Search This Blog

Wednesday, January 18, 2017

ကမ္ဘာကို လွှမ်းမိုးခဲ့ တဲ့ ဗုဒ္ဓ ယဉ်ကျေးမှု


လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) လောက်က ကမ္ဘာကြီးရဲ့ ဒေသများစွာဟာ အသိဉာဏ်ချို့တဲ့မှုနဲ့ ရက်စက်အကြမ်းဖက်မှု အမှောင်ကမ္ဘာထဲမှာသာ ရှင်သန်နေထိုင်ခဲ့ကြတယ်။ လူသားယဉ်ကျေးမှုသစ် တစ်ရပ်ဟာ ဂရိနဲ့ အီတလီကို ဗဟိုပြု ပေါ်ထွန်းခဲ့ပြီးဖြစ်ပေမဲ့ ဂရိမှာပါသီနွန်ဘုရားကျောင်း ကြီးကို မဆောက်ရသေးသလို ရောမမြို့ကြီးက လည်း သေးငယ်လှတဲ့ မြို့ကလေးတစ်မြို့ သာရှိပါသေးတယ်။

သို့သော်လည်း အဲဒီခေတ် ကာလမှာ အရှေ့အလယ်ပိုင်း၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ လူသားတွေဟာ စာရေးခြင်း အတတ်နဲ့ ဆောက်လုပ်ခြင်း ဗိသုကာ အတတ်ကို တတ်မြောက်ပြီးတာ ရာစုနှစ်များစွာကြာနေခဲ့ပါပြီ။ သူတို့ရဲ့ ကုန်သွယ်မူ ရွက်လှေတွေ ဟာ ကုန်ပစ္စည်းတွေကိုသာမက၊ အနုပညာလက်ရာတွေ၊ အတွေးသစ်၊ အယူဆသစ်တွေကိုပါ သယ်ဆောင်ပြီး ကမ္ဘာအရပ် ရပ်ကို ပြန့်နှံ့ရောက်ရှိစေခဲ့တယ်။ အဲဒီခေတ် ရှေးကမ္ဘာက လူသားတွေဟာ မိမိတို့ရဲ့ လူသားကံကြမ္မာကို မိမိ တို့ဘာသာ ဖန်တီး တည်ဆောက်နိုင်တဲ့ စွမ်းအားတွေနဲ့ တဖြည်းဖြည်း ပို၍ ပို၍ပြည့်စုံလာခဲ့ကြပြီး လူသားဆန်တဲ့ ကိုးကွယ်ယုံကြည်မူ ဘာသာတရားတစ်ရပ်ကို တောင်းဆိုလာခဲ့ကြတယ်။

ဒီလိုအပ်ချက်အတွက် အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒ ထွန်းကားဖြစ်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံမှာ တာအိုဝါဒ ပေါ်ထွန်းလာခဲ့တယ်။ အဲဒီနောက် နှစ်ငါးရာလောက်ကြာတဲ့အခါ အနောက်တိုင်းမှာ ခရစ်ယာန်ဝါဒ ပေါ်ပေါက်ခဲ့တယ်။ လူသားတွေဟာ အယူးသီးတဲ့အစွဲလမ်းတွေရဲ့ လွှမ်းမိုးမူကနေလွန်မြောက်ခဲ့ပြီးကိုယ့်လွတ်မြောက်မူ အတွက် ကိုယ့်စွမ်းအားနဲ့ ကြိုးစားထွက်မြောက်ပိုင်ခွင့် ရရှိခဲ့ကြတယ်။
အဲဒီနောက် ဗုဒ္ဓ၀ါဒဟာ အာရှတိုက် တစ်ခွင် ပြန့်နှံ့ထွန်းကားသွားခဲ့ပြီး ခရစ်ယာန်ဝါဒဟာ ဥရောပတစ်ခွင် ပြန့်နှံ့ထွန်းကား သွားခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဂေါတမဗုဒ္ဓ ရှင်သန်နေထိုင်တော်မူခဲ့ပြီး ကိုယ်တော်မြတ်ရဲ့ တရားဓမ္မတွေကို သွန်သင်ဟောကြားတော်မူခဲ့ တယ်။ လူသားအားလုံးဟာ ဆင်းရဲခြင်းအမှန်တရား ရဲ့မျက်မှောက်မှာ အတူတူသာဖြစ်ကြောင်း ဟောကြားပြသ ခဲ့တယ်။

တွယ်တာတပ်မက်မူ တဏှာလောဘကိုစွန့်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ အသိဉာဏ်မဲ့မူ အ၀ိဇ္ဇာတရားကို ပယ်နုတ်ခြင်းအားဖြင့် လည်းကောင်း အဲဒီ ဆင်းရဲဒုက္ခအပေါင်းကနေကျော်လွှားလွန်မြောက် နိုင်ကြောင်းကို ဂေါတမဗုဒ္ဓဟာ ကိုယ်တော်တိုင် လွန်မြောက်တော်မူခြင်းအားဖြင့် ပြသတော် မူခဲ့တယ်။ ဒီလိုပြသတော်မူခဲ့ပြီး ဟောကြား လမ်းညွှန်တော်မူခဲ့တဲ့ ဗုဒ္ဓ၀ါဒကို ယနေ့ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ဆက်လက်ယုံကြည် ကိုးကွယ်နေကြဆဲဖြစ်တယ်။

ဗုဒ္ဓမြတ်စွာရဲ့ လမ်းညွှန်မူတွေဟာ ငြိမ်းချမ်းရေး အတွက်သာဖြစ်ခဲ့တယ်။ သမိုင်းတစ်လျောက်မှာ ဗုဒ္ဓ၀ါဒကို အကြောင်းပြုပြီး ညဉ်းပမ်းနှိပ်စက်ခဲ့ခြင်း၊ စစ်ဆင်ခဲ့ခြင်းမျိုး မတွေ့ခဲ့ကြရဘူး။ ဖြစ်ပေါ်ခြင်း မရှိခဲ့ဘူး။ ပဋိပက္ခတွေ အမြဲဖြစ်ပေါ်နေတဲ့ ကမ္ဘာမှာ ဗုဒ္ဓ၀ါဒဟာ လူသားရဲ့ထာဝရငြိမ်းချမ်းရေး ရှာဖွေခြင်း ဆန္ဒကို ဖွံ့ဖြိုးအားကောင်းစေခဲ့တယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ မဟာရာဇာ ဧကရာဇ် မင်းဖြစ်တဲ့ အသောကဘုရင် (ဘီစီ-၃ ရာစု) ဟာ အိမ်နီးချင်း ကလိင်္ဂတိုင်းကို စစ်ထိုးအောင်မြင်ပြီးတဲ့နောက် ဗုဒ္ဓ၀ါဒကို ပြောင်းလဲကိုးကွယ်ခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ယုံကြည်မူနဲ့ ပတ်သက်ပြီး ကျောက်တုံး၊ ကျောက်တိုင်တွေမှာ ကျောက်စာရေးထိုးစေခဲ့ပြီး တိုင်းပြည်အနှံ့ စိုက်ထူစေခဲ့တယ်။

‘‘လူပေါင်း တစ်သိန်းခွဲ နေရပ် မိသားစုကစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်။ လူပေါင်းတစ်သိန်း သေကြေခဲ့ရတယ်။ လူပေါင်းများ စွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ကလိင်္ဂတိုင်းကို အောင်နိုင်ပြီးတဲ့နောက် ဒေ၀ါနံပိယတိဿ မင်းကြီးရဲ့ ရင်မှာ နောက်တ တွေ လွှမ်းမိုးခဲ့တယ်။ တိုင်းပြည်တစ်ခုကို စစ်အောင်နိုင်တယ်ဆိုတာ သတ်ဖြတ်မူ၊ သေကြေပျက်စီးမူနဲ့ စစ်သုံ့ပန်းတွေသာ အဖတ်တင်ခဲ့တယ်။ တိုင်းသူပြည်သားအားလုံးဟာ ညဉ်းပမ်းမူ၊ အကြမ်းဖက်မူ၊ သေဆုံးမူ၊ ချစ်ခင်တဲ့ မိသားဝင်တွေနဲ့ သေကွဲ ရှင်ကွဲ ကွဲကွာကြရမူတွေနဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ကြရတယ်။ ဒီလို သိမြင်နားလည်ခဲ့တဲ့ ဒေ၀ါနံပိယတိဿမင်းကြီးရင်မှာ နောင် တ၊ သောကတွေနဲ့ ပူလောင်ခဲ့ရတယ်။’’

‘‘အကယ်၍ စစ်ဘေးဒုက္ခသည် တွေဟာ ဒီအရေအတွက်ထက်အဆပေါင်းတစ်ထောင်နည်းမယ်ဆိုရင်လည်း ဒီ အတွေးမျိုးက ဒေဝါနံ ပိယတိဿ မင်းကြီးကို ပူဆွေးစေမှာပါဘဲ။ အကယ်၍ ကလိင်္ဂတိုင်းသားတွေဟာ မှားနေတယ်ဆိုရင်တောင် တန်ပြန် တိုက်ခိုက်မူတွေမလုပ်ဘဲ စွမ်းအားရှိသမျှ သည်းခံခွင့်လွတ်ခဲ့သင့်တယ် လို့ မင်းကြီး ယုံကြည်လာခဲ့တယ်’’

‘‘အောင်ပွဲများစွာ အနက် ကောင်းမြတ်ဆုံး အောင်ပွဲဟာ ဓမ္မအောင်ပွဲသာဖြစ်တယ်။ငါ့ရဲ့ သားတော်၊ မြေးတော်တွေဟာ ဒီသဘောမှန်၊ အတွေးမှန်တွေကို သိရှိနားလည်စေဖို့ ငါ့ဟာယခု ဓမ္မသဘော တရားမှန်တွေကို ကျောက်စာရေးထိုးစေခဲ့တယ်။ ငါ့သားစဉ် မြေးဆက်တွေဟာ ဓမ္မသဘောမှန်တွေ ကို သိရှိနား လည်ပြီး စစ်ပွဲအသစ်၊ စစ်အောင်မြင်မူ အသစ်တွေကို စိတ်မကူးကြပါစေနဲ့။
သည်းခံ ခွင့်လွတ်ခြင်းဖြင့်သာ မှန်ကန်တဲ့ ဓမ္မအောင်ပွဲတွေကို ဆင်နွှဲအောင်မြင်ကြပါစေ’’

ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခဲ့ပြီး၊ ပြန့်နှံ့စေခဲ့တဲ့ ဒေသကြီးဟာ ယနေ့ခေတ်လူတွေ တွေးသိတာထက် အများကြီးပိုမိုကျယ်ပြန့်ခဲ့ပြီး လူတွေ၊ အတွေးအခေါ်အယူဆတွေ လူပ်ရှားထကြွရာ နေရာ၊ ဒေသကြီးဖြစ်ခဲ့တယ်။ ဒီ ကမ္ဘာမြေပေါ်မှာ အိန္ဒိယနိုင်ငံဟာ ပထ၀ီ အနေအထားအရ အနောက်တိုင်း နိုင်ငံတွေနဲ့ အရှေ့ဖျားနိုင်ငံတွေက ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံရာ၊ ထိတွေ့ရာ လမ်းဆုံလမ်းခွ နိုင်ငံကြီးဖြစ်ခဲ့တယ်။ အဲဒီ ခေတ်ကာလက ကမ္ဘာ့ကုန်းတွင်း စီးပွားကူးသန်းရေး ခရီးလမ်းမကြီးတွေဟာ အနောက်တိုင်းကနေ ပါးရှားပြည်ကတဆင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်ကြားလမ်းတွေကို ဖြတ်သန်းခဲ့ကြရတယ်။ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အာရှအလယ်ပိုင်းက ရှေးဟောင်း ပိုးလမ်းမကြီးကလည်း အဲဒီ အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်ကြားလမ်း ခရီး တွေကို ဖြတ်သန်း သွားခဲ့ကြရတယ်။

ကမ္ဘာ့ရေလမ်းခရီးမှာလည်း ပါရှား၊ ဂရိ၊ ရောမနဲ့ အလက်ဇန္ဒြိယားက ကုန်သွယ်မူ သင်္ဘောတွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းတွေဖြစ်တဲ့ ဂူဂျာရတ်နဲ့ ကွန်ကန် မှာ ဆိုက်ရောက်ခဲ့ကြတယ်။ ကွန်ဘတ်တိုး၊ အန္ဓရတိုင်းနဲ့ သီဟိုဠ်ကျွန်းက ကုန်သွယ် သင်္ဘောတွေဟာလည်း အိန္ဒိယနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းတွေမှာ ဆိုက်ရောက်ခဲ့ကြတယ်။ ဒီထက်မကဘူး။ အနောက်တိုင်း နိုင်ငံတွေကို ကုန်သွယ်ရွက်လွင့်ခဲ့တဲ့ အရှေ့ဖျားတိုင်းနိုင်ငံတွေက ကုန်သွယ် သင်္ဘောတွေရဲ့ ခရီးတစ်ထောက်ရပ်နားရာ ဆိပ်ကမ်းလည်း ဖြစ်ခဲ့တယ်။ အိန္ဒိယနိုင်ငံ ကိုယ်တိုင်က ကုန်သွယ် သင်္ဘောတွေကတော့ အရပ်မျက်နှာဒေသအသီးသီးက တိုင်းနိုင် ငံတွေကို ကုန်သွယ်ရွက်လွင့်ခဲ့တယ်။

အနောက်တိုင်းကမ္ဘာနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးဟာ ရှေးကမ္ဘာမှာ အဆက်ပြတ်မသွားခဲ့ဘူး။ ပါရှန် ဧကရာဇ်ဘုရင် ဒါးရီးယက် ဟာ ဘီစီ (၅) ရာစုအတွင်း ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မပြုခင် နှစ်အနည်းငယ် အတွင်းမှာဘဲ အိန္ဒိယနိုင်ငံက ပန်ချပ်ပြည်နယ်နဲ့ သိန္ဓုမြစ်ဝှမ်းဒေသကို ချဲ့ထွင်သိမ်းပိုက်ဖို့အတွက် ကြိုးစားရင်း ပါစီပိုးလစ် မှာ သူ့ရဲ့ နန်းတော်ကြီးကို ချန်ထားရစ်ခဲ့တယ်။

ဘီစီ (၄) ရာစုအတွင်း၊ အလက်ဇန္ဒားဘုရင်ရဲ့ နယ်မြေချဲ့ထွင်ရေးစစ်ခရီးစဉ်ကြီးမှာ ရေမြေအနေအထားတွေကို လေ့လာမှတ်တမ်း တင်တဲ့ ပထ၀ီပညာရှင်တွေ၊ သိပ္ပံ ပညာရှင်တွေ အတူပါလာခဲ့ပြီး ပါရှန်ဘုရင်တွေရဲ့ စစ်သည်တော်တွေစတင်ခဲ့တဲ့ ကုန်းတွင်း ခရီးလမ်းကြောင်းကို ပိုမို ခရီးပေါက်တွင်ကျယ်စေခဲ့တယ်။ အလက်ဇန္ဒားဘုရင်ဟာ သိန္ဓုမြစ်ပေါ်မှာ ဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ပြီး ရေတပ်တစ်တပ် တပ်စွဲခဲ့တယ်။ အဲဒီရေတပ်က ရေတပ်ဗိုလ်ချုပ် နီယာကွီးဟာ သိန္ဓုမြစ်တစ်လျှောက်ရွက်လွှင့်ပြီး သိန္ဓုမြစ်နဲ့ တိုင်းဂရစ်မြစ်ကြား ရေလမ်းခရီးတစ်ခု ဖောက်ထွင်ခဲ့တယ်။ အလက်ဇန္ဒားဘုရင်ဟာ ဆင်တပ်တွေ၊ အိန္ဒိယ စစ်သားတွေနဲ့အတူ သူ့ရဲ့စစ်တပ်ကြီးနဲ့ အာဖရိကန်နစ္စတန်နိုင်ငံကို ဖြတ်သန်းပြီး သူ့ရဲ့ ဇာတိတိုင်းနိုင်ငံကို ပြန်ခဲ့တယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းဒေသတစ်ခုလုံးနဲ့ အာဖရိကန်နစ္စတန်၊ ဂန္ဓာရတိုင်း (ယခုခေတ် အာဖရိကန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံနယ်စပ်) ပန်ဂျပ်ပြည်နယ်တွေဟာ ဂရိဘုရင်တွေရဲ့ လက်အောက်မှာ ရာစုနှစ်များစွာ ကျရောက်ခဲ့တယ်။ မိလန္ဒ သို့ မဟုတ် မိနန္ဒာ ဘုရင်ဟာ အဲဒီ ဂရိဘုရင်တွေထဲက တစ်ပါးဖြစ်ခဲ့ပြီး သူဟာ ဗုဒ္ဓဘာသာဝင်မင်းတစ်ပါးဖြစ်ခဲ့တယ်။ ဒီ ဂရိမင်းဆက် တွေဟာ ဂရိ ဟန်လင်နစ်ယဉ်ကျေးမှု၊ ရောမယဉ်ကျေးမှုတွေကိုလည်း ထွန်းကားပြန့်ပွားစေခဲ့တယ်။ ဂရိလူ မျိုးတွေဟာ အိန္ဒိယတိုင်းရင်းနွယ်ဖွားတွေနဲ့ ပေါင်းဖက်ခဲ့ကြပြီး အဲဒီ မျိုးဆက်တွေကတစ်ဆင့် ဂရိကိုရိုမန် လို့ခေါ်တဲ့ ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုသစ်တစ်ရပ် ဖြစ်ပေါ်ထွန်းကားခဲ့တယ်။

အသစ်ဖြစ်ပေါ်လာတဲ့ ဂရိကိုရိုမန် ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုဟာ အေဒီ တစ်ရာစုကာလ ဂရိမင်းဆက်တွေကို ဆက်ခံခဲ့တဲ့ ကုရှန်မင်းတွေ လက်ထက်မှာ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ကုရှန်လူမျိုးတွေဟာ တရုတ်နိုင်ငံနဲ့ အာရှအလယ်ပိုင်းမှာ လှည့်လည် နေထိုင်နေကြတဲ့ လူမျိုးတွေဖြစ်တယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံ ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး သူတို့ရဲ့ အင်ပါယာဘုရင်တွေဟာ ဗုဒ္ဓ၀ါဒကို ခံယူကိုးကွယ်ခဲ့ကြတယ်။

သမိုင်းမှာ စစ်ပွဲတွေ၊ စစ်အောင်နိုင်မူတွေထက် အရေးပါတာက အလက်ဇန္ဒားဘုရင်ကို ဆက်ခံခဲ့တဲ့ ဆီလူးကပ်ဘုရင်တွေနဲ့ ပါရှားက ဒါးရီးယက် ဘုရင်ရဲ့နန်းတော်ကို စံနမူနာပြုပြီး နန်းတော်ကြီးတည်ဆောက်စိုးစံခဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက မောရိယ ဘုရင်တွေကြားဖြစ်ပေါ်ခဲ့တဲ့ ချစ်ကြည်ရင်းနှီးမူ ကာလဖြစ်တယ်။ ဒီကာလဟာ အတော်ရှည်ကြာခဲ့တယ်။ သံတမန်တွေ အချင်း ချင်း အပြန်အလှန်ထားရှိခဲ့ကြပြီး ကုန်သည်တွေဟာ ယနေ့ခေတ် ဗီဟာနယ်ရဲ့ မြို့တော် ပတ်တနားမြို့နေရာမှာ ရှိခဲ့တဲ့ ပါဋလိ ပုတ်ကို အစုလိုက်၊ အစုလိုက် ရောက်ရှိလာခဲ့ကြတယ်။ အသောကဘုရင်ဟာ ဂရိမင်းသမီးတတစ်ပါးကို မိဘုရားတင်မြှောက်ခဲ့ ပြီး ဗုဒ္ဓသာသနာပြု အဖွဲ့တွေကို အရှေ့၊ အနောက်တိုင်း နိုင်ငံတွေကို စေလွှတ်ခဲ့တယ်။

အသောကမင်းကြီး စေလွှတ်ခဲ့တဲ့ ဗုဒ္ဓသာသနာပြုအဖွဲ့တွေဟာ ပါရှားပြည်၊ အီဂျစ်ပြည်၊ မက်ဆီဒိုးနီးယားပြည်၊ ဆိုင်ယမ်နိုင်ကပြည်နဲ့ ဂရိနိုင်ငံအနောက်မြောက် ပိုင်းထိ ရောက်ရှိခဲ့တယ်။ ရောမသမိုင်းဆရာ ပလင်နီရဲ့ရေးသားမူအရ အဲဒီခေတ်တုန်းက ရောမဟာ ရောမဒင်္ဂါးငွေ သန်း (၅၀) တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို အိန္ဒိယကနေ နှစ်စဉ်ဝယ်ယူခဲ့တယ်လို့ သိကြရတယ်။

အဲဒီ ကုန်ပစ္စည်းတွေထဲမှာ မော်လ်ဝါက ချည်ထည်တွေ၊ ပဋလိပုတ်က ယွန်းထည်တွေနဲ့ သံလွင်ဆီ၊ ကွန်ကန်ဒေသက ဆိုးဆေး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အဖိုးတန် ကျောက်မျက်တွေပါဝင်သလို ကျောက်စိမ်းထည်တွေ၊ ဆင်စွယ်တွေ၊ ရောမစစ်တပ်နဲ့ ဆက်ကပ်တွေမှာ သုံးတဲ့ ဆင် တွေအထိပါဝင်ခဲ့တယ်။ ရှေးခေတ်ရောမ ရွှေဒင်္ဂါးပြားတွေကို အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်ရိုးတမ်းတစ်လျှောက်နဲ့ အနောက်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ကန်နနိုး၊ ကွိုင်ဘက်တိုး၊ မဟာဗလိပုရ တို့မှာတွေ့ကြရတယ်။ အဲဒီ ရောမဒင်္ဂါးပြားတွေပေါ်မှာ ရောမဘုရင်တွေဖြစ်တဲ့ ‘‘သြဂတ်စတပ်၊ ကာရာကော်လာ၊ ကလော့ဒီးယက်၊ သီအိုဒိုနဲ့ ကွန်စတန်တင်’’ တို့ရဲ့ပုံတွေကို ထုထွင်း ထားပါတယ်။

တိုင်းတပ်လို့ အမည်ရှိတဲ့ အာရှ အနုပညာသည်တစ်ဦးဟာ အာရှအလယ်ပိုင်း မီရန်မှာ ဗုဒ္ဓ၀င်ဆိုင်ရာ နံရံဆေးရေး ပန်းချီတွေကို ရေးခြယ်ခဲ့တယ်။ အလက်ဇန်းဒီးယန်း ကုန်သည်တွေဟာ ဘုံဘေ အနီးက နဆစ်ခ်နဲ့ ဂျွန်နာမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေကို ကူညီခဲ့တယ်။ သမိုင်းမှတ်တမ်းတွေဟာ အဲဒီခေတ်အခါက လူနေမှုကို အနည်းအကျဉ်းသာ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်တယ်။ စစ်သုံ့ပန်းတွေ၊ စစ်တပ်အသီးသီးမှာ ၀င်ရောက်အမှုထမ်းကြတဲ့ စစ်သားတွေ (အိန္ဒိယ မြှားသည်တော်တွေဟာ ပါရှန် စစ်တပ်မှာ အထူးထင်ရှားတယ်)၊ တစ်နေကနေ တစ်နေရာကို လှည့်လည်သွားလာနေတဲ့ စစ်ပြေးတွေ၊ လက်မှုပညာသည်တွေ ၊ ပန်းပဲဆရာတွေ၊ ဆင်စွယ် ပန်းပွတ်သည်တွေ (အိန္ဒိယဆင်စွယ် လက်မှုပစ္စည်းတွေကို ရောမက ပွန်ပေအိုင် မှာတွေ့ကြရတယ်)ရက်ကန်းသည်တွေ၊ ကျောက်မျက်ကုန်သည်တွေ၊ ပန်းပုဆရာတွေ၊ ကြွေထည်သည်တွေ စတဲ့ အမှုထမ်း၊ ဈေးသည်၊ လက်မှု ပညာသည်တွေဟာ ကုန်သည်ကြီးတွေရဲ့အောက်မှာ အထူးစည်ပင် ထွန်းကားခဲ့တယ်။

အဲဒီခေတ်က အာရှအလယ်ပိုင်းဆိုတာ ဗမီးယန်းဒေသများ (အာဖရိကန်နစ္စတန်နိုင်ငံအတွင်းက ရှေး ဘက်ထရီးယားပြည် ရဲ့ တောင်ဘက်မှာတည်ရှိတယ်)၊ ကက်ရှဂါနဲ့ ကုရှာဒေသများကနေ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက နယ်စပ်မြို့ တွန်းဟွန် အထိ ပါဝင်ခဲ့တယ်။ အဲဒီ နယ်နိမိတ်ဟာ မြောက်ဘက်မှာ တိုင်ရှန်တောင်ထွတ်တွေနဲ့ တောင်ဘက်မှာ ကရကိုရမ်နဲ့ ကိုအန်လွန် တောင်ထွတ်တွေကြားမှာ အဆုံးသတ်လျက်တည်ရှိပြီး ကန္တာရကနေ ခရီးလမ်းနှစ်ခု ရှိခဲ့တယ်။ မြောက်ပိုင်းလမ်းဟာ ကက်ရှ်ဂါ၊ ကုရှာ၊ ကီဇီလ်နဲ့ တော်ဖန်အိုအေစစ်ဒေသတွေကို ဖြတ်သွားပြီး တောင်ပိုင်းလမ်းကတော့ ယာကန်၊ ခိုတန်၊ မီရန်နဲ့ လော့ဗနော် ဒေသတွေကို ဖြတ်သန်းသွားတယ်။

အဲဒီလမ်းခရီးနှစ်ခုစလုံးဟာ ‘‘တွန်းဟွန်’’ မှာ အဆုံးသတ်ကြတယ်။ အဲဒီ ကုန်သွယ်လမ်းခရီးနှစ်ခုဟာ အာရှအလယ်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဗုဒ္ဓဘာသာဝင်တွေပြန့်ပွားရောက်ရှိသွားခဲ့တဲ့ အဓိက လမ်းခရီးတွေဖြစ်ခဲ့တယ်။ ပြီးတော့ အဲဒီဒေသတွေဟာလည်း ဗုဒ္ဓဘာသာယဉ်ကျေးမူ အလွန်ထွန်းကားတဲ့ ဗဟိုအချက်ချာနေရာဒေသတွေဖြစ်ခဲ့တယ်။ ဗုဒ္ဓသာသနိကဆိုင်ရာ ဂူကျောင်း ဆောင် ထောင်ပေါင်းများစွာ ဖောက်ထွင်းတည်ဆောက်ခဲ့ပြီး မြေပေါ်အဆောက်အဦးတွေလည်း ဆောက်လုပ်ခဲ့တယ်။ ကီဇီလ် ဒေသတစ်ခုထဲမှာဘဲ ‘‘မင်ဂွိုင်’’ လို့ခေါ်တဲ့ ဂူကျောင်းပေါင်းထောင် ချီ ဖောက်ထွင်း တည်ဆောက်ခဲ့တာကို တွေ့ကြရတယ်။ အဲဒီ ဂူကျောင်းတွေမှာ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက လက်မှုပညာ သည်တွေရဲ့ ဆေးရေး၊ ပန်းပုလက်ရာတွေကို တွေ့ကြရတယ်။

အေဒီ (ရ) ရာစုအတွင်း၊ တရုတ်ပြည်ကနေ အိန္ဒိယကို ဘုရားဖူး၊ ပညာတော်သင်သွားခဲ့တဲ့ တရုတ်ရဟန်းတော်ရွှင်ကျန် ဟာ ဆိုခဲ့ပြီးတဲ့ ခရီးလမ်း နှစ်ခုအနက်က မြောက်ပိုင်းလမ်းကတစ်ဆင့်သွားရောက်ခဲ့တာဖြစ်တယ်။ သူ့ရဲ့ခရီးသွားမှတ်တမ်း ကတစ်ဆင့် အဲဒီ မြောက်ပိုင်း လမ်းတစ်လျှောက်မှာရှိတဲ့ ပူပြင်းတဲ့ ကန္တာတွေ အကြောင်း၊ နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ထွတ်တွေအကြောင်းနဲ့ အိုအေစစ်ဒေသက တိုင်းနိုင်ငံတွေအကြောင်းသိကြရတယ်။

အိန္ဒိယမှာ စာပေကျမ်းဂန်တွေသင်ယူပြီးတဲ့အခါရဟန်းတော် ရွှင်ကျန်ဟာ ပိဋကတ်ကျမ်းစာတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေသယ်ဆောင်ပြီး တရုတ်ပြည်ကိုပြန်ခဲ့တယ်။
အေဒီ (၁၄) ရာစုမာကိုပိုလိုရဲ့ မှတ်တမ်းမှာလည်း အဲဒီ မြောက်ပိုင်းလမ်းခရီးက တိုင်းနိုင်ငံတွေမှာ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာ ထုလုပ်ကိုးကွယ်ထားကြောင်းဖော်ပြထားတယ်။

အာဖရိကန်နစ္စတန်က ဗမိရန်းဒေသကတော့ အိန္ဒိယနိုင်ငံရဲ့ ၀င်ပေါက်လမ်းကို ပိတ်ဆို့တည်ရှိနေတဲ့ ဟိန္ဒူကက်ရှ် တောင်ကြားလမ်းကို ခက်ခက် ခဲခဲ ဖြတ်သန်းခဲ့ကြရတဲ့ အ၀င်အထွက်ခရီးသည်တွေ နားခိုရာနေရာဖြစ်ခဲ့တယ်။ အဲဒီ နေရာက ဗမိရန်းကျောက် ဆောင်ကမ်းပါးပြတ်မျက်နှာစာမှာ ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူကို ထွင်းထုပူဇော်ခဲ့ပြီး ဂူကျောင်းတွေကို ဖောက်လုပ် တည်ဆောက်ခဲ့တယ်။ အဲဒီ ဆင်းတုတော်ကြီးနှစ်ဆူဟာ (၁၇၃) ပေနဲ့ (၁၂၀) ပေ အသီးသီး ဉာဏ်တော်မြင့်မားကြတယ်။ ပြီး တော့ ဂူကျောင်းတွေထဲမှာ နံရံဆေးရေးပန်းချီတွေရေးခြယ်ထားခဲ့တယ်။ ကုန်သည်တွေဟာ ဒီလို ထုလုပ်ခြင်း၊ ဆေးရေးခြယ် ခြင်းအတွက် လှူဒါန်းခဲ့ကြပြီး သူတို့ ကုန်သွယ်ခရီးလမ်းတစ်လျှောက်ဘေးအန္တာရာယ်ကင်းဖို့ လှူဒါန်းခဲ့ခြင်းဖြစ်တယ် လို့ သိကြ ရတယ်။

ခရီးလမ်းရဲ့ အဆုံးဖြစ်တဲ့ ‘‘တွန်းဟွန်’’ မှာတော့ ဗုဒ္ဓ၀ါဒယဉ်ကျေးမှုဟာ ကုန်သည်တွေနဲ့ ရှင်ဘုရင်တွေရဲ့ လှူဒါန်းထောက်ပံ့မူ ကြောင့် အကြီးအကျယ်ထွန်းကားခဲ့တယ်။ တရုတ်နိုင်ငံက ဝေ၊ တန်နဲ့ ဆုန် မင်းဆက်တွေအားလုံးဟာ ဗုဒ္ဓ၀ါဒယဉ်ကျေးမှုကို လှူဒါန်း ထောက်ပံ့ခဲ့ကြတာဖြစ်လို့ အဲဒီနေရာဒေသမှာ အံ့မခန်း ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုလက်ရာတွေကို တွေ့ရှိကြရတယ်။

အဲဒီဒေ သမှာ လှိုဏ်ဂူရာများစွာတွေ့ရတဲ့အနက် ဗုဒ္ဓရုပ်ပွားတစ်ထောင် လှိုဏ်ဂူဟာ ရာစုနှစ်များစွာကြာအောင် ပိတ်ဆို့ကွယ်ပျောက်နေ ခဲ့ရပြီး ပြန်လည်တွေ့ရှိတဲ့အခါ လှိုဏ်ဂူထဲကနေ အဖိုးမဖြတ်နိုင်တဲ့ လက်ရေးမူကျမ်းစာတွေ၊ ပိုးထည် ဆေးရေးပန်းချီတွေ၊ နံရံ ဆေးရေးပန်းချီလက်ရာတွေကို တွေ့ရှိခဲ့ကြတယ်။ ယင်ကင်နဲ့ လွင်မန် ဒေသနှစ်ခုကတော့ တရုတ်နိုင်ငံမှာ အထူးထင်ရှားတဲ့ ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာ အခြားဒေသနှစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံမှာ ဗုဒ္ဓ၀ါဒနဲ့ ပတ်သက်ပြီး အစောဆုံးတွေ့ ရတဲ့ ခုနှစ်ဟာ အေဒီ (၆၅) ဖြစ်တယ်။

ဘိက္ခု ကေသရ
(source: The UNESCO COURIER)
Posted by bhikkhukesara

No comments:

Post a Comment