Search This Blog

Wednesday, January 18, 2017

မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း


မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း

(၁) ကသ္မိရ ဂန္ဓာရ

ကသ္မိရ, ဂန္ဓာရတိုင်းတို့တွင် သာသနာတော်သည် နှစ် ၁၀၀၀-ကျော် တည်ရှိခဲ့သော်လည်း သာသနာနှစ် ၅၀၀-လောက်အထိသာ ထေရ၀ါဒ သာသနာတည်ရှိပြီး နောက်ပိုင်းတွင် မာသံဃိတိဂိုဏ်း ရောက်လာကာ မဟာယာနသာသနာအဖြစ် သာသနာတော်နှစ် ၁၀၀၀-လောက်ထိ လွှမ်းမိုးခဲ့သည်။ နောင်အခါ ဘာသာခြားတို့ လွှမ်းမိုးသွားသည်။

(၂) မဟိံသကမဏ္ဍလ

မဟိံသကမဏ္ဍလ (မိုက်ဆိုးရ်)ပြည်မှာ မဇ္ဈိမဒေသတောင်ပိုင်းတွင် တည်ရှိ၍ ကလိင်္ဂတိုင်း အန္ဓတိုင်း၊ စောဠတိုင်း၊ ဒမိလတိုင်း၊ ပဏ္ဍုတိုင်း၊ မာလကုဋတိုင်းစသော ဣန္ဒိယ တောင်ဘက်စွန်းနိုင်ငံများသို့တိုင် ထေရ၀ါဒ သာသနာရောက်ခဲ့၍ သာသနာတော်နှစ် တစ်ထောင်ကျော်အထိ သာသနာထွန်းကားခဲ့သည်။ အဋ္ဌကထာ ကျမ်းပြုအကျော် မထေရ်မြတ်တို့ ထွက်ပေါ်ရာ တိုင်းဖြစ်၏။

(၃) ဒက္ခိဏပထ

ဝန၀ါသီမှာဒက္ခိဏပထအနောက်ဘက်တိုင်းနိုင်ငံများဖြစ်သည်။ ကျေးကုလားဟု မြန်မာတို့ ခေါ်ဆိုကြသော ပြည်နယ်များဖြစ်၍ ပင်လယ်ကမ်းရိုးတန်းတလျှောက် ကေရလာ, မလဘာနယ်တို့ ပါဝင်သည်။သာသနာတော်နှစ် ၁၀၀၀ကျော်ထိ ထေရ၀ါဒသာသနာထွန်းကားခဲ့၏။ အသောကမင်းတရား ကျောက်စာတွင် ဓမ္မမဟာမတ္တ သာသနာရေးရာ မင်းကြီးလက်အောက်၌ ၀ါဒပျံ့နှံ့ရေးမှူးများ ခန့်အပ်ဆောင်ရွက်ခဲ့သည့် ဌာနများအဖြစ် ကေရလပုတတိုင်း သတိယပုတတိုင်း တို့ကို ဖော်ပြထားသည်။

(၄) အပရန္တတိုင်း

အပရန္တတိုင်း ဗုံဗာဤ(ဘုံဘိုင်) နယ်ဖြစ်သည်။ အဇန္တာ အဲလိုရာဒေသ ၀ိဉ္ဈာတောင်တန်းဒေသတို့ ပါဝင်၏။ အဇန္တာကျောင်းတော်ကြီးမှာ နာမည်ကျော်ခဲ့၍ သာသနာတော်နှစ် ၇၀၀လောက်ထိ ထေရ၀ါဒ ထွန်းကား၏။ နောက်ပိုင်း မဟာယာနဂိုဏ်းထွန်းကားခဲ့၍ သာသနာတော်နှစ် ၁၀၀၀-ကျော်အထိ တည်ရှိခဲ့သည်။

(၅) မဟာရဋ္ဌ

မဟာရဋ္ဌတိုင်းမှာ အန္ဓရတိုင်း ၀န၀ါသီတိုင်း အပရန္တတိုင်းတို့ အကြားတွင် တည်ရှိ၍ ထေရ၀ါဒသာသနာထွန်းကားခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ကျော်ထိ သာသနာတော် တည်ရှိခဲ့သည်။

(၆) ယောနက

ယောနကတိုင်းသည် အနောက်မြောက်ပိုင်းဖြစ်သည်။ ဂန္ဓာရတိုင်း အပြင်ဘက် ကျရောက်သည်။ နေပြည်တော်မှ ယူဇနာရှစ်ရာ ကွာဝေးသည်။ ယောနသို့မဟုတ် ယောနကတိုင်းပြည်များကို ဂရိနိုင်ငံဟု ဆိုကြသည်။ အသောက ကျောက်စာအမှတ် ၁၃-တွင် ထိုတိုင်းသို့ ဓမ္မမဟာမတ္တ သာသနာရေးရာ အမတ်၊ ဓမ္မနိယုတ္တ တရားဖြန့်ဖြူးရေး တမန်အဖွဲ့များ ခန့်ထားစေလွှတ်ကြောင်း ယောနကနိုင်ငံနှင့် အနီးနားနိုင်ငံများသို့ တရားဓမ္မ ပျံ့နှံ့ရန် ၎င်းနိုင်ငံရှိ ဘုရင်များဖြစ်သော -

(၁) အံတိအိုက (အံတိယိုခ်ျစစ်မင်း) ဆိုက်ရီယ (ဆီရိယနိုင်ငံ)
(၂) တုလမယ (တိုလမီမင်း) ဖိလစ်ဒလ (အီးဂျစ်နိုင်ငံ)
(၃) အံတိကိနီ (အံနိဂိုနောစ့်မင်း) မက်ဆီဒိုနီးယားနိုင်ငံ၊
(၄) မက (မဂါ့စ်မင်း) ဆိုက်ရံနီ (အီဂျစ်အနောက်ပိုင်း)၊
(၅) အလိကသုဒရ (အလက္ကဇန္ဒြာမင်း) အပ္ပိရောဆီနိုင်ငံ -

တို့ထံ သာသနာပြုစေလွှတ်သည်။ သာသနာတော်နှစ် ၅၀၀ လောက်တွင် အရှင်ပီယုဟထေရ (အလက္ကဇန္ဒြိယပြည်သား) နှင့် အရှင်ဣသေနေသ (ပါလစ္စတိုင်းပြည်သား)တို့ ထိုနယ်များ၌ တရားဟောပြကြောင်း မှတ်တမ်းရှိ၍ သာသနာတော်နှစ်-၃၀၀ ကျော်ထိ တည်ရှိခဲ့သည်။ တူရကီစတန် အာဖဂန်နီစတန် ပါသိယန်နိုင်ငံတို့တွင် ဗုဒ္ဓသာသနာအနှစ် ၈၀၀ကျော်ထိ ပျံ့နှံ့ခဲ့သည်။ မဟာယာန သာသနာထွန်းကားခဲ့သည်။

ကမ္ဘောဇတိုင်း ကာဗူဥလ် ဥဒယာန တိုင်းမှာလည်း မဟာယာန သာသနာရောက်ရှိ ထွန်းကားခဲ့သည်။

(၇) ဟိမ၀န္တာဒေသ

ဟိမ၀န္တာနယ်စပ်ဒေသများမှာ နေပါလနယ် တောင်တန်းဒေသများ၊ စိနရဋ္ဌခေါ် တရုပ်ပြည်၊ ဆီက္ကန်၊ ဘူတန်၊ တိဘက်၊ ၀ူထန်(ခူတန်၊ ခိုတန်) နိုင်ငံများဖြစ်သည်။ ရာသီဥတု အေးလွန်းပြီး တောင်စဉ်အထပ်ထပ်ခရီး ဖြစ်သော်လည်း မဇ္ဈိမ မထေရ် ခေါင်းဆောင်သော မထေရ်တို့ သာသနာပြုခဲ့ကြသည်၊ အစပိုင်းတွင် ထေရ၀ါဒ သာသနာရောက်ရှိသွားသော်လည်း နောင်သောအခါ မဟာယာန သာသနာထွန်းကားသွားသည်။ ယခုထက်တိုင် မဟာယာနသာသနာ ထင်ရှားရှိသေးသည်။

(၈) လင်္ကာဒီပ သာသနာ

အရှင်မဟိန္ဒမထေရ်သည် သာသနာတော်နှစ် ၂၃၆-ခုနှစ် နယုန်လပြည့်နေ့တွင် သီဟိုဠ်သို့ ကြွတော်မူသည်။ ဒေ၀ါနံပိယတိဿ မင်းသည် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုကိုးကွယ်ပြီး သာသနာပြုခဲ့သည်။ မဟာဝိဟာရ ကျောင်းတိုက်ကြီးကို တည်ဆောက်လှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ သီဟိုဠ်နိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်လာသည်။ အရှင်မဟိန္ဒ မထေရ်သည် မဟာအဋ္ဌကထာကျမ်းများကို သီဟဋ္ဌဘာသာသို့ ပြန်ဆိုပို့ချသဖြင့် သီဟိုဠ် သာသနာ ခိုင်မြဲလာသည်။ နောင်အခါဝယ် သာသနာတော်နှစ် ၄၅၀-ခုနှစ်၌ စတုတ္ထသံဂါယနာတင်တော်မူကြပြီး ပေထက်အက္ခရာ တင်ထားခဲ့ကြသဖြင့် ပိဋကစာပေသည် တိုးတက်ဖွံ့ဖြိုးလာသည်။

အသောကမင်းကြီး သားတော် အရှင်မဟိန္ဒကို သိဟိုဠ်သို့ စေလွှတ်ခြင်းသည် အကြောင်းထူးရှိသည်။ သီဟိုဠ်နိုင်ငံသည် သာသနာတော် ခိုင်မြဲတည်တံ့ကျယ်ပြန့်မည့် နိုင်ငံဖြစ်ကြောင်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် အနာဂတံသဉာဏ်တော်ဖြင့် မြင်တော်မူပြီး ဖြစ်၍ မင်းကြီး၏ သားတော်ကို ရွေးချယ် စေလွှတ်တော်မူခဲ့သည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ သာသနာတော် ရောက်ရှိလာခြင်း

(၉) သုဝဏ္ဏဘူမိ
သုသဏ္ဏဘူမိ ခေါ် ရာမညတိုင်း သထုံမြို့တော်သို့ သာသနာတော်နှစ် ၂၃၅-ခုနှစ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိလာသည်။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင်အနုရုဒ္ဓါ၊ အရှင်တိဿဂုတ္ထ အရှင်သောဏေယ မထေရ်ငါးပါးတို့သည် သာသနာပြုရန် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွတော်မူသည်။ သထုံမြို့ကား သုဓမ္မပူရအမည်ရှိ၏။ မင်းကား သီရိမာသောကမင်းဖြစ်သည်။
ထိုအချိန်မတိုင်မီက မင်းနန်းတော်၌ ဖွားမြင်တိုင်းသော သားသူငယ်တို့ကို ဘီလူးမတစ်ကောင်သည် သမုဒ္ဒရာမှ တက်လာ၍ ခိုးယူစားသောက်လေ့ရှိ၏။

မထေရ်တို့ရောက်သည့်နေ့၌လည်း နန်းတော်တွင် မင်းသားကလေးတစ်ဦး ဖွားမြင်သည်။ စောင့်ရှောက်နေကြသော သူတို့သည် ရုပ်သွင်ထူးဆန်းသော ထိုရဟန်းတို့ကို တွေ့လျှင် ဘီလူးမ၏ အပေါင်းအဖော်များဟုထင်ကာ ရိုက်ပုတ်ရန် ပြေးလာကြသည်။ အရှင်သောဏနှင့် အရှင်ဥတ္တရတို့က သံဃာတော်များဖြစ်ကြောင်း ရှင်းပြနေစဉ်မှာပင် ဘီလူးမသည် အခြံအရံများနှင့်တကွ သမုဒ္ဒရာမှ တက်လာ၏။ မထေရ်တို့လည်း ဘီလူးမထက် နှစ်ဆကြီးသော ပုံသဏ္ဌာန်ဖန်ဆင်း၍ ဘီလူးမများကို နှင်ထုတ်တော်မူသည်။

စည်းဝေးရောက်လာသော သူတို့အား ဒီဃနိကာယ သီလက္ခန္ဓ၀ဂ် ဗြဟ္မဇာလသုတ်တော်မြတ်ကို ဟောပြတော်မူရာ ပရိသတ်ပေါင်း ခြောက်သောင်းတို့ အရိယာဖြစ်ကြ၏။ သုံးထောင်ငါးရာသော ယောက်ျားတို့ ရဟန်းပြုကြကုန်၏။ တစ်ထောင့်ငါးရာသော အမျိုးသမီးတို့ ရဟန်းမ ပြုလုပ်ကြကုန်၏။ ဤသို့လျှင် သုဝဏ္ဏဘူမိ တိုင်း၌ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော် အခြေတကျ ထွန်းကားခဲ့လေသည်။

သာသနာဝင်စာပေတို့တွင် သုဝဏ္ဏဘူမိနှင့် စပ်၍ အကျဉ်းမျှသာ ရေးသားတော်မူခဲ့ကြသဖြင့် သုဝဏ္ဏဘူမိနှင့်စပ်၍ ခိုင်လုံမူရှိစေရန် လိုအပ်လာ၏။ မြန်မာတို့က သုဝဏ္ဏဘူမိဟု အချို့က ဆိုကြပြန်၏။ ယိုးဒယားပြည်တောင်ပိုင်း ဒွါရာဝတီ နိုင်ငံသည်လည်း သုဝဏ္ဏဘူမိဖြစ်နိုင်ကြောင်း ရေးကြပြန်၏။ ဣန္ဒိယတောင်ပိုင်း အနောက်ဘက်ကမ်း ဘုံဘိုင်နယ်ကို လည်းကောင်း၊ တချို့က သူရဋ္ဌတိုင်းနယ်ကို လည်းကောင်း၊ သုဝဏ္ဏဘူမိဖြစ်လေဟန် ပြောဆိုကြ၏။ သို့ဖြစ်၍ သုဝဏ္ဏဘူမိကို စိစစ်ရန်လိုအပ် လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Ref:ဓမ္မစာပေများ
Today Bago New Version အား Download ပြုလုပ်ခြင်းဖြင့်
ပိုမိုဆန်းသစ် ပြီးပြည့်စုံ တဲ့ သတင်းများနှင့် အကြောင်းအရာများကို
နေ့စဉ်အခမဲ့ ဖတ်ရှုလိုက်ပါ။
Download for blow link
www.todaybago.com/todaybago.apk

No comments:

Post a Comment