Search This Blog

Wednesday, October 26, 2016

လယ်တီဆရာတော်ဘုရားကြီး

 
လယ်တီဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ အကျဉ်း
ဒီပဲယင်းမြို့ မဟာလယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီကျမ်းအဆိုအရ ဇမ္ဗူဒီပါကျွန်းနေသူ အပေါင်းတို့ရွှင်ပြုံးကြည်လင်စေနိုင်ရန် ဆွဲဆောင်မှုအား ရှိသောမြို့ဟု အဓိပ္ပါယ် ရသည်။
စိုင်ပြင်ကြီးရွာလယ်တီင်္ဒီပနီကျမ်းအဆိုအရ စိုင်သမင်(ဂျီ)၊ ဒရယ်၊ တောခွေးများ၊ တောဆိတ်များ နေထိုင်ကျက်စားရာ မြေအပြင်၌ တည်ရှိသော ရွာဟု အဓိပ္ပါယ်ရသည်။
(တည်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်၊ မုံရွာမြို့တောင်ဘက် ၃၄ မိုင်အကွာ၊ မုံရွာ-ရေဦး ကားလမ်းမပေါ်တွင်တည်ရှိသည်။)
လယ်တီလောင်းလျာ ဖွားမြင်ရာ စိုင်ပြင်ရွာ၏ မြောက်ပိုင်း အိမ်ခြေ ၁၂ အိမ်မျှသာရှိသော ကတိုးရပ်ကွက်ရှိ ဦးထွန်းသာ ဒေါ်ကြုံးတို့နေအိမ်ဝင်း၌ ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသော အဖြစ်ဆန်းတစ်ခုကို နီးစပ်ရာ ရွာသူရွာသားများ
မျက်မြင်ဒိဌ တွေ့ကြရသည်။
ဒေါ်ကြုံးသည် နံနက်ခင်းအချိန်၌ ဘုရားဆွမ်းတော်ကပ်ရန် ဘုရားခန်းသို့ ရောက်ရှိနေသည်။ဒေါ်ကျုံးသည် ကိုးလကျော် ဆယ်လတွင်းသို့ ရောက်သည့်တိုင် လွယ်ထားရသော ကိုယ်ဝန်ဖြင့် ရင်ထဲမှအောင့်လျှက် မူးဝေတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။
ထိုနေ့ ညချမ်းအချိန်တွင် အချိန်အခါမဲ့ မိုးရွာခြင်း၊ လျှပ်စီးရောင်များ တောက်ပ၀င်းလျက် မိုးထက်ချုန်းသံများ ဆက်တိုက်မြည်ဟည်းနေခြင်း၊ ဦးထွန်းသာ ဒေါ်ကြုံးတို့ နေအိမ် ဥပစာအတွင်း ပုဆိုးတစ်ပတ်ခန့်ရှိ မန်ကျီးပင်၌ စုရုံးထောင်ထားသော ၀ါးလုံးများကြားမှ စို့တံတိုင်း (သက်တန့်) ကြီး၏
အရောင်မျိုးစုံတို့သည် အိမ်တစ်အိမ်လုံး ရစ်ပတ်ထားသကဲ့သို့ဖြစ်ပြီး စို့တံတိုင်းကြီးသည် အိမ်အတွင်းသို့ဝင်လျှက် အိမ်ခေါင်မိုးသို့ ဖေါက်ထွက်သွားခြင်း၊ ဒေါ်ကျုံးသည် ဘုရားခန်း၌ပင်လျှင် လွယ်ဆောင်သောပဋိသန္ဓေကိုယ်ဝန်ကို မီးရှူးသန့်စင် ဖွားမြင်နေစဉ် ၀တ်ဖြူစင်ကြယ်နှင့် အသက် ငါးဆယ်ကျော်ခန့်ရှိ
လူသူတော် တစ်ဦးသည် အိမ်ဦးဘုရားခန်း၌ တွေ့မြင်ရ၍ မိခင်နှင့် ကလေးကို ပြုစုစောင့်ရှောက်နေခြင်းစသည့် အဖြစ်အပျက်ဆန်းများကို ဆွေမျိုးများ ရောက်ရှိကာ တွေ့မြင်ရသည်။
ထိုနေ့သည်ကား ၁၂၀၈ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ အင်္ဂါနေ့ ညဥ့်တစ်ချက်တီးကျော်အချိန် မဟာလယ်တီလောင်းလျာကို ဖွားမြင်တော်မူသည့် နေ့ထူးနေ့မြတ် အခါသမယပင် ဖြစ်သည်။
ဤသို့ အတိတ်နိမိတ် ထူးခြားစွာ ဖွားမြင်လာရာ အညစ်အကြေးများ ကင်းစင်၍ ဖြူဖွေးခန့်ညားသည့် ကိုယ်ခန္ဓာရှိသော လယ်တီလောင်းလျာလေး သူငယ်သည် ငိုကြွေးခြင်းလုံးဝ မရှိသည်မှာ အံသြဖွယ်ကောင်း၍ ကလေးငယ်တို့သဘာဝကို ရှေးဦးစွာ တော်လှန်လိုက်ခြင်းဖြစ်သည်။
လယ်တီလောင်းလျာ ကလေးငယ်အား ထူးဆန်းသော နိမိတ်များကို အစွဲပြု၍ မိဘဆွေမျိုးတို့သည် “မောင်တက်ခေါင်” ဟု မှည့်ခေါ်ကြသည်။
ဦးထွန်းသာ ဒေါ်ကြုံးတို့တွင် သားသမီး ၆ ယောက်ထွန်းကားခဲ့ပြီး အကြီးဆုံးသားမှာ ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ပါတယ်။ လယ်တီဆရာတော် လောင်းလျာ မောင်တက်ခေါင်မှာ ဒုတိယမြောက်သားဖြစ်ပြီး ၎င်းအောက်တွင် မောင်တက်စွာ၊ မောင်တက်ပွား၊ မောင်တက်ထွား နှင့် ညီမထွေး မမြလေးတို့ရှိကြပါတယ်။
မိဘဆွေမျိုးများသည် လယ်တီလောင်းလျာ ၁၀ နှစ်သားအရွယ် မောင်တက်ခေါင်ကို စိုင်ပြင်ရွာကျောင်းမတိုက် ဆရာတော် ဦးနန္ဒအထံ ပညာသင်ကြားရန် အပ်နှံကြသည်။ ၁၅ နှစ်သားအရွယ်တွင် ထိုကျောင်းမတိုက် ဆရာတော် ဦးနန္ဒ အထံသို့ ရှင်သာမဏေအဖြစ်ဖြင့် ပညာဆက်လက် သင်ကြားသည်။
လယ်တီလောင်းလျာ ရှင်သာမဏေအား ပညာတံခွန် ထွန်းပြောင်စိုးနိုင်မည့် အရည်အချင်းကိုသိသဖြင့်ရှင်ဥာဏဓဇ ဟု ဘွဲ့နာမည် ပေးခဲ့သည်။
(၁၅) နှစ်သားအရွယ် သာမဏေငယ် အရွယ်ကပင်လျှင် ကစ္စည်း၊ သဒ္ဒါကြီး၊ အဘိဓမ္မတ္ထသင်္ဂဟ၊၀ီထိလက်ရိုး၊ ဓာတုကထာ၊ ယမိုက်၊ ပဌာန်း စသော နေ့ဝါ ည၀ါကျမ်းများကို သင်ကြားတတ်မြောက်ခဲ့ပေသည်။
၁၈ နှစ်အရွယ် သာမဏေ ရှင်ဥာဏဓဇသည် ရဲထွက်ရွာ အရှေ့ဘက် ဝေဒပါရဂူ ဆရာတော်ဦးဂန္ဓမာအထံတော်တွင် ဗေဒင်ဆိုင်ရာ ပညာများ သင်ကြားသည်။ ရှင်သာမဏေဘ၀ဖြင့် မဟာဇတ်ထုတ်၊
မဟာကျေးစေခန်းရတု၊ သျှိုးလိုက်ရတု၊ ကဗျာ၊ လင်္ကာ စသည်တို့ကို ရေးသားနိုင်ခဲ့သည်။လယ်တီလောင်းလျာ ရှင်ဥာဏဓဇသည် အသက် ၂၀ ပြည့်သော် သက္ကရာဇ် ၁၂၂၈ ခုနှစ်၊ကဆုန်လဆန်း ၆ ရက်နေ့တွင် စိုင်ပြင်ရွာ၊ ကတိုးရပ်နေ ဦးကံစ၊ ဒေါ်ဖုန်းတို့က ပစ္စည်းလေးပါးဖြင့်ပစ္စယနုဂ္ဂဟ ခံယူလျှက် စိုင်ပြင်ရွာ ကျောင်းမတိုက်နှင့် မြင်တင်တိုက်ဝန်းအနီးကို သာသနာ့ဝုဍ္ဎိ သာသနဝေပုလ္လ သာသနာသောဘိဏီခဏ္ဍ သိမ်တော်မြတ်၌ ကျောင်းမတိုက် ဆရာတော် ဦးနန္ဒကို ဥပဇ္ဈာယ်ပြု၍ ကာရက သံဃာတော် ၂ ကျိပ် ကျော်တို့သည် ဥပသမ္ပဒကံမြောက် ထောက်ပံချီးမြှင့်တော်မူသဖြင့် ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့သည်။ ရဟန်းဒါယိကာမ ဒေါ်ဖုန်းသည် မယ်တော်ကြီးဒေါ်ကြုံး၏ ညီမဖြစ်ပြီး “ရှင့်အမ၊ ရဟန်းအမ” ဖြစ်လာသည်။
၁၂၃၀ ခုနှစ်တွင် မန္တလေးရတနာပုံနေပြည်တော် မြောက်ပြင် မင်္ဂလာစံကျောင်းတိုက်သုဒဿန၀ရ ဓမ္မသာမိ မဟာဓမ္မရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဒုတိယစံကျောင်းဆရာတော် ဘုရားကြီးထံရင်းသို့ ပညာသင်ကြားရန် ကြွရောက်တော်မူသည်။ ၀ါတော် (၁၆) ၀ါရသည့်တိုင်အောင် ၀ိနည်းပါဠိတော်၊ အဌကထာများနှင့် အဘိဓမ္မာပါဠိတော် အဌကထာများကို သင်ကြားတော် မူသည်။
ထိုအချိန်မှာ ဒုတိယစံကျောင်း ဆရာတော်ဘုရားကြီး ခြေတော်ရင်း၌ -
(၁) အလုံမြို့နယ် ဇာတိ မိုင်းခိုင်းဆရာတော် ဦးပဏ္ဍိတ
(၂) စလင်းမြို့ ဇာတိ ဆရာတော် ဦးပဏ္ဍိစ္စ ဟု စာချတပည့်ကြီး နှစ်ပါးတို့ ရှိကြပေသည်။
ယင်းတပည့်ကြီး နှစ်ပါး တို့တွင် လယ်တီဆရာတော်သည် စလင်းဆရာတော် ဦးပဏ္ဍိစ္စ၏တပည့်ရင်း ဖြစ်တော်မူသည်။ ၀ိနည်းအဌကထာ၊ အဘိဓမ္မာအဌကထာစသည်တို့ကို အာစရိယမုဌီဆုပ်မိကိုင်မိအောင် သင်ကြားတော်မူသည်။
ထိုအခါက မန္တလေး ရတနာပုံနေပြည်တော်တွင် ရွှေပြည်ဝန်ကြီးခေါ် ယောအတွင်းဝန်ဦးဖိုးလှိုင်သည် ဆန်းသစ်ကောင်းမွန်သော အတွေးအခေါ် အယူအဆ၊ အပြောအဆို၊ အရေးအသားတို့ကြောင့် ထင်ပေါ်ကျော်ကြားလျှက် ရှိပေသည်။ရဟန်းတော် အရှင် ဉာဏဓဇသည် သီတင်းနေ့တိုင်း
ဦးဖိုးလှိုင်ထံ ကြွရောက်ကာ တွေးခေါ် ယူဆ ပြောဆိုရေးသားပုံတို့ကိုလေ့လာ နည်းယူတော်မူလေ့ရှိသည်။ ဦးဖိုးလှိုင်၏ တိုက်တွန်းလျှောက်ထားမှုကြောင့် အဘိဓမ္မာ ခုနှစ်ကျမ်းတွင် ပါရှိသောကထာဝတ္ထုကျမ်းကို နှုတ်တက်အာဂုံ ဆောင်တော်မူသည်။ အဌကထာ အဖွင့်သဘောကိုပါ နိုင်နင်းစွာလေ့ကျက်တော်မူသည်။
မင်းတုန်းမင်းတရားကြီး ပဉ္စမသင်္ဂါယနာ တင်ရာတွင် ဗြဲတိုက်တော် ရာဇပလ္လင်ထက်၌ကထာဝတ္ထု ပါဠိတော်ကိုကြောက်ရွံ့မဲ့ကင်း ရဲတင်းအောင်မြင်စွာ ပြန်ဆိုကာ သင်္ဂါယနာ တင်တော်
မူခဲ့သည်။ မန္တလေး စံကျောင်းတိုက်မှာပင် ပထမ စာချ ဖြစ်လာသောအခါ၌ စံကျောင်း ဆရာတော်ဘုရားကြီးက ပါဠိဘာသာဖြင့် မေးတော်မူသော ပါရမီတော်ဆိုင်ရာ ပုစ္ဆာ (၂၀) ကိုဖြေကြားတော်မူသည့်ပါရမီ ဒီပနီကျမ်းကို ရေးသားခဲ့သည်။ ထို့ကြောင့် “ဒီပနီအစ ပါရမီက” ဟု ဆိုထုံးပြုခဲ့ကြပေသည်။
မန္တလေးမြို့ကြီး မီးဘေးသင့်သောအခါ တပည့်ရင်းဖြစ်သည့် မုံရွာမြို့၊ ရွှေစည်းခံဘုရား အရှေ့ဘက်ရှိ ပြဿဒ်ကျောင်းဆရာတော်ဦးဉာဏ၀ံသ၏ ပင့်လျှောက်ချက်အရ ၁၂၄၄ ခုနှစ်၊ တပို့တွဲလဆန်း(၁၄) ရက်နေ့တွင် ဆရာတော်သည် နောက်ပါသံဃာ တစ်ကျိပ်ကျော်နှင့်တကွမုံရွာမြို့သို့ကြွရောက်တော်မူခဲ့သည်။
၁၂၄၈ - ၁၂၄၉ ခုနှစ်မှစ၍ မုံရွာလယ်တီ တောရတွင် သီတင်းသုံးလျှက် အဘိဓမ္မတ္ထသင်္ဂဟကျမ်း၏ အဖွင့်ဖြစ်သောပရမတ္ထဒီပနီဋီကာခေါ် သင်္ဂြိုဟ် မဟာဋီကာသစ်ကို ရေးသားတော်မူခဲ့သည်။
ထိုအခါမှစ၍ ဒီပနီကျမ်းပေါင်း (၁၂၀) ကျော် ကိုသီတင်းသုံးရာ ဌာနတိုင်းမှာ ရေးသားတော်မူခဲ့သည်။ထို့ပြင် ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးသည် ၁၂၇၅ ခုနှစ်၊ မန္တလေးမြို့၊ လယ်တီ
စံကျောင်း၌ သီတင်းသုံးတော်မူစဉ် နိုင်ငံခြား ဗုဒ္ဓသာသနာပြု အသင်းကြီးကို ကြီးမှူးတည်ထောင်ကာလန်ဒန်မြို့၊ ဂရိတ်ဘရိတန် အိုင်ယာလန် ဗုဒ္ဓသာသနာပြု အသင်းကြီးနှင့်လည်းကောင်း၊ လန်ဒန် ပါဠိစာပေအသင်းကြီးနှင့်လည်းကောင်း ဆက်သွယ်လျှက် နိုင်ငံရပ်ခြား တိုင်းတပါးသို့ ဗုဒ္ဓသာသနာတော်ပျံ့နှံ့ရောက်ရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့သည်။
သို့ဖြစ်၍ ၁၂၇၇ ခုနှစ်၊ မန္တလေးမြို့ လယ်တီစံကျောင်း၌ သီတင်းသုံးတော်မူစဉ်ပင် တန်ဆောင်မုန်းလဆန်း (၁) ရက်၊ (၇ - ၁၁ - ၁၉၁၅)တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံတော် အစိုးရ၏ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းကို ခံယူ ရရှိတော်မူသည်။
၁၂၈၃ ခုနှစ်၊ နတ်တော်လတွင် စစ်ကိုင်းမြို့၊ ဇေတ၀န်ကျောင်း၌သီတင်းသုံးတော်မူစဉ် ရန်ကုန်မြို့ တက္ကသိုလ်ကျောင်းကြီး ဖွင့်လှစ်သည့် အထိမ်း အမှတ် အဖြစ်ဖြင့်တက္ကသိုလ် အဓိပတိဖြစ်သူ မြန်မာနိုင်ငံတော် ဘုရင်ခံက စာပေပါရဂူ (ဒီလစ်) ဘွဲ့တံဆိပ်တော်ဆပ်ကပ် လှူဒါန်းသည်ကို ခံယူရရှိတော်မူသဖြင့် “လယ်တီထေရ်မော် ကမ္ဘာကျော်” ဟု ဆိုထုံးပြုကြပေသည်။
သန်းဇော်

ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော်ကြီး

 
ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော်ကြီး
တတိယဖားအောက်ဆရာတော် ဦးအာစိဏ္ဏ
ဟင်္သာတမြို့ နယ်၊ လိပ်ချောင်းကျေးရွာမှာယခု လက်ရှိ ဖားအောက်တောရ
ဆရာတော် လောင်းလျာ ဖြစ်တဲ့ မောင်အောင်သန်း ကိုဖွားမြင်ပါတယ်။
မိဘနှစ်ပါးက သာမန် လုပ်ကိုင် စားသောက်နေကြတဲ့ မြန်မာလူမျိုး ဦးပြူးနဲ
့ဒေါ်စောတင် တို့ ဖြစ်ပါတယ်။ မောင်အောင်သန်း ကို မွေးဖွားတဲ့အချိန်ဟာ
ကောဇာသက္ကရာဇ် ၁၂၉၆ခုနှစ်၊ ၀ါဆိုလဆန်း၁၄ရက်၊ တနင်္ဂနွေနေ့  နံနက် ၇:၀၀ နာရီဖြစ်ပါတယ်။
ထူးခြားတာက မောင်အောင်သန်းကို မီးရှူးသန့် စင်ပြီးတဲ့အချိန်ကစပြီး မိဘနှစ်ပါးတို့ ဟာ အလုပ်အကိုင် အဆင်ပြေလာကြတယ်။ ချမ်းသာတဲ့အထိ စီးပွား မဖြစ်ထွန်း ကြပေမယ့် သက်သာလွယ်ကူစွာ အသက်မွေးလာနိုင်ကြပါတယ်။
မောင်အောင်သန်းဟာ ငယ်စဉ်ကတည်းက တစ်ယောက်တည်း အေးအေးလူလူ နေတတ်တယ်၊ စကားနည်းတယ်၊ မိဘတို့ ကိုပူဆာခြင်း မရှိဘူး၊ သူတစ်ပါးတို့ နဲ့  ခိုက်ရန်ဖြစ်ပွား ခြင်းလည်း မရှိဘူး။ လူကြီးမိဘတို့ ကို ရိုသေကိုင်းရှိုင်းမှုရှိတယ်။
အသက် ခြောက်နှစ်ရလာတဲ့အချိန် ကျောင်းစနေရမယ့်အရွယ်မှာ ဂျပန်ခေတ်နဲ့ ကြုံကြိုက်လို့  မောင်အောင်သန်းဟာ အတန်းကျောင်းမတက်ရဘူး။ သူ့ မိဘများက သူ့ ကို လိပ်ချောင်းရွာ၊ စလင်းကျောင်း ဆရာတော် ဦးသောဏထံမှာ အပ်နှံကြပါတယ်။
မောင်အောင်သန်းက ဘုန်းကြီးကျောင်းမှာနေရတာကို ပျော်ပိုက်တယ်။ အိပ်ပြန်ဖို့  မပူဆာဘူး။ ဆရာတော်က စာတက်ပေးရင်လည်း အခြား ကျောင်းသားများလို အော်မကျက်ရဘဲနဲ့  စာကိုခဏကလေး ကြည့်ရုံနဲ့  မှတ်မိတယ်။ ဒါကြောင့် ဆရာတော် ဦးသောဏနဲ့  အခြားသံဃာများရဲ့  ချစ်ခင်မှုကို မောင်အောင်သန်း ခံယူရတယ်။
မုဆိုးနားနီးတော့ မုဆိုး၊ တံငါနားနီးတော့ တံငါ ဖြစ်ကြသလို ကျောင်းကန်ဘုရားနဲ့  သံဃာများ နဲ့ နီးစပ်တော့ မောင်အောင်သန်းရဲ့ နှလုံးသားမှာ ရတနာသုံးပါးကို ကြည်ညို လေးစားတဲ့ သဒ္ဓါတရားဟာ ထက်မြက်ရှင်သန်လာပါတယ်။ မောင်အောင်သန်းကလေးဟာ သာသနာ့ဘောင်ထဲကို ရှင်သာမဏေဘ၀အဖြစ်နဲ့  ၀င်ရောက်ဖို့  စိတ်အားထက်သန်လာတယ်။
ဒါကြောင့် အသက်ကိုးနှစ်ကျော်လာတဲ့အချိန်မှာ ဖခင်ထံ ချဉ်းကပ်ပြီး
“အဖေ… ကျွန်တော့်ကို ကိုရင်ဝတ်ပေးပါ” လို့ ပူဆာတယ်။
”ဟာ… သားက ငယ်ငယ်ကလေးရှိသေးတာပဲ”လို့  ဖခင်ကဆိုတယ်။
“ကိုရင်ဝတ်တာ အသက်ငယ်တာနဲ့ မဆိုင်ပါဘူးဗျ” မောင်အောင်သန်းကလေးက လူကြီးဆန်တဲ့စကား ကိုပြောလာတော့ အဖေက အလေးအနက် စဉ်းစားလာပါတယ်။ ဆရာတော် ဦးသောဏနဲ့ လည်း တိုင်ပင်ကြည့်ရတယ်။ ဆရာတော်ရဲ့  သဘောတူချက်ကိုရတော့ မောင်အောင်သန်းကို အသက်ကိုးနှစ်၊ ၁၀လ ရှိလာတဲ့ ၁၃၀၆ ခုနှစ်၊ ကဆုန်လဆန် ၁၄ရက်နေ့ မှာ ရှင်သာမဏေပြုပေးလိုက်ကြပါတယ်။
ရှင်သာမဏေကလေးရဲ့  ဘွဲ့ အမည်က “ရှင်အာစိဏ္ဏ” ဖြစ်ပါတယ်။ ဥပဇ္ဈာယ်ဆရာက လိပ်ချောင်းရွာ စလင်းကျောင်း ဆရာတော်ဦးသောဏ ဖြစ်ပါတယ်။ ရှင်အာစိဏ္ဏအဖို့  ဘုရားသားတော် အဖြစ်ခံယူလိုက်ခြင်းဟာ မိဘဆွေမျိုးတို့ ထံမှ ဖဲခွာပြီး သာသနာ့ဘောင်ထဲသို့  အပြီးအပိုင် ၀င်ရောက်လိုက်ခြင်းပဲဖြစ်ပါတယ်။
ဂျပန်ခေတ်မှာ လူတွေ ယားနာတွေပေါက်ကြတော့ ရှင်အာစိဏ္ဏ ကလေးရဲ့  လက်များမှာလည်း ယားနာတွေ ပေါက်လာတယ်။ ဆရာတော် ဦးသောဏက ရှင်အာစိဏ္ဏကို လူထွက်စေပြီး အိမ်မှာ ဆေးပြန် ကုစေတယ်။
ရှင်အာစိဏ္ဏဟာ အိမ်ပြန်လာတာ ခဏတဖြုတ် ယာယီပဲလို့  သဘောပိုက် ထားတယ်။ ရက်သတ္တနှစ်ပတ် လောက်ကြာ လို့  ယားနာ ပျောက်တာနဲ့  မိမိတစ်ဦးတည်း ဘုန်းကြီးကျောင်းသို့ သွားပြီး ဆရာတော်ထံမှာ ရှင်သာမဏေ ပြန်ဝတ်တယ်။
ဖခင်က ညနေချမ်းမှာ အလုပ်ခွင်ကနေ အိမ်ကိုပြန်လာတော့ သားငယ်ကိုမတွေ့  လို့  လိုက်ရှာတယ်။ အရပ်ထဲမှာ ရှာမတွေ့ တော့ ဘုန်းကြီးကျောင်းသို့ သွားတယ်။ ဆရာတော်က ဆီးကြိုပြီး…. “ဒကာကြီးရေ…. ဒကာကြီးသားက သူ့ လက်ကအနာတွေ ပျောက်ပြီ၊ ကိုရင်ပြန်ဝတ်ပေးပါလို့  ပူဆာလို့  ငါ ရှင်သာမဏေ ပြန်ဝတ်ပေးလိုက်တယ်” လို့ မိန့် တော်မူတယ်။
“ဆရာတော်ရဲ့ ဆန္ဒအတိုင်းပါ၊ ဆရာတော်ကိုတပည့်တော်အပ်နှံထားလို့  ဆရာတော်ရဲ့ သား ဖြစ်နေပြီပဲ” လို့ ဖခင်ကလည်းသဘောတူလိုက်ရပါတယ်။
စာသင်သားဘ၀နဲ့ ရဟန်းဘဝ
ရှင်အာစိဏ္ဏဟာ ဆရာတော်ဦးသောဏထံမှာ ပရိယတ္တိ အခြေခံဖြစ်တဲ့ သဒ္ဒါသဂြိုဟ် စသည်တို့ ကို ဆည်းပူးတယ်။ ပြီးတော့ ဟင်္သာတမြို့ ၊ ရေကြည်ကျောင်းတိုက်မှာ ဆရာတော် ဦးမဟိန္ဒနဲ့  ဦးပညာသန္တ တို့ ထံမှာ နှစ်နှစ်ခန့် ပညာဆည်းပူးတယ်။
အရွယ်နဲ့ မလိုက်အောင် ဥာဏ်ပညာထက်မြက်တဲ့ ရှင်အာစိဏ္ဏကို ဆရာတော်များက အားပေးချီးမြှောက်ကြတယ်။ ဒါကြောင့် ၁၃၁၄ ခုနှစ်မှာ ရန်ကုန်မြို့ ၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းသို့  ထွက်လာပြီး ဆရာတော် ဦးဥတ္တမထံမှာ လေးလ ပညာဆည်းပူးခွင့်ရတယ်။ ထိုဝါကျွတ်တဲ့အခါ မန္တလေးမြို့ ၊ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ရ ဆရာတော်ကြီး နှစ်ပါးနဲ့  နာယကဆရာတော်များထံမှာ နှစ်နှစ်ကြာ ဆက်လက်ပညာ ဆည်းပူးခွင့်ရပြန်တယ်။
အဲသလို ရှင်သာမဏေဘ၀နဲ့ ရန်ကုန်၊မန္တလေးတို့ မှာ စွမ်းစွမ်းတမံ ပညာဆည်းပူးပြီးတော့ ကောဇာသက္ကရာဇ် ၁၃၁၆ခုနှစ်၊ ကဆုန်လဆန်း ၈ရက်နေ့ မှာ ရဟန်းခံရန် အသက်ပြည့်လာပြီ ဖြစ်လို့  ဟင်္သာတမြို့ ၊ ရေကြည်တိုက်သစ်မှာ ရေကြည်ဂိုဏ်းချုပ် မင်္ဂလာဆရာတော် ဦးပညာအား ဥပဇ္ဈာယ်ဆရာပြုပြီး မြင့်မြတ်တဲ့ ရဟန်းဘ၀ကို တက်ရောက်တော်မူတယ်။
ထို့ နောက် မန္တလေးမြို့ သို့ တစ်ဖန်ကြွသွားပြီး တောင်ပြင်ရပ်၊ မြင်းဝန်တိုက်မှာ သုံးနှစ်ကြာ သီတင်းသုံးပြီး မြင်းဝန်တိုက်ဆရာတော် ဦးဥက္ကံသ ထံမှာရော၊ ထီးလင်းတိုက်ဆရာတော် ဦးသူရိယနဲ့  ဦးပညာနန္ဒတို့ ထံမှာရော၊ ဘုရားကြီးတိုက်ဆရာတော် ဦးအရိယ၊ ဦးဥက္ကံသ၊ ဦးကုမာရတို့ ထံမှာရော၊ ပရိယတ္တိစာပေများကို ဆက်လက်ဆည်းပူးပါတယ်။
ဦးအာစိဏ္ဏ သာသနာတော်ကို အလွန်ကြည်ညိုလေးမြတ်တဲ့ အတွက် ပိဋကတ် ကျမ်းဂန်များကို ရိုရိုသေသေ နှိုက်နှိုက်ချွတ်ချွတ်ဆည်းပူးလေးလာတယ်။ ဥာဏ်ပညာ ထက်မြက်ပြီး မှတ်ဥာဏ်အလွန်ကောင်းတဲ့အတွက် လေ့လာထားတဲ့စာများကို ကြာမြင့်စွာသတိတရ မှတ်မိနေတယ်။ ပါဋ္ဌိစာပေများလည်း ကောင်းကောင်းဖတ်ရှုနိုင်တယ်
ဝိနည်းတော်များကိုလည်း သေသေချာချာစေ့စေ့စပ်စပ် လေ့လာပြီးတော့ ၀ိနည်းတော်နဲ့  အညီ တစ်သဝေမတိမ်း လိုက်နာနေထိုင်တယ်။ တောထွက်ပြီးတဲ့အခါမှာလည်း ၀ိနည်းပါဋ္ဌိတော် တစ်ကျမ်းကို တစ်လလောက်နဲ့  ကျက်လို့ ရတယ်။ ဒါပေမဲ့  ဆွမ်းတစ်ထပ်တည်းနဲ့  ပဋိပတ်လုပ်ငန်းကို ကြိုးပမ်းလုပ်နေတဲ့အခါ ဖြစ်တာနဲ့ အညီ အာဂုံပြန်ဆိုဖို့ အချိန်မပေးနိုင်လို့  နောက်ဝိနည်းတစ်ကျမ်းကို ကျက်မှတ်ပြီးတဲ့အခါမှာ ပထမကျမ်းကို အာဂုံပြန်နိုင်ဖို့  အခက်အခဲ တွေ့ လာရတယ်။
“ဦးပဉ္စင်းမှတ်ဥာဏ်က တိပိဋကဓရဆရာတော် ဦးဝိစိတ္တရဲ့ မှတ်ဥာဏ်ကို လိုက်မမီဘူး၊ တိပိဋကဓရ ဆရာတော်က ပါဋ္ဌိတစ်ပုဒ်ကို သုံးခေါက်ဖတ်ရင်ရတယ်၊ တစ်ခါရပြီးတဲ့စာကို ၂၁ရက်အထိ အာဂုံမပြန်ဆိုရဘဲ မှတ်မိနေတယ်” လို့  ဦးအာစိဏ္ဏက စာရေးသူကိုပြောပြတယ်။
ဦးအာစိဏ္ဏဟာ ၀ိနည်းကို တတ်ကျွမ်းပြီး ၀ိနည်းနှင့်အညီကျင့်ကြံနေထိုင်လို့  ယခုအခါ မော်လမြိုင်၊မုဒုံနယ်ဘက်မှာ ၀ိနည်းမိုရ်ဆရာတော်တစ်ပါးအဖြစ် အသိအမှတ်ပြုခံရပါတယ်။
ကောဇာသက္ကရာဇ် ၁၃၁၈ ခုနှစ်မှာ ဦးအာစိဏ္ဏဟာ ဓမ္မစရိယစာချတန်း စာမေးပွဲကြီးကို အောင်မြင်တော်မူတယ်။ ၁၃၁၉ ခုနှစ်မှာ ရန်ကုန်၊ ကမ္ဘာအေးကုန်းမြေမှာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ ဦးစီးဖွင့်လှစ်ထားတဲ့ သံဃ တက္ကသိုလ်သို့ သွားရောက်ပြီး ပရိယတ္တိစာပေများနဲ့  ခေတ်စာပေများကို ငါးနှစ်နီးပါး ထပ်မံဆည်းပူးပါတယ်။
သံဃတက္ကသိုလ်မှာ ပညာဆည်းပူးနေစဉ်ကာလမှာ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးများ ဖြစ်ကြတဲ့ ဦးဖေအောင်၊ ဦးလှမောင်၊ အရာရှိများဖြစ်ကြတဲ့ ဦးစပ်ထွန်းမှတ်ဝင်း၊ ဦးဟန်ဌေး၊ ဦးစံမြင့်အောင်၊ ဦးသိန်းအောင်တို့ က ကမ္ဘာ့သာသနာပြုရာမှာ အထောက်အပံ့ ဖြစ်ဖို့ အတွက် အင်္ဂလိပ်စာနှင့်တကွ တက္ကသိုလ်ပညာရပ်များကို ဦးအာစိဏ္ဏအား သင်ကြားပို့ ချပေးကြပါတယ်။
ဒီလိုနဲ့  ဦးအာစိဏ္ဏဟာ တက္ကသိုလ်ဝင် စားမေးပွဲကို ပြင်ပမှဝင်ဖြေလိုက်တယ်။ အောင်မြင်တော့ ဥပစာဝိဇ္ဖာ(အိုင်အေ) စာမေးပွဲကိုဆက်လက်ဖြေဆိုပါတယ်။ အခက်အခဲမရှိ အောင်မြင်ပြန်တယ်။ ထို့ နောက် ၀ိဇ္ဖာဘွဲ့ (ဘီအေ) အတွက်ပြဋ္ဌာန်းစာများကို ဆည်းပူးလေ့လာပြန်တယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လမှာ တက္ကသိုလ်ကျောင်းများကို ပိတ်လိုက်ရတဲ့အတွက် ဘီအေ စာမေးပွဲကို ဦးအာစိဏ္ဏ မဖြေဖြစ်တော့ပါဘူး။
တောရဆောက်တည်အားထုတ်ပြီ
ရဟန်းခံပြီး ၁၀၀ါရရင် တောထွက်မယ် လို့ ဦးအာစိဏ္ဏမှာ အစဦးကတည်းက ရည်သန်ရင်း ရှိခဲ့တယ်။ ဘီအေစာမေးပွဲ ဖြေဆိုဖို့  အဆင်မပြေတဲ့အချိန်မှာ ရဟန်း ၁၀ ၀ါ ရလာပြီဖြစ်လို့  ဦးအာစိဏ္ဏဟာ တောထွက်ဖို့  ဆုံးဖြတ်လိုက်ပါတော့တယ်။
တောမထွက်မီ ပဋိပတ္တိလမ်းညွှန်ချက်များကို ရယူရန်လိုအပ်လို့  ကောဇာသက္ကရာဇ် ၁၃၂၅ခုနှစ်မှာ ရန်ကုန်မြို့ ၊ မဟာစည်သာသနာ့ ရိပ်သာသို့ သွားရောက်ပြီး မဟာစည် ဆရာတော်ဘုရားကြီးနဲ့  ဆရာတော် ဦးပဏ္ဍိတာဘိဝံသတို့ ထံမှာ ၅၅ ရက်ကြာနည်းနာခံယူတယ်။ ပဋိပတ်လုပ်ငန်းမှာ အထုံပါရမီရှိခဲ့တဲ့ ဦးအာစိဏ္ဏဟာ တစ်လတည်းနဲ့ ဥာဏ်စဉ်နာခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ တရားအားထုတ်နည်း အပြည့်အစုံကို လေ့လာမှတ်သားချင်လို့  ၅၅ရက်တိုင်အောင် ဦးအာစိဏ္ဏ အားထုတ်ခဲ့ပါတယ်။
ပရိယတ် ပဋိပတ် ဗဟုသုတစွယ်စုံဖြစ်လာတဲ့အခါ ဦးအာစိဏ္ဏဟာ ထိုနှစ်မှာပဲ မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ တောင်စွန်းကေလာသတောင် အနီးရှိ မြသပိတ်တောင်သို့  တောထွက်ပြီး ဧကစာရီကျင့်ကာ တရားအားထုတ်တော်မူတယ်။
ပဋိပတ်အကျင့်ဖြင့် မြင်သိရတဲ့အချက်တွေကို တိပိဋက ကျမ်းဂန်၊၀ိသုဒ္ဓိမဂ်တို့ နဲ့  ချိန်ထိုးစိစစ်ကြည့်တယ်။ စိတ်တိုင်းကျ မဖြစ်တဲ့အခါ နောက်ထပ်ပဋိပတ္တိ နည်းနာနိဿယများ ရရှိရေးအတွက် ဦးအာစိဏ္ဏဟာ ၁၃၂၆ ခုနှစ်မှာ ကသစ်ဝိုင် ဆရာတော်ထံမှာ ၁၀ရက်၊ သန်လျင်တောရဆရာတော်ထံမှာ ခြောက်လခွဲ၊ ၁၃၂၇ ခုနှစ်မှာ ကန္နီမြို့ ၊ ရွှေသိမ်တောရ ဆရာတော် ထံမှာ သုံးလခွဲ ထပ်မံပြီး နည်းနာခံယူပါတယ်။
တရားအားထုတ်ရာ ဌာနများကိုလည်း သပ္ပါယ ဖြစ်အောင်ပြောင်းရွေ့ ခဲ့ရာမှာ သထုံမြို့  နေမိန္ဒရတောင်အနီးရှိ တောင်ဝိုင်းကြီးမှာတစ်ဝါ၊ မုဒုံမြို့ နယ် ကျောက်တစ်လုံး စိတ္တသုခတောရမှာ သုံးဝါ၊ ရေးမြို့ နယ် အစင်ကျေးရွာအနီးရှိ အစင်တောရမှာ ၁၃၀ါ သီးတင်းသုံးခဲ့ပါတယ်။
အဲ့သလို တရားအားထုတ်စဉ်ကာလမှာ တစ်ပါးတည်း ကျောင်းမှာ သီးတင်းသုံးပြီး မိဘဆွေမျိုး မောင်ဘွားများနဲ့  အဆက်အသွယ်ဖြတ်ထားခဲ့တယ်။ အင်မတန်ထက်မြက်တဲ့ ဇွဲ ၀ီရိယတို့ ဖြင့် အားထုတ်တော်မူတယ်။
တောရဆောက်တည်ကာ တစ်ထပ်ဆွမ်းလောက်နဲ့  မျှတခဲ့ရလို့ ငှက်ဖျား ရောဂါနဲ့  အစာအိမ်ရောဂါတို့ က ဦးအာစိဏ္ဏအား ဖိစီးလာကြတယ်။ အစင်တောရမှာ သီတင်းသုံးစဉ်အခါက ၀မ်းဗိုက်မှာ ပြင်းထန်စွာလေထိုးလေအောင့် ဖြစ်လာလို့  ဆွမ်းခံမကြွနိုင်ဘဲ တစ်ပါးတည်း ကျောင်းကလေးမှာ လူးလှိမ့်နေရတယ်။ သီတင်းသုံးဖော်များအား သူတို့ ရဲ့ တရားအလုပ် ထိခိုက်မှာစိုးလို့  အကြောင်းမကြားဘူး။ သီးတင်းသုံးဖော်တို့  လာရောက်ကြည့်ရှုကြတဲ့ အခါမှ အဖြစ်မှန်ကို သိရှိကြရတယ်။
အစာအိမ်ရောဂါကြောင့် မော်လမြိုင်ဆေးရုံသို့  တက်ရောက်ပြီးခွဲစိတ်ကုသခြင်း ခံယူရတယ်။ ရန်ကုန်မြို့ သို့  ကြွပြီး အထူးကုဆရာဝန်များထံမှာလည်း ဆေးကုသခြင်းခံယူတယ်။ ဒါပေမဲ့ အစာအိမ်ရောဂါ၊ငှက်ဖျားရောဂါနဲ့  အပြင်းအထန် ဇက်ထိုးခေါင်းကိုက်တဲ့ရောဂါတို့ ဟာ ယနေ့  တိုင်အောင် မပျောက်ဘဲ ဆရာတော်ဦးအာစိဏ္ဏအား ညှင်းပန်းနှိပ်စက်လျက်ရှိပေသည်။ ဦးအာစိဏ္ဏက ဝဋ်နာလို့ ဘဲ သဘောထားပြီး ရောဂါဝေဒနာများကို လျစ်လျူရှုကာ မိမိဆောင်ရွက် စရာရှိတဲ့ ဂန္တဓုရ၊ ၀ိပဿနာဓုရ ကိစ္စများကို မမှိတ်မသုန် မဆုတ်မနစ်ဘဲ တက်တက်ကြွကြွ ဆောင်ရွက်နေပေတယ်။
ဖားအောက်တောရ တတိယဆရာတော်
ဦးအာစိဏ္ဏဟာ ပံသုကူဓုတင်၊ တိစိဝရိတ်ဓုတင်၊ သပဒါန စာရိကဓုတင်၊ အာရညကင် ဓုတင်စသည်တို့ ကို စွမ်းဆောင်နိုင်သမျှ ဆောက်တည်ပြီး တောရဘုန်းကြီးဘ၀နဲ့  ဘာဝနာ အလုပ်နဲ့ ပျော်မွေ့ ကာ နေထိုင်လိုပါသော်လည်း ဘ၀ကံကြမ္မက ထိုသို့ နေခွင့်မပြုပါ။
ဖားအောက်တောရ ဒုတိယဆရာတော် ဦးအဂ္ဂပညာ အသည်းအသန် နာမကျန်းဖြစ်ပြီး မော်လမြိုင်ဆေးရုံကြီးသို့ တက်ရောက်ရတဲ့အခါ ရေးမြို့ နယ် အစင်တောရမှာ သီတင်းသုံးနေတဲ့ ဦးအာစိဏ္ဏကို မှာကြားခေါ်ယူတော်မူတယ်။
ဦးအာစိဏ္ဏက ဦးအဂ္ဂပညာကို ပြုစူဖို့  မော်လမြိုင်သို့ တက်လာတယ်။ ဦးအဂ္ဂပညာကမိမိပျံလွန် သွားတဲ့အခါ ဖားအောက်တောရစင်္ကြံကျောင်းကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လွှဲအပ်ပေး တော်မူတယ်။ ဦးအာစိဏ္ဏက ကျောင်းလက်မခံလိုပါ။ ကျောင်းအုပ်ချုပ်ရတဲ့အလုပ်ဖြင့် မိမိရဲ့ ပဋိပတ်အလုပ်ကို အနှောင့်အယှက် မဖြစ်စေလိုပါ။ သို့ သော် ဦးအဂ္ဂပညာ အလိုကျ ဦးအာစိဏ္ဏ လက်ခံလိုက်ရပါတယ်။
ဒါကြောင့် ၁၃၄၃ခုနှစ်၊ ၀ါဆိုလဆုတ်၅ရက်၊ ခရစ်သက္ကရာဇ် ၁၉၈၁ခုနှစ်မှာ ဒုတိယ ဖားအောက်ဆရာတော်ပျံလွန်တော်မူတဲ့အတွက် ဦးအာစိဏ္ဏဟာ တတိယ ဖားအောက်တောရ ဆရာတော်ဖြစ်လာပါတော့တယ်။
ဦးအာစိဏ္ဏဟာ ဖားအောက်တောရစင်္ကြံကျောင်းကို မိမိ ခေတ္တသာ ထိန်းသိမ်းစောင့်ရှောက် ပေးမည့်အကြောင်း၊ ဒကာတို့  စိတ်ကြိုက်ကျောင်းထိုင်ဆရာတော်တစ်ပါးကို ရှာဖွေကြဖို့ အကြောင်း၊ စင်္ကြံကျောင်းဒကာများကို မိန့် ကြားတော်မူတယ်။
ပြီးတော့ ဖားအောက်တောရ စင်္ကြံကျောင်းဟာ တောရမမည်တော့တဲ့အတွက် ဒီကျောင်းမှာ ဦးအာစိဏ္ဏသီတင်းမသုံးလိုဘူး။ တောရပီသတဲ့ အခြားတစ်နေရာကို ဦးအာစိဏ္ဏကိုယ်တိုင် လိုက်ရှာရာ စင်္ကြံကျောင်းရဲ့  အရှေ့ဘက် တစ်မိုင်ခွဲခန့်  ဝေးတဲ့နေရာမှာ တောင်နှစ်လုံးကြားမှာ ဒူးရင်းပင်၊ သရက်ပင် များနဲ့  စိမ်လန်းစိုပြည်တဲ့ဥယျာဉ်ခြံ တစ်ခြံကို တွေ့ ရတယ်။
အေးချမ်းလှတဲ့ ၎င်းဥယျာဉ်မြေမှာ ဦးအာစိဏ္ဏ သီတင်းသုံးလိုတဲ့အတွက် ခြံရှင်ကို ခွင့်တောင်းပြီး ၀ါးကျောင်းလေးတစ်ဆောင် ဆောက်လုပ်စေတယ်။ အဲဒီဝါးကျောင်းလေး မှာဆွမ်းခံဆွမ်းစားချိန်မှအပ နေ့ ရောညဥ့်ပါ ဦးအာစိဏ္ဏ သီတင်းသုံးတော်မူတယ်။
ဖားအောက်တောရ ကျောင်းဒကာများက မိမိတို့  ကြည်ညိုလေးစားတဲ့ ဒုတိယဆရာတော်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ တတိယဆရာတော်ကို မထွက်ခွာသွားစေလိုကြဘူး။ ပြီးတော့ တတိယဆရာတော်ရဲ့  ထူးခြားမြင့်မြတ်တဲ့ သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့ ကို တဖြည်းဖြည်းသိရှိလာကြတဲ့အတွက် ပိုမိုကြည်ညိုလာကြတယ်။ ဒါကြောင့်တခြားကျောင်းထိုင် ဆရာတော်မရှာဖွေတော့ဘဲ ဦးအာစိဏ္ဏကို ဖားအောက်တောရမှာ အတည်တကျသီးတင်းသုံးရန် ထပ်ကာ ဖန်ဖန် လျှောက်ထားကြပါတယ်။
ဒါကြောင့် ယနေ့ တိုင်အောင်ဦးအာစိဏ္ဏဟာ တတိယ ဖားအောက်တောရ ဆရာတော်ရဲ့ တာဝန်ကို ထမ်းဆောင်နေရပေတယ်။
ဓာတ်ကမ္မဋ္ဌာန်းစခန်းဖွင့်ပြီ
ဖားအောက်တောရဆရာတော် ဦးအာစိဏ္ဏဟာ ထင်ရှားကျော်ကြားတဲ့ဆရာတော်များထံမှ နည်းနာနိဿယ ခံယူကာ ပိဋကတ်ကျမ်းဂန်နဲ့  ညှိနှိုင်းလျက် ဆိတ်ငြိမ်အေးချမ်းတဲ့ တောရများမှာ နှစ်ပေါင်းများစွာ သမထ ၀ိပဿနာကို အပြန်ပြန်အလှန်လှန် အားထုတ်တော်မူခဲ့တယ်။ မိမိကိုယ်တိုင် ထိုးထွင်းသိမြင်ခဲ့ရတဲ့ တရားရှုနည်းများကို အခြားပုဂ္ဂိုလ်တို့ အား တစ်ဆင့်ပို့ ချပြသပေးလိုတဲ့အတွက် အသင့်လျော်ဆုံးတရားရှုနည်း အစီအစဉ်ကို ရေးဆွဲတော်မူတယ်။
တရားရှုကွက်များကို နှစ်နှစ်ကြာ မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေး ရှုမှတ်ပြီးတဲ့နောက် ၁၉၈၃ခုနှစ် မှစတင်ကာ ဓာတ်ကမ္မဋ္ဌာန်းကို အခြေခံလျက် သုဒ္ဓ၀ိပဿနာယာနိက လမ်းစဉ်ဖြင့် ယောဂီတို့ ကို တရားညွှန်ပြပေးတယ်။ ဒီလမ်းစဉ်ဟာ အောင်မြင်ပေမယ့် နှောင့်နှေးကြန့် ကြာတတ်လို့  ပိုမိုလျင်မြန် ထက်မြက်တဲ့ သမထယာနိကလမ်းစဉ်သို့ ပြောင်းလဲကာ ယောဂီတို့ အား တရားညွှန်ပြပေးပါတယ်။
တရားရှုကွက်များက အထူးတိကျပြည့်စုံပြီး သဘာဝလည်းကျ၊ စနစ်လည်းကျ၊ လက်တွေ့ လည်းကျတဲ့အပြင် ဆရာတော်ကိုယ်တိုင်က အလွန်ကြီးမားတဲ့ မေတ္တာကရုဏာဖြင့် အထူးအဆင်းရဲအပင်ပန်းခံကာ ယောဂီတို့ အား ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ပြီး တရားညွှန်ပြပေးတဲ့ အတွက် ဖားအောက်တောရယောဂီများဟာ မြတ်ဗုဒ္ဓအလိုတော်နဲ့  ကိုက်ညီတဲ့ တရားရှုနည်းများကို ချမ်းသာလွယ်ကူစွာ ရှုသိနေနိုင်ကြပါပြီ။
ပိဋကတ်ကျမ်းဂန်နဲ ညီညွတ်ပြီး အလွန်ထူးခြားပြည့်စုံတဲ့ ဖားအောက်တောရ တရားရှုနည်းကို နောက်စာမျက်နှာများမှာ အကျဉ်းဖော်ပြကာ မိတ်ဆက်ပေးပါမယ်။ ဆက်လက်ရှုစားတော်မူကြပါ။
ဆိတ်ငြိမ်အေးချမ်းတဲ့တရားစခန်း
ဖားအောက်တောရ စင်္ကြံကျောင်းဟာ ဖားအောက်ကျေးရွာထိပ်ရှိ မော်လမြိုင်-မုဒုံ ကားလမ်းမနဲ့  တာ ၅၀၀ခန့် ၊ တနည်း ၁၅ မိနစ်လမ်းလျှောက်စာမျှ ဝေးကွာတဲ့အတွက် ကားသံ၊ဟွန်းသံ၊ ရေဒီယိုကက်ဆက်သံများကို မကြားရဘဲ ဆိတ်ငြိမ်အေးချမ်းတဲ့ တောရစခန်း တစ်ခုဖြစ်ပါတယ်။ ယခင်က တောရမြောက်တဲ့ ဋ္ဌာနတစ်ခု ဖြစ်ခဲ့တာနဲ့ အညီ သစ်ပင်ဝါးပင် တို့ ဟာ မိုးထိအောင် ပေါက်ရောက်နေကြပါတယ်။ သစ်ပင်ကြီးများရဲ့  အကိုင်းအခက်တွေက တစ်ပင်နဲ့  တစ်ပင် ကူးယှက်နေကြလို့  နေပြောက်မထိုးလောက်အောင် အရိပ်အာဝါသ ကောင်းလှပေတယ်။
ကျေးငှက်မျိုးစုံတို့ ရဲ့  တွန်ကျူးသံ၊ ရှဥ့်ညိုများရဲ့ မြူးသံ၊ ပုရစ်အော်သံများကတော့ တောကြီးမြိုင်လယ်ထဲမှာ ရောက်ရှိနေသည့် ပမာ အတွေ့ ထူးနဲ့  ခံစားမှု အထူးတို့ ကို ဖြစ်ပေါ်စေပါတယ်။ ယောဂီဆောင်များနဲ့  ပင်မစင်္ကြံကျောင်းဝင်းတို့ ကို ပိုင်းခြား ပေးထားတဲ့ စမ်းချောင်းကလေးက မိုးရာသီမှာ ဂီတသံစုံနှောလျက် တသွင်သွင် စီးဆင်းနေသဖြင့်လည်း သည် ရှုခင်းအလှနဲ့  သဘာဝတေးသံတို့ ဟာ စက္ခုပသာဒနဲ့  သောတ ပသာဒတို့ ကို အထူးပင် အေးမြကြည်ရွှင်စေပါတယ်။
ဤသို့ သော ငြိမ်းအေးကြည်လင်တဲ့ ၀ိဝေကရသ ခေါ်စိတ်ခံစားမှုအထူးတို့ ဟာ တရားဘာဝနာရှုပွားမှုကို အထောက်အကူပြုကြပါတယ်။
ယောဂီများအတွက်နေရာထိုင်ခင်
ဖားအောက်တောရမှာ တရားအားထုတ်ကြတဲ့ ရပ်ဝေးရပ်နီး ယောဂီ အရေအတွက်ဟာ ဆတက်ထမ်းပိုး တိုးတက်များပြားလာသလို ကျောင်းသင်္ခမ်းများနဲ့  ယောဂီဆောင်များကလည်း နေ့ ချင်းညဥ့်ချင်းဆိုသလို တိုးပွားလာနေပါသည်။
၁၉၉၉ခုနှစ်ဧပြီလဆန်းတွင် ဖားအောက်တောရ ၌ နိုင်ငံခြားသားရဟန်းရှင် လူယောဂီ ၂၄ဦး အပါအ၀င် ရဟန်း ၁၅၀ပါး၊ သာမဏေ ၁၇ပါး၊ သီလရှင်၅၄ဦး၊ အမျိုးသား၃၉ဦး၊အမျိုးသမီး၇၃ဦး၊ စုစုပေါင်း ယောဂီ ၃၃၃ဦး တရားအားထုတ် နေကြပါတယ်။ ဖားအောက်ဆရာတော် နိုင်ငံခြားသို့  ဓမ္မဒူတ ခရီးထွက်နေချိန်ဖြစ် ၍ နိုင်ငံခြားသား ယောဂီထက်ဝက်ခန့် လျော့နည်းသွားခြင်းဖြစ်တယ်။ ပုံမှန်အားဖြင့် နိုင်ငံခြားယောဂီ ၅၀ ၀န်းကျင်အမြဲရှိနေလေ့ ရှိပါတယ်။
၁၉၉၃ ခုနှစ်မှ ၁၉၉၉ ခု မတ်လကုန်အထိ ဖားအောက်တောရ ၌ တရား အားထုတ်ခဲ့ကြတဲ့ နိုင်ငံခြားသားယောဂီများဟာ ၃၃နိုင်ငံမှ ၄၈၄ဦးရှိခဲ့ပါပြီ။
၁၉၉၉ ခုနှစ်ဧပြီလဆန်းအခြေအနေအရ ဖားအောက်တောရတွင် သံဃာဆောင် ၁၅ဆောင်ခန့် ၊ အမျိုးသားဆောင် ၅ဆောင်၊ အမျိုးသမီးဆောင် ၂၅ဆောင်ရှိတဲ့အပြင် တောရစခန်းပီသတဲ့ တိုးချဲ့ စိတ္တလတောင်ကျောင်းမှာလည်း သံဃာတစ်ပါးဆောင် ၁၇၀ကျော်၊ ဆရာတော် စံကျောင်း၃ဆောင်တို့ ရှိပါသည်။ ထို့ ကြောင့်သံဃာအပါး ၂၀၀၊ အမျိုးသား ၅၀ဦး၊ အမျိုးသမီး ၃၀၀ဦးတို့ ကို တစ်ပြိုင်နက် နေရာချထားပေးနိုင်ပါတယ်။
ထို့ အပြင် စိတ္တလတောင်ကျောင်းမှာ အလျားပေ ၁၄၀၊အနံပေ၈၀ ရှိတဲ့ နှစ်ထပ်သိမ်တော်ကြီးကို တည်ဆောက်လျက်ရှိရာ သံဃာ ၅၀၀ခန့်  တို့  တစ်ပြိုင်နက်တည်း အေးချမ်းစွာတရားရှုပွားနိုင်တဲ့ အထိဆက်လက်တိုးချဲ့ သွားရန် ရည်မှန်းထားကြပါတယ်။
ဖားအောက်တောရ ရိပ်သာခွဲများအဖြစ် မန္တလေးတောင်၊ တောင်ဆင်း ကားလမ်းဘေး ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာရိပ်သာ၊ ရန်ကုန်တိုင်း သန်လျင်မြို့  ကျိုက်ခေါက်စေတီအနီး သီလ၀ါလမ်းမပေါ် ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ္ဓသာသနာရိပ်သာ နှင့် ကရင်ပြည်နယ် ဘားအံမြို့  ဇွဲကပင်တောင်ခြေ ၌ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ္ဓသာသနာရိပ်သာ တို့ ကိုလည်း အချိန်ပြည့်ဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် တရားအားထုတ်လိုသူများ အဆင်ပြေစွာ တရားအားထုတ်နိုင်ကြပါပြီ။
ဒေါက်တာမင်းတင်မွန်၏ ဖားအောက်တောရမိတ်ဆက် စာအုပ်မှ ကူးယူဖေါ်ပြပါသည်။
Credit to: Pa auk Tawya International
https://www.facebook.com/chitthethan/posts/671803792926358

စိဉ္စမာဏကို အောင်ခြင်း



မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်၌ ၇-၀ါမြောက် ၀ါဆိုတော်မူသည်။ ထို့နောက် သင်္ကဿနဂိုပြည်သို့ သက်ဆင်းတော်မူကာ သာဝတ္ထိပြည်သို့ ကြွတော်မူသည်။ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူသည်။ ထိုစဉ် စိဉ္စမာဏ၀ိကာ အမည်ရှိသော ပရိဗိုဇ်မ၏ ရန်ပြုခြင်းကို ခံရသည်။

မြတ်စွာဘုရားသခင်အဖို့ ပထမဗောဓိခေါ်သော ၀ါတော်နှစ်ဆယ်အတွင်း၌ တပည့်သာဝကများ ဒီရေအလား တနေ့တခြား တိုးပွားလာသည်။ ဘုရားရှင်အား ကြည်ညိုသူ ပရိသတ်များ အထူးများပြားလာသည်။ ထိုသူတို့၏ ပူဇော်သက္ကာရပြုမှုကို ခံယူရရှိကာ အတိုင်းမသိ လာဘ်သပ်ပကာ ပေါများလာသည်။

နေမင်းထွက်သောအခါ ပိုးစုန်းကြူးတို့ မှေးမှိန်သွားကြသကဲ့သို့ တိတ္ထိတို့မှာ မှေးမှိန်သွားကြသည်။ တန်ခိုးအရှိန်အ၀ါ လျော့နည်းသွားကြသည်။ လာဘ်ပူဇော်သက္ကာရများ တနေ့တခြား ခေါင်းပါးလာသည်။ ဤတွင် တိတ္ထိတို့သည် ၀န်တိုစိတ် ဖြဟ်လာကြကာ ဘုရားရှင်ဂုဏ်သတင်းပျက်ရန် အားထုတ်ကြသည်။

သူတို့သည် သာဝတ္ထိပြည်ရှိ စိဉ္စမာဏအမည်ရှိသော ပရိဗိုဇ်မကို စည်းရုံးကြသည်။ စိဉ္စမာဏသည် အလွန်ချောမော လှပသည်။ အရွယ်လည်း နုပျိုသည်။ ရုပ်အဆင်းလည်း အလွန်တင့်တယ်သည်။ ကျက်သရေမင်္ဂလာနှင့်လဲ ပြည့်စုံသည်။

တိတ္ထိတို့သည် စိဉ္စမာဏကို ခေါ်၍ "နှမ စိဉ္စမာန် ငါတို့ကို ရဟန်းဂေါတမက နှိပ်စက်ညှဉ်းပန်းကာ လာဘ်လာဘခေါင်းပါးကို ပြုလုပ်နေသည်ကို သင်မသိသလော"ဟု အပြစ်တင်စကား ပြောကြား၏။

စိဉ္စမာဏကလည်း "အရှင်ကောင်းတို့ ထိုအကြောင်းကို တပည့်တော် မသိရပါ။ ဤကိစ္စ၌ တပည့်တော်မသည် အဘယ်သို့သော အမှုကို ပြုလုပ်ပေးရပါမည်နည်း"ဟု မေးမြန်း၏။

တိတ္ထိတို့က "နှမ စိဉ္စမာန် သင်သည် ငါတို့၏ ချမ်းသာရေးကို အလိုရှိပါလျှင် ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်အောင် ပြုပါလော့၊ ရဟန်းဂေါတမ၏ လာဘ်ပူဇော်သက္ကာရကို ပျက်ပြားစေပါလော့"ဟု ပြောဆိုကာ တာဝန်ပေးကြသည်။

စိဉ္စမာဏကလည်း ကောင်းပါပြီ အရှင်ကောင်းတို့၊ ရဟန်းဂေါတမ၏ မကောင်းသတင်း ဖြစ်ပေါ်စေရန် တပည့်တော်မ တာဝန်ယူပါသည်။
ထို့နောက် စိဉ္စမာဏသည် တိတ္ထိတို့ထံမှ ထွက်ခွာခဲ့သည်။ မိန်းမမာယာတို့၌ လိမ္မာပါးနပ်သူဖြစ်ရကား သာဝတ္ထိပြည်သူ လူအပေါင်းတို့ ယုံမှားသံသယဖြစ်စေရန် စတင်ဆောင်ရွက်သည်။ သူသည် ပိုးပရန်အသွေး နီတွေးသောအဆင်းရှိသော အ၀တ်ကို ၀တ်ရုံသည်။ နံ့သာပန်းစသည်တို့ကို လက်စွဲလျက် တရားနာပရိသတ်များ ဇေတ၀န်ကျောင်းတိုက်မှ ထွက်လာကြ သောအချိန်တွင် ကျောင်းတိုက်သို့ ရှေးရှုသွားသည်။

လမ်း၌ တွေ့သူအများက "အို-စိဉ္စမာန်၊ ယခုအချိန်၌ သင်အဘယ်အရပ်သို့ သွားမည်နည်း"ဟု မေးကြသည်။
စိဉ္စမာဏက ကျွန်ုပ် သွားမည့်အရပ်ကို သိသဖြင့် သင်တို့အတွက် အဘယ်အကျိုးရှိမည်နည်း-ဟု ထင်မှားဖွယ်ရာ စကားကို ပြောကြားသည်။ ထို့နောက် ဇေတ၀န်ကျောင်းတိုက်အနီး တိတ္ထိတို့ကျောင်း၌ ညဥ့်အိပ်နေထိုင်သည်။

သာဝတ္ထိမြို့မှ ဒါယကာ ဒါယိကာမတို့သည် ဘုရားရှင်ထံ အလျင်လက်ဦး ဖူးမြော်ရန် နံနက်စောစောသွားကြသည်။ ထိုအချိန်၌ စိဉ္စမာဏသည် တိတ္ထိတို့ကျောင်းမှ ထွက်လာခဲ့သည်။ ဇေတ၀န်ကျောင်းတိုက်ဝယ် ညဥ့်အိပ်နေခဲ့သည့် ပုံဟန်ဆောင်၍ သာဝတ္ထိမြို့တွင်းသို့ ၀င်သည်။

လမ်း၌တွေ့သူ လူအပေါင်းတို့က အို-စိဉ္စမာန်၊ အဘယ်အရပ်၌ သင်ညဥ့်အိပ်နေခဲ့သနည်း-ဟု မေးကြသည်။
ကျွန်ုပ် အိပ်ခဲ့သည့်နေရာကို သင်တို့သိသဖြင့် အဘယ်အကျိုးရှိမည်နည်း၊ မသိချင်ကြပါနဲ့-ဟူ၍ စိဉ္စမာဏက အထင်မှားဖွယ်စကားကို ပြောကြားလေသည်။

ဤနည်းနှင်နှင် နေ့စဉ်သွားလာပြောဆိုသည်။
တလခန့်ကြာသောအခါ လမ်း၌တွေ့သူ လူအများက ရှေးနည်းအတူ မေးမြန်းကြသော် စိဉ္စမာဏက "ကျွန်ုပ်သည် ဇေတ၀န်ကျောင်းတိုက် အတွင်းဝယ် ဂန္ဓကုဋိကျောင်း တခုတည်း၌ ရဟန်းဂေါတမနှင့် အတူ ညဥ့်အိပ်နေခဲ့ရပါသည်"ဟု စွပ်စွဲစကား စတင်ပြောကြားလေ၏။

ဤသို့ဖြင့် သုံးလ လေးလ လွန်သောအခါ စိဉ္စမာဏသည် ပုဆိုးကြမ်းတို့ဖြင့် ၀မ်းကိုရစ်ပတ်သည်။ မိမိကိုယ်ကို ကိုယ်ဝန်ဆောင်သော မိန်းမအသွင် ပြုသည်။ ထို့နောက် နီးမြန်းသော အ၀တ်ကို ၀တ်ရုံကာ "ရဟန်းဂေါတမကို အစွဲပြု၍ ကျွန်ုပ်သည် ကိုယ်ဝန်ရှိနေပါပြီ"ဟု စွပ်စွဲပြောကြားသည်။ ထိုအခါ အချို့သူတို့ ယုံမှားသံသယ ဖြစ်စပြုလာ၏။

ဤနည်းဖြင့် ရှစ်လ၊ ကိုးလလွန်သောအခါ စိဉ္စမာဏသည် တမျိုးဟန်ဆောင်ပြန်သည်။ သူသည် တကယ့်ကိုယ်ဝန်အရင့်အမာ ရှိနေဟန် ပြုသည်။ ဘဲဥထက်ဝက်ခြမ်းပုံ သစ်သားဖုကို ၀မ်းဗိုက်၌ ကပ်၍ ကြိုးများဖြင့် ချည်နှောင်သည်။ အ၀တ်ဖြင့်ပတ်သည်။ ထို၏အထက်၌ နီမြန်းသောအ၀တ်ကို ၀တ်ရုံသည်။ ထို့နောက် လက်ဖမိုး ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်သည်။ မွေးဖွားခါနီး၍ ခြေလက်များ အန်းနေသည့်ဟန်ပြုသည်။ ပင်ပန်းနွမ်းနယ်နေဟန်ဆောင်သည်။

စိဉ္စမာဏသည် ညနေချမ်းအချိန်ဝယ် မြတ်စွာဘုရားသခင် ဗုဒ္ဓါသနပလ္လင်၌ ထိုင်နေတော်မူ၍ ပရိသတ်အား တရားဟော နေတော်မူစဉ် သွားရောက်သည်။
ဘုရားရှင်၏ ရှေ့တည့်တည့်မှရပ်၍ "ရဟန်းကြီး၊ သင်သည် လူအပေါင်းအား တရားဟော၍သာ နေသည်၊ ကျွန်တော်မမှာမူ သင်ရဟန်းကြီးကိုစွဲ၍ ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန်မှာလည်း ယခု ရင့်မာနေပြီ။ သင်ရဟန်းကြီးကား ကျွန်တော်မအတွက် သားဖွားရန် အိမ်ကိုလည်း မစဉ်စား၊ ထောပတ်ဆီ စသည်များကိုလည်း မရှာဖွေ၊ နေနိုင်အားတော့သည်။ ထိုကိစ္စများကို ကိုယ်တိုင် မပြုလျှင်လည်း သင်၏ ဒါယကာ ဒါယိကာမများအနက် တဦးဦးကို ပြုလုပ်စောင့်ရှောက်စေသင့်ပါသည်။ ယခုမူ သင်ရဟန်းကြီးသည် ထိုသို့လည်း မပြုခဲ့၊ သင်ရဟန်းကြီးကား မွေ့လျော်ပျော်ပါးဖို့ရန်သာ စဉ်းစားသည်။ ကိုယ်ဝန်သားကို စောင့်ရှောက်ရန်ကိုမူ မစဉ်းစားတော့ပါတကား"ဟု ပရိသတ်အလယ်၌ စွပ်စွဲပြောဆိုလေတော့သည်။

ထိုအခါ ဘုရားရှင်သည် ဟောနေသော တရားစကားကို ခေတ္တရပ်နားလိုက်သည်။ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သောအသံဖြင့် "နှမ စိဉ္စမာန်၊ သင် ယခုပြောကြားသော စကား မှန် မမှန်ကို သင်နှင့်ငါသာ သိကြကုန်၏"ဟူ၍ မိန့်တော်မူသည်။
စိဉ္စမာဏကား အလျှော့မပေး "ဟုတ်ပေသည် ရဟန်းကြီး၊ သင်နှင့် ငါတို့နှစ်ဦးသာ သိကြသောကြောင့် ယခုလို ကိုယ်ဝန် အရင့်အမာ ဖြစ်ရပေသည်"ဟူ၍ တဖန် ထပ်၍ စွပ်စွဲပြန်သည်။

ထိုခဏ၌ ထိုဖြစ်ရပ်ကို သိကြားမင်း သိရှိသွားသည်။ စိဉ္စမာန် မိန်းမယုတ်သည် ဘုရားရှင်ကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲနေပြီ။ ပရိသတ်အလယ်၌ အဖြစ်မှန်ကို သိအောင် ငါ ရှင်းရတော့မည်-ဟု ကြံစည်သည်။
ချက်ချင်းပင် နတ်သား လေးယောက်တို့နှင့်အတူ ဇေတ၀န်ကျောင်းတော်ရှိ ဘုရားရှင် တရားဟောရာဌာနသို့ လာရောက်ကြ လေသည်။

ထိုနေရာသို့ ရောက်သည်နှင့် တပြိုင်နက် နတ်သားလေးယောက်တို့သည် ကြွက်ငယ်အယောင်ဆောင်ကြသည်။ စိဉ္စမာဏ ၀ှက်ချည်ထားသော သစ်သားဖု၏ ကြိုးများကို တပြိုင်နက် ကိုက်ဖြတ်ကြလေသည်။ လေကလည်း စိဉ္စမာဏ ၀တ်ရုံထားသော အ၀တ်ကို အထက်သို့ တိုက်လွှင့်လေသည်။ တခဏအတွင်းမှာပင် သစ်သားဖုကို ၀ှက်ချည်ထားသော ကြိုးများ ပြတ်ကုန်ကြသည်။ သစ်သားဖုလည်း အောက်သို့ ကျသွားသည်။ စိဉ္စမာဏ၏ ခြေဖမိုးထက်၌ ကျလေရာ ခြေဖျားနှစ်ဖက်တို့ သွင်သွင်ကျိုးလေ၏။

တရားနာပရိသတ်တို့လည်း အဖြစ်မှန်ကို သိရှိသွားကြသည်။ စိဉ္စမာဏအား ဆဲဆိုလျက် ခဲ၊ တုတ်၊ လှန်ကန်တို့ဖြင့် ပစ်ခတ်ရိုက်နှက်ကြကာ ကျောင်းတော်မှ နှင်ထုတ်လိုက်လေသည်။
စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်ရာသို့ရောက်သောခဏ၌ မြေမျိုခံရသည်။ အ၀ီစိမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အ၀ီစိငရဲသို့ ခေါ်ဆောင်သွားလေသည်။ ဤကား မြတ်စွာဘုရားသခင်၏ ငါးခုမြောက် အောင်ခြင်း ဖြစ်ပေသည်။

မြတ်မင်္ဂလာ
Posted by: mingala

အောင်ခြင်းရှစ်ပါး ဂါထာ

မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။

ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။

၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ၀ဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။

၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။

၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေ၀ဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။

၎။ စောရံ=သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီကိုလည်းကောင်း။

၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣနြေ္ဒနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။

၆။ သစ္စကံ=၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။

၇။ နာဂံ=လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။

၈။ ဗကံ=သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။

အဇိနိ=တန်ခိုးဉာဏ်ရှိန် ၀ရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။
မေ=အကျွန်ုပ်အား။
ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။

ပဇာ သဗ္ဗာ သုဿယန္တု၊ ၀ုဋ္ဌဟန္တု သုမင်္ဂလာ။
ဒူသေန္တု ဒုဂ္ဂတိံ ဂါမိံ၊ ပူရေန္တု သဗ္ဗ ပါရမိံ။

ပဇာ သဗ္ဗာ=ကိုယ်စီကိုယ်င ကိုယ့်ဒေသ၌ ပျော်ကြစပ်ရာ သတ္တ၀ါဟူသမျှတို့သည်။

သုဿယန္တု=အိပ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင်ကြပါစေကုန်သတည်း။

သုမင်္ဂလာ=မင်္ဂလာကျက်သရေ ယှက်ဝေလန်းသဖြင့် စန်းပွင့်ကြကုန်သည်ဖြစ်၍။

ဝုဋ္ဌဟန္တု=ကောင်းစွာမိုးသောက် အလင်းရောက်လျက် ထမြောက်နိုးကြားကြပါစေကုန်သတည်း။

ဒုဂ္ဂတိံ ဂါမိံ=အပါယ်ဒုဂ္ဂတိ ရောက်မည့်အကြောင်း မကောင်းညစ်ဆိုး ဒုစရိုက်မျိုးကို။

ဒူသေန္တု=သူတော်လက်နက် တရားစက်ဖြင့် ဖြိုဖျက်နိုင်ကြပါစေကုန်သတည်း။

သဗ္ဗပါရမိံ=အလောင်းအလျာ ဖြည့်ကောင်းရာသည့် သုံးဖြာဆယ်လီ ပါရမီအပေါင်း အကျင့်ကောင်းကို။

ပူရေန္တု=တဆင့်ထက်တဆင့် ရင့်ထက်ရင့်အောင် မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း။
( အမရပူရ ဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-ရေးဖွဲ့)
Posted by: mingala

ရခဲခြင်းတရားငါးပါး



လူ့ဘ၀နည်းတူ ရဖို့ခဲယဉ်းသော အရာငါးမျိုးကို မြတ်ဗုဒ္ဓဟောကြားထားသည်မှာ
(၁)ဘုရားရှင်ပွင့်တော်မူသောအခါကိုရခဲခြင်း၊
(၂)လူဘ၀ကိုရခဲခြင်း၊
(၃)သဒ္ဓါတရားရှိသောပုဂ္ဂိုလ်အဖြစ်ကိုရခဲခြင်း၊
(၄)ရဟန်းဘ၀ကိုရခဲခြင်း၊
(၅)သူတော်ကောင်းတရားကြားနာရခဲခြင်းတို့ဖြစ်ပေသည်။

လူ့ဘ၀ရခဲပုံ

မြတ်စွာဘုရားကချစ်သားချစ်သမီးတို့၊ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန်နဲ့ ဟောဒီအောက်က ပထ၀ီမြေကြီး ဘယ်ဟာက များသနည်း။အောက်မှာရှိတဲ့ မဟာပထ၀ီမြေကြီးက အဆမတန်အောင်များပြားလှပါသည်ဘုရားချစ်သား ချစ်သမီးတို့ ဟောဒီ ဥပမာအတိုင်းပဲ၊ လူ့ဘ၀က နေသေပြီးတော့ လူ့ဘ၀ကိုပြန်ရောက်တဲ့ ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန်လောက်ပဲရှိတယ်၊ လူ့ဘ၀က သေပြီး အပါယ်လေးဘုံကျရောက်ရတဲ့ ပုဂ္ဂိုလ်များကတော့ ဟောဒီ မဟာပထ၀ီမြေကြီး အထုလောက်ရှိတယ် ဟူ၍ဖြစ်ပါသည်။

လူဘ၀ရဖို့ခဲယဉ်းပုံနှင့်ပတ်သက်ပြီး ထပ်မံ ဥပမာ ပြဟောကြားတော်မူခဲ့ရာ...ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တရာမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီး တစ်ကောင်ရှိတယ်။ အဲဒီ သမုဒ္ဒရာကြီးထဲကို အပေါက်တစ်ပေါက်သာ ဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ရမယ်။

ထမ်းပိုးကလည်း လေတိုက်ရာ အရပ်လေးမျက်နှာ မျောချင်ရာမျောနေမယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်ရင် သူပေါ်ချင်ရာပေါ်မယ်။ လိပ်ကန်းကြီးကလည်း အနှစ်တရာပြည့်လို့ေ၇ပေါ်ကိုပေါ်လာတဲ့အချိန်လည်းဖြစ်ရမယ်။ အရပ်လေးမျက်နှာမျောချင်ရာမျော နေတဲ့ ထမ်းပိုးကလည်း လိပ်ကန်းကြီးရဲ့ ပေါ်လာတဲ့ ဦးခေါင်းနဲ့ တည့်တည့်နေရာ ရောက်နေရမယ်။

ပိုပြီး ခဲခဲယဉ်းယဉ်းဖြစ်ရမှာက တစ်ပေါက်ထဲသာ ဖောက်ထားတဲ့ ထမ်းပိုးက အပေါက်ထဲကို လိပ်ကန်းကြီးရဲ့ ဦးခေါင်းဟာ တည့်တည့် မတ်မတ်ဝင်သွားဖို့ဆိုတဲ့ အရာဟာ လွယ်လွယ်ကူကူဖြစ်နိုင်ပါ့မလား

ချစ်သားချစ်သမီးတို့...ထိုသို့ဖြစ်ရန် အင်မတန်မှ ခဲယဉ်းလှပါသည်ဘုရားချစ်သားချစ်သမီးတို့ အပါယ်လေးဘုံသားများ လူ့ဘ၀တစ်ခု ရဖို့ရာကတော့ ယခု ငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှသည် ချစ်သား၊ ချစ်သမီးတို့ဟူ၍ ဟောကြားတော်မူခဲပါသည်။

မဟောသဓ ဇာတ်တော်ကြီး

 
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီး စိုးစံသည်။ ထိုမင်း၌ သေနက၊ ပက္ကုသ၊ ကာမိနဒ၊ ဒေဝိန္ဒ အမည်ရှိကြသော အမတ်ကြီး ၄ ဦးရှိသည်။ ထိုပြည်၏ ရှေ့ဖက် ပါစိနယဝမဇ္ဈဂုံးရွာ၌ သိရိဝဍ္ဎနသူဌေး၏ မယား သုမနဒေဝီတွင် မ​ဟောသဓ သုခမိန်ဖြစ်မည့် သားငယ်ကို ဖွားမြင်သည်။ ထိုသားငယ်သည် ဖွားစကပင် နတ်ဆေးလုံးကိုင်လျက် စကားပြောသည်။ ထိုဆေးလုံးဖြင့် လူအများ ရောဂါချမ်းငြိမ်းကြရသည်။ ဆေးလုံးကိုစွဲ၍ မဟောသဓဟု အမည်မှည့်သည်။

၇ နှစ်အရွယ်သို့ရောက်သော် မဟောသဓ သတို့သားသည် ဆန်းကြယ်သော ဇရပ်တဆောင်နှင့် ရေကန်တခုကို စီမံပြုလုပ်သည်။ မဟောသဓ ဖွားဦးကပင် မင်းကြီးသည် အိပ်မက် မြင်မက်ထားသည့်အပြင် မဟောသဓ၏ ပညာသတင်း ကြားသောကြောင့် မင်းကြီးသည် ပညာရှိခန့်ထားရန် သေနက အမတ်ကြီးကို တိုင်ပင်သည်။ အမတ်ကြီးက ဝန်တိုသဖြင့် ပညာရှိ မဟုတ်သေးကြောင်း တင်လျှောက်သောကြောင့် နန်းတော်သို့ မခေါ်ဆောင်သေးပဲ ငံ့နေရသည်။

မဟောသဓ သတို့သားသည် ပါစိနယ ဝမဇ္ဈဂုံးရွာ၌ပင် စွန်ချီသော သားတစ်ကို ရအောင် ပြုလုပ်ခြင်း၊ နွားခိုးမှု၊ လည်ရွဲခိုးမှု၊ ခြည်ထွေးခိုးမှု၊​ သားခိုးမှု၊ မယားခိုးမှု၊ ရထားခိုးမှု စသည့် ၇ ခုသော အရေးတို့တွင် တရားမျှတအောင် စီရင်သည်။ ထိုသတင်းတို့ကို မင်းကြီးကြားလေသော် မဟောသဓကို ခေါ်ယူရန် သနက အမတ်ကြီးအား တိုင်ပင်ပြန်သည်။ အမတ်ကြီးက ရှေးနည်းတူ လျှောက်ထားသဖြင့် ဆိုင်းငံ့ခဲ့သည်။ အမတ်ကြီး၏ တင်လျှောက်ချက်အရ မင်းကြီးက ဖြေဆိုစေသော ရှားလှံတံ၏ အရင်းအဖျားကို ရှာစေသည့် ပြဿနာ၊ ဦးခေါင်းခွံ နှစ်ခုကိုကြည့်၍ ယောက်ျားမိန်းမ ခွဲခြားစေသည့် ပြဿနာ၊ မြွေအဖိုအမကို ခွဲခြားစေသည့် ပြဿနာ၊ ဦးခေါင်း၌ ပို့ပါသော သတ္တဝါကို ဆက်စေသည့် ပြဿနာ၊ ပတ္တမြားကို ကြိုးသစ်တပ်စေသော ပြဿနာ၊ နွားလားကို သားဖွားစေသော ပြဿနာ၊ ထမင်းချဉ် ပြဿနာ၊ သဲလွန် ပြဿနာ၊ ရေကန် ပြဿနာ၊ ဥယျာဉ် ပြဿနာတို့ကို အံ့ဩဖွယ် ကောင်းအောင် ဉာဏ်စွမ်းထက်မြက်စွာ ဖြေရှင်းပေးလေသည်။

မင်းကြီးလည်း မဟောသဓ၏ ပညာကို ချီးကျူးလျက် နန်းတော်သို့ ခေါ်ယူကာ အကြိမ်ကြိမ် ချီးမြှောက်ပူဇော်သည်။ တခါသော် မင်းကြီး၏ မိဖုရား ဥဒုမ္ဗရဒေဝီသည် မင်းကြီးနှင့်အတူ ထွက်လာတော်မူစဉ် ငယ်လင် သူယုတ်အား မြင်၍ ပြုံးမိသည်ကို မင်းကြီးက အထင်လွဲသဖြင့် သတ်မည်ပြုရာ မဟောသဓ သုခမိန်၏ တင်လျှောက်ချက်ကြောင့် အသက်ချမ်းသာရာ ရလေသည်။ ထိုအခါမှစ၍ မဟောသဓအား မိဖုရားက မောင်ငယ်အရာထား၍ ချစ်ခင်စွာ ချီးမြှောက်သည်။ မင်းကြီးကလည်း အဿပြာ တစ်သိန်း ပူဇော်လေသည်။

ထိုနောက် မ​ဟောသဓ သုခမိန်သည် ခွေးနှင့် ဆိတ်ပြဿနာ၊ ပညာနှင့် ဥစ္စာ အမြတ်ပြဿနာ စသည်တို့ကိုလည်း ဖြေကြားသည်။ ယင်းသို့အားဖြင့် မဟောသဓသည် အသက် ၁၆ နှစ်သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟောသဓက မိမိအလိုက်အ​လျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသား အပ်ချုပ်သမားအသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။

ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်း လင်မယားတွင် အမရာမည်သော သမီးတယောက်ရှိသည်။ ဇနီးလောင်း အရှာသွားသော မဟောသဓသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟောသဓ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။

ထိုနောက် အမတ်ကြီး ၄ ပါးသည် မဟောသဓကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟောသဓသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင် ရလေသည်။

ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟောသဓအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟောသဓ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။

ထိုနောက် လျှို့ဝှက်အပ်သော ကိစ္စကို မည်သူ့အားမျှ မပြောရာဟူသော ပြဿနာတွင် သေနက အစရှိသော အမတ်ကြီးတို့ အရေးရှုံးနိမ့်သည်မှ မဟောသဓ သုခမိန်သည် ဝိဒေဟရာဇ်တိုင်းကြီးကို ဘုရင့်ကိုယ်စာ စီမံခန့်ခွဲလေသည်။

တခါသော် ဥတ္တရာပဉ္စာလရာဇ်ပြည်မှ စူဠနီဗြဟ္မဒတ်မင်းသည် အတိုင်းတိုင်း အပြည်ပြည်ကို သိမ်းယူပြီးနောက် မိထိလာပြည်ကို စစ်ပြုသည်။ ဝိဒေဟရာဇ်မင်းသည် မဟောသဓ အစီအမံ အဆောင်အရွက်ဖြင့် ရန်သူကို တွန်းလှန်နိုင်သည့်အပြင် နောက်ဆုံး၌ ထိုဗြဟ္မဒတ်မင်း၏ သမီးတော် ပဉ္စလစန္ဒီ မင်းသမီးကို ဥမင်လိုဏ်ခေါင်းတွင်းမှ ဆောင်ယူကာ ဝိဒေဟရာဇ်မင်းကြီးနှင့် လက်ဆက်စေသည်။ စူဠနီဗြဟ္မဒတ်မင်း၏ အတိုင်ပင်ခံ ကေဝဋ်ပုဏ္ဏားသည် မဟောသဓအား ပရိယာယ် အရာတွင် မမှီနိုင်ပဲရှိ၍ အရှက်ကြီးစွာ ရလေသည်။

မဟောသဓသည် နောင်အခါ စူဠနီဗြဟ္မဒတ်မင်းထံ၌ ခစား၍ အသက်ထက်ဆုံး ကြီးမြတ်သော စည်းစိမ်ကို ခံစားရသည်။

http://moenyamaung.blogspot.com/

သုဝဏ္ဏသာမ ဇာတ်တော်ကြီး




တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
တတိယစကားလုံးဖြစ်သည့် (သု) ဟူသည်မှာ သုဝဏ္ဏသာမ-၏ ဘ၀အကြောင်းကို ဆိုလိုသည်။

ဗာရာဏသီပြည်အနီး မိဂသမ္မဒါမြစ်ကမ်း၏ တဘက်တချက်တွင် တံငါရွာကြီး နှစ်ရွာရှိသည်။ ထိုနှစ်ရွာတွင် တံငါအကြီးအကဲ တဦးစီရှိသည်။ ထိုတံငါအကြီးအကဲတို့သည် တဦးနှင့်တသီး ခင်မင်သည်။ မိမိတို့၏ သားသမီးများ အရွယ်ရောက်လျှင် အချင်းချင်း လက်ဆက်ထိမ်းမြားပေးရန် ကတိက၀တ်ပြုထားကြလေသည်။

တံငါအကြီးအကဲ တယောက်တွင် ဒုကူလ သတို့သားကို ဖွားမြင်ပြီး အခြားတယောက်တွင် ပါရိကာ သတို့သမီးကို ဖွားမြင်ပါသည်။ ဒုကူလနှင့်ပါရိကာတို့သည် ဗြဟ္မာပြည်မှလာသူများဖြစ်ကြ၍ ကာမဂုဏ်ကို အလိုမရှိကြချေ။ အရွယ်ရောက်လာကြ၍ နှစ်ဘက်မိဘသဘောတူ လက်ထပ်ပေးကြသော်လည်းကာမဂုဏ်၌ ပျော်မွေ့ လိုက်စားခြင်း မရှိကြချေ။

မိဘများကွယ်လွန်ပြီးနောက် နှစ်ဦးတိုင်ပင်ကာ တောထွက်ကြသည်။ ဒုကူလနှင့်ပါရိကာတို့ တောထွက်လာသည်ကို သိကြားမင်းက သိမြင်သည်။ ထို့ကြောင့် ၀ိသကြုံနတ်သားကို စေလွှတ်ကာ ကျောင်းသင်္ခမ်း ဖန်ဆင်းထားစေသည်။ တရားရှာရန် တောထွက်လာသူများသည် ကျောင်းသင်္ခမ်းကို၎င်း၊ ကျောင်သင်္ခမ်းတွင်းရှိ သင်္ကန်းပရိက္ခရာတို့ကို၎င်း သုံးဆောင်နိုင်ပါကြောင်း ရေးသားထားလေသည်။

ဒုကူလနှင့် ပါရိကာတို့သည် ရေးသားထားသော ကမ္ဗည်းအက္ခရာတို့ကို ဖတ်၍ နတ်တို့၏တန်ခိုးကြောင့်ဖြစ်သော လျှော်တေသင်္ကန်းကို ၀တ်၍ ရသေ့ပြုကာ တရားဓမ္မကျင့်ကြံအားထုတ် နေထိုင်ကြလေသည်။
ဤဒုကူလနှင့် ပါရိကာသူမြတ် နှစ်ယောက်တို့သည် တနေ့တွင် မျက်စိကွယ်ကာ ဘေးသင့်မည့်အကြောင်းကို သိကြားမင်း သိရှိလေသည်။ ထို့ကြောင့် သိကြားမင်းကိုယ်တိုင်ပင် ကျောင်းသင်္ခမ်းသို့လာပြီး သားထောက်သမီးခံ ရရေးအတွက် လူတို့၏အကျင့်ဖြစ်သော မေထုန်မှုဖြင့် ကိုယ်လက်နှီးနှောပါရန် လျှောက်ထားတိုက်တွန်းသည်။ ဒုကူလနှင့် ပါရိကာတို့က အပြင်းအထန် ငြင်းဆိုပါသည်။

သို့နှင့် သိကြားမင်းက ပါရိကာ ဥတုလာသောအချိန်တွင် ဒုကူလ-က ပါရိကာ၏ ချက်တော်ကို လက်တော်နှင့် သုံးသပ်စေသည်။ ထိုသို့ သုံးသပ်သောအခါ ဘုရားအလောင်းသည် နတ်ပြည်မှစုတေခဲ့၍ ပါရိကာ ရသေ့မ၏ ၀မ်း၌ ပဋိသန္ဓေ ကိုယ်ဝန် စွဲယူလေ၏။ ဆယ်လလွန်သောအခါ ရွှေအဆင်းနှင့်တူသော သားယောက်ျားလေး တယောက်ကို ဖွားမြင်လေသည်။ ရွှေအဆင်းနှင့်တူသော အဆင်းရှိသောကြောင့် ဘုရားလောင်းအား သုဝဏ္ဏသာမ-ဟူသော အမည်ကို မှည့်ကြလေကုန်၏။

ဒုကူလနှင့် ပရိကာတို့က သုဝဏ္ဏသာမကို ကျောင်းတွင်ထားကာ တောတွင်းသို့သွား၍ သစ်သီးသစ်ဥ ရှာဖွေသည်။ ထိုအခါ ကိန္နရီ ကိန္နရာတို့က သုဝဏ္ဏသာမသတို့သားကို ပြုစုစောင့်ရှောက်ကြသည်။ ရေးချိုးပေးသည်။ နံ့သာလိမ်းပေးသည်။ ပန်းဖြင့်လုပ်သော ဒန်းတွင်အိပ်စက်စေသည်။ နို့ချိုတိုက်သည်။ နတ်အများကလည်း ၀ိုင်းဝန်းစောင့်ရှောက်ပေးကြလေသည်။

သုဝဏ္ဏသာမ ၁၆-နှစ်သို့ရောက်လာသည့်တိုင်အောင် အမိအဖတို့သည် အစဉ်စောင့်ရှောက်လျက် ကျောင်းသင်္ခမ်း၌ နေစေလျက် မိမိတို့အလိုလိုသာလျှင် တောသစ်သီး သစ်မြစ်တို့ကို ရှာအံ့သောငှါ တောသို့သွားကြလေကုန်၏။
တနေ့တွင် အချိန်လွန်သည့်တိုင်အောင် ကျောင်းသင်္ခမ်းသို့ ရသေ့များပြန်မလာသဖြင့် အရွယ်ရောက်ပြီဖြစ်သော သုဝဏ္ဏသာမသည် စိတ်ပူလာသောကြောင့်-တောထဲသို့ အရဲစွန့်ကာ လိုက်ရှာရင်း အဖေ-အမေ ဟု အော်ခေါ်လေ၏။ တနေရာသို့ရောက်လျှင် ရသေ့တို့သည် သစ်သီးရှာရင်း လေကြီးမိုးကြီးကျလို့ သစ်ပင်အောက် မိုးဝင်ခိုပြီး တောင်ပို့ပေါ်ထိုင်လိုက်သည့်အခါ တောင်ပို့ထဲက မြွေဆိုး အခိုးလွှတ်သဖြင့် အဆိပ်ငွေ့သင့်ပြီး မျက်စိကွယ်ကြောင်း ပြောကြကုန်၏။ ထိုအခါ သုဝဏ္ဏသာမသည် ငိုလဲငို၏၊ ရယ်လဲရယ်၏။
(ငိုရခြင်းအကြောင်းကား ငယ်ငယ်ရွယ်ရွယ်နှင့် မျက်စိကွယ်ရခြင်းကြောင့်တည်း။
ရယ်ရခြင်းအကြောင်းကား မိဘတို့ကို လုပ်ကျွေးခွင့် ရခြင်းကြောင့်တည်း။) ဟု ဆို၏။

ထို့နောက် သုဝဏ္ဏသာမသည် မိဘတို့အား အားပေးစကား ပြောဆိုရင်း ကျောင်သင်္ခမ်းသို့လက်တွဲကာ ခေါ်ဆောင်သွားလေသည်။ ကျောင်းသင်္ခမ်းသို့ပြန်ရောက်လျှင် သုဝဏ္ဏသာမသည် မိဘများ တနေရာမှ တနေရာသို့ သွားရလွယ်ကူစေရန် ကြိုးတန်း တန်းပေးခြင်း၊ သောက်ရေနှင့် သစ်သီးများ အနား၌ ချပေးခြင်း စသည်တို့ကို ဆောင်ရွက်လေတော့သည်။
နောက်တနေ့မှစ၍ ကျောင်းသင်္ခမ်းတွင် သန့်ရှင်းရေးလုပ်ကာ မိဘတို့အတွက် လိုရာကိစ္စများပြုလုပ်ပြီးလျှင် သမင်အဖော်များကို ခေါ်၍ တောထဲသို့ သစ်သီးရှာ ထွက်သွားလေ့ရှိသည်။

သုဝဏ္ဏသာမသည် နေ့စဉ်နေ့တိုင်း ရေခပ်ထွက်သောအခါ အဖော်ဖြစ်သော သမင်များကလည်း ၀ိုင်းဝန်းကူညီကြလေသည်။
တနေ့သောအခါ သမင်သားကို အလွန်နှစ်သက်သော ပီဠိယက္ခမင်းကြီးသည် မယ်တော်ကို ခေတ္တနန်းအပ်ကာ သမင်များကို လိုက်လံပစ်ခတ်စားသောက်ရင်း ရသေ့များ၏ ကျောင်းသင်္ခမ်းနားသို့ ရောက်လာ၏။

ညနေဘက်၌ သမင်ခြေရာများ အလွန်ပေါသော မြစ်ကမ်းစပ်တွင် သမင်များကိုပစ်ရန်ချောင်းနေစဉ် သုဝဏ္ဏသာမသည် သမင်များနှင့်အတူ ရေခပ်ဆင်းလာသည်ကို တွေ့လေသော်-လူလော နတ်လော မစူးစမ်းနိုင်တော့ဘဲ မြှားဖြင့်ပြစ်လိုက်လေတော့၏
သုဝဏ္ဏသာမသည် မြှားထိသဖြင့် မိခင်ဖခင်ရှိရာသို့ ဦးခေါင်းထား၍ သဲသောင်ခုံပေါ်တွင် ခွေကျသွားပြီး အော်၍ ညည်းတွားမိလေသည်။ သမင်တို့သည် ကြောက်လန့်၍ ထွက်ပြေးကြကုန်၏။

ဤတွင်မှ ပီဠိယက္ခမင်းလည်း လူသားစစ်စစ်မှန်း သိသည်။ သုဝဏ္ဏသာမ မိန်းမောခြင်းသို့ မရောက်မီ ပီဠိယက္ခမင်းနှင့် သုဝဏ္ဏသာမတို့ အပြန်အလှန် စကးဆိုဖြစ်ကြသည်။ ဒေါသမရှိသော၊ ရန်လိုခြင်း မရှိသော၊ သိမ်မွေ့နူးညံ့သော သုဝဏ္ဏသာမ၏ ဖြစ်အင်ကို ကြားသိရသောအခါ ယခင်က စိတ်ဓာတ်ကြမ်းတမ်း မာန်တက်သော ပီဠိယက္ခမင်းကြီး၏ စိတ်ဓာတ်သည်ပင်လျှင် များစွာပျော့ပျောင်း၍ သွားလေသည်။ ထို့ကြောင့် သုဝဏ္ဏသာမ၏ မိဘနှစ်ပါးအား လုပ်ကျွေးမည်ဖြစ်ကြောင်း ကတိပြုလေသည်။

ဒုကူလနှင့် ပါရိကာတို့၏ ကျောင်းသင်္ခမ်းသို့ ပီဠိယက္ခမင်းကြီး ရောက်သွားလေသည်။ သား သုဝဏ္ဏသာမ မဟုတ်ကြောင်း ရသေ့နှစ်ပါးတို့ ချက်ချင်းပင်သိသည်။ အပြန်အလှန် စကားဆိုဖြစ်ကြသည်။ ပီဠိယက္ခမင်းကြီးက သုဝဏ္ဏသာမ၏ ကိုယ်စား လုပ်ကျွေးပြုစုမည်ဖြစ်ကြောင်း ပြောသည်။ ဒုကူလ နှင့် ပါရိကာတို့က လက်မခံချေ။ သုဝဏ္ဏသာမရှိရာသို့ ပို့ပေးရန် တောင်းပန်သည်။

ပီဠိယက္ခမင်းလည်း လိုက်၍ပို့သည်။ သဲသောင်ခုံပေါ်တွင် လဲလျောင်းနေသော သားသုဝဏ္ဏသာမကို စမ်းသပ်မိကြသည်။ အသက်မသေသေးကြောင်း သိသည်။ သို့နှင့် ဒုကူလ နှင့် ပါရိကာတို့သည်၎င်း၊ ဘုရားလောင်း သုဝဏ္ဏသာမ၏ ခုနစ်ကြိမ်မြောက်သော ကိုယ်၏အဖြစ်၌ မိခင်တော်စပ်ခဲ့ဖူးသော ဗဟုသုန္ဒရီ နတ်သမီးသည်၎င်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ သစ္စာ၏တန်ခိုး အာနုဘော်ကြောင့် မြားဆိပ်တို့ လျောကျသည်။ သုဝဏ္ဏသာမလည်း အသက်ဘေးမှ လွတ်မြောက်လေသည်။သိကြားမင်းကပါ ဆုပေးသည်။ ဒုကူလနှင့် ပါရိကာတို့ပါ မျက်စိနှစ်ကွင်း အလင်းရကြသည်။

သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သီလစောင့်ရန်၊ အလှူဒါနပြုရန်၊ တိုင်းသူပြည်သားကို ရင်ဝယ်သားနဲ့မခြား မေတ္တာထား၍ မင်းကျင့်တရားနှင့် အညီ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရန် ဟောကြားလေသည်။ ဗဟုသုန္ဒရီနတ်သမီးနှင့် အခြားနတ်အပေါင်းတို့အားလည်း တရားရေအေး တိုက်ကျွေးလေသည်။ ထိုအချိန်မှစ၍ ပီဠိယက္ခမင်းကြီးသည် သမင်သားတပ်မက်ခြင်းကို စွန့်၍ တရားရကာ တိုင်းပြည်သို့ ပြန်လေတော့၏။

မိဘကျေးဇူးကို သိတတ်သူတို့အား ဘေးဒုက္ခအန္တရာယ်အပေါင်းမှ လွတ်မြောက်မြဲဖြစ်ပါသည်။ မျက်မှောက်ဘ၀၌၄င်း၊ သံသရာ၌၄င်း ကောင်းကျိုးချမ်းသာကို ခံစားရမြဲ ဖြစ်ပါသတည်း။

မှတ်ချက်။
အကျယ်ကိုသိလိုမူ မင်းဘူးဦးသြဘာသ-ရေး ဇာတ်ကြီးဆယ်ဘွဲ့ ပထမအုပ်၌ ကြည့်လေ။
Posted by: mingala

တေမိယဇာတ်တော်ကြီး



ဇာတ်-ဟူသောစကားမှာ ဇာတက-ဟူသောပါဠိမှ ဆင်းသက်လာခြင်းဖြစ်ပြီး အဖြစ်တော်ဟူ၍ အဓိပ္ပါယ်ရှိသည်။ ပါဠိလို ဇာတက-မှာ မြန်မာလိုအားဖြင့် ဗုဒ္ဓ၏ ဘုရားလောင်းဘ၀ အဖြစ်တော်စဉ်များကို ဖော်ပြဟောကြားထားရာ ကျမ်းပင် ဖြစ်သည်။ သို့ရာတွင်-
၁။ တေမိယဇာတကသည် ဘုရားအလောင်းတော် တေမိမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၂။ ဇနကဇာတကမှာ ဘုရားအလောင်းတော် ဇနက မင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၃။ သုဝဏ္ဏသာမဇာတကမှာ ဘုရားအလောင်းတော် သုဝဏ္ဏသာမ၏ ဘ၀အဖြစ်တော်စဉ်။
၎။ နေမိယဇာတကမှာ ဘုရားအလောင်းတော် နေမိမင်း၏ ဘ၀အဖြစ်တော်စဉ်။
၅။ မဟောသဓဇာတကမှာ ဘုရားအလောင်းတော် မဟောသဓာ၏ ဘ၀အဖြစ်တော်စဉ်။
၆။ ဘူရိဒတ္တဇာတကမှာ ဘုရားအလာင်းတော် ဘူရိဒတ်နဂါးမင်း၏ ဘ၀အဖြစ်တော်စဉ်။
၇။ စန္ဒကုမာရဇာတကမှာ ဘုရားအလောင်းတော် စန္ဒကုမာရမင်းသား၏ ဘ၀အဖြစ်တော်စဉ်။
၈။ နာရဒဇာတကမှာ ဘုရားအလောင်းတော် နာရဒ၏ ဘ၀အဖြစ်တော်စဉ်။
၉။ ၀ိဓူရဇာတကမှာ ဘုရားအလောင်းတော် ၀ိဓူရသုခမိန်၏ ဘ၀အဖြစ်တော်စဉ်။
၁၀။ ဝေဿန္တရဇာတကမှာ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး၏ ဘ၀အဖြစ်တော်စဉ်တို့ပင် ဖြစ်သည်။

( နုမှာငါးရာ ရင့်မှာတစ်ကျိပ်-)
ဗုဒ္ဓဘာသာတို့တွင် နုမှာငါးရာ ရင့်မာတကျိပ်-ဟု ဆိုရိုးစကားတခုရှိသည်။ အဓိပ္ပါယ်မှာ ဘုရားအလောင်းတော်၏ ပါရမီတော်များ၊ ဖြည့်ကျင့်တော်မူနေစဉ် ပါရမီတော်နုစဉ်ဘ၀ အဖြစ်တော်စဉ်များနှင့် ဘုရားဖြစ်ခါနီး ပါရမီတော်များ ရင့်ကျက်ချိန် အဖြစ်တော်စဉ်ဘ၀များကို မှတ်သားသိရှိကြစေရန် ဆိုရိုးစကားပြုခဲ့ကြခြင်း ဖြစ်သည်။
ဘုရားရှင်သည် ပါရမီတော်များ ပြည့်ကာ သဗ္ဗညုတရွှေဉာဏ်တော်ရပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသောအခါ ဘုရားအလောင်းတော် ဘ၀တုန်းက အဖြစ်တော်စဉ်များကို အကြောင်းအားလျော်စွာ တပည့်သာဝက စသည်တို့အား ပြန်လည်၍ ဟောကြားတော်မူခဲ့သည်။ ဘုရားရှင် ပြန်လည်ဟောဖော်ခဲ့သော အတိတ်အလောင်းလျာ ဘ၀အဖြစ်တော်စဉ်များကို ဇာတက အမည်ဖြင့် ပိဋကတော်တွင် ကျမ်းတစောင်ရှိသည်။

( ဇာတ်တော်တို့` အရေအတွက် )
ဇာတကကျမ်း၌ ၀တ္ထုပေါင်း ၅၄၇-ပုဒ၊ ကဏ္ဍပေါင်း ၁၁-ခုရှိသည်။
ပထမကဏ္ဍကို ဧကနိပါတ (ဧကနိပါတ်) ဟုခေါ်သည်။
ဂါထာတပုဒ်သာ ပါရှိသောောကာင့် ဧကနိပတါဟုခေါ်ခြင်း ဖြစ်သည်။
ဂါထာနှစ်ပုဒါပါသည်ကို ဒုကနိပါတ်၊ သုံးပုဒ်ပါသည်ကို တိကနိပါတ်၊ လေးပုဒ်ပါသည်ကို စတုက္ကနိပတ်၊ ငါးပုဒ်ပါသည်ကို ပဉ္စကနိပါတ်၊ ခြောက်ပုဒ်ပါသည်ကို ဆက္ကနိပါတ်၊ စသည်ဖြင့် ဂါထာအရေအတွက်အလိုက် အမည်ပေးထားသည်။

အရေအတွက်အားဖြင့်
ဧကနိပါတ်တွင် ဇာတက (၀တ္ထု) ၁၅၀-ပါရှိသည်။
ဒုကနိပါတ်၌ ၁၀၀။
တိကနိပါတ်၌ ၅၀။
စတုက္ကနိပါတ်၌ ၅၀။
ပဉ္စကနိပါတ်၌ ၂၅။
ဆက္ကနိပါတ်၌ ၂၀။
သတ္တကနိပါတ်၌ ၂၁။
အဋ္ဌကနိပါတ်၌ ၁၀။
န၀ကနိပါတ်၌ ၁၂။
ဒသကနိပါတ်၌ ၁၆။
ဧကာဒသကနိပါတ်၌ ၉။
ဒွါဒသကနိပါတ်၌ ၁၀။
တေရသကနိပါတ်၌ ၁၀။
ပကိဏ္ဏကနိပါတ်၌ ၁၃။
ဝီသတိနိပါတ်၌ ၁၄။
တိံသနိပါတ်၌ ၁၀။
စတ္တာလီသနိပါတ်၌ ၅။
ပဏ္ဏာသနိပါတ်၌ ၃။
သဋ္ဌိနိပါတ်၌ ၂။
သတ္တတိနိပါတ်၌ ၂။
အသီတိနိပါတ်၌ ၅။
မဟာနိပါတ်၌ ၁၀-ပါရှိသည်။
စုစုပေါင်း ဇာတက ၅၄၇ ဖြစ်သည်။

ထို ၅၄၇-ဘ၀တွင် နုစဉ်ဘ၀ပေါင်း ၅၃၇-ဘ၀နှင့် အရင့်အမာဘ၀ ၁၀-ဘ၀ ပါဝင်သည်။ ဤသည်တို့ကိုပင် စုပေါင်းကာ မှတ်သားရ လွယ်ကူစေခြင်းငှာ နုမာငါးရာ ရင့်မှာတကျိပ်-ဟု ပြောစမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အမှန်အားဖြင့် ဇာတ်တော်ငါးရာ့ငါးဆယ် မပြည့်ဘဲ ၅၄၇-သာရှိသည်။ ထိုဇာတ်တော်များသည် မြန်မာမှုနယ်ပယ်၌ ဇာတ်တော် ၅၅၀-နှင့် ဇာတ်တော်ကြီး ၁၀-ဘွဲ့ဟု ထင်ရှားသည်။

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ ဟု အစီအစဉ်အလိုက်ဖြစ်အောင် အတိုကောက်မှတ်သားကြလေ့ရှိသည်။

ဇာတ်တော်ဘွဲ့တို့၏ အမည်အပြည့်အစုံနှင့် ရေးသားသူနှင့် ပြီးစီးခုနှစ်မှာ-

( ဇာတ်တော်အစဉ် )

၁။ (တေ) တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊

၂။ (ဇ) မဟာဇနကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊

၃။ (သု) သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊
၎။ (နေ) နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊

၅။ (မ) မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊

၆။ (ဘူ) ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊

၇။ (စန်) စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊

၈။ (နာ) နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊

၉။ (၀ိ) ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊

၁၀။ (ဝေ) ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊

(ကျမ်းပြီးခုနစ် အစဉ်)

စန္ဒကုမာရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ ပြာသိုလ၊
နာရဒဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၄-ခုနှစ်၊ တပေါင်းလ၊
ဝိဓူရဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ ၀ါခေါင်လ၊
ဝေဿန္တရာဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၅-ခုနှစ်၊ တပေါင်းလ၊
မဟောသဓာဇာတ်(ပ၊ဒု) (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၆-ခုနှစ်၊ တန်ဆောင်မုန်းလ၊
မဟာဇနက္ကဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၇-ခုနှစ်၊ နယုန်လ၊
နေမိဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ)ကောဇာ-၁၁၄၈-ခုနှစ်၊ ၀ါဆိုလ၊
ဘူရိဒတ္တဇာတ် (ရှင်နန္ဒမေဓာ)ကောဇာ-၁၁၄၈-ခုနှစ်၊ နတ်တော်လ၊
တေမိယဇာတ် (မင်းဘူးဆရာတော် ဦးသြဘာသ) ကောဇာ-၁၁၄၈-ခုနှစ်၊ တပို့တွဲလ၊
သုဝဏ္ဏသာမဇာတ် (ဦးပညာတိက္ခ) ကောဇာ-၁၁၈၈-ခုနှစ်၊ နယုန်လ၊

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့် အတိုကောက်များ ဖြစ်ကြသည်။ ပထမစကားလုံးဖြစ်သည့် (တေ) ဟူသည်မှာ တေမိယ-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။

ရှေးအခါက ကာသိကရာဇ်မင်းကြီးနှင့် စန္ဒာဒေ၀ီမိဖုရားတွင် တေမိယကုမာရ-ခေါ် မင်းသားလေးတပါး ဖွားမြင်လေသည်။ သားတော်ဟူ၍ ဤတပါးပင်ရှိသည်။
ငယ်စဉ်က ခမည်းတော် ကာသိကရာဇ်မင်းကြီးသည် တနေ့တွင် တေမိယမင်းသားလေးကို ရင်ဝယ်ထားလျက် ခိုးသားလေးဦးကို ထိတ်လန့်ဖွယ် ပြစ်ဒဏ် အမျိုးမျိုးခတ်လေသည်။

ထို့နောက် ထီးဖြူအောက်တွင် ချသိပ်ထားစဉ် မင်းသားငယ်သည် ထိုသို့ သူတပါးအား ထိတ်လန့်ဖွယ် ပြစ်ဒဏ် စီရင်ရခြင်းများကို မနှစ်မြို့သဖြင့် စိတ်အဆင်းရဲကြီး ဆင်းရဲကာ မှိန်း၍ ဤသို့စဉ်းစားမိ၏။

ဘုရားလောင်းဖြစ်၍ နောက်နောက် ဘ၀များကို ပြန်လည်တွေးမြင်နိုင်စွမ်းရှိလေသည်။

ငါသည်လည်း တနေ့တွင် ဘုရင်လုပ်ရချေဦးမည်။ ဤသို့ သူတပါးအား အပြစ်ဒဏ်စီရင်ရာ၌ အကယ်၍ မှားယွင်းစွာစီရင်မိအံ့ ငါ့၌ ဆင်းရဲပူပန်မှုရောက်လတံ့။ ငါသည် ယခင်ဘ၀က မင်းပြုကာ ပြစ်ဒဏ်များကို မှားယွင်းစွာစီရင်မိသဖြင့် ငရဲပြည်တွင် ကြာမြင့်စွာ ခံခဲ့ရသလို ယခုတဖန် ခံရဦးမည်၊ ယခု မည်သို့ကြံရမည်နည်း။

ထိုအချင်းအရာကို ယခင် ၇-ဘ၀က မိခင်တော်စပ်ခဲ့ဖူးသော ထီးချက်စောင့်နတ်သမီး တွေ့သိ၍ ကိုယ်ထင်ပြပြီးလျှင် မေးမြန်းရာ ဘုရင်မလုပ်လိုသော ဆန္ဒကို သိရသဖြင့်-
မင်းသားသည် ငရဲလားမည့်ဘေးကိုသာ တွေးကြောက်လှလေသောကြောင့် ထိုနေ့မှစ၍ နတ်သမီးအကြံပေးချက်အတိုင်း ဆွံ့အ နားထိုင်းသူများကဲ့သို့ မလှုပ်မယှက် ကြောင်တက်တက် နေထိုင်လိုက်တော့သည်။

ထိုအချင်းအရာကို အထိန်းတော်များ တွေ့ကြသော် မိဖုရားကြီးထံ ချက်ချင်းဝင်၍ သံတော်ဦးတင်လေလျှင်-
မိဖုရားကြီးသည် ကိုယ်တိုင်ကိုယ်ကျ သားတော်အား စမ်းသပ်ပြီးနောက် ဧကန်အမှန်ဖြစ်ကြောင်း သိရှိရသောကြောင့် ဘုရင်ကြီးထံ ချဉ်းကပ်ပြီး အကျိုးအကြောင်း တင်ပြသောအခါ ဘုရင်ကြီးက
ပုဏ္ဏားတော်များအား သားတော်လေး စကားပြောရန် အမျိုးမျိုးပြုလုပ်စေ၏။

အစားအသောက် ကစားစရာတို့ဖြင့် မြူဆွယ်သော်လည်း မရ။
ပွဲတော်တည်ချိန် မကြွေးဘဲ ငိုအောင်ထားသော်လည်း မငို၊
ထိတ်လန့်တုန်လှုပ်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ပျော်ရွှင်မြူးတူး၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ဒေါသထွက်၍ အော်ဟစ်အောင်လုပ်သော်လည်း မရ၊
ချစ်မေတ္တာစိတ် ယိုဖိတ်၍ ရယ်ပြုံးအောင်လုပ်သော်လည်း မရ၊
ကျွမ်းဘား မျက်လှည့် ရုပ်သေးပွဲများဖြင့် စမ်းသပ်သော်လည်း မတုန်လှုပ်၊
ဆင်လိမ္မာများ၊ အစွယ်မဲ့ မြွေများ၊ လက်နက်များ မီးများဖြင့် စမ်းသပ်သော်လည်း မကြောက်၊
တင်လဲလူးခြင်း၊ အပုပ်နံ့ပေးခြင်း၊ မှိုင်းတိုက်ခြင်းပြုသော်လည်း မရ၊
လှပသော မိန်းမပျိုများနှင့် ဆိတ်ကွယ်ရာတွင် တွေ့ဆုံစေသော်လည်း မရ။
မင်းသားလေး စိတ်ထဲတွင်ကား ငရဲခံရသည်ကိုသာ မြင်နေသည်။

မင်းသားလေး ၁၇-နှစ်သို့ရောက်သည့်တိုင် ထူးခြားမှုမရှိဖြင့် ပုဏ္ဏားတော်များအား ခေါ်ယူပြောဆိုရာ ပုဏ္ဏားတော်များက-
မင်းသားလေး တည်ရှိနေမည်ဆိုလျှင် အရှင်မင်းကြီးသည်၎င်း၊ မိဖုရားကြီးသည်၎င်း၊ တိုင်းပြည်သည်၎င်း၊ ပျက်စီးခြင်းသို့ ရောက်ပါလိမ့်မည်။ ဤဘေးဆိုးကြီးက လွတ်မြောက်လိုက မင်းသားအား မြေတွင်း၌ မြှုပ်နှံရပါမည်-ဟု လျှောက်တင်သောအခါ ဘုရင်ကြီး တုန်လှုပ်ချောက်ချားသွား၏။
ထိုအခါ မိဖုရားကြီးက မင်းသားအား စိတ်ပြောင်းစေရန် ထီးနန်းစည်းစိမ်ဖြင့် အပ်နှင်းလေသည်။ သို့သော် ၇-ရက်စေ့သည့်တိုင် မထူးခြားသဖြင့် ဘုရင်ကြီးက ဒေါသထွက်ပြီး ရထားမှူးကိုခေါ်၍ နက်ဖြန်နံနက် မိုးသောက်လျှင် ဤမင်းသားအား ဘုရင်အသုံးအဆောင်ချွတ်၍ တောရပ်မြိုင်လယ်သို့ ရထားနှင့် ခေါ်ဆောင်သွားပြီး တွင်းတူးမြေမြှုပ်စေ-ဟု အမိန့်တော်မှတ်သည့်အတိုင်း ရထားမှူးလည်း အမိန့်တော်ကို မလွန်ဆန်နိုင်သဖြင့် တေမိယမင်းသားကို ခေါ်သွားပြီး တွင်းတူးနေစဉ်-တွင်းအထက်မှ အသံကြား၍ မော့ကြည့်လိုက်ရာ-

အိုရထားမှူး ဘာကိစ္စအတွက် တွင်းတူနေရသနည်း-
သင် မင်းမှုထမ်းသည် အပြစ်လည်းလွတ်၍ ဆုလာဘ်များပင် ရစေခြင်းငှါ ယခုပင်လျှင် ရွှေနန်းတော်သို့ပြန်၍ အကြောင်းစုံ သံတော်ဦးတင်လော့-ဟု မင်းသားဆိုလေသော် ရထားမှူးသည် ၀မ်းပန်းတသာဖြင့် အမြန်သွားလေတော့၏။ ခမည်းတော် မည်တော်နှင့်တကွ အားလုံး ၀မ်းသာမဆုံးရှိကြ၏။

ဘုရင်မင်းကြီးသည် သားတော်အား တောတွင်း၌ပင် ဘိသိက်သွန်း နန်းအပ်ကာ ပြန်ခေါ်မည်ဟုကြံစည်၍ အချိန်ယူလျက် မင်းခမ်းမင်းနားပြည့်စုံစွာ ဖန်တီးစေပြီးမှ သားတော်ရှိရာ တောရပ်မြိုင်ခြေသို့ လေးရက်မြောက်သောနေ့၌ ကြွချီတော်မူလေသည်။

ခရီးဆိုက်၍ သားတော် တေမိမင်းသားမှာ ရသေ့ဝတ်နှင့်ဖြစ်နေသည်ကို တွေ့လျှင် ၀တ်ပြုလျက်-
သားတော် တောတွင်း၌ အဘယ်ကဲ့သို့သော အစာအာဟာရများ မှီဝဲနေရ၍ ဤမျှအသားအရေ အရောင်အဆင်း ၀င်း၍ ကြက်သရေမင်္ဂလာ ဆောင်ပါသနည်း။
ဖခမည်းတော် တောတွင်း၌ ဆားမပါသော သစ်ရွက်စိမ်းကိုသာ မှီဝဲရပါသည်။
အရောင်အဆင်းဟူသည်ကား-စိတ်ငြိမ်သက်သောသူ၊
ပူပင်သောက ဒေါသကင်း၍ တပ်မက်ခြင်းမရှိသူများအတွက်သာ ဖြစ်သည်။

ကောင်းပေစွ သားတော် ခမည်းတော်သည်ပင် ဤသောကကင်းဝေးသော ရသေ့ဘ၀ကို လိုလားလာချေပြီ။ သားတော်ကား အသက် နုပါသေး၏။ တရားဓမ္မလည်း ပြည့်ဝ၏။ ထို့ကြောင့် ခမည်းတော် တောထွက်နိုင်စေ ခြင်းငှါ ထီးမွေနန်းမွေ လက်ခံပြီး နုပျိုစဉ် ရွှေနန်းစည်းစိမ် ခံစားပါ။ အသက်ကြီးလာမှ သားတော်ရှိက သားတော်ကို နန်းအပ်ကာ တောထွက်မည်ဆိုလျှင် တိုင်းသူပြည်သားများအားလည်း ကူညီရာရောက်မည် မဟုတ်ပါလော။

အို ဖခမည်းတော် သတ္တ၀ါတို့မည်သည် ကြီးသည် ငယ်သည်မဟုတ် သေခြင်းဘေးက အချိန်မရွေး လာသည်မဟုတ်ပါလော၊ ရွှေနန်းစည်းစိမ်ကိုလည်း ခံစားလိုစိတ် မရှိ၍ ဆွံ့အ နားထိုင်းဟန် နေခဲ့ပြီ။ စသည်ဖြင့်
တေမိယ ရသေ့လေးက အကျယ်တ၀င့် တရားပြပြီးသည့်အဆုံး၌ ဘုရင်ကြီး မိဖုရားကြီးနှင့် တကွ အားလုံးသော မင်းချင်းတို့ ကျွတ်တန်းဝင်ကာ ရသေ့ဝတ်ကြကုန်သတည်း။
Posted by: mingala