Search This Blog

Wednesday, January 18, 2017

အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ


အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ

အသောကမင်းကြီး (၂၆၈-၂၃၂ ဘီစီ) နတ်ရွာစံတော်မူပြီးတဲ့အခါ တဖြည်းဖြည်းနဲ့ မောရိယ အင်ပါယာနိုင်ငံတော်ကြီးဟာ ယုတ်လျော့လာ ခဲ့ပြီး နောက်ဆုံး ဘီစီ ၁၈၀ လောက်မှာ စစ်သူကြီး ပုသျှမိတြရဲ့ အပြီးတိုင် ချေမှုန်းဖျက်စီးခြင်းခံခဲ့ရတယ်။ ပုသျှမိတြဟာ သုင်္ဂမင်းဆက်ကို တည်ထောင်အုပ်ချုပ်ခဲ့ပေမဲ့ သူ့ရဲ့ အင်ပါယာက ဂင်္ဂါမြစ်ဝှမ်း လွင်ပြင်ကနေ မကျော်လွှား နိုင်ခဲ့ပါဘူး။ အဲ ဒီ အချိန်လောက်မှာဘဲ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဂရိဘုရင်တွေ တစ်ပါးပြီးတစ်ပါး နယ်ချဲ့ဝင်ရောက် လာပြီး မင်းဆက် အတော်တော်များများကို တည်ထောင်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေကန် လွင်ပြင်မှာတော့ အန္ဓရ မင်းဆက် တစ်ဆက်ဖြစ်တဲ့ သာတ၀ါဟန မင်းဆက်တစ်ဆက်ဟာ ဘီစီ (၂) ရာစု ကနေ အေဒီ (၃) ရာစုထိ စိုးမိုးအုပ်ချုပ်သွားခဲ့ ကြတယ်။

ဒီမင်းဆက် အုပ်စိုးသွားတဲ့ နှစ်လေးရာကာလဟာအိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နိုင်ငံတည်ငြိမ်အေးချမ်းခဲ့တဲ့အတွက် အားကောင်းတဲ့ ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့တယ်။ နောက်ဆုံးအနေနဲ့ ယခင်က ကလိင်္ဂင်္တိုင်းနေရာဖြစ်တဲ့ အရှေ့အိန္ဒိယ ကမ်းရိုးတမ်းတစ်လျှောက်မှာ စေတိ မင်းဆက် တည်ထောင်ပါတယ်။ အဲဒီ မင်းဆက်ထဲက တတိယမြောက်ဘုရင်ဖြစ်တဲ့ ခါရဝေလ ဘုရင် (ဘီစီ ၁ စု) ဟာ အထူးထင်ရှားတယ်။ သူ့ရဲ့ အောင်မြင် မူတွေ ရေး ထိုးထားတဲ့ ကျောက်စာတွေ ကိုရှာဖွေတွေ့ရှိခဲ့ပေ မဲ့ ဒီ မင်းဆက်ရဲ့ နောက်ထပ် သမိုင်းကြောင်းကိုတော့ မသိကြရဘူး။

သုင်္ဂမင်းဆက်

ပုရှမိတြ တည်ထောင်ခဲ့တဲ့ သုင်္ဂမင်းဆက်ဟာ နှစ်ပေါင်း (၁၁၂) နှစ်ကြာခဲ့ တယ်။ ပုရှမိတြဟာ ဗြာဟ္မဏ၀ါဒကို ချီးမြှောက်ထောက် ပံ့ပြီး ဗုဒ္ဓ၀ါဒကို ဖိနှိပ်ခဲ့ပေမဲ့ သူ့နောက်ပိုင်း ဘုရင်တွေကတော့ ဗုဒ္ဓ၀ါဒ ကို ထောက်ပံ့ ခဲ့ကြကြောင်းတွေ့ ရတယ်။ ဓါနဘုတိ ၀ါဆိ ပုတြ ဘုရင် ဟာ ဘာရဟုတ်မှာရှိတဲ့ စေတီတော်တစ်ဆူအတွက် မုဒ်ဦးတော် (တောရဏ) တစ်ခုနဲ့ ကျောက်သားကျောင်းဆောင် တစ်ဆောင် (သီလာကမ္မံတ) ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ ကျောက်စာရေးထိုးမူတွေကနေ သိရတယ်။ သူရဲ့သားတော် ၀ါဓပါလ မင်းသားကတော့ စေတီတော် ပတ်လည်က ဘုရားပရ၀ဏ် တံတိုင်းလှူဒါန်းခဲ့တယ် လို့ဆိုပါတယ်။ ဒါ့အပြင် မိဘုရား နာဂရက္ခိတာ ဟာလည်း အဲဒီ တံတိုင်းဆောက်လုပ်ရာမှာ လှူဒါန်းတယ်လို့ ဆိုတယ်။ မထုရာမှာ တွေ့ရတဲ့ ကျောက်စာတွေ မှာလည်း ၀ါဓပါလမင်းသားဟာ အဲဒီနေရာက ဘုရားတံတိုင်းအတွက်လည်း လှူဒါန်းခဲ့တယ် လို့ တွေ့ရတယ်။

ဘာရဟုတ်နဲ့ ဆန်ချီ

ဘာရဟုတ် ဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ အနောက်တောင်ဘက်ယွန်းယွန်း၊ အနောက်ဘက်ကမ်းရိုးတန်းကနေမာဂဓတိုင်းကိုသွားရာလမ်းမကြီးပေါ်မှာတည်ရှိတယ်။ ဒီ လို အချက်ခြာကျတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိတဲ့အတွက် ဘာသာခြားတပ်တွေ ကျူးကျော်ဝင်ရောက်တဲ့အခါ ဘာရဟုတ်မှာရှိတဲ့ ဗုဒ္ဓသာသနိကအဆောက်ဦးတွေဟာလုံးဝဖျက်စီးခြင်းခံခဲ့ရတယ်။၁၈၇၃ခုနှစ်အိန္ဒိယရှေးဟောင်းသုတေသနလေ့လာမူလုပ်တဲ့ ဗြိတိသျှစစ်ဗိုလ် ကမ်နင်ဂမ်ဟာ အဲဒီ အဆောက်ဦးတွေရဲ့ အပျက်အစီးတွေကို စတင်တွေ့ရှိခဲ့တယ်။ တွေ့ရှိခဲ့တဲ့ အရှေ့ဘက်မုဒ်ဦးနဲ့ ကြွင်းကျန်ရစ်တဲ့ တံတိုင်း၊ ပရ၀ဏ် လက်ရန်းတွေကိုကာလကတ္တား ပြတိုက်ကို ပို့ခဲ့ပြီး၊ ပြန်လည်မွှမ်းမံ ပြသထားခဲ့ပါတယ်။အဲဒီမုဒ်ဦးနဲ့တံတိုင်းအကြွင်းကျန်ဟာ ဘာရဟုတ်ရဲ့ ခမ်းနားထည်ဝါ မူကို ဖော်ညွှန်းနေတယ်။ ဓါနဘုတိ ဘုရင်နဲ့ ပတ်သက်တဲ့ ကျောက်စာ ကို အရှေဘက်မုဒ်ဦးက ကျောက်စာတိုင် မှာတွေ့ရှိခဲ့ပြီး၊ အဲဒီနေရာက စေတီဟောင်းဟာ သုင်္ဂမင်းဆက်ရဲ့ အတောက်ပဆုံး ခေတ်ကာလဖြစ်တဲ့ ဘီစီ (၂) ရာစုအလယ်ပိုင်း မှာ တည်ဆောက်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

ပါဋလိပုတ် နဲ့ ၀ိဒိသာ ဟာ သုင်္ဂမင်းဆက်ရဲ့ နိုင်ငံရေး အချက်ခြာအကျဆုံး မြို့တွေဖြစ်တယ်။ ၀ိဒိသာ မြို့ဟာ အသောကမင်းကြီး ရဲ့သားတော် မဟိန္ဒ မထေရ်မြတ် ရဲ့ဇာတိမြို့ဖြစ်တဲ့အတွက်ဗုဒ္ဓသာသနာရဲ့အရေးပါဆုံးမြို့တစ်မြို့ဖြစ်ခဲ့လို့ အနီးပတ်ဝန်းကျင် မှာ စေတီဟောင်း အမြောက် အများတွေ့ကြရတယ်။ ဘီလ်သ စေတီတော်တွေ လို့အမည်တွင်တဲ့ စေတီပေါင်း ခြောက်ဆယ်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တယ်။အဲဒီ စေတီတော်အများစု ဟာပျက်စီးယိုယွင်းနေကြပြီ ဖြစ် ပေမဲ့ဆန်ချီမှာရှိတဲ့ စေတီတော်အကြီး၊အသေး နှစ်ဆယ်လောက်ကတော့ အကောင်းပတိအတိုင်းရှိနေပါသေးတယ်။နာမည်ကျော် ဆန်ချီစေတီတော် ကိုယခုအခါ ကောင်းကောင်းမွန်မွန်ထိန်းသိမ်း ထားတယ်။ စေတီတော်ဟာအလွန်ထည်ဝါတဲ့ အဆောက်အဦးဖြစ်ပြီး၊ ဉာဏ်တော် အမြင့် (၁၄.၄) မီတာနဲ့၊ အချင်းလုံးပတ်ဟာ (၃၇) မီတာ ရှိတယ်။

သုတေသနပြုလုပ်ချက်အရ ဆန်ချီစေတီတော်ဟာ အသောကမင်းကြီး စတင်တည်ထားခဲ့တာဖြစ်ပြီး ယခု ဖူးမြော်ကြရတဲ့ စေ တီတော်ပုံစံဟာ သုင်္ဂမင်းဆက်က ကျောက်သားနဲ့မွှမ်းမံပြီးထပ်ဆင့်တည်ထားတဲ့ စေတီဖြစ်တယ်လို့သိရတယ်။ စေတီတော်ပရ၀ဏ် လက်ရန်းတွေနဲ့ လေးဘက်လေးတန်က စေတီတော် မုဒ်ဦးလေးခု ဟာလည်း ဖြည့်စွက်တည်ဆောက်မူဖြစ်တယ်။ အဲဒီ မုဒ်ဦး တွေထဲမှာ တောင်ဘက်မုဒ်ဦးဟာ ရှေးအကျဆုံးဖြစ်ပြီး အန္ဓရမင်းဆက် အစောပိုင်းကာလမှာတည်ဆောက်ခဲ့တာ ဖြစ်ကြောင်း ကျောက်စာရေးသားချက်တစ်ခုမှာ ဖော်ပြထားတယ်။ဒါကြောင့်မိုလို့ဆန်ချီစေတီတော်ဟာ မောရိယမင်းဆက်၊ သုင်္ဂမင်းဆက်နဲ့ အန္ဓရမင်းဆက်များ အုပ်စိုးစဉ်ကာလတစ်လျှောက်မှာ တစ်ရစ်ခြင်း တိုးချဲ့တည်ထားခဲ့တာဖြစ်ကြောင်း သိရ ပါတယ်။ စေတီတော်ရဲ့ မုဒ်ဦးလေးခုဟာအလွန်ပြောက်မြောက်ပြီးအနုစိတ်တဲ့ရုပ်ကြွတွေနဲ့မွှမ်းမံထားတာဖြစ်လို့အနုပညာသမိုင်းမှာ ကျော်ကြား လှပါတယ်။

သုင်္ဂမင်းဆက်ရဲ့ ဘုရင်အများစုဟာ ဗုဒ္ဓ၀ါဒကို ထောက်ပံ့အားပေးတဲ့ ဘုရင်တွေဖြစ်လို့ ဆန်ချီဒေသမှာ ဗုဒ္ဓသာသနိက အဆောက်ဦးတွေ အမြောက်အများ တိုးပွားလာခဲ့တယ်။ စေတီ ပရ၀ဏ်က တံတိုင်း လက်ရန်း အများစု ဟာ အဲဒီ ခေတ်က ထွင်း ထုခဲ့တာဖြစ်တယ်။ အဲဒီ လက်ရန်းတွေပေါ်က ရုပ်ကြွတွေဟာ ဗုဒ္ဓ၀င်ဇာတ်ကြောင်းတွေနဲ့ ဇာတ်နိပါတ်ဖြစ်စဉ်တွေကို သရုပ် ဖော်ထားပြီး ဗုဒ္ဓ၀င်ဖြစ်စဉ် (၁၅) ခုနဲ့ ဇာတ်နိပါတ်တော် (၃၂) ခု ကို အသေ ချာပြောနိုင်ခဲ့ပြီးဖြစ်တယ်။ ဗုဒ္ဓ၀င်ရုပ်ကြွ တွေမှာ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော်ကို လူသားအသွင်နဲ့ သရုပ်ဖော်ထားခြင်းမရှိဘဲ၊ ဗောဓိပင်နဲ့ ပလ္လင်တော်ပုံကိုသာတွေ့ရတယ်။ လူတွေ၊ တိရစ္ဆာန်တွေဟာ အဲဒီပလ္လင်တော်ကို ရှိခိုးနေဟန် ထွင်းထု ထားပါတယ်။ ဒါ့အပြင် ပွင့်တော်မူခဲ့ပြီးတဲ့ ဘုရားခုနှစ်ဆူရဲ့ အမှီပြု ရာ ဗောဓိပင် ခုနှစ်မျိုးကို ထွင်းထုထားတာတွေ့ရလို့ အဲဒီ ခေတ်ကလူတွေဟာ ခုနှစ်ဆူသော ဘုရားကို ယုံကြည်ကိုး ကွယ်ကြတယ် လို့သိရတယ်။

ဘာရဟုတ်က စေတီ တံတိုင်းလက်ရန်းတွေနဲ့ အခြားအဆောက်အဦးတွေရဲ့ အလှူရှင်တွေကို အဲဒီနေရာမှာတွေ့ရှိရတဲ့ကျောက် စာတွေမှာ မှတ်တမ်းတင် ထားတယ်။ ကျောက်စာချပ်ပေါင်း (၂၀၉) ချပ်မှာ ရေးထိုးထားတဲ့ အလှူရှင်တွေကို လေ့လာခြင်းအား ဖြင့် သူတို့နဲ့ပတ်သက်တဲ့ အဖိုးတန် အချက်လက်များစွာကို သိရှိရတယ်။ အလှူရှင်အမည်တွေမှာ ရဟန်းတစ်ပါးချင်း၊ ရဟန်းမ တစ်ပါးချင်းရဲ့ အမည်တွေပါရှိတယ်။ အချို့ရဟန်းတော်၊ ရဟန်းမ များမှာ ‘‘ပေဋကင်’’ ပိဋကတ်သုံးပုံဆောင်’’၊ သို့မဟုတ် ‘‘ ပစနေကာယိကာ’’ နိကာယ်ဆောင်၊ စသည်ဖြင့် ဘွဲ့အမည်တွေကို တွေ့ကြရတယ်။ ဒါကြောင့်မို့ အဲဒီခေတ်က ပိဋကတ်တော် ကို သုတ္တံ ပိဋကတ်၊ ၀ိနည်း ပိဋကတ် စသည်ဖြင့် ခွဲခြားထားပြီး ဆိုတာ ခန့်မှန်းသိရှိနိုင်တယ်။ အဘိဓမ္မာ ပိဋကတ်ကို လည်း ခွဲ ခြားလေ့လာကြမယ် လို့ ယူဆရပါတယ်။ ‘‘နိကာယ်ငါးရပ်’’ ဆိုတဲ့စကားကိုလည်းတွေ့ရလို့ သုတ္တံ ပိဋကတ်တော်ကိုလည်း ပါဠိ ဗုဒ္ဓဘာသာမှာ ယခုရှိနေသလိုမျိုး အပိုင်းငါးပိုင်းခွဲခြားလေ့လာ နေကြပြီလို့ ဆိုနိုင်ပါတယ်။ ဒါအပြင် ‘‘သုတ္တန္တိက’’ သုတ္တံဆောင် ဆိုတဲ့ ဘွဲ့အမည်ကိုလည်း တွေ့ရတယ်။

‘‘ဘာဏက’’လို့ဘွဲ့အမည်တပ်ထားတဲ့ပုဂ္ဂိုလ်ခြောက်ယောက်ကို တွေ့ရတယ်။ ၀ိသုဒ္ဓိမဂ္ဂ ကျမ်းလို ပါဠိကျမ်းဂန်တွေမှာ ဒီဃ နိကာယ်ဆောင်၊ မဇ္ဈိမ နိကာယ်ဆောင်၊ စသည်ဖြင့် ပိဋကတ်ရဲ့ အစိတ်ပိုင်းတစ်ခုကို အထူးပြုလေ့လာကြတဲ့ သံဃာတော်တွေ ရှိကြောင်းတွေ့ရပြီး မဟာယာန ကျမ်းစာတွေမှာလည်း ‘‘ဓမ္မ ဘာဏက’’ ဆိုတဲ့အသုံးနှုန်းကိုတွေ့ရတယ်။ ဘာရဟုတ်က ကျောက်စာတွေမှာတော့ ‘‘ဘာဏက’’ လို့ဘဲ သုံးနှုန်းထားတာဖြစ်လို့ ဘယ်ကျမ်းဂန် အစိတ်ပိုင်းကို ဆောင်ထားတယ် ဆိုတာ ကို မသိကြရဘူး။ ကျောက်စာထဲမှာ တွေ့ရတဲ့ ဘာဏ က ခြောက်ဦးထဲက တစ်ဦးကို “အာရယ’’ (ပညာရှိ) လို့ခေါ်ထားပြီး၊ သုံး ဦး ကိုတော့ ‘‘ဘဒ္ဒန္တ’’ လို့ခေါ်ထားတာတွေ့ရတယ်။ ဒါကြောင့် ဒီ လေးဦးဟာ ရဟန်းဖြစ်မယ် လို့ ခန့်မှန်းရပြီး အခြားနှစ်ဦးက တော့ ထူးခြားတဲ့ ဘွဲ့အမည်မပါလို့ ရဟန်းလို့ သေချာတပ်အပ် မပြောနိုင် ဘူး။ စောစောက ပြောခဲ့တဲ့ ‘‘ပေဋကင်’’ ဘွဲ့အမည်တပ် ထားသူဟာလည်း ‘‘အာရယ ဇာတ’’ လို့ ဖော်ပြထားလို့ ရဟန်းတော်ဖြစ် ပါလိမ့်မယ်။ နိကာယ်ဆောင် ပုဂ္ဂိုလ်ကတော့ ဗုဒ္ဓရက္ခိ တ လို့ သာ ဖော်ပြထားတယ်။ သုတ္တံဆောင်ပုဂ္ဂိုလ်ရဲ့ အမည်ဟာလည်း ‘‘အာရယ စူဠ’’ ဖြစ်ပြီး ရဟန်းတော်ဖြစ်တယ်။

ဆန်ချီဟာ အိန္ဒိယ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတို့ရဲ့ နယ်စပ်၊ ဘာရဟုတ်ရဲ့ အနောက်တောင်ဘက် ယွန်းယွန်းမှာရှိတယ်။ ဆန်ချီမှာ ကျောက်စာပေါင်း (၉၀၄) ခု တွေ့ရပြီး၊ ဘာရဟုတ်ထက် ပိုများပါတယ်။ အဲဒီ ကျောက်စာတွေထဲမှာ စေတီ နံပါတ် (၂) မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရိုးဓါတ်တော်အိုးငါးလုံးရဲ့ အောက်ခြေနဲ့ အဖုံးမှာ ရေးထိုးထားတဲ့ ကျောက်စာတွေပါဝင်တယ်။ အဲ ဒီထဲက အရိုးဓါတ်တော်အိုး နှစ်အိုးဟာ ဟိမ၀န္တာဒေသမှာ တရားဓမ္မသင်ကြားပြသ ခဲ့တဲ့ ကဿပအနွယ် ပညာရှိ ရဟန်းတော် နဲ့ ရဟန်းတော် မဇ္ဈိမ မထေရ်တို့ရဲ့ ဓါတ်တော်တွေဖြစ်ကြောင်း သိရှိရတယ်။ သမန္တပါသာဒိက ကျမ်းမှာ အဲဒီ ရဟန်းတော်နှစ်ပါးဟာ အသောကမင်းကြီးခေတ်က ဟိမ၀န္တာဒေသကို ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသာနာပြုခရီးကြွချီခဲ့ တဲ့ရဟန်းတော်နှစ် ပါးဖြစ်ကြောင်း ဖော်ပြထားတယ်။ နောက် အရိုးဓါတ်တော်အိုး တစ်အိုးကတော့ “မောဂ္ဂလိပုတ္တ တိဿ” မထေရ်ရဲ့ ဓါတ်တော်တွေပါဝင်တယ် လို့သိရပြီး၊ ဒီ မထေရ်မြတ်ဟာ အသောကမင်းကြီးရဲ့ ဆရာ ဖြစ်ပါ လိမ့်မယ်။ စေတီတော် နံပါတ် (၄) မှာ နောက်ထပ် အရိုးဓါတ် တော်အိုး (၄) အိုးတွေ့ရတယ်။ အဲဒီထဲက ဓါတ်တော်အိုး တစ်အိုးဟာ ‘‘ရှင်သာရိပုတ္တရာ’’ မထေရ်မြတ်ရဲ့ ဓါတ်တော်တွေပါဝင် ကြောင်းရေးသားထားပါတယ်။ အခြားတစ်အိုးကတော့ ‘‘ရှင်မောဂ္ဂလာန်’’ မထေရ်ရဲ့ ဓါတ်တော်အိုးဖြစ်တယ်။ ဒီ ဓါတ်တော်အိုး တွေဟာ ရှင်တော် ဗုဒ္ဓရဲ့ အဂ္ဂသာဝက မထေရ်မြတ် နှစ်ပါးရဲ့ ဓါတ်တော်အိုးတွေဖြစ်မယ် လို့ ယူဆရပါတယ်။ သို့သော်လည်း ဓါတ်တော်အိုးပေါ်မှာ ရေးထိုးထားတဲ့ စာတမ်းဟာ ဘီစီ (၂) ရာစုက စာတမ်းဖြစ်တယ်။

ဆန်ချီစေတီတော် က မုဒ်ဦး (၄) ခုနဲ့ ပရ၀ဏ် တံတိုင်းလက်ရန်းတွေကို ဘီစီ (၁) ရာစုက ဆောက်လုပ်ခဲ့တယ်။ မုဒ်ဦးတွေကို အနုစိတ်လက်ရာ ရုပ်ကြွတွေနဲ့ မွှမ်းမံထားပြီး ဗုဒ္ဓ၀ါဒက အစောင့်ရှောက်နတ်တွေရဲ့ပုံတွေကို ထွင်းထုထားသလို ဗုဒ္ဓ၀င်ဖြစ်စဉ် (၂၈) ကွက်နဲ့ ဇာတ်နိပါတ်ဖြစ်စဉ် (၆) ကွက် ကိုလည်း တွေ့ကြရတယ်။ မုဒ်ဦးနဲ့ ပရ၀ဏ်တံတိုင်းတွေပေါ်မှာ ကုသိုလ်ရှင် များစွာရဲ့ အမည်တွေကိုလည်း ရေးထိုးထားပါရှိပြီး ရဟန်းတော်၊ ရဟန်းမများနဲ့ လူဝတ်ပုဂ္ဂိုလ်တို့ရဲ့ အမည်တွေ ပါဝင်တယ်။ အလှူရှင် အများစုဟာ ဆန်ချီဒေသက မဟုတ်ကြဘူး၊ ဥပမာ ‘‘၀ါဠိဝဟန မှာနေသော ယက္ခီ ထေရီမ ၏ ကုသိုလ်တော်’’ စသည် ဖြင့်တွေ့ရလို့ဖြစ်တယ်။ ရဟန်းတော်နဲ့ ရဟန်းမ အများစုဟာ ၀ိဒိသာက ဖြစ်ပြီး၊ အချို့အလှူရှင်တွေရဲ့ နေရပ်ကိုတော့ ရေးထိုး မထားဘူး။
လူ အမည်တွေ ကိုရေးထိုးတဲ့အခါ ဥပါသကာ၊ ဥပါသိကာ ဆိုတဲ့ အသုံး နည်းပြီး အမည်သက်သက်ကိုသာ ရေးထိုးကြတယ်။ အကြောင်း ရင်းမသိရပါ။ ဂဟပတိ အမည်ငါးနေရာတွေ့ရပြီး သေဋ္ဌိ အသုံးကို (၁၇) နေရာတွေ့ရတယ်။ ဒါကြောင့်မို့ အလှူရှင်အများစု ဟာ ကုန်သည်အလွှာက ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ ဒါ့အပြင် ကျေးရွာတွေ၊ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းမူကို လည်း နှစ်နေရာ၊ သုံးနေရလောက်တွေ့ရပြီး၊ ဂရိ အလှူရှင်တစ်ဦးရဲ့ မှတ်တမ်းကိုလည်း တွေ့ရပါတယ်။

ကျောက်စာတစ်ခုမှာ နိကာယ်ဆောင် ရဟန်းတော်တစ်ပါးရဲ့ အမည်ကိုတွေ့ ရသလို၊ သုတ္တံဆောင် (သုတ္တတိကိနီ) အမျိုးသမီး တစ်ဦးဖြစ်တဲ့ မဋလဆိကဋ ကအ၀ိသိနာဆိုတဲ့အမည်ကို နှစ်ကြိမ်တွေ့ရတယ်။ နောက်ထပ် သုတ္တံဆောင် အမျိုးသားတစ်ဦး အမည်ကိုလည်း တွေ့ရသလို အခြားကျောက်စာ တစ်ခုမှာတော့ တရား ရွက်ဆောင်သူ ‘‘ဘာဏက’’ ဘွဲ့နဲ့ ရဟန်းတော်တစ်ပါး နဲ့ လူပုဂ္ဂိုလ်တစ်ဦးကို တွေ့ရတယ်။ နိကာယ ဗုဒ္ဓဘာသာ ဂိုဏ်းဟာ ဘာရဟုတ်နဲ့ ဆန်ချီ စေတီတော်တွေ တည်ထားတဲ့အချိန် ကရှိနှင့်ပြီး ဖြစ်မယ် လို့ ခန့်မှန်းရပေမဲ့ အဲဒီ နှစ်နေရာက ကျောက်စာတွေမှာတော့ ဒီလို ဗုဒ္ဓ၀ါဒဂိုဏ်းကို ရည်ညွှန်းချက်မျိုးကို တစ်နေရာမှ မတွေ့ရပါဘူး။

ဆန်ချီနားမှာအန္ဓရ စေတီတော်များနဲ့ဘိုဂ်ျပူရ် စေတီတော်များဆိုပြီး စေတီအစုဝေး နှစ်နေရာရှိပြီး ဒီစေတီတော်တွေကို တစ်စု တည်းပေါင်းပြီး ဘီလ်သ စေ တီတော် များလို့ ခေါ်ပါတယ်။ ဘီလ်သ ရဲ့ အနောက်တောင် ဘက်၊ ရွာငယ်တစ်ခုမှာ တည်ရှိတဲ့အန္ဓရစေ တီတော်သုံးဆူမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်စာတွေမှာ ‘‘မောဂ္ဂိလိပုတ္တ နဲ့ ဟာရီတိ ပုတ္တ’’ ဆိုတဲ့အမည် တွေကို တွေ့ ရှိရတယ်။
ဆန်ချီနဲ့ ဘာရဟုတ် အပြင်၊ အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ တွေ့ရတဲ့ အရေးပါတဲ့ ရှေးဟောင်းဗုဒ္ဓ၀င်နေရာ တစ်ခုကတော့ သကျမုနိ ဗုဒ္ဓ သဗ္ဗညုတ ဉာဏ်တော် ရရှိတော်မူခဲ့ရာ နေရာဖြစ်တဲ့ ဗုဒ္ဓဂါယာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ အစောပိုင်း ခေတ်ကာလကတည်းက စေတီတည်ထားခဲ့တယ်။ သုင်္ဂမင်းဆက်အတွင်းက ဗုဒ္ဓမြတ်စွာ သမ္မာသမ္ဗောဓိဉာဏ်တော် ရရှိခဲ့ရာ အောင်မြေ ရဲ့ ပတ်ပတ်လည်မှာ အလွန်ကြီးကျယ် ခမ်းနားတဲ့ တံတိုင်းပရ၀ဏ်ကြီးတည်ဆောက်ခဲ့ပေမဲ့ ယခုအခါ မှာ အကြွင်းအ ကျန်မျှ တွေ့ ရပါတော့တယ်။ အဲဒီ အောင်မြေတော်မြတ်ရဲ့ အလယ်ဗဟိုဟာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ရရှိခဲ့စဉ်က သီတင်းသုံး တော်မူခဲ့တဲ့ မဟာဗောဓိညောင်ပင်ရင်းက ပလ္လင်တော်ဖြစ်ပါတယ်။ ဂုပတ မင်းဆက် အတွင်းက ဒီနေရာ မှာ စေတီတော်ကြီးတစ် ဆူတည်ထားခဲ့တယ်။ ယခု ဖူးမြင်နေကြရတဲ့ စေတီတော်ကတော့ နှောင်းခေတ်မှာ ဆက်လက် မွှမ်းမံပြုပြင်ထားတဲ့ စေတီတော် ဖြစ်တယ်။ အဲဒီနေရာမှာ ရှေးအကျဆုံး ကြွင်းကျန်နေဆဲ အစိတ်ပိုင်းဟာ ပရ၀ဏ်တံတိုင်းလက်ရန်းရဲ့ တစ်စိတ် တစ်ပိုင်း သာ ဖြစ်တယ်။ ဒီ တံတိုင်းကို အစဉ်လာအားဖြင့် အသောကမင်းကြီး လှူဒါန်းခဲ့တယ်ပြောပေမဲ့ သုတေသန ရှာဖွေဖော်ထုတ်မူအရ ဘာရဟုတ် က စေတီတော်၊ အဆောက်အဦးတွေ တည်ဆောက်ပြီး မှ ဆောက်လုပ် ခဲ့ခြင်းဖြစ် တယ် လို့ သုံးသပ်ကြတယ်။အဲဒီ တံတိုင်း လက် ရန်းတွေပေါ်မှာ ဗုဒ္ဓ၀င်ဖြစ်စဉ် (၅) ကွက်နဲ့ ဇာတ်နိပါတ်ဖြစ်စဉ် (၂) ကွက်ကို ထုထွင်းထားတယ်။

အိန္ဒိယ အလယ်ပိုင်းမှာ နောက်ထပ် အရေးပါတဲ့ ရှေးဟောင်း ဗုဒ္ဓ၀င်နေရာတွေရှိပါသေးတယ်။ ပါဋိလိပုတ် မှာ အလွန်ခမ်းနား ကြီးကျယ်တဲ့ တံတိုင်းပရ၀ဏ်ဟောင်းရဲ့ အစိတ်ပိုင်းတစ်ခုကို တူးဖော်တွေ့ရှိရပြီး အသောကမင်းကြီး ဆောက်လုပ် လှူဒါန်းခဲ့တဲ့အသောကာရာမ ကျောင်းတိုက်
ကြီးရဲ့ ခမ်းနားမူ ကို ဖော်ညွှန်းနေပါတယ်။အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ စေတီပုထိုးတော်တွေ၊ ဘုရားကျောင်းတွေ အများကြီး တည်ရှိခဲ့မယ် ဆိုတာ သေချာပါတယ်။ သို့ပေမဲ့ ယနေ့ခေတ်မှာတော့ အကြွင်းအကျန် အနည်းငယ် မျှကိုသာ တွေ့မြင်ကြရတော့တယ်။ ဗုဒ္ဓမြတ်စွာ တရားဦးဟောကြားတော် မူခဲ့တဲ့ ဆာရနာထ် မှာတော့ ဘီစီ (၂) ရာစုက အသောမင်းကြီးရဲ့ သဲကျောက် ကျောက်စာတိုင်ကြီး တစ်တိုင်နဲ့ ဗြာဟ္မဟီ အက္ခရာနဲ့ ရေးထိုးထားတဲ့ ကျောက်စာအမြောက်အများကိုတွေ့ရ တယ်။အဲဒီ နေရာကတံတိုင်းလက်ရန်းတစ်ခုရဲ့ ကျောက်သားပေါ်မှာ ထေရီမ သံဝဟိတာ ရဲ့ကောင်းမူဖြစ်ကြောင်း ရေးထိုးထားပါတယ်။ အသောကရုံ ကျောင်းတိုက်ကြီးမှာ စေတီတော် တည်ရှိခဲ့တာသေချာသလို ဗီဟာပြည်နယ်၊ လောရိယာ နန္ဒင်္ဂရဟ်မှာ လည်း သုင်္ဂမင်းဆက် ဆောက် လုပ်ခဲ့တဲ့ ဗုဒ္ဓ၀င်ရှေးဟောင်းနေရာတစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြ တယ်။ အဲဒီ နေရာ မှာ ကြီးမားတဲ့ စေတီတော်တစ်ဆူ တည်ရှိခဲ့ကြောင်း ခန့်မှန်းရပေမဲ့ ကျောက်စာမှတ်တမ်းတွေ ကိုတော့ မတွေ့ရဘူး။

ကာဏ၀ မင်းဆက်

သုင်္ဂမင်းဆက်ရဲ့ ကိုးဆက်မြောက် ဘုရင် ဒေ၀ဘူတိဟာ သူ့ရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ၀ါသုဒေ၀ရဲ့ ပုန်ကန်ထကြွမူကြောင့် လုပ် ကြံခံရတဲ့ အချိန် ဘီစီ (၇၀) လောက် အထိ၊ နန်းစံနှစ် (၁၀) နှစ် လောက်ကြာအောင် အုပ်စိုးသွားခဲ့တယ်။ အဲဒီနောက် ၀ါသုဒေ၀ ဟာ ကာဏ၀ မင်းဆက်ကို တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၄၅) နှစ်လောက်ကြာအောင် ဂင်္ဂါမြစ်ဝှမ်းဒေသမှာ အုပ်ချုပ်စိုးစံသွား ခဲ့တယ်။ သို့သော် ဒီ မင်းဆက်ဟာ တန်ခိုးအာဏာ နည်းပါးတဲ့အတွက် လေးဆက်မြောက်မင်းလက်ထက်မှာ တောင်ဘက်က အန္ဓရမင်းဆက်ရဲ့ လွှမ်းမိုးခြင်းခံ ခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ မာဂဓတိုင်းဟာ နှစ်ကာလ အတော်ကြာအောင် အန္ဓရမင်းဆက် လက်အောက် ရောက်ရှိသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း မက်ဆီဒိုးနီးယား ဘုရင်များ

မောရိယ အင်ပါယာကြီးရဲ့ သြဇာအာဏာ ကျဆင်းလာချိန်၊ ဘီစီ (၁၈၀) လောက်ကစပြီး၊ တိုင်းတပါးတပ်တွေဟာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းကို ထိုးဖောက်ဝင်ရောက်လာပြီး၊ အဲဒီ နောက်ပိုင်း တိုင်းတပါးသားတွေဟာ အဲဒီဒေသမှာ နှစ်ပေါင်း အ တော်ကြာအောင် စိုးမိုးအုပ်ချုပ်သွားခဲ့တယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းတပါးတပ်တွေထဲမှာ ပထမဆုံးတိုင်းတပါး တပ်ဟာ ဂရိတပ်တွေဖြစ်ပြီး၊ သူတို့ကို သက္ကတလို ‘‘ယ၀န’’ ၊ ပါဠိလို ‘‘ယောန’’ လို့ ခေါ်ခဲ့ကြတယ်။ အဲဒီ အမည်နှစ်ခုဟာ ‘‘အိုင်အိုးနီးယား’’ ဒေသနဲ့ ဆက်စပ်နေလိမ့်မယ် လို့ ခန့်မှန်းရပါတယ်။
ဂရိဘုရင် မဟာ အလက်ဇန္ဒားဟာ ဘီစီ (၃၂ရ) မှာ အိန္ဒိယနိုင်ငံထိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အိန္ဒိယမှာ ဂရိယဉ်ကျေးမှု၊ ဓလေ့ ထုံးစံတွေကို ပြန့်နှံ့စေခဲ့တယ်။ သို့သော်လည်း သိပ်မကြာခင် ဘီစီ (၃၂၁-၂၉၇) မှာ ဘဲ မောရိယ အင်ပါယာကို တည် ထောင်ခဲ့တဲ့ စန္ဒဂုတ်ဘုရင်ဟာ ဂရိတပ်တွေကို ပြန်လှန်တိုက်ထုတ်နိုင်ခဲ့ပြန်တယ်။ အလက်ဇန္ဒားဘုရင် နတ်ရွာစံတဲ့အခါ အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသဟာ မက်ဆီဒိုးနီးယား ဘုရင်ရဲ့ အုပ်စိုးမူအောက်မှာ ဆက်လက်ရှိနေခဲ့တယ်။ ဆီလူးဆစ်ဒ် မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ပထမ ဆီလူးကပ် ဘုရင်ဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ ပါဋလိပုတ်က စန္ဒဂုတ်ဘုရင်ရဲ့နန်းတော် မှာ သံတမန်အဖြစ်ဆောင်ရွက်ဖို့ ၊ ဂရိလူမျိုး မိဂါစ်သီးနက်စ် ကို စေလွှတ်ခဲ့တယ်။ မိဂါစ်သီးနက်စ် ဟာ ပါဋလိပုတ် နန်းတော်မှာ ဘီစီ (၃၀၃) ကနေ ဘီစီ ၂၉၂ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သူတာဝန်ထမ်းဆောင်စဉ်ကာလ ပါဋလိပုတ်က အတွေ့အကြုံ တွေ ကို ရေးသားမှတ်တမ်းတင်ခဲ့ရာက၊ အဲဒီ မှတ်တမ်း ဟာ ကျော်ကြားထင်ရှားသွားပါတယ်။ ဘီစီ (၃) ရာစု အလယ်ပိုင်းလောက် မှာ ဘက်ထရီးယားပြည် (ယနေ့ခေတ် ဘော်လခ် ဒေသ၊ အိုဇက်စ် မြစ်နဲ့ သိန္ဓု မြစ်ကြား၊ အာဖရိကန်နစ္စတန်မြောက်ပိုင်းဒေသ)နဲ့ ပါသီးယားပြည် တို့ဟာ ဆီလူးဆစ်ဒ် မင်းဆက်ရဲ့ အုပ်ချုပ်မူအောက်ကနေ လွတ်မြောက်သွားခဲ့တယ်။

ဘီစီ (၃) ရာစုကနေ၊ ဘီစီ (၂) ရာစု အလယ်ပိုင်းလောက်မှာ နောက်ထပ် ဆီလူးကပ် ဘုရင်တစ်ပါးဖြစ်တဲ့ဆီးရီးယားပြည် ရဲ့ တတိယ အန်တီယိုကပ် ဘုရင်နဲ့ ဘက်ထရီးယားပြည်ရဲ့ စတုတ္ထမြောက်ဘုရင် ဒီမီထရီးရို တို့ဟာ အိန္ဒိယပြည်ကို ကျူးကျော်ဝင် ရောက်ခဲ့ပြန်တယ်။ သူတို့ဟာ အိန္ဒိယမြောက်ပိုင်းထိ သိမ်းပိုက်နိုင်ခဲ့ပြီး၊ အလယ်ပိုင်းဒေသထိ ၀င်ရောက်နိုင်ခဲ့တယ်။ ဘီစီ ပထမ ရာစုနှစ်ကို ရောက်တဲ့အခါ သက လူမျိုးတို့ရဲ့ဘုရင် မောယုစ် ဟာ အိန္ဒိယပြည် ကို ကျူးကျော်ဝင်ရောက်ခဲ့ပြန်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မက်ဆီဒိုးနီးယန်း ဘုရင်တွေရဲ့ အုပ်စိုးမူကို အဆုံးသတ်သွားစေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တဲ့ မက်ဆီဒိုးနီးယန်း ဘုရင်တွေထဲမှာ မီနန်ဒရို (ပါဠိ - မိလိန္ဒ) ဘုရင်ဟာ အထူးအရေးပါနေတယ်။ မိနန်ဒရို ဘုရင်ဟာ အိန္ဒိယနိုင်ငံအတွင်းထိ ၀င်ရောက်သိမ်းပိုက်ခဲ့ပြီး အိန္ဒိယပြည် အလယ်ပိုင်းကနေ အာဖရိကန်နစ္စတန် ထိ ကျယ်ပြန့်တဲ့ တိုင်းပြည်ထူထောင်ပြီး ဘီစီ ၁၆၀ ကနေ ၁၄၀ ကာလထိ အုပ်ချုပ်စိုးစံသွားခဲ့တယ်။ သူ့အင်ပါယာ ရဲ့ မြို့တော်ဟာ သာကလမြို့ ဖြစ်တယ်။

မိနန်ဒရိုဘုရင်ဟာ ဗုဒ္ဓဘာသာ ရဟန်းတော် နာဂသေန မထေရ်မြတ်နဲ့ အယူဝါဒရေးရာ စကားပြိုင်ဆိုင်ဆွေးနွေးခဲ့ပြီး နောက်ဆုံး မှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့တယ် လို့ ဆိုတယ်။ ဘုရင်နဲ့ မထေရ်မြတ်ရဲ့ အခြေအတင်၊ အမေး၊ အဖြေ ပြောဆိုမူတွေကိုစုစည်းမှတ်တမ်းတင် ထားပြီး မိလိန္ဒပဉှာ ကျမ်းအဖြစ် ထင်ရှားပါတယ်။ ဒီကျမ်းရဲ့ ပါဠိမူ မှာ နှောင်းခေတ် ထပ်မံဖြည့်စွက်ချက် တွေ ပါဝင်နေတယ်။ သို့သော်လည်း ကျမ်းဂန်ရဲ့ ရှေးကျတဲ့ အပိုင်းတွေကို တရုတ်ဘာသာပြန်မူနဲ့ တိုက်ဆိုင်ကြည့်နိုင်တယ်။ ပါဠိ၊ တရုတ် မူနှစ်မျိုးစလုံးမှာ တွေ့ရတဲ့ မှတ်တမ်းဟာ ရှေးအကျဆုံးအပိုင်းတွေဖြစ်ပြီး ဘီစီ (၁) ရာစု နဲ့ (၂) ရာစုနှစ်အတွင်းက စိတ် ၀င်စားဖွယ်ကောင်းတဲ့ ဗုဒ္ဓသာသနာရဲ့ အခြေနေကို သိရှိနိုင်ပါတယ်။ ဒီ ကျမ်းဂန်ထဲမှာ မဟာယာန အယူဝါဒ တစ်စွန်းတစ်စမျှ မတွေ့ရှိရပါဘူး။ ဒါဟာ အာဂါမ ကနေ အဘိဓမ္မာကျမ်းဂန်တွေ ဖွံ့ဖြိုးဖြစ်ပေါ်လာမူ ကြားကာလ က ဗုဒ္ဓ၀ါဒရဲ့ အခြေနေကို ပြသနေတယ်။

၁၉၃၇ ခုနှစ်မှာ၊ သိန္ဓုမြစ်ဖျားပိုင်း၊ ဆွတ် တောင်ကြား၊ ရှင်းကော့တ် ဒေသမှာ ဓါတ်တော်အိုးတစ်အိုး တွေ့ရှိခဲ့တယ်။ အိုးပေါ်မှာ ရေးသား ထားတဲ့ စာသားအရ မိလိန္ဒမင်းကြီး ( ကျောက်စာများအရ - မိနဒြ မင်းကြီး) လက်ထက်မှာ ဓာတ်တော်တွေကို ထည့် သွင်းဌာပနာထားတာ ဖြစ်တယ်လို့ သိရတယ်။ ဒီအချက်ဟာ မိလိန္ဒမင်းကြီး လက်ထက် အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ ကို ယုံကြည်ကိုးကွယ်ကြတယ် လို့ ပြောရမဲ့ နောက်ထပ် သက်သေအထောက်အထား တစ်ခုဖြစ်တယ်။

အသောကမင်းကြီးလက်ထက်တုန်းက မဇ္ဈန္တိက မထေရ်မြတ်ဟာ၊ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဒေသကို ဗုဒ္ဓသာသနာ ပြု ခရီး ကြွခဲ့တယ်။ ဒီ ဒေသရဲ့ စောစောပိုင်း သမိုင်းအချက်လက်တွေကို မသိရပေမဲ့ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓဘာသာ ဂိုဏ်းဟာ ကရှမီးယား(ကသ္မီရ) နဲ့ ဂန္ဓာရ မှာ ထွန်းကားခဲ့တယ် ဆိုတာ သေချာပါတယ်။ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းမှာ၊ စေတီတော် နေရာဟောင်း အဆောက်အဦး အကြွင်းအကျန်များစွာကို တွေ့ရှိခဲ့ရတဲ့အချက်က အဲဒီ ဒေသမှာ ဘီစီ (၂) ရာစု အတွင်းက ဗုဒ္ဓ ၀ါဒ ထွန်းကားပြန့်ပွားခဲ့ကြောင်း ညွှန်ပြနေတဲ့ အချက်ဖြစ်တယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းစေတီတော်တွေထဲမှာ အရေး ပါတဲ့ စေတီတော်တစ်ဆူကတော့ တက္ကသီလာမှာ တွေ့ရှိခဲ့တဲ့ ဓမ္မရာဇိကာ စေတီတော်ဖြစ်တယ်။ ဒီစေတီတော်ရဲ့ ရှေးအကျ ဆုံး အစိတ်အပိုင်းဟာ အသောကမင်းကြီးခေတ်ကို ညွှန်ပြနေတယ်။

အပျက်စီးတွေကနေ ခန့်မှန်းရရင် ဓမ္မရာဇိကာ စေတီတော် ဟာ အလွန်ကြီးမားတဲ့ စေတီတော်ကြီးဖြစ်တယ်။ ပြီးတော့ အနီးနားဘေးပတ်ပတ်လည်မှာလည်း ဘုရားဖူးတွေနေထိုင်ဖို့ အဆောက် အဦးနေရာဟောင်းတွေကိုလည်း တွေ့ကြရတယ်။ ဒါကြောင့်မို့လို့ ဒီ စေတီတော်ကြီးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ခေတ်ကာလ အတော်ကြာတဲ့ထိ အဓိက ဗုဒ္ဓ၀င်နေရာတစ်ခု ဖြစ်ခဲ့မယ် ဆိုတာ သေချာပါတယ်။ ၁၉၁၄ ခုနှစ်မှာ၊ စေတီတော် ကြီး အနီးက ခန်းမဟောင်းများစွာကိုထဲက တစ်ခုကနေ ငွေပြားလိပ်တစ်ချပ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။

No comments:

Post a Comment