Search This Blog

Wednesday, January 18, 2017

ညောင်ရမ်းခေတ်


ဟံသာဝတီလက်အောက်ခံ ဖြစ်ခဲ့ရသော အင်းဝကား
အင်အားပြန်လည်ပြည့်ဖြိုးစေလျက် ရှိပြီဖြစ်လေသည်။
အင်းဝဘက်သို့ မြင်ကွင်းပြောင်း၍ ကြည့်ခဲ့လျှင် ဘုရင့်နောင် ဟံသာဝတီ
ဆင်ဖြူရှင်၏ သားတော်အငယ် မင်းရဲနန္တမိတ်ဘွဲ့ခံ ညောင်ရမ်းမင်းသားသည်
အထက်ပိုင်းတွင် လူသူစုဆောင်းကာ ၉၅၉ ခုနှစ်ကပင် အင်းဝ၌ ထီးနန်းတည်ထောင် စိုးစံလျက်ရှိလေသည်။ ထို့ကြောင့် ညောင်ရမ်းမင်းမှစ၍ ဒုတိယအင်းဝ၊ သို့မဟုတ် ညောင်ရမ်းမင်းဆက်ကို ဆက်လက်သုံးသပ်လေ့လာရန် လိုပေသည်။

၁။ ညောင်ရမ်းမင်း (၉၅၉-၉၆၇)
မင်းရဲနန္တမိတ်သည် အင်းဝကို ထူထောင်ပြီးနောက် အထက်ပိုင်းရှိ မြန်မာမြို့ရွာများနှင့် ရှမ်းနယ်တို့ကို စည်းရုံးသိမ်းသွင်းလေသည်။ သို့ရာတွင် သိန္နီသို့ ချီတက်၍အပြန်တွင် လမ်းခရီး၌ နတ်ရွာစံရလေသည်။

၂။ အနောက်ဘက်လွန်မင်း (၉၆၇-၉၉၀)
ညောင်ရမ်းမင်း၏ သားတော် မဟာဓမ္မရာဇာသည် ထီးနန်းဆက်ခံလေသည်။ ၉၇၀ ပြည့်နှစ်တွင် ပြည်မြို့ကို သိမ်းပိုက်၍ သတ္တိထူးချွန်သော ငထင်ငယ်အား နန္ဒရော်ဓာဘွဲ့နှင့် အမတ်ကြီး ခန့်လေသည်။ ထိုမင်းလက်ထက်တိုင် တောင်ငူ၌ ဟံသာဝတီ၏ လက်အောက်ခံအဖြစ် နတ်သျှင်နောင်သည် စိုးစံလျက်ရှိရာ တောင်ငူကို ချီတက်လုပ်ကြံ၍ရလျှင် နတ်သျှင်နောင်အား အင်းဝသစ္စာခံစေပြီးနောက် တောင်ငူမှာပင် ဆက်လက်စိုးစံစေလေသည်။ သံလျင်တွင် စိုးစံနေသော ပေါ်တူဂီ ငဇင်ကာသည် တောင်ငူ၊ မုတ္တမတို့နှင့် ၃ ပွင့်ဆိုင် မဟာမိတ်ဖွဲ့ထားရာ တောင်ငူက အင်းဝမင်း သစ္စာခံလေသဖြင့် မုတ္တမနှင့်ပေါင်း၍ တောင်ငူကို တိုက်ခိုက်ကာ နတ်သျှင်နောင်ကို ခေါ်ဆောင်သွားလေသည်။

(အချို့ကမူ နတ်သျှင်နောင်သည် ငဇင်ကာနှင့်ပေါင်းကာ အနောက်ဘက်လွန်မင်းအား ပြန်လည်ခုခံတိုက်ခိုက်သည်ဟု ဆိုကြလေသည်။) အနောက်ဘက်လွန်မင်းသည် သံလျင်ကို ချီတက်တိုက်ခိုက်၍ ငဇင်ကာနှင့် နတ်သျှင်နောင်ကိုပါ ကွပ်မျက်လေသည်။ နတ်သျှင်နောင်သည် ငဇင်ကာ၏ လက်ဝယ်၌ မလွှဲမရှောင်သာဘဲ သာလွန်မင်းကို ခုခံတိုက်ခိုက်ပေးရကောင်း ပေးရပေမည်။ ငဇင်ကာကမူ နတ်သျှင်နောင် အလိုတူပင့်ခေါ်၍ တောင်ငူကို တိုက်ယူရလေဟန် ထွက်ဆိုပေသည်။ မည်သို့ပင်ဖြစ်စေ နတ်သျှင်နောင်သည် မိမိကိုယ်ရေး အခြေအနေအရ သင့်မြတ်သည်ဟုထင်ရာကို ဆုံးဖြတ်လိုက်ပါခဲ့ခြင်း ဖြစ်ပေမည်။ အနောက်ဘက်လွန်မင်းသည် ဟံသာဝတီချောင်းသစ် အနောက်ဘက်တွင် ယာယီစံခိုက် အပြစ်သင့်သော သားတော် မင်းရဲဒိဗ္ဗက လုပ်ကြံ၍ နတ်ရွာစံရလေသည်။

၃။ မင်းရဲဒိဗ္ဗ (၉၉၀)
မင်းရဲဒိဗ္ဗလည်း ဟံသာဝတီ၌ရှိစဉ်ပင် ထီးနန်းကို ဆက်ခံလေသည်။ သို့ရာတွင် အနောက်ဘက်လွန်မင်း၏ ညီတော် သတိုးဓမ္မရာဇာနှင့် မင်းရဲကျော်စွာတို့သည် အထက်တစ်လွှားသို့ စစ်ချီနေဆဲဖြစ်လေရာ မင်းရဲဒိဗ္ဗ လုပ်ကြံကြောင်း ကြားသိ၍ အင်းဝသို့ စစ်လှည့်ကာ ပြန်လာကြလေသည်။ ထိုအကြောင်းကို မင်းရဲဒိဗ္ဗ ကြားသိ၍ ရခိုင်သို့ ထွက်ပြေးမည်ပြုစဉ် မှူးမတ်တို့ကဖမ်း၍ ဦးရီးတော် သတိုးဓမ္မရာဇာထံသို့ပို့ရာ ကွပ်မျက်ခြင်း ခံရလေသည်။

၎။ သာလွန်မင်း (၉၉၀-၁၀၁၈)
မင်းရဲဒိဗ္ဗကို ကွပ်မျက်ပြီးနောက် မဟာဓမ္မရာဇာသည် ထီးနန်ဆက်ခံလေရာ သားလွန်မင်းဟု ထင်ရှားလေသည်။ သာလွန်မင်းသည် ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့ပေးလေသည်။ သာလွန်မင်းသည် နိုင်ငံကို ပြန်တည်ထောင်ကာ လူဦးရေ တိုးတက်အောင် ဆောင်ရွက်စီမံခြင်း၊ စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်လေသည်။ ချွေတာစုဆောင်းမှုကိုလည်း အားပေးလေသည်။ သာလွန်မင်းတွင် သားတော် ပင်းတလဲမြို့စားအပြင် ရွှေဆင်းတုဟု ထင်ရှားသော သမီးတော်တစ်ပါးလည်း ထွန်းကားလေသည်။ သာလွန်မင်းသည် ဇင်းမယ်တွင် ၂ နှစ်၊ ဟံသာဝတီတွင် ၂ နှစ်ခန့် စိုးစံနေလေသည်။ ထို့နောက်မှ အင်းဝသို့ မြို့တော်ပြောင်းရွှေ့ပြန်လေသည်။ သာလွန်မင်းသည် စစ်ကိုင်းတွင် ရာဇမဏီစူဠာ ကောင်းမှုတော် စေတီကြီးကို တည်ခဲ့လေသည်။

၅။ ပင်းတလဲမင်း (၁၀၁၀-၁၀၂၃)
သာလွန်မင်း နတ်ရွာစံသောအခါ သားတော် အိမ်ရှေ့ပင်းတလဲမင်းသည် ထီးနန်းဆက်ခံလေသည်။ ထိုမင်းလက်ထက် စစ်ကိုင်းငါးထပ်ကြီးကျောင်းကို တည်သဖြင့် ငါးထပ်ဒါယကာဟု ထင်ရှားလေသည်။ ထိုမင်းလက်ထက်တွင် ယူနန်နယ်မှ ထွက်ပြေးလာသော ပြည်ပြေးရုံနီဥဒည် ဆိုသူကို အကြောင်းပြု၍ တရုတ်တပ်များ အင်းဝအနီးသို့ ချီလေသည်။ ထိုမင်းသည် နိုင်ငံကို ကောင်းစွာမအုပ်ချုပ်နိုင်သဖြင့် မှူးမတ်တို့ အလိုအရ ညီတော်ပြည်မင်းသည် ထီးနန်းကို လုယူလေတော့သည်။

၆။ ပြည်မင်း (၁၀၂၃-၁၀၃၄)
ပြည်မင်းလက်ထက်တွင် တရုတ်တို့ တိုက်လာသည်ကို တွန်းလှန်၍ တရုတ်တို့အလိုရှိသော ရုံနီဥဒည်ကိုလည်း ပေးအပ်လိုက်လေသည်။ ဇင်းမယ်နှင့် မုတ္တမကို ယိုးဒယားတို့ နှောင့်ယှက်ရာတွင် တိုက်ခိုက်နှိမ်နင်းလေသည်။

၇။ နရာဝရမင်း (၁၀၃၄)
ပြည်မင်း နတ်ရွာစံလျှင် သားတော် နရာဝရမင်းသည် ခမည်းတော်၏ ထီးနန်းကို ဆက်ခံစိုးစံလေသည်။ တစ်နှစ်မျှ စိုးစံ၍ နတ်ရွာစံလေသည်။

၈။ ၀မ်းဘဲအင်းမင်း (အင်္ဂါမင်း) (၁၀၃၄-၁၀၆၀)
ပြည်မင်းတွင် မိဖုရား၊ မောင်းမ မရှိသဖြင့် တူတော် မင်းရဲကျော်ထင် ဆက်ခံစိုးစံလေရာ ၀မ်းဘဲအင်းစံမင်းဟု ထင်ရှားလေသည်။

၉။ စနေမင်း (၁၀၆၀-၁၀၇၆)
ဝမ်းဘဲအင်းမင်း နတ်ရွာစံလေလျှင် သားတော် စနေမင်း စိုးစံလေသည်။ စနေမင်းလက်ထက်တွင် အိန္ဒိယနိုင်ငံ မဂိုဘုရင်ထံသို့ သံအဖွဲ့ စေလွှတ်လေသည်။ ထူးခြားသော အကြောင်းအရာများ မပေါ်ပေါက်ပေ။

၁၀။ တနင်္ဂနွေမင်း (၁၀၇၆-၁၀၉၅)
စနေမင်း၏ သားတော် တနင်္ဂနွေမင်း ထီးနန်းဆက်ခံလေသည်။ ထိုမင်းလက်ထက်တွင် စဥ့်ကိုင် သူဌေး၏သား ဦးကုလားသည် မြန်မာရာဇ၀င်ကျမ်းများကို ရေးသားပြုစုခဲ့လေသည်။

ဆရာလှသမိန်၏ "မြန်မာနိုင်ငံရာဇ၀င်အကျဉ်း" စာအုပ်မှ
ကိုဉာဏ် (ပန်းလောင်မြေ)

No comments:

Post a Comment