Search This Blog

Wednesday, January 18, 2017

နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်


နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်

သက္ကရာဇ် ၉၀၇ ခုတွင် အင်းဝ၌ ရှမ်းလူမျိုး မိုးဗြဲနရပတိ အုပ်စိုးလျက်ရှိစဉ် (မြန်မာ) စည်သူကျော်ထင်သည် စစ်ကိုင်းက အခြေပြု၍ အင်းဝကို လုပ်ကြံမည် စီမံလျက်ရှိ၏။ ဤစစ်ကိုင်း စည်သူကျော်ထင်ကို (ရှမ်း) မိုးညှင်း စလုံက ဆင်မြင်း ၊ စစ်သည် ပေး၍ အင်းဝကိုရရန် ကူညီလျက် ရှိ၏။

ဤအတောအတွင်း မိုးဗြဲနရတိသည် စစ်ကိုင်း စည်သူကျော်ထင်ကို ရန်သူအမှတ် ထားသော်လည်း ချစ်ယောင်ပြု၍ ဆက်ဆက်သွယ်သွယ် ပြုလေ့ရှိ၏။

(က)သဘောထား မြင့်မြတ်ခြင်း
တစ်ခါ၌ မိုးဗြဲနရပတိက မုနောလင်ပန်းနှင့် စားတော်ပြင်၍ စည်သူကျော်ထင်ထံ ပို့လိုက်၏။ ထိုပို့လာသော ထမင်းကို " မစားသင့်ပါ " ဟု လျှောက်ကြလျှင် စည်သူကျော်ထင်က " ပြည်ထောင်မင်းတို့ သဘောသည် စစ်မက်တိုက်ရာမှာ တစ်ကိစ္စ ၊ ချစ်ခြင်းမေတ္တာမှာ တစ်ကိစ္စ တခြားစီ ဖြစ်သည်။ တိုက်ခါမှ တိုက်ရမည် ၊ ရန်သူဟူ၍ မှတ်ရမည်လော ၊ မစားနေ၍ မသင့် " ဟု ဆိုပြီးလျှင် ယုံမှားမရှိ စားတော်ခေါ်၏။
(ခ)မြင့်မြတ်ကြင်နာခြင်း
တစ်ခါ၌လည်း မိုးဗြဲနရပတိက ကူး၍ တိုက်လာသည်ကို ကောင်းစွာ စီမံခုခံပြီးလျှင် မိမိ၏ စစ်ဗိုလ်စစ်သားများကို ဤသို့ မှာတော်မူ၏။ " စစ်မက်ဖြစ်ပွားရာ၌ သူနှင့်နီးလည်း သူ့ကျွန်ဖြစ်၍ သူ့အမှုကို ထမ်းရသည်။ ငါနှင့်နီးလည်း ငါ့ကျွန်ဖြစ်၍ ငါ့အမှုကို ထမ်းကြ ရသည်။ သူ့ကျွန်ကိုရလျှင် သေအောင်မပြုပါနှင့် " ဟု မှာတော်မူ၏။

၎င်းပြင် စစ်ပွဲတွင် ရလိုက်သော ထိခိုက်ရှနာသည့် အင်းဝစစ်သည်များကိုလည်း စာရင်းမှတ်သား၍ ကောင်းစွာ ကျွေးမွေးပြုစု ဆေးဝါးကုသခြင်းကို ပြု၏။ အနာပျောက်လျှင် " သားမယားထံ ပြန်လေတော့ " ဟု အင်းဝသို့ချည်း ကူးရ၏။
ဤအကြောင်းများကို ကူညီနေသော မိုးညှင်းစလုံ ကြားသော် အမျက်ထွက်၍ အမြန်လာရောက်ကာ ဤသို့ဆို၏။ " ရှေးက အသက်သွင်းတတ်သော လုလင် တစ်ယောက်သည် ကျားသေကို အသက်သွင်း၍ ရှင်လျှင် လုလင်ကိုပင် ပြန်၍ ကိုက်သတ်သည်နှင့် တူ၏ " ဟု ဆို၏။

စစ်ကိုင်းစည်သူကျော်ထင် ကလည်း ဤသို့ ဆို၏။ " ရှေးက သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သင်္ခဗောဓိမင်းသည် ကျည်းကုလားတို့ လာရောက်တိုက်သည်ကို ပြည်သူတို့ ချမ်းသာစေလို၍ ခုခံခြင်းမပြုဘဲ တစ်ဦးတည်း တောသို့ ထွက်ခဲ့၏။ သုံးရက် စားတော်မခေါ်ရ ရှိရာ လယ်သမား တစ်ယောက်ထံမှ ထမင်းထုပ်ကို တောင်း၍ စားရ၏။ ကျေးဇူးဆပ်လိုသဖြင့် " ငါ့ခေါင်းကိုဖြတ်၍ ကျည်းမင်းအား ဆက်လေ ၊ ဆုလာဘ်များစွာ ရလိမ့်မည် " ဟု ဆို၏။ လယ်သမားက မဖြတ်လိုပါ ဆိုလျှင် ဓိဋ္ဌာန်၍ ဦးခေါင်းကို အလိုလို ပြတ်စေ၏။ ဤတွင်မှ လယ်သမား သည် ဦးခေါင်းကို ဆက်၍ ဆုလာဘ်များစွာ ရလေသည်။ ယခုလည်း သွေးသောက်၏ ကျေးဇူးကြီးလှ၏။ နိဗ္ဗာန်မတိုင်မီ ဆပ်သော်လည်း ကုန်နိုင်မည် မဟုတ် ၊ လူဆိုး လူသွမ်းတို့၏ စကားကို မယုံပါနှင့် ၊ ယုံလျှင်သွေးသောက်မှာသာ မကောင်းမှု ပွားတော့မည် " ဟုဆို၏။
ထိုအခါ မိုးညှင်းစလုံက " သွေးသောက်၏ စိတ်ထားကို သိလို၍သာ စုံစမ်းပါသည်။ ယခု သိရပြီ " ဆို၍ မိုးညှင်းသို့ ပြန်ခဲ့လေ၏။
ဤသို့ အသိမ်းအပိုက် ကောင်းခြင်းကြောင့် မကြာမီပင် စစ်ကိုင်းစည်သူကျော်ထင် ဗိုလ်ပါများလာလေ၏။ မိုးဗြဲနရပတိလည်း မခံဝံ့၍ ပြည်မင်းသို့ ခိုလေ၏။ ထိုအခါ စည်သူကျော်ထင်သည် အင်းဝနန်းကို နရပတိ ဟူသောအမည်နှင့် ၉၁၃ ခုတွင် တက်လေသည်။

(ဂ)ဖြောင့်မှန်တော်မူခြင်း
တစ်ရံသောအခါ စစ်ကိုင်းအရပ်၌ မိန်းမငယ်တစ်ယောက်သည် ရက်ကန်းစင်တွင်း တူးရာတွင် စဉ့်အိုးနှင့် ရွှေငါးပိဿာ ရသည်ကို မင်းကြီးအား ဆက်သရန်ဟု ယူခဲ့၏။
မင်းကြီးကား ' ဥဒေတယံ ' ဂါထာကို နံနက် တစ်ထောင် ၊ ' အပေဘယံ ' ဂါထာကို ညဉ့်တစ်ထောင် ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိ၏။ ဤမိန်းမငယ် ဆက်လာခိုက်တွင် ဥဒေတယံ ဂါထာကို ရွတ်ဆဲ မပြီး ဖြစ်သေးသောကြောင့် မှူးမတ်တို့ မလျှောက်ဝံ့ နေကြရ၏။ အတန်ကြာမှ ဝန်ကြီးတို့က " မိန်းမငယ် စောင့်သည်လည်း ကြာပြီ ၊ မစောင့်နှင့်တော့ ၊ ရွှေတစ်ဝက်ကို မင်းဘဏ္ဍာအရာထား၍ တစ်ဝက်ကို ယူလေ " ဟု ပေးလျှင် မိန်းမငယ်လည်း ဝမ်းမြောက်ဝမ်းသာယူ၍ သွားလေ၏။
မင်းကြီး ဂါထာရွတ်ပြီးမှ မှူးမတ်တို့က အကြောင်းစုံလျှောက်၍ ရွှေကို ဆက်၏။ မင်းကြီးကား " အစ်ကိုတို့သည် ယောက်ျားကောင်း ဟု ရွှေမြို့တော်ပတ်လည်တွင် တစ်နေ့ကို တွင်းတစ်ထောင် တူးသော်လည်း ရွှေအိုးရမည် မဟုတ် ၊ သူ၏ ဘုန်းကံကြောင့် ရပါလေသည်။ တစ်ဝက်ကို မသိမ်းယူသင့် ၊ အလုံးစုံပေးစေ " ဟု မိန့်တော်မူ၏။ မိန်းမငယ်လည်း ရွှေအားလုံးကို ရလေသတည်း။

တူသောအချက်

ဘုရင် ဘကြီးတော်လက်ထက် (၁၁၈၁ - ၁၁၉၉) ကိုးခရိုင်နယ်က ပိန်းကောသမားတစ်ယောက် ထိုးဝါးနှင့် ထိုးမိ၍ ငွေအိုးရသည်ကို လည်းကောင်း ၊ ရွှေမြို့တော်တွင် လူတစ်ယောက် အိမ်တိုင်ထူရာ ငွေအိုးရသည်ကို လည်းကောင်း ၊ စစ်ကိုင်းတွင် သူဆင်းရဲတစ်ယောက် ငွေကျင်မည်တူးရာ ငွေအိုးရသည်ကို လည်းကောင်း ဆိုင်ရာဝန်တို့က သိမ်းယူ၍ ဘဏ္ဍာတော်အဖြစ် ဆက်သည်ကို ထိုက်၍သာ ရခြင်း ဖြစ်သည်ဟု လက်မခံဘဲ ရရင်းသူတို့အား အလုံးစုံပြန်၍ ပေးသနားတော်မူသည်။
ဆင်ဆင်တူသောအချက်
အင်းဝ ပထမ မင်းခေါင်လက်ထက် (၇၆၃ - ၇၈၃) မြင်းမူရွာ သူဌေးသည် သေဆုံးခါနီး၌ ပစ္စည်းအရပ်ရပ်တို့ကို သားမြေးတို့အား ဝေငှပြီးနောက် ရွှေဆယ်ပတ်နှင့် ငွေပိဿာ တစ်ထောင်ထိုက်သော ပတ္တမြားကို မင်းဖို့ဟူ၍ ထားခဲ့၏။
" ထိုသူဌေး၏ ပစ္စည်းကို ၎င်း၏ သားမြေးဆွေမျိုးတို့သာ ရကောင်းသည် ၊ အမွေစား မရှိမှ မင်းဘဏ္ဍာ ဖြစ် သင့်သည် ၊ ငါမယူလို ၊ အမွေစားတို့အား ပေးစေ " ဟု မိန့်တော်မူ၏။
ထိုအခါ အမွေစားတို့က " ရွှေကို မလိုသော် ပတ္တမြားကို သိမ်းတော်မူပါ " ဟု လျှောက်ကြပြန်၏။ " မယူလို " ဟု မိန့်တော် မူပြန်၍ " အမွေနှင့် မဆက်စပ်ပါ ၊ လက်ဆောင်တော် ဆက်ပါသည် " ဟု လျှောက်ကြမှ လက်ခံတော်မူ၏။

(ဃ)စိတ်ထားနူးညံ့ သည်းခံတော်မူခြင်း

တစ်ရံခါ၌ နရပတိ၏ မိဖုရားကြီးသည် မင်းကြီး၏ စိတ်တော်ကို စမ်းလို၍ ဆန်တစ်ပြည်တွင် စပါးတစ်စ လယ် ရော၍ ချက်ပြီးလျှင် စားတော်တည်လေ၏။
နရပတိလည်း စားတော်ကိုမြင်လျှင် " စပါးလုံး များလှသည် " ဟူ၍သာ သာမည မိန့်ဆို၍ ရွေးဖယ်ကာ စားတော်ခေါ်၏။ ထိုအခါ မိဖုရားကြီးက " စားတော်သည် တို့သည် အလွန် ပေါ့လျော့လေသည်။ နာကျင်လောက်အောင် ကွပ်မျက်တော်မူမည် " ဟု တိုင်ပင်လေသော် မင်းကြီးက " ကျွန်တို့မည်သည်မှာ အရှင်ကို မျက်နှာရအောင် ပြုလိုသည်သာတည်း ၊ မလိုတမာ ပြုကြမည် မဟုတ် ၊ စင်ကြယ်စွာ တီးပြာ၍ ထားသော ဆန်သည် စပါးထားသည်နှင့် နီးသဖြင့် ကျေးငှက်ကြက်တို့ ယက်၍ ဝင်မှန်းမသိ ဝင်သည်သာ ဖြစ်ပါလိမ့်မည်။ အပြစ်မပြုပါနှင့် " ဟု တောင်းပန်သော ဟူ၏။

ဤသို့ မြတ်သောနှလုံးနှင့် ပြည့်စုံသည်ဖြစ်၍ မှူးမတ်ပြည်သူ ရှင် လူ ရဟန်း တို့သည် " သက်တော်ရှည်၍ ဘုန်းတော်ကြီးပါစေ " ဟု မြတ်သောဆုတောင်း ဆုယူ ပြုကြလေကုန်သတည်း။

အစွယ်သုံးချောင်းနှင့် ဆင်နှစ်ကောင်
အင်းဝတွင် ၉၁၃ ခု၌ နန်းတက်သော နရပတိမင်း လက်ထက် အဗြဲပိုက် နှင့် ကိုးသန်းပြု ကို ရခိုင်သို့ တမန်အဖြစ် စေတော်မူ၏။ ကျန်းမာကြောင်း စသော မေတ္တာစကား ဆိုကြပြီးနောက် ရခိုင်ဘုရင်က အစွယ်သုံးချောင်းရှိသော ဆင်ကို မင်းရင်ပြင်၌ ပြသ၍ " မင်းတို့ အင်းဝဘုရင်တွင် ဤသို့သော ဆင်မျိုး ရှိ၏လော " ဟု မေးတော်မူ၏။
အင်းဝတမန်တော်တို့က " အကျွန်ုပ်တို့သခင်ဝယ် အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ရှိပါသည် " ဟု လျှောက်လေ၏။ ထိုအခါ ရခိုင်ဘုရင်က " ဤသို့ဖြစ်လျှင် ငါ့ထက်ပင် တစ်စီး သာလေသည်တကား " ဟု မိန့်တော်မူ၍ တမန်တော်တို့အား ဆုလာဘ် များစွာ ပေးတော်မူ၏။

တမန်တော်တို့ အင်းဝသို့ ပြန်ရောက်၍ အကြောင်းမျိုးစုံး နှင့်တကွ " အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ရှိကြောင်း " ရခိုင်ဘုရင်အား လျှောက်ခဲ့ပုံတို့ကို လျှောက်လေသော် အင်းဝဘုရင်က " ငါတို့မှာ အစွယ်သုံးချောင်းနှင့်ဆင် မရှိဘဲလျက် မောင်မင်းတို့ အဘယ်ကြောင့် မဟုတ်မမှန် လျှောက်ခဲ့သနည်း " ဟု မေးတော်မူ၏။
ထိုအခါ တမန်တော်တို့က " မှန်ပါ အရှင်မင်းကြီး၏ စွယ်စုံ တစ်စီးနှင့် တည် တစ်စီးကို ပေါင်းကြည့်သော် အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ဖြစ်သည်ကို ရည်၍ လျှောက်ခဲ့ခြင်း ဖြစ်ပါသည် " ဟု လျှောက်လေ၏

မှတ်ချက်
' တည် ' မှာ အစွယ်တစ်ဖက် တစ်ချောင်းသာ ရှိသော ဆင်ကို ခေါ်သည်။ စကားပြောသောအခါ တယ်ဟု ပြောကြသည်။
နရာပတိဘုရင်လည်း အလွန်အားရ နှစ်သက်တော်မူ၍ တမန်တော် နှစ်ယောက်ကို ကျေးရွာ စသည်ပေး၍ ချီးမြှောက်တော် မူလေသည်။

Posted by မင်းအရိပ်