Search This Blog

Wednesday, January 18, 2017

သူခိုးငတက်ပြား


အင်းဝခေတ်မှ သတိုးမင်းဖျားနှင့်
သူခိုးငတက်ပြားအကြောင်း

မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)

(ပုံကို မြန်မာdeveloperများ၏ ငတက်ပြား android gameမှ ရယူ သုံးစွဲထားပါသည်။)
( http://www.myanmarsar.org/ ဆိုတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကနေ ကူးယူထားတဲ့ စာတွေ ဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ - အမျိုးသားပညာဝန် ဦးဖိုးကျား ဆိုပြီး တင်ထားပေးတာပါ။ အဲဒီက ကူးယူထားတဲ့ ပို့စ်လေးတွေကို ခေါင်းစဉ်တစ်ခုချင်းစီအလိုက် တင်သွားပါမယ်။ အကုန်တင်ပြီးရင် PDFလေးတစ်ခု လုပ်ပြီး မျှဝေပါ့မယ်ခင်ဗျာ)

သတ္တိရှိသော သူခိုးငတက်ပြား
၇၆၂ တွင် အင်းဝကို တည်၍ နန်းတက်သော သတိုးမင်းဖျား လက်ထက် စစ်ကိုင်း ရေဝန်းအရပ်၌ ကျော်စောသော သူခိုးကြီး ငတက်ပြား ဟူ၍ ရှိ၏။
၎င်းသူခိုးကြီးသည် အလွန်လည်း စွမ်း၏။ သစ္စာလည်း ရှိ၏။ သစ္စာရှိပုံကား မိမိနေသော အရပ်တစ်ဝိုက် မိမိနယ်တွင် မခိုးလေ။ တခြားနယ်သို့ ထွက်၍ ခိုးလေ၏။ သို့ခိုးရာ၌လည်း ဆင်းရဲနွမ်းပါး သူတို့ထံ၌ မခိုး။ ကြွယ်ဝသော သူဌေးသူကြွယ် ၊ မှူးမတ် စသည်တို့ထံ၌သာ ခိုး၏။ ခိုးသောအခါ ဥစ္စာရှင်ကို မည်သည်အခါမျှ အနာတရ မပြု။ ပစ္စည်းကိုလည်း တွေ့ရသောပစ္စည်း တစ်ဝက်ထက် ပို၍ မယူတတ်လေ။

ဤသို့လျှင် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် အင်းဝဘက်သို့ ကူး၍ သူဌေးသူကြွယ် ၊ မှူးမတ်တို့၏ အိမ်များ၌ ခိုးယူလေ့ရှိ၏။ မှူးမတ် စသူတို့သိ၍ ဖမ်းကြသော်လည်း မရ မမိနိုင် ရှိလေ၏။

တစ်နေ့သော် ငတက်ပြားက " သတိုးမင်းဖျား ငါ့ကို ရလျှင်သာ သတ်ရအံ့ ၊ မရသော်ကား အသူရအံ့နည်း " ဟု ကြုံးဝါးလေ၏။
ထိုသို့ ငတက်ပြား အစွမ်းကောင်း၍ မမိနိုင်ကြောင်း ၊ ထိုသို့ ကြုံးဝါးကြောင်းကို သတိုးမင်းဖျား ကြားသော် ငတက်ပြားကို မိမိကိုယ်တိုင် မိအောင်ဖမ်းမည်ဟု ဆုံးဖြတ်လိုက်လေ၏။
တစ်ည၌ သတိုးမင်းဖျားသည် ရုပ်ဖျက်၍ ထွက်လာပြီးလျှင် မြို့တံခါး မြစ်ဆိပ်က စောင့်နေလေ၏။ ငတက်ပြားလည်း သန်းခေါင်ကျော်၌ လာနေကျအတိုင်း လာ၍ ကမ်းနားသို့ရောက်သော် လှေပေါ်ကပင် " ဟေ့ ဘယ်သူလဲ " ဟု မေး၏။ သတိုးမင်းဖျားက " ငါ ညဉ့်လူပါ " ဟု ဆိုမှ ကုန်းပေါ်သို့ တက်လေ၏။ သတိုးမင်းဖျားက " ဆရာ့နောက် တပည့်ခံ၍ ခိုးလိုသောကြောင့် စောင့်နေပါသည် " ဟု ဆိုသော အခါ ငတက်ပြားသည် အလွန် သဘောကျ၍ အတူခေါ်ဆောင်သွားလေ၏။

ငတက်ပြားက သတိုးမင်းဖျား၏ အသွားအလာကို အကဲခတ်ကြည့်ရာ အလွန်သဘောကျ၏။ ထိုထက်ပင် အကာအဆီး ၊ ဝင်းထရံ စသည်တို့ကို ငတက်ပြားက ခုန်လွှားသောအခါ သတိုးမင်းဖျားလည်း နည်းတူလိုက်၍ ခုန်ကျော်နိုင်သည်ကို တွေ့ရမှ ငတက်ပြားသည် အံ့ဩ၍ ပခုံးကို ပုတ်ပြီးလျှင် " ငါ့တပည့် အတော် စွမ်းသကိုး " ဟု ချီးမွမ်းသော ဟူ၏။

သတိုးမင်းဖျားက " ဆရာ ရှင်ဘုရင့် နန်းတွင်းသို့ ဝင်၍ ရှင်ဘုရင့် ပစ္စည်းတို့ကို ခိုးလိုသည် " ဟု ပြောသောအခါ ငတက်ပြားက " တပည့် ငါတို့ ခိုးစားသော်လည်း ငါတို့ ဘုရင်ကိုကား မပြစ်မှားသင့် ၊ ရှင်ဘုရင့် ပစ္စည်းကို မခိုးချင်ပါနှင့် " ဟု ဆိုမှ သတိုးမင်းဖျားသည် အလွန် သဘောကျပြန်လေ၏။

ပြီးမှ မှူးမတ်များအိမ်တွင် ပုတီး ၊ နားတောင်း ၊ လက်စွပ်များကို ခိုးယူခဲ့၍ တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာခဲ့ကြ၏။ သတိုးမင်းဖျားသည် ငတက်ပြားကို ဖြားယောင်း၍ အရက် အလွန်ယစ်မူးအောင် တိုက်ကာ လဲသောအခါမှ ခြေချင်းခတ်၍ မီးသွေးတိုက်တွင် သော့ခတ်ကာ ထားခဲ့၏။

နံနက်သို့ ရောက်ကာလ မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ သတိုးမင်းဖျားလည်း ထိုမှူးမတ်တို့၏ လက်စွပ် စသည်တို့ကို ဝတ်ဆင်၍ ညီလာခံနှင့် လေ၏။ မှူးမတ်တို့လည်း မြင်၍ မိမိတို့၏ လက်စွပ် စသည် ဖြစ်ကြောင်း သိသော်လည်း ဘုရင် ဖြစ်၍ မယိုးစွပ်ဝံ့။ တူသည် ဟူ၍သာ လျှောက်ကြကုန်၏။

သတိုးမင်းဖျားလည်း " နင်တို့သည် ငတက်ပြားကို ရအောင် မဖမ်းနိုင် ၊ ယခု ငါ ဖမ်းမိခဲ့ပြီ ၊ သွားယူချေ " ဟု ထားရာသို့ စေလိုက်၏။
ရှေ့တော်သို့ ရောက်သော် မင်းကြီးက " အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီ ဖြစ်သည်။ အလိုရှိသလို သက်တော်မူတော့ ၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် အရှင်မင်ကြီး၏ မိဖုရား စောဥမ္မာ ကိုသာ အလိုရှိပါသည် " ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်လေ၏။

သတ္တိရှိသူကို နှစ်သက်တတ်သော သတိုးမင်းဖျားသည် အနည်းငယ်မျှ အမျက်တော် မရှိဘဲ " ငါ့သို့သော ဘုရင်ကိုစင်လျက် ဤသို့သော် စကားကို ဆိုဝံ့သူသည် အကျိုးမဲ့ မသေကောင်း ၊ နောင် တိုက်ပွဲရှိသောအခါတို့၌ အမှုတော်ကို ထမ်းစေရမည် " ဆို၍ ထားတော်မူသည်။

တစ်ခါသော် တောင်တွင်းကြီးစားသည် ခြားနား ထောင်ထားလေရာ ငတက်ပြားကို ညဉ့်အခါ၌ မြို့တွင်းသို့ ဝင်စေ၍ အလွန်စွမ်းသော လေးသည်ကြီး တစ်ယောက်ကို လုပ်ကြံစေ၏။ လေးသည်ကြီး မရှိလျှင် တောင်တွင်းကြီးစား မခံနိုင်၍ အညံ့ခံမှ အရေးတော် ပြီးရလေသည်။

ထို သူခိုးငတက်ပြားနှင့် စပ်၍ မှတ်ရန်ကား စစ်ကိုင်းတွင် ' မရှိခဏ ဘုရား ' ဟူ၍ စေတီတစ်ဆူ ယခုတိုင် ရှိသည်။ ဤဘုရားမှာ ငတက်ပြားသည် ခိုး၍ရသော ပစ္စည်းတို့ဖြင့် တည်သောဘုရားဖြစ်၏။ ဘုရား တည်စဉ်က ငွေလို၍ မရှိလျှင် ခဏသာ ဖြစ်သည်။ သွားရောက် ခိုးလိုက်လျှင် ရသည်ချည်း ဖြစ်သောကြောင့် ' မရှိခဏ ဘုရား ' ဟု တွင်သည်။

Posted by မင်းအရိပ်

No comments:

Post a Comment