Search This Blog

Wednesday, January 18, 2017

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ၃


ယုံကြည်မူလွန်ကဲခဲ့တဲ့ စာဟမာနက တပ်တွေဟာ ပိုပြီး စနစ်ကျတဲ့ မိုဟာမဒ်တပ်တွေရဲ့ ဒဏ်ကို မခံနိုင်ဘဲ သူတို့ရဲ့မြို့တော် အဂျယမေရုထိ ဆုတ်ခွာခဲ့ရတယ်။ ဒီလို ဆုတ်ခွာတဲ့အခါ အိန္ဒိယမြောက်ပိုင်းလွင်ပြင်ရဲ့ အရှေ့ ဘက်ဆုတ်ခွာရာ လမ်းတစ်လျှောက် စစ်မျက်နှာဟာ အခုခံမရှိ ပွင့်ဟသွားခဲ့ရ တယ်။ နောက်နှစ်မှာဘဲ မိုဟာမဒ်ဟာ ဗရာဏသီနဲ့ ကာညကုဗ်ဂ်ျ ပါဝင်နေတဲ့ ဂါဟဋ၀ါလ ကိုတိုက်ဖို့ သူ့ရဲ့တပ်တွေကို စေလွှတ်ခဲ့တယ်။ အဲဒီ တပ်တွေဟာ အောင်ပွဲ ဆင်ခဲ့ပြီး ဗရာဏသီဟာ လုယက်ဖျက်ဆီးခံခဲ့ရသလို ဘုရားကျောင်း ထောင်ချီလည်း ဖြိုဖျက်ခံခဲ့ရတယ်။

ဘုရားကျောင်းတွေ နေရာ မှာ ဗလီပေါင်းများစွာဆောက်လုပ်ခဲ့တယ်။ ဗရာဏသီရဲ့ အလွန်မှာ ယခင်က ပါလ မင်းဆက်အုပ်စိုးခဲ့တဲ့ နယ်မြေရှိနေတယ်။ သို့သော်လည်း ပါလမင်းဆက်ဟာ အေဒီ ၁၁၆၂ မှာ မြေရှင်မင်း ဆက်ဖြစ်တဲ့ သေနမင်းဆက်ရဲ့ ပုန်ကန်မူကြောင့် နိုင်ငံ ငယ်တွေ အဖြစ် အစိတ်စိတ်ကွဲသွားခဲ့ပါတယ်။ သေနမင်းဆက်ကလည်း တောင့်တင်းခိုင်မာတဲ့ နိုင်ငံတစ်ခု အဖြစ်မရပ်တည်နိုင်ခဲ့ဘူး။ (၁၃) ရာစု အတွင်း ဒီနယ်မြေမှာ ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတော့ အသေချာမပြောနိုင်ဘူး။ သို့ပေမဲ့ သမိုင်းဆရာ တာရာနာထ်ရဲ့ ရေးသားမူအရ ဣရှဝရ(ထာဝရဘုရား၊ရှိဝ သို့မဟုတ် ဗိရှနိုး) ကိုးကွယ်တဲ့ မင်းဆက် (သေနမင်းဆက်ဖြစ်နိုင်တယ်) ဟာ တူရကီတပ်တွေကို မဆန့်ကျင်ခဲ့ဘူးလို့ သိရပါတယ်။ တူရကီတွေဟာ သူတို့ရဲ့ မြေရှင်ဘုရင်ခံတွေထားရှိပြီး အိန္ဒိယအရှေ့ပိုင်းမှာ အင်ပါယာ ချဲ့ထွင်ခဲ့တယ်လို့ ဆိုတယ်။

တူရကီ မှတ်တမ်းတွေအရ စစ်ဗိုလ်ချုပ် ဘက်ခ်တိယာခေါင်းဆောင်တဲ့ ပမာဏမများ တဲ့ မြင်းတပ်တစ်တပ်ဟာ ဘီဟာနဲ့ ဘင်္ဂလားပြည်နယ်ကို ထိုးဖောက် တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြထားလို့ စောစောကအချက်ကို ထောက်ခံနေပါတယ်။ အဲဒီ တူရကီတပ်တွေဟာ ပါလမင်းဆက်အတွင်းကတည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီးတွေကို ရုတ်တရက်ဝင်ရောက်ပြီး မီးရို့ဖျက်ဆီးခဲ့ကြတယ်။ တက္ကသိုလ်တွင်းနေထိုင်သူတွေကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်။ ပြီးတော့ ဥဒ္ဒဏ္ဍပုရ မှာ တပ်စွဲပြီး မိုင်အနည်းငယ် အကွာမှာ တည်ရှိတဲ့ နာလန္ဒာတက္ကသိုလ်ကြီးကို အကြိမ်ကြိမ် စီးနင်းဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြတယ်။ သို့ပေမဲ့ သူတို့ဟာ ထုထည်ကြီးမားပြီး ခိုင်ခံ့ထူထဲတဲ့ တံတိုင်းတွေနဲ့ ဆောက် လုပ်ထားတဲ့ ကျောင်းတိုက်ကြီးနဲ့ ဘုရားကျောင်းကိုတော့ အကြွင်းမ ကျန်အောင် မဖြိုဖျက်နိုင်ခဲ့ဘူး။ သူတို့ အဓိက ဖျက်ဆီးခဲ့တာ ဟာ ပိဋကတ် တိုက်အဆောက်အဦးတွေဖြစ်ခဲ့ပုံရတယ်။

အခြား အလားတူ တက္ကသိုလ်ကြီးတွေကိုလည်း သွားရောက်ဖျက်စီး စေခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓ၀ါဒဆိုင်ရာသာမက လောကီဆိုင်ရာ ကြီးမားတဲ့ ယဉ်ကျေးမှုအမွေနှစ်တွေဖြစ်တဲ့ တက္ကသိုလ်ကြီးတွေဟာ အဲဒီ ခေတ်ကာလမှာဘဲအပြီးတိုင်ပျက်စီးသွားခဲ့ရပါတယ်။ အေဒီ ၁၂၀၆ မှာ ဘက်ခ်တိယာဟာ ကာမရူပ (အာသံ)၊တိဘက်နဲ့ တိဘက် အလွန်မှာရှိတဲ့ တူရကီပိုင်နယ်ကို တိုက်ခိုက်ဖို့အတွက် အစီစဉ်ချပြီး ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ အရှေ့ ဘက်ကို စစ်ချီခဲ့တယ်။ ကာမရူပမှာ သူ့တပ်တွေဟာ အရေးနိမ့်သွားခဲ့ပြီး လုံးဝနီးပါး ချေမှုန်းခံခဲ့ရတယ်။ သူလည်းဘဲ စစ်ပွဲမှာ ကျဆုံးခဲ့တယ်။ တူရကီ စစ်အင်အားအတားအဆီးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသတစ်လျှောက်မှာ ဆက်လက်ရှိနေသေးပါတယ်။ အဲဒီဒေသကို မွတ်စလင်အခြေချနေထိုင်သူများစွာဝင်ရောက်လာခဲ့တယ်။ အထူးသဖြင့် (၁၃) ရာစု အာရှအလယ်ပိုင်း ကို မွန်ဂိုတပ်တွေ ၀င်ရောက်စိုးမိုးတဲ့အခါ အဲဒီ အခြေနေထိုင်သူတွေဟာ အိန္ဒိယတောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ရောက်ရှိလာခဲ့ တယ်။ အဲဒီ ဒေသမှာ အခြေပြုပြီး တူရကီတပ်တွေဟာ အိန္ဒိယတစ်နိုင်ငံလုံးကို သိမ်းပိုက်စိုးမိုးဖို့ ကြိုးစားခဲ့တယ်။ (၁၄) ရာစု ရောက်တဲ့အခါ သီဟိုဠ်ကျွန်းနဲ့ မျက်နှာချင်းဆိုင်က အိန္ဒိယတောင်ဘက် အစွန်းဆုံးထိရောက်ရှိလာခဲ့တယ်။ သို့သော်လည်း ၁၃၃၆ မှာ အိန္ဒိယ ဒေသခံတပ်တွေဟာ တူရကီ စစ်အင်အားတွေကို တန်ပြန်ခုခံနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသတစ် ခုလုံး တစ်စုတစ်စည်းတည်းပါဝင်တဲ့ ၀ိဇယနဂရ နိုင်ငံ ထူထောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေးအားဖြင့် တည်ငြိမ်သွားခဲ့တယ်။သို့ပေမဲ့ မြောက်ပိုင်းက တူရကီတွေကိုတော့ မတိုက်ထုတ်နိုင်ခဲ့ပါဘူး။

တာရာနာထ ရဲ့ရေးသားမူအရ ဗုဒ္ဓဘာသာဝင် စစ်ဘေးရှောင် အများစုဟာ ဗမာပြည်ကိုဖြတ်ပြီး အရှေ့တောင်အာရှနဲ့ တိဘက် ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ အချို့ကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းကို တိမ်းရှောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း က ကလိင်္ဂဟာ (၁၆) ရာစုအထိ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့တယ်။ ပြီးတော့ ၀ိဇယနဂရနဲ့ အခြားဒေသတွေဖြစ်တယ်။ရဟန်းတော်အချို့ကတော့ တက္ကသိုလ်အပျက်စီးတွေကြားမှာ ဆက်လက်နေထိုင်ခဲ့တယ်။ ဥပမာ ၁၂၃၅ မှာ နာလန္ဒာကို သွား ရောက်ခဲ့တဲ့ တိဘက် ခရီးသည်တစ်ဦးဟာ တက္ကသိုလ်အပျက်စီးတွေကြားမှာ စာသင်သား (၇၀) လောက်ကို သက္ကတသဒ္ဒါသင် ကြားနေတဲ့ ရှေးဘုန်းတော်ကြီးတစ်ပါးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ စာသင်သားတွေထဲမှာ ဘုန်းကြီးတစ်ပါး၊ နှစ်ပါးမှာ သာ စာအုပ်ရှိတယ်လို့ ဆိုတယ်။ (တူရကီတပ်တွေ ပိဋကတ်တိုက်ကို ဖျက်ဆီးတုန်းက ရယူလွတ်မြောက်ခဲ့တာဖြစ်မယ်) အဲ ဒီ ခရီးသည်ရောက်ရှိနေတဲ့ အချိန်မှာတောင် ဥဒ္ဒဏ္ဍပုရမှာ ရှိတဲ့ တူရကီတပ်တွေဟာ နာလန္ဒာကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ် လို့ဆိုတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဒီ တက္ကသိုလ်ထဲမှာ ခေါင်းမာစွာ ဆက်လက်နေထိုင်နေတဲ့ ရဟန်းတော်တွေကို သတ်ဖြတ်ဖို့လို့ ယူဆရသလို၊ အပျက်ဆီးတွေကြားထဲမှာ အဖိုးတန်ရတနာပစ္စည်းတွေ မြုပ်နှံ့ထားရှိမယ်လို့ ယူဆပြီး ထပ်မံတူး ဖော်ရှာဖွေဖို့လည်း ဖြစ်နိုင်ပါတယ်။

အဲဒီ ရဟန်းတော်တွေကို ဥဒ္ဒဏ္ဍပုရက သတင်းပေးတစ်ဦးက သတိပေးတဲ့အတွက် ဘေးကင်းရာနေရာတစ်ခုမှာ တိမ်းရှောင်ခဲ့ရကြောင်း ဆိုထားတယ်။ အဲဒီနောက် တူရကီ စစ်သား (၃၀၀) လောက်ဟာတက္ကသိုလ် အပျက်စီးတွေကြား မွှေနှောက်တူးဖော်ရှာဖွေပြီး သူတို့ရဲ့ အခြေစိုက်စခန်းကို ပြန်သွားခဲ့ပါတယ်တဲ့။ သူတို့ပြန်သွားတဲ့အခါ ရဟန်းတော်အချို့ဟာ မီးကျွမ်းနေတဲ့ တက္ကသိုလ်ကြီးဆီကို တဖန်ပြန်လာပြီး နေထိုင်ကြကြောင်းဆိုထားတယ်။ ခရီးသည် တိဘက် ရဟန်းတော်ကတော့ တက္ကသိုလ်ကြီးဆီကို ကျမ်းစာကူးယူဖို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး သူကူးယူလိုတဲ့ ကျမ်းစာတစ် စောင်မှ မတွေ့ခဲ့ရလို့ တခြားဒေသ ကို ဆက်လက်ထွက်ခွာသွားခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်။

ဆိုခဲ့ပြီးဖြစ်တဲ့ တက္ကသိုလ်အပျက်စီးတွေကြားမှာ စာပေသင်ကြားပို့ချတဲ့ မထေရ်ဟာ ရာဟုလာ သီရိဘဒြာဖြစ်တယ်။ အဲဒီ မထေရ် ရဲ့ နောက်မှာ နောက်ထပ် တပည့် လေးဆက်မကရှိပြီး သူတို့ဟာ
နာလန္ဒာမှာ ဆက်လက်နေထိုင်ခဲ့ကြောင်း သမိုင်းဆရာ တာရာ နာထက ရေးသားထားတယ်။ သို့သော်လည်း ဗုဒ္ဓ၀ါဒ ပိဋကတ် သင်ကြားပို့ချမူလုပ်ငန်းကြီးကိုပြန်လည်အသက်သွင်းဖို့ တော့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဘာကြောင့်တုန်းဆိုတော့ အဲဒီ ခေတ်ကာလမှာ တူရကီတပ်တွေဟာ မာဂဓ ကို အုပ်စိုးနေခဲ့ပြီး ဗုဒ္ဓ၀ါဒရဲ့ ဗဟိဒ္ဓ နှလုံးသည်းပွတ်ဟာ ဖျက်ဆီးခံခဲ့ရလို့ ဖြစ်တယ်။

ဗြာဟ္မဏ၀ါဒဟာ အစပိုင်းကာလမှာ အစ်စလာမ်စစ်ဒဏ်ကြောင့် အကျပ်တည်းတွေကြုံခဲ့ပေမဲ့ နောက်ပိုင်းမှာ အားကောင်း ကောင်းနဲ့ တုန်ပြန်ခုခံနိုင်ခဲ့လို့ အိန္ဒိယပြည် မွတ်စလင်အုပ်ချုပ်သူတွေ လက်အောက်က လွတ်မြောက်တဲ့ကာလထိအောင် ပြန် လည်ရှင်သန်ခဲ့ပေမဲ့ ဘာကြောင့် ဗုဒ္ဓ၀ါဒ ဟာ ဒီဘေးဒဏ်ကို အင်အားနဲ့ မခုခံနိုင်ဘဲ ကျဆုံးခဲ့ရသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက် ပြီး မှန်းဆကြည့်ကြရပါ တယ်။ ဗုဒ္ဓ၀ါဒဟာ စကားအရှိအတိုင်းပြောရရင် ဘယ်အခြေနေဖြစ်ဖြစ် အတွေးခေါ်ပိုင်းဆိုင်ရာနဲ့ ငြိမ်းချမ်းရေးဝါဒ ဖြစ်တယ်။ အဲလို ကိုးကွယ်မူဝါဒ ဟာ ‘‘မြင့်မြတ်တဲ့ စစ်ပွဲ’’ ကို အခြေပြုပြီး စစ်အောင်နိုင်တဲ့အခါ စိတ်အားထက် သန်တဲ့ နောက်လိုက်တွေဟာ စစ်အတွင်း တိုက်ခိုက်သိမ်းပိုက် လို့ရရှိလာတဲ့ ကြွယ်ဝမူဆုလဒ်တွေကို အပြစ်ရှိတဲ့ အသုံးဆောင်အ ဖြစ်မယူဆဘဲ၊ မြင့်မြတ်တဲ့ ဆုလဒ်အဖြစ်ယူဆတဲ့ ဆန့်ကျင်ဘက် ဘာသာတရားနဲ့ ရင်ဆိုင်ရတဲ့အခါ အာရှအလယ်ပိုင်းနဲ့ အိန္ဒိယပြည် အနောက်မြောက်ပိုင်းက ဗုဒ္ဓ၀ါဒနိုင်ငံတွေဟာ သူတို့ကိုယ် သူတို့ကာကွယ်ဖို့ စိတ်အားထက်သန်တဲ့ စစ်ရေးစိတ်ဓါတ်နဲ့
စစ်သည်တွေ အထင်အရှားမရှိခဲ့ကြောင်း တွေ့ကြရတယ်။

ဒါဟာ အကြမ်းမဖက်မူ အဆုံးမတရားတော်ရဲ့ အကျိုးဆက် အဖြစ် တွေ့ရခြင်းဖြစ်တယ်။ ဒီ မတိုင်ခင် ခေတ်မှာ ဗုဒ္ဓ၀ါဒဟာ အကြမ်းဖက်မူ စစ်လိုလားတဲ့ လူမျိုးစုတွေကြား (အထူးသဖြင့် ကုရှာဏမျိုးနွယ်စုတွေကြား) ပြန့်နှံ့ရောက်ရှိခဲ့ပြီး လက်ခံကိုးကွယ်တဲ့ လူမျိုးစုတွေကို စစ်နဲ့ စစ်ရဲ့ဖျက်ဆီးမူသဘောဟာ အပြစ်ဖြစ်ကြောင်း ထုတ်ဖော်ဟောကြားခြင်းဖြင့် ယဉ်ကျေးစေခဲ့တယ်။ သို့ပေမဲ့ နောက်ထပ် ထပ်မံဝင်ရောက်လာတဲ့ စစ်ဝါဒီ လူမျိုးစုတွေကတော့ တစ်မျိုးတစ်ဘာ သာဖြစ်တယ်။ သူတို့ဟာ သူတို့ အနိုင်ယူတိုက်ခိုက်ခဲ့တဲ့ စစ်ရူံးသူလူမျိုးစုတွေရဲ့ အယူဝါဒကို လက်ခံရယူနိုင်တဲ့အခြေနေမှာမရှိခဲ့ဘူး။ သူတို့မှာ သူတို့ရဲ့ စစ်အောင်နိုင်မူကို ဘာသာရေးအားဖြင့် မှန်ကန် သင့်မြတ်ကြောင်း နဲ့ စစ်ကို ထပ်မံလှုံဆော်မူပေးတဲ့ ကိုယ်ပိုင်ကိုးကွယ်မူ ဘာသာတရား ရှိနေပြီးဖြစ်တယ်။

ကူရှန်မင်းဆက်တွေဟာ တိုင်းပြည်အတွင်းမှာ နေထိုင်တဲ့ မတူညီတဲ့ လူမျိုးစုတွေကြား ညီညွတ်မျှတမူပိုမိုဖြစ်ပေါ်စေခြင်းနဲ့ ကြီးမားကျယ်ပြန့်တဲ့ အင်ပါယာကြီးတစ်ခုကို သာယာခိုင်မာအောင်တည်ဆောက်ရမယ်ဆိုတဲ့ သဘောတရားကို ဗုဒ္ဓ၀ါဒမှာ တွေ့မြင်ခဲ့ ကြတယ်။ တူရကီတပ်တွေဟာ ဒီလို အင်ပါတစ်ခုကို သာယာဝပြောခိုင်မာအောင် တည်ဆောက်ဖို့ စိတ်ကူးမရှိခဲ့ ဘူး။ (အက္ကာဘာဘုရင်လက်ထက်တိုင်အောင်) ။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အင်ပါယာချဲ့ထွင်ပြီး စစ်အောင်နိုင်ခြင်းဖြင့် ပိုမို များပြားတဲ့ ကြွယ်ဝမူတွေ သိမ်းပိုက်ရရှိဖို့နဲ့ ကျေးကျွန်တွေများစွာပိုင်ဆိုင်ဖို့ အတွက်သာဖြစ်ခဲ့တယ်။

ဗုဒ္ဓ၀ါဒဟာ သူတို့လုပ်ရပ် နဲ့ လူနေမူဘ၀ကို ရူတ်ချခဲ့ပေမဲ့၊ သူတို့ရဲ့ အစ်စလာမ်ဝါဒကတော့ ဘုရားသခင်ရဲ့ အမိန့်တော်အဖြစ် အားပေးချီးမြှောက်မူလုပ် ခဲ့ပြီး ဂုဏ်ယူဝံ့ကြွားဖွယ်အဖြစ်လက်ခံခဲ့တယ်။ ဒီအချက်ဟာ ဗုဒ္ဓ၀ါဒရဲ့ အကျင့်သီလသဘောတရားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတဲ့ စိတ်အားထက်သန်မြတ်နိုးမူကို ဆွဲဆောင်ထားတဲ့ အမှန်စင်စစ် ဗုဒ္ဓ၀ါဒတိုက်ဖျက်ရေး ၀ါဒတစ်ရပ်ဖြစ်ခဲ့တယ်။ အဲဒီ ၀ါဒမှာ အကြမ်းဖက်မူ၊ လုယက်ဖျက်ဆီးမူ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မူနဲ့ ဘာသာအယူဝါဒဆိုင်ရာ အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးမူ လုပ်ရပ်တွေ ပါဝင်နေခဲ့တယ်။ တူရကီတပ်တွေဟာ အကြမ်းဖက်ခြင်းနည်းလမ်းနဲ့ အိန္ဒိယပြည်ကြီးကို သိမ်းပိုက် ခဲ့ပြီး ယဉ်ကျေးမူကြီးကို ဖျက်ဆီးခဲ့တယ်။

ဗြာဟ္မဏ၀ါဒ ဟာ ဗုဒ္ဓ၀ါဒထက်ပိုပြီး အခြေနေ၊ အချိန်ခါနဲ့ ဆီလျော်အောင် ပြောင်းလဲနိုင်စွမ်းရှိခဲ့တယ်။ တူရကီစစ်အတွင်း အိန္ဒိယပြည်မှာ ဗြာဟ္မဏ၀ါဒဟာ ဗုဒ္ဓ၀ါဒထက် ပိုပြီးအားကောင်းစွာရှိနေခဲ့တယ်။ အထူးသဖြင့် အစ်စလာမ်ဝါဒကို အစွမ်းထက်ဆုံး တုန်ပြန်ခုခံခဲ့တဲ့ အိန္ဒိယတောင်ပိုင်းမှာရှိနေခဲ့ တာဖြစ်တယ်။ အေဒီ ပထမ ရာစုနှစ်အတွင်းမှာ ဗြာဟ္မဏ၀ါဒဟာ အထူးသဖြင့် ဗိရှနိုးဝါဒ နဲ့ ရှီ၀၀ါဒ ဟာ အိန္ဒိယက လူထုအကြားမှာ ဗုဒ္ဓ၀ါဒနဲ့ အပြိုင် တဖြည်းဖြည်းအမြစ်တွယ်လာခဲ့တယ်လို့ ခန့်မှန်းကြတယ်။

ဗုဒ္ဓ၀ါဒဟာ ဇာတ်စနစ်ခွဲခြားမူကို ဆန့်ကျင်ထားပြီး အများအတွက်လွတ်လပ်မျှတတဲ့ အများပေါင်းစုအုပ်ချုပ်ပုံစနစ်ကို ထောက်ခံအားပေးထားပေမဲ့ ဗြာဟ္မဏ၀ါဒကတော့ အလယ်ခေတ် မြေရှင်၊ ကံကျွေးချစနစ်နဲ့ ပေါင်းစည်း တည်ဆောက်ထားပြီး ဇာတ်ခွဲ ခြားမူစနစ်ကို ထောက်ခံအားပေးခဲ့တယ်။ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒမှာ အထူးသဖြင့် ဗိရှနိုးဝါဒနဲ့ ရှီဝ ၀ါဒရဲ့ တစ်ဆူတည်းသော ဖန်ဆင်းရှင် ဘုရားသခင်ဝါဒမှာ ဒီလို ဇာတ်အနိမ့်အမြင့်စနစ်ဟာ ပကတိအမှန်တရားတစ်ခုဖြစ်ပြီး သဘာဝအဖြစ်လက်ခံထား တယ်။ လူသားတွေဟာ သူတို့ထက်မြင့်မြတ်တဲ့ ရေမြေရှင်၊ အရှင်သခင်တွေကိုနာခံရသလို၊ လူသားအားလုံးဟာလည်း ဖန်ဆင်းရှင် ဘုရားသခင်ကို နာခံရတယ်။ (၁၂) ရာစုနှစ် အိန္ဒိယပြည်ရဲ့ဒေသအများစုမှာ ၊ အထူးသဖြင့်တောင်ပိုင်းဒေသ မှာ ပုံစံ မျိုးစုံရှိနေခဲ့တဲ့ ဗြာဟ္မဏ၀ါဒဟာ ဗုဒ္ဓ၀ါဒထက် အများကြီးပိုမိုပြီး ကိုးကွယ်မူများတဲ့ ဘာသာတရားအဖြစ်ရှိနေခဲ့တယ်။ အဲဒီ ခေတ်ကာလမှာ ဗုဒ္ဓ၀ါဒဟာ အတွေးခေါ်ပိုင်းဆိုင်ရာ၊ ကျမ်းဂန် သင်ကြားလေ့လာမူမှာ အများကြီး အားပြုနေခဲ့တယ်။

အဲဒီခေတ် က ဗုဒ္ဓ၀ါဒ အစဉ်အလာရဲ့ ဗဟိုချက်ဟာ လူထုကြားမှာထက် တက္ကသိုလ်စာသင်တိုက်ကြီးတွေမှာ ရှိနေခဲ့တယ်။ အဲဒီ တက္ကသိုလ်စာသင်တိုက်ကြီးတွေ ဖျက်ဆီးခံလိုက်ရတဲ့အခါ ဗုဒ္ဓ၀ါဒ အစဉ်လာကြီး ကျိုးပျက်သွားခဲ့ရပါတယ်။ သာမာန်လူ ထုဟာ ဗုဒ္ဓ၀ါဒရဲ့ လေးနက်တဲ့ သဘောတရားတွေကို နားလည်ခဲ့မှာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ အိမ်နီးနားခြင်း ဗိရှနိုးဝါဒီ တွေက ကရ်ရှဏဘုရားနဲ့ ဗိရှနိုးနတ်တွေကို ပူဇော်ကိုးကွယ်မူနဲ့ သူတို့ရဲ့ ဗုဒ္ဓနဲ့ ဗောဓိသတ္တကို ပူဇော်ကိုးကွယ်မူဟာ အများကြီး ကွာခြားတယ်လို့ မြင်ခဲ့မှာ မဟုတ်ဘူး။

ပိဋကတ် ကျမ်းတတ် ရဟန်းတော်တွေရဲ့ လမ်းညွှန်သင်ပြမူမခံယူရတဲ့ ဗုဒ္ဓဘာသာဝင် သာမာန်လူထုဟာ အများကိုးကွယ် ပူဇော်နေတဲ့ ဗြာဟ္မဏ၀ါဒရဲ့ ကိုးကွယ် ယုံကြည်မူတွေနဲ့ ရောထွေးသွား မှာပါဘဲ။ သံကရ ဗြာဟ္မဏနဲ့ ကုမာရိလ ဗြာဟ္မဏတို့လို ဝေဒ ဘာသာရေးခေါင်းဆောင်တွေ ဟာ ဗုဒ္ဓ၀ါဒဘာသာရေး အယူဆတွေကို စကားယှဉ်ပြိုင်အလဲထိုးပြီး ဝေဒ၀ါဒကို ထွန်းကားပြန့်ပွားစေခဲ့ကြောင်း သမိုင်းအစဉ်အလာတွေမှာ တွေ့ရပါတယ်။ ဒီလိုဘဲ အပြန်အလှန်အားဖြင့် ဗုဒ္ဓ၀ါဒဘက်ကလည်း ဓမ္မကိတ္တိမထေရ်ဟာ သံကရနဲ့ ကုမာရိလ တို့ရဲ့ ၀ါဒကို အလဲထိုးချေပခဲ့တယ်။ ဓမ္မကိတ္တိမထေရ် ဟာ ဗြာဟ္မဏနှစ်ဦးနောက်ပေါ်ထွန်းခဲ့တာဖြစ်ပြီး အဲဒီ ဗြာဟ္မဏတွေရဲ့ ဝေဒအယူဆနဲ့ ပတ်သက်ပြီး သူရဲ့ကျမ်း ဂန်တွေမှာ မှားယွင်းကြောင်းဝေဖန်ထောက်ပြခဲ့တယ်။

ပြီးတော့ အလွန်အောင်မြင်တဲ့ သူ့ရဲ့အစဉ်ဆက် ဗုဒ္ဓ၀ါဒဂိုဏ်းတစ်ခုကို ထူထောင်နိုင်ခဲ့လို့ ဗုဒ္ဓ၀ါဒသဘောတရားတွေဟာ အားသာမယ်လို့ ယူဆရတယ်။ ဒါပေမဲ့ ဒီလိုလေးနက်လှတဲ့ သဘောတရား ရေးရာ ပြိုင်ဆိုင်မူဟာ သာမာန်ပြည်သူတွေကို အများကြီးလွှမ်းမိုးနိုင်ခဲ့ပုံ မရပါဘူး။ သာမာန်ပြည်သူတွေအတွက် ဗြာဟ္မဏ၀ါဒ ဆိုတာ ဝေဒ၀ါဒမဟုတ်ဘူး။ ဗိရှနိုးဝါဒ၊ ရှီ၀၀ါဒ သာဖြစ်တယ်။ ပြီးတော့ ဗိရှနိုးဝါဒနဲ့ ရှီ၀၀ါဒရဲ့ ဘာသာရေးခေါင်းဆောင်တွေဟာသံကရရဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဝါဒပေါ်မှာ အခြေမခံတဲ့ ဝေဒ၀ါဒနဲ့ ဝေဒ ပူဇော်မူဓလေ့တွေကိုဝေဖန်တိုက်ခိုက်ခဲ့ကြတယ်။
ဗြာဟ္မဏ၀ါဒရဲ့အင်အားဟာ ဗုဒ္ဓ၀ါဒကို ဆန့်ကျင်တိုက်ဖျက်ခြင်းအပေါ်မှာ မူတည်မနေခဲ့ဘူး။ ဗုဒ္ဓ၀ါဒကို လွင့်စင်သွားစေခဲ့တဲ့ အစ်စလာမ်ဝါဒကို အောင်အောင်မြင်မြင် ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အပေါ်မှာမူတည်ခဲ့တာဖြစ်တယ်။

ဝေဒ စစ်သည်တွေဟာ ကျုးကျော်ဝင်ရောက်လာသူတွေကို ခုခံပြီး တုန်ပြန်တိုက်ထုတ်ဖို့ အဆင့်သင့်ရှိနေခဲ့သလို ဒီလိုကာ ကွယ် တိုက်ခိုက်ရခြင်းဟာ သူတို့ရဲ့တာဝန်တစ်ရပ်အဖြစ် ခံယူထားခဲ့ကြတယ်။ အကယ်၍ စစ်ပွဲမှာ ကျဆုံးခဲ့ရင်လည်း တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း သေတာဖြစ်လို့ မြတ်သောသေခြင်းဖြစ်ပြီး
ကောင်းကင်ဘုံမှာ စံစားရမယ်လို့ ခံယူကြတယ်။ အိန္ဒိယပြည်ကြီးနဲ့ ရှေးဟောင်းအစဉ်လာယဉ်ကျေးမူတွေကို ကာကွယ်ရင်း ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေ အကြောင်းကို အစဉ်လာ သမိုင်းမှတ်တမ်းတွေမှာ တွေ့ကြရတယ်။ လူထုကြားမှာတွင်ကျယ်ခဲ့တဲ့ သူရဲကောင်းစာပေတွေဟာ ရက်စက်တဲ့ သတ်ဖြတ်အကြမ်းဖက်မူ အာဏာရှင်ဝါဒကနေ အင်ဒီးယန်းယဉ်ကျေးမူကြီးကို ကာကွယ်ဖို့ မျှတမှန်ကန်တယ်လို့ ယူဆတဲ့ ရွပ်ရွပ်ချွံချွံ ခုခံမူ၊ တန်ပြန်တိုက်ခိုက်မူကို အားပေးထောက်ခံခဲ့တယ်။ နောက်ဆုံး အိန္ဒိယနိုင်ငံရဲ့ သဘာဝအစဉ်လာ စိတ်ဓါတ်ဟာ အောင်မြင်မူ ရရှိခဲ့တယ်။ ဒီလို အောင်မြင်ခဲ့ပြီး ဟိုရှေးခေတ် အစဉ်အလာမှာ ရှိခဲ့တဲ့ အတွေးခေါ်ဆိုင်ရာ လွတ်လပ်မူ နဲ့ဆန့်ကျင် ဘက် ၀ါဒ အမြင်ကိုးကွယ်မူဘာသာတွေကို နားလည်လက်ခံနိုင်မူ ဒီနှစ်ခု ပြန်လည် ဖြစ်ပေါ်လာတာနဲ့ ဗုဒ္ဓ၀ါဒ ဟာလည်း တစ်ခေတ်ပြန်လည် ထွန်းပ ဖို့ အခွင့်ပေါ်လာခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသဟာ (၁၄) ရာစုမှာ မွတ်စလင်လက်အောက်ခံဖြစ်ခဲ့ပြီး (၁၅) ရာစု အစောပိုင်းမှာ ဆိကန်ဒါ ရဲ့ ဘာသာရေး ဆိုင်ရာ နှိပ်စက် အကြမ်းဖက်မူကြောင့် အဲဒီဒေသမှာ ဗုဒ္ဓ၀ါဒဟာ လဒခ် နယ်မှ တပါး အခြားနယ်တွေမှာ ပျောက်ကွယ်ခဲ့တယ်။ လဒခ်နယ်ဟာ ဗုဒ္ဓ ဘာသာဝင် အများစု နေထိုင်ရာဖြစ်ပေမဲ့ ဗုဒ္ဓ၀ါဒ ဆက်လက်ကိုးကွယ်မူ မပြတ်ဆဲဘဲ ကျန်ရစ်ခဲ့တဲ့ အခြား ဟိမန္တာဒေသတွေမှာ လိုဘဲ အားကောင်းတဲ့ တိဘက် ဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမူခံရပြီး သက္ကတလေ့လာသင်ယူမူကတော့ရှေးခေတ် ကာလ ကစပြီး ကွယ်ပျောက်သွားပြီဖြစ်တယ်။

မာဂဓ က စစ်ဘေးဒုက္ခသည်တွေဟာ တောင်ဘက်မှာရှိတဲ့ ကလိင်္ဂ၊ ဂုဂျာရတ်၊ ရာဂျသန်၊ ၀ိဇယ နဂရ နဲ့ အခြားတိုင်းပြည်တွေ ကို ထွက်ပြေးခို လှုံခဲ့ကြတယ်လို့ တာရာနာထ ကရေးသားခဲ့တယ်။ (၀ိဇယနဂရ ဟာ ၁၃၃၆ ကျ မှ တည်ထောင်ခဲ့တာဖြစ်တယ်)ဂုဂျာရတ်နဲ့ အိန္ဒိယ အလယ်ပိုင်း ဟာ အေဒီ ၁၃၀၀ လောက်မှာ ကျဆုံးခဲ့တယ်။ ကလိင်္ဂတိုင်းနဲ့ ၀ိဇယ နဂရကတော့ (၁၆) ရာစု မှာ ကျဆုံးခဲ့တယ်။ စစ်ဒဏ်ခံခဲ့ရတဲ့ အိန္ဒိယတောင်ပိုင်းမှာ ကျန်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သီဟိုဠ်ကို ရောက်ရှိသွားမယ်လို့ ယူဆရတယ်။

တူရကီတွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုတောင်မှ ရာနှုန်းပြည့် အစ်စလာမ် သာသနာသွတ်သွင်းဖို့ မအောင်မြင့်ခဲ့ဘူး။ အိန္ဒိယ နိုင်ငံကြီးဟာ ကျယ်ပြန့်လွန်း၊ လူဦးရေများလွန်းပြီး ပထ၀ီဝင်အနေထားကလည်း ကွဲပြားလွန်းနေရုံမျှ မကဘူး တူရကီတွေ သိမ်း ပိုက်နိုင်တဲ့ အင်ပါယာကို လည်း လွတ်လပ်တဲ့ သို့မဟုတ် ယာယီအားဖြင့်သာ သိမ်းပိုက်ထားနိုင်တဲ့ ဒေသခံ အိန္ဒိယမင်းတွေ ရဲ့ နိုင်ငံတွေ ၀န်းရံတည်ရှိနေခဲ့တာဖြစ်တယ်

အိန္ဒိယရဲ့ ပင်ကိုယ်သဘာဝ စိတ်ဓါတ်ဟာ ပျောက်ကွယ်မသွားခဲ့ဘူး။ ကာလ ရှည်ကြာစွာ သိမ်းပိုက် ခံခဲ့ရတဲ့ ဒေသတွေမှာတောင်မှ (ရာဂျသန်၊ ကလိင်္ဂ၊ တိရဘုက်တိ) စတဲ့ လွတ်လပ်တဲ့ တိုင်းနိုင်ငံတွေက အများပြည်သူတွေကြား ထွန်းကားပြန့်ပွားနေတဲ့ စာပေတွေရဲ့ လွှမ်းမိုးမူနဲ့ အဲဒီ အင်ဒီးယန်း စိတ်ဓါတ်ဟာ ရှင်သန်လျက်ရှိနေခဲ့တယ်။ (၁၆) ရာစု အထိ အိန္ဒိယဒေသခံ ပြည်သူအများစု ဟာ ဟိန္ဒူတွေဖြစ်တယ်။ အက္ကဘာဘုရင်ဟာအိန္ဒိယ ပြည်ရဲ့ ဒေသများစွာကို သိမ်းပိုက်ပြီး အင်ပါယာထူထောင်တဲ့အခါ ဒီ အချက်ကို သဘောပေါက်ခဲ့ပြီး မူဝါဒသစ်တစ်ရပ်ကို ကျင့်သုံးခဲ့တယ်။ အဲဒီမူဝါဒဟာ အမှန်တကယ်တော့ အစ်စလာမ် မူဝါဒကို ဆန့်ကျင်နေတဲ့ အင်ဒီးယန်း မူဝါဒတစ်ရပ်သာ ဖြစ်ခဲ့တယ်။

သူဟာ ဘာသာရေးဆိုင်ရာ ကွဲပြားမူကို ခွင့်ပြုခဲ့တယ်။ အဲလို ခွင့်ပြုခဲ့တဲ့အတွက် ရာဇပုတ်ဘုရင်တွေရဲ့အင်အားဟာ သူ့စစ်တပ် အတွင်းပါဝင်လာပြီး သူ့ရဲ့အင်ပါယာကို ပိုပြီးခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တယ်။ သို့သော်လည်း အဲဒီ မူဝါဒဟာ သူ့နန်း တော်က ရှေးရိုးစွဲ မွတ်စလင်တွေကို မကျေမနပ်ဖြစ်စေခဲ့တယ်။ အက္ကဘာဘုရင် သေဆုံးတဲ့အခါ ဘာသာရေးဆိုင်ရာ မတူကွဲ ပြားမူ ခွင့်ပြုချက်ဟာ အဆုံးသတ်သွားခဲ့တယ်။ အရင်ကလို ဘာသာရေး အကြမ်းဖက်မူတွေ ပြန်လည် ဖြစ်ပေါ်လာခဲ့တယ်။

အိန္ဒိယ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ ဖြိုဖျက်ခံခဲ့ရသလို ဟိန္ဒူတစ်ဦး အပေါ်မှာလည်း ဘာသာရေးအခွန်ကို ပြန်လည် ကောက်ခံခဲ့တယ်။ ဒီအချက်တွေကြောင့် နေရာအနှံ့ပြား တော်လှန်ပုန်ကန်မူတွေ ပေါ်ပေါက်ခဲ့ပြီး ဒီတော်လှန်မူကို တဖြည်းဖြည်းနဲ့ မရာထဌ် ပြည်နယ်က ဦးဆောင်ခဲ့တယ်။ ၁၆၇၄ မှာ ရှီဝဂျီဟာ မရာဌ် ပြည်ရဲ့ ဘုရင်ဖြစ်လာခဲ့ပြီး သူ့နောက် ဆက်ခံခဲ့တဲ့ ဘုရင်တွေဟာ သူတို့ရဲ့အင်ပါယာကို အိန္ဒိယတောင်ပိုင်းဒေသအများစု ထိအောင် ချဲ့ထွင်နိုင်ခဲ့တယ်။ အဲဒီနောက် အိန္ဒိယမြောက်ပိုင်း လွတ်မြောက်ရေးအတွက် စတင် ဆင်နွှဲတိုက်ခိုက်ခဲ့တယ်။ (၁၈) ရာစုရဲ့ ပထမနှစ်ဝက်မှာ သူတို့ဟာ ဂင်္ဂါမြစ် တောင်ဘက်ခြမ်းက ဒေသအများစုကို သိမ်းယူနိုင်ခဲ့တယ်။

၁၇၅၀ မှာ တူရကီတွေရဲ့မြို့တော် ဒေလ်ဟီကို သိမ်းယူနိုင်ခဲ့ပြီး အက္ကဘာဘုရင်ရဲ့ အဆက်နွယ်တွေကို အစောင့်ရှောက်ခံ ဘုရင်တွေအဖြစ် ထားခဲ့တယ်။ (၁၉) ရာစုရောက်လာတဲ့အခါ ဗြိတိသျှတပ်တွေရောက်လာပြီး မရာဌ် အင်ပါယာ မဖြစ်ပေါ်လာနိုင်တော့ ပါဘူး။သို့သော်လည်း အရေးကြီးတဲ့အချက်ကတူရကီသြဇာနဲ့ မွတ်စလင်အုပ်ချုပ်ရေး ပြိုလဲသွားခဲ့ပြီး မရာဌ်ပြည်ဟာ အိန္ဒိယနိုင်ငံ ဒေသများစွာမှာ ဘာသာရေးဆိုင်ရာ မတူကွဲပြားမူကို ပြန်တည်ဆောက်ခဲ့တဲ့ အချက်ဖြစ်တယ်။ ဗြိတိသျှတွေကလည်း ဒီ မူဝါဒကို ပိုမိုကျယ်ပြန့်တဲ့ အိန္ဒိယနိုင်ငံ တစ်ခုလုံးမှာဆက်လက် ကျင့် သုံးခဲ့တယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေဟာ အိန္ဒိယနိုင်ငံကို ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘုရားဖူးသွားစရာ မလိုတော့ဘဲ ၊ ဗုဒ္ဓဂါယာ၊ ဆာရာနထ်နဲ့ အခြားဗုဒ္ဓ၀င်နေရာတွေကို ပြန်လည် ပြုပြင်တည်ဆောက်နိုင်ခဲ့ကြတယ်။ အဲဒီနေရာတွေမှာ ရဟန်းတော်တွေအတွက် ဘုန်းကြီးကျောင်းတွေကိုလည်း တခါပြန်ပြီး ဆောက်လုပ်ခွင့် ရခဲ့ကြတယ်။

အာရပ်နဲ့ တူရကီ စစ်တပ်တွေ အိန္ဒိယနိုင်ငံတွင်း ၀င်ရောက်သိမ်းပိုက်ခြင်းရဲ့ အကျိုးဆက်ကတော့ မာဂဓတိုင်းနဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းကို ဗဟိုပြုထွန်းကားခဲ့တဲ့ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒဂိုဏ်း အများစု ပျောက်ကွယ်သွားခဲ့ရတာဖြစ်တယ်။ အဲဒီ ဘေးဒဏ်က လွတ်မြောက်ပြီး ထွန်းကားပြန့်ပွားခဲ့တဲ့ တစ်ခုတည်းသော ဗုဒ္ဓ၀ါဒဂိုဏ်းကတော့ ထေရ၀ါဒဂိုဏ်းဖြစ်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်းဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အထူးသဖြင့် သီဟိုဠ်ကျွန်းမှာ ဗဟိုပြုထွန်းကားခဲ့တာဖြစ်ပြီး အခြား အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း အားကောင်းစွာပြန့်ပွားသွားခဲ့တယ်။ တရုတ်နိုင်ငံနဲ့ အဲဒီကတဆင့် ဗုဒ္ဓ၀ါဒကို လက်ခံ ရရှိခဲ့တဲ့ နိုင်ငံတွေမှာတော့ အစောပိုင်းဗုဒ္ဓ၀ါဒဂိုဏ်း တွေနေရာမှာ မဟာယာနဂိုဏ်း (အထူးသဖြင့် ၀ိဉာဏ၀ါဒဂိုဏ်း)က လုံးဝ အစားထိုးနေရာယူသွားခဲ့တယ်။ အဘိဓမ္မာပိဋကတ်ရဲ့ အချို့သောကျမ်းဂန်တွေနဲ့ အခြေခံကျဆုံး ၀ိနည်းကျမ်းတွေကလွဲရင် အားလုံးကို အစားထိုးခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့ သုတ္တန္တိကဂိုဏ်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ ဗဟုသုတ္တိယဂိုဏ်းနဲ့ ဓမ္မဂုတ္တိကဂိုဏ်း တွေရဲ့ ကျမ်းဂန်တွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် အနည်းအပါးသာ တွေ့ကြရတာဖြစ်တယ်။

တိဘက်နဲ့ အဲဒီကတဆင့် ဗုဒ္ဓ၀ါ ဒ ပြန့်ပွားသွားတဲ့ နိုင်ငံတွေမှာတော့ အစောပိုင်း ဗုဒ္ဓ၀ါဒဂိုဏ်းတွေရဲ့ကျမ်းဂန်တွေကို တရုတ်နိုင်ငံမှာလောက် မတွေ့ရတော့ပါဘူး။ ဘာကြောင့် တုန်းဆိုတော့ အဲဒီ ဂိုဏ်းတွေဟာ တိဘက်မှာ အခြေတည်ပြီး မဖွံ့ဖြိုးခဲ့တဲ့အတွက်လို့ ယူဆရတယ်။ တိဘက် မှာ ချွင်းချက်အနေနဲ့ တွေ့ရတာက သုတ္တန္တိကဂိုဏ်းနဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ ကျမ်းဂန်အချို့နဲ့ မူလသဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ ၀ိနည်းကျမ်း အချို့ဖြစ်တယ်။ မဟာယာန ဗုဒ္ဓ၀ါဒဂိုဏ်းကတော့ ကျယ်ပြန့်တဲ့ အရှေ့အာရှဒေသတစ်လျှောက်ပြန့်ပွားသွားခဲ့တဲ့ အတွက် ကံကောင်းတယ် လို့ ဆိုရမှာဖြစ်တယ်။

No comments:

Post a Comment