Search This Blog

Wednesday, January 18, 2017

အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ ၂


ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော်ကို ဒီ ခန်းမကြီးမှာ ဌာပနာထားကြောင်း၊ ဒီ ခန်းမကြီးဟာ ဘုရားလောင်းတော်တစ်ပါး ကို ရည်စူးတည်ဆောက်ခဲ့ကြောင်း အဲဒီ ငွေပေလွှာပေါ်မှာ ရေးသားထားတယ်။ ရေးသားခဲ့ခေတ်ကာလ ဟာ အေဒီ (၁) စု အလယ်ပိုင်းလောက်က လို့ ယူဆရပြီး ခေတ်နှောင်းပိုင်း ကို ရောက်နေတယ်။ သို့ပေမဲ့ ပိုပြီး ရှေးကျတဲ့ ဗုဒ္ဓ ရှေးဟောင်း သက်သေပစ္စည်းပေါင်းများစွာကို တက္ကသီလာက၊ သီရကပ် မှာ တူး ဖော်တွေ့ရှိခဲ့ပြန်တယ်။ အဲဒီ တူးဖော်တွေ့ရှိတဲ့ အထောက်ထားတွေထဲမှာ ရှေးအကျဆုံးဟာ ဘီစီ (၂) ရာစုကို ရည်ညွှန်းနေပါတယ်။
ဘီစီ (၁) ရာစုလောက်က ဂရိလူမျိုးအချို့ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းခဲ့ပုံကို ရေးထိုးထားတဲ့ ကျောက်စာများကိုလည်း တွေ့ရှိ ကြရတယ်။ ဆွတ် တောင်ကြားမှာတွေ့ရှိခဲ့တဲ့ ဓါတ်တော်အိုးတစ်အိုး ပေါ်က ရေးထိုးစာအရ အဲဒီ ဓါတ်တော်အိုးမှာ သကျမုနိ ဗုဒ္ဓ ရဲ့ ဓါတ်တော်ထည့်သွင်းထားကြောင်း၊ သီအိုဒိုရပ်စ် အမည်ရှိတဲ့ မြိုစား တစ်ဦးက ဒီနေရာမှာ ဌာပနာထားခဲ့ကြောင်း သိရတယ်။ အဲဒီနေရာမှာ နောက်ထပ် တွေ့ရှိခဲ့တဲ့ ကြေးပြားချပ်တစ်ချပ်မှာလည်း ဒီ စေတီတော်ကြီးကို ‘‘မရိဒခ’’ နဲ့ ဇနီးတို့ တည်ထားကိုး ကွယ်ခဲ့ကြောင်း ရေးသားထားတယ်။ ‘‘မရိဒခ’’ ဆိုတဲ့စကားဟာ ဂရိ အုပ်ချုပ်ရေးစနစ်မှာ ‘‘ရုံး’’ ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ဒီ စကား လုံးကို ‘‘မြို့စား’’ သို့မဟုတ် ‘‘ဘုရင်ခံ’’ လို့ ဘာသာပြန်လို့ရပေမဲ့၊ အဲဒီ ရာထူးနဲ့ ပုဂ္ဂိုလ် အုပ်ချုပ်ခွင့်ရတဲ့ နယ်ပယ်ဟာ ကျယ်ပြန့် လှတယ် လို့ မပြောနိုင်ဘူး။ ထူးခြားတဲ့ အချက်ကဘာလည်း ဆိုတော့ အဲဒီ ခေတ်က ဒီ လို ရာထူးအဆင့်တန်းနဲ့ ၀န်ထမ်းတစ်ဦး ဟာ စေတီတော်ကြီးတစ်ဆူ တည်ထားလောက်အောင် စေတနာ၊ သဒ္ဓါတရားထက်သန်နေတယ် ဆိုတဲ့အချက် ဖြစ်တယ်။
ဂရိ ဗုဒ္ဓဘာသာဝင်တွေကို အသောက မင်းကြီး ခေတ်မှာတောင် တွေ့ကြရ ပါတယ်။ အသောကမင်းကြီး စေလွှတ်ခဲ့တဲ့ ဗုဒ္ဓသာသနာပြုခရီးစဉ်တွေထဲ မှာ ဓမ္မရက္ခိတ အမည်ရှိတဲ့ ဂရိရဟန်းတော်တစ်ပါး ပါဝင်တယ်။ ဒီ ရဟန်းတော်ဟာ အပရန္တ တိုင်းကို သာသနာပြုခရီး ကြွချီခဲ့တာဖြစ်တယ်။ ဆန်ချီက ကျောက်စာတွေထဲမှာလည်းဘဲ ဂရိ အလှူရှင်များရဲ့ အမည်တွေကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဂရိလူမျိုး အချို့ဟာ အိန္ဒိယ ကိုရောက်ပြီး သိပ်မကြာခင်မှာဘဲ ဗုဒ္ဓ၀ါဒကို သက်ဝင်ယုံကြည်ပြီး ကိုးကွယ်ခဲ့ကြတယ် လို့ ဆိုရမှာ ဖြစ်တယ်။
ဗုဒ္ဓ၀ါဒ ဟာ အကြောင်းအကျိုးဆင်ခြင်ဉာဏ်နဲ့ ကိုယ်ကျင့်တရားကို အခြေခံထားတဲ့ ဘာသာအယူဝါဒ ဖြစ်တဲ့အတွက်တိုင်းတပါး သားတွေ အလွယ်တကူနဲ့ ခံယူကိုးကွယ်နိုင်ပါတယ်။ ဂရိလူမျိုးတွေဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ တရားတော်တွေကိုအဆင်သင့် လက်ခံပြီး၊ စေတီတော်တွေကို ပူဇော်ခဲ့ကြမယ် ဆိုတာ ဖြစ်နိုင်ချေ အများကြီးရှိတယ်။ ဘာကြောင့်တုန်းဆို အဲဒီ ခေတ်က ဗြဟ္မဏ၀ါဒနဲ့ ဟိန္ဒူ ၀ါဒ တွေဟာ အစဉ်လာ ကိုးကွယ်ယုံကြည်မူ ဘာသာတရားတွေဖြစ်နေပြီး ဇာတ်ခွဲခြားမူ စနစ်ကို အခြေခံ ထားတာဖြစ်တယ်။ မနုဓမ္မသတ် ကျမ်းအရ တိုင်ခြားလူမျိုးတွေဟာ မသန့်စင်တဲ့ အရိုင်းစိုင်းတွေဖြစ်တယ် လို့ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ဟိန္ဒူဝါဒကို သက်ဝင်ကူးပြောင်းတဲ့ တိုင်းတပါးသား အရေတွက် မရှိသလောက်နည်းတာ ဖြစ်တယ်။ ဗုဒ္ဓ၀ါဒက တော့ ဓမ္မသဘောတရားတွေနဲ့ ကျိုးကြောင်း ဆင်ခြင်ဉာဏ်ကို အခြေခံထားတဲ့အတွက် တိုင်တပါးသားတွေ ကို ပိုပြီး ဆွဲဆောင် နိုင်တာ ဖြစ်တယ်။ ဒါ့ အပြင် ဗုဒ္ဓတရားတော်များအရ ဇာတ်အလွှာအသီးသီးက လူတန်းစားအားလုံးဟာ တန်းတူဖြစ်ပြီး တိုင်းတပါးသား ဖြစ်လို့ ခွဲခြားသတ်မှတ်တာမျိုး မရှိဘူး။ ဒါကြောင့်မို့ ဂရိလူမျိုးတွေတင် မကပါဘူး၊ အိန္ဒိယနိုင်ငံထဲ ကို ထိုးဖောက် ၀င်ရောက်ခဲ့ကြတဲ့ သက လူမျိုးတွေ၊ ပသီ လူမျိုးတွေနဲ့ ကူရှန် လူမျိုးတွေဟာ ဗုဒ္ဓ၀ါဒကို သက်ဝင်ကိုးကွယ်ပြီး ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ချီးမြှောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေမှာ တွေ့ကြရတာဖြစ်တယ်။

ကူရှန် မင်းဆက်များ
===============
တရုတ်လူမျိုးတွေက ‘‘၀ီဂါး’’ တွေလို့ ခေါ်တဲ့ ကူရှန်တွေရဲ့ မူလဒေသ ဟာ တန်ဟောင် နဲ့ ချီလီယန်း နယ်ရဲ့ကြား အာရှ အလယ် ပိုင်းဒေသဖြစ်တယ်။ ဘီစီ (၂) ရာစုမှာ ဆွန်နု မင်းဆက်ရဲ့ တိုက်ခိုက်မူကြောင့် ရူံးနိမ့်ပြီး သူတို့ဟာ အနောက်ဘက် ဒေသကို ဆုတ်ခွာ လာခဲ့ကြတယ်။ အဲဒီကနေ အိုဇက်မြစ်ရဲ့ မြောက်ဘက်ဒေသမှာ အချိန်ကာလ တစ်ခုတာ အခြေချနေထိုင်ခဲ့ကြပြီး အနောက်ဘက်က တက်ဆီးယား ကို တိုက်ခိုက်ဖို့ ဆက်လက်ချီတက်ခဲ့တယ်။ ဘီစီ (၁၂၉) ပတ်ဝန်းကျင်မှာ သူတို့ဟာ ယခင် က ဘက်ထရီးယားနယ်ထဲကို ရောက်လာခဲ့ကြပါတယ်။ အဲဒီ အချိန်က ၀ီဂါး မျိုးနွယ်စု (၅) စု ရှိတယ်။ အဲဒီ အထဲမှာ အင်အား အကောင်းဆုံးဟာ ကူရှန် မျိုးနွယ်စု ဖြစ်တယ်။ ကူရှန်တွေဟာ တခြားမျိုးနွယ်စု လေးစုကို တိုက်ခိုက်အောင်နိုင်ပြီး အင်အား ပို ကောင်းလာခဲ့ပါတယ်။ အေဒီ (၁) ရာစု ကုန်ခါနီးမှာ ကုဂျူလ ကဒဖိးလ်စ် ခေါင်းဆောင်တဲ့ ကူရှန်တွေဟာ ပသီပြည်ကို တိုက်ခိုက်အောင်နိုင်ပြီး အိန္ဒိယပြည်ထဲထိ ထိုးဖောက်ဝင်ရောက် လာခဲ့တယ်။ အေဒီ (၂) ရာစု အစောပိုင်းကို ရောက်တဲ့အခါ နာမည်ကျော် ကနိသျှက ဘုရင်ဟာ ကူရှန်တွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ကနိသျှဘုရင်ဟာ ကဒဖိးလ်စ် မင်းဆက်ကို ဖြုတ်ချပြီး ဘုရင်ဖြစ်လာသူ ဖြစ်တယ်။ သူဟာ အိန္ဒိယပြည် အနောက်မြောက်ပိုင်းဒေသ နဲ့ မြောက်ပိုင်းဒေသ တွေ အပါအ၀င် အာရှ အလယ်ပိုင်းကနေ အာဖကန်နစ္စတန် ထိ ကျယ်ပြန့်တဲ့အင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့တယ်။
ကနိသျှက ဘုရင်ရဲ့ အင်ပါယာဟာ အသောကဘုရင်ခေတ်ပြီးရင် အာရှတိုက်တောင်ပိုင်းမှာ အကျယ်ပြန့်ဆုံးအင်ပါယာ ဖြစ် တယ်။ သူရဲ့အင်ပါယာ အတွင်းမှာ အင်ဒီယန်းတွေ၊ ဂရိတွေ၊ သက လူမျိုးတွေ၊ ပသီလူမျိုးတွေ စသည်ဖြင့် လူမျိုးစု ပေါင်းများ စွာ ပါဝင်ခဲ့တယ်။ ဒါ့အပြင် ရောမအင်ပါယာ၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကြား ကုန်သွယ်မူ လမ်းကြောင်းရဲ့ အချက်ခြာကျဆုံးနေ ရာမှာ တည်ရှိတဲ့အတွက် အရှေ့၊ အနောက် ကုန်သွယ်လမ်းကြောင်းပေါ်က လူမျိုးပေါင်းများစွာ ရဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမူ အမျိုးမျိုးရဲ့ ကူလူးဆက်ဆံ မူ၊ တွေ့ဆုံပေါင်းစပ်မူဟာ အဲဒီခေတ် ကနိသျှကမင်းလက်ထက် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ယဉ်ကျေးမှုအသစ်တစ်ရပ် အရှိန်ဟုန်ကောင်းစွာ ဖြစ်ထွန်းစေခဲ့တယ်။ အသစ်ဖြစ်ပေါ်လာတဲ့ မဟာယာန ဗုဒ္ဓဘာသာ ဟာ ကနိသျှက မင်း လက်ထက်မှာ အကြီးအကျယ် ထွန်းကားလာခဲ့တယ်။ ဒါ့အပြင် ဂရိနဲ့ ဂရိကိုရိုမန်ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမူနဲ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ အနုပညာလက်ရာတွေ၊ အဆောက်အဦး ဗိသုကာလက်ရာတွေဟာ ပုံစံအသစ်၊ ဟန်အသစ်နဲ့ ဖြစ်ထွန်းလာခဲ့ပါတယ်။
ဥပမာ ဂန္ဓာရ အနုပညာလက်ရာမှာ သိသာထင်ရှားတဲ့ ဂရိယဉ်ကျေးမှုရဲ့ လွှမ်းမိုးမူကို တွေ့နိုင်တယ်။ ဗုဒ္ဓသာသနိက အဆောက် အဦးတွေမှာ ကော်ရစ်သီယန် ပုံစံ တိုင်လုံးရှည်တွေနဲ့ တိုင်ထိပ် အလှဆင်မူတွေ၊ ဂရိ ပုံစံ မွှမ်းမံခြယ်သမူတွေကိုလည်း တွေ့ကြ ရတယ်။ ဂရိယဉ်ကျေးမူရဲ့ လွှမ်းမိုးမူဟာ အာရှတိုက် အလယ်ပိုင်း၊ တရုတ်နိုင်ငံ တို့ကတဆင့် ဂျပန် နိုင်ငံထိအောင် ပြန့်နှံ့ရောက်ရှိသွား ခဲ့တယ်။ ဥပမာ ဂျပန်နိုင်ငံ၊ နရမြို့က ဟိုရယူဂျီဘုရားကျောင်းမှာဂရိလွှမ်းမိုးမူကို တွေ့နိုင်တယ်။
ဒီခေတ်ကာလ အတွင်းမှာ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တု ထုပ်လုပ်ခြင်း အတတ်ပညာလည်း ထွန်းကားလာခဲ့တယ်။ ဂရိပုံစံ မျက်နှာ သွင်ပြင်အမူအယာနဲ့ အ၀တ်အစားဟန်၊ အထူးသဖြင့် အ၀တ်တွန့်ခေါက်ပုံ တွေဟာ အဲဒီခေတ်က ပန်းပုအတတ်ပညာမှာ ဂရိ ပန်းပုပုံစံရဲ့ အားကောင်းတဲ့ လွှမ်းမိုးမူကို ဖော်ညွှန်းနေတယ်။ ဗိသုကာအတတ်နဲ့ လူပုံထုလုပ်ခြင်း ပန်းပုအတတ်မှာ ဂရိကိုရိုမန် ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမူကို ပသီ ခေတ်ကတည်းက တွေ့ရှိနေပြီးဖြစ်တယ်။ သို့သော်လည်း အဲဒီခေတ်မှာ ဗုဒ္ဓရုပ်ပွားဆင်းတု တော်ကိုတော့ မတွေ့ကြရသေးပါဘူး။ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို ယခုခေတ် ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ရှိခဲ့တဲ့ ဂန္ဓရ တိုင်းနဲ့ အိန္ဒိယနိုင်ငံအလယ်ပိုင်းက မထုရာ မှာ ကူရှန်မင်းဆက်ရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ အေဒီ (၁) ရာစုနှစ် အကုန်လောက်ကျမှ ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်တယ်။ အေဒီ (၂) ရာစုနှစ်ကိုရောက်တဲ့အခါ ဗုဒ္ဓ၀ါဒဆိုင်ရာ ပန်းပုလက် ရာတွေဟာ အလျင်အမြန် ပြန့်နှံ့ ထွန်းကားနေပြီဖြစ်
တယ်။
ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်တဲ့ ပန်းပုလက်ရာတွေကို ပထမဆုံး ဗုဒ္ဓ၀င်ဇာတ်ကြောင်းတွေနဲ့ ဇာတ်နိပါတ်တွေကို သရုပ်ဖော်တဲ့ ပန်းပု ရုပ်ကြွတွေမှာ အသုံး ပြုခဲ့တာဖြစ်တယ်။ ဒီလို ပန်းပု ရုပ်ကြွတွေကို အိန္ဒိယအလယ်ပိုင်းက ဘာရဟုတ်နဲ့ ဆန်ချီ မှာရှိတဲ့ စေတီတော်တွေနဲ့ သာသနိက အဆောက်အဦးတွေမှာ မွှမ်းမံဖို့ ထုလုပ်ခဲ့ကြတယ်။ သို့ပေမဲ့ အဲဒီ ပန်းပုရုပ်ကြွတွေမှာ ဗုဒ္ဓမြတ်စွာ ကို လူသားအသွင်သဏ္ဌာန်နဲ့ မထုလုပ်ကြသေးဘူး။ သင်္ကေတ တစ်ခုနဲ့သာ ရည်ညွှန်းထု လုပ်ကြကြောင်းတွေ့ရတယ်။
ဂန္ဓာရ အနုပညာ ဖွံ့ဖြိုးထွန်းကားလာတဲ့ အခါမှသာ လူသားအသွင် သဏ္ဌာန် ဗုဒ္ဓဆင်းတုတော်တွေကို စတင်ထုလုပ်ခဲ့တာဖြစ် တယ်။ အစမှာတော့ ရုပ်ကြွတွေထဲမှာ လူသားပုံစံ ဗုဒ္ဓရုပ်ပွားတော်ကို ပြကွက်ရဲ့ အလယ်မှာထားပြီး အခြားရုပ်တုတွေနဲ့ အရွယ် အစားတူ ထုလုပ်ခဲ့ကြတယ်။ သို့ပေမဲ့ နောက်ပိုင်းမှာ ဗုဒ္ဓရုပ်ပွားတော်ကို အခြား ရုပ်တုတွေထက် ပိုလွန်ကြီးမားစွာ ထုလုပ်လာ ခဲ့ကြပြန်ပါတယ်။ နောက်ဆုံးအဆင့်မှာတော့ ဗုဒ္ဓရုပ်ပွားတော်ကို ဗုဒ္ဓ၀င်ပြကွက်တွေနဲ့ သာ ဆက်စပ်ထုလုပ်တာ မဟုတ်တော့ ဘဲ တပါးတည်း သီးခြား ထုပ်လုပ်ပူဇော်ခဲ့ကြပါတော့တယ်။
ရုပ်ကြွတွေမှာ ဗုဒ္ဓမြတ်စွာကို ထုလုပ်တာဟာ ဗုဒ္ဓ၀င်ဇာတ်တော်တွေကို သရုပ်ဖော်ဖို့ ဖြစ်ပေမဲ့ ဗုဒ္ဓဆင်းတုတော်တွေကို သီးခြား ထုလုပ်တာဟာ ပူဇော်ကိုးကွယ်ဖို့ ဖြစ်တယ်။ ဒီလို သီးခြားဗုဒ္ဓဆင်းတုတော်တွေ ကို စေတီတော်တည်းထားကိုးကွယ်တဲ့ ဓလေ့ ကနေ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တွေ ကို သရုပ်ဖော်ဖို့ ထုလုပ်ကြရာက ဖွံ့ဖြိုးဖြစ်ပေါ်လာခဲ့တယ် လို့ ယူဆရတယ်။ ဗုဒ္ဓ၀င်ဇာတ် ကြောင်းစာပေတွေ တိုးတက်ထွန်းကား လာမူကလည်း ဆင်းတုရုပ်ပွားကိုးကွယ်မူမှာ အရေးပါတဲ့အကြောင်းတစ်ရပ် ဖြစ်နိုင်ပါ တယ်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်မူ ဓလေ့ဖြစ်ပေါ်လာရတာဟာ ဂရိပန်းပု ဆရာတွေရဲ့လွှမ်းမိုးမူကြောင့်လား၊ သို့မဟုတ် ဗုဒ္ဓ၀ါဒ ရဲ့ ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်တဲ့ ပူဇော်ကိုးကွယ်မူ ကနေ တိုးတက်ဖြစ်ပေါ်လာသလား ဆိုတာဟာ ခန့်မှန်းငြင်း ခုံကြဆဲဖြစ်ပါတယ်။ အကယ်၍ ဗုဒ္ဓ၀ါဒရဲ့ ဗုဒ္ဓမြတ်စွာ ကို အမြတ်တနိုးပူဇော်ကိုးကွယ်ရာကနေ တိုးတက်ဖြစ်ပေါ်လာတယ် ဆို ရင်တော့ ဒီ ဓလေ့ရဲ့ မူလ ဘူတ ဟာ စေတီတော် တည်းထားကိုးကွယ်မူနဲ့ သတ္တ၀ါတွေကို ဆင်းရဲကနေ ကယ်တင်နိုင်တဲ့စွမ်းအား မျိုး ဗုဒ္ဓမြတ်စွာမှာ ရှိတယ် ဆိုတဲ့ ယုံကြည်မူကြောင့်ဖြစ်ပါလိမ့်မယ်။ သံဃာတော်တွေ စုစည်းသယ်ဆောင်တော်မူခဲ့ကြတဲ့ နိကာယ ဗုဒ္ဓ၀ါဒသဘောအရတော့ ဗုဒ္ဓမြတ်စွာဟာ ခန္ဓာ အကြွင်းအကျန်မရှိတဲ့ အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်တော်မူသွားခဲ့တာ ဖြစ်လို့ ဗုဒ္ဓမြတ်စွာကို သက်ရှိအသွင်သဏ္ဌာန်နဲ့ ဖူးမြော်နိုင်ခွင့်မရှိတော့ပါဘူး။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာကို လူသားပုံစံနဲ့ဖြစ်စေ အခြား ဘယ်လို ပုံသဏ္ဌာန်နဲ့ ဘဲဖြစ်စေ ကိုယ်စားပြု ဖော်ပြလို့ မရနိုင်တော့ပါဘူး။
ကူရှန်မင်းဆက်ရဲ့ ပထမဘုရင်တွေဖြစ်တဲ့ ကုဂျူလ ကဒဖိလ်စ် နဲ့ ဝေမာ ကဒဖိလ်စ် ဘုရင်တွေတွေဟာ ဘယ် ဘာသာဝါဒကို ကိုးကွယ်ဆည်း ကပ်ခဲ့ကြသလဲ ဆိုတာကိုတော့ သေချာ မပြောနိုင်ဘူး။ သို့သော်လည်း အဲဒီဘုရင်တွေလက်ထက်က အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားခဲ့တယ်လို့တော့ ခန့်မှန်းနိုင်ပါတယ်။။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ် အတွင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တက္ကသီလာ က ဓမ္မရာဇိကာ စေတီတော်၊ ကုဏာလ စေတီတော်နဲ့ ကလ၀န ဒေသက ဗုဒ္ဓသာသနိက အဆောက် အဦးအကြွင်းအကျန်တွေ အပါအ၀င် ဗုဒ္ဓသာသနာ ဆိုင်ရာ အဆောက်အဦးပေါင်းများစွာကို တွေ့ ရှိခဲ့ကြရ လို့ဖြစ်တယ်။ အဲဒီ ဒေသတွေမှာ တွေ့ရှိရတဲ့ ဗုဒ္ဓ၀င် အဆောက်အဦးဟောင်း တွေမှန်သမျှ ဟာ ကူရှန်မင်းဆက် လက်ထက်တွင်းမှာ ဆောက်လုပ်ခဲ့တာချည်းဖြစ်တယ်။ ကလ၀န မှာ တူးဖော်တွေရှိခဲ့တဲ့ သံဃာရာမ ဘုန်းကြီးကျောင်းဆောင်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တွေ့ရှိခဲ့သမျှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ထဲမှာ အကြီးဆုံးကျောင်းကြီးဖြစ် တယ်။ စေတီတော်ဟောင်းတစ်ဆူရဲ့ ဂူအတွင်းမှာ တွေ့ရှိခဲ့ရတဲ့ ကျောက်စာတစ်ခုဟာ အေဒီ (၇၇) ခုနှစ်ကို ရည်ညွှန်းနေပြီး စေတီတော် မှာ ဓါတ်တော်တွေဌာပနာပြု ပူဇော်ကြောင်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း သံဃာတော်တွေကို လှူဒါန်းကြောင်း ရေးထိုးဖော် ပြ ထားတယ်။ အဲဒီ ကျောက်စာ ဟာ နိကာယ ဗုဒ္ဓ၀ါဒရဲ့ ဂိုဏ်းတစ်ဂိုဏ်း ကို ဖော်ညွှန်းရေးထိုးခဲ့တဲ့ အစောဆုံးကျောက်စာ မှတ် တမ်းဖြစ်တယ်။
အဲဒီထက် နောက်ကျပြီး အေဒီ (၂) ရာစု ရက်စွဲတပ်ထားတဲ့ ကျောက်စာ တစ်ချပ်ကို ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက၊ ပက်ရှဝါ မြို့ အနီးမှာ တွေ့ရှိခဲ့တယ်။ အဲဒီ ကျောက်စာမှာ ကနိသျှက ဘုရင်မင်းကြီးဟာ နာမည်ကျော် ကနိသျှက စေတီတော်ကြီးကို တည်ထား ခဲ့ကြောင်း ရေးထိုးထားပြီး အဲဒီစေတီတော်ဟောင်းရဲ့ အကြွင်းအကျန်ကို ရှာဂျီကီဒေရီ ဒေသမှာ တူးဖော်တွေ့ရှိခဲ့ရ ပါတယ်။ ကနိသျှက သံဃာ့ရာမကျောင်းတိုက်ကြီးမှာ ဌာပနာပြု ပူဇော်ခဲ့တဲ့ ဓါတ်တော်အိုးတစ်လုံး ကိုလည်း တွေ့ရှိခဲ့ကြတယ်။အဲဒီဓါတ်တော်အိုးပေါ်မှာကနိသျှက ကျောင်းတိုက်
ကြီးမှာ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓ၀ါဒဂိုဏ်းဝင် သံဃာတော်တွေ သီတင်းသုံးနေထိုင် ခဲ့ကြောင်း ရေးထိုးပါရှိပါတယ်။ အေဒီ ၁၄၈ ခုနှစ် ရက်စွဲပါ ပက်ရှဝါမြို့အနီးကုရမ်ဒေသက ကြေးစေတီငယ်လေးတစ်ခုပေါ်မှာ ရေးထိုးထားတဲ့ မှတ်တမ်းမှာလည်း ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော်တွေကို ဌာပနာပြုပြီး သဗ္ဗတ္ထိဝါဒဂိုဏ်းကို ပူဇော်လှူဒါန်းကြောင်းဖော်ပြထားတယ်။
ဗုဒ္ဓ၀ါဒ ဂိုဏ်းအမည်တွေ ဖော်ပြပါရှိတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက အခြားကျောက်စာတွေကတော့ သဗ္ဗတ္ထိဝါဒဂိုဏ်းသံဃာတွေ အတွက် လှူဒါန်းတဲ့ ရေအလှူမှတ်တမ်းနဲ့ ရေတွင်းအလှူမှတ်တမ်းကျောက်စာတွေဖြစ်တယ်။ အခြားတွေရှိရတဲ့ကျောက်စာ တွေမှာတော့ ကာသယပီယ ဂိုဏ်းအတွက် ကြေးယောက်မ တစ်ချောင်းလှူဒါန်းကြောင်း၊ ဗဟုသုတ္တီယ ဂိုဏ်းနဲ့ ကာသယပီယ ဂိုဏ်းအတွက် မြေအိုးတွေ လှူဒါန်းကြောင်း မှတ်တမ်းတင်ထားတဲ့ ကျောက်စာတွေဖြစ်တယ်။ အဲဒီ ကျောက်စာတွေကို အနီးစပ် ဆုံး အေဒီ (၂) ရာစုက ရေးထိုးခဲ့တယ် လို့ ယူဆရပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓဘာသာဂိုဏ်းဟာ အထူး အားကောင်းခဲ့ပေမဲ့ ဒီဒေသမှာ တွေ့ရှိခဲ့သမျှ စေတီ တော်ဆောက်လုပ် လှူဒါန်းမှု ဆိုင်ရာ ကျောက်စာတွေထဲမှာ ဗုဒ္ဓ၀ါဒ ဂိုဏ်း တစ်ခုတစ်လေရဲ့ အမည် ကိုမျှ ဖော်ပြရေးထိုးခဲ့ တာ မတွေ့ကြရပါဘူး။ အဲဒီ ကျောက်စာတွေကို ခန့်မှန်းချေ အားဖြင့် အေဒီ (၁) ရာစုနှစ် ၀န်းကျင်က ရေးထိုး ခဲ့ကြတာဖြစ်တယ်။ အဲဒီ ကျောက်စာမှတ်တမ်းတွေထဲမှာ ဂရိ ဘုရင်ခံနှစ်ပါးရဲ့ စေတီတော်တည်ထားမူ မှတ်တမ်းပါဝင်သလို သက လူမျိုး ပတိက ရဲ့ တက္ကသီလာ မှာ စေတီတော်တွေတည် ထားမူ မှတ်တမ်းတွေ ပါဝင်ပြီး အခြားတွေ့ရှိရတဲ့ မှတ်တမ်းတွေ လည်းပါဝင်တယ်။
ယနေ့ခေတ် အာဖရိကန်နစ္စတန်နိုင်ငံတွင်းမှာလည်း ဗုဒ္ဓသာသနိက ဆိုင်ရာ ရှေးဟောင်းနေရာတွေကို တူးဖော်တွေ့ရှိခဲ့ကြတယ်။
လန်ဒဟာနဲ့ ကန်ဒဟာရ် မှာ တွေ့ရှိခဲ့တဲ့ အသောကမင်းကြီးကျောက် စာတွေအရ အသောကမင်းကြီးလက်ထက်က အာဖရိကန် နစ္စတန်နိုင်ငံတွင်းမှာ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်နှံ့နေပြီးဖြစ်ကြောင်း သိရှိကြရတယ်။ အဲဒီဒေသမှာ ဗုဒ္ဓ၀ါဒကို ဘယ်လို စတင် လက်ခံခဲ့တယ်၊ ကိုးကွယ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောနိုင်ပေမဲ့ အေဒီ ပထမရာစုနှစ် အတွင်းမှာ ဗုဒ္ဓ၀ါဒ ဟာ အာဖရိကန်နစ္စတန်နိုင်ငံ ရဲ့ ဒေသအချို့မှာ အရှိန်အဟုန်နဲ့ ထွန်းကားပြန့်ပွားခဲ့တယ် ဆိုတာ ကိုတော့ပြောနိုင် ပါတယ်။အဲဒီ တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်း ဗုဒ္ဓ၀င်နေရာတွေထဲမှာ ရဲတိုက်မြို့ ဖြစ်တဲ့ ဗာဂရာမ်မြို့က အဆောက်အဦး အကြွင်းအကျန် တွေ၊ ဗိမာရမ်က စေတီတော်ဟောင်းတွေ၊ ဟဒ္ဒ နဲ့ ရှိတိုရက်ခ် မှာ ရှိတဲ့ ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက်အဦးတွေပါဝင် နေတယ်။ ဒါ့အပြင် ဗုဒ္ဓ၀င် လိုဏ်ဂူ ဘုရားကျောင်းတွေကိုလည်း အနောက်ဘက်ဒေသမှာ တွေ့ရှိခဲ့ကြတယ်။ အဲဒီ လိုဏ်ဂူ ဘုရားကျောင်းတွေထဲမှာ အလွန်ကြီးမားတဲ့ ကျောက်သား ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူကို တွေ့ကြရသလို ဗုဒ္ဓ၀င် နံရံဆေးရေးပန်း ချီတွေကိုလည်း တွေ့ရှိရပါတယ်။ ဗာဂရာမ် မြို့ဟာ ရှေးက ကာပိသီ မြို့ဟောင်းနေရာ ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်တယ်။ အဲဒီနေရာမှာ ဗုဒ္ဓ၀င်သရုပ်ဖော်ပုံ ဆေးရေးပန်းချီတွေနဲ့ အခြား ဗုဒ္ဓသာသနိက ဆိုင်ရာရှေးဟောင်းပစ္စည်းများစွာကိုလည်းတွေ့ရှိခဲ့တယ်။ ဗီမာရန် မှာတော့ ရှေးဟောင်း စေတီတော်နေရာကဓါတ်တော်အိုးတစ်လုံးကို တွေ့ရှိခဲ့
ပြီး အဲဒီ ဓါတ်တော်အိုးပေါ်မှာ စေတီတော်ကြီးကို သီဝရသိတ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓမြတ်စွာရဲ ဓါတ်တော်တွေကို ဌာပနာ ပြုပြီး သက ခေတ်အတွင်းမှာ တည်ထားခဲ့ကြောင်း ဖော်ပြထားတယ်။

ကူရှန်ခေတ် .. (အဆက်)
==================
အာဖရိကန်နစ္စတန်နိုင်ငံက ဟဋ္ဋာဒေသမှာ ဗုဒ္ဓသာသနိက ဆိုင်ရာ လက်မှုပစ္စည်းတွေ ထောင်နဲ့ချီပြီး တွေ့ရှိခဲ့တယ်။ တွေ့ရှိ ခဲ့ရတဲ့ ရေတကောင်းတစ်ခုပေါ်က စာသားအရ ကနိသျှမင်းလက်ထက်မှာ ဗုဒ္ဓမြတ်စွာဓါတ်တော်တွေ ဌာပနာတည်ထားတဲ့ စေတီတော်အတွက် လှူဒါန်းခဲ့ကြောင်းသိရတယ်။ ကာဗူးလ်မြို့ရဲ့မြောက်ဘက် ၀ါရဒက်ခ် မှလည်း ကြေးဓါတ်တော်အိုး တစ်လုံး တွေ့ရှိခဲ့ပြီး အဲဒီ အိုးပေါ်မှာ ၀ဂရမ်ရေက ဘုန်းကြီးကျောင်းတော်အတွက် ဗုဒ္ဓဓါတ်တော်တွေ ထည့်သွင်းပူဇော်ပြီး မဟာသံဃိကဂိုဏ်းသံဃာတော်တွေကို လှူဒါန်းခဲ့ကြောင်းဖော်ပြထားတယ်။ ပြီးတော့ ကုဝိရှက ဘုရင်မင်းကြီး ကျမ္မာချမ်းသာ စေကြောင်း ဆုတောင်းစာကိုလည်းတွေ့ရပြီး အေဒီ ၁၇၉ ကူရှန်ခေတ် အတွင်းက ရေးသားခဲ့တာလို့ ယူဆရပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အာဖရိကန်နစ္စတန်နိုင်ငံ အတွင်းမှာ ရှေးဟောင်း မှတ်တမ်းရေးသားမူ များစွာ တွေ့ရှိခဲ့ပေမဲ့အဲဒီရေးသားမူတွေထဲက အနည်းငယ်မှာသာ နိကာယ ဗုဒ္ဓ၀ါဒဂိုဏ်းအမည်တွေကို ဖော်ပြထားတယ်။
ကနိသျှက ဘုရင်ရဲ့ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓ၀ါဒဂိုဏ်းကို ထောက်ပံ့လှူဒါန်းမူနဲ့ ပတ်သက်ပြီး နာမည်ကျော် ကနိသျှက စေတီတော်မှတ် တမ်းကျောက်စာမှာ ထင်ထင်ရှားရှားဖော်ပြရေးထိုးထားတယ်။ ဒီလို ထောက်ပံ့လှူဒါန်းမူနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီ အချို့ကိုလည်း တွေ့ရတယ်။ ဥပမာ - တရုတ်မူနဲ့ ရှိနေတဲ့ အဿ ဃောသ မထေရ်ရဲ့ အတ္ထုပ္ပတ္တိ ကျမ်းမှာ ကနိသျှကဘုရင်ဟာ အိန္ဒိယနိုင်ငံ အလယ်ပိုင်းကို တိုက်ခိုက်အောင်နိုင်တဲ့အခါ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တော်နဲ့ အ ဿ ဃောသ မထေရ်မြတ်ကို တောင်းဆိုခဲ့တယ် လို့ ဆိုပါတယ်။ ဘုရင်မင်းကြီးရဲ့ တောင်းဆိုမူ၊ ပင့်လျှောက်မူ အရ အဿဃောသ မထေရ်မြတ်ဟာ အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်းကို ကြွရောက်ပြီး ဗုဒ္ဓသာသနာပြန့်ပွားအောင် ရွက်ဆောင်ခဲ့ကြောင်း၊ ဘုရင်မင်းကြီးဟာ သဗ္ဗတ္ထိဝါဒ ဂိုဏ်းက ပရရှဝ မထေရ်မြတ်ကိုလည်း ကိုးကွယ်ကြောင်းတွေ့ရပြီး ဒီ မထေရ်မြတ်ရဲ့ တိုက်တွန်းမူကြောင့် ရဟန္တာ မထေရ်မြတ် (၅၀၀) ပါဝင်တဲ့ စတုတ္ထသင်္ဂါယနာတင်ခဲ့တယ်။ အဲဒီ သင်္ဂါယနာပွဲမှာ အပိုင်းပေါင်းနှစ် ရာကျော်ရှိပြီး မြောက်များလှတဲ့ မဟာဝိဘာသာကျမ်းတွေကို ပြုစုခဲ့တယ် လို့ ရေးသားထားတယ်။
ကနိသျှက ဘုရင်ရဲ့ နောက်မှာ ၀ါသိသက၊ ဟုဝိသကနဲ့ ၀ါသုဒေ၀ မင်းတွေ ဆက်ခံ အုပ်စိုးခဲ့တယ်။ အဲဒီ မင်းတွေလက်ထက်မှာ ကူရှန်အင်ပါယာဟာ အရှိန်အ၀ါ ကျဆင်းလာပြီး အေဒီ (၃) ရာစုရောက်တဲ့ အခါ အိန္ဒိယနိုင် ငံမြောက်ပိုင်းလောက် ကိုသာ စိုးမိုး အုပ်ချုပ်နိုင်တော့ကြောင်းတွေ့ရတယ်။ အဲဒီ ကူရှန်မင်းဆက် အစောပိုင်းကာလ မှာ မြို့စား သုဒသ ဟာ မထုရာမှာ ဂုဟ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး၊ ခေတ်နှောင်းကာလ နန်းသက် (၄၇) နှစ်အတွင်း ဟုဝိသက ဘုရင်လက်ထက် မထုရာမြို့ရဲ့ အပြင်ဘက် ဂျမာလာပူရ မှာ ဟုဝိသက ကျောင်းတိုက်ကြီးကို လှူဒါန်းခဲ့တယ်။ အဲဒီကျောင်းတိုက်ကြီးကို လှပတဲ့ရုပ်ကြွတွေနဲ့ မွှမ်းမံ တည်ဆောက် ခဲ့ပြီးနောက်ပိုင်း မှာ ဘာသာခြားတွေရဲ့ ဖျက်ဆီးခြင်းခံခဲ့ရလို့ ယခုခေတ်မှာ အုတ်တံတိုင်း အပိုင်းအစများစွာ၊ တိုင်လုံးများစွာနဲ့ ဗုဒ္ဓရုပ်ပွားတော်များစွာရဲ့ အပျက်စီး၊ အကြွင်းကျန်များကိုသာ တွေ့ကြရတယ်။
မထုရာမှာ အခြား ဗုဒ္ဓဘာသာကျောင်းတိုက်ပေါင်းများစွာလည်း ရှိခဲ့တယ်။ အဲဒီ ပတ်ဝန်းကျင်မှာ တွေ့ရှိခဲ့ရတဲ့ ကျောက်စာမှတ် တမ်းရေးသားမူတွေအရ နိကာယ ဗုဒ္ဓဘာသာဂိုဏ်းအချို့က သံဃာတွေတော်တွေရဲ့ ကျောင်းတိုက်တွေ မထုရာမှာ ရှိနေခဲ့ ကြောင်းသိရပြီး အဲဒီ ဗုဒ္ဓ၀ါဒဂိုဏ်းတွေထဲမှာ မဟာသံဃိကဂိုဏ်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ သမိတ္တိယဂိုဏ်း၊ ဓမ္မဂုတ္တိက ဂိုဏ်းအ မည်တွေကို တွေ့ရပါတယ်။ သံဃာ့ဂိုဏ်းအမည်တွေ ဖော်ပြမထားတဲ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ ကျောက်စာမှတ်တမ်းများစွာကိုလည်း တွေ့ကြရတယ်။ မထုရာဟာ ဗုဒ္ဓ၀ါဒရဲ့ အရေးပါတဲ့ ဗဟိုဌာနတစ်ခု ဖြစ်ကြောင်းကို တရုတ် ဘုရားဖူးခရီးသည် ရဟန်းတော်တွေ ဖြစ်တဲ့ ဖဟီယန်နဲ့ ရွှင်ကျန်တို့ ရဲ့ မှတ်တမ်းရေးသားမူတွေကလည်း သိနိုင်တယ်။
မထုရာနဲ့ ဂန္ဓရ ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဆင်းတုတော်တွေကို ပထမဆုံး ထုလုပ်ကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းဒေသ နှစ်ခုအဖြစ် ထင်ရှား ပါတယ်။ မထုရာမှာ ပထမဆုံး ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေ ထုလုပ်တဲ့ အချိန်လောက်မှာဘဲ ဂန္ဓာရတိုင်းမှာလည်း စတင်ထုလုပ် ကိုးကွယ်ခဲ့တယ်။ သို့ပေမဲ့ မထုရာရဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေဟာ ဂန္ဓာရ ဆင်းတုတော်တွေကို ပုံတူးကူချတာတော့ မဟုတ်ဘူး။ မထုရာ ဟာ အဲဒီ ခေတ်မတိုင်ခင်ကတည်းက ပုံသွင်းလောင်းတဲ့ အတတ်ပညာ မှာ ထိပ်တန်းဒေသဖြစ်နေပြီး ပညာ ရပ်ဆိုင်ရာ အဆင့်တန်းမြင့် မားနေပြီဖြစ်တယ်။ ပြီးတော့ မထုရာ ဒေသမှာ ထုလုပ်တဲ့ ဗုဒ္ဓဆင်းတုတော် ပုံဟန်ဟာ ဂန္ဓာရပုံဟန် နဲ့ ကွဲပြားခြားနေပါတယ်။ ဒါကြောင့်မို့လို့ ဒီ ဒေသနှစ်ခုဟာ တစ်ခေတ်တည်းမှာဘဲ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို သီးခြားစီ ထုလုပ်ခဲ့တယ်လို့ ယူဆရမှာ ဖြစ်တယ်။
မထုရာက လက်မူပညာရှင်တွေဟာ ဂန္ဓာရ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေကို တွေ့ရှိရာကနေ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ဗုဒ္ဓဆင်းတု တော်တွေကို ထုလုပ်ခဲ့တာ ဖြစ်မယ် လို့ မှန်းဆရတယ်။ မထုရာ မှာ ဗုဒ္ဓ၀င်ဖြစ်စဉ်ကို သရုပ်ဖော်ထုလုပ်တာမျိုးကိုတော့ တွေ့ရ အင်မတန် နည်းတယ်။ သို့သော်လည်း လူများစွာက ဘုရားဖူးနေပုံမျိုး ကိုတော့ တွေ့ကြရတယ်။ ခေတ် အစောပိုင်းက ဒီလို ရုပ်ကြွမျိုးမှာ ဗုဒ္ဓမြတ်စွာနေရာကို ဗောဓိပင် သို့မဟုတ် စေတီတော် နဲ့ ဖော်ညွှန်းလေ့ရှိပြီး နှောင်းခေတ်ရောက်မှ လူသားအသွင် ဗုဒ္ဓ္ဂရုပ်ပွားတော်ကို ထုလုပ်တာဖြစ်တယ်။ အဲဒီ နောက်ပိုင်းမှာ ဗုဒ္ဓရုပ်ပွားတော်သက်သက်၊ ဘုရာလောင်းရုပ်ပွားသက်သက်ကို ထုလုပ်လာကြတယ်။ ဒီလို ထုလုပ်တဲ့ မထုရာက ဗုဒ္ဓဆင်း တုတော်တွေကို ကျောက်စာတွေမှာ ဗုဒ္ဓရုပ်ပွားတော်များလို့ ရည်ညွှန်း တာ မတွေ့ရဘဲ ‘‘ရုပ်ပွားတော်များ’’ (ပရတိမာ) လို့သာ ရည်ညွှန်းထား တာကို တွေ့ရတယ်။ သီးခြားထင်ရှားတဲ့ ရုပ်ပွားတော် တွေကိုတော့ ဗုဒ္ဓမြတ်စွာ ထိုင်တော်မူပုံ၊ ဘုရားလောင်း ထိုင်တော်မူပုံ စသည်ဖြင့် ရည်ညွှန်းချက် အချို့ကိုတွေ့ရတယ်။ ရုပ်ပွား တော်တွေကို ရည်ညွှန်းတဲ့ အသုံးနှုန်းကွဲပြားမူဟာ အဲဒီ ရုပ်ကြွတွေကို အသုံးပြုခဲ့တဲ့ နေရာအလိုက် ကွဲပြားမယ်လို့ ယူဆရပါ တယ်။ သို့သော်လည်း အဲလို အသုံးနှုန်းကွဲပြား ရခြင်းရဲ့ နောက်ကွယ်က ဓလေ့အယူဆကိုတော့ မသိကြရပါဘူး။

No comments:

Post a Comment