Search This Blog

Wednesday, January 18, 2017

တပင်ရွှေထီး


ဖခင်ဘုရင့်နောင် ခြေရာလိုက်လိုသော ညောင်ရမ်းမင်းသား
တပင်ရွှေထီး သည် တောင်ငူမင်းဆက် (အင်ပါယာ) တည်ထောင်ရန် ကြိုးစားခဲ့ပြီး ဘုရင့်နောင်လက်ထက်မှ အင်ပါယာတခုဖြစ်အောင် ပြုလုပ်နိုင်ခဲ့သော တောင်ငူအင်ပါယာ (Taungoo Dynasty 1485-1752 ) သည် နန္ဒဘုရင်လက်ထက်တွင် ပြိုကွဲသွားသည် ဟုဆိုနိုင်သော်လည်း ဘုရင့်နောင်၏ သားတော် ညောင်ရမ်းမင်းမှဖခမည်းတော်၏ ပြိုကွဲသွားသည့် နယ်ပယ်များ ကို ပြန်လည်စုစည်းဖို့ ကြိုးစားသဖြင့် သမိုင်းဆရာများမှ ညောင်းရမ်းမင်းမှ ဆင်းသက်သော မင်းများကို တောင်ငူအင်ပါယာ ၏ မင်းဆက် တွင် ထည့်ခဲ့ကြသည်။

ညောင်ရမ်းမင်းသည် ဖခမည်းတော် မြှောက်စားသဖြင့် ညောင်ရမ်းမြို့ကိုအပိုင်စားရသော
မြို့စားမင်းသား ဖြစ်သည်။ နန္ဒဘုရင်ကို တောင်ငူစားမှ ပုန်ကန်နေချိန်တွင် မိမိ၏ မြို့ကို အခိုင်အလုံဖြစ်အောင် ပြုလုပ်ပြီး နေပြည်တော်သတင်းကို စောင့်နေလေ၏။တောင်ငူစားမှ နန္ဒဘုရင်ကို ပုန်ကန်ပြီး နေပြည်တော်ကို ချီတက် ကာတိုက်ခိုက်ကြောင်း သတင်းရလျှင် ညောင်ရမ်းမင်းသားသည် အချိန်ကို ဆွဲခြင်းမရှိ အေဒီ ၁၅၉၇ ဇူလိုင် ၂ ရက်တွင် ရမည်းသင်းမြို့ကို စတင် သိမ်းပိုက်လေ၏။

ညောင်ရမ်းမင်းသားသည် ဖခင်ဘုရင့်နောင်ကဲ့သို့ ရည်မှန်းချက် ကြီးဟန်ရှိ၏။ နောင်တော် နန္ဒဘုရင် အကူအညီလိုချိန်တွင် မကူညီပဲ ရမည်းသင်း၊ပင်းတလဲ၊ပြင်စည်၊သာဂရ၊လိုင်းတက်၊၀တီး၊ အစရှိသည့် အင်အားနည်းသော မြို့ငယ်များကို လိုက်လံသိမ်းပိုက်လေ၏။ ထိုစဉ် နေပြည်တော်တွင် တောင်ငူစား ၏ တိုက်ခိုက်မူကြောင့် တိုင်းပြည်ကို ဗဟိုမှ မထိန်းချုပ်နိုင် ဖြစ်ကာ မြို့စားများလည်း အင်အားကြီးသူ လက်အောက်သို့ အလိုအလျောက်ဝင်ခယ ရလေ၏။

အေဒီ ၁၅၉၉ တွင် တောင်ငူအင်ပါယာ၏ ဗဟိုအုပ်ချုပ်ရာဖြစ်သော ဟံသာဝတီသည် တောင်ငူစား နှင့် ရခိုင်ဘုရင် ၏ တိုက်ခိုက်မူကြောင့် ကျရူံးလေ၏။ ဟံသာဝတီမြို့တော်ကို ရခိုင်ဘုရင်သည် ယိုးဒယားဘုရင် အား နှိမ်နင်းရန် အေဒီ ၁၆၀၀ အထိ တပ်စွဲထားသေး၏။ ယိုးဒယားမင်း ဆုတ်သွားလေမှ မြို့တော်တွင်းရှိ အိမ်ကြီး၊ကျောင်းကြီးများကို မီးတိုက်ဖျက်စီး သဖြင့် ပျက်စီး ရလေသည်။ တောင်ငူစားသည် ဟံသာဝတီကို စိတ်မ၀င်စားဘဲ မိမိနေထိုင်ရာ တောင်ငူကိုသာ မင်းနေပြည်တော် အဖြစ် မြို့ကြီးဖြစ်အောင် ပြန်လည် တည်ဆောက်နေလေ၏။ အေဒီ ၁၅၉၇ ဇူလိုင် ၄ ရက်တွင် ညောင်ရမ်းမင်းသားသည် အင်းဝမြို့ကိုတောင် သိမ်းပိုက်နိုင်လေ၏။ သွားလေရာတွင် ဘားမဲ့ဆရာတော် ကို ပင့်ဆောင်သွားလေ၏။ ဇူလိုင် ၂၂ တွင် ပုဂံကို ချီတက်လေရာ ပုဂံစားလည်း စစ်တိုက်လိုခြင်းမရှိသဖြင့် အညံခံလေသည်။

ထိုသို့ မြို့စားတိုင်းမှ စစ်မတိုက်ဘဲ အညံခံသဖြင့် ညောင်ရမ်းမင်းသား၏ သတင်းသည် ကြီးသထက်ကြီးလာ လေ၏။ ထိုသတင်းကြောင့် ယခင် ဟံသာဝတီ၏လက်အောက်ခံများဖြစ်သော
မြေဒူး၊ဒီပဲယင်း၊အမြင့်၊ စဥ့်ကူး၊မြတောင်၊တကောင်း၊ ဗဒုံ၊ကန်နီ အစရှိသော မြို့များလည်း အလိုအလျောက် ညောင်ရမ်းမင်းသား လက်အောက်သို့ ၀င်လာကြကုန်၏။ တောင်ငူစားသည် ဟံသာဝတီကို အနိုင်တိုက်နိုင်သော်လည်း ယခင် ဟံသာဝတီ၏ သြဇာခံနယ်များသည် တောင်ငူစားထံ မ၀င်ဘဲ ညောင်ရမ်းမင်းသားလက်အောက်ကိုသာ ၀င်ကြ သဖြင့် တောင်ငူစား၏ အောင်ပွဲသည် အစစ်အမှန် အောင်ပွဲ မဟုတ်ချေ။ သို့ဖြင့် ညောင်ရမ်းမင်းသား၏ အင်အားသည် တနေ့ထက်တနေ့ ကြီးထွားလာလေ၏။

ဟံသာဝတီပျက်ပြီး ထွက်ပြေးသော မြန်မာလူမျိုးများသည် ညောင်ရမ်းမင်းသား၏ လက်အောက်သို့ ခိုလူံလာကြသဖြင့် အင်းဝ တွင် လူဦးရေသည် ထူထပ်လာ၏။ ဤသို့ အင်အားကြီးလာသော ညောင်ရမ်းမင်းသားကို အပြုတ်တိုက် ရန် အတွက် ပြည်စား မင်းကြီးနှောင်းသည် တောင်ငူသို့ စာစေကာ မိမိမှ အင်းဝကို တိုက်လျှင် စစ်ကူလှဲ့ပါ ဟု စေလေ၏။ တောင်ငူစားလည်း သဘောတူကြောင်း စာပြန်ပို့လေသည်။

မင်းကြီးနှောင်းသည် စစ်အင်အား ၁ သောင်းကျော် ကို စလင်းစားအား ဦးဆောင်စေ ပြီး အင်းဝသို့ ချီတက်စေလေသည်။ မိမိမှာမူ ရေလမ်း ဖြင့် ချီတက်လေ၏။ ရေလမ်းတွင် အထိန်းတော် ရန်နိုင်မှ လုပ်ကြံရာ ခုခံသောကိုယ်ရံတော်အားလုံး ကျဆုံးပြီး မင်းကြီးနှောင်းလည်း ရေထဲသို့ ခုန်ဆင်းပြီး ရေနစ်ကာ ကွယ်လွန်လေ၏။ ရန်နိုင်သည် မိမိ စီစဉ်ထားသည့်အတိုင်း ပြည်မြို့သို့ ပြန်ကာ လူယုံတပ်များဖြင့် ပြည်မြို့ ကို သိမ်းလေသည်။ စလင်းစားလည်း ထိုသတင်းကို ကြားလျှင် အင်းဝရှိ ညောင်ရမ်းမင်းသားထံ ၀င်ကာ အညံခံလေသည်။

ညောင်ရမ်းမင်းသားသည် အင်းဝမြို့ကိုမင်းနေပြည်တော်အင်္ဂါနှင့်ညီအောင် ပြန်လည် ပြုပြင်လေသည်။
အေဒီ ၁၅၉၈ ဇန်န၀ါရီလ ၁၇ တွင် အင်းဝမြို့တံခါး လေးခု ကို အခမ်းအနားဖြင့် ပြန်လည်ဖွင့်လေ၏။ အေဒီ ၁၅၉၉ ဇူလိုင်လ ၅ ရက်တွင် ဟောင်းပြီး ပျက်စီးစပြုနေသော နန်းတော်ဟောင်းကို ဖျက်ကာ နန်းတော်သစ် တည်ဆောက်ရန် ပန္နတ်ရိုက်လေ၏။ မိုးညှင်းနှင့် မိုးကောင်း ရှမ်းစော်ဘွားများ ရန်ပြုမည်ကို စိုးရိမ်သော ကြောင့် ထိုနှစ် အောက်တိုဘာလ ၈ တွင် သားတော်ကို ဗိုလ်မှူးပြုကာ ရှမ်းပြည်သို့ ချီတက်စေလေ၏။ သို့သော် ရှမ်းစော်ဘွား၏ တပ်ကို မထိုးဖောက်နိုင်ဘဲ ရှိနေလေရာ ညောင်ရမ်းမင်းသား မှ ပြန်လည် ခေါ်ယူသဖြင့် တပ်ဆုတ်သွားရလေသည်။

ညောင်ရမ်းမင်းသား ကောဇာသက္ကရာဇ် ၉၆၁ခု၊ တပေါင်းလဆန်း ၁၂ ရက် (အေဒီ ၁၆၀၀ ဖေဖော်ဝါရီ လ ၁၄) တွင် သားတော်သမီးတော်၊ မှူးတော်မတ်တော် အပေါင်း ခြံရံပြီး သီဟသူရဓမ္မရာဇာ ဟူသော ဘွဲ့ကို ခံယူကာ အင်းဝထီးနန်းသစ် ကို တည်ထောင်တော်မူပြီး နန်းတက်လေသည်။ ညောင်ရမ်းမင်းသား နန်းတက်ချိန်တွင် တောင်ငူစားသည် ဟံသာဝတီကို သိမ်းပြီး တောင်ငူသို့ ပြန်နေချိန် ဖြစ်၏။ အေဒီ ၁၆၀၀ ဖေဖော်ဝါရီလ ၂၂ တွင် ရောက်တော်မူသည်။ အေဒီ ၁၆၀၂ နိုဝင်ဘာလ ၁၁ တွင် တောင်ငူစားသည် မင်းခမ်းမင်းနားဖြင့် ကေတုမတီကို မင်းနေပြည်တော် အဖြစ် သတ်မှတ်ကာ ဘုရင်အဖြစ်ခံယူပြီး နန်းတက်လေ၏။ ဤသို့ဖြင့် ညောင်ရမ်းမင်း အုပ်ချုပ်သော အင်းဝသြဇာခံ နယ်များတစု၊ တောင်ငူဘုရင်မှ တစု၊ ရခိုင်ဘုရင်မှ တစု၊ ရှမ်းစော်ဘွားများမှ တစု စသဖြင့် ကွဲပြားအုပ်ချုပ်ကြလေသည်

ညောင်ရမ်းမင်း အာဏာတည်ဆောက်ပုံ
တောင်ငူဘုရင်နှင့်ရခိုင်ဘုရင်တို့သည် မဟာမိတ်များဖြစ်ကြရာ မင်းနှစ်ပါး သည်သံတမန်များဖြင့် အမြဲတမ်း ဆက်သွယ်လေ့ရှိကြသည်။တနေ့လျှင် ရခိုင်ဘုရင်မှ စကားကြွယ်သောသံအမတ်တဦးကို ခေါင်းဆောင်စေ
ပြီး'' ကေတုမတီနှင့်ဓည၀တီတို့ အကြားတွင် သံအဖွဲ့များကို ဓားပြများအမြဲတစေလုယှက် နှောက်ယှက်လေ့ ရှိ၏။ ထိုကြောင့် အကျွန်ုပ်၏ အလုံးအရင်း သံလျင်မြို့တွင်နေလျှင် နှစ်ပြည်ထောင် သံတမန် ဆက်ဆံရေး ပိုမိုပေါက်မည့်အပြင် အရောင်းအ၀ယ်လည်း ပိုမိုကောင်းကာ အခွန်များစွာ ရနိုင်မည် '' ဟု စေလေ၏။

တောင်ငူဘုရင်လည်း သဘောတူသဖြင့် ရခိုင်ဘုရင်သည် ခရစ်ယာန် ကက်သလစ် ဘာသာဝင် ဖြစ်သည့်
ပေါ်တူဂီလူမျိုး De Brito (ငဇင်ကာ) ကိုသင်္ဘောသုံးစင်းလူနှစ်သောင်းဖြင့် သန်လျင်မြို့တွင် အခိုင်အလုံ
နေစေလေ၏။ ငဇင်ကာသည် စီးပွားရေးသမားဖြစ်ရာ တောင်ငူဘုရင်ထံကိုလည်း အခွန်အတုတ်များ ဆက်၏၊ ရခိုင်ဘုရင်ထံကိုလည်း ဆက်၏၊ မုတ္တမကို မင်းပြုနေသော ဗညားဒလကိုလည်း ဆက်၏။ အခွန်ဆက်သည့်အပြင် မိမိ၏ သမီးကိုပါ ဗညားဒလ၏ သားတော်နှင့် ပေးစားစေကာ ဆွေမျိုးတော်လေ၏။

ထိုသို့ အောက်ပြည်တွင် တောင်ငူဘုရင်နှင့်ရခိုင်ဘုရင်တို့ မဟာမိတ်ပြုကာ အုပ်စိုးနေစဉ် ညောင်ရမ်းမင်း သည် အင်းဝနယ်နှင့်နီးကပ်နေသော ရှမ်းစော်ဘွားများ၏ နယ်တွင် မိမိ၏ အာဏာပြန့်နှံလို၏။ ထို့ကြောင့် အေဒီ ၁၆၀၀ ဒီဇင်ဘာ ၂၇ တွင် ညောင်ရွှေသို့ စစ်ချီတော်မူလေ၏။ စစ်သည် သုံးသောင်း၊ မြင်း ၄ထောင်၊ တိုက်ဆင်သုံးရာ ဖြင့် ချီတက်ရာ ညောင်ရွှေမရောက်မီ စော်ဘွားမှ ဆီးကြိုတိုက်ရာ မြင်း၎ထောင် တပ်ပျက် လေ၏။ ထိုသို့ ရှေ့မှ ချီသော မြင်းတပ်ပျက်ကြောင်း ညောင်ရမ်းမင်းကြားလျှင် စည်တော် တီး စေ ကာ ဆင်တပ်၊ခြေလျင်တပ်များဖြင့် အလုံးအရင်း ချီတက်ပြီး စော်ဘွားကို ဖိတိုက်လေသည်။

ညောင်ရွှေစော်ဘွားလည်း မခံနိုင်သဖြင့် လက်နက်ချရလေသည်။ ညောင်ရမ်းမင်းလည်း စော်ဘွားကို သစ္စာပေးကာ မြင်းကောင်း၊ဆင်ကောင်း၊ များကို သိမ်းယူပြီး အင်းဝသို့ ပြန်လေသည်။ အေဒီ ၁၆၀၂ ဖေဖော်ဝါရီ ၁၄ တွင် ဗန်းမော်သို့ ချီတက်ပြန်သည်။ ဗန်းမော်စော်ဘွားလည်း ညောင်ရမ်းမင်း ကို မယုံကြည်သဖြင့် မိမိသားမယားနှင့်တကွ ယူနန်လက်အောက်ခံ မိုင်းဆည်မြို့စားထံ ပြေးပြီး ခိုလူံလေ၏။

မိုင်းဆည်မြို့စားလည်း ယူနန်နယ်စားထံ အကျိုးအကြောင်းလျှောက်ရာ ယူနန်နယ်စားမှ ညောင်ရမ်းမင်းမှ
တောင်းလာလျှင် ပေးရန် ပြန်လည်ပြောကြားလေ၏။ ထိုအကြောင်းကို ဗန်းမော်စော်ဘွားသိလျှင် ဒေါသ ထွက်ပြီး မိုင်းဆည်မြို့စားကို သတ်ရန်ကြိုးစားရာ နှစ်ဦးနှစ်ဘက် တိုက်ခိုက်ကြပြီး ဗန်းမော်စော်ဘွား အသတ်ခံရလေသည်။ မိုင်းဆည်မြို့စားလည်း ဗန်းမော်စော်ဘွားရုပ်အလောင်းနှင့်တကွ သားသမီးများကို
ညောင်ရမ်းမင်းထံ ပို့ဆောင်လေ၏။

ညောင်ရမ်းမင်းလည်းသဘောတော်ကျပြီး ရှမ်းစော်ဘွားမျိုးနွယ်ထဲမှ ဖြစ်သော စ၀်ဆိုင်လုံကို ဗန်းမော်မြို့
ပေးကာ စော်ဘွားအဖြစ်ချီးမြှောက်လေ၏။ စစ်ပွဲပြီးလျှင် အင်းဝနေပြည်တော်သို့ ပြန်ပြီး စစ်အင်အားပြန်
ဖြည့်တင်းပြီး မိုးနဲနယ်ကို တိုက်ရန် စစ်ပြင်ပြန်လေသည်။ အေဒီ ၁၆၀၃ နိုဝင်ဘာလ တွင် မိုးနဲ သို့ စစ်အင်အား ခြောက်သောင်းကျော်ဖြင့် ချီတက်ပြန်လေ၏။

မိုးနဲစော်ဘွားလည်း အလုံးအရင်းဖြင့် ဆီးကြိုတိုက်ခိုက်လေသည်။ သို့သော် ညောင်ရမ်းမင်း၏ တပ်ကို မထိုးဖောက်နိုင်ဘဲ စစ်ရူံးလေ၏။မြို့ကိုရလျှင် ရဲမက်တို့သည် မြို့ကို မီးတိုက်ကြရာ မိုးနဲမြို့မှာ ပြာပုံအဖြစ် သို့ ရောက်ရလေသည်။ ညောင်ရမ်းမင်းလည်း စော်ဘွားနှင့်တကွ ဆင်မြင်းရွှေငွေ တို့ကို သိမ်းယူပြီး အင်းဝနေပြည်တော်သို့ ပြန်တော်မူလေ၏။

စစ်ချီရင်း လမ်းခုလတ်တွင် နတ်ရွာစံခြင်း
ညောင်ရမ်းမင်းသည် ဗန်းမော်စော်ဘွားကို အောင်နိုင်ပြီးသည့်နောက် အင်အားကြီးသော မိုးကောင်းသို့ စစ်ချီရန် စစ်ပြင်ဆင်ပြန်လေသည်။ မိုးကောင်းစော်ဘွားလည်း ချီတက်လာသော ညောင်ရမ်းမင်း၏ တပ်ကို ပြန်လည်ခုခံလေ၏။ သို့သော်လည်း အင်အားမမျှသဖြင့် ရူံးနိမ့်ကာ တပ်ပျက်လေသည်။
မိုးကောင်းစော်ဘွားကိုလည်း အရှင်ဖမ်းမိလေသည်။

ညောင်ရမ်းမင်းသည်အေဒီ ၁၆၀၅ ဇူလိုင် ၁၁ တွင် ဆောက်လုပ်ပြီးသော စံရွှေအိမ်တော် တွင် အိမ်တော်တက်ပွဲ ကျင်းပတော် မူလေသည်။ ထိုရွှေစံအိမ်တော်တွင် အစည်းအဝေးလုပ်ပြီး မိုးမိတ်၊ အုန်းပေါင်သိန်းနီ၊သီပေါ များကို သိမ်းပြီးလျှင် အရှေ့ရှမ်းပြည် (ကျိုင်းတုံ) ကို တိုက်မည်၊ ပြီးလျှင် တောင်ငူကို စစ်ချီမည် ဟု မိမိအလိုရှိသည်များကို မိန့် ကြားလေ၏။

ညောင်ရမ်းမင်း၏ သားတော်အကြီး အိမ်ရှေ့မင်းသား မှ ထိုအရေးကိုထောက်ခံကြောင်းလျှောက်ပြီး
မိမိကိုယ်တိုင်ဦးဆောင်ပြီး တိုက်ပါမည်ဟုလျှောက်ရာ ကျန်ရှိနေသော သားတော်များလည်းထိုနည်းတူ
လျှောက်ကြလေ၏။ညောင်ရမ်းမင်းလည်းမိမိသားတော်များကို ဗိုလ်မှူးခန့်ကာ သိန်းနီနှင့် သီပေါကို တိုက်ရန် ချီတက်လေသည်။မိုးမိတ်စော်ဘွားမှာမူ တောင်ကုန်းပေါ်မှ နေကာ အင်းဝတပ်၏အင်အား ကို ကြည့်ပြီး နိုင်ရန်မသေချာသဖြင့် သံတမန်များလွှတ်ကာ အညံခံလေ၏။ ထိုမှ သိန်းနီကို ဆက်လက် ချီတက်လေ၏။သိန်းနီစော်ဘွား၏တပ်များလည်း လမ်းခုလတ်တွင် ကြိုပြီးတိုက်သဖြင့် ညောင်ရမ်းမင်းလည်း အလျင်အမြန် စစ်ဝတ်တန်ဆာများကို ၀တ်ကာ ကြိုတိုက်နေသော သိန်းနီစော်ဘွားတပ် သို့ စီးတော်ဆင်ဖြင့် ၀င်တိုက်လေ၏။

အင်းဝဘက်မှ ဖိတိုက်သဖြင့် သိန်းနီစော်ဘွားတပ်မခံနိုင်ဘဲ ဆုတ်ရလေ၏။ထိုစစ်ပွဲအပြီးတွင
နောက်တနေ့တွင် ညောင်ရမ်းမင်းသည် နေထိုင်မကောင်းဖြစ်လာသဖြင့် လူယုံတော်သက်တော်စောင့် ဗိုလ်မှူးဂါမဏိကို ဘုရင်အ၀တ် အစား ၀တ်စေပြီး စီးတော်ဆင်ကို စီးစေလေသည်။

ညောင်ရမ်းမင်းမှာမူ မောင်းမတော်တို့ကို သယ်ဆောင်သော လှည်းတော်ကြီးတွင် လှဲကာနေလေ၏။ ထိုအကြောင်းကို အမတ်တချို့သာ သိလေသည်။ညောင်ရမ်းမင်းလည်း ရုတ်တရုက်အဖျားတွေတက်လာ သဖြင့် နန်းတွင်းသမားတော်များမှ နေပြည်တော်သို့ ပြန်ရန် လျှောက်ထားကြလေ၏။
မင်းကြီးလည်း သားတော်အိမ်ရှေ့စံကို ခေါ်ကာ သိန်းနီကို အနိုင်တိုက်ရန် အမိန့်တော်ပေးပြီး အင်းဝသို့ ပြန်လေသည်။

သားတော်အိမ်ရှေ့စံလည်းနောက်တနေ့တွင် သိန်းနီမြို့ကို အလုံးအရင်းဖြင့် တိုက်ရာ နိုင်တော်မူလေ၏။ ထိုနိုင်သော သတင်းကိုပေးရန် အိမ်ရှေ့မင်းသားသည် အလျင်အမြန်ချီတက်ပြီး အင်းဝသို့ ပြန်ဆုတ်နေသော ညောင်ရမ်းမင်းထံ လျှောက်တင်ရာ မင်းကြီးမှ သဘောတော်ကျပြီး ဆုလာဒ်များ ချီးမြှောက်လေ၏။ညောင်ရမ်းမင်းသည် အင်းဝသို့ ဆုတ်လာရာ ရွှေသာလျောင်းတောင်သို့
ရောက်လျှင် ထိုနေရာတွင် စခန်းချစေလျက် မိမိ၏ သားတော်များကို ဆုံးမ စကားများ ပြောကြားလေ၏။ ထိုသို့ ဆုံးမစကားများ ပြောကြားပြီး ညဉ့်သုံးချက်တီးတွင် နတ်ရွာစံလေသည်။ ညောင်ရမ်းမင်း နတ်ရွာစံသော ရက်သည် အေဒီ ၁၆၀၆ ဖေဖော်ဝါရီ ၂၁ ဖြစ်လေ၏။

Posted by သမိုင်း ပုံရိပ်

No comments:

Post a Comment