Search This Blog

Wednesday, January 18, 2017

အနောက်ဘက်လွန်မင်း နန်းတက်ခြင်း


အနောက်ဘက်လွန်မင်း နန်းတက်ခြင်း

သီဟသူရ မဟာဓမ္မရာဇာ ဘွဲ့ခံ ညောင်ရမ်းမင်းတရားကြီးသည် သက်တော် ၄၂ တွင် မင်းအဖြစ် ဘိသိတ်ခံ ပြီး ၈ နှစ်တိုင်အောင် နန်းစံပြီး သက်တော် ၅၀ တွင် နတ်ရွာစံလေသည်။ နတ်ရွာစံသော် သားတော် အိမ်ရှေ့မင်းသား (အနောက်ဘက်လွန်မင်း) မှ အင်းဝနန်းတော်ကို အေဒီ ၁၆၀၆ ဖေဖော်ဝါရီလ ၂၃ တွင် သိမ်းကာ ဘုရင် လုပ်လေ၏။

မင်းဖြစ်သော် မှူးမတ်များ နှင့်တိုင်ပင်ပြီး ခမည်းတော်လက်ထက်မပြီးပြတ်သေးသော လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လေ၏။ အနောက်ဘက်လွန်မင်းသည် ပြည်မြို့ကို သိမ်းပိုက်လိုသဖြင့် အင်းဝသြဇာခံစော်ဘွားများကို စစ်ကူတပ်များပို့ရန် စာပို့လေ၏။ ရှမ်းစော်ဘွားများ၏ စစ်ကူတပ်များ အင်းဝ သို့ရောက်လျှင် မင်းကြီးသည် တပ်မကြီး ၇ တပ်ဖွဲ့ကာ စစ်ဗိုလ်ချုပ် ၇ ဦးစီ ဦးစီးစေလျက် အေဒီ ၁၆၀၇ အောက်တိုဘာလ ၁၃ တွင် ပြည်မြို့ကို သိမ်းရန် စစ်ချီလေ၏။

ပထမစစ်ဆင်ရေးအဖြစ် မြေထဲခံတပ်မြို့ကို စတင်တိုက်ခိုက်လေ၏။မြေထဲခံတပ်မရောက်မီ အင်အားကြီးသော လှေတပ်ရှိရာ ထိုလှေတပ်ကို အင်းဝတပ်များအပြင်းအထန်တိုက်သဖြင့် ပြည်၏လှေတပ် သည် မခံနိုင်ဘဲ ဆုတ်ရလေ၏။ လှေတပ်ဆုတ်လျှင် အင်းဝတပ်များသည် မြေထဲမြို့ထဲသို့ အလုံးအရင်းဝင်တိုက် သဖြင့် မြေထဲမြို့ လည်း အင်းဝလက်သို့ ကျရလေသည်။

ပြည်မင်းလည်း ရခိုင်ဘုရင်ထံသို့ စစ်ကူတောင်းလေ၏။ ပြည်မင်းမှ ရခိုင်မင်းကို စစ်ကူတောင်းမည်ကို ရိပ်မိသော အနောက်ဘက်လွန်မင်း လည်း ရခိုင်ဘုရင်ထံ စစ်ကူမပို့ရန် သံတမန်အရေးတွင် လိမ္မာသောအမတ်ကို ဦးဆောင်စေလျက် ရခိုင်ဘုရင်ထံ လွှတ်လေ၏။ အင်းဝတပ်များသည် ပြည်မြို့ကို အလုံးအရင်းဝင်တိုက်သော်လည်း မြို့မှ သေနတ်များ၊စိန်ပြောင်းများဖြင့် အကြီးအကျယ် ပြန်လည် ခုခံသဖြင့် မြို့ရိုးကို မကပ်နိုင်ဘဲ ရှစ်လတိတိ ၀ိုင်းရံ ထားရလေ၏။

အင်းဝတပ်များ ပြည်မြို့ကို ရှစ်လတိုင်အောင် ၀ိုင်းရံထားလေ၏။ ပြည်မင်းလည်း ရခိုင်ဘုရင်မှ ပြန်စာမလာ သဖြင့် စိတ်ဓါတ်ကျနေလေ၏။ အင်းဝဘက်မှလည်း ရံခါရံခါ အမြှောက်ကြီးများဖြင့် ပြည်မြို့အတွင်း သို့ ပစ်သွင်းလေ၏။ သို့သော်လည်း ပြည်မြို့ဘက်မှ ကြံကြံခံကာ အောက်ကျမခံသဖြင့် အနောက်ဘက်လွန်မင်း လည်း ယခင်ဘုရင်နောင်အမိန့်ထုတ်သည့်အတိုင်း အမိန့်ထုတ်လေ၏။ တပ်သားအပေါင်းသည် တူးရွင်း၊ လှေကား များဖြင့် မြို့ရင်းကို ချဉ်းကပ်ရမည် မည်သူမှ နောက်ပြန်မပြေးရ၊ ပြေးလျှင် သေဒဏ် ဟု ပြတ်ပြတ်သားသား အမိန့်ပြန်လေ၏။

ထိုအမိန့်အတိုင်း နောက်မိုးသောက်လျှင် အင်းဝတပ်များလည်း ပြည်မြို့ကို အလုံးအရင်း ၀င်တိုက်လေ၏။
ပြည်မြို့ဘက်မှ အပြန်းအထန် အမြှောက်များသေနတ်များဖြင့် ပစ်လွှတ်သော်လည်း အင်းဝတပ်များ နောက်မ
ဆုတ်သောကြောင့် ပြည်မြို့ မခံနိုင်ဘဲ မြို့တံခါးပျက်ကာ အင်းဝတပ်များအလုံးအရင်းဝင်လာလေ၏။

ပြည်မြို့ကို အင်းဝတပ်များ အလုံးအရင်းဝင်ရောက်သော် ပြည်ဘုရင်သည် နန်းတော်ဘက် ဆုတ်ပြီး နန်းတော်တံခါးပိတ်ကာ ခုခံပြန်၏။ အင်းဝတပ်များလည်း နန်းတော်တံခါးကို ရအောင်ဖျက်ပြီး နန်းတော်တခု လုံး ၀ိုင်းမှသာ နန်းတွင်းရဲမက်များ လက်နက်ချလေ၏။ သို့သော် ပြည်ဘုရင်သည် ရာဇပလ္လင် ပေါ်မှ နေပြီး ဓါးကိုင်ကာ လက်နက်မချဘဲ ခုခံရန် ပြင်ဆင်နေလေ၏။ အင်းဝတပ်မှူးများလည်း ဘုရင့်အမိန့်မရှိသဖြင့် နန်းတော်ပေါ်သို့ မတက်ဘဲ အပြင်ကသာ ၀ိုင်းရံထားလေသည်။

ပြည်ဘုရင်၏ ကိုယ်ရံတော်အားလုံး လက်နက်ချနေချိန်တွင် အသက် ၁၃ နှစ်သာ ရှိသေးသော ငထင် ဟု အမည်ရသည့် လူငယ်တဦးတည်းသာ ပြည်ဘုရင်ရှေ့တွင် ဓါးကိုင်လျက် ဘုရင်ကို စောင့်ရှောက်ပေး
နေလေ၏။ ထိုအခြင်းအရာ ကို ဦးလေးတော်သူ စစ်သူကြီး ဘယဂါမဏိ မြင်လျှင် လက်နက်ချ ရန် အဝေးမှ အော်သော်လည်း ငထင်ကမူ" သခင့်ဆန်စားရသော်ကြောင့် ရဲရတော့သည်" ဟု ဆိုကာ လက်နက် မချပေ။ (ငထင်သည် ပြည်ဘုရင် အင်းဝသို့ ပါတော်မူပြီးနောက် ပြည်ဘုရင် နတ်ရွာလွန်သည်အထိ ကိုယ်ရံတော်အဖြစ် အမူထမ်းခဲ့၏)

အနောက်ဘက်လွန်မင်းလည်း မင်းခန်းမင်းနားဖြင့် ပြည်နန်းတော်အတွင်း ၀င်လာပြီး ကိုယ်ရံတော်များဖြင့် နန်းတော်သို့ တက်ကာ ပြည်ဘုရင်ကို စကားများဆိုလေရာ ပြည်ဘုရင်လည်း လက်နက်ချအညံခံလေသည်။ အနောက်ဘက်လွန်မင်းလည်း ပြည်ဘုရင်နှင့်တကွ မိဖုရားများကို အလုပ်အကျွေး လူတစ်ရာကျော် ဖြင့် အင်းဝသို့ ပို့ကာ အင်းဝတွင် မင်းသား တို့၏ အဆောင်အယောင်အတိုင်း အိမ်ရာပေးကာ နေစေလေ၏။

အနောက်ဘက်လွန်မင်း၏ တောင်ငူတိုက်ပွဲ
အနောက်ဘက်လွန်မင်းသည် ပြည်မြို့ကို အလိုတော်ပြည့်လျှင် ပြည်ရှိမှူးမတ်များကို သစ္စာပေးလေသည်။
ပြည်နန်းတော်ကိုလည်း မီးရို့ဖျက်စီးလေ၏။ ညီတော် မင်းရဲသိင်္ခသူအား ပြည်မြို့စားခံပြီး ၁၅ စက်တင်ဘာ ၁၆၀၈ တွင်နေပြည်တော်သို့ ပြန်လေ၏။ အနောက်ဘက်လွန်မင်း၏ ပြည်သိမ်းသော စစ်ပွဲသတင်းသည် အဘက်ဘက်သို့ ပြန့်သွားရာ တောင်ငူဘုရင်၊ရခိုင်ဘုရင်၊ဇင်းမယ်ဘုရင် အစရှိသော ပြည်ထောင်မင်းများ သည် အနောက်ဘက်လွန်မင်းနှင့် အမျိုးတော်ရန်အလိုငှာ လက်ဆောင်များဖြင့် ကမ်းလှမ်းလာလေ၏။ သို့သော်လည်း အနောက်ဘက်လွန်မင်းသည် ထို ကမ်းလှမ်းချက်များကို တုံ့ပြန့်ခြင်းမရှိခဲ့ပေ။

ထိုနှစ်တွင် အနောက်ဘက်လွန်မင်းသည် တောင်ငူသို့ ချီတက်လေ၏။ တောင်ငူသို့ ချီတက်သော စစ်အင်အားမှာ စုစုပေါင်း တစ်သိန်းကျော် ရှိလေသည်။ ထိုအချိန်တွင် တောင်ငူတွင် နတ်ရှင်နောင် နန်းတက်ပြီး ဘုရင်ပြုနေချိန်ဖြစ်၏။ ပထမတိုက်ပွဲအဖြစ် နတ်ရှင်နောင်သည် အနောက်ဘက်လွန်မင်း၏ တပ်များ တောင်ငူနယ်တွင် မချမိစေရန် စစ်အင်အားအများဖြင့် ချီတက်လာပြီး အင်းဝတပ်ကို တိုက်လေ၏။ အင်းဝဗိုလ်မှူး သီရိဇေယျနော်ရထာမှ မြင်းတပ် သုံးရာ ဖြင့် ခံလေ၏။

သီရိဇေယျနော်ရထာ၏ မြင်းတပ်သည် တောင်ငူတပ်ကို မခံနိုင်ဖြစ်ပြီး သီရိဇေယျနော်ရထာလည်း ခေါင်း
ဖြတ်ခံရလေ၏။ ထိုအကြောင်းကို အနောက်မှ ချီတက်လာသော အနောက်ဘက်လွန်မင်းကြားလျှင် မြင်း တပ် ၅၀၀ ကျော်ကို အပြင်းချီစေပြီး တောင်ငူမြင်းတပ်ကို တိုက်စေလေ၏။ တောင်ငူမြင်းတပ်လည်း တပ်ကို ဆုတ်ပြီး မြို့တွင်းသို့ ၀င်လေသည်။

ထိုနောက် နတ်ရှင်နောင်သည် တောင်ငူဗိုလ်မှူး ဘယကျော်စွာကို ဆင်တပ်ဖြင့် ထွက်တိုက်စေပြန်၏။ ဘယကျော်စွာသည် အနောက်ဘက်လွန်မင်း၏ သားတော် ကျွန်းဆုံမင်းသားရှိရာ သို့ အပြင်းချီတက်၏။ ကျွန်းဆုံမင်းသားလည်း အပြင်းချီတက်လာသော ဆင်တပ်ကို မြင်လျှင် အနီးအနားရှိရာ ဆင်ပေါ်သို့ ပြေး တက်ပြီး ခုခံရန် ပြင်ဆင်လေ၏။ သို့သော်လည်း ဘယကျော်စွာ၏ ဆင်သည် အင်အားကြီးသဖြင့် ကျွန်းဆုံ မင်းသား၏ ဆင်သည် ကော်ပစ် ခံရလေ၏။ ကျွန်းဆုံမင်းသားလည်း ဆင်ပေါ်မှ ခုန်ချကာ မြင်းပေါ်သို့ အလျင်တက်ကာ ဆုတ်လေ၏။

ဘယကျော်စွာလည်း အနောက်က တိုက်ပြန်ရာ မြင်းပေါ်မှ လဲကျပြန်၏။ ထိုသို့ ဘယကျော်စွာသည် ကျွန်းဆုံမင်းသားကို သတ်ရန် အပြင်းလိုက်နေစဉ် အင်းဝသေနတ်တပ်မှ တပ်သားတစ်ဦးမှ ပစ်လိုက်သော ကျည်စေ့သင့်ပြီး ဆင်ဦးတွင် ကွယ်လွန်လေ၏။ ဘယကျော်စွာ၏ဆင်သည် မိမိသခင် လွန်သည်ကို မသိ ရန်သူဆင်များကို လိုက်လံတိုက်ခိုက်နေလေ၏။ အင်အားကြီးသော ဆင်ဖြစ်သောကြောင့် မည်သူမှ မရပ် နိုင်ဖြစ်နေလေ၏။

ထိုသို့ တိုက်ဆင် သောင်းကျန်းနေသည်ကို မြင်လျှင် အနောက်ဘက်လွန်မင်းသည် ထိုတိုက်ဆင်ပေါ်သို့ တက်ရန်ကြိုးစားလေ၏။ သို့သော်လည်း တိုက်ဆင်မှ အတက်မခံဘဲ ဝှေ့ရမ်းနေစဉ် မြင်းတပ်မှ ရဲမက်တစ်ဦး
မှ ဘယကျော်စွာ၏ ဆင်မြီးကို ဖြတ်လိုက်မှ တိုက်ဆင်သည် ရပ်သွားလေ၏။ ထိုသို့ ရပ်သွားမှ ထိုဆင်ကို ဖမ်းနိုင်လေသည်။

အနောက်ဘက်လွန်မင်းသည် သဘောတော်ကျပြီး ဘယကျော်စွာအား ပစ်သတ်နိုင်သော သေနတ်လုလင် ကို မြစ်ခြေရွာစားအဖြစ်ခံလေ၏။ တုရင်ဗညားဟူသော ဘွဲ့ကိုလည်း ပေးလေ၏။ ဆင်မြီးဖြတ်နိုင်သော ရဲမက်ကိုလည်း တုရင်ဗလ ဟူသောဘွဲ့ပေးကာ ရေနံ့သာရွာစား အဖြစ်ခံလေ၏။

ရဟန်းတော်များ၏မေတ္တာရပ်မူ့ကြောင့် တောင်ငူစစ်ပွဲ ငြိမ်းရခြင်း
တောင်ငူဘုရင် နတ်ရှင်နောင်လည်း စစ်ပွဲ နိုင်မည့်အရေးကို မမြင်သဖြင့် တောင်ငူရှိ ရဟန်းဆရာတော်များ ထံ ချဉ်းကပ်ကာ မိမိတို့ဘက်က အညံ့ခံမည့်အကြောင်းကို ရပ်ခံပေးပါရန် လျှောက်ထားလေ၏။ ဆရာတော် များလည်း စစ်ပွဲကိုမမြင်တွေ့လိုသဖြင့် တိုင်းပြည်သာယာမည့်အရေးအတွက် အင်းဝတပ်ထံသို့ သွားရောက်
ကာမေတ္တာရပ်ခံပေးပါမည်ဟု မိန့်ကြားကြလေ၏။

ဆရာတော်များလည်း မေတ္တာရပ်ခံရန် အင်းဝဘုရင်၏ ဘထွေးတော်ခံတပ်ဆီသွားလေ၏။ သို့သော်လည်း ဘထွေးတော်မှ မိမိအရေးမပိုင်ကြောင်း အင်းဝဘုရင်ထံ သွားပါရန် လျှောက်ထားသဖြင့် ဆရာတော်များ
လည်း အင်းဝဘုရင်တပ်တော်ဆီသွားရာ လမ်းခုလတ်တွင် ၀န်ရှင်တော်မင်းတို့မှ မသွားရန် တားမြစ်ကြ သဖြင့် ဘုရင်ဆီမရောက်ဘဲ ဖြစ်နေလေ၏။

ဆရာတော်များလည်း လက်မလျော့ဘဲ အင်းဝဘုရင့်ညီတော် မင်းရဲသိင်္ခသူထံ သွားကြလေ၏။ ညီတော် မင်းရဲသိင်္ခသူလည်း တပည့်တော် မလျှောက်ဝံ့ပါ ဟု ပြန်လည်လျှောက်ထားသဖြင့် ဆရာတော်များလည်း အင်းဝဘုရင့်ယာယီခံတပ်ထံသို့ ထပ်မံသွားပြန်လေ၏။

ထိုအချိန်တွင် အင်းဝဘုရင်မှ တပ်တော်ကို စစ်ဆေးနေရာ ဆရာတော်များကို အဝေးမှ တွေ့သဖြင့် ပင့်လာ ရန် မိန့်ကြားလေ၏။ ၀န်မင်းတို့လည်း ဆရာတော်များကို ပင့်ပြီး ယာယီနန်းတဲတွင် သီတင်းသုံးစေလေ၏။ ဘုရင်လည်း တပ်တော်ကို စစ်ဆေးပြီးလျှင် ယာယီနန်းတဲသို့ ၀င်ကာ ဆရာတော်များကို အကျိုးအကြောင်း
မေးမြန်းလေ၏။ တောင်ငူဆရာတော်များလည်း ခပ်သိမ်းသော လူအပေါင်းတို့ ချမ်းငြိမ်းမည့်အကြောင်းကို
မေတ္တာရပ်ခံပါ သည်ဟု မိန့်ကြားကြလေ၏။

အင်းဝမင်းလည်း တောင်ငူဘုရင်၏ ညီတော်များဖြစ်သော မင်းရဲကျော်စွာ၊မင်းရဲသီဟသူ၊မင်းရဲကျော်ထင် တို့ အဆောင်အယောင်တို့ဖြင့် မြို့တွင်းမှ ထွက်လာကာ ခံတပ်တော်အထိ လာရောက်ရန် စကားပြန်ပါးလိုက်၏။
ဆရာတော်တို့လည်း အင်းဝဘုရင်မှာသည့်အတိုင်း မိန့်ကြားရာ နတ်ရှင်နောင်လည်း ညီတော်များကို အခမ်းအနားဖြင့် အင်းဝဘုရင်ခံတပ်သို့ စေလွှတ်လိုက်လေ၏။

တောင်ငူဘုရင် ညီတော်များ အင်းဝခံတပ်သို့ ရောက်လျှင် အင်းဝဘုရင်သည် နေရာအထိုင်အခင်း ပေးပြီး စကားများပြောကြားပြီး မင်းသားများကို ပြန်လွှတ်လိုက်လေ၏။ ထိုနောက် ယာယီတဲနန်းတွင် မိမိ၏ ရာဇပလ္လင်ထက် အနည်းငယ်နိမ့်သော ပလ္လင်ငယ်တခုကို ပြုလုပ်စေပြီး တောင်ငူဘုရင်ကို မည့်သည့်နေ့ရက်
တွင် မိမိထံ လာပါစေ ဟု မင်းသားများနှင့် စကားပါးလိုက်လေ၏။

နတ်ရှင်နောင်လည်း သတ်မှတ်သည့်ရက်တွင် အင်းဝယာယီခံတပ်သို့ ၀င်လေသည်။ ယာယီနန်းတဲ သို့ ရောက်လျှင် အင်းဝဘုရင်မှ ထွက်တော်မမူသေးသဖြင့် နတ်ရှင်နောင်အပါအ၀င် မှူးမတ်များအားလုံး ယာယီနန်းတဲ၏ အပြင်တွင် ရပ်ကာ စောင့်နေကြရလေ၏။ အချိန်အတော်အတန်ကြာမှ အင်းဝဘုရင် ထွက်တော်မူလေ၏။ ထိုအခါမှ နတ်ရှင်နောင်လည်း ယာယီနန်းတဲထဲသို့ ၀င်ပြီး စီစဉ်ထားသော နေရာ တွင် ထိုင်လေ၏။

အင်းဝဘုရင်လည်း နတ်ရှင်နောင်နှင့် စကားများ ပြောပြီးသော် နတ်ရှင်နောင်၏ လျှောက်ထားချက်များကို သဘောကျသဖြင့် တောင်ငူထီးနန်းကို ပြန်လည်ပေးအပ်ပြီး တောင်ငူလွှတ်တော်ဝန်ရှင်တော်မင်းကိုမူ မိမိ၏ လူယုံ စစ်ကိုင်းမြို့စားကို ခံအပ်လေ၏။

ငဇင်ကာ နှင့် အနောက်ဘက်လွန်မင်း
အနောက်ဘက်လွန်မင်းမှ တောင်ငူကို အောင်နိုင်ပြီးသော် နတ်ရှင်နောင်ကို ဘုရင်ခံအဖြစ် ပြန်လည် ခန့်အပ်ပြီးနောက် အင်းဝနေပြည်တော်သို့ ပြန်ကြွတော်မူလေ၏။ ထိုအခွင့်အရေးကို စောင့်နေသော သန်လျင်ငဇင်ကာသည် အေဒီ ၁၆၁၂ ဇူလိုင်လတွင် တောင်ငူသို့ အပြင်းချီတက်လာလေသည်။ တောင်ငူမြို့ စစ်သူကြီးဖြစ်သော မင်းရဲကျော်စွာလည်း ရဲမက်အများဖြင့် မြို့ပြင်မှခံတိုက်လေ၏။ ငဇင်ကာ၏ တပ်များကို မခံနိုင်သဖြင့် မြို့တွင်းဝင်ကာ ခုခံပြန်၏။ သို့သော်လည်း တောင်ငူမြို့ရိုးက ကျယ်ပြီး ခုခံသော ရဲမက်များနည်း
သောကြောင့် ငဇင်ကာတပ်သားများ မြို့ရိုးကို ကျော်နိုင်ကာ တောင်ငူမြို့ကိုရလေသည်။

မင်းရဲကျော်စွာလည်း မြို့တွင်းရောက်လာသော ပေါ်တူဂီတပ်သားများကို အပြင်းခုခံရာ တိုက်ပွဲတွင် သေနတ် သင့်ပြီး ကျရူံးလေ၏။ နတ်ရှင်နောင်၏ မယ်တော် နှင့် မိဖုရားတချို့လည်း ဝေါစီးကာ အခြွေအရံနှင့် မြို့မှ ထွက် ပြေးရလေ၏။ နတ်ရှင်နောင်မယ်တော် နှင့် မိဖုရား အင်းဝသို့ ရောက်လာရာ အနောက်ဘက်လွန်မင်း မှ ပင်းယမြို့လယ်တွင် နန်းတော်ဆောက်ပေးကာ နေထိုင်စေလေ၏။

ငဇင်ကာလည်း နတ်ရှင်နောင်နှင့်တကွ ကိုယ်လုပ်တော်မောင်းမများကိုသန်လျင်သို့ ခေါ်ဆောင်သွားလေ၏။
တောင်ငူတွင်ဖြစ်ပျက်ခဲ့သည်ကိုများကို အကြောင်းစုံသိရပြီးသော် အနောက်ဘက်လွန်မင်းသည် ရဲမက်အများအပါးဖြင့် သန်လျင်သို့အပြင်းချီတက်လေသည်။

သန်လျင်သို့ ရောက်လျှင် ငဇင်ကာထွက်မပြေးအောင် ပင်လယ်ဘက်မှ လှေတပ်ကြီးများဖြင့် ပိတ်ဆို့ထား
စေလေ၏။ ထိုနောက် သန်လျင်မြို့ ပတ်ပတ်လည်တွင် တပ်တော်များကို ချလေသည်။ သန်လျင်မြို့တွင်းတပ် လည်း အမြှောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်၏။သန်လျင်မြို့၏ မြို့ရိုးမှာ အခိုင်အခံရှိသဖြင့်
မြို့ရိုးပျက်အောင် ဥမင်တူးပြီး ဖြိုစေပြီးနောက် ပတ်ပတ်လည် ၀ိုင်းရံနေသော အင်းဝတပ်သားများ အလုံးအရင်း ၀င်တိုက်သဖြင့် သန်လျင်မြို့ကျလေသည်။

ငဇင်ကာနှင့်တကွ အပေါင်းအပါကိုလည်း ဖမ်းမိလေ၏။ငဇင်ကာမှ နတ်ရှင်နောင်အကူအညီတောင်းသဖြင့် စစ်ချီရခြင်းဖြစ်ကြောင်း လျှောက်ထားသဖြင့် အနောက်ဘက်လွန်မင်းလည်း နတ်ရှင်နောင်ကို စစ်ဆေး မေးမြန်းပြန်၏။ နတ်ရှင်နောင်မှ မိမိမစေဟုသာ ပြန်လည် မိန့်ကြားလေသည်။ ထိုအခါ ကြက်ရိုးပင်ရွာကို စားသော ရွာစားမှ နတ်ရှင်နောင်သည် ငဇင်ကာကို စာတခု ပို့ကြောင်း သို့သော် ထိုစာ တွင် မည်သည့်အကြောင်းအရာ ပါသည်ကို မိမိမသိပါဟု လျှောက်ထားရာ အနောက်ဘက်လွန်မင်းလည်း နတ်ရှင်နောင်ကို မြို့လယ်တွင်သတ်စေဟု အမိန့်တော်ချလေသည်။

ငဇင်ကာကိုလည်း တံကျင်တင်ပြီး မြို့လယ်တွင်ထားလေ၏။ သန်လျင်ကိုရပြီးသော် တလခန့်ကြာလျှင် သင်္ဘောငါးစင်းနှင့် ကုလားပသီ ( parsee လူမျိုး၊ အီရန် လူမျိုးမှ ဆင်းသက်လာသူများဖြစ်၏) ၃ ထောင်ကျော်ခန့် သန်လျင်ကိုရောက်လာ၏။ ထိုသူများသည် ငဇင်ကာမှ စစ်ရေးအတွက် အကူအညီတောင်းထားသူများ ဖြစ် လေ၏။အနောက်ဘက်လွန်မင်းလည်း လှေအတွင်းဝန်ကို သူတို့ဘက်မှ စတိုက်လျှင် အပြင်းအထန်ပြန်တိုက်စေဟု အမိန့်ပြန်လေ၏။

ပသီကုလားတို့လည်း သန်လျင်ရောက်လျှင် ငဇင်ကာ၏ အရိပ်အယောင်ကို မမြင်သဖြင့် အင်းဝလှေတပ်ကို စတင်တိုက်ခိုက်လေ၏။ လှေအတွင်းဝန်လည်း အပြင်းအထန်ပြန်လည်ခုခံ၏။ ထိုအခါ သင်္ဘောငါးစင်း အနက် တစင်းမှာ ထွက်ပြေးသွားပြီး လေးစင်းကို ဖမ်းမိလေသည်။ အသက်ရှင်လျက်ရှိသော ကုလားပသီ တို့ကိုလည်း မကွပ်မျက်ဘဲ သန်လျင်တွင်နေရာချပေးလေ၏။

အနောက်ဘက်လွန်မင်းမှ သန်လျင်ကိုတိုက်ခိုက်သိမ်းနိုင်သော သတင်းကို မုတ္တမစားကြားလျှင် ရွှေငွေများ ကို လှေအပြည့်တင်ကာ အင်းဝဘုရင်ထံအညံခံ ၀င်လေ၏။ အနောက်ဘက်လွန်မင်းလည်း မိမိ၏ ညီတော် စစ်ကိုင်းစားကိုရေးမြို့သို့ စေလွှတ်ကာ နယ်စပ်ရေးရာကို ခိုင်မာအောင်လုပ်ဆောင်စေလေ၏။ စစ်ကိုင်းစား ရေးမြို့တွင် ရှိနေသည်ဟု ယိုးဒယားမင်းကြားလျှင် လူသူအများဖြင့် ၀င်ရောက်တိုက်ခိုက်ကာ စစ်ကိုင်းစားကို ဖမ်းမိပြီး ထားဝယ်သို့ ယူဆောင်သွားလေ၏။ (ထိုအချိန်က ထားဝယ်သည် ယိုးဒယားလက် အောက်တွင်ရှိ၏။)

အနောက်ဘက်လွန်မင်းလည်း မိမိညီတော်သတင်းကို ကြားလျှင် ထားဝယ်သို့ချီတက်ရန် စစ်ပြင်ဆင်
လေသည်။
ဇင်းမယ်သို့ အနောက်ဘက်လွန်မင်းချီတက်ခြင်း အကြောင်း
အနောက်ဘက်လွန်မင်း၏ ညီတော်မင်းရဲကျော်စွာ ကို ယိုးဒယားမင်းမှ ဖမ်းယူသွားသဖြင့် ညီတော်အား
ပြန်လည် ကယ်ရန် အေဒီ ၁၆၁၃ နိုဝင်ဘာလ ၇ တွင် ဟံသာဝတီမြို့ဟောင်းမှ ချီတက်လေ၏။ ညီတော် မင်းရဲသီဟသူ ကို ဗိုလ်မှူးခန့်ပြီး စစ်ကြောင်းတခုဖြင့် ထားဝယ်မြို့ကို အလျင်ချီတက်စေသည်။ မင်းရဲသီဟသူ လည်းအပြင်းချီတက်ရာ ထားဝယ်နယ်စပ်သို့ ရောက်လေ၏။

ထားဝယ်စားလည်း အသင့်စောင့်ကြိုနေရာ တပ်ဦးချီတက်လာသော သီပေါစော်ဘွား၏ တပ်နှင့်တွေ့ကာ အပြင်းအထန် တိုက်ပွဲဖြစ်ကြလေ၏။သီပေါစော်ဘွားနှင့်ထားဝယ်စားတို့လည်း လယ်ပြင်တွင် စီးချင်းထိုး
လေ၏။ ထိုအချိန်တွင် သီပေါစော်ဘွားတပ်မှ သေနတ်လုလင်သည် ၀ါးရုံကြားမှ သေနတ်ပစ်လွှတ်လိုက် သဖြင့် ထားဝယ်စားကို ထိကာ ဆင်ဦးပေါ်မှကျပြီး ကျဆုံးလေ၏။

ထားဝယ်စားကျသော်လည်း ထားဝယ်မြို့မှအမတ်များက မြို့တံခါးကိုပိတ်ကာ အပြင်းအထန်ပြန်လည် ခုခံကြ လေ၏။ မင်းရဲသီဟသူတပ်များလည်း ရောက်လာပြီး ၃ ရက်တိုင်အောင် အပြင်းအထန်တိုက်ရာ ယိုးဒယားမှ စစ်ကူမရောက်သဖြင့် ထားဝယ်မြို့ကျလေ၏။ မင်းရဲသီဟသူလည်း ထားဝယ်မြို့ကိုရလျှင် မြို့စောင့် ထားခဲ့ပြီး အနောက်ဘက်လွန်မင်းရှိရာ ရေးမြို့သို့ ပြန်ပြီး အကြောင်းပြန်လေ၏။

အနောက်ဘက်လွန်မင်းလည်း တနင်္သာရီသို့ ချီတက်ရန်စစ်ပြင်ဆင်ပြန်လေသည်။ ထိုသို့ ချီတက်ရန်ပြင်
နေစဉ် ဇင်းမယ်နန်းတွင်းအရေးတော်ပုံ( ဇင်းမယ်သည်အင်းဝလက်အောက်ခံဖြစ်၏) ဖြစ်လေ၏။ ဖြစ်ပုံမှာ ဇင်းမယ်ဘုရင် အနော်ရထာမင်းစောမှ မိမိ၏ သားတော် မင်းသားတုလောင်း ကို အိမ်ရှေ့အဖြစ်ခန့်ထား၏။ ဇင်းမယ်ဘုရင် ကံကုန်သော် အမတ်တို့မှ ယိုးဒယားတွင်အလည်အပတ်ရောက်နေသောအိမ်ရှေ့မင်းသားကို
ပြန်လာပြီး နန်းဆက်ခံရန် လျှောက်ကြလေရာ မင်းသားလည်း ဇင်းမယ်သို့ ပြန်လာ၏။

မင်းသားသည် ယိုးဒယားဘုရင်၏ သမီးတော်တပါးနှင့်လက်ထပ်ထားရာ ယိုးဒယားဘုရင်လည်း မိမိ၏ သားမက်တော်ကို စစ်အင်အားအလုံးအရင်းထည့်ပေးလိုက်လေ၏။ ထိုသို့ ချီတက်နေစဉ် ဇင်းမယ်နန်းတွင်း မှ သြဇာကြီးသော အမတ်နှစ်ဦးမှ မိမိတို့၏ လူယုံမင်းသား တစ်ပါးဖြစ်သော မင်းရဲစွာကို ဘုရင်အဖြစ်တင်
မြှောက်လေ၏။

မင်းသားတုလောင်း လည်း ထိုသတင်းကိုကြားသိလျှင် အလျင်အမြန်ချီတက်ပြီး ဇင်းမယ်မြို့ကို ၀ိုင်းရံထား လေ၏။ သို့သော် ကံအကြောင်းမလှဖြစ်ပြီး မင်းသားတုလောင်းသည် လည်ချောင်းသွေးအန်ကာ သမားတော်များကုမရဖြစ်ပြီး ကံကုန်လေ၏။ (ဇင်းမယ်အမတ်ကအဆိပ်ခပ်သတ်သည်ဟုလည်း ယိုးဒယားပါးစပ် ရာဇာဝင်ကဆို၏)။

မင်းသားတုလောင်းကံကုန်သော် ယိုးဒယားတပ်များလည်း ယိုးဒယားသို့ပြန်လေသည်။ သိပ်မကြာပြီ ဇင်းမယ်ဘုရင်ကို အမတ်များမှ ထပ်မံနန်းချပြီး သတိုးကျော်ဆိုသူကို နန်းတင်ပြန်လေ၏။ ထိုသို့ ဇင်းမယ်နန်းတွင်းတွင် အမတ်များမှ အာဏာကို ချယ်လှယ်နေသဖြင့် အနောက်ဘက်လွန်မင်းထံ သတင်း ပေးပို့ကြလေရာ မင်းကြီးကိုယ်တိုင် ဇင်းမယ်သို့ အေဒီ ၁၆၁၄ ဧပြီ ၁၈ တွင် ချီတက်လေသည်။

ဇင်းမယ်စစ်ပွဲအပြီး ရခိုင်သို့ ထပ်မံစစ်ချီရခြင်းအကြောင်း

အနောက်ဘက်လွန်မင်းမှ ဇင်းမယ်သို့ ချီတက်သွားကြောင်း ယိုးဒယားမင်းကြားသိလျှင် တနင်္သာရီသို့ အပြင်းချီတက်လာ၏။ သို့သော်လည်း တနင်္သာရီတွင် မင်းရဲသီဟသူ နှင့် မင်းရဲကျော်ထင် ဦးဆောင်သော အင်းဝတပ်များမှ အပြင်းအထန်ခုခံလေရာ ယိုးဒယားမင်းမှ မထိုးဖောက်နိုင်ဘဲ တပ်ပျက်ကာ ပြန်လည် ဆုတ်ခွာသွားရလေ၏။

ထိုသတင်းကို အနောက်ဘက်လွန်မင်းကြားလျှင် သဘောကျသဖြင့် မင်းရဲသီဟသူကို ချီးမြှောက်လေ၏။ အင်းဝတပ်များ ဇင်းမယ်သို့ ချီတက်လာကြောင်းကို သိသောဇင်းမယ်ဘုရင်သည် လင်းဇင်းမှ စစ်ကူအမြှောက်အများခေါ်ယူားကာ မြို့ကို အခိုင်အမာလုပ်ပြီး အနောက်ဘက်လွန်မင်းအလာကို စောင့် နေ
လေ၏။

ဇင်းမယ်မြို့ကိုရောက်သော် ရှေးဘုရင်တို့လုပ်ထုံးအတိုင်းကို မြို့ကို ၀ိုင်းရံထားလေ၏။ လေးလလောက်ကြာ
သော် အစာရေဆာ မလုံလောက်သဖြင့် မှူးမတ်များကိုခေါ်ကာ တိုင်ပင်လေ၏။ ထိုအခါ ဗဒုံစားမှ မကျန်းမာ သူများကို တဖြည်းဖြည်း ပြန်စေ၊ ကျန်းမာသူများကို ဇင်းမယ်မြို့ရိုးထက်ကြီးအောင် မြေဖြင့် ပြုလုပ်သော
မြို့ရိုးကြီးများကို ဆောက်စေကာ ထိုမြို့ရိုးကြီးများမှ တံတားဖွဲ့ပြီး ၀င်တိုက်ပါမည် ဟု လျှောက်ထားလေ၏။

ထိုအကြံကို ဘုရင်မှ သဘောကျသဖြင့် ဗဒုံစားကို တာဝန်ပေးလေ၏။ ဗဒုံစားလည်း လင်းဇင်းမြို့ရိုးသမျှ ကြီး အောင်မြေကြီးများကို ဖို့စေလေသည်။ ထိုသို့ ကြီးမားသော မြို့ရိုးကို ဇင်းမယ်အမတ်များတွေ့လျှင်
ကြောက်လန့်ကြလေ၏။ ထိုသတင်းကြားလျှင် ဇင်းမယ်လက်အောက်ခံ မောက်နန်းမြို့ စားမှ ဆန်များဖြင့် အညံခံလေ၏။ ငါးရက်ခန့်ရှိသော် ဇင်းမယ်အမတ်များလုပ်ကြံမူကြောင့် ဇင်းမယ်ဘုရင်သတိုးကျော် လွန်ကာ ဘုရင့်ကျက်သရေဆင်တော်နှင့် ရွှေငွေများစွာကို တင်ကာ အနောက်ဘက်လွန်မင်းထံ အညံခံကြလေသည်။

အနောက်ဘက်လွန်မင်းလည်း ဗဒုံမင်း၏ ဥာဏ်ပညာကြောင့် စစ်မတိုက်လိုက်ရဘဲ ဇင်းမယ်ကို ရသည်ဟု ဆိုကာ သဘောတော်ကျသဖြင့် သက်တော်ရှည်ဘွဲ့ပေးလေ၏။ အရင်ဆုံးအညံခံဝင်လာသော မောက်နန်း
မြို့စားကိုလည်း ဇင်းမယ်ဘုရင်ခံအဖြစ် ခံအပ်လေ၏။

အနောက်ဘက်လွန်မင်းလည်း ဇင်းမယ်တွင် အတန်ကြာနေပြီးနောက် အေဒီ ၁၆၁၅ မေလ တွင် ဇင်းမယ် မှ ပြန်တော်မူလေသည်။ ထိုနောက် အင်းဝနေပြည်တော်သို့ ရောက်ပြီး တိုင်းရေးပြည်မူကို လုပ်နေစဉ် စက်တင်ဘာလအရောက်တွင် ရခိုင်ဘုရင်မှ အင်းဝဘုရင်၏ ရွှေကွမ်းအစ်ကို ပေးလှည့်ပါဟု စာဖြင့် ရန်စသည့်သဘောဖြင့် တောင်းလာသောကြောင့် အနောက်ဘက်လွန်မင်း သည်အလွန် ဒေါသထွက်ကာ ရခိုင်ကို စစ်ချီရန် အမိန့်ထုတ်ပြန်လေ၏။

သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း
အနောက်ဘက်လွန်မင်းသည် ရခိုင်ဘုရင်၏ စာသံကြောင့်ဒေါသအမျက်ထွက်ကာ ရခိုင်သို့ ချီရန် ရာဇသင်္ကြ ဘွဲ့ရအမတ်ကို စစ်ကဲမှူးခန့်ပြီး စစ်အင်အား ငါးသောင်းဖြင့် သံတွဲသို့ချီတက်စေလေ၏။ သံတွဲစားလည်း ချီတက်လာသော အင်းဝတပ်များကို ခုခံလေ၏။သို့သော်လည်း အင်အားမမျှတသဖြင့် သံတွဲမြို့ရိုးပျက်ကာ သံတွဲကို ရလေ၏။ အနောက်ဘက်လွန်မင်းလည်း သံတွဲစားကိုသာ ဖမ်းပြီး ပြန်လာရန် အမိန့်ထုတ်ပြန်လေ၏။

အနောက်ဘက်လွန်မင်းသည် စစ်သည်များစစ်ပန်းနေသဖြင့် စစ်ချီခြင်းမပြုဘဲ ဟံသာဝတီမြို့ ဟောင်းရှိ
စေတီတော်များကို ပြုပြင်လေ၏။ ပုညစေတီ ဘုရားရှင်ကိုလည်း ရွှေသင်္ကန်းကပ်တော်မူ၏။ အေဒီ ၁၆၁၇ ဒီဇင်ဘာ ၁၂ တွင် မဏိပူရအနောက်ဘက်ရှိ ကချာပြည်ထောင် မှ သံအဖွဲ့များ သံလျင်သို့ရောက်လာ
ကြောင်း နေပြည်တော်သို့သတင်းပို့သဖြင့် အခမ်းအနားဖြင့် ကြိုရန် အမိန့်တော်ပြန်လေ၏။

ထိုနောက် ဂေါ်ကွန်းဒါး ပြည်ထောင် (Golconda Kingdom-India) မှ သံအဖွဲ့လည်းထပ်မံ
ရောက်လာပြန်၏။ ထိုနှစ်ထဲတွင် ဂိုအာရှိ ပေါ်တူဂီဘုရင်ခံ Goa Viceroy ၏သံအဖွဲ့လည်း အင်းဝ သို့ ရောက်လာပြန်၏။ အနောက်ဘက်လွန်မင်းလည်း သံအမတ်များကို အခမ်းအနားဖြင့် ကြိုဆိုလေ၏။

အနောက်ဘက်လွန်မင်းသည် ကျိုင်းတုံစော်ဘွား၏ ပန်ကြားမူဖြင့် ကျိုင်းရုံးနှင့်ကျိုင်းခေါင်းကို ချီတက်တိုက်ခိုက် သိမ်းပိုက်လေ၏။ ထိုနောက် ထိုနယ်များကို ကျိုင်းတုံစော်ဘွားလက်အောက်တွင်ထားကာ
နေပြည်တော်သို့ ပြန်လေ၏။ ကျိုင်းတုံစော်ဘွားလည်း မိမိ၏သမီးတော်မင်းသမီးကို အနောက်ဘက်လွန်မင်း
နှင့်လက်ဆက်စေလေ၏။

ထိုနောက်နေပြည်တော်သို့ ပြန်လေ၏။ မင်းကြီး၏ ဗေဒင်တတ်တို့မင်းကြီးဇာတာမကောင်းဟု ဟောကြ သဖြင့် ဇာတာကောင်းစေရန် ဟံသာဝတီတွင် ယာယီနန်းဆောက်ကာ နေလေ၏။ ထိုအချက်ကို အခွင့်ကောင်းယူပြီး သားတော် မင်းရဲဒိဗ္ဗမှ လုပ်ကြံသဖြင့် နတ်ရွာစံလေ၏။ လုပ်ကြံရခြင်းအကြောင်းမှ မင်းကြီးကျိုင်းတုံမှအပြန် လက်ထပ်လာသော ဂုံရှမ်းမင်းသမီးကို မင်းရဲဒိဗ္ဗမှ ချစ်ကြိုက်ကာ မင်းသမီးနှင့် နီးစပ် အောင်ကြိုးစားလေ၏။

အနောက်ဘက်လွန်မင်းသည် အသက်ကြီးသူဖြစ်ရာ တိုင်းပြည်အရေးများပြားပြီး မိမိ၏ မိဖုရားများ

အင်းဝခေတ် သတိုးမင်းဖျား


အင်းဝခေတ် သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)

၁၉နှစ် သားနဲ့ အင်းဝကို တည်ထောင်နိုင်ခဲ့သူ

ပုဂံနေပြည်တော်အား မွန်ဂိုတပ်များ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်
ပုဂံသည် မင်းနေပြည်တော်အဖြစ်မှ လျှောကျကာ ပြိုကွဲသွားခဲ့ပါတယ်။ ပင်းယ ၊ စစ်ကိုင်း ၊ လောင်းကြက် ၊ ဟံသာဝတီ စတဲ့ နိုင်ငံငယ်လေးများ အဖြစ်အသီးအသီး မင်းမှုကြပါတယ်။ ပင်းယတွင် သတိုးမင်းဖျားနန်းတက်ခဲ့ပြီးနောက် မြို့အခြေအနေကို မနှစ်သက်ပဲ မြို့သစ်တည်ခဲ့ရာမှာ အင်းဝမြို့ဆိုပြီးဖြစ်လာပါတယ်။

သတိုးမင်းဖျားဟာ ပင်းယမြို့တည်တစ်စီးရှင်သီဟသူ ၏ မြစ်ဖြစ်ပြီး စိုးမင်းကိုယ်တော်ကြီး၏ သား ဖြစ်ပါတယ်။ စစ်ကိုင်းမှာနေစဉ် ဘထွေးတော်မင်းပြောက်က စစ်ကိုင်းကိုသိမ်းပိုက်ရန်ချီတက်လာသော သိုချီဘွား၏ တပ်များကို သတိုးမင်းဖျားဖြစ်လာမယ့် ရာဟုလာ ကို တကောင်းမှနေ၍ ခုခံတိုက်ခိုက်စေခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံခုခံသော်လည်း အင်းအားမမျှတာကြောင့်ဆုတ်ခွာခဲ့ရပါတယ်။ နိုင်အောင်မတိုက်နိုင်သလော ဟု မင်းပြောက်က အမျက်ထွက်ကာ ရာဟုလာအား ကြခတ်ဝရာသို့ သံခြေချင်းခတ်၍ ပို့လိုက်ပါတယ်။ နောက် သိုချီဘွားစစ်ကိုင်းကိုတိုက်သည့်အခါ မင်းပြောက်ကိုယ်တိုင် ကြခတ်ဝရာသို့ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက်တော့ သတိုးမင်းဖျားဟာ မင်းပြောက်ကို လုပ်ကြံခဲ့ပြီး စစ်ကိုင်းသို့သွားကာ မင်းပြုပါတယ်။ပင်းယ နရသူ မရှိတဲ့နောက် နန်းတက်လတဲ့ ဥဇနာပြောင်အား တိုက်ခိုက်နန်းချပြီး ပင်းယ-စစ်ကိုင်း နှစ်ပြည်ထောင် မင်းလုပ်နေခဲ့ပါတယ်။ ဥဇနာပြောင်ရဲ့ မိဖုရား စောဥမ္မာကို ဆက်လက် မိဖုရားမြှောက်ခဲ့ပါတယ်။ ထိုသို့ကိစ္စကြီးကြီးမားမားတွေကို ဆောင်ရွက်ခဲ့တဲ့အချိန်မှာ သတိုးမင်းဖျားအသက်ဟာ ၁၉ နှစ် သာ ရှိပါသေးတယ်။

သိုချီဘွားတိုက်ခိုက်ဖျက်စီးခဲ့တဲ့ စစ်ကိုင်း နဲ့ ပင်းယ နှစ်နေရာလုံးကို မြို့သစ်ပြန်မတည်တော့ပဲ သီဟသူ ၃ကြိမ်တိုင်တိုင်တည်ရန်ကြိုးစားခဲ့သော အင်းဝနေရာမှာ မြို့တည်ဖို့ကြိုးစားခဲ့ပါတယ်။ ပညာရှိအမတ်များရဲ့ အကြံပေးမှုနဲ့ သတိုးမင်းဖျားရဲ့ အစီအမံကောင်းမှုတို့ကြောင့် အင်းဝကို တစ်နှစ်အတွင်းပြီးအောင် တည်နိုင်ခဲ့ပါတယ်။ သို့သော် နန်းတော်တည်ဆောက်ချိန်တွင် စေ့စပ်သေသပ်ခြင်းမရှိတာကြောင့် “တရိန်းမစပ်” လို့ သတိုးမင်းဖျားက ရေရွတ်တာကြောင့် ပုဏ္ဏားပရောဟိတ် နှင့် ပညာရှိတို့က နန်းသက် ၃နှစ် သာ ခံမယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။ သတိုးမင်းဖျား စတင်နန်းတက်ချိန်မှာပဲ ငနွယ်ကုန်းစား(ယခု ပျဉ်းမနား) ၊ တောင်ငူစား နှင့် တောင်တွင်းကြီးစားတို့က အသီးသီးပုန်ကန်ကြပါတယ်။

သတိုးမင်းဖျား၏ ပိုင်နက်ရေလွှဲငါးခရိုင်ကို ငနွယ်ကုန်းစား ဘယကျော်သူက လာရောက်ထိပါးတာကြောင့် အပြင်းအထန်သွားရောက်နှိမ်နှင်းခဲ့ပါတယ်။ ဘယကျော်သူနဲ့ ကိုယ်တိုင်ဓါးခြင်းယှဉ်ခုတ်ပြီး သတ်ဖြတ်ပစ်လိုက်ပါတယ်။ သတ်ပြီးတဲ့အခါမှာ အလောင်းကိုစားပွဲလုပ်ကာ စားပွဲလုပ်ကာ အောင်ပွဲခံခဲ့ပါတယ်။ အခြားသူမဆိုထားနဲ့ သူ၏မှူးမတ်များကိုယ်တိုင် ကြောက်ရွံ့ခဲ့ရပါတယ်။ အဲဒီနောက်တော့ သာသနာကို ညှိုးနွမ်းစေခဲ့တဲ့ ရှင်ပျက်တစ်ယောက်ကို ကွပ်မျက်ခဲ့ပါတယ်။ မုန့်သည်မ တစ်ယောက်၏ငွေကို လိမ်လည်လှည့်ဖျားခဲ့တာကြောင့် ဖြစ်ပါတယ်။ ထို့နောက် အစွမ်းထက်လှပါတယ်ဆိုတဲ့ ငတက်ပြားကို ပရိယာယ်နဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အေဒီ ၁၃၆၆ ခုနှစ်မှာတော့ တောင်တွင်းကြီးကို တိုက်ခိုက်ခဲ့ပါတယ်။ သို့သော်အလွယ်တကူမရခဲ့ပဲ ကြံကြံခိုင်နေတာကြောင့် သူရဲလွှတ်ပြီး တောင်တွင်းကြီးစားရဲ့ အားကိုးရသောအမတ်ကြီးကို သတ်သင်လိုက်တော့မှ တောင်တွင်းကြီးစားဟာ အရှုံးပေးခဲ့ပါတယ်။ တောင်တွင်းကြီးကို နိုင်ပြီးနောက် အေဒီ ၁၃၆၇ တွင် စကုမြို့ကို ချီတက်တိုက်ခိုက်ခဲ့ပါတယ်။ မြို့ကိုဝန်းရံနေစဉ် သတိုးမင်းဖျား ကျောက်ရောဂါဖြစ်တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ ဆုတ်ခွာရာလမ်းခရီးမှာပဲ သတိုးမင်းဖျား အနိစ္စရောက်ခဲ့ပါတယ်။ မကွယ်လွန်မီမှာ မိဖုရားစောဥမ္မာကို စိတ်မချတာကြောင့် လူယုံ ငနု ကို သွားရောက်လုပ်ကြံစေခဲ့ပါတယ်။ မိဖုရားစောဥမ္မာရဲ့ ‘ဟဲ့ငနု နင်ယောင်္ကျားမဟုတ်လော’ ဟူသော စကားတစ်ခွန်းကြောင့် ငနုဟာ စောဥမ္မာရဲ့ မာယာထဲနစ်မြောသွားခဲ့ပါတယ်။ သတိုးမင်းဖျား နတ်ရွာစံပြီးနောက် မှူးမတ်တို့က ရမည်းသင်းစားသီလဝကို ထီးနန်းအပ်သော်လည်း လက်မခံပဲ အမြင့်စားမင်းကြီးစွာစော်ကဲ ကို လွှဲလိုက်တာကြောင့် ‘မရွယ်ပဲစော်ကဲမင်းဖြစ်’ စကား ပေါ်လာခဲ့ရပါတယ်။

သတိုးမင်းဖျားနတ်ရွာစံချိန်တွင် သက်တော် ၂၄ နှစ် ကျော်သာ ရှိပါသေးတယ်။ တိုတောင်းလှတဲ့ နန်းသက် ၃ နှစ် အတွင်းမှာ အသက်အရွယ်နဲ့ မလိုက်အောင် မြို့သစ်တည်ခြင်း ၊ နယ်ပယ်ချဲ့ထွင်းရေး နှင့်တိုင်းပြည်တည်ငြိမ်ရေးကို လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပြီး လေးစားဖို့ကောင်းတဲ့ဘုရင်တစ်ပါးပဲ ဖြစ်ပါတော့တယ်။

Ref; ကျွန်းဦးတည့်သန်လျက်ခုံ – ဒဂုန်ခင်ခင်လေး
မသက်ဇင်ဘလော့
သမိုင်းပုံရိပ်များ
မြန်မာ့စွယ်စုံကျမ်း
Creadit-ayesay

နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်


နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်

သက္ကရာဇ် ၉၀၇ ခုတွင် အင်းဝ၌ ရှမ်းလူမျိုး မိုးဗြဲနရပတိ အုပ်စိုးလျက်ရှိစဉ် (မြန်မာ) စည်သူကျော်ထင်သည် စစ်ကိုင်းက အခြေပြု၍ အင်းဝကို လုပ်ကြံမည် စီမံလျက်ရှိ၏။ ဤစစ်ကိုင်း စည်သူကျော်ထင်ကို (ရှမ်း) မိုးညှင်း စလုံက ဆင်မြင်း ၊ စစ်သည် ပေး၍ အင်းဝကိုရရန် ကူညီလျက် ရှိ၏။

ဤအတောအတွင်း မိုးဗြဲနရတိသည် စစ်ကိုင်း စည်သူကျော်ထင်ကို ရန်သူအမှတ် ထားသော်လည်း ချစ်ယောင်ပြု၍ ဆက်ဆက်သွယ်သွယ် ပြုလေ့ရှိ၏။

(က)သဘောထား မြင့်မြတ်ခြင်း
တစ်ခါ၌ မိုးဗြဲနရပတိက မုနောလင်ပန်းနှင့် စားတော်ပြင်၍ စည်သူကျော်ထင်ထံ ပို့လိုက်၏။ ထိုပို့လာသော ထမင်းကို " မစားသင့်ပါ " ဟု လျှောက်ကြလျှင် စည်သူကျော်ထင်က " ပြည်ထောင်မင်းတို့ သဘောသည် စစ်မက်တိုက်ရာမှာ တစ်ကိစ္စ ၊ ချစ်ခြင်းမေတ္တာမှာ တစ်ကိစ္စ တခြားစီ ဖြစ်သည်။ တိုက်ခါမှ တိုက်ရမည် ၊ ရန်သူဟူ၍ မှတ်ရမည်လော ၊ မစားနေ၍ မသင့် " ဟု ဆိုပြီးလျှင် ယုံမှားမရှိ စားတော်ခေါ်၏။
(ခ)မြင့်မြတ်ကြင်နာခြင်း
တစ်ခါ၌လည်း မိုးဗြဲနရပတိက ကူး၍ တိုက်လာသည်ကို ကောင်းစွာ စီမံခုခံပြီးလျှင် မိမိ၏ စစ်ဗိုလ်စစ်သားများကို ဤသို့ မှာတော်မူ၏။ " စစ်မက်ဖြစ်ပွားရာ၌ သူနှင့်နီးလည်း သူ့ကျွန်ဖြစ်၍ သူ့အမှုကို ထမ်းရသည်။ ငါနှင့်နီးလည်း ငါ့ကျွန်ဖြစ်၍ ငါ့အမှုကို ထမ်းကြ ရသည်။ သူ့ကျွန်ကိုရလျှင် သေအောင်မပြုပါနှင့် " ဟု မှာတော်မူ၏။

၎င်းပြင် စစ်ပွဲတွင် ရလိုက်သော ထိခိုက်ရှနာသည့် အင်းဝစစ်သည်များကိုလည်း စာရင်းမှတ်သား၍ ကောင်းစွာ ကျွေးမွေးပြုစု ဆေးဝါးကုသခြင်းကို ပြု၏။ အနာပျောက်လျှင် " သားမယားထံ ပြန်လေတော့ " ဟု အင်းဝသို့ချည်း ကူးရ၏။
ဤအကြောင်းများကို ကူညီနေသော မိုးညှင်းစလုံ ကြားသော် အမျက်ထွက်၍ အမြန်လာရောက်ကာ ဤသို့ဆို၏။ " ရှေးက အသက်သွင်းတတ်သော လုလင် တစ်ယောက်သည် ကျားသေကို အသက်သွင်း၍ ရှင်လျှင် လုလင်ကိုပင် ပြန်၍ ကိုက်သတ်သည်နှင့် တူ၏ " ဟု ဆို၏။

စစ်ကိုင်းစည်သူကျော်ထင် ကလည်း ဤသို့ ဆို၏။ " ရှေးက သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သင်္ခဗောဓိမင်းသည် ကျည်းကုလားတို့ လာရောက်တိုက်သည်ကို ပြည်သူတို့ ချမ်းသာစေလို၍ ခုခံခြင်းမပြုဘဲ တစ်ဦးတည်း တောသို့ ထွက်ခဲ့၏။ သုံးရက် စားတော်မခေါ်ရ ရှိရာ လယ်သမား တစ်ယောက်ထံမှ ထမင်းထုပ်ကို တောင်း၍ စားရ၏။ ကျေးဇူးဆပ်လိုသဖြင့် " ငါ့ခေါင်းကိုဖြတ်၍ ကျည်းမင်းအား ဆက်လေ ၊ ဆုလာဘ်များစွာ ရလိမ့်မည် " ဟု ဆို၏။ လယ်သမားက မဖြတ်လိုပါ ဆိုလျှင် ဓိဋ္ဌာန်၍ ဦးခေါင်းကို အလိုလို ပြတ်စေ၏။ ဤတွင်မှ လယ်သမား သည် ဦးခေါင်းကို ဆက်၍ ဆုလာဘ်များစွာ ရလေသည်။ ယခုလည်း သွေးသောက်၏ ကျေးဇူးကြီးလှ၏။ နိဗ္ဗာန်မတိုင်မီ ဆပ်သော်လည်း ကုန်နိုင်မည် မဟုတ် ၊ လူဆိုး လူသွမ်းတို့၏ စကားကို မယုံပါနှင့် ၊ ယုံလျှင်သွေးသောက်မှာသာ မကောင်းမှု ပွားတော့မည် " ဟုဆို၏။
ထိုအခါ မိုးညှင်းစလုံက " သွေးသောက်၏ စိတ်ထားကို သိလို၍သာ စုံစမ်းပါသည်။ ယခု သိရပြီ " ဆို၍ မိုးညှင်းသို့ ပြန်ခဲ့လေ၏။
ဤသို့ အသိမ်းအပိုက် ကောင်းခြင်းကြောင့် မကြာမီပင် စစ်ကိုင်းစည်သူကျော်ထင် ဗိုလ်ပါများလာလေ၏။ မိုးဗြဲနရပတိလည်း မခံဝံ့၍ ပြည်မင်းသို့ ခိုလေ၏။ ထိုအခါ စည်သူကျော်ထင်သည် အင်းဝနန်းကို နရပတိ ဟူသောအမည်နှင့် ၉၁၃ ခုတွင် တက်လေသည်။

(ဂ)ဖြောင့်မှန်တော်မူခြင်း
တစ်ရံသောအခါ စစ်ကိုင်းအရပ်၌ မိန်းမငယ်တစ်ယောက်သည် ရက်ကန်းစင်တွင်း တူးရာတွင် စဉ့်အိုးနှင့် ရွှေငါးပိဿာ ရသည်ကို မင်းကြီးအား ဆက်သရန်ဟု ယူခဲ့၏။
မင်းကြီးကား ' ဥဒေတယံ ' ဂါထာကို နံနက် တစ်ထောင် ၊ ' အပေဘယံ ' ဂါထာကို ညဉ့်တစ်ထောင် ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိ၏။ ဤမိန်းမငယ် ဆက်လာခိုက်တွင် ဥဒေတယံ ဂါထာကို ရွတ်ဆဲ မပြီး ဖြစ်သေးသောကြောင့် မှူးမတ်တို့ မလျှောက်ဝံ့ နေကြရ၏။ အတန်ကြာမှ ဝန်ကြီးတို့က " မိန်းမငယ် စောင့်သည်လည်း ကြာပြီ ၊ မစောင့်နှင့်တော့ ၊ ရွှေတစ်ဝက်ကို မင်းဘဏ္ဍာအရာထား၍ တစ်ဝက်ကို ယူလေ " ဟု ပေးလျှင် မိန်းမငယ်လည်း ဝမ်းမြောက်ဝမ်းသာယူ၍ သွားလေ၏။
မင်းကြီး ဂါထာရွတ်ပြီးမှ မှူးမတ်တို့က အကြောင်းစုံလျှောက်၍ ရွှေကို ဆက်၏။ မင်းကြီးကား " အစ်ကိုတို့သည် ယောက်ျားကောင်း ဟု ရွှေမြို့တော်ပတ်လည်တွင် တစ်နေ့ကို တွင်းတစ်ထောင် တူးသော်လည်း ရွှေအိုးရမည် မဟုတ် ၊ သူ၏ ဘုန်းကံကြောင့် ရပါလေသည်။ တစ်ဝက်ကို မသိမ်းယူသင့် ၊ အလုံးစုံပေးစေ " ဟု မိန့်တော်မူ၏။ မိန်းမငယ်လည်း ရွှေအားလုံးကို ရလေသတည်း။

တူသောအချက်

ဘုရင် ဘကြီးတော်လက်ထက် (၁၁၈၁ - ၁၁၉၉) ကိုးခရိုင်နယ်က ပိန်းကောသမားတစ်ယောက် ထိုးဝါးနှင့် ထိုးမိ၍ ငွေအိုးရသည်ကို လည်းကောင်း ၊ ရွှေမြို့တော်တွင် လူတစ်ယောက် အိမ်တိုင်ထူရာ ငွေအိုးရသည်ကို လည်းကောင်း ၊ စစ်ကိုင်းတွင် သူဆင်းရဲတစ်ယောက် ငွေကျင်မည်တူးရာ ငွေအိုးရသည်ကို လည်းကောင်း ဆိုင်ရာဝန်တို့က သိမ်းယူ၍ ဘဏ္ဍာတော်အဖြစ် ဆက်သည်ကို ထိုက်၍သာ ရခြင်း ဖြစ်သည်ဟု လက်မခံဘဲ ရရင်းသူတို့အား အလုံးစုံပြန်၍ ပေးသနားတော်မူသည်။
ဆင်ဆင်တူသောအချက်
အင်းဝ ပထမ မင်းခေါင်လက်ထက် (၇၆၃ - ၇၈၃) မြင်းမူရွာ သူဌေးသည် သေဆုံးခါနီး၌ ပစ္စည်းအရပ်ရပ်တို့ကို သားမြေးတို့အား ဝေငှပြီးနောက် ရွှေဆယ်ပတ်နှင့် ငွေပိဿာ တစ်ထောင်ထိုက်သော ပတ္တမြားကို မင်းဖို့ဟူ၍ ထားခဲ့၏။
" ထိုသူဌေး၏ ပစ္စည်းကို ၎င်း၏ သားမြေးဆွေမျိုးတို့သာ ရကောင်းသည် ၊ အမွေစား မရှိမှ မင်းဘဏ္ဍာ ဖြစ် သင့်သည် ၊ ငါမယူလို ၊ အမွေစားတို့အား ပေးစေ " ဟု မိန့်တော်မူ၏။
ထိုအခါ အမွေစားတို့က " ရွှေကို မလိုသော် ပတ္တမြားကို သိမ်းတော်မူပါ " ဟု လျှောက်ကြပြန်၏။ " မယူလို " ဟု မိန့်တော် မူပြန်၍ " အမွေနှင့် မဆက်စပ်ပါ ၊ လက်ဆောင်တော် ဆက်ပါသည် " ဟု လျှောက်ကြမှ လက်ခံတော်မူ၏။

(ဃ)စိတ်ထားနူးညံ့ သည်းခံတော်မူခြင်း

တစ်ရံခါ၌ နရပတိ၏ မိဖုရားကြီးသည် မင်းကြီး၏ စိတ်တော်ကို စမ်းလို၍ ဆန်တစ်ပြည်တွင် စပါးတစ်စ လယ် ရော၍ ချက်ပြီးလျှင် စားတော်တည်လေ၏။
နရပတိလည်း စားတော်ကိုမြင်လျှင် " စပါးလုံး များလှသည် " ဟူ၍သာ သာမည မိန့်ဆို၍ ရွေးဖယ်ကာ စားတော်ခေါ်၏။ ထိုအခါ မိဖုရားကြီးက " စားတော်သည် တို့သည် အလွန် ပေါ့လျော့လေသည်။ နာကျင်လောက်အောင် ကွပ်မျက်တော်မူမည် " ဟု တိုင်ပင်လေသော် မင်းကြီးက " ကျွန်တို့မည်သည်မှာ အရှင်ကို မျက်နှာရအောင် ပြုလိုသည်သာတည်း ၊ မလိုတမာ ပြုကြမည် မဟုတ် ၊ စင်ကြယ်စွာ တီးပြာ၍ ထားသော ဆန်သည် စပါးထားသည်နှင့် နီးသဖြင့် ကျေးငှက်ကြက်တို့ ယက်၍ ဝင်မှန်းမသိ ဝင်သည်သာ ဖြစ်ပါလိမ့်မည်။ အပြစ်မပြုပါနှင့် " ဟု တောင်းပန်သော ဟူ၏။

ဤသို့ မြတ်သောနှလုံးနှင့် ပြည့်စုံသည်ဖြစ်၍ မှူးမတ်ပြည်သူ ရှင် လူ ရဟန်း တို့သည် " သက်တော်ရှည်၍ ဘုန်းတော်ကြီးပါစေ " ဟု မြတ်သောဆုတောင်း ဆုယူ ပြုကြလေကုန်သတည်း။

အစွယ်သုံးချောင်းနှင့် ဆင်နှစ်ကောင်
အင်းဝတွင် ၉၁၃ ခု၌ နန်းတက်သော နရပတိမင်း လက်ထက် အဗြဲပိုက် နှင့် ကိုးသန်းပြု ကို ရခိုင်သို့ တမန်အဖြစ် စေတော်မူ၏။ ကျန်းမာကြောင်း စသော မေတ္တာစကား ဆိုကြပြီးနောက် ရခိုင်ဘုရင်က အစွယ်သုံးချောင်းရှိသော ဆင်ကို မင်းရင်ပြင်၌ ပြသ၍ " မင်းတို့ အင်းဝဘုရင်တွင် ဤသို့သော ဆင်မျိုး ရှိ၏လော " ဟု မေးတော်မူ၏။
အင်းဝတမန်တော်တို့က " အကျွန်ုပ်တို့သခင်ဝယ် အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ရှိပါသည် " ဟု လျှောက်လေ၏။ ထိုအခါ ရခိုင်ဘုရင်က " ဤသို့ဖြစ်လျှင် ငါ့ထက်ပင် တစ်စီး သာလေသည်တကား " ဟု မိန့်တော်မူ၍ တမန်တော်တို့အား ဆုလာဘ် များစွာ ပေးတော်မူ၏။

တမန်တော်တို့ အင်းဝသို့ ပြန်ရောက်၍ အကြောင်းမျိုးစုံး နှင့်တကွ " အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ရှိကြောင်း " ရခိုင်ဘုရင်အား လျှောက်ခဲ့ပုံတို့ကို လျှောက်လေသော် အင်းဝဘုရင်က " ငါတို့မှာ အစွယ်သုံးချောင်းနှင့်ဆင် မရှိဘဲလျက် မောင်မင်းတို့ အဘယ်ကြောင့် မဟုတ်မမှန် လျှောက်ခဲ့သနည်း " ဟု မေးတော်မူ၏။
ထိုအခါ တမန်တော်တို့က " မှန်ပါ အရှင်မင်းကြီး၏ စွယ်စုံ တစ်စီးနှင့် တည် တစ်စီးကို ပေါင်းကြည့်သော် အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ဖြစ်သည်ကို ရည်၍ လျှောက်ခဲ့ခြင်း ဖြစ်ပါသည် " ဟု လျှောက်လေ၏

မှတ်ချက်
' တည် ' မှာ အစွယ်တစ်ဖက် တစ်ချောင်းသာ ရှိသော ဆင်ကို ခေါ်သည်။ စကားပြောသောအခါ တယ်ဟု ပြောကြသည်။
နရာပတိဘုရင်လည်း အလွန်အားရ နှစ်သက်တော်မူ၍ တမန်တော် နှစ်ယောက်ကို ကျေးရွာ စသည်ပေး၍ ချီးမြှောက်တော် မူလေသည်။

Posted by မင်းအရိပ်

အင်းဝခေတ် နရပတိစည်သူမင်း


အင်းဝခေတ် နရပတိစည်သူမင်း

မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)

နှလုံးရည်ရှိသော စစ်ကိုင်းစည်သူကျော်ထင်
သက္ကရာဇ် ၉၀၇ ခုတွင် အင်းဝ၌ ရှမ်းလူမျိုး မိုးဗြဲနရပတိ အုပ်စိုးလျက်ရှိစဉ် (မြန်မာ) စည်သူကျော်ထင်သည် စစ်ကိုင်းက အခြေပြု၍ အင်းဝကို လုပ်ကြံမည် စီမံလျက်ရှိ၏။ ဤစစ်ကိုင်း စည်သူကျော်ထင်ကို (ရှမ်း) မိုးညှင်း စလုံက ဆင်မြင်း ၊ စစ်သည် ပေး၍ အင်းဝကိုရရန် ကူညီလျက် ရှိ၏။
ဤအတောအတွင်း မိုးဗြဲနရတိသည် စစ်ကိုင်း စည်သူကျော်ထင်ကို ရန်သူအမှတ် ထားသော်လည်း ချစ်ယောင်ပြု၍ ဆက်ဆက်သွယ်သွယ် ပြုလေ့ရှိ၏။

(က)သဘောထား မြင့်မြတ်ခြင်း
တစ်ခါ၌ မိုးဗြဲနရပတိက မုနောလင်ပန်းနှင့် စားတော်ပြင်၍ စည်သူကျော်ထင်ထံ ပို့လိုက်၏။ ထိုပို့လာသော ထမင်းကို " မစားသင့်ပါ " ဟု လျှောက်ကြလျှင် စည်သူကျော်ထင်က " ပြည်ထောင်မင်းတို့ သဘောသည် စစ်မက်တိုက်ရာမှာ တစ်ကိစ္စ ၊ ချစ်ခြင်းမေတ္တာမှာ တစ်ကိစ္စ တခြားစီ ဖြစ်သည်။ တိုက်ခါမှ တိုက်ရမည် ၊ ရန်သူဟူ၍ မှတ်ရမည်လော ၊ မစားနေ၍ မသင့် " ဟု ဆိုပြီးလျှင် ယုံမှားမရှိ စားတော်ခေါ်၏။

(ခ)မြင့်မြတ်ကြင်နာခြင်း
တစ်ခါ၌လည်း မိုးဗြဲနရပတိက ကူး၍ တိုက်လာသည်ကို ကောင်းစွာ စီမံခုခံပြီးလျှင် မိမိ၏ စစ်ဗိုလ်စစ်သားများကို ဤသို့ မှာတော်မူ၏။ " စစ်မက်ဖြစ်ပွားရာ၌ သူနှင့်နီးလည်း သူ့ကျွန်ဖြစ်၍ သူ့အမှုကို ထမ်းရသည်။ ငါနှင့်နီးလည်း ငါ့ကျွန်ဖြစ်၍ ငါ့အမှုကို ထမ်းကြ ရသည်။ သူ့ကျွန်ကိုရလျှင် သေအောင်မပြုပါနှင့် " ဟု မှာတော်မူ၏။

၎င်းပြင် စစ်ပွဲတွင် ရလိုက်သော ထိခိုက်ရှနာသည့် အင်းဝစစ်သည်များကိုလည်း စာရင်းမှတ်သား၍ ကောင်းစွာ ကျွေးမွေးပြုစု ဆေးဝါးကုသခြင်းကို ပြု၏။ အနာပျောက်လျှင် " သားမယားထံ ပြန်လေတော့ " ဟု အင်းဝသို့ချည်း ကူးရ၏။
ဤအကြောင်းများကို ကူညီနေသော မိုးညှင်းစလုံ ကြားသော် အမျက်ထွက်၍ အမြန်လာရောက်ကာ ဤသို့ဆို၏။ " ရှေးက အသက်သွင်းတတ်သော လုလင် တစ်ယောက်သည် ကျားသေကို အသက်သွင်း၍ ရှင်လျှင် လုလင်ကိုပင် ပြန်၍ ကိုက်သတ်သည်နှင့် တူ၏ " ဟု ဆို၏။
စစ်ကိုင်းစည်သူကျော်ထင် ကလည်း ဤသို့ ဆို၏။ " ရှေးက သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သင်္ခဗောဓိမင်းသည် ကျည်းကုလားတို့ လာရောက်တိုက်သည်ကို ပြည်သူတို့ ချမ်းသာစေလို၍ ခုခံခြင်းမပြုဘဲ တစ်ဦးတည်း တောသို့ ထွက်ခဲ့၏။ သုံးရက် စားတော်မခေါ်ရ ရှိရာ လယ်သမား တစ်ယောက်ထံမှ ထမင်းထုပ်ကို တောင်း၍ စားရ၏။ ကျေးဇူးဆပ်လိုသဖြင့် " ငါ့ခေါင်းကိုဖြတ်၍ ကျည်းမင်းအား ဆက်လေ ၊ ဆုလာဘ်များစွာ ရလိမ့်မည် " ဟု ဆို၏။ လယ်သမားက မဖြတ်လိုပါ ဆိုလျှင် ဓိဋ္ဌာန်၍ ဦးခေါင်းကို အလိုလို ပြတ်စေ၏။ ဤတွင်မှ လယ်သမား သည် ဦးခေါင်းကို ဆက်၍ ဆုလာဘ်များစွာ ရလေသည်။ ယခုလည်း သွေးသောက်၏ ကျေးဇူးကြီးလှ၏။ နိဗ္ဗာန်မတိုင်မီ ဆပ်သော်လည်း ကုန်နိုင်မည် မဟုတ် ၊ လူဆိုး လူသွမ်းတို့၏ စကားကို မယုံပါနှင့် ၊ ယုံလျှင်သွေးသောက်မှာသာ မကောင်းမှု ပွားတော့မည် " ဟုဆို၏။
ထိုအခါ မိုးညှင်းစလုံက " သွေးသောက်၏ စိတ်ထားကို သိလို၍သာ စုံစမ်းပါသည်။ ယခု သိရပြီ " ဆို၍ မိုးညှင်းသို့ ပြန်ခဲ့လေ၏။
ဤသို့ အသိမ်းအပိုက် ကောင်းခြင်းကြောင့် မကြာမီပင် စစ်ကိုင်းစည်သူကျော်ထင် ဗိုလ်ပါများလာလေ၏။ မိုးဗြဲနရပတိလည်း မခံဝံ့၍ ပြည်မင်းသို့ ခိုလေ၏။ ထိုအခါ စည်သူကျော်ထင်သည် အင်းဝနန်းကို နရပတိ ဟူသောအမည်နှင့် ၉၁၃ ခုတွင် တက်လေသည်။

(ဂ)ဖြောင့်မှန်တော်မူခြင်း
တစ်ရံသောအခါ စစ်ကိုင်းအရပ်၌ မိန်းမငယ်တစ်ယောက်သည် ရက်ကန်းစင်တွင်း တူးရာတွင် စဉ့်အိုးနှင့် ရွှေငါးပိဿာ ရသည်ကို မင်းကြီးအား ဆက်သရန်ဟု ယူခဲ့၏။
မင်းကြီးကား ' ဥဒေတယံ ' ဂါထာကို နံနက် တစ်ထောင် ၊ ' အပေဘယံ ' ဂါထာကို ညဉ့်တစ်ထောင် ရွတ်ဖတ်သရဇ္ဈာယ်လေ့ ရှိ၏။ ဤမိန်းမငယ် ဆက်လာခိုက်တွင် ဥဒေတယံ ဂါထာကို ရွတ်ဆဲ မပြီး ဖြစ်သေးသောကြောင့် မှူးမတ်တို့ မလျှောက်ဝံ့ နေကြရ၏။ အတန်ကြာမှ ဝန်ကြီးတို့က " မိန်းမငယ် စောင့်သည်လည်း ကြာပြီ ၊ မစောင့်နှင့်တော့ ၊ ရွှေတစ်ဝက်ကို မင်းဘဏ္ဍာအရာထား၍ တစ်ဝက်ကို ယူလေ " ဟု ပေးလျှင် မိန်းမငယ်လည်း ဝမ်းမြောက်ဝမ်းသာယူ၍ သွားလေ၏။
မင်းကြီး ဂါထာရွတ်ပြီးမှ မှူးမတ်တို့က အကြောင်းစုံလျှောက်၍ ရွှေကို ဆက်၏။ မင်းကြီးကား " အစ်ကိုတို့သည် ယောက်ျားကောင်း ဟု ရွှေမြို့တော်ပတ်လည်တွင် တစ်နေ့ကို တွင်းတစ်ထောင် တူးသော်လည်း ရွှေအိုးရမည် မဟုတ် ၊ သူ၏ ဘုန်းကံကြောင့် ရပါလေသည်။ တစ်ဝက်ကို မသိမ်းယူသင့် ၊ အလုံးစုံပေးစေ " ဟု မိန့်တော်မူ၏။ မိန်းမငယ်လည်း ရွှေအားလုံးကို ရလေသတည်း။

တူသောအချက်
ဘုရင် ဘကြီးတော်လက်ထက် (၁၁၈၁ - ၁၁၉၉) ကိုးခရိုင်နယ်က ပိန်းကောသမားတစ်ယောက် ထိုးဝါးနှင့် ထိုးမိ၍ ငွေအိုးရသည်ကို လည်းကောင်း ၊ ရွှေမြို့တော်တွင် လူတစ်ယောက် အိမ်တိုင်ထူရာ ငွေအိုးရသည်ကို လည်းကောင်း ၊ စစ်ကိုင်းတွင် သူဆင်းရဲတစ်ယောက် ငွေကျင်မည်တူးရာ ငွေအိုးရသည်ကို လည်းကောင်း ဆိုင်ရာဝန်တို့က သိမ်းယူ၍ ဘဏ္ဍာတော်အဖြစ် ဆက်သည်ကို ထိုက်၍သာ ရခြင်း ဖြစ်သည်ဟု လက်မခံဘဲ ရရင်းသူတို့အား အလုံးစုံပြန်၍ ပေးသနားတော်မူသည်။

ဆင်ဆင်တူသောအချက်
အင်းဝ ပထမ မင်းခေါင်လက်ထက် (၇၆၃ - ၇၈၃) မြင်းမူရွာ သူဌေးသည် သေဆုံးခါနီး၌ ပစ္စည်းအရပ်ရပ်တို့ကို သားမြေးတို့အား ဝေငှပြီးနောက် ရွှေဆယ်ပတ်နှင့် ငွေပိဿာ တစ်ထောင်ထိုက်သော ပတ္တမြားကို မင်းဖို့ဟူ၍ ထားခဲ့၏။
" ထိုသူဌေး၏ ပစ္စည်းကို ၎င်း၏ သားမြေးဆွေမျိုးတို့သာ ရကောင်းသည် ၊ အမွေစား မရှိမှ မင်းဘဏ္ဍာ ဖြစ် သင့်သည် ၊ ငါမယူလို ၊ အမွေစားတို့အား ပေးစေ " ဟု မိန့်တော်မူ၏။

ထိုအခါ အမွေစားတို့က " ရွှေကို မလိုသော် ပတ္တမြားကို သိမ်းတော်မူပါ " ဟု လျှောက်ကြပြန်၏။ " မယူလို " ဟု မိန့်တော် မူပြန်၍ " အမွေနှင့် မဆက်စပ်ပါ ၊ လက်ဆောင်တော် ဆက်ပါသည် " ဟု လျှောက်ကြမှ လက်ခံတော်မူ၏။
(ဃ)စိတ်ထားနူးညံ့ သည်းခံတော်မူခြင်း
တစ်ရံခါ၌ နရပတိ၏ မိဖုရားကြီးသည် မင်းကြီး၏ စိတ်တော်ကို စမ်းလို၍ ဆန်တစ်ပြည်တွင် စပါးတစ်စ လယ် ရော၍ ချက်ပြီးလျှင် စားတော်တည်လေ၏။
နရပတိလည်း စားတော်ကိုမြင်လျှင် " စပါးလုံး များလှသည် " ဟူ၍သာ သာမည မိန့်ဆို၍ ရွေးဖယ်ကာ စားတော်ခေါ်၏။ ထိုအခါ မိဖုရားကြီးက " စားတော်သည် တို့သည် အလွန် ပေါ့လျော့လေသည်။ နာကျင်လောက်အောင် ကွပ်မျက်တော်မူမည် " ဟု တိုင်ပင်လေသော် မင်းကြီးက " ကျွန်တို့မည်သည်မှာ အရှင်ကို မျက်နှာရအောင် ပြုလိုသည်သာတည်း ၊ မလိုတမာ ပြုကြမည် မဟုတ် ၊ စင်ကြယ်စွာ တီးပြာ၍ ထားသော ဆန်သည် စပါးထားသည်နှင့် နီးသဖြင့် ကျေးငှက်ကြက်တို့ ယက်၍ ဝင်မှန်းမသိ ဝင်သည်သာ ဖြစ်ပါလိမ့်မည်။ အပြစ်မပြုပါနှင့် " ဟု တောင်းပန်သော ဟူ၏။

ဤသို့ မြတ်သောနှလုံးနှင့် ပြည့်စုံသည်ဖြစ်၍ မှူးမတ်ပြည်သူ ရှင် လူ ရဟန်း တို့သည် " သက်တော်ရှည်၍ ဘုန်းတော်ကြီးပါစေ " ဟု မြတ်သောဆုတောင်း ဆုယူ ပြုကြလေကုန်သတည်း။

အစွယ်သုံးချောင်းနှင့် ဆင်နှစ်ကောင်
အင်းဝတွင် ၉၁၃ ခု၌ နန်းတက်သော နရပတိမင်း လက်ထက် အဗြဲပိုက် နှင့် ကိုးသန်းပြု ကို ရခိုင်သို့ တမန်အဖြစ် စေတော်မူ၏။ ကျန်းမာကြောင်း စသော မေတ္တာစကား ဆိုကြပြီးနောက် ရခိုင်ဘုရင်က အစွယ်သုံးချောင်းရှိသော ဆင်ကို မင်းရင်ပြင်၌ ပြသ၍ " မင်းတို့ အင်းဝဘုရင်တွင် ဤသို့သော ဆင်မျိုး ရှိ၏လော " ဟု မေးတော်မူ၏။

အင်းဝတမန်တော်တို့က " အကျွန်ုပ်တို့သခင်ဝယ် အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ရှိပါသည် " ဟု လျှောက်လေ၏။ ထိုအခါ ရခိုင်ဘုရင်က " ဤသို့ဖြစ်လျှင် ငါ့ထက်ပင် တစ်စီး သာလေသည်တကား " ဟု မိန့်တော်မူ၍ တမန်တော်တို့အား ဆုလာဘ် များစွာ ပေးတော်မူ၏။
တမန်တော်တို့ အင်းဝသို့ ပြန်ရောက်၍ အကြောင်းမျိုးစုံး နှင့်တကွ " အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ရှိကြောင်း " ရခိုင်ဘုရင်အား လျှောက်ခဲ့ပုံတို့ကို လျှောက်လေသော် အင်းဝဘုရင်က " ငါတို့မှာ အစွယ်သုံးချောင်းနှင့်ဆင် မရှိဘဲလျက် မောင်မင်းတို့ အဘယ်ကြောင့် မဟုတ်မမှန် လျှောက်ခဲ့သနည်း " ဟု မေးတော်မူ၏။
ထိုအခါ တမန်တော်တို့က " မှန်ပါ အရှင်မင်းကြီး၏ စွယ်စုံ တစ်စီးနှင့် တည် တစ်စီးကို ပေါင်းကြည့်သော် အစွယ်သုံးချောင်းနှင့် ဆင်နှစ်စီး ဖြစ်သည်ကို ရည်၍ လျှောက်ခဲ့ခြင်း ဖြစ်ပါသည် " ဟု လျှောက်လေ၏။

မှတ်ချက်
' တည် ' မှာ အစွယ်တစ်ဖက် တစ်ချောင်းသာ ရှိသော ဆင်ကို ခေါ်သည်။ စကားပြောသောအခါ တယ်ဟု ပြောကြသည်။
နရာပတိဘုရင်လည်း အလွန်အားရ နှစ်သက်တော်မူ၍ တမန်တော် နှစ်ယောက်ကို ကျေးရွာ စသည်ပေး၍ ချီးမြှောက်တော် မူလေသည်။

Posted by မင်းအရိပ်

ပင်းယမင်းဆက်


ပင်းယမင်းဆက်

ပင်းယမင်းဆက် (၆)ဆက် 1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂) 2.မင်းဆက်(၁)တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း 3.မင်းဆက်(၂)ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း 4.မင်းဆက်(၃)ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း 5.မင်းဆက်(၄)ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း 6.မင်းဆက်(၅)နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း 7.မင်းဆက်(၆)ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း စစ်ကိုင်းမင်းဆက် စစ်ကိုင်းမင်းဆက် (၇)ဆက် မင်းဆက်(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀) မင်းဆက်(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆) မင်းဆက်(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉) မင်းဆက်(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း) မင်းဆက်(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း) မင်းဆက်(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅) မင်းဆက်(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1] စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။

မဂဒူး မင်းဆက်

မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉) အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘ၀ရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ၀ါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ၀ါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။

မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမ မှ ဒုန်ဝန်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှူံးပြန်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။ ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ မဂဒူးမင်းဆက် ၁၈ ဆက် ၀ါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆) ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀) စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄) စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁) ဇိတ်ပွန်(၇ ရက်) စောအဲကံကောင်း(၄၉ ရက်) ဗညားအဲလော(၁၃၃၁-၁၃၄၈) ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃) ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆) ပထမဗညားရံ(၁၄၂၆-၁၄၄၆) ဗညားဗရူး(၁၄၄၆-၁၄၅၀) ဗညားကျန်းထော(၁၄၅၀-၁၄၅၃) လိပ်မွတ်ထော(၇ လ) ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)၀ိဟာရဒေ၀ီ(၁၄၅၃-၁၄၇၂) ဓမ္မစေတီ(၁၄၇၂-၁၄၉၂) ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆) သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉) ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။

၎င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။ အင်းဝမင်းဆက် အင်းဝမင်းဆက် အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။

မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ သြဇာမရှိတော့နောက်တွင် တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ တစ်နယ်တစ်မင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက် ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်းဝနန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်းဝမင်းဆက်မှ မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။

တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။

အင်းဝမင်းဆက် ၃၀ ဆက် မင်းဆက်(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) မင်းဆက်(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈) မင်းဆက်(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား) မင်းဆက်(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) မင်းဆက်(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃) မင်းဆက်(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) မင်းဆက်(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း) မင်းဆက်(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) မင်းဆက်(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး) မင်းဆက်(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ) မင်းဆက်(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ) မင်းဆက်(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ) မင်းဆက်(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း) မင်းဆက်(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား) မင်းဆက်(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား) မင်းဆက်(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း) မင်းဆက်(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်) မင်းဆက်(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ) မင်းဆက်(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ) မင်းဆက်(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄) မင်းဆက်(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ) မင်းဆက်(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅) မင်းဆက်(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ) မင်းဆက်(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ) မင်းဆက်(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁) မင်းဆက်(၂၆)နရာဝရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း) မင်းဆက်(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ) မင်းဆက်(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ) မင်းဆက်(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်) မင်းဆက်(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာဝတီပါမင်း) [1] တောင်ငူမင်းဆက် တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။

တောင်ငူမင်းဆက်

တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။

ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။ တောင်ငူရာဇ၀င်အကျဉ်း သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီညို လက်ထက်တွင်ဖြစ်သည်။သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီးဟံသာဝတီတါင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။

ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင်တောင်ငူကို အင်းဝမှ အနောက်ဖက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။

တောင်ငူမင်းဆက် ၈ ဆက်

မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)
တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)
မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)
ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)
မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။

. ညောင်ရမ်းမင်းဆက် တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။

ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၎င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊သာလွန်မင်း တို့သည် အင်းဝ၊ပြည်၊တောင်ငူ၊ဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်

။ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။

ညောင်ရမ်းမင်းဆက် (၁၁)ဆက်
1.မင်းဆက်(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
2.မင်းဆက်(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
3.မင်းဆက်(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
4.မင်းဆက်(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
5.မင်းဆက်(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
6.မင်းဆက်(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
7.မင်းဆက်(၇)နရာဝရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
8.မင်းဆက်(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
9.မင်းဆက်(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
10.မင်းဆက်(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) 11.မင်းဆက်(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)

ကုန်းဘောင် မင်းဆက်

ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။

ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။

ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုပ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋိကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။

ကုန်းဘောင် မင်းဆက် (၁၁)ဆက်
1.အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀)
2.နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁၇၆၃)
3.ဆင်ဖြူရှင် (နန်းစံ ၁၇၆၃-၁၇၇၆)
4.စဥ့်ကူးမင်း (နန်းစံ ၁၇၇၆-၁၇၈၂)
5.ဖောင်းကားစားမင်း (နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း နန်းစံ ရက် ၇ ရက်) 6.ပဒုံမင်း (မြေဒူးမင်း-ဘိုးတော်ဘုရား) (နန်းစံ ၁၇၈၂-၁၈၁၉)
7.စစ်ကိုင်းမင်း (နန်းစံ ၁၈၁၉-၁၈၃၇)
8.သာယာဝတီမင်း (နန်းစံ ၁၈၃၇-၁၈၄၆)
9.ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃)
10.မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈)
11.သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅)

http://taungthartarlay.blogspot.com/

သူခိုးငတက်ပြား


အင်းဝခေတ်မှ သတိုးမင်းဖျားနှင့်
သူခိုးငတက်ပြားအကြောင်း

မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ (ဦးဖိုးကျား)

(ပုံကို မြန်မာdeveloperများ၏ ငတက်ပြား android gameမှ ရယူ သုံးစွဲထားပါသည်။)
( http://www.myanmarsar.org/ ဆိုတဲ့ အင်တာနက်စာမျက်နှာ တစ်ခုကနေ ကူးယူထားတဲ့ စာတွေ ဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာ - အမျိုးသားပညာဝန် ဦးဖိုးကျား ဆိုပြီး တင်ထားပေးတာပါ။ အဲဒီက ကူးယူထားတဲ့ ပို့စ်လေးတွေကို ခေါင်းစဉ်တစ်ခုချင်းစီအလိုက် တင်သွားပါမယ်။ အကုန်တင်ပြီးရင် PDFလေးတစ်ခု လုပ်ပြီး မျှဝေပါ့မယ်ခင်ဗျာ)

သတ္တိရှိသော သူခိုးငတက်ပြား
၇၆၂ တွင် အင်းဝကို တည်၍ နန်းတက်သော သတိုးမင်းဖျား လက်ထက် စစ်ကိုင်း ရေဝန်းအရပ်၌ ကျော်စောသော သူခိုးကြီး ငတက်ပြား ဟူ၍ ရှိ၏။
၎င်းသူခိုးကြီးသည် အလွန်လည်း စွမ်း၏။ သစ္စာလည်း ရှိ၏။ သစ္စာရှိပုံကား မိမိနေသော အရပ်တစ်ဝိုက် မိမိနယ်တွင် မခိုးလေ။ တခြားနယ်သို့ ထွက်၍ ခိုးလေ၏။ သို့ခိုးရာ၌လည်း ဆင်းရဲနွမ်းပါး သူတို့ထံ၌ မခိုး။ ကြွယ်ဝသော သူဌေးသူကြွယ် ၊ မှူးမတ် စသည်တို့ထံ၌သာ ခိုး၏။ ခိုးသောအခါ ဥစ္စာရှင်ကို မည်သည်အခါမျှ အနာတရ မပြု။ ပစ္စည်းကိုလည်း တွေ့ရသောပစ္စည်း တစ်ဝက်ထက် ပို၍ မယူတတ်လေ။

ဤသို့လျှင် ဧရာဝတီမြစ်ကို ဖြတ်ကျော်လျက် အင်းဝဘက်သို့ ကူး၍ သူဌေးသူကြွယ် ၊ မှူးမတ်တို့၏ အိမ်များ၌ ခိုးယူလေ့ရှိ၏။ မှူးမတ် စသူတို့သိ၍ ဖမ်းကြသော်လည်း မရ မမိနိုင် ရှိလေ၏။

တစ်နေ့သော် ငတက်ပြားက " သတိုးမင်းဖျား ငါ့ကို ရလျှင်သာ သတ်ရအံ့ ၊ မရသော်ကား အသူရအံ့နည်း " ဟု ကြုံးဝါးလေ၏။
ထိုသို့ ငတက်ပြား အစွမ်းကောင်း၍ မမိနိုင်ကြောင်း ၊ ထိုသို့ ကြုံးဝါးကြောင်းကို သတိုးမင်းဖျား ကြားသော် ငတက်ပြားကို မိမိကိုယ်တိုင် မိအောင်ဖမ်းမည်ဟု ဆုံးဖြတ်လိုက်လေ၏။
တစ်ည၌ သတိုးမင်းဖျားသည် ရုပ်ဖျက်၍ ထွက်လာပြီးလျှင် မြို့တံခါး မြစ်ဆိပ်က စောင့်နေလေ၏။ ငတက်ပြားလည်း သန်းခေါင်ကျော်၌ လာနေကျအတိုင်း လာ၍ ကမ်းနားသို့ရောက်သော် လှေပေါ်ကပင် " ဟေ့ ဘယ်သူလဲ " ဟု မေး၏။ သတိုးမင်းဖျားက " ငါ ညဉ့်လူပါ " ဟု ဆိုမှ ကုန်းပေါ်သို့ တက်လေ၏။ သတိုးမင်းဖျားက " ဆရာ့နောက် တပည့်ခံ၍ ခိုးလိုသောကြောင့် စောင့်နေပါသည် " ဟု ဆိုသော အခါ ငတက်ပြားသည် အလွန် သဘောကျ၍ အတူခေါ်ဆောင်သွားလေ၏။

ငတက်ပြားက သတိုးမင်းဖျား၏ အသွားအလာကို အကဲခတ်ကြည့်ရာ အလွန်သဘောကျ၏။ ထိုထက်ပင် အကာအဆီး ၊ ဝင်းထရံ စသည်တို့ကို ငတက်ပြားက ခုန်လွှားသောအခါ သတိုးမင်းဖျားလည်း နည်းတူလိုက်၍ ခုန်ကျော်နိုင်သည်ကို တွေ့ရမှ ငတက်ပြားသည် အံ့ဩ၍ ပခုံးကို ပုတ်ပြီးလျှင် " ငါ့တပည့် အတော် စွမ်းသကိုး " ဟု ချီးမွမ်းသော ဟူ၏။

သတိုးမင်းဖျားက " ဆရာ ရှင်ဘုရင့် နန်းတွင်းသို့ ဝင်၍ ရှင်ဘုရင့် ပစ္စည်းတို့ကို ခိုးလိုသည် " ဟု ပြောသောအခါ ငတက်ပြားက " တပည့် ငါတို့ ခိုးစားသော်လည်း ငါတို့ ဘုရင်ကိုကား မပြစ်မှားသင့် ၊ ရှင်ဘုရင့် ပစ္စည်းကို မခိုးချင်ပါနှင့် " ဟု ဆိုမှ သတိုးမင်းဖျားသည် အလွန် သဘောကျပြန်လေ၏။

ပြီးမှ မှူးမတ်များအိမ်တွင် ပုတီး ၊ နားတောင်း ၊ လက်စွပ်များကို ခိုးယူခဲ့၍ တံခါးအနီး မီးသွေးတိုက်သို့ ပြန်လာခဲ့ကြ၏။ သတိုးမင်းဖျားသည် ငတက်ပြားကို ဖြားယောင်း၍ အရက် အလွန်ယစ်မူးအောင် တိုက်ကာ လဲသောအခါမှ ခြေချင်းခတ်၍ မီးသွေးတိုက်တွင် သော့ခတ်ကာ ထားခဲ့၏။

နံနက်သို့ ရောက်ကာလ မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ သတိုးမင်းဖျားလည်း ထိုမှူးမတ်တို့၏ လက်စွပ် စသည်တို့ကို ဝတ်ဆင်၍ ညီလာခံနှင့် လေ၏။ မှူးမတ်တို့လည်း မြင်၍ မိမိတို့၏ လက်စွပ် စသည် ဖြစ်ကြောင်း သိသော်လည်း ဘုရင် ဖြစ်၍ မယိုးစွပ်ဝံ့။ တူသည် ဟူ၍သာ လျှောက်ကြကုန်၏။

သတိုးမင်းဖျားလည်း " နင်တို့သည် ငတက်ပြားကို ရအောင် မဖမ်းနိုင် ၊ ယခု ငါ ဖမ်းမိခဲ့ပြီ ၊ သွားယူချေ " ဟု ထားရာသို့ စေလိုက်၏။
ရှေ့တော်သို့ ရောက်သော် မင်းကြီးက " အရှင်မင်းကြီး ကျွန်ုပ်ကို မိပြီ ဖြစ်သည်။ အလိုရှိသလို သက်တော်မူတော့ ၊ အကျွန်ုပ် အလိုကို လျှောက်ရမည်ဆိုသော် အရှင်မင်ကြီး၏ မိဖုရား စောဥမ္မာ ကိုသာ အလိုရှိပါသည် " ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်လေ၏။

သတ္တိရှိသူကို နှစ်သက်တတ်သော သတိုးမင်းဖျားသည် အနည်းငယ်မျှ အမျက်တော် မရှိဘဲ " ငါ့သို့သော ဘုရင်ကိုစင်လျက် ဤသို့သော် စကားကို ဆိုဝံ့သူသည် အကျိုးမဲ့ မသေကောင်း ၊ နောင် တိုက်ပွဲရှိသောအခါတို့၌ အမှုတော်ကို ထမ်းစေရမည် " ဆို၍ ထားတော်မူသည်။

တစ်ခါသော် တောင်တွင်းကြီးစားသည် ခြားနား ထောင်ထားလေရာ ငတက်ပြားကို ညဉ့်အခါ၌ မြို့တွင်းသို့ ဝင်စေ၍ အလွန်စွမ်းသော လေးသည်ကြီး တစ်ယောက်ကို လုပ်ကြံစေ၏။ လေးသည်ကြီး မရှိလျှင် တောင်တွင်းကြီးစား မခံနိုင်၍ အညံ့ခံမှ အရေးတော် ပြီးရလေသည်။

ထို သူခိုးငတက်ပြားနှင့် စပ်၍ မှတ်ရန်ကား စစ်ကိုင်းတွင် ' မရှိခဏ ဘုရား ' ဟူ၍ စေတီတစ်ဆူ ယခုတိုင် ရှိသည်။ ဤဘုရားမှာ ငတက်ပြားသည် ခိုး၍ရသော ပစ္စည်းတို့ဖြင့် တည်သောဘုရားဖြစ်၏။ ဘုရား တည်စဉ်က ငွေလို၍ မရှိလျှင် ခဏသာ ဖြစ်သည်။ သွားရောက် ခိုးလိုက်လျှင် ရသည်ချည်း ဖြစ်သောကြောင့် ' မရှိခဏ ဘုရား ' ဟု တွင်သည်။

Posted by မင်းအရိပ်

ညောင်ရမ်းခေတ်မှ ထင်ရှားသော အဖြစ်အပျက်များ


ဆယ့်သုံးနှစ်သား ငထင်

အင်းဝဘုရင် မဟာဓမ္မရာဇာ မည်သော အနောက်ဘက်လွန် မင်းတရားသည် ၉၇၀ တွင် ပြည်မြို့ကို တိုက်ခိုက်ရာ မြို့ပေါက်လျှင် ပြည်ဘုရင်သည် အညံ့မခံသေးဘဲ ရာဇပလ္လင် ထက်မှနေ၍ ခုခံ၏။ မကြာမီ အားမတန်၍ ပြည်ဘုရင်နှင့်တကွ မှူးမတ် ၊ ရဲမက်တို့ လက်နက်ချ၍ အညံ့ခံရလေသည်။

ထိုအခါ ဘယဂါမဏိ၏တူ ပြည်ဘုရင်၏ ကျွန် အသက် ၁၃ နှစ်သာရှိလျှင် ငထင် ဆိုသော သူငယ်သည်ကား ကျေးဇူးသစ္စာသိစွာဖြင့် " သေရလျှင် ငါ့အရှင်ရာဇပလ္လင်ရင်းတွင် သေပေစေတော့ ၊ ငါ့အရှင်ကို ငါသေမှသာ ထိပါးရမည် " ဟူ၍ ရန်သူတို့ကို ဓားတစ်ဖက်တစ်စင်းနှင့် ဆက်လက် ခုခံနေလေသည်။

ထိုအခါမှ ဦးရီးတော် ဘယဂါမဏိက " ဟယ် ငထင် ၊ လူပျိုလူရွယ် ပီလှပေသည်။ သို့ရာတွင် မြို့ပျက်၍ တစ်မြို့လုံး သူ့လက်တွင်း ရောက်နေလေပြီ ၊ နင် တစ်ယောက်တည်း ခုခံ၍ ဖြစ်နိုင်မည်လော ၊ လက်နက်ချ၍ အညံ့ခံပေတော့ " ဟု ဟစ်၍ဆိုမှ " သူ့ဆန်စား၍ ရဲရတော့သည် " ဟု ဆို၍ လက်နက်ချလေသည်။
" သူ့ဆန်စား ရဲမှ " ဆိုသော စကားပုံသည် ဤကစ၍ ဖြစ်ဟန်ရှိသည်။ ဤသို့ ပြည်မြို့ကို ရပြီးနောက် မင်းနှင့်တကွ အလိုရှိသူတို့ကို အင်းဝသို့ ယူဆောင်လေသည်တွင် ငထင်လည်း ပါလာလေသည်။ မိမိ၏ အရှင် အပါးတွင်ပင် သေလွန်သည့်တိုင်အောင် ခစားနေရ၍ အင်းဝမင်းက လူကောင်းလူမွန်ဟု ယုံကြည်တော်မူသဖြင့် ဆက်လက် ချီးမြှောက် ထားလေသည်။

အင်းဝသို့ရောက်စက အင်းဝမင်းက " ငါသည် ပြည်မြို့ကို သိမ်းရာမှာ ရှင်တစ်ဆူ ၊ လူတစ်ယောက်သာ ရတော်မူသည် " ဟု မိန့်တော်မူသည်။ ရှင်တစ်ဆူကား ' တိပိဋက လင်္ကာရ တောင်ဖီလာကျော်ပုဂ္ဂိုလ် ' ကို ဆိုလိုသည်။ လူတစ်ယောက်ကား ဤ ' ငထင် ' ကို ဆိုလိုသည်။

အနောက်ဘက်လွန်မင်း နတ်ရွာစံပြီးနောက် ညီတော် သာလွန်မင်း လက်ထက်သို့ ရောက်သော် ၎င်းငထင်သည် များစွာ ချီးမြှောက်ခြင်းကို ခံရပြန်၏။ ' နန္ဒယော်ဓာ ' ဘွဲ့ကို ပေးပြီးနောက် ဝန်ကြီးပင် ခန့်တော်မူသည်။

နန်းတက်စက " ငထင်မှာ ' မဟာတရဖျား ' ဘွဲ့ကို ခံစေ " ဟု အမိန့်တော် ရှိသည်ကို " ကျွန်တော်ထက် အမှုထမ်း သာလွန် ရင့်မာ သူတို့သည် ငထင်ငယ်ကို ဘွဲ့ကြီး ပေးလေသည်ဟု ဝမ်းနည်းရန် ရှိပါသည်။ ငယ်မည်နှင့်ပင် အမှုတော်ကို ထမ်းပါမည် " ဟု မိမိကိုယ်ကို နှိမ့်ချ၍ လျှောက်လေသည်။
ရွှေနန်းတော်သို့ အခစားဝင်လျှင် အိမ်က တစ်ကြိမ် ၊ နန်းမြို့တံခါးတွင် တစ်ကြိမ် ၊ နန်းတော်လှေခါးဝတွင် တစ်ကြိမ် ဤသို့ သုံးကြိမ် မိမိ၏အရှင်ကို မပြတ် ရှိခိုးလေ့ရှိသည်။

အရည်အချင်း ရှိသူတို့ကို ပဏ္ဏာကြေးငွေမယူဘဲ “ သူကောင်းပြုတော်မူပါ " ဟု လျှောက်ပေးလေ့ရှိသည်။ ပညာရှိတို့ကို ခေါ်၍ နှီးနှောပြောဆိုပြီးလျှင် ဆုလာဘ်ကြေးငွေ အထည်အလိပ် ရက်ရက်ရောရော ပေးလေ့ရှိသည်။
ဤငထင်အား ဝန်ကြီး ခန့်တော်မူစဉ်က " နန္ဒယောဓာလည်း ပြည်မြို့ကို ရလျှင် ပြည်စားပျက်သည် တိုင်အောင် အတူမြဲသည်နှင့် နောင်တော်မင်းတရားသည် အတွင်းတွင် စေတော်မူသည်ဖြစ်၍ အကြောင်းမျိုးကို တွေ့မြင်သိမီ အဝါးဝသည်။ ကျေးဇူးသစ္စာတော်စောင့်သည်။ ငါယုံမှတ်တော်မူ၍ ဝန်ကြီး ခန့်တော်မူသည် " ဟု အမိန့်တော်ပြန်တမ်းတွင် ရှိလေသတည်း။

သာလွန်မင်းတရားကြီး

ချွေတာတတ်ခြင်း ၊ သနားတတ်ခြင်း

တစ်ရံသောအခါ အင်းဝ သာလွန်မင်းတရားကြီး (၉၉၁ - ၁၀၁၀) သည် စစ်ကိုင်းဘက်သို့ ဆင်စီး၍ ထွက်တော်မူရာ သူဆင်းရဲမ တစ်ယောက်သည် ထမင်းရည်ငှဲ့သည်တွင် လမ်းပေါ်သို့ ထမင်းရည် စီးလာသည်ကို တွေ့သည်နှင့် သူဆင်းရဲမကို ခေါ်ပြီးသော် " သည်ထမင်းရည်ကို ဆားခတ်ပြီးလျှင် ထမင်း မကျက်ခင် အဆာပြေ သာသမီးများကို လည်းကောင်း ၊ အိမ်တွင် ကျွေးမွေးထားသော ခွေး ၊ ဝက် များကိုလည်းကောင်း ကျွေးမွေးနိုင်သည် မဟုတ်ပါလော။ အစဉ်းအစား မရှိ ၊ အနှမြော မရှိ ၊ အလဟဿ ထုတ်ပစ်ရမည်လော " ဟု ကိုယ်တော်တိုင် ဒဏ်ဆယ်ချက် ရိုက်တော်မူသည်။

ပြီးမှ ငွေ ၃၀ သနားတော်မူခဲ့သည်။ တစ်ခါလည်း သမီးတော်သည် ခါသာပိတ်အင်္ကျီကို ဝတ်လျက် ညစ်ပတ်သောတိုင်ကို မှီ၍ထိုင်နေသည်ကို မြင်တော်မူလျှင် " နင်သည် ကောင်းမှန်းဆိုးမှန်း မသိ ၊ အဝတ်အစားကိုလည်း ရိုသေခြင်း မရှိ ၊ ထို့ပြင် အင်္ကျီမှာ ဆင်းရဲသားများ ထံမှရသော အခွန်တော်နှင့် ဝယ်ရသည်။ နင်တို့က အဆင်အခြင်မရှိ ထိုင်ကာဖြုန်းနေလျှင် တော်ရော့သလား " ဟု ပရိတ်သတ် အလယ်တွင် ဆိုမည်တော်မူ၍ သုံးရက်တိတိ သမီးတော်ကို စကားမပြော မခေါ်ဘဲ နေတော်မူသော ဟူ၏။

အလွန်ရိုးရှာသော သာလွန်မင်းတရားကြီး

သာလွန်မင်း၏ သားတော် အမြင့်မြို့စား ရှင်တရုတ်က ခမည်းတော်နှင့်အတူ အိပ်စက်လိုပါသည်ဟု လျှောက်ရာ မင်းကြီးက " သင်တို့ မဟာသွေး မင်းညီမင်းသား ဆိုသည်မှာ သားသမီးပင် ဖြစ်သော်လည်း မယုံရ ၊ သို့ကြောင့် စကားစမည်ပြောရင်း အိပ်လိုလျှင် ငါ့နောင်တော်၏သား မင်းရဲအောင်ထင် နှင့်ပင် အိပ်ချေ " ဟု မိန့်တော်မူသည်။
သို့အတိုင်း အိပ်သောအခါ မင်းရဲအောင်ထင် မှေးမှေးရှိစဉ် ရုတ်တရက် ကထ၍ ဓားနှင့်ခုတ်လျှင် " ဟယ် " ဆို၍ လက်ဝဲလက်ဖြင့် ကာလိုက်ရာ လက်အကြားကို ဓားထိ ၊ ဆေးဝါးထည့်ပြီးမှ ဘုရင့်ရှေ့တွင် အမှုရင်ဆိုင်ကြရ၏။

ထိုအခါ မင်းရဲအောင်ထင်က မကျေမချမ်းနှင့် " နင်သည် မိမဆုံးမ ၊ ဖမဆုံးမ သား ဖြစ်သည် " စသည်ဖြင့် ဆဲရေးလေလျှင် သာလွန် မင်းတရားကြီးက " ငါသည် သူ့ကို ဆုံးမပါသည်။ မဆုံးမသည် မဟုတ်ပါ။ ငါ့သား ဤကဲ့သို့ ကြံစည်မည်ကို ငါမသိရ၍ မင်းရဲအောင်ထင်နှင့် အအိပ်ခိုင်းမိပါသည်။ ငါက အခုတ်မခိုင်းပါ ၊ သင်းအကြံကို မသိရိုးမှန်ပါသည်။ သိပါချေသော် မဟာသမ္မတ မင်းတို့ ထားအပ်သော ကမ္ဘာ့တန်ဆာ သစ္စာကျမ်းအတိုင်း ရောက်ပါစေ " ဟု ကျိန်ဆိုပြီးလျှင် မင်းရဲအောင်ထင်ကို ကျေရာကျေကြောင်း တောင်းပန်သော ဟူ၏။

သာလွန်မင်းလက်ထက် ကောင်းကင်၌ တည်သည်ဆိုသော ဘုရားဆင်းတု
သာလွန်မင်းလက်ထက် လူအချို့တို့သည် သံကို ဘုရားဆင်းတု လုပ်၍ အထက်မျက်နှာကြက်တွင် သံလိုက်ကျောက်ကို ထားပြီးကာ ဘုရားမဏိတော်နှင့် မျက်နှာကြက်ကို ထိထားသော် အထက်တွင် ကပ်၍နေလေ၏။ မြို့သူမြို့သားတို့လည်း ဆင်းတုတော် ကောင်းကင်ဝယ် တည်သည်ဟု အုတ်အုတ်ကျက်ကျက် ပူဇော်ကြ၏။

ထိုအကြောင်းကို မင်းကြီး ကြားသော် တောင်ဖီလာ ဆရာတော်ကို " စုံစမ်းတော်မူပါ " ဟု လျှောက်၏။ ဆရာတော်လည်း သေချာစွာ စုံစမ်းကြည့်ရှုသော် သံဆင်းတုနှင့် သံလိုက်ကျောက်ကို ဆင်ခြင်မိ၍ ဆင်းတုတော်၏ ဦးခေါင်းတော် အထက်က ယပ်ဖြင့် ဆီးကာလျှင် ဆင်းတုတော် အောက်သို့ ပြုတ်ကျလေ၏။ ဤအခါမှ လူတို့ လှည့်စားကြောင်း သိရလေ၏။

ရဲရင့်သော ဆင်းရဲသား
သာလွန်မင်းတရားကြီး လက်ထက် ဗညားကျန်းတောမှာ ဝန်ကြီးဖြစ်၍ တစ်ခါသော် စစ်ကိုင်းဘက် မန်ကျည်းတောသို့ ရောက်ရှိရာ မန်ကျည်းရွက်နုချိန်လည်း ဖြစ်သဖြင့် ဆင်းရဲသားများ အပင်ပေါ်ကိုတက်၍ မန်ကျည်းရွက်နု ခူးနေကြသည်ကို တွေ့ရ၏။ ဤလူစု၌ ရဲရင့်သူများ ပါတန်ရာ၏ဟု စုံစမ်းလိုသဖြင့် မိမိ၏ နောက်ပါ ရဲသားများအား " ရိုက်နှက်၍ချ " ဟု အမိန့်ပေး၏။ ကြားရုံနှင့် အချို့ပြေးကြ၏။ အနည်းငယ် ကျန်ရစ်သည်တွင် နောက်ထပ်၍ " လှံနှင့်ထိုး သေနတ်နှင့်ပစ် " စသည်ဖြင့် အမိန့်ပေးရာ ကြောက်လန့်ကြ၍ အားလုံး ဆင်းပြေးကြလေ၏။

သို့ရာတွင် တစ်ယောက်သော်ကား ကျန်ရစ်၏။ ဤတစ်ယောက်ကား ဤဝန်ကြီးသည် ငါတို့ ဆင်းရဲသားများကို မတရား ပြုလုပ်သည်။ ဤ မတရားသူ၏ စကားကို ငါ နားမထောင် ၊ သတ်သော် သေပေစေ့ဟု မဆင်းဘဲ ရဲရင့်စွာ နေလေ၏။
ထိုအခါ ဝန်ကြီးက " အသင် ဆင်းရဲသား ၊ အဘယ်ကြောင့် မဆင်းသနည်း ၊ သေမည်ကို မကြောက်သလော " ဟုမေး၏။ " အရှင် ဝန်ကြီးမင်းကို တိုင်းရေးပြည်မှု ကြည့်ရှုရန်သာ ဘုရင်က ခန့်ထားပါသည်။ မန်ကျည်းရွက် ခူးစားရရှာသော ဆင်းရဲသားများကို ညှဉ်းဆဲရန် မဟုတ်ပါ ၊ ယခု အရှင်ဝန်ကြီးမင်း ပြုလုပ်ပုံမှာ တရားသည် မထင်ပါ ၊ သို့ကြောင့် နားမထောင်ဘဲ အသက်အသေခံတော့မည်ဟု မဆင်းဘဲ နေပါသည် " ဟု ပြန်လျှောက်၏။

ဝန်ကြီးလည်း ပြုံးရယ်၍ " ငါသည် သင်တို့၏ အရည်အချင်း သတ္တိကို စုံစမ်းခြင်းမျှသာ ဖြစ်သည်။ သင်ကဲ့သို့ အရည်အချင်း သတ္တိနှင့် ပြည့်စုံသူသည် အချည်းအနှီး မဖြစ်ကောင်း " ဟုဆိုပြီးလျှင် ဆုလာဘ် အဝတ်အစားပေး၍ ချီးမြှောက် သူကောင်းပြုလေသည်။
ဗညားကျန်းတော၏ သဘောထား

ဝန်ကြီး ဗညားကျန်းတောတွင် သားနှစ်ယောက် ရှိ၏။ တစ်ခါသော် ဗညားကျန်းတော မရှိခိုက် သားနှစ်ယောက်ကို လွှတ်တော်က ခေါ်၍ ဘွဲ့အမည် ပေးနှင့်၏။ အဘ ပြန်လာ၍ ဝမ်းမြောက်ဝမ်းသာ ပြန်ပြောကြသော် ဗညားကျန်းတော မနှစ်သက်လေ။ " သင်တို့ ဘွဲ့အမည် ရထိုက်အောင် တစ်စုံတစ်ခုမျှ မပြုရသေး ၊ သင်တို့ အမှုထမ်း၍ ခွေးတစ်ကောင်ကိုမျှ မရနိုင်သေးချေ ၊ မတန်ဘဲနှင့် ယူခြင်းသည် ရှက်ဖွယ် ဖြစ်သည်။ သင်တို့က ဤကဲ့သို့ ဘွဲ့အမည်ယူလျှင် အကယ်ဆောင်ရွက်၍ ထိုက်တန်သူတို့မှာ အဘယ်ဘွဲ့အမည်ကို ယူရမည်နည်း ၊ မတန်သည်ကို မလိုချင်နှင့် ၊ ပြန်၍ပေးပေ " ဟု ဆိုလေသည်။

သားများလည်း ဘွဲ့ကို ပြန်၍ ပေးလိုက်ရလေသတည်း။

ဗညားကျန်းတောနှင့် ဆီသည်မ

တစ်ရံခါသော် သာလွန်မင်းသည် အလွန် ကြမ်းတမ်းခက်ထန်သော ဆင်ကိုစီး၍ ထွက်တော်မူရာ ဗညားကျန်းတောအား ဆင်ကို မောင်းနှင်စေ၏။ ကျောက် ၊ အုတ် ၊ ခလုတ် ကြမ်းတမ်းသော လမ်းတွင် မောင်းနှင်၍ အတန်ကြာလျှင် ဗညားကျန်းတောသည် ချွန်းချက်ကို သိလေ၏။
ယင်းသို့မှ ဆင်ကို အပြင်းအားသွင်၍ မောင်းနှင်လေရာ လမ်းအနီးတွင် ဈေးတောင်းနှင့် ဆီရောင်းနေသော ဆီသည်မကို ထိခိုက်အံ့ ဆဲဆဲတွင် အလျင်အမြန် ချွန်းသတ် ရပ်တန့်ပြီးမှ " ကံကောင်းလို့ဟဲ့ ၊ ငါချွန်းချက်ပိုင်၍သာ နင့်ကို မနင်းမိသည် " ဟု ဗညားကျန်းတောက ဆိုသည်ကို ထက်မြက် ဖျတ်လတ်သော ဆီသည်မက " အိုလေ့ ကျွမ်းရာ ကျင်လည်ကြတာပါပဲ " ဟု ပြန်၍ ဆိုလိုက်လေ၏။
ဗညားကျန်းတောသည် ထိုမိန်းမကို မှတ်သားခဲ့၍ ကိစ္စပြီးသောအခါ သွားရောက် အထက်စကားကို စုံစမ်းလေ၏။ ဆီသည်မလည်း မိမိဆိုသော စကားကို မြဲမြံစေလျက် ဝန်ကြီးအား ဆီဘူးပေါက်အတွင်းသို့ ဆီလောင်းသွင်းစေသည်တွင် မဖြစ်နိုင် မတတ်နိုင် ရှိသောအခါမှ " အရှင် ကြည့်ပါလော့ " ဆို၍ ဆီမှုတ်ကို ဝင့်မြှောက်ကာ သေသပ်ကျန ကောင်းမွန်စွာ သွန်းလောင်း၍ ပြလိုက်လေ၏။ ဝန်ကြီး ဗညားကျန်းတော လည်း ခေါင်းကို အခါခါညိတ်ပြီး ကျေနပ်ကျေငြိမ်း၍ ပြန်သွားလေသတည်း။
ဝတ္တရားကျေပွန်သော တံခါးမှူး
တစ်ခါသော် ဝန်ကြီး ဗညားကျန်းတောသည် စစ်ကိုင်းတွင် ညဉ့်နက်အောင်နေပြီးမှ အင်းဝ မာရ်အောင်တံခါးသို့လာ၍ " ဝန်ကြီး စစ်ကိုင်းက ရောက်လာသည် ၊ တံခါးဖွင့်ပါ " ဟု လူတစ်ယောက်ကို အပြင်က ဆိုစေ၏။
တံခါးမှူးက " သန်းခေါင် ဝန်ကြီးကို ငါ့မတွေ့ဖူးချေ ၊ အချိန်မဲ့ဝင်လိုလျှင် မြို့ဝန်ထံမှာ စာခံ၍ ပြန်လှည့်ပါ " ဟု ဆို၏။ ဗညားကျန်းတောလည်း " ငါ ဝန်ကြီးရောက်လာသည်ကို နင် အဘယ်ကြောင့် တံခါးမဖွင့်သနည်း " ဟု ဆိုပြန်လျှင် တံခါးမှူးက " ထွက်၍သွားစဉ်က ငါ ဘယ်အချိန် ပြန်ရောက်မည်ဟု အမှာအထားလည်း မရှိ ၊ သို့မဟုတ် စောစောက တင်ကြိုလူလွှတ်၍လည်း အပြောအဆို မရှိ ၊ ဝန်ကြီးအင်္ဂါနှင့် မညီ ၊ ဝန်ကြီးယောင်ဆောင် ဝင်သော် အကျိုးမယုတ်လော ၊ မဖွင့်နိုင် " ဟု ရဲဝံ့စွာ ဆိုလေ၏။

ဗညားကျန်းတောလည်း အောင်ထွန်းတံခါးက လှည့်၍ ဝန်ရလေ၏။ နံနက်ကျသော် မာရ်အောင် တံခါမှူးကို ခေါ်၍ ချီးမွမ်း ဆုလာဘ် ပေးတော်မူ၏။ အောင်ထွန်းတံခါးမှူးကိုကား အပြစ်တင်တော်မူ၏။

ဟံသာဝတီပါမင်း
၁၁၁၃ ခုတွင် မွန်များ တက်၍ တိုက်ခိုက်သဖြင့် အင်းဝ ပျက်လေ၏။ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိ ဘွဲ့ခံ ဟံသာဝတီပါမင်း ကိုလည်း မိဖုရား အခြွေအရံ ၊ လက်နက် ၊ ဆင်မြင်း ၊ ပစ္စည်းဘဏ္ဍာပါ သိမ်းကျုံး၍ ဖမ်းယူသွားလေ၏။ သုံးနှစ်ခန့် သုံ့ပန်းအဖြစ်ဖြင့် ထားပြီးမှ မြန်မာဘုရင်သည် မသင့်သောအကြံကို ကြံသည်ဟု ဘုရင်နှင့်တကွ မိဖုရားခေါင်ကြီး အချို့သော သားတော် သမီးတော်တို့ကိုပါ ပဲခူးချောင်း စည်တီးအရပ်၌ ရေတွင်ချ၍ သတ်လေသတည်း။

ဤသို့မသေရမီတွင် ဟံသာဝတီမင်းသည် ပညာမဲ့သော သူများကဲ့သို့ ချောက်ချားခြင်း မရှိဘဲ အနိစ္စသဘောတရား ၊ ဘုရားဂုဏ်တော် ကျေးဇူးကို အထူးအောက်မေ့တော် မူကြောင်းကို နောင်လာနောက်သားတို့ သိကြစေရန် အောက်ပါပိုဒ်စုံ ရတုကို ရေးဆို ခဲ့လေသတည်း။

(၁) ပုဂ္ဂိုလ်ခြောက်မည် ၊ သန္ဓေတည်သား ၊ ဤသည် ပရိတ် ၊ ရှစ်ဆယ်စိတ်တွင် ၊ ခု - တိထီ - နောင်လျဉ် ၊ သံယောဇဉ်လည်း ၊ အယဉ်စီစီ ၊ တိထီသာခန်း ၊ ပျော်မမြန်းခဲ့ ၊ တစ်ဆန်းကျူးလွန် ၊ ဘုံသုံးတန်တွင် ၊ နှိုင်းရန်တူကြောင်း ၊ ရွေးချယ်ပေါင်းသော် ၊ သောင်းကလွှတ်ခွာ ၊ ရာကားကင်းဝေး ၊ ကိုးယောက်ရှေးလျှင် ၊ ရှင်ထွေးလှခေါင် ၊ လှတန်ဆောင်သည် ၊ ရှင်အောင်ကိုသာ လွမ်းမိခဲ့။
(၂) ထုတ်ဆိုဆောက်တည် ၊ ခန်ငါးမည်လည်း ၊ အတည်မမြဲ ၊လွင်ဆင်းရဲစွ ၊ စိုးကဲမသာ ၊ ဤကာယာမူ ၊ ဖန်ရာဆင်ခြင် ၊ ဌီသို့သင်လည်း ၊ တင်သာမရောက် ။ တစ်ထောက် တက်တက် ၊ တစ်သက်သက်တည့် ၊ မွန်းချက်ဦးတင် ၊ သုံးခွင်မိုက်မှောင် ။ လေးမည်ရောင်လည်း ၊ ရာထောင်ဆကာ ၊ မနှုန်းသာသား ၊ ဝိဇ္ဇာယှက်မြှေး ၊ ထိုသည့်ဘေးကြောင့် ၊ တုန်အေးသည်းတွင်း ၊ ခြင်ဆီချဉ်းမျှ ၊ ပျံ့သင်းမရွှင် ၊ ရှိသည်ပင်ကို ၊ နှောင်းမြင်ငြိမ့်ရွှန်း ၊ လှတုကျွန်းသား ၊ သုံးခန်းခေတ္တ ၊ စံတိုင်းပသည် ၊ ရှင်ယျကိုသာ တမ်းမိခဲ့။
(၃) နှုတ်ချိုလျှောက်မည် ၊ ကြံမိသည်ကြောင့် ၊ ရွှေပြည်ဘုံစွန် ။ နိဗ္ဗာန်ကိုပင် ၊ မလိုချင်သေး ၊ ရှင်ထွေးလှလွန်း ၊ လှတံခွန်း၏ ၊ ကျူးလွန်ချိုသာ ၊ ဩဇာရွှေခွန်း ၊ ကြိုင်ကြိုင်မွှန်းကို ၊ ဦးစွန်းထိပ်ပြင် ၊ ကောင်းစွာဆင်၍ ၊ ရွှေရင်တော်ငွေ့ ၊ လှုံရ၍လျှင် ၊ မမေ့ရလို ၊ ဆက်တိုင်ကိုယ်ဟု ၊ တဆိုလျှောက်မည် ၊ ကြံမိသည်ကြောင့် ၊ ရွှေရည်ဦးသစ် ၊ စံသော်ညစ်လိမ့် ၊ တင်ပြစ်ကင်းဝေး ၊ ကိုးယောက်ရှေးလျှင် ၊ ရှင်ထွေးလှခေါင် ၊ လှရှင်အောင်ကို ၊ ရည်ဆောင်လွန်ကျူး ၊ မရွှင်မြူးသည် ၊ ရှင်ဦးကိုသာ ရမ်းမိခဲ့။

( ဤရတုမှာအတန် နက်နဲ သိမ်မွေ့လေသည်။ လူငယ်များ နားလည်ရန် ခက်ခဲ၏။ ဤသံသရာ လောကကြီး၌ မကောင်းမှု ပွားများနေ၍ ကုသိုလ်ကောင်းမှု များစွာ မပြုလုပ်ခဲ့ရ။ နိဗ္ဗာန် မရောက်သေးသမျှ ဆင်းရဲဒုက္ခ ရောက်ကြရမည့် အကြောင်းကို နောင်ပွင့်မည့် အရိမေတ္တယျဘုရားအား လျှောက်ထား အားကိုးလိုကြောင်း တိုင်တန်းတသခြင်း ဖြစ်သည်။ ဤမျှသာ အကြမ်းအားဖြင့် နားလည်ရာ၏။)

Posted by မင်းအရိပ်