော့မလို၊ သင်္ကန်းစလေး လေတိုးလို့ လှုပ်နေသယောင်လှိုင်းကလေးများနဲ့ ရပ်တော်မူစကျင်ကိုယ်တော်လေးက အခုပဲ ကိုယ့်အပါး နှစ်လမ်း သုံးဖုဝါးနဲ့ ကြွမြန်းလာပြီး တရားရေအေးတိုက်ကျွေးတော့မယောင်၊ မင်းကွန်းမြသိန်းတန်စေတီက ရေလှိုင်းတွေက တကယ်ပဲ သီတာခုနစ်တန်စီးဆင်းနေသလိုပါပဲ တွေထိတိုင်ခဲ့တာဟာမြန်မာတို့ ရဲ့ ကိုယ်ပိုင်ဟန်နဲ့ လျောက်လှမ်းခဲ့ကြတဲ့ လမ်းပါ။

အဲဒီနောက်
- ၁၈၈၂ ခုနှစ်မှာစတင်တည်ဆောက်ပြီး ၁၈၈၅ ပါတော်မူပြီး ခေတ်ဆိုးခေတ်ပျက်ထဲမှာ ဆရာ၊ဒကာ၊ သာသနာ အတွဲကတောင့်ခံကာ နောက် ရှစ်နှစ်အကြာမှာ ပန်းပုရုပ်လုံးတွေတတ်ဆင်နိုင်ခဲ့ပြီး ရေစက်ချနိုင်ခဲ့တဲ့ ရတနာပုံခေတ်ထွက်သက်ထဲက အလွန်တရာ ထွန်းလင်းတောက်ပပါသော နောက်ဆုံးမီးလျံကြီးလို့ တင်စားလိုတဲ့ စလေရုပ်စုံကျောင်း၊စလေရုပ်စုံကျောင်းနောက် (၁၀) နှစ်အကြာ ပခုက္ကူရွှေဂူကြီးဘုရားတံကဲတော်ကြီး ထုလုပ်ခဲ့တဲ့ ဆရာကံကြီးနဲ့ မောင်တေတို့ သစ်သားတစ်တုံးထဲမှာ ပန်း(၈)ထပ်နဲ့ ထုလုပ်ခဲ့ကြတာအထိ ၁၂လက်မ ၁ပေနည်းနဲ့ သွားခဲ့ကြတာမဟုတ်ပဲမြန်မာ့နည်းမြန်မာ့ဟန်နဲ့ အစူအစဉ်အတိုင်းလျောက်လှမ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလိုလျောက်လှမ်းခဲ့ကြပြီး လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ဆိုတဲ့နည်းနဲ့ လာခဲ့ကြတဲ့ မြန်မာတွေရဲ့ ပုံစံထဲကနောက်ဆုံးတောက်ခဲ့ တဲ့မီးလျံကြီးဖြစ်တဲ့ စလေရုပ်စုံကျောင်းဟာပါတော်မူခြင်းဆိုတဲ့ ကာလမှာ စိတ်အခြေနေကောင်းစွာနဲ့ ဆယ်နှစ်ကြာတောင့်ခံပြီး တည်ဆောက်ခဲ့တဲ့အပြင်မင်းတုန်းမင်းနဲ့ စိန်တုံးမိဘုရားတို့က ကျောင်းဆောက်လုပ်လှုဒါန်းခဲ့တဲ့ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့ နဲ့ ပြည့်စုံတဲ့ သုဓမ္မာဂိုဏ်းထောက် ဆရာတော်ဦးဂုဏကို အင်္ဂလိပ်မြို့ပြ အုပ်ချုပ်ရေးအစမှာ ဆရာတော်တောရဆောက်တည်တဲ့ အနီးမှာဖြစ်ပွားတဲ့ မုဒိန်းမှုတစ်ခုမှာ သက်ဆိုင်ခြင်းအလျငိးမရှိပါပဲ သက်သေအဖြစ်ဆင့်ခေါ်စစ်ခဲ့ရာ တစ်နယ်လုံး တုန်လှုပ်ခြောက်ချားခဲ့ရပြီး အမှုစစ်ဆေးပြီးတဲ့ညမှာပဲ ဆရာတော်ဦးဂုဏဟာတပည့်ဒကာများနဲ့ စလေတစ်နယ်လုံးအပါအဝင် လက်စမသတ်ရသေးတဲ့ကျောင်းတော်ကြီးကိုပါ စွန့်ခွာပြီးထွက်ခွာသွားပါတော့တယ်၊

ဒီကာလ၊ ဒေသ၊ ပယောဂနောက်ခံက ကျောင်းတော်ကြီးကို ရိုက်ခတ်ပါလိမ့်မယ်၊ဒါ့ကြောင့် နောက်ဆုံး လက်စသတ်ပြီး ပန်းပုရုပ်များကိုတတ်ဆင်တဲ့ ပန်းပုပညာရှင်ဟာ မနိုင်၍ခံရသော တစ်ပါးကျွန်လက်အောက်ဘဝမှာ စလေရုပ်စုံကျောင်းတော်ကြီးကို အပြီးသတ်ပန်းပုရုပ်များတတ်ဆင်ပြီး
ဒါမြန်မာပဲလို့ စလေဆရာ ထွန်းညှိလိုက်တဲ့ မီးတောက်မီးလျံကြီးလို့ပဲ ကျွန်တော်သတ်မှတ်ပါတယ်။

နည်းပညာရော၊ အနုပညာပါ လက်ကုန်ဖွင့်လို့ စိတ်အခြေအနေကို ကောင်းစွာဆောက်တည်ဆောက်ပြီး နှလုံးသားပါထည့်သွင်းပြီးထုလုပ်ခဲ့တယ်ဆိုတာ စလေရုပ်စုံကျောင်းတော်ကြီးကို မြင်ရတဲ့အခိုက်မှာ အားလုံးနားလည်ပါလိမ့်မယ်၊ အဲဒီရုပ်စုံတွေထဲက စောစောကပြောခဲ့တဲ့ ဥမ္မာဒန္တီ ဇာတ်ရုပ်က ထီးတော်မိုးလေးရဲ့ ထီးကိုင်ပုံဟန်ကို ခေတ်အဆက်ဆက်မြန်မာမှုနယ်ပယ်မှာ ဘယ်မှာမှမတွေ့ဖူးပါ၊

အရုပ်တွေရဲ့ အကြည့်ဦးတည်ချက်နဲ့ ဟန်ချက်ကို ထိမ်းပြီး ထုလုပ်သွားတဲ့ စလေဆရာက ဟန်ချက်ဗဟိုကိုရှာပြီးမှ ထုလုပ်ရာမှာ ထိပ်တန်းပညာရှင်ပါ၊ ဆင်ရုပ်ရဲ့ ခန္တာကိုယ်ဟာ ဘယ်လိုနည်းနဲ့မှ လူ(၃)ယောက်ကိုတင်ပြီးထုလုပ်လို့ မဖြစ်နိုင်တဲ့ အနေအထားပါ၊ ဘုရင်၊ ဆင်ဦးစီး၊ ထီးတော်မိုးတို့ကို ကြိုက်တဲ့ ရှုထောင့်ကကြည့်ပါ ဆင်ပေါ်မှာ အချိုးညီမျှတစွာ ရှိနေတာကိုတွေ့ ရပါလိမ့်မယ်၊

ဒါပေမယ့် တစ်ဦးချင်းဆီဟာ ဆင်ရဲ့ခန္တာကိုယ်ပေါ်ကနေ ယိမ်းခွာပြီးထုလုပ်ထားခြင်း ဖြစ်နေပါတယ်၊ ထီးတော်မိုးရဲ့လက်ကို နောက်ပစ်ပြီး ထီးရိုးကိုကိုင်ထားတဲ့ဟန်က အဲဒီလိုဖွဲ့စည်းတည်ဆောက်ဖို့နေရာရှာ ဟန်ချက်ရှာ ရကနေ ပေါက်ဖွားရရှိလာတဲ့ စလေဆရာရဲ့ကိုယ်ပိုင်ဟန်ပဲ ဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိတော့ပါ၊

လွန်ကျူးစွာ အကဲဖြတ်ရပါမူ ရှေ့ကဖြစ်ပျက်နေတဲ့ ဥမ္မာဒန္တီနဲ့သိဝိမင်းကြီးသာမက၊ စလေရုပ်စုံအားလုံးသာမက၁၈၉၂ ပတ်ဝန်းကျင်အဖြစ် အပျက်အားလုံးကိုပါ မသက်ဆိုင် မသိမမြင်တော့ပဲ ထီးရွက် ဗဟိုချက်ဆီတစ်ခုကိုပဲ အာရုံပို့လွှတ်ထားတဲ့ စလေရုပ်စုံကျောင်းရဲ့ ပန်းပုဆရာကိုယ်တိုင် ပါပဲလို့ ပြောပါမယ်။

ဟုတ်ပါပြီ၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း ခေတ်အဆက်ဆက်မှာ မတွေ့ ရှိခဲ့တဲ့ လက်ကိုနောက်ပစ်ပြီး ထီးရိုးကိုကျောပေါ်ကနေကျော်ကာ ထီးမိုးတဲ့ဟန်ကို စလေဆရာက ကုန်းဘောင်နောက်ဆုံးအချိန်မှာ ထုလုပ်ခဲ့ပြီး နှစ်တစ်ရာကျော်ကြာတဲ့အခါ ရုပ်စုံကျောင်းထောင့်ကွေးက သိဝိမင်းဆင်တင်ပါး အောက်ကိုလျောကြကာစ နေရာလေးမှာ ခါးကိုကြိုးသိုင်းထားပြီးဘယ်သူ့ကိုမှမကြည့်တဲ့ ထီးတော်မိုးရဲ့  ဟန်ကိုပြထားခဲ့ပါတယ်။

မျိုးဆွေသန်း
Posted by Hnin Shwe Sin

No comments:

Post a Comment