Search This Blog

Wednesday, January 18, 2017

အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ ၃


အန္ဓရမင်းဆက်များ
==============
အန္ဓရမင်းဆက်တွေကို ခေတ်ကာလ နှစ်ပိုင်းခွဲခြား ထားတယ်။ ပထမခေတ် ဟာ ဒေကန် ကျွန်းဆွယ်မှာ အုပ်စိုးခဲ့တဲ့ခေတ်ဖြစ်ပြီး ဒုတိယခေတ်ကတော့ ဗဟိုသြဇာအာဏာ ကျဆင်းသွားချိန် ဒေသအသီးသီးမှာမင်းပြိုင်တွေ ပေါ်ထွန်းလာခဲ့ခေတ်ဖြစ်တယ်။
ဘီစီ (၂၀၀) လောက်မှာ မောရိယမင်းဆက်ရဲ့ အရှိန်အ၀ါကျဆင်း သွားတဲ့အခါ ဒေကန်ကျွန်း ဆွယ် အနောက်ပိုင်းမှာ အခြေစိုက် တဲ့ သာတ၀ါဟန မင်းဆက် ဟာ သြဇာအာဏာ တက်လာခဲ့တယ်။ သူတို့ရဲ့သြဇာအာ ဏာဟာ အေဒီ (၃) စုထိ လွှမ်းမိုးနိုင်ခဲ့ပြီး ဒက္ခိဏပထ တောင်ပိုင်း ကုန်သွယ်လမ်းကြောင်း ရဲ့အဆုံးဖြစ်တဲ့ ပိုက်ထိုင် (ပရထိဌာန) မှာ ဗဟိုပြုခဲ့တယ်။ သူတို့ဟာ မူလက မြောက်ဘက်ပိုင်းမှာရှိတဲ့ နာဆစ်ခ် နဲ့ အကောလာ ဒေသကနေ ရွှေ့ပြောင်းလာခဲ့ပုံရ တယ်။ အေဒီ(၂) ရာစုကိုရောက်တဲ့အခါ သူတို့ရဲ့ သြဇာအာဏာဟာ အတောက်ပဆုံးဖြစ်ခဲ့ပြီ့း  တောင်ပိုင်းကြားမှာ သဘာဝအတားဆီးကြီး တစ်ခုဖြစ်နေတဲ့ ၀ိန္ဓယတောင်တန်းနဲ့ နာမဒါ မြစ်အထိအောင် ကျယ်ပြန့်တဲ့ဒေသကြီးတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့တယ်။ သြဇာအာဏာ အတက်ဆုံးအချိန်မှာ နာမဒါမြစ်ရဲ့ မြောက်ဘက်ထိအောင်အာဏာစက် ဖြန့်ကျက် ထားနိုင်ခဲ့တယ်။ သူတို့ရဲ့ မြို့တော်ဟာ ခရစ်ရှဏာ မြစ်ကမ်းအနီး အရှေ့ဘက်ပင် လယ်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ ဓါညကဋက ဖြစ်တယ်။
အစဉ်အလာ သမိုင်းတွေအရ သာတ၀ါဟန မင်းဆက်ဟာ နှစ်ပေါင်း (၄၅၀) ကြာအောင်အုပ်စိုးခဲ့ပြီး မင်းဆက်ပေါင်း (၃၀) ရှိခဲ့တယ် လို့ဆိုတယ်။ အများအားဖြင့် ဒီဘုရင်တွေရဲ့အမည်တွေဟာ ဆွေစဉ်မျိုးဆက်ထဲ ကဦးစီးပုဂ္ဂိုလ်တွေ ရဲ့အမည်တွေ သာဖြစ်တယ်။ ပိုပြီး တိတိကျကျပြောရရင် သာတ၀ါဟန မင်းဆက်ဟာ မင်းဆက်ပေါင်း (၁၇) ဆက်ကနေ (၁၉) ဆက်ထိရှိခဲ့ပြီး ခန့်မှန်းချေ နှစ်ပေါင်း (၃၀၀) လောက် စိုးမိုးခဲ့တယ် လို့ ပြောရမှာဖြစ်တယ်။ အေဒီ (၃) ရာစုရောက်တဲ့အခါ သာတ၀ါဟန မင်းဆက်သြဇာ ယုတ်လျော့ သွားပြီး ဒေသအသီးသီးမှာ ဒေသခံ ဘုရင်ငယ်တွေဟာ ဒေကန်ဒေသမှာ သူတလူ၊ ငါတမင်း အုပ်းစိုးခဲ့ကြတယ်။ အဲဒီ ခေတ်ကာလအတွင်း မှာဘဲ ဂေါဒါဝတီမြစ်အောက်ပိုင်းဒေသမှာ ဣကရှဝါကု မင်းဆက် တည်ထောင်ခဲ့ပြီး အဲဒီ မင်းဆက်ဟာ ဗုဒ္ဓ၀ါဒကို အခိုင်အမာ ထောက်ပံ့ခဲ့တဲ့ မင်းဆက်ဖြစ်တယ်။ အေဒီ (၄)ရာစုရောက်တဲ့ အခါ ဂုပတ မင်းဆက် ဟာ အိန္ဒိယတစ်နိုင်ငံလုံးကို စုစည်း အုပ်ချုပ်နိုင်ခဲ့ တယ်။
ဒေကန်ဒေသမှာ ဗုဒ္ဓသာသနာရဲ့ ထူးခြားချက်တစ်ခုတစ်ခုက ဘုရားကျောင်း လိုဏ်ဂူတွေဖြစ်တယ်။ အထူးသဖြင့် အနောက် ဘက် ပင်လယ် ကမ်းရိုးတန်းက ဂတ်စ် တောင်တန်း တစ်လျှောက် မှာ တွေ့ရတယ်။ အိန္ဒိယတစ်နိုင်ငံလုံးမှာလိုဏ်ဂူ ဘုရားကျောင်းပေါင်း (၁၂၀၀) လောက် တွေ့ရှိခဲ့ပြီးဖြစ်တယ်။ အဲဒီအထဲမှာ (၇၅) ရာနှုန်းဟာ ဗုဒ္ဓဘာသာ လိုဏ်ဂူ ဘုရားကျောင်းတွေဖြစ်ပြီး အစောဆုံး ဘီစီ (၁) ရာစုနဲ့ (၂) ရာစု ခေတ်အတွင်းက ဖောက်ထွင်းတည်ဆောက်ခဲ့ကြတာဖြစ်တယ်။ အဲဒီ နောက်ပိုင်းရာစုနှစ်အနည်းငယ်အတွင်းမှာ ဒီလိုလိုဏ်ဂူဘုရားကျောင်း ဆောက်လုပ်ခြင်းဓလေ့ ဟာ အိန္ဒိယနိုင်ငံ မှာအတွင်ကျယ်ဆုံးခေတ် အခါတစ်ရပ်ဖြစ်ပေါ်ခဲ့ပါ တယ်။
ဒေကန်ဒေသအတွင်းက နေရာအနှံ့ အပြားမှာ ကျောက်သားတောင် ကတုံးတွေ တွေ့ကြရတယ်။ သစ်ဝါးမရှိတဲ့ ဒေသ ဖြစ်လို့ ဘုန်းကြီးကျောင်းတွေ ကိုကျောက်သားတောင်စောင်းတွေမှာဖောက်ထွင်းတည်ဆောက်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီဒေသ မှာ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားစေတီတွေကို အိန္ဒိယနိုင်ငံက အခြားဒေသတွေမှာလို့ မြေပြန့်မှာ မဆောက်လုပ်ဘဲ ကျောက် ဂူတွေထဲမှာထုဆစ်ဆောက် လုပ်ခဲ့တယ်။ အဲဒီကျောက်ဂူတွေဟာ ကျောက်သားဖြစ်တဲ့အတွက် နှစ်ကာလရှည်ကြာတဲ့ တိုင်အောင် မပျက်စီးဘဲ ကျန်ရှိနေကြလို့ အဲဒီကအထောက်ထားတွေက တဆင့် ရှေးခေတ် အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေရဲ့ နေထိုင်မူ ဘ၀ အတော်များများကို ခန့်မှန်းသိရှိကြရတယ်။ အဲဒီ လိုဏ်ဂူ ဘုရားကျောင်းတွေထဲက အထင်ရှားဆုံး ဂူဘုရားကျောင်းတွေကတော့ အဂျန်တာ၊ ဘာဂျာ၊ ကရလီ နဲ့ အီလိုရာ ဂူကျောင်းတွေဖြစ်တယ်။ အဲဒီ ဂူကျောင်း တွေမှာ ဂူ အမျိုးအစား နှစ်မျိုး ကိုတွေ့ကြရတယ်။ ပထမ ဂူမျိုးဟာ စေတီတော်တစ်ဆူ ပါဝင်ပြီး ဘုရားရှိခိုးပူဇော်ရာ ခန်းမဂူ ကျောင်းဆောင်ဖြစ်တယ်။ ဒုတိယ ဂူ အမျိုးအစားကတော့ ရဟန်းတော်တွေ နေထိုင်ရာ နေရာဖြစ်တယ်။
ဘုရားရှိခိုးပူဇော်ရာ ဂူကျောင်းကိုတော့ စေတိယဃရ လို့ခေါ်ပြီး ကျောက်သား စေတီတော်တွေတည်ရှိတယ်။ အဲဒီစေတီတော်တွေ ဟာ မြေပေါ်မှာတည်ထားတဲ့ စေတီတော်တွေထက်တော့ ဉာဏ်တော်နိမ့်ပြီး လုံးပတ်သေးတယ်။ ရဟန်းတော်တွေ သီတင်းသုံး နေထိုင်တဲ့ အခန်းတွေဟာ အများအားဖြင့် ကြီးမားတဲ့ လေးထောင့် ခန်းမကြီးရဲ့ ပတ်ပတ်လည် မှာရှိကြတယ်။ အခန်းတစ်ခန်း စီဟာ ရဟန်းတော်တစ်ပါး၊ နှစ်ပါး နေ ထိုင်နိုင်တဲ့ပမာဏရှိပြီး အခန်းတွေကို ခန်းမကြီးရဲ့ မျက်နှာစာ သုံးဖက် နံရံတွေမှာ တွေ့ နိုင်ပါတယ်။ အီလိုရာ ဂူကျောင်းက အလွန်ကြီးမား တဲ့ ကျောင်းဆောင်ကြီးကတော့ အထပ်သုံးထပ် ပါဝင်ပြီး ရဟန်းတော်တွေ နေထိုင်နိုင်တဲ့ ဂူပေါင်း တစ်ရာ ကျော်ရှိပါတယ်။ အလယ်က ခန်းမကျောင်းဆောင်ကြီးကိုတော့ ဥပါသ်ပြုရာ ခန်းမ အဖြစ်အသုံး ပြုခဲ့ကြတယ်။ စေတိယဃရ ဂူကျောင်းဆောင်က တိုင်လုံးတွေနဲ့ ၀င်ပေါက်တွေကို အများအားဖြင့် အလှပ အနုလက်ရာတွေနဲ့ မွှမ်းမံခြယ်သထားပေမဲ့ ရဟန်းတော်တွေနေတဲ့ ၀ိဟာရ အခန်းတွေကို ဘာမှခြယ်သမထားဘူး။ သို့သော်လည်း အဂျန်တာဂူ နဲ့ အီလိုရာ ဂူ က ၀ိဟာရ ဂူကျောင်းဆောင်တွေမှာတော့ အနုလက်ရာတွေနဲ့မွှမ်းမံ ထားတာ တွေ့ကြရတယ်။ အထူးသဖြင့် အဂျန်တာဂူကျောင်း က နံရံဆေးရေး ပန်းချီလက်ရာတွေဟာ အထူးကျော်ဇော ထင်ရှားပါတယ်။
နာဆစ်ခ် မြို့ဟာ အဂျန်တာနဲ့ အီလိုရာ ဂူကျောင်းဆောင်ရှိရာဒေသရဲ့ အနောက်ဘက်မှာ တည်ရှိတယ်။ အဲဒီ မြို့ရဲ့ အပြင်ဘက် တောင်စောင်း အလယ်ဆင်ခြေလျောနေရာ မှာ လိုဏ်ဂူဘုရားကျောင်းတွေ ကို တွေ့ရှိခဲ့ကြတယ်။ ဂူ ဘုရားကျောင်းပေါင်း (၂၃) ဂူ ကို တွေ့ရှိခဲ့ရပြီး အစောဆုံး ဘီစီ (၂) ရာစု က ဖောက်ထွင်းတည်ဆောက်ခဲ့ကြောင်းသိရတယ်။ ဂူ နံပါတ် (၁၄) က ကျောက် စာမှာ ကဏှ မင်းကြီးလက်ထက် နာဆစ်ခ်မြို့မှာ နေထိုင်တဲ့ နန်းတော်အရာရှိ အကြီးကဲတစ်ဦးက ဦးစီးဆောက်လုပ်ခဲ့တယ် လို့ ရေးထိုးထားပါတယ်။ အဲဒီ မင်ကြီးဟာ အန္ဓရမင်းဆက်ရဲ့ ဒုတိယမြောက်ဘုရင် ကရစ်ရှဏ မင်းကြီးဖြစ်ပြီး သူဟာ သာတ၀ါဟန မင်းဆက်ရဲ့ ပထမဆုံးဘုရင် သိမုက မင်းရဲ့ ညီတော်ဖြစ်တယ်။ ဒီအချက်သာ မှန်ကန်ခဲ့ရင် အဲဒီ လိုဏ်ဂူ ဘုရားကျောင်းဟာ ဘီစီ (၂) ရာစု ပထမတစ်ဝက် ကာလအတွင်းမှာ တည်ဆောက်ခဲ့တာလို့ ဆိုရမှာဖြစ်တယ်။ ဂူနံပါတ် (၁၃) မှာ ရေးထိုးထားတဲ့ အက္ခရာ ပုံစံတွေကလည်း ဘီစီ (၂) ရာစုနှစ်ကာလ ကိုညွှန်းဆိုနေတယ်။ အဲဒီ ကျောက်စာ အရ ဂူဘုရားကျောင်းအတွက် အလှူငွေ တွေကို ဓံဗိက ကျေးရွာက စုဆောင်းလှူဒါန်းခဲ့ကြောင်းသိရပါတယ်။
ဒီလို ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ လှူဒါန်းမူတွေတွေ့ကြရပေမဲ့ အန္ဓရမင်းဆက် ဘုရင်တွေ အဓိက ကိုးကွယ်ထောက်ပံ့ခဲ့ကြတာ ဟာ ဗြာဟ္မဏ ၀ါဒသာဖြစ်တယ်။ ဒါဟာ အစဉ်လာ အားဖြင့် မြင်းယဇ်ပူဇော်ခြင်းဓလေ့နဲ့ အခြား ဗြာဟ္မဏ၀ါဒ ကိုးကွယ်ပူဇော်မူ ဓလေ့ထုံးစံတွေဟာ အုပ်ချုပ်သူ လူတန်းစားတွေအတွက် ဂုဏ်တစ်ခုအနေနဲ့ လုပ်လေ့လုပ်ထ ရှိခဲ့တဲ့ အချက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အေဒီ (၁) သို့မဟုတ် (၂) ရာစုမှာ သကမင်းဆက်က ကရှဟရာတဘုရင် ဟာ နာဆစ်ခ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် ဂူ နံပါတ် (၈) မှာ ကရှဟရာတဘုရင်ရဲ့ ဘုရင်ခံဖြစ်တဲ့ ဥရှဝဒါတ ဟာ ဗုဒ္ဓဘာသာဝင် တွေအတွက် ငွေကြေးနဲ့ လယ်မြေ တွေကို ပူဇော်လှူဒါန်းကြောင်း မှတ်တမ်းရေးထိုးထားတာ ကို တွေ့ရှိရတယ်။ ဥရှဝဒါတ ရဲ့ အမည်ကို ကာရလီက လိုဏ်ဂူ ဘုရားကျောင်းတစ်ခုမှာ လည်းတွေ့ရှိရတယ်။ ဂူ နံပါတ် (၈) နဲ့ (၁ရ) မှာ အခြား သက လူမျိုး တွေရဲ့ အလှူမှတ်တမ်းတွေကို လည်း တွေ့ရှိကြရတယ်။
အေဒီ (၃) ရာစုရဲ့ အစပိုင်းရောက်တဲ့အခါ သာတ၀ါဟန မင်းတွေဟာ နာဆစ်ခ် မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်။ ဂူ နံ ပါတ် (၃) က ကျောက်စာ အရ ဂေါတမီပုတြ သီရိ သာတ ကရုဏီ ဘုရင်ဟာ ကရှဟရာတ ဘုရင်ကို ချေမှုန်း အနိုင်ယူခဲ့ပြီး ဂရိ လူမျိုးတွေ၊ သက လူမျိုးတွေနဲ့ ပလ္လ၀ လူမျိုးတွေကို နှိမ်နင်းနိုင်ခဲ့လို့ ကျယ်ပြန့်တဲ့ တိုင်းနိုင်ငံကြီး ကို ထူထောင်နိုင်ခဲ့တယ် လို့ သိရပါတယ်။ ဒီ ဘုရင်မင်းကြီး ရဲ့ အမည်ကို အဲဒီ ဂူ နံပါတ် (၃) မှာ ဘဲ ဂူတွေနဲ့ လယ်မြေတွေရဲ့ အလှူရှင် အဖြစ် နှစ်ကြိမ် တွေ့ရှိရပါတယ်။ နောက်ထပ် သာတ၀ါဟန ဘုရင်တစ်ပါးဖြစ်တဲ့ သီရိ ပုလုမာရီ မင်းကို လည်း ဂူ နံပါတ် (၃) က အလှူရှင် မှတ်တမ်းစာရင်းတစ်ခု မှာတွေ့ရတယ်။ နံပါတ် (၃) ဂူ က နောက်ထပ် အလှူမှတ်တမ်းကျောက်စာ တစ်ခုမှာ ဂေါတမီ ပုတြ ဘုရင် ရဲ့ မိဘုရားခေါင်ကြီး ဟာ ဒီဂူကျောင်းဆောင်ကို ဘဒါဝနိယဂိုဏ်းသံဃာတော်တွေ အားလှူဒါန်း
ခဲ့ကြောင်းတွေ့ ရတယ်။ ဂူ နံပါတ် (၆)၊ (၁၀)၊ (၁၅) အပါဝင် ဂူကျောင်း အချို့က ကျောက်စာမှတ်တမ်းတွေမှာတော့ ဒီ ဂူကျောင်းတွေကို အရပ်လေးမျက်နှာကသံဃာ အားလုံးအားလှူဒါန်းကြောင်း ရေးထိုးထားတာ
တွေ့ကြရတယ်။ အခြား ဂူကျောင်းဆောင်တွေကိုတော့ ဘယ်ဂိုဏ်း သံဃာတော် တွေကို လှူဒါန်းခဲ့ကြောင်း မသိကြရဘူး။ ဂူ နံပါတ် (၁၇) မှာ မဟာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းက ကိုးကွယ်လေ့ရှိတဲ့ဆင်းတုတော်တစ်ဆူ ကို တွေ့ကြရပြီး နှောင်းခေတ်ရောက်မှ ထားရှိကိုးကွယ်တာ ဖြစ်တယ် လို့ ယူဆရပါတယ်။
စောစော က ပြောခဲ့တဲ့ ဘဒါဝနိယ သံဃာဂိုဏ်း အမည်ကို ဘုံဘေမြို့နားမှာ တွေ့ရှိခဲ့တဲ့ လိုဏ်ဂူ ဘုရားကျောင်းဆောင်ပေါင်း (၁၀၉) ဆောင်ရှိတဲ့ ကဏှေရီ ဂူ ဘုရားကျောင်းမှာလည်း တွေ့ရှိရပါတယ်။
အဲဒီ ဂူကျောင်းဆောင်တွေရဲ့ အလယ်က ကြီးမား ကျယ်ပြန့် တဲ့ ဂူကျောင်းဆောင်ဟာ စေတီ ခန်းမဖြစ်ပြီး အဲဒီ ခန်းမကြီးကို ဘဒါဝနိယ ဂိုဏ်းခေါင်းဆောင် ရဟန်းတော်တွေအတွက် အေဒီ (၂) ရာစု အကုန် သာတ၀ါဟန မင်းဆက် နှောင်းပိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ နာမည်ကျော် ရာဇညသီရိမင်းကြီး က လှူ ဒါန်းခဲ့ကြောင်း သိရတယ်။ ကဏှေရီက အခြား ဂူကျောင်းဆောင်တွေကို တော့ အေဒီ (၂) ရာစုနဲ့ (၈) ရာစု အတွင်းမှာ ဖောက် ထွင်း ဆောက်လုပ်ခဲ့တာ ဖြစ်တယ်။ ဂူကျောင်း နံပါတ် (၇၀) ဟာလည်း ဘဒါဝနိယ ဂိုဏ်းသံဃာတော်တွေ အတွက် လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး ဂူ နံပါတ် (၁၂၊ ၄၈၊ ၇၇၊ ၈၁) တို့ကိုတော့ သံဃာတော် အားလုံးကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ကာရလီ က ဂူ ဘုရားကျောင်းတွေကတော့ ဘုံဘေ - ပူးနား မော်တော်ကားလမ်းမကြီးဘေးက တောင်းစောင်းမှာ ရှိတယ်။
ဒီဂူကျောင်းတွေရဲ့ သက်တမ်းဟာလည်း နာဆစ်ခ်မြို့က ဂူကျောင်းတွေရဲ့သက်တမ်းနဲ့ ခေတ်ကာလ အတူတူလောက်က ဖြစ်တယ်။ လိုဏ်ဂူရဲ့ အလယ်ဗဟိုမှာ စေတီတော်တစ်ဆူနဲ့ ကြီးမားတဲ့ စေတီခန်းမကြီးရှိပြီး အကျယ် ၁၃.၈၇ မီတာ နဲ့ အလျား ၃၇.၈၇ မီတာရှိ တယ်။ ဒီ လိုဏ်ဂူ ခန်းမကြီးဟာ အိန္ဒိယမှာ တွေ့ရသမျှ စေတီဂူခန်းမတွေထဲမှာ အကြီးမားဆုံးဖြစ်တယ်။ အဲဒီ ခမ်းနား တဲ့ ဂူကျောင်းကြီးကို အေဒီ (၁) ရာစုနှစ်အစ မှာ ဖောက်ထွင်းဆောက်လုပ်ခဲ့ပြီး သူဌေးတစ်ဦးက လှူဒါန်းခဲ့ကြောင်း သိရတယ်။ သို့သော်လည်း ဂူ အတွင်းက တိုင်လုံးရှည် (၁၁) ခု ပေါ်မှာလည်း တစ်ဦးချင်း အလှူရှင် စာရင်းတွေကို တွေ့ကြရပါတယ်။ ဗုဒ္ဓ
ဓါတ်တော်တွေ ဌာပနာ ထည့်သွင်းထားတဲ့ တိုင်ရှည်တစ်ခုကို ဓမ္မုတရိယ ဂိုဏ်း က သာတိမိတ အမည်ရှိ တရားရွက်ဆောင်သူ ဘာဏက တစ်ဦးက လှူဒါန်းခဲ့ကြောင်း မှတ်တမ်းရေးထိုးထားတယ်။ တိုင်လုံးရှည် (၉) ခု ကို ဂရိလူမျိုး အလှူရှင်တွေက လှူဒါန်းခဲ့ကြောင်းလည်း တွေ့ရတယ်။ ဒါကြောင့်မို့ ဒီ လိုဏ်ဂူ ဘုရားကျောင်းဟာ စုပေါင်းအလှူကနေ ဖြစ်ပေါ်လာတယ် လို့ ယူဆရပါတယ်။ ကျောက်စာမှတ်တမ်းတစ်ခုမှာတော့ သကလူမျိုး ကရှဟရာတ ဘုရင်ရဲ့ အဆက်အနွယ်တစ်ဦးဖြစ်တဲ့ ဥသဘဒါတအမည်ရှိ ဘုရင်ခံတစ်ဦး ဟာ အိမ်ယာကို စွန့်ခွာပြီး ဂူကျောင်းတွေမှာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ အရပ်လေးမျက်နှာက သံဃာတော်တွေကို ထောက်ပံ့စိမ့်သောငှာ (ပဗ္ဗဇ္ဇိတာနံ စတုဒိသသ သံဃာ) ကရဇိက ကျေးရွာကို လှူဒါန်းခဲ့တယ် လို့ မှတ်တမ်းတင်ထားတယ်။ ဒါကြောင့်မို့လို့ အဲဒီ လိုဏ်ဂူ ဘုရားကျောင်းက စေတီတော် ဂူခန်းမ ဟာ နိကာယ ဗုဒ္ဓ၀ါဒ ဂိုဏ်းတစ်ဂိုဏ်း ကိုသာ ရည်စူးပြီး လှူဒါန်းခဲ့တာ မဟုတ်ဘူး လို့ ကောက်ချက်ဆွဲရမှာ ဖြစ်တယ်။
နှောင်းခေတ်မှာ ဒီဒေသကို သာတ၀ါဟနမင်းတွေ အုပ်စိုးခဲ့ကြတယ်။ အဲဒီနှောင်းခေတ်က ကျောက်စာတွေကို စေတီတော် ခန်းမမှာ တွေ့ရှိကြရတယ်။ အဲဒီထဲက ကျောက်စာတစ်ခုမှာ ကရဇိက ကျေးရွာကို နောက်ဆုံးတော့ ဂူဘုရားကျောင်းမှာ သီတင်သုံး နေထိုင်တော်မူတဲ့ မဟာသံဃိကဂိုဏ်းဝင် ရဟန်းတော်တွေနဲ့ သာမဏေတွေကို လှူဒါန်းခဲ့တယ် ရေးထိုးထားတယ်။ ဒီ ကျောက်စာဟာ နှောင်းခေတ်မှာ မဟာသံဃိကဂိုဏ်းဝင် သံဃာတော်တွေက ဂူဘုရားကျောင်းကို စိုးမိုးခဲ့ကြောင်းညွှန်ပြနေတယ်။ စေတီတော် ခန်းမရဲ့ မြောက်ဘက် ရဟန်းတော်တွေနေထိုင်တဲ့ အခန်းတစ်ခန်းမှာ လည်း ကျောက်စာတစ်ခုတွေ့ရတယ်။အဲဒီ ကျောက်စာ မှာ သီရိပုလုမာရီ မင်းကြီးရဲ့ နန်းစံနှစ် (၂၄) နှစ်အတွင်း မှာ အခန်း (၉) ခန်းပါတဲ့ ဂူကျောင်းဆောင် အစည်းဝေး ခန်းမတစ်ခုကို မဟာသံဃိကဂိုဏ်းဝင် သံဃာတော်တွေအတွက် လှူဒါန်းခဲ့တယ် လို့ ရေးသားပါရှိတယ်။
ဘာဂျာက ဂူဘုရားကျောင်းဆောင်တွေကတော့ ကာရလီ အနီးမှာတည်ရှိတယ်။ အဲဒီ ဂူဘုရားကျောင်းရဲ့ အလယ်ဟာ စေတီတော်ခန်းမဖြစ်ပြီး ခန်းမရဲ့ တစ်ဖက်စီမှာ ရဟန်းတော်တွေနေဖို့ ဂူ အခန်းငယ်တွေပါရှိတယ်။ ခန်းမဆောင် ဂူ အပါအ၀င် ဂူ တွေ အားလုံးဟာ မကြီးမားလှဘူး။ ဘီစီ (၁) ရာစု သို့မဟုတ် အဲဒီထက် ရှေးကျတဲ့ ကာလ က ဖောက်ထွင်းဆောက်လုပ်ခဲ့ပြီး ကာရလီက ဂူကျောင်းတွေထက် ရှေးကျပါတယ်။ အဲဒီ ဂူတွေထဲမှာ နံပါတ် (၁၇) ဂူဟာ ရှေးအကျဆုံးဖြစ်တယ်။ အဲဒီ ဂူဘုရား ကျောင်းကနေ ကျောက်စာ (၈) ခု ကိုတွေ့ရတယ်။ ကျောက်စာ(၄)ခုဟာအလှူရှင် စာရင်းတွေဖြစ်တယ်။ နောက်ထပ် ကျောက်စာ(၄)ခုကိုတော့ ဂူအစွန်မှာ ရှိတဲ့ စေတီငယ်လေးတွေ ပေါ်မှာ တွေ့ရှိရပြီး စေတီတော် အတွင်းမှာ အရိုးအိုးဌာပနာ ထည့်သွင်းထားတဲ့ မထေရ်မြတ်တွေရဲ့ ဘွဲ့တော်တွေကို ရေးထိုးထားခြင်းဖြစ်တယ်။ ဘာဂျာ ဂူမှာ သီတင်း သုံး နေထိုင်သွားခဲ့ တဲ့ ရဟန်းတော်တွေဟာလည်း သီးခြား နိကာယ ဗုဒ္ဓ၀ါဒ ဂိုဏ်းကွဲတစ်ဂိုဏ်းနဲ့သာသက်ဆိုင်တဲ့ သံဃာတွေ မဟုတ်နိုင်ဘူးလို့ ယူဆရပါတယ်။
ပူးနားမြို့ မြောက်ဘက် (၄၆) မိုင်အကွာမှာ ဇုန္နာမြို့ တည်ရှိတယ်။ အဲဒီ မြို့အနီးမှာ ဘီစီ (၁) ရာစု နဲ့ အေဒီ (၂) ကြားမှာ ဖောက်ထွင်း ဆောက်လုပ်ခဲ့တဲ့ ဂူဘုရားကျောင်း အကြီးအသေး အပါအ၀င် ဂူပေါင်း(၁၅၀) ကျော် ရှိတဲ့ ၊ ဘုရားကျောင်းနေရာ (၅) နေရာကို တွေ့ရှိခဲ့ကြတယ်။ အဲဒီ ဂူကျောင်းတွေ အတွင်းကတော့ ကျောက်စာပေါင်း(၃၀) လောက် တွေ့ရှိခဲ့ရပြီး စေတီခန်းမ အလှူမှတ်တမ်း၊ ဂူကျောင်းအလှူမှတ်တမ်း၊ ရေစည်အလှူမှတ်တမ်း၊ သရက်ပင် အလှူမှတ်တမ်း၊ လယ်မြေ အလှူ မှတ်တမ်း တွေကို ရေးထိုးထားတာဖြစ်တယ်။ အဲဒီ အလှူရှင် မှတ်တမ်းတွေထဲမှာ အများစုဟာ ဒေသခံ အလှူရှင်တွေဖြစ်ပြီး၊ ဂရိလူမျိုး အလှူရှင်တွေနဲ့ သကလူမျိုး ဘုရင်ခံတစ်ဦးရဲ့ အလှူကိုလည်းတွေ့ ရတယ်။ ဂူကျောင်းတစ်ဆောင်နဲ့ ရေစည်ကို ဓမ္မုတရိယ ဂိုဏ်းဝင် ဘိက္ခုနီ ရဟန်းမ တွေကို လှူဒါန်းခဲ့ကြောင်း မှတ်တမ်းကျောက်စာ တစ်ခုလည်း တွေ့ရပြီး ဒီကျောက်စာဟာ ဂူဘုရားကျောင်း တစ်ဆောင်ကို ဘိက္ခုနီ သံဃာတွေအတွက် လှူဒါန်းကြောင်းဖော်ပြထားတဲ့ တစ်ခုတည်းသော ကျောက်စာဖြစ်တယ်။ ဘိက္ခူနီ သံဃာတွေဟာ ဂူကျောင်းတွေထဲမှာ ထက် မြို့မှာ သီတင်းသုံးနေထိုင်လို့ ဒီ လို့ အတွေ့နည်းရတာ ဖြစ်နိုင်ပါတယ်။
အဂျန်တာ ဒေသမှာ ဂူဘုရားကျောင်းပေါင်း (၂၈) ကျောင်းတွေ့ရ တယ်။ စေတီတော် ဂူကျောင်းတွေဖြစ်တဲ့ ဂူနံပါတ် (၉၊ ၁၀)
နဲ့ ရဟန်းတော်တွေ သီတင်းသုံးခဲ့တဲ့ ဂူနံပါတ် (၁၂၊ ၁၃) တို့ဟာ ရှေးအကျဆုံး ဂူကျောင်းတွေဖြစ်ပြီး အေဒီ(၁)ရာစုအစောပိုင်းက ဖောက်ထွင်း ဆောက်လုပ်ခဲ့တာဖြစ်တယ်။ နံပါတ် (၁၀) စေတီတော် ဂူခန်းမ ကို ပုလုမာယိ ဘုရင်ရဲ့ ဆွေးမျိုးတော်တွေ လှူဒါန်းခဲ့ပြီး၊ ရဟန်းတော်တွေသီတင်းသုံးတဲ့ ဂူနံပါတ် (၁၂) ကို ကုန်သည်တွေ လှူဒါန်းခဲ့ကြောင်း ကျောက်စာတွေအရ သိရ ပါတယ်။ ၀ိဟာရဂူတွေဖြစ်တဲ့ဂူနံပါတ်(၁၁၊၁၄၊၁၅)တို့ဟာ နောက်မှ ဖောက်ထွင်းဆောက်လုပ်ခဲ့တာဖြစ်တယ်။ ကျန်တဲ့ ဂူ ဘုရားကျောင်းတွေ ကို တော့ ဂုပတ ခေတ်မှ ဆက်လျက် ဖောက်လုပ်ခဲ့တာဖြစ်ပြီး အဲဒီ ဂူကျောင်းတွေဟာ အထူးသဖြင့် ဂူ နံ ပါတ် (၁) နဲ့ (၂) ဟာ အလွန်အသေးစိတ် တဲ့ အနုပညာ ရုပ်ကြွလက်ရာတွေနဲ့ လှပတဲ့ နံရံဆေးရေး ပန်းချီးကားတွေကြောင့် အထူးကျော်ကြားပါတယ်။
အီလိုရာ ဂူဘုရားကျောင်းတွေဟာ လည်း အဂျန်တာ ဂူအနီးမှာ တည်ရှိပြီး ဂူပေါင်း (၃၄) ဂူ ပါဝင်ပါတယ်။ ရှေးအကျဆုံး ဂူတွေ ဟာ ဂူ နံပါတ် (၁) ကနေ (၁၂) ထိဖြစ်ပြီး ဗုဒ္ဓဘာသာ နဲ့ သက်ဆိုင်တဲ့ ဂူဘုရားကျောင်းတွေဖြစ်တယ်။ ဂူနံပါတ် (၁၀) ဟာ စေတိယ ဂူဖြစ်ပြီး ကျန်ဂူတွေဟာ ၀ိဟာရ ဂူတွေဖြစ်တယ်။ ဒီ ဂူကျောင်းတွေအားလုံးဟာ ဂုပတခေတ်က လက်ရာတွေဖြစ်တယ်။ အသေးစိတ် အနုလက်ရာတွေနဲ့ မွှမ်းမံထားပြီး နှောင်းခေတ် အဂျန်တာ ဂူတွေမှာ တွေ့ရသလိုမျိုး မဟာယာန ဗုဒ္ဓဘာသာဆိုင် ရာ ရုပ်ပွားဆင်းတုတွေကိုလည်း တွေ့ကြရတယ်။ ဂူ နံပါတ် (၁၃) ကနေ (၂၉) ဟာ ဟိန္ဒူ ၀ါဒနဲ့ သက်ဆိုင်တဲ့ ဂူဘုရားကျောင်း တွေဖြစ်တယ်။ အဲဒီ ဂူတွေထဲ မှာ လက်ရာ အမြောက်ဆုံး ရုပ်ကြွလက် ရာတွေရှိတဲ့ ကာအိလာသ ဘုရားကျောင်းဟာ အထူးထင်ရှားတယ်။ ကျန်တဲ့ ဂူ ကျောင်း ငါး ခု ကတော့ ဂျိန်းဘာသာဝင်တွေရဲ့ ဂူ ဘုရားကျောင်းတွေဖြစ်တယ်။

ဘိက္ခု ကေသရ
ref: The Evolution of the Order after Asoka
by Hirakawa Akira
photos: online sources
Posted by bhikkhukesara