Search This Blog

Wednesday, January 18, 2017

သတိုးဓမ္မာရာဇာ


သတိုးဓမ္မာရာဇာ

အနောက်ဘက်လွန်မင်းကို သားတော် မင်းရဲဒိဗ္ဗမှ လုပ်ကြံသဖြင့် သက်တော် ၅၁ တွင် နတ်ရွာစံလေ၏။ မင်းကြီးတွင် မိဖုရားမှ ဖွားမြင်သော သားတော်မရှိ။ ကိုယ်လုပ်တော်မောင်းမမှ ဖွားမြင်သော သားတော်များ သာရှိလေ၏။ ထိုကိုယ်လုပ်တော်များသည် မိဖုရားမဟုတ်သဖြင့် မင်းကြီးသည် အိမ်ရှေ့စံရာထူးကို မည်သူကိုမှ ပေးအပ်ထားခြင်းမရှိပေ။ မင်းကြီးနတ်ရွာစံသော် နန်းတော်တွင် မည်သူ့ကိုနန်းတင်ရန် အမတ်များမှ ဆွေးနွေးတိုင်ပင်ကြလေ၏။ မင်းရဲဒိဗ္ဗကို ထောက်ခံသော အမတ်များသောကြောင့်
မင်းရဲဒိဗ္ဗသည် ဟံသာဝတီယာယီနန်းတော်တွင်ဘုရင်အဖြစ် ဘိသိတ်ခံလေ၏။

အင်းဝနေပြည်တော်ရှိ အရီးတော် မိဖုရားခေါင်ကြီးကိုလည်း အနောက်ဘက်လွန်မင်း နတ်ရွာစံပြီး သားတော် မင်းရဲဒိဗ္ဗမှ ဘုရင်ဖြစ်ကြောင်းကို စာဖြင့်သတင်းပို့လေ၏။ စစ်ကိုင်းနယ်စားကြီး ဥဇနာကိုလည်း သတင်းကြားစေလေ၏။ မင်းရဲဒိဗ္ဗကို ထောက်ခံသော အမတ်များ ကြောက်ရွံသည်မှာ ကျိုင်းရုံးကြီးသို့ စစ်ချီနေသော အနောက်ဘက်လွန် မင်း၏ ညီတော်နှစ်ပါးဖြစ်သည့် မင်းရဲကျော်စွာ နှင့် သတိုးစည်သူ ဖြစ်၏။ ထိုညီတော်နှစ်ပါးကို အမတ်များ မယုံကြည်သဖြင့် အနောက်ဘက်လွန်မင်း၏ အမိန့်တော် အတုနှစ်ခုစေလွှတ်လေ၏။

မင်းရဲကျော်စွာသို့ အမိန့်တော်မှာ" သတိုးစည်သူသည် မသင့်မတင့်သော အကြံအစည်ကို ကြံသည် ဖမ်းပြီး လုပ်ကြံစေ "ဟုစေပြီး သတိုးစည်သူသို့လည်း "မင်းရဲကျော်စွာသည် မသင့်မတင့်သော အကြံအစည်ကို ကြံသည် ဖမ်းပြီးလုပ်ကြံစေ "ဟု အမိန့်တော်အတုနှစ်ခု စေလွှတ်လေ၏။ သတိုးစည်သူသည် သတိပညာ ရှိသူဖြစ်သဖြင့် ကျိုင်းရုံးကြီးသို့ စစ်မထွက်မီ နန်းတော်တွင် သူလျှို ထားခဲ့၏။ ထိုကြောင့် မင်းကြီးလုပ်ကြံ ခံရချိန်တွင် ထိုသူလျှိုမှ အလျင်အမြန်သတင်းပေးပို့သဖြင့် သတင်းဦးစွာရပြီး ဖြစ်နေ၏။ မင်းကြီး၏ အမိန့်တော်အတုရောက်ချိန်တွင် အတုမှန်းသိလေ၏။ သို့သော် မင်းရဲကျော်စွာမှာမူ စစ်ကြောင်း နောက်တခု ဖြင့် ချီနေသေဖြင့် မသိ၊ ထိုအမိန့်ရောက်သော် အစစ်ဟု ထင်မှတ်ပြီး နောင်တော် သတိုးစည်သူကို ဖမ်းရန် ပြင်ဆင်လေ၏။

သတိုးစည်သူသည် မိမိ၏ တပ်ကို လှည့်ကာ မင်းရဲကျော်စွာရှိရာ သို့ချီလေ၏။ ညီနှောင်နှစ်ပါး စစ်တပ်နှစ်တပ် လမ်းခုလတ်တွင်တွေ့ကြရာ သတိုးစည်သူမှ အကျိုးအကြောင်းကို သိစေလိုသဖြင့် မင်းရဲကျော်စွာထံ စကားပါးလေ၏။ သို့သော် မင်းရဲကျော်စွာမှ မယုံသဖြင့် နှစ်ဦးနှစ်ဖက် စစ်ဖြစ်ခါနီးတွင် သတိုးစည်သူ၏ လူယုံမှ မင်းရဲကျော်စွာကို ၀င်ဖမ်းသဖြင့် စစ်မဖြစ်လိုက်ရ။ သတိုးစည်သူကိုယ်တိုင် မင်းရဲကျော်စွာကို အကျိုးအကြောင်းသေချာရှင်းပြမှ မင်းရဲကျော်စွာယုံလေ၏။

ညီနောင်နှစ်ပါးလည်း အင်းဝနေပြည်တော်ကိုသိမ်းမည်၊ထိုနောက် ဟံသာဝတီသို့ချီကာ မင်းရဲဒိဗ္ဗကို ကွပ်မျက်မည်ဟု ဆွေနွေးကြလေ၏။ ညီနောင်နှစ်ပါးလည်း မိမိတို့တပ်ကို ပူပေါင်းပြီး အင်းဝသို့ ချီတက်လေ၏။ ထိုသို့ ချီတက်နေစဉ် အင်းဝကို စစ်ကိုင်းနယ်စား မင်းရဲဥဇနာမှ ရုတ်တရုက်ဝင်သိမ်း လေ၏။ မိဖုရားခေါင်ကြီးကိုလည်း ဖမ်းဆီးလေ၏။ ထိုသတင်းကို ဟံသာဝတီရှိ မင်းရဲဒိဗ္ဗကြားလျှင် စစ်သည် နှစ်သောင်းကို အင်းဝသို့ စေလွှတ်ပြီး တိုက်စေလေ၏။ မင်းရဲဥဇနာ၏ တပ်များခုခံတိုက်ခိုက်သော်လည်း မခံနိုင်သဖြင့် တပ်ပျက်ကာ ပြေးကြကုန်လေ၏။

ရဲမက်တို့လည်း မင်းရဲဥဇနာကို ဖမ်းပြီး ဟံသာဝတီသို့ ပို့ဆောင်လေ၏။ မင်းရဲဒိဗ္ဗလည်း မင်းရဲဥဇနာကို သေဒဏ်ပေးလေသည်။ ထိုနောက် ညောင်ရမ်းမြို့စားသားတော် မင်းသားငညို အား အင်းဝနေပြည်တော်ကို စောင့်ရှောက်ရန် မြို့ဝန်အဖြစ် ခန့်အပ်လေ၏။ မင်းရဲဒိဗ္ဗသည် မိမိ၏ ဦးရီးတော် နှစ်ပါး အင်းဝသို့ စစ်ချီတက်လာနေသည်ကို မသိဘဲ နန်းတွင်းစည်းစိမ်ကို ယစ်မူးပြီး ပျော်ရွှင် နေလေ၏။

သတိုးဓမ္မာရာဇာ(သာလွန်မင်း) မှ အင်းဝထီးနန်းကို သိမ်းယူပုံ
မင်းရဲဒိဗ္ဗ၏ ဦးရီးတော်နှစ်ပါးသည် ယိုးဒယားမြေမှ ချီတက်လာရာ ရက်အတန်ကြာသော် အင်းဝပိုင်နယ်စပ် သို့ရောက်လာလေ၏။ အင်းဝမြို့ကို စောင့်ရှောက်နေသောမင်းသားငညိုလည်း ထိုသတင်းကိုကြားလျှင်
တောင်ပလူခံတပ်ဆောက်ပြီး ခုခံရန်ပြင်ဆင်ထားလေ၏။ မင်းသားငညိုခံနေသော ခံတပ်တွင် စစ်အင်အား များပြားပြီး ဟံသာဝတီမှ စစ်ကူလာလျှင် မခံနိုင်ဘဲ ဖြစ်မည်ကို သတိုးစည်သူရိပ်မိ၏။

ထို့ကြောင့် တောင်ပလူခံတပ်ကို မတိုက်သေးဘဲ ပင်းယကိုသိမ်းကာ အခိုင်အမာနေလေ၏။မင်းရဲဒိဗ္ဗလည်း
ဦးရီးတော်နှစ်ပါး၏ စစ်ချီသတင်းကို ကြားသိသည်နှင့် စစ်တပ်စေလွှတ်ကာ မင်းသားငညိုတပ်နှင့် ပူပေါင်း စေလေ၏။ ဟံသာဝတီမှ စစ်ကူလွှတ်ကြောင်း သတိုးစည်သူသိလျှင် ညီတော်မင်းရဲကျော်စွာနှင့် တလုပ်မြို့သို့ ဆုတ်ရန် သဘောတူကြပြီး မင်းရဲကျော်စွာကို အလျင်ချီတက်စေလေ၏။

ထိုသတင်းကို မင်းသားငညိုကြားလျှင် မိမိ၏ စစ်သူကြီးကို လွှတ်ပြီး မင်းရဲကျော်စွာတပ်ကို တိုက်စေလေ၏။ စစ်သူကြီးဘွဲ့မှာ ဘယဂါမဏိဖြစ်ကာ မင်းရဲကျော်စွာ၏ တပ်မကို ဖြတ်တိုက်ရန်ကြိုးစားလေ၏။ ဘယဂါမဏိ ၏ တပ်ကို မြင်သော် မင်းရဲကျော်စွာလည်း မိမိ၏ စစ်သူကြီးတဦးကို ထွက်တိုက်ရန်အမိန့်ပေးပြီး မိမိမှာမူ တလုပ်မြို့ သို့ ဆုတ်လေ၏။ မင်းရဲကျော်စွာ၏ စစ်သူကြီး နှင့် ဘယဂါမဏိတို့ ဆင်စီးချင်းထိုးရာ ညမိုးချုပ်သော်လည်း အနိုင်မပေါ်ဘဲ ရှိနေလေ၏။ ဘယဂါမဏိလည်း ပင်ပန်းလာသဖြင့် တပ်ကိုရုပ်ပြီး ဆုတ်လေသည်။

ထိုအကြောင်းများကို ဟံသာဝတီယာယီနန်းတော်တွင် စံနေသော မင်းရဲဒိဗ္ဗကြားလျှင် မိမိ၏ ဒေါသကို မထိန်းနိုင်ဘဲ ဟံသာဝတီရှိ စစ်သူကြီးဟောင်းတဦးဖြစ်သော မင်းရဲနော်ရထာကို နန်းတော်သို့ လာရန် အမိန့်ထုတ်လေ၏။ မင်းရဲနော်ရထာမှာ သတိုးစည်သူတို့၏ မိတ်ဆွေကောင်းဖြစ်လေ၏။ မင်းရဲနော်ရထာ လည်း နေမကောင်းသဖြင့် မလာနိုင်ကြောင်း သတင်းပြန်ပို့လေ၏။ မင်းရဲဒိဗ္ဗမှ မလာလျှင် ခြေကို သံချင်း ခတ်ပြီး ယူဆောင်လာရန် မိမိ၏ ကိုယ်ရံတော်များကို မှာလိုက်လေ၏။

ကိုယ်ရံတော်များလည်း မင်းရဲနော်ရထာအိမ်တော်သို့ ၀င်စီးကာ ဖမ်းဆီးလေ၏။ထိုနောက် မင်းရဲနော်ရထာ အား အင်းဝတွင်ရှိသော မယားတို့ကို သတိုးစည်သူမှ သိမ်းပိုက်လိုက်ပြီ စသဖြင့် မခံနိုင်အောင် ၀ိုင်းပြီး လှောင်ကြလေ၏။ မင်းရဲနော်ရထာလည်း အလွန်ဒေါသထွက်ပြီး ကိုယ်ရံတော်များကို ပြန်လည် ခုခံ လေ၏။ ထိုနောက် ဟံသာဝတီရှိမိမိအပေါ် သစ္စာရှိသော ရဲမက်ဟောင်းများကို ညတွင်းချင်း ပြန်လည် စုပြီး ဟံသာဝတီနန်းတော်ကို ၀င်စီးလေ၏။ ထိုချိန်တွင် မင်းရဲဒိဗ္ဗမှ ဦးရီးတော်များကို တိုက်ရန် စစ်သည်များ ကို အဝေးသို့ စေလွှတ်ထားသဖြင့် နန်းတော်တွင် ကိုယ်ရံတော်တပ်တချို့ သာ ကျန်ရှိလေ၏။ မင်းရဲနော်ရထာ နန်းတော်သို့ ၀င်လာချိန်တွင် ရဲမက်တချို့ လည်း ကြောက်သဖြင့် ထွက်ပြေးကုန်ကြလေ၏။

မင်းရဲနော်ရထာလည်း မင်းရဲဒိဗ္ဗကိုဖမ်းပြီးလျှင် ပင်းယတွင် ရှိနေသော သတိုးစည်သူကို သတင်းပို့လေ၏။ ထိုနောက် သတိုးစည်သူမှ မင်းသားငညို ကို မင်းရဲဒိဗ္ဗသည် ဘုရင်မဟုတ်တော့ ထိုကြောင့် လက်နက်ချလော ဟု စေလေ၏။ မင်းသားငညိုလည်း လက်နက်ချလေ၏။ လက်နက်ချသော်လည်း သတိုးစည်သူမှ မယုံကြည်သဖြင့် မင်းသားငညိုကို ကွပ်မျက်လေ၏။ မင်းရဲဒိဗ္ဗဘက်မှ ရပ်တည်သော စစ်သူကြီးများ၊ အမတ်များ လက်နက်ချ အညံခံသော်လည်း အားလုံး ကွပ်မျက်ခြင်းခံရလေ၏။

သတိုးစည်သူလည်း သတိုးဓမ္မာရာဇာဟု ဘွဲ့ခံယူတော်မူပြီး အင်းဝထီးနန်းကို သိမ်းပိုက်လေ၏။

သာလွန်မင်းမှ အင်းဝထီးနန်းကို သိမ်းပြီးနောက်...

သတိုးဓမ္မာရာဇာ(သာလွန်မင်း)သည် ဟံသာဝတီသို့ စစ်တပ်ဖြင့် အရောက်ချီတက်ပြီး မင်းရဲဒိဗ္ဗအပြစ်ကို လွှတ်တော်တွင်ကြားနာစေလေ၏။ အမတ်တချို့မှ ရဟန်းအဖြစ်ရာသက်ပန်နေစေရန် လျှောက်ထားကြ
သော်လည်း သာလွန်မင်းမှ မိဘကို သတ်သောသူသည် တရားရနိုင်မည်လော ဟု မေးခွန်းထုတ်ရာ မည်သူမှ မဖြေကြားနိုင်ကြပေ။ ထိုကြောင့် သာလွန်မင်းမှ သေဒဏ်ပေးလေ၏။

သာလွန်မင်းနန်းတက်သော် ရခိုင်မင်းမှ မဟာမိတ်ဖြစ်လိုသဖြင့် သံဖြင့်ရောက်လာလေ၏။ သာလွန်မင်းလည်း ကောင်းမွန်စွာလက်ခံပြီး လက်ဆောင်အများဖြင့် ရခိုင်သံများကိုပြန်လွှတ်လေ၏။ သာလွန်မင်းသည် ဇင်းမယ်ပြည်ကို ငြိမ်သက်အောင် ပြုလုပ်လိုသဖြင့် အင်းဝထီးနန်းကို သိမ်းပိုက်ပြီး နှစ်လတိုင်အောင် ရာဇဘိသိတ်မခံသေးဘဲ စစ်တပ်ကို အင်အားဖြည့်နေလေ၏။ အင်အား ပြည့်သော် ဇင်းမယ်သို့ ချီတက်ပြီး ပုန်ကန်နေသော မြို့စားများကို သုတ်သင်ကာ ငြိမ်သက်အောင် ပြုလုပ်တော်မူလေ၏။

သာလွန်မင်းသည် ဇင်းမယ်ကိုအောင်နိုင်ပြီးလျှင် ဟံသာဝတီသို့ ပြန်လာပြီးမှ ဘိသိတ် ခံတော် မူလေ၏။ အေဒီ ၁၆၃၃ စက်တင်ဘာလ ၉ ရက်တွင် မြေနန်းပြသာဒ် နှင့် တကွ မိဖုရားနှင့်တကွ ဆွေတော်မျိုးတော်များ နေရန်လေးဆောင်သော ပြာသာဒ်တော်ကိုတပြိုင်နက်
ဆောက်ရလေ၏။ထိုနောက်အထူးထူးအထွေထွေ သောအစီအရင်တို့ဖြင့်ခမ်းနားကြီးကျယ် အောင်စီမံ
ထားရလေ၏။ မြေနန်းပြာသာဒ်သို့ မတက်မီ မင်္ဂလာရေကန်သို့ ကြွပြီး သင်္ကြန် ခေါ်ရ၏(ရေချိုး)။ ထိုနောက် မှူးမတ်စစ်သည်ရဲမက် အပေါင်းခြံရံပြီး မင်္ဂလာကန်တော်မှ မြေနန်းပြာသာဒ်သို့ ဆင်ဖြင့်ကြွတော်မူ၏။

မြေနန်းပြာသာဒ်မုဒ်တံခါးမှ နန်းတော်အထိ ပိုးသားကဲ့သို့နူးညံ့သော ကော်ဇော်ကြီးခင်းကာ မြေနန်းပြာသာဒ် ရှိ ရာဇ့ပလ္လင်ပေါ်သို့ ကြွမြန်း၏။ ထိုသို့ ကြွမြန်းစဉ် မင်္ဂလာစည်တော်ကြီးကို အဆက်မပြတ် တီးခတ်ပေးရ၏။ နန်းတော်ပေါ်သို့ ရောက်လျှင် ပုရောဟိတ်ပုဏ္ဏား ရှစ်ဦးမှ ဂါထာများရွှတ်ပွားကာ မင်္ဂလာပြု လေ၏။ ထိုနောက် ပုရောဟိတ်တစ်ဦးမှ တိုင်းပြည်အတွက် မင်းကျင့်တစ်ရား ၁၀ ပါးပါ ဂါထာတော်များကို ရွှတ်ဖတ်ပြပြီး မင်းမြောက်တန်ဆာ ငါးပါး (သန်လျက်၊ထီးဖြူ၊မကိုဋ်၊ခြေနင်း၊သားမြီးယပ်) တို့ကို အပ်နှံကာ ရာဇ့ပလ္လင်ရှေ့တွင် ဆင်ယင်ပေးစေကာ ရာဇ့ပလ္လင်ပေါ်ထိုင်လေမှ ထီးဖြူ မိုးစေပြီး မင်းအစစ်သို့ ရောက်ရလေ၏။ (မှတ်ချက်။ ။ ရာဇ၀င်ကျမ်းပါ သာလွန်မင်း၏ ရာဇသိဘိတ်ခံယူပုံကို အကျဉ်းဖော်ပြခြင်း ဖြစ်၏၊ အကျယ်မှာ သည်ထက်မက များပြားပြီး အသေးစိတ်ခမ်းနား ကြီးကျယ်လွန်းလှပါသည်)

မင်းအဖြစ်ဘိသိတ်ခံပြီးသော် သာလွန်မင်းသည် ယိုးဒယားသို့ သံစေလွှတ်လေ၏။ ရှမ်းပြည်တစ်ဝှမ်းသို့ လည်း မိမိဘုရင်ဖြစ်ကြောင်း သံအများအပြားစေလွှတ်ပြီး သိစေလေ၏။ ဟံသာဝတီရှိ ရွှေမော်ဓောဘုရား ၀န်းကျင်တွင် ကျောင်းလေးကျောင်းဆောက်လုပ် လှူဒါန်းလေ၏။ ထိုကျောင်းကို တာဝန်ယူဆောက်လုပ်ပေး
နေသော အကြီးအကဲတစ်ဦး ဇာလကန်မေလေ ဟုအမည်ရသူသည် မော်လမြိုင်ရှိမျိုးချစ်စိတ်ပြင်းထန်သော
လူငယ်တစုကို စည်းရုံးပြီး အေဒီ ၁၆၃၄ ဖေဖော်ဝါရီ ၂၂ တွင် ဟံသာဝတီနန်းတော်သို့ သစ်များယူစရာ ရှိသည်ဟု တံခါးမှူးများကိုလိမ်ညာပြီး နန်းတော်သို့ဝင်ကာ လက်နက်တိုက်ရှိရာ တံခါးကိုဖောက်ဝင်ရာ အစောင့်များမှ လူငါးရာဖြင့် လိုက်လံတိုက်သဖြင့် ထွက်ပြေးရလေ၏။

ထိုအကြီးအကဲသည် မော်လမြိုင်မြို့စားကို ဖြားယောင်းနိုင်သဖြင့် မော်လမြိုင်မြို့ကို အခိုင်အမာပြုကာ သာလွန်မင်းကို ပုန်ကန်လေ၏။ သာလွန်မင်းသည် စစ်သည် သုံးသောင်းဖြင့် သွားရောက်တိုက်စေလေ၏။ ထိုစစ်ပွဲကို နိုင်သော် ဇာလကန်မေလေကို သတ်စေလေ၏။ အပေါင်းအပါများလည်း သေဒဏ်ပေးခံရ၏။ တချို့မှာမူ ယိုးဒယားသို့ထွက်ပြေးကုန်လေ၏။

သာလွန်မင်းသည် ဟံသာဝတီကို ဗဟိုပြုပြီးအောက်ပြည်အောက်ရွာကို ငြိမ်အောင်ပြုလုပ်နိုင်ပြီးသော် အင်းဝနေပြည်တော်သို့ ပြန်လည်ကြွမြန်းပြီး ရာဇာဘိသေက နှစ်ကြိမ်ခံရန် စီစဉ်လေ၏။ အေဒီ ၁၆၃၄ ဒီဇင်ဘာ ၂၄ တွင် အင်းဝနေပြည်တော်သို့ ပြန်ရောက်လေ၏။ရောက်သော် အင်းဝရွှေနန်းတော်ကို အသစ် ပြန်လည်ဆောက်ရန် ၀န်မင်းများကို မိန့်ကြားလေ၏။

No comments:

Post a Comment