Search This Blog

Wednesday, January 18, 2017

ရာဇ၀င်တွင်သော မင်းဧကရာဇ်နှစ်ပါး


ရာဇ၀င်တွင်သော မင်းဧကရာဇ်နှစ်ပါး

မြန်မာလူမျိုးတို့သိသော သီရိဓမ္မာသောကမင်း (ဝါ) အသောကဘုရင်သည် မောရိယမင်းဆက် တည်ထောင်သူ စန္ဒရဂုတ္တမင်းကြီး၏ မြေးတော်ဖြစ်သည်။ ယေရှုခရစ်မပေါ်ထွန်းမီ ၂၆၈ နှစ်တွင် ဘုရင်ဖြစ်လာပြီး အိန္ဒိယတိုက်ကြီးတစ်ခုလုံးကို ၎င်း၏အင်ပါယာအဖြစ် သွတ်သွင်းခဲ့သော ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။

အသောကဘုရင်သည် အိန္ဒိယတိုက်သာမက အာရှအလယ်ပိုင်းထိ နယ်ပယ်ချဲ့ထွင်ပြီး ကျန်ရှိနေသေးသော အရှေ့အာရှနှင့် တောင်ပိုင်းဒေသများကို အင်ပါယာထဲသွတ်သွင်းရန် စစ်ပွဲအကြိမ်ကြိမ်တိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ရင်း အိန္ဒိယအရှေ့ပင်လယ်ကမ်းခြေတွင်ရှိသော ကလိင်္ဂပြည်ကိုဝင်တိုက်ရာ၌ အခက်အခဲကြုံတွေ့ရလေသည်။ တိုင်းပြည်ငယ်သာ ဖြစ်သော်လည်း ကလိင်္ဂတိုင်းသူပြည်သားများသည် ရဲရဲဝံ့ဝံ့အသက်အသေခံ၍ အသောကဘုရင်၏တပ်များကို ခုခံတိုက်ခိုက်လေရာ စစ်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရသည်။

သို့ရာတွင် အင်အားချင်းမမျှတ၍ ကလိင်္ဂပြည်သည် နောက်ဆုံးတွင် အသောက လက်အောက်သို့ ကျရောက်ခဲ့ရှာသည်။ ဤတွင် အသောကဘုရင်သည် ပြင်းထန်လွန်းသော စစ်ပွဲမှ စစ်အနိဋ္ဌာရုံများကိုမြင်တွေ့ပြီး ကြီးစွာတုန်လှုပ်သွားလေသည်။ စစ်ပွဲတွင် ကလိင်္ဂစစ်သည်နှင့် ပြည်သူပြည်သား တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းတစ်သိန်းငါးသောင်းကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ကာ ခြေပြတ်လက်ပြတ်ဖြင့် ဒုက္ခသည်သောင်းပေါင်းများစွာကို အသောကဘုရင် မြင်တွေ့ပြီး သတိသံဝေဂရကာ ထိုမှစ၍ စစ်ပွဲကို လုံးလုံးစွန့်ခွာသော ဘုရင်ဖြစ်ခဲ့သည်။

ထို့နောက် အသောကဘုရင်သည် နန်းစံသက်ကာလတစ်လျှောက်လုံး ဗုဒ္ဓဘာသာ၏ သားတပည့်တစ်ဦးအဖြစ် ခံယူကာ ပြည်သူပြည်သားများကို စောင့်ရှောက်ခဲ့လေသည်။ အသောက ဘုရင်နန်းစံသက်တစ်လျှောက်တွင် အိန္ဒိယနိုင်ငံ(အိန္ဒိယတိုက်) သည် ပျော်မွေ့ဖွယ်အကောင်းဆုံးသော နှစ်ကာလများဟု သမိုင်းဆရာများ အဆိုရှိခဲ့သည်။

အသောကဘုရင်သည်ဗုဒ္ဓသာသနာပြန့်ပွားလေအောင် နိုင်ငံအရပ်ရပ်၌ ကျောက်တိုင်များထွင်းထုကာ ကျောက်စာများရေးထိုးခဲ့သည်။ ထိုကျောက်စာအချို့သည် နှစ်ပေါင်းနှစ်ထောင်ကျော်လာသည့်တိုင် ယနေ့အချိန်အထိ မြင်တွေ့နိုင်ဆဲဖြစ်သည်။ အသောကဘုရင်သည် ဗုဒ္ဓသာသနာ ပြန့်ပွားစေရေးသာမက ပြည်သူပြည်သားများ စားဝတ်နေရေးပြေလည်စေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ရုံမျှမက လမ်းပန်းဆက်သွယ်ရေးနှင့် တိုင်းပြည်တိုးတက်စေရေးအတွက် တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ပေးခဲ့သည်

ထို့အပြင် ကမ္ဘာ့ပထမဦးဆုံးသော တိရစ္ဆာန်ဆေးကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးအတွက် စီမံဆောင်ရွက်နိုင်ခဲ့သည်။ထိုသို့သောရှင်ဘုရင်သည် နှစ်ပေါင်း နှစ်ထောင်ကျော်ကြာသည့်တိုင် နှောင်းလူတို့ ၎င်း၏အမည်ကို မမေ့သေး။ ကောင်းမှုကုသိုလ်ဖြင့် ကျော်စောထင်ရှားဆဲဖြစ်ပါသည်

တရုတ်ဘုရင်ရှီဟွမ်တီ

အသောကဘုရင်နှင့်ခေတ်ပြိုင် တစ်ပြိုင်တည်းလိုလို တရုတ်ပြည်ကို အုပ်ချုပ်ခဲ့သူမှာ နာမည်ကျော် တရုတ်ဧကရာဇ်ရှီဟွမ်တီ ဖြစ်သည်။ တရုတ်ပြည်တွင် နှစ်ပေါင်းထောင်ချီ၍ တရုတ်ဘုရင် တစ်ပါးပြီးတစ်ပါး အုပ်ချုပ်မင်းလုပ်ခဲ့ပြီး ရှီဟွမ်တီမတိုင်မီ‘ချောင်’မင်းဆက်သည် နှစ်ပေါင်း ၈၇၆ နှစ်တိတိ ကြာခဲ့သည်။ ထို့နောက် ဘီစီ ၂၄၆ တွင် နန်းတက်လာသော ဝင်ကျင်အမည်ရှိ နောင်တစ်ချိန် သမိုင်းတွင် လူသိများသည့် ရှီဟွမ်တီဘုရင်သည် သူတလူငါတမင်းအုပ်ချုပ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျယ်ပြောသော တရုတ်ပြည်ကြီးကို စုစည်းနိုင်ခဲ့သည်။

ထို့နောက် ၎င်း၏လက်ထက်တွင် တရုတ်ပြည်၌ ဆိုးရွားသောအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပါသည်။ ရှီဟွမ်တီသည် နန်းတက်လျှင်တက်ချင်း ရှေးတရုတ်မင်းအဆက်ဆက်တို့ အုပ်စိုးခဲ့သည်ကို ပယ်ဖျက်ပြီး တရုတ်ပြည်၏ ပထမဆုံးသော မင်းဧကရာဇ်အဖြစ် ခံယူလေသည်။ တရုတ်ပြည်ကြီးနှင့်ပတ်သက်၍ သမိုင်းတွင် သူ့မတိုင်မီ မည်သည့်အချက်အလက်မှမရှိစေရဟုဆိုကာ သမိုင်းမှတ်တမ်းရေးထိုးထားသော စာအုပ်များ၊ အစီရင်ခံစာများ၊ ဘာသာရေးကျမ်းဂန်များအားလုံးကို မြေလှန်မီးရှို့ပစ်လေသည်။

အထူးသဖြင့် တရုတ်ပြည်သူများကိုးကွယ်သော ကွန်ဖြူးရှပ်စ်နှင့် လာအိုဇူဝါဒ သဘောတရားစာအုပ်များကို အစုလိုက်အပုံလိုက် မီးတင်ရှို့သည်။ စာအုပ်ပိုင်ဆိုင်သူ မည်သူ့ကိုမဆို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ပြန်သည်။ ထိုအမိန့်တော်အတိုင်းပင် ကွန်ဖြူးရှပ်စ်ပညာရှင် ၄၆၀ ကျော်အား အရှင်လတ်လတ် မြေမြှုပ်စီရင်ခဲ့ပါသည်။ ရှီဟွမ်တီလက်ထက်တွင် တရုတ်နိုင်ငံတစ်ဝန်းရှိ သိန်းနှင့်ချီသော စာအုပ်စာတမ်းများ၊ ပေမူများမီးရှို့ခံရပြီး ပညာရှင်အများအပြား ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ ရှီဟွမ်တီသည် မင်းဧကရာဇ်တစ်ပါးဖြစ်သည်နှင့်အညီ ကမ္ဘာ့သမိုင်းဝင် မိုင်ပေါင်းလေးထောင်ကျော် ရှည်လျားသော မဟာတံတိုင်းကြီးကို ဆောက်လုပ်ခဲ့သည်။ ‘မဟာတံတိုင်းမရောက်ငြား ယောက်ျားဘသားမဖြစ်ငြား’ ဟူသည့်အဆိုပင် ပေါ်ထွန်းခဲ့သော ကြီးကျယ်မြင့်မားသည့် မဟာတံတိုင်းကြီးသည် ရှီဟွမ်တီ၏ စိတ်ကူးစိတ်သန်းကြောင့် ပေါ်ထွက်လာသော တံတိုင်းကြီးဖြစ်သည်။

ဆောက်လုပ်စဉ်ကာလက မြောက်မြားစွာသော လူ့အသက်များကို စတေးခဲ့ရသည်။ ရှီဟွမ်တီသည် ကြီးကျယ်မြင့်မြတ်သော ၎င်း၏တရုတ်မင်းဆက်ကို ထူထောင်ရန်ကြံစည်ခဲ့သော်လည်း ကွယ်လွန်ပြီး သုံးနှစ်အကြာမှာပင် မင်းဆက်ပြတ်ခဲ့သည်။

တရုတ်ရာဇဝင်တွင် အတိုဆုံးသော မင်းဆက်လည်းဖြစ်ခဲ့သည်။ ရှီဟွမ်တီမရှိသောအခါ တရုတ်ပြည်သူပြည်သားများသည် မြှုပ်နှံသိမ်းဆည်းထားသော ကျမ်းဂန်များကို အသီးသီးဖော်ထုတ်ကာ မူလအတိုင်း ပြန်လည်ကိုးကွယ်ခဲ့ကြသည်။

ရှီဟွမ်တီကွယ်လွန်သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သမိုင်းတွင် စာပေကျမ်းဂန်များကို မီးရှို့ဖျက်ဆီးသူ၊ ပညာရှိများကို လုပ်ကြံသတ်ဖြတ်ခဲ့သူ မင်းဆိုးမင်းညစ်အဖြစ် နှောင်းလူတို့ သတ်မှတ်ခြင်း ခံရလေသည်။

thutazone
7daynewsjournal

အသောကမင်းကြီး


အသောကမင်းကြီး

အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီး သည် ခရစ်တော် မပေါ်မှီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်-ဂျီဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာ ကိုလူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘ၀နှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထ၀ီအနေအထားအရ အသောကမင်းကြီး ၏ နယ်ပယ်အကျယ်အ၀န်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။

အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေး ဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖေါက်ပေးခြင်း၊ ဆည်မြောင်းတာတမံ များဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ရေကန်များလည်း တူးဖေါ်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွန်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး အိပ်-ဂျီဝဲလ်က သူရေးသားသော (Outline of History) ဆိုသော စာအုပ်ထဲတွင် အသောက မင်းကြီးအား ဤကဲ့သို့ ချီူးကျူးပြောဆိုထားပါသည်။

“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ၀င်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယ သည်ပင် သူ့အဆုံးအမ သြ၀ါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မူ့ အစဉ်အလာကိုမူ ထိန်းထားလေသည် ။ ကွန်စတင်တိုင်း ၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနားဝ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေကယနေ့ ပို၍ပင်များပြားနေသည်။”
စစ်ဘုရင်ဘဝ

အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀၀ ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။အသောက သည် အိန္ဒိယနိုင်ငံ ၏သမိုင်းတွင်ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယ နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံ ငယ်လေးများအား တိုက်ခိုက်အောင်ပွဲ ခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအရှေ့ဘက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ၀င်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာသေကြေပျက်စီးကြရလေသည်။သို့သော်ကလိင်္ဂ တိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့်ပတ်သတ်သော လုပ်ငန်းများကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက လွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။
သာသနာပြုမင်းဘဝ

ကလိင်္ဂတိုင်းတွင် စစ်ကိုငြီးငွေ့သွားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင်စိတ်ကိုမြုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘ၀မှ သာသာနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောက မင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာ ကိုကမ္ဘာ့ဘာသာ ကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ ဥရောပ နှင့် အာဖရိကဒေသ များသို့ စေလွှတ်ခဲ့သည်။ အသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာမန္တန်ရွတ်ဖတ် ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်တယ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယျာဉ်များ၊လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများပညာသင်ကြား နိုင်ရေးအတွက်လည်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ် များတည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိဝေးကွာသော နိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တ၀ါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။

အသောကမင်းကြီးလက်ထပ်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယ သံဃာယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲ လအတွင်း ၌ပင် အသောကမင်း တရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃံငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

သီဟိုဠ်သို့ ညီတော်မဟိန္ဒ နှင့် နှမတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွား လာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်ပါသည်။
ကိုးကား

ဆရာပါရဂူဘာသာပြန်သည်၊ ကမ္ဘာ့အကြောင်းတစေ့တစောင်း၊မူရင်း Glimpses of world history by Jawaharlal Nehru
The 100 A Ranking of the most influential persons in History by H.Hart

မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း


မဇ္ဈိမဒေသမှ ကမ္ဘာအရပ်ရပ်သို့ သာသနာတော်ပြန့်ပွားခြင်း

(၁) ကသ္မိရ ဂန္ဓာရ

ကသ္မိရ, ဂန္ဓာရတိုင်းတို့တွင် သာသနာတော်သည် နှစ် ၁၀၀၀-ကျော် တည်ရှိခဲ့သော်လည်း သာသနာနှစ် ၅၀၀-လောက်အထိသာ ထေရ၀ါဒ သာသနာတည်ရှိပြီး နောက်ပိုင်းတွင် မာသံဃိတိဂိုဏ်း ရောက်လာကာ မဟာယာနသာသနာအဖြစ် သာသနာတော်နှစ် ၁၀၀၀-လောက်ထိ လွှမ်းမိုးခဲ့သည်။ နောင်အခါ ဘာသာခြားတို့ လွှမ်းမိုးသွားသည်။

(၂) မဟိံသကမဏ္ဍလ

မဟိံသကမဏ္ဍလ (မိုက်ဆိုးရ်)ပြည်မှာ မဇ္ဈိမဒေသတောင်ပိုင်းတွင် တည်ရှိ၍ ကလိင်္ဂတိုင်း အန္ဓတိုင်း၊ စောဠတိုင်း၊ ဒမိလတိုင်း၊ ပဏ္ဍုတိုင်း၊ မာလကုဋတိုင်းစသော ဣန္ဒိယ တောင်ဘက်စွန်းနိုင်ငံများသို့တိုင် ထေရ၀ါဒ သာသနာရောက်ခဲ့၍ သာသနာတော်နှစ် တစ်ထောင်ကျော်အထိ သာသနာထွန်းကားခဲ့သည်။ အဋ္ဌကထာ ကျမ်းပြုအကျော် မထေရ်မြတ်တို့ ထွက်ပေါ်ရာ တိုင်းဖြစ်၏။

(၃) ဒက္ခိဏပထ

ဝန၀ါသီမှာဒက္ခိဏပထအနောက်ဘက်တိုင်းနိုင်ငံများဖြစ်သည်။ ကျေးကုလားဟု မြန်မာတို့ ခေါ်ဆိုကြသော ပြည်နယ်များဖြစ်၍ ပင်လယ်ကမ်းရိုးတန်းတလျှောက် ကေရလာ, မလဘာနယ်တို့ ပါဝင်သည်။သာသနာတော်နှစ် ၁၀၀၀ကျော်ထိ ထေရ၀ါဒသာသနာထွန်းကားခဲ့၏။ အသောကမင်းတရား ကျောက်စာတွင် ဓမ္မမဟာမတ္တ သာသနာရေးရာ မင်းကြီးလက်အောက်၌ ၀ါဒပျံ့နှံ့ရေးမှူးများ ခန့်အပ်ဆောင်ရွက်ခဲ့သည့် ဌာနများအဖြစ် ကေရလပုတတိုင်း သတိယပုတတိုင်း တို့ကို ဖော်ပြထားသည်။

(၄) အပရန္တတိုင်း

အပရန္တတိုင်း ဗုံဗာဤ(ဘုံဘိုင်) နယ်ဖြစ်သည်။ အဇန္တာ အဲလိုရာဒေသ ၀ိဉ္ဈာတောင်တန်းဒေသတို့ ပါဝင်၏။ အဇန္တာကျောင်းတော်ကြီးမှာ နာမည်ကျော်ခဲ့၍ သာသနာတော်နှစ် ၇၀၀လောက်ထိ ထေရ၀ါဒ ထွန်းကား၏။ နောက်ပိုင်း မဟာယာနဂိုဏ်းထွန်းကားခဲ့၍ သာသနာတော်နှစ် ၁၀၀၀-ကျော်အထိ တည်ရှိခဲ့သည်။

(၅) မဟာရဋ္ဌ

မဟာရဋ္ဌတိုင်းမှာ အန္ဓရတိုင်း ၀န၀ါသီတိုင်း အပရန္တတိုင်းတို့ အကြားတွင် တည်ရှိ၍ ထေရ၀ါဒသာသနာထွန်းကားခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ကျော်ထိ သာသနာတော် တည်ရှိခဲ့သည်။

(၆) ယောနက

ယောနကတိုင်းသည် အနောက်မြောက်ပိုင်းဖြစ်သည်။ ဂန္ဓာရတိုင်း အပြင်ဘက် ကျရောက်သည်။ နေပြည်တော်မှ ယူဇနာရှစ်ရာ ကွာဝေးသည်။ ယောနသို့မဟုတ် ယောနကတိုင်းပြည်များကို ဂရိနိုင်ငံဟု ဆိုကြသည်။ အသောက ကျောက်စာအမှတ် ၁၃-တွင် ထိုတိုင်းသို့ ဓမ္မမဟာမတ္တ သာသနာရေးရာ အမတ်၊ ဓမ္မနိယုတ္တ တရားဖြန့်ဖြူးရေး တမန်အဖွဲ့များ ခန့်ထားစေလွှတ်ကြောင်း ယောနကနိုင်ငံနှင့် အနီးနားနိုင်ငံများသို့ တရားဓမ္မ ပျံ့နှံ့ရန် ၎င်းနိုင်ငံရှိ ဘုရင်များဖြစ်သော -

(၁) အံတိအိုက (အံတိယိုခ်ျစစ်မင်း) ဆိုက်ရီယ (ဆီရိယနိုင်ငံ)
(၂) တုလမယ (တိုလမီမင်း) ဖိလစ်ဒလ (အီးဂျစ်နိုင်ငံ)
(၃) အံတိကိနီ (အံနိဂိုနောစ့်မင်း) မက်ဆီဒိုနီးယားနိုင်ငံ၊
(၄) မက (မဂါ့စ်မင်း) ဆိုက်ရံနီ (အီဂျစ်အနောက်ပိုင်း)၊
(၅) အလိကသုဒရ (အလက္ကဇန္ဒြာမင်း) အပ္ပိရောဆီနိုင်ငံ -

တို့ထံ သာသနာပြုစေလွှတ်သည်။ သာသနာတော်နှစ် ၅၀၀ လောက်တွင် အရှင်ပီယုဟထေရ (အလက္ကဇန္ဒြိယပြည်သား) နှင့် အရှင်ဣသေနေသ (ပါလစ္စတိုင်းပြည်သား)တို့ ထိုနယ်များ၌ တရားဟောပြကြောင်း မှတ်တမ်းရှိ၍ သာသနာတော်နှစ်-၃၀၀ ကျော်ထိ တည်ရှိခဲ့သည်။ တူရကီစတန် အာဖဂန်နီစတန် ပါသိယန်နိုင်ငံတို့တွင် ဗုဒ္ဓသာသနာအနှစ် ၈၀၀ကျော်ထိ ပျံ့နှံ့ခဲ့သည်။ မဟာယာန သာသနာထွန်းကားခဲ့သည်။

ကမ္ဘောဇတိုင်း ကာဗူဥလ် ဥဒယာန တိုင်းမှာလည်း မဟာယာန သာသနာရောက်ရှိ ထွန်းကားခဲ့သည်။

(၇) ဟိမ၀န္တာဒေသ

ဟိမ၀န္တာနယ်စပ်ဒေသများမှာ နေပါလနယ် တောင်တန်းဒေသများ၊ စိနရဋ္ဌခေါ် တရုပ်ပြည်၊ ဆီက္ကန်၊ ဘူတန်၊ တိဘက်၊ ၀ူထန်(ခူတန်၊ ခိုတန်) နိုင်ငံများဖြစ်သည်။ ရာသီဥတု အေးလွန်းပြီး တောင်စဉ်အထပ်ထပ်ခရီး ဖြစ်သော်လည်း မဇ္ဈိမ မထေရ် ခေါင်းဆောင်သော မထေရ်တို့ သာသနာပြုခဲ့ကြသည်၊ အစပိုင်းတွင် ထေရ၀ါဒ သာသနာရောက်ရှိသွားသော်လည်း နောင်သောအခါ မဟာယာန သာသနာထွန်းကားသွားသည်။ ယခုထက်တိုင် မဟာယာနသာသနာ ထင်ရှားရှိသေးသည်။

(၈) လင်္ကာဒီပ သာသနာ

အရှင်မဟိန္ဒမထေရ်သည် သာသနာတော်နှစ် ၂၃၆-ခုနှစ် နယုန်လပြည့်နေ့တွင် သီဟိုဠ်သို့ ကြွတော်မူသည်။ ဒေ၀ါနံပိယတိဿ မင်းသည် ဗုဒ္ဓသာသနာတော်ကို ကြည်ညိုကိုးကွယ်ပြီး သာသနာပြုခဲ့သည်။ မဟာဝိဟာရ ကျောင်းတိုက်ကြီးကို တည်ဆောက်လှူဒါန်းခဲ့သည်။ ထိုအချိန်မှစ၍ သီဟိုဠ်နိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံတော်ဖြစ်လာသည်။ အရှင်မဟိန္ဒ မထေရ်သည် မဟာအဋ္ဌကထာကျမ်းများကို သီဟဋ္ဌဘာသာသို့ ပြန်ဆိုပို့ချသဖြင့် သီဟိုဠ် သာသနာ ခိုင်မြဲလာသည်။ နောင်အခါဝယ် သာသနာတော်နှစ် ၄၅၀-ခုနှစ်၌ စတုတ္ထသံဂါယနာတင်တော်မူကြပြီး ပေထက်အက္ခရာ တင်ထားခဲ့ကြသဖြင့် ပိဋကစာပေသည် တိုးတက်ဖွံ့ဖြိုးလာသည်။

အသောကမင်းကြီး သားတော် အရှင်မဟိန္ဒကို သိဟိုဠ်သို့ စေလွှတ်ခြင်းသည် အကြောင်းထူးရှိသည်။ သီဟိုဠ်နိုင်ငံသည် သာသနာတော် ခိုင်မြဲတည်တံ့ကျယ်ပြန့်မည့် နိုင်ငံဖြစ်ကြောင်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် အနာဂတံသဉာဏ်တော်ဖြင့် မြင်တော်မူပြီး ဖြစ်၍ မင်းကြီး၏ သားတော်ကို ရွေးချယ် စေလွှတ်တော်မူခဲ့သည်ဟု ဆိုရပေမည်။

မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ သာသနာတော် ရောက်ရှိလာခြင်း

(၉) သုဝဏ္ဏဘူမိ
သုသဏ္ဏဘူမိ ခေါ် ရာမညတိုင်း သထုံမြို့တော်သို့ သာသနာတော်နှစ် ၂၃၅-ခုနှစ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိလာသည်။ အရှင်သောဏ၊ အရှင်ဥတ္တရ၊ အရှင်အနုရုဒ္ဓါ၊ အရှင်တိဿဂုတ္ထ အရှင်သောဏေယ မထေရ်ငါးပါးတို့သည် သာသနာပြုရန် သုဝဏ္ဏဘူမိသထုံပြည်သို့ ကြွတော်မူသည်။ သထုံမြို့ကား သုဓမ္မပူရအမည်ရှိ၏။ မင်းကား သီရိမာသောကမင်းဖြစ်သည်။
ထိုအချိန်မတိုင်မီက မင်းနန်းတော်၌ ဖွားမြင်တိုင်းသော သားသူငယ်တို့ကို ဘီလူးမတစ်ကောင်သည် သမုဒ္ဒရာမှ တက်လာ၍ ခိုးယူစားသောက်လေ့ရှိ၏။

မထေရ်တို့ရောက်သည့်နေ့၌လည်း နန်းတော်တွင် မင်းသားကလေးတစ်ဦး ဖွားမြင်သည်။ စောင့်ရှောက်နေကြသော သူတို့သည် ရုပ်သွင်ထူးဆန်းသော ထိုရဟန်းတို့ကို တွေ့လျှင် ဘီလူးမ၏ အပေါင်းအဖော်များဟုထင်ကာ ရိုက်ပုတ်ရန် ပြေးလာကြသည်။ အရှင်သောဏနှင့် အရှင်ဥတ္တရတို့က သံဃာတော်များဖြစ်ကြောင်း ရှင်းပြနေစဉ်မှာပင် ဘီလူးမသည် အခြံအရံများနှင့်တကွ သမုဒ္ဒရာမှ တက်လာ၏။ မထေရ်တို့လည်း ဘီလူးမထက် နှစ်ဆကြီးသော ပုံသဏ္ဌာန်ဖန်ဆင်း၍ ဘီလူးမများကို နှင်ထုတ်တော်မူသည်။

စည်းဝေးရောက်လာသော သူတို့အား ဒီဃနိကာယ သီလက္ခန္ဓ၀ဂ် ဗြဟ္မဇာလသုတ်တော်မြတ်ကို ဟောပြတော်မူရာ ပရိသတ်ပေါင်း ခြောက်သောင်းတို့ အရိယာဖြစ်ကြ၏။ သုံးထောင်ငါးရာသော ယောက်ျားတို့ ရဟန်းပြုကြကုန်၏။ တစ်ထောင့်ငါးရာသော အမျိုးသမီးတို့ ရဟန်းမ ပြုလုပ်ကြကုန်၏။ ဤသို့လျှင် သုဝဏ္ဏဘူမိ တိုင်း၌ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော် အခြေတကျ ထွန်းကားခဲ့လေသည်။

သာသနာဝင်စာပေတို့တွင် သုဝဏ္ဏဘူမိနှင့် စပ်၍ အကျဉ်းမျှသာ ရေးသားတော်မူခဲ့ကြသဖြင့် သုဝဏ္ဏဘူမိနှင့်စပ်၍ ခိုင်လုံမူရှိစေရန် လိုအပ်လာ၏။ မြန်မာတို့က သုဝဏ္ဏဘူမိဟု အချို့က ဆိုကြပြန်၏။ ယိုးဒယားပြည်တောင်ပိုင်း ဒွါရာဝတီ နိုင်ငံသည်လည်း သုဝဏ္ဏဘူမိဖြစ်နိုင်ကြောင်း ရေးကြပြန်၏။ ဣန္ဒိယတောင်ပိုင်း အနောက်ဘက်ကမ်း ဘုံဘိုင်နယ်ကို လည်းကောင်း၊ တချို့က သူရဋ္ဌတိုင်းနယ်ကို လည်းကောင်း၊ သုဝဏ္ဏဘူမိဖြစ်လေဟန် ပြောဆိုကြ၏။ သို့ဖြစ်၍ သုဝဏ္ဏဘူမိကို စိစစ်ရန်လိုအပ် လာသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အထက်တန်း) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Ref:ဓမ္မစာပေများ
Today Bago New Version အား Download ပြုလုပ်ခြင်းဖြင့်
ပိုမိုဆန်းသစ် ပြီးပြည့်စုံ တဲ့ သတင်းများနှင့် အကြောင်းအရာများကို
နေ့စဉ်အခမဲ့ ဖတ်ရှုလိုက်ပါ။
Download for blow link
www.todaybago.com/todaybago.apk

ကမ္ဘာကို လွှမ်းမိုးခဲ့ တဲ့ ဗုဒ္ဓ ယဉ်ကျေးမှု


လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀) လောက်က ကမ္ဘာကြီးရဲ့ ဒေသများစွာဟာ အသိဉာဏ်ချို့တဲ့မှုနဲ့ ရက်စက်အကြမ်းဖက်မှု အမှောင်ကမ္ဘာထဲမှာသာ ရှင်သန်နေထိုင်ခဲ့ကြတယ်။ လူသားယဉ်ကျေးမှုသစ် တစ်ရပ်ဟာ ဂရိနဲ့ အီတလီကို ဗဟိုပြု ပေါ်ထွန်းခဲ့ပြီးဖြစ်ပေမဲ့ ဂရိမှာပါသီနွန်ဘုရားကျောင်း ကြီးကို မဆောက်ရသေးသလို ရောမမြို့ကြီးက လည်း သေးငယ်လှတဲ့ မြို့ကလေးတစ်မြို့ သာရှိပါသေးတယ်။

သို့သော်လည်း အဲဒီခေတ် ကာလမှာ အရှေ့အလယ်ပိုင်း၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ လူသားတွေဟာ စာရေးခြင်း အတတ်နဲ့ ဆောက်လုပ်ခြင်း ဗိသုကာ အတတ်ကို တတ်မြောက်ပြီးတာ ရာစုနှစ်များစွာကြာနေခဲ့ပါပြီ။ သူတို့ရဲ့ ကုန်သွယ်မူ ရွက်လှေတွေ ဟာ ကုန်ပစ္စည်းတွေကိုသာမက၊ အနုပညာလက်ရာတွေ၊ အတွေးသစ်၊ အယူဆသစ်တွေကိုပါ သယ်ဆောင်ပြီး ကမ္ဘာအရပ် ရပ်ကို ပြန့်နှံ့ရောက်ရှိစေခဲ့တယ်။ အဲဒီခေတ် ရှေးကမ္ဘာက လူသားတွေဟာ မိမိတို့ရဲ့ လူသားကံကြမ္မာကို မိမိ တို့ဘာသာ ဖန်တီး တည်ဆောက်နိုင်တဲ့ စွမ်းအားတွေနဲ့ တဖြည်းဖြည်း ပို၍ ပို၍ပြည့်စုံလာခဲ့ကြပြီး လူသားဆန်တဲ့ ကိုးကွယ်ယုံကြည်မူ ဘာသာတရားတစ်ရပ်ကို တောင်းဆိုလာခဲ့ကြတယ်။

ဒီလိုအပ်ချက်အတွက် အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒ ထွန်းကားဖြစ်ပေါ်လာခဲ့ပြီး တရုတ်နိုင်ငံမှာ တာအိုဝါဒ ပေါ်ထွန်းလာခဲ့တယ်။ အဲဒီနောက် နှစ်ငါးရာလောက်ကြာတဲ့အခါ အနောက်တိုင်းမှာ ခရစ်ယာန်ဝါဒ ပေါ်ပေါက်ခဲ့တယ်။ လူသားတွေဟာ အယူးသီးတဲ့အစွဲလမ်းတွေရဲ့ လွှမ်းမိုးမူကနေလွန်မြောက်ခဲ့ပြီးကိုယ့်လွတ်မြောက်မူ အတွက် ကိုယ့်စွမ်းအားနဲ့ ကြိုးစားထွက်မြောက်ပိုင်ခွင့် ရရှိခဲ့ကြတယ်။
အဲဒီနောက် ဗုဒ္ဓ၀ါဒဟာ အာရှတိုက် တစ်ခွင် ပြန့်နှံ့ထွန်းကားသွားခဲ့ပြီး ခရစ်ယာန်ဝါဒဟာ ဥရောပတစ်ခွင် ပြန့်နှံ့ထွန်းကား သွားခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀) ကျော်က ဂေါတမဗုဒ္ဓ ရှင်သန်နေထိုင်တော်မူခဲ့ပြီး ကိုယ်တော်မြတ်ရဲ့ တရားဓမ္မတွေကို သွန်သင်ဟောကြားတော်မူခဲ့ တယ်။ လူသားအားလုံးဟာ ဆင်းရဲခြင်းအမှန်တရား ရဲ့မျက်မှောက်မှာ အတူတူသာဖြစ်ကြောင်း ဟောကြားပြသ ခဲ့တယ်။

တွယ်တာတပ်မက်မူ တဏှာလောဘကိုစွန့်ပယ်ခြင်းအားဖြင့်လည်းကောင်း၊ အသိဉာဏ်မဲ့မူ အ၀ိဇ္ဇာတရားကို ပယ်နုတ်ခြင်းအားဖြင့် လည်းကောင်း အဲဒီ ဆင်းရဲဒုက္ခအပေါင်းကနေကျော်လွှားလွန်မြောက် နိုင်ကြောင်းကို ဂေါတမဗုဒ္ဓဟာ ကိုယ်တော်တိုင် လွန်မြောက်တော်မူခြင်းအားဖြင့် ပြသတော် မူခဲ့တယ်။ ဒီလိုပြသတော်မူခဲ့ပြီး ဟောကြား လမ်းညွှန်တော်မူခဲ့တဲ့ ဗုဒ္ဓ၀ါဒကို ယနေ့ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာ ဆက်လက်ယုံကြည် ကိုးကွယ်နေကြဆဲဖြစ်တယ်။

ဗုဒ္ဓမြတ်စွာရဲ့ လမ်းညွှန်မူတွေဟာ ငြိမ်းချမ်းရေး အတွက်သာဖြစ်ခဲ့တယ်။ သမိုင်းတစ်လျောက်မှာ ဗုဒ္ဓ၀ါဒကို အကြောင်းပြုပြီး ညဉ်းပမ်းနှိပ်စက်ခဲ့ခြင်း၊ စစ်ဆင်ခဲ့ခြင်းမျိုး မတွေ့ခဲ့ကြရဘူး။ ဖြစ်ပေါ်ခြင်း မရှိခဲ့ဘူး။ ပဋိပက္ခတွေ အမြဲဖြစ်ပေါ်နေတဲ့ ကမ္ဘာမှာ ဗုဒ္ဓ၀ါဒဟာ လူသားရဲ့ထာဝရငြိမ်းချမ်းရေး ရှာဖွေခြင်း ဆန္ဒကို ဖွံ့ဖြိုးအားကောင်းစေခဲ့တယ်။ အိန္ဒိယနိုင်ငံသမိုင်းမှာ မဟာရာဇာ ဧကရာဇ် မင်းဖြစ်တဲ့ အသောကဘုရင် (ဘီစီ-၃ ရာစု) ဟာ အိမ်နီးချင်း ကလိင်္ဂတိုင်းကို စစ်ထိုးအောင်မြင်ပြီးတဲ့နောက် ဗုဒ္ဓ၀ါဒကို ပြောင်းလဲကိုးကွယ်ခဲ့တယ်။ အဲဒီနောက် သူ့ရဲ့ယုံကြည်မူနဲ့ ပတ်သက်ပြီး ကျောက်တုံး၊ ကျောက်တိုင်တွေမှာ ကျောက်စာရေးထိုးစေခဲ့ပြီး တိုင်းပြည်အနှံ့ စိုက်ထူစေခဲ့တယ်။

‘‘လူပေါင်း တစ်သိန်းခွဲ နေရပ် မိသားစုကစွန့်ခွာပြီး ထွက်ပြေးခဲ့ကြရတယ်။ လူပေါင်းတစ်သိန်း သေကြေခဲ့ရတယ်။ လူပေါင်းများ စွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။ကလိင်္ဂတိုင်းကို အောင်နိုင်ပြီးတဲ့နောက် ဒေ၀ါနံပိယတိဿ မင်းကြီးရဲ့ ရင်မှာ နောက်တ တွေ လွှမ်းမိုးခဲ့တယ်။ တိုင်းပြည်တစ်ခုကို စစ်အောင်နိုင်တယ်ဆိုတာ သတ်ဖြတ်မူ၊ သေကြေပျက်စီးမူနဲ့ စစ်သုံ့ပန်းတွေသာ အဖတ်တင်ခဲ့တယ်။ တိုင်းသူပြည်သားအားလုံးဟာ ညဉ်းပမ်းမူ၊ အကြမ်းဖက်မူ၊ သေဆုံးမူ၊ ချစ်ခင်တဲ့ မိသားဝင်တွေနဲ့ သေကွဲ ရှင်ကွဲ ကွဲကွာကြရမူတွေနဲ့ ဒုက္ခသည်တွေဖြစ်ခဲ့ကြရတယ်။ ဒီလို သိမြင်နားလည်ခဲ့တဲ့ ဒေ၀ါနံပိယတိဿမင်းကြီးရင်မှာ နောင် တ၊ သောကတွေနဲ့ ပူလောင်ခဲ့ရတယ်။’’

‘‘အကယ်၍ စစ်ဘေးဒုက္ခသည် တွေဟာ ဒီအရေအတွက်ထက်အဆပေါင်းတစ်ထောင်နည်းမယ်ဆိုရင်လည်း ဒီ အတွေးမျိုးက ဒေဝါနံ ပိယတိဿ မင်းကြီးကို ပူဆွေးစေမှာပါဘဲ။ အကယ်၍ ကလိင်္ဂတိုင်းသားတွေဟာ မှားနေတယ်ဆိုရင်တောင် တန်ပြန် တိုက်ခိုက်မူတွေမလုပ်ဘဲ စွမ်းအားရှိသမျှ သည်းခံခွင့်လွတ်ခဲ့သင့်တယ် လို့ မင်းကြီး ယုံကြည်လာခဲ့တယ်’’

‘‘အောင်ပွဲများစွာ အနက် ကောင်းမြတ်ဆုံး အောင်ပွဲဟာ ဓမ္မအောင်ပွဲသာဖြစ်တယ်။ငါ့ရဲ့ သားတော်၊ မြေးတော်တွေဟာ ဒီသဘောမှန်၊ အတွေးမှန်တွေကို သိရှိနားလည်စေဖို့ ငါ့ဟာယခု ဓမ္မသဘော တရားမှန်တွေကို ကျောက်စာရေးထိုးစေခဲ့တယ်။ ငါ့သားစဉ် မြေးဆက်တွေဟာ ဓမ္မသဘောမှန်တွေ ကို သိရှိနား လည်ပြီး စစ်ပွဲအသစ်၊ စစ်အောင်မြင်မူ အသစ်တွေကို စိတ်မကူးကြပါစေနဲ့။
သည်းခံ ခွင့်လွတ်ခြင်းဖြင့်သာ မှန်ကန်တဲ့ ဓမ္မအောင်ပွဲတွေကို ဆင်နွှဲအောင်မြင်ကြပါစေ’’

ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခဲ့ပြီး၊ ပြန့်နှံ့စေခဲ့တဲ့ ဒေသကြီးဟာ ယနေ့ခေတ်လူတွေ တွေးသိတာထက် အများကြီးပိုမိုကျယ်ပြန့်ခဲ့ပြီး လူတွေ၊ အတွေးအခေါ်အယူဆတွေ လူပ်ရှားထကြွရာ နေရာ၊ ဒေသကြီးဖြစ်ခဲ့တယ်။ ဒီ ကမ္ဘာမြေပေါ်မှာ အိန္ဒိယနိုင်ငံဟာ ပထ၀ီ အနေအထားအရ အနောက်တိုင်း နိုင်ငံတွေနဲ့ အရှေ့ဖျားနိုင်ငံတွေက ယဉ်ကျေးမှုတွေ ကူးလူးဆက်ဆံရာ၊ ထိတွေ့ရာ လမ်းဆုံလမ်းခွ နိုင်ငံကြီးဖြစ်ခဲ့တယ်။ အဲဒီ ခေတ်ကာလက ကမ္ဘာ့ကုန်းတွင်း စီးပွားကူးသန်းရေး ခရီးလမ်းမကြီးတွေဟာ အနောက်တိုင်းကနေ ပါးရှားပြည်ကတဆင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်ကြားလမ်းတွေကို ဖြတ်သန်းခဲ့ကြရတယ်။ အရှေ့တိုင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အာရှအလယ်ပိုင်းက ရှေးဟောင်း ပိုးလမ်းမကြီးကလည်း အဲဒီ အိန္ဒိယနိုင်ငံ မြောက်ပိုင်း တောင်ကြားလမ်း ခရီး တွေကို ဖြတ်သန်း သွားခဲ့ကြရတယ်။

ကမ္ဘာ့ရေလမ်းခရီးမှာလည်း ပါရှား၊ ဂရိ၊ ရောမနဲ့ အလက်ဇန္ဒြိယားက ကုန်သွယ်မူ သင်္ဘောတွေဟာ အိန္ဒိယနိုင်ငံ အနောက်ဘက် ဆိပ်ကမ်းတွေဖြစ်တဲ့ ဂူဂျာရတ်နဲ့ ကွန်ကန် မှာ ဆိုက်ရောက်ခဲ့ကြတယ်။ ကွန်ဘတ်တိုး၊ အန္ဓရတိုင်းနဲ့ သီဟိုဠ်ကျွန်းက ကုန်သွယ် သင်္ဘောတွေဟာလည်း အိန္ဒိယနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းတွေမှာ ဆိုက်ရောက်ခဲ့ကြတယ်။ ဒီထက်မကဘူး။ အနောက်တိုင်း နိုင်ငံတွေကို ကုန်သွယ်ရွက်လွင့်ခဲ့တဲ့ အရှေ့ဖျားတိုင်းနိုင်ငံတွေက ကုန်သွယ် သင်္ဘောတွေရဲ့ ခရီးတစ်ထောက်ရပ်နားရာ ဆိပ်ကမ်းလည်း ဖြစ်ခဲ့တယ်။ အိန္ဒိယနိုင်ငံ ကိုယ်တိုင်က ကုန်သွယ် သင်္ဘောတွေကတော့ အရပ်မျက်နှာဒေသအသီးသီးက တိုင်းနိုင် ငံတွေကို ကုန်သွယ်ရွက်လွင့်ခဲ့တယ်။

အနောက်တိုင်းကမ္ဘာနဲ့ အိန္ဒိယနိုင်ငံရဲ့ ဆက်ဆံရေးဟာ ရှေးကမ္ဘာမှာ အဆက်ပြတ်မသွားခဲ့ဘူး။ ပါရှန် ဧကရာဇ်ဘုရင် ဒါးရီးယက် ဟာ ဘီစီ (၅) ရာစုအတွင်း ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မပြုခင် နှစ်အနည်းငယ် အတွင်းမှာဘဲ အိန္ဒိယနိုင်ငံက ပန်ချပ်ပြည်နယ်နဲ့ သိန္ဓုမြစ်ဝှမ်းဒေသကို ချဲ့ထွင်သိမ်းပိုက်ဖို့အတွက် ကြိုးစားရင်း ပါစီပိုးလစ် မှာ သူ့ရဲ့ နန်းတော်ကြီးကို ချန်ထားရစ်ခဲ့တယ်။

ဘီစီ (၄) ရာစုအတွင်း၊ အလက်ဇန္ဒားဘုရင်ရဲ့ နယ်မြေချဲ့ထွင်ရေးစစ်ခရီးစဉ်ကြီးမှာ ရေမြေအနေအထားတွေကို လေ့လာမှတ်တမ်း တင်တဲ့ ပထ၀ီပညာရှင်တွေ၊ သိပ္ပံ ပညာရှင်တွေ အတူပါလာခဲ့ပြီး ပါရှန်ဘုရင်တွေရဲ့ စစ်သည်တော်တွေစတင်ခဲ့တဲ့ ကုန်းတွင်း ခရီးလမ်းကြောင်းကို ပိုမို ခရီးပေါက်တွင်ကျယ်စေခဲ့တယ်။ အလက်ဇန္ဒားဘုရင်ဟာ သိန္ဓုမြစ်ပေါ်မှာ ဆိပ်ကမ်းတစ်ခု ဖွင့်လှစ်ပြီး ရေတပ်တစ်တပ် တပ်စွဲခဲ့တယ်။ အဲဒီရေတပ်က ရေတပ်ဗိုလ်ချုပ် နီယာကွီးဟာ သိန္ဓုမြစ်တစ်လျှောက်ရွက်လွှင့်ပြီး သိန္ဓုမြစ်နဲ့ တိုင်းဂရစ်မြစ်ကြား ရေလမ်းခရီးတစ်ခု ဖောက်ထွင်ခဲ့တယ်။ အလက်ဇန္ဒားဘုရင်ဟာ ဆင်တပ်တွေ၊ အိန္ဒိယ စစ်သားတွေနဲ့အတူ သူ့ရဲ့စစ်တပ်ကြီးနဲ့ အာဖရိကန်နစ္စတန်နိုင်ငံကို ဖြတ်သန်းပြီး သူ့ရဲ့ ဇာတိတိုင်းနိုင်ငံကို ပြန်ခဲ့တယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းဒေသတစ်ခုလုံးနဲ့ အာဖရိကန်နစ္စတန်၊ ဂန္ဓာရတိုင်း (ယခုခေတ် အာဖရိကန်နစ္စတန်နိုင်ငံနဲ့ပါကစ္စတန်နိုင်ငံနယ်စပ်) ပန်ဂျပ်ပြည်နယ်တွေဟာ ဂရိဘုရင်တွေရဲ့ လက်အောက်မှာ ရာစုနှစ်များစွာ ကျရောက်ခဲ့တယ်။ မိလန္ဒ သို့ မဟုတ် မိနန္ဒာ ဘုရင်ဟာ အဲဒီ ဂရိဘုရင်တွေထဲက တစ်ပါးဖြစ်ခဲ့ပြီး သူဟာ ဗုဒ္ဓဘာသာဝင်မင်းတစ်ပါးဖြစ်ခဲ့တယ်။ ဒီ ဂရိမင်းဆက် တွေဟာ ဂရိ ဟန်လင်နစ်ယဉ်ကျေးမှု၊ ရောမယဉ်ကျေးမှုတွေကိုလည်း ထွန်းကားပြန့်ပွားစေခဲ့တယ်။ ဂရိလူ မျိုးတွေဟာ အိန္ဒိယတိုင်းရင်းနွယ်ဖွားတွေနဲ့ ပေါင်းဖက်ခဲ့ကြပြီး အဲဒီ မျိုးဆက်တွေကတစ်ဆင့် ဂရိကိုရိုမန် လို့ခေါ်တဲ့ ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုသစ်တစ်ရပ် ဖြစ်ပေါ်ထွန်းကားခဲ့တယ်။

အသစ်ဖြစ်ပေါ်လာတဲ့ ဂရိကိုရိုမန် ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုဟာ အေဒီ တစ်ရာစုကာလ ဂရိမင်းဆက်တွေကို ဆက်ခံခဲ့တဲ့ ကုရှန်မင်းတွေ လက်ထက်မှာ အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ကုရှန်လူမျိုးတွေဟာ တရုတ်နိုင်ငံနဲ့ အာရှအလယ်ပိုင်းမှာ လှည့်လည် နေထိုင်နေကြတဲ့ လူမျိုးတွေဖြစ်တယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံ ထိုးဖောက်ဝင်ရောက်ခဲ့ကြပြီး သူတို့ရဲ့ အင်ပါယာဘုရင်တွေဟာ ဗုဒ္ဓ၀ါဒကို ခံယူကိုးကွယ်ခဲ့ကြတယ်။

သမိုင်းမှာ စစ်ပွဲတွေ၊ စစ်အောင်နိုင်မူတွေထက် အရေးပါတာက အလက်ဇန္ဒားဘုရင်ကို ဆက်ခံခဲ့တဲ့ ဆီလူးကပ်ဘုရင်တွေနဲ့ ပါရှားက ဒါးရီးယက် ဘုရင်ရဲ့နန်းတော်ကို စံနမူနာပြုပြီး နန်းတော်ကြီးတည်ဆောက်စိုးစံခဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက မောရိယ ဘုရင်တွေကြားဖြစ်ပေါ်ခဲ့တဲ့ ချစ်ကြည်ရင်းနှီးမူ ကာလဖြစ်တယ်။ ဒီကာလဟာ အတော်ရှည်ကြာခဲ့တယ်။ သံတမန်တွေ အချင်း ချင်း အပြန်အလှန်ထားရှိခဲ့ကြပြီး ကုန်သည်တွေဟာ ယနေ့ခေတ် ဗီဟာနယ်ရဲ့ မြို့တော် ပတ်တနားမြို့နေရာမှာ ရှိခဲ့တဲ့ ပါဋလိ ပုတ်ကို အစုလိုက်၊ အစုလိုက် ရောက်ရှိလာခဲ့ကြတယ်။ အသောကဘုရင်ဟာ ဂရိမင်းသမီးတတစ်ပါးကို မိဘုရားတင်မြှောက်ခဲ့ ပြီး ဗုဒ္ဓသာသနာပြု အဖွဲ့တွေကို အရှေ့၊ အနောက်တိုင်း နိုင်ငံတွေကို စေလွှတ်ခဲ့တယ်။

အသောကမင်းကြီး စေလွှတ်ခဲ့တဲ့ ဗုဒ္ဓသာသနာပြုအဖွဲ့တွေဟာ ပါရှားပြည်၊ အီဂျစ်ပြည်၊ မက်ဆီဒိုးနီးယားပြည်၊ ဆိုင်ယမ်နိုင်ကပြည်နဲ့ ဂရိနိုင်ငံအနောက်မြောက် ပိုင်းထိ ရောက်ရှိခဲ့တယ်။ ရောမသမိုင်းဆရာ ပလင်နီရဲ့ရေးသားမူအရ အဲဒီခေတ်တုန်းက ရောမဟာ ရောမဒင်္ဂါးငွေ သန်း (၅၀) တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းတွေကို အိန္ဒိယကနေ နှစ်စဉ်ဝယ်ယူခဲ့တယ်လို့ သိကြရတယ်။

အဲဒီ ကုန်ပစ္စည်းတွေထဲမှာ မော်လ်ဝါက ချည်ထည်တွေ၊ ပဋလိပုတ်က ယွန်းထည်တွေနဲ့ သံလွင်ဆီ၊ ကွန်ကန်ဒေသက ဆိုးဆေး၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့အဖိုးတန် ကျောက်မျက်တွေပါဝင်သလို ကျောက်စိမ်းထည်တွေ၊ ဆင်စွယ်တွေ၊ ရောမစစ်တပ်နဲ့ ဆက်ကပ်တွေမှာ သုံးတဲ့ ဆင် တွေအထိပါဝင်ခဲ့တယ်။ ရှေးခေတ်ရောမ ရွှေဒင်္ဂါးပြားတွေကို အိန္ဒိယနိုင်ငံတောင်ပိုင်း ကမ်ရိုးတမ်းတစ်လျှောက်နဲ့ အနောက်မြောက်ပိုင်းဒေသတွေဖြစ်တဲ့ ကန်နနိုး၊ ကွိုင်ဘက်တိုး၊ မဟာဗလိပုရ တို့မှာတွေ့ကြရတယ်။ အဲဒီ ရောမဒင်္ဂါးပြားတွေပေါ်မှာ ရောမဘုရင်တွေဖြစ်တဲ့ ‘‘သြဂတ်စတပ်၊ ကာရာကော်လာ၊ ကလော့ဒီးယက်၊ သီအိုဒိုနဲ့ ကွန်စတန်တင်’’ တို့ရဲ့ပုံတွေကို ထုထွင်း ထားပါတယ်။

တိုင်းတပ်လို့ အမည်ရှိတဲ့ အာရှ အနုပညာသည်တစ်ဦးဟာ အာရှအလယ်ပိုင်း မီရန်မှာ ဗုဒ္ဓ၀င်ဆိုင်ရာ နံရံဆေးရေး ပန်းချီတွေကို ရေးခြယ်ခဲ့တယ်။ အလက်ဇန်းဒီးယန်း ကုန်သည်တွေဟာ ဘုံဘေ အနီးက နဆစ်ခ်နဲ့ ဂျွန်နာမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ၀င်တွေကို ကူညီခဲ့တယ်။ သမိုင်းမှတ်တမ်းတွေဟာ အဲဒီခေတ်အခါက လူနေမှုကို အနည်းအကျဉ်းသာ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်တယ်။ စစ်သုံ့ပန်းတွေ၊ စစ်တပ်အသီးသီးမှာ ၀င်ရောက်အမှုထမ်းကြတဲ့ စစ်သားတွေ (အိန္ဒိယ မြှားသည်တော်တွေဟာ ပါရှန် စစ်တပ်မှာ အထူးထင်ရှားတယ်)၊ တစ်နေကနေ တစ်နေရာကို လှည့်လည်သွားလာနေတဲ့ စစ်ပြေးတွေ၊ လက်မှုပညာသည်တွေ ၊ ပန်းပဲဆရာတွေ၊ ဆင်စွယ် ပန်းပွတ်သည်တွေ (အိန္ဒိယဆင်စွယ် လက်မှုပစ္စည်းတွေကို ရောမက ပွန်ပေအိုင် မှာတွေ့ကြရတယ်)ရက်ကန်းသည်တွေ၊ ကျောက်မျက်ကုန်သည်တွေ၊ ပန်းပုဆရာတွေ၊ ကြွေထည်သည်တွေ စတဲ့ အမှုထမ်း၊ ဈေးသည်၊ လက်မှု ပညာသည်တွေဟာ ကုန်သည်ကြီးတွေရဲ့အောက်မှာ အထူးစည်ပင် ထွန်းကားခဲ့တယ်။

အဲဒီခေတ်က အာရှအလယ်ပိုင်းဆိုတာ ဗမီးယန်းဒေသများ (အာဖရိကန်နစ္စတန်နိုင်ငံအတွင်းက ရှေး ဘက်ထရီးယားပြည် ရဲ့ တောင်ဘက်မှာတည်ရှိတယ်)၊ ကက်ရှဂါနဲ့ ကုရှာဒေသများကနေ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက နယ်စပ်မြို့ တွန်းဟွန် အထိ ပါဝင်ခဲ့တယ်။ အဲဒီ နယ်နိမိတ်ဟာ မြောက်ဘက်မှာ တိုင်ရှန်တောင်ထွတ်တွေနဲ့ တောင်ဘက်မှာ ကရကိုရမ်နဲ့ ကိုအန်လွန် တောင်ထွတ်တွေကြားမှာ အဆုံးသတ်လျက်တည်ရှိပြီး ကန္တာရကနေ ခရီးလမ်းနှစ်ခု ရှိခဲ့တယ်။ မြောက်ပိုင်းလမ်းဟာ ကက်ရှ်ဂါ၊ ကုရှာ၊ ကီဇီလ်နဲ့ တော်ဖန်အိုအေစစ်ဒေသတွေကို ဖြတ်သွားပြီး တောင်ပိုင်းလမ်းကတော့ ယာကန်၊ ခိုတန်၊ မီရန်နဲ့ လော့ဗနော် ဒေသတွေကို ဖြတ်သန်းသွားတယ်။

အဲဒီလမ်းခရီးနှစ်ခုစလုံးဟာ ‘‘တွန်းဟွန်’’ မှာ အဆုံးသတ်ကြတယ်။ အဲဒီ ကုန်သွယ်လမ်းခရီးနှစ်ခုဟာ အာရှအလယ်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဗုဒ္ဓဘာသာဝင်တွေပြန့်ပွားရောက်ရှိသွားခဲ့တဲ့ အဓိက လမ်းခရီးတွေဖြစ်ခဲ့တယ်။ ပြီးတော့ အဲဒီဒေသတွေဟာလည်း ဗုဒ္ဓဘာသာယဉ်ကျေးမူ အလွန်ထွန်းကားတဲ့ ဗဟိုအချက်ချာနေရာဒေသတွေဖြစ်ခဲ့တယ်။ ဗုဒ္ဓသာသနိကဆိုင်ရာ ဂူကျောင်း ဆောင် ထောင်ပေါင်းများစွာ ဖောက်ထွင်းတည်ဆောက်ခဲ့ပြီး မြေပေါ်အဆောက်အဦးတွေလည်း ဆောက်လုပ်ခဲ့တယ်။ ကီဇီလ် ဒေသတစ်ခုထဲမှာဘဲ ‘‘မင်ဂွိုင်’’ လို့ခေါ်တဲ့ ဂူကျောင်းပေါင်းထောင် ချီ ဖောက်ထွင်း တည်ဆောက်ခဲ့တာကို တွေ့ကြရတယ်။ အဲဒီ ဂူကျောင်းတွေမှာ အရှေ့အလယ်ပိုင်း၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက လက်မှုပညာ သည်တွေရဲ့ ဆေးရေး၊ ပန်းပုလက်ရာတွေကို တွေ့ကြရတယ်။

အေဒီ (ရ) ရာစုအတွင်း၊ တရုတ်ပြည်ကနေ အိန္ဒိယကို ဘုရားဖူး၊ ပညာတော်သင်သွားခဲ့တဲ့ တရုတ်ရဟန်းတော်ရွှင်ကျန် ဟာ ဆိုခဲ့ပြီးတဲ့ ခရီးလမ်း နှစ်ခုအနက်က မြောက်ပိုင်းလမ်းကတစ်ဆင့်သွားရောက်ခဲ့တာဖြစ်တယ်။ သူ့ရဲ့ခရီးသွားမှတ်တမ်း ကတစ်ဆင့် အဲဒီ မြောက်ပိုင်း လမ်းတစ်လျှောက်မှာရှိတဲ့ ပူပြင်းတဲ့ ကန္တာတွေ အကြောင်း၊ နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ထွတ်တွေအကြောင်းနဲ့ အိုအေစစ်ဒေသက တိုင်းနိုင်ငံတွေအကြောင်းသိကြရတယ်။

အိန္ဒိယမှာ စာပေကျမ်းဂန်တွေသင်ယူပြီးတဲ့အခါရဟန်းတော် ရွှင်ကျန်ဟာ ပိဋကတ်ကျမ်းစာတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်တွေသယ်ဆောင်ပြီး တရုတ်ပြည်ကိုပြန်ခဲ့တယ်။
အေဒီ (၁၄) ရာစုမာကိုပိုလိုရဲ့ မှတ်တမ်းမှာလည်း အဲဒီ မြောက်ပိုင်းလမ်းခရီးက တိုင်းနိုင်ငံတွေမှာ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာ ထုလုပ်ကိုးကွယ်ထားကြောင်းဖော်ပြထားတယ်။

အာဖရိကန်နစ္စတန်က ဗမိရန်းဒေသကတော့ အိန္ဒိယနိုင်ငံရဲ့ ၀င်ပေါက်လမ်းကို ပိတ်ဆို့တည်ရှိနေတဲ့ ဟိန္ဒူကက်ရှ် တောင်ကြားလမ်းကို ခက်ခက် ခဲခဲ ဖြတ်သန်းခဲ့ကြရတဲ့ အ၀င်အထွက်ခရီးသည်တွေ နားခိုရာနေရာဖြစ်ခဲ့တယ်။ အဲဒီ နေရာက ဗမိရန်းကျောက် ဆောင်ကမ်းပါးပြတ်မျက်နှာစာမှာ ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူကို ထွင်းထုပူဇော်ခဲ့ပြီး ဂူကျောင်းတွေကို ဖောက်လုပ် တည်ဆောက်ခဲ့တယ်။ အဲဒီ ဆင်းတုတော်ကြီးနှစ်ဆူဟာ (၁၇၃) ပေနဲ့ (၁၂၀) ပေ အသီးသီး ဉာဏ်တော်မြင့်မားကြတယ်။ ပြီး တော့ ဂူကျောင်းတွေထဲမှာ နံရံဆေးရေးပန်းချီတွေရေးခြယ်ထားခဲ့တယ်။ ကုန်သည်တွေဟာ ဒီလို ထုလုပ်ခြင်း၊ ဆေးရေးခြယ် ခြင်းအတွက် လှူဒါန်းခဲ့ကြပြီး သူတို့ ကုန်သွယ်ခရီးလမ်းတစ်လျှောက်ဘေးအန္တာရာယ်ကင်းဖို့ လှူဒါန်းခဲ့ခြင်းဖြစ်တယ် လို့ သိကြ ရတယ်။

ခရီးလမ်းရဲ့ အဆုံးဖြစ်တဲ့ ‘‘တွန်းဟွန်’’ မှာတော့ ဗုဒ္ဓ၀ါဒယဉ်ကျေးမှုဟာ ကုန်သည်တွေနဲ့ ရှင်ဘုရင်တွေရဲ့ လှူဒါန်းထောက်ပံ့မူ ကြောင့် အကြီးအကျယ်ထွန်းကားခဲ့တယ်။ တရုတ်နိုင်ငံက ဝေ၊ တန်နဲ့ ဆုန် မင်းဆက်တွေအားလုံးဟာ ဗုဒ္ဓ၀ါဒယဉ်ကျေးမှုကို လှူဒါန်း ထောက်ပံ့ခဲ့ကြတာဖြစ်လို့ အဲဒီနေရာဒေသမှာ အံ့မခန်း ဗုဒ္ဓ၀ါဒ ယဉ်ကျေးမှုလက်ရာတွေကို တွေ့ရှိကြရတယ်။

အဲဒီဒေ သမှာ လှိုဏ်ဂူရာများစွာတွေ့ရတဲ့အနက် ဗုဒ္ဓရုပ်ပွားတစ်ထောင် လှိုဏ်ဂူဟာ ရာစုနှစ်များစွာကြာအောင် ပိတ်ဆို့ကွယ်ပျောက်နေ ခဲ့ရပြီး ပြန်လည်တွေ့ရှိတဲ့အခါ လှိုဏ်ဂူထဲကနေ အဖိုးမဖြတ်နိုင်တဲ့ လက်ရေးမူကျမ်းစာတွေ၊ ပိုးထည် ဆေးရေးပန်းချီတွေ၊ နံရံ ဆေးရေးပန်းချီလက်ရာတွေကို တွေ့ရှိခဲ့ကြတယ်။ ယင်ကင်နဲ့ လွင်မန် ဒေသနှစ်ခုကတော့ တရုတ်နိုင်ငံမှာ အထူးထင်ရှားတဲ့ ရှေးဟောင်း ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားရာ အခြားဒေသနှစ်ခုဖြစ်တယ်။ တရုတ်နိုင်ငံမှာ ဗုဒ္ဓ၀ါဒနဲ့ ပတ်သက်ပြီး အစောဆုံးတွေ့ ရတဲ့ ခုနှစ်ဟာ အေဒီ (၆၅) ဖြစ်တယ်။

ဘိက္ခု ကေသရ
(source: The UNESCO COURIER)
Posted by bhikkhukesara

ကျောက်စာများက ပြောသော အသောကမင်းကြီး


ကျောက်စာ နံပါတ် (၁၃) မှာ ရေးထိုးထား တဲ့ ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသနာပြု အဖွဲ့တွေ စေလွှတ်ရာ ဌာနဖြစ်တဲ့ အနောက်နိုင်ငံတွေက ဘုရင် (၅) ပါးရဲ့အမည်တွေကိုအခြေခံပြီး အသောက ဘုရင်ရဲ့ နန်းစံနှစ်ကိုဘီစီ ၂၆၈ - ၂၃၂ လို့ ခန့်မှန်းကြပါတယ်။ အဲဒီဘုရင်(၅)ပါးရဲ့အမည်ထဲမှာ အီဂျစ်၊ ဆီးရီးယားနဲ့မက်ဆီဒိုးနီးယားက ဘုရင်တွေပါတယ်။ အသောက ဘုရင် နန်းစံ တဲ့ သက်တမ်းကို အဲဒီ ဘုရင် (၅) ပါးရဲ့ နန်းစံနှစ်တွေကနေ ခန့်မှန်းကြတာ ဖြစ်တယ်။ ဒီ ခန့်မှန်းချက်ဟာ ၂ နှစ်ကနေ ၁၀ နှစ် လောက်တော့ မှား ချင်မှား သွားနိုင်တယ်။ ရှေးအင်ဒီးယန်းတွေဟာသမိုင်းနှစ်ကာလမှတ်တမ်းတွေ ကိုမှတ်လေ့မရှိကြတော့ယခုတွက်ချက်ခန့်မှန်းထားတဲ့နှစ်နဲ့ဘဲ အိန္ဒိယ ရှေးဟောင်း သမိုင်းကို ခုနှစ် စဉ်ကြည့်ကြရတယ် ။ သီဟိုဠ် သမိုင်းကျမ်းဖြစ်တဲ့ "မဟာဝံသ’’ က အသောကဘုရင်ရဲ့ နန်းစံနှစ်ကို (၃၇) နှစ်လို့ ပြောထားပြီး၊ "ပုရာမ်’’ ကျမ်းကတော့(၃၆) နှစ်လို့ ဖော်ပြထားပါတယ်။ အသောကဘုရင်လက်ထက်အတွင်းက ရေးထိုးခဲ့တဲ့ကျောက်စာ တွေဟာ အဲဒီ ခေတ်ကာလကို ခန့်မှန်းတွက်ချက်ဖို့အတွက် ခိုင်မာတဲ့ သက်သေအထောက်ထားတွေဖြစ်တယ်။ ဒီကျောက်စာတွေအပြင် သီဟိုဠ်မှာ မှတ်တမ်းတင်ထားတဲ့ ''မဟာဝံသ၊ ဒီပ၀ံသနဲ့ သမန္တပါသာဒိကာ’’ ကျမ်းတွေကို လည်း တိုက်ဆိုင်ကြည့်ကြရတယ်။ ပြီးတော့ မြောက်ပိုင်း ဗုဒ္ဓဘာသာ ကျမ်းတွေဖြစ်တဲ့အသောကရာဇ ၀ဒါန’’၊‘’အသောကရာဇသုတ္တ’’ နဲ့ '' ဒိဗျာဝဒါန ’’ကျမ်းတွေနဲ့လည်းနှိုင်းယှဉ်တွက်ချက်ကြည့်ရပါတယ်။

အစဉ်အလာ သမိုင်းအရတော့ အသောက ဘုရင်ဟာ ငယ်ရွယ်စဉ် အခါတုန်းက အလွန်ကြမ်းတမ်း ခက်ထန်တယ်၊ လူအသက်ပေါင်းများစွာ သတ်ခဲ့တယ်၊ နောက်ပိုင်း ဗုဒ္ဓဘာသာဝင် ဖြစ်သွားတဲ့အခါ အလွန် ယဉ်ကျေးသိမ်မွေ့သွားပြီး ပြည်သူပြည်သားတွေကို မေတ္တာ ကရုဏာနဲ့ အုပ်ချုပ်ခဲ့ လို့ သူဟာ ''ဓမ္မာသော ကဘုရင်’’လို့ ထင်ရှားသွားတယ်၊ စသည်ဖြင့် ဖြစ်တယ်။

အသောကဘုရင်ရဲ့ဘ၀ဇာတ်ကြောင်းကိုကျောက်စာရေးသားချက်တွေကပိုပြီးခိုင်ခိုင်မာမာပြောပြနေပါတယ်။ ကျောက်စာတွေထဲကအတိုင်းပြောရရင်တော့ အသောက ဘုရင်ဟာ နန်းစံနှစ် (၇) နှစ်မှာ ဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ၀င်ဖြစ်ပြီး ၂ နှစ်ခွဲလောက်ထိ သူဟာ ဗုဒ္ဓဘာသာကိုလေးလေးနက် မသက်ဝင်ခဲ့သေးဘူးလို့ ခန့်မှန်းရမှာ ဖြစ်တယ်။ နန်းစံနှစ် (၈) နှစ်မှာကလိင်္ဂတိုင်းကိုစစ်နိုင်ခဲ့တယ်၊ ဒီ စစ်ပွဲအတွင်းမှာအပြစ်မဲ့ ပြည်သူများစွာသေကြခဲ့ရတာ ကိုအသောကဘုရင်မြင်တွေ့ခဲ့ရတယ်။ စစ်သုံ့ပမ်းတွေကို ပြည်နှင်ဒဏ်ပေးခဲ့ တယ်။ ကလေးသူငယ်တွေ မိတကွဲ၊ ဖတကွဲ ဖြစ်ခဲ့ကြရ သလို ၊ လင်ဆုံး၊ သားဆုံး၊ မယားဆုံးလို့ ပူဆွေးသောက ရောက်နေတဲ့ စစ်ဒဏ်ထိပြည်သူတွေကို အသောကဘုရင်တွေ့မြင်ခဲ့ရတယ်။ ဒီလို စစ်ရဲ့ အနိဋ္ဌာရုံမြင်ကွင်း ကို မြင်တွေ့ခဲ့ ရတဲ့ အသောကဘုရင်ဟာအလွန်စိတ်မချမ်းမမြေ့ဖြစ်ခဲ့ရပြီး စစ် ကိုစက်ဆုပ်သွားခဲ့တယ်။ တိုက်ခိုက် သတ်ဖြတ်ပြီး ဖြစ်ပေါ်ရရှိလာတဲ့အောင်ပွဲကိုအလွဲအောင်ပွဲ အဖြစ်သိမြင်လက်ခံခဲ့ပြီးတော့ တကယ့် အောင်ပွဲ ဆို တာ ဟာအကြမ်းဖက်၊ နှိပ်ကွပ်မူ မပါတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မ၊၀ိနယအဆုံးမတွေပေါ် မှာအခြေခံ တဲ့ အောင်ပွဲ သာ ဖြစ်တယ်လို့ လက်ခံသိမြင်လာခဲ့တယ်။

အဲဒီနောက်တစ်နှစ်ကျော်ကာလပတ်လုံးဗုဒ္ဓမြတ်စွာရဲ့တပည့်သာဝကသံဃာတော်အရှင်မြတ်တွေကို ဆည်းကပ် ခဲ့တယ်။ ကောင်းမှုကုသိုလ်များစွာပြုခဲ့တယ်၊ ကိုယ်ကျင့် သီလတွေ ယုံယုံကြည်ကြည် ကျင့်ကြံခဲ့ တယ်။ ကျောက်စာ နံပါတ် (၈) မှာ အသောကမင်းကြီးဟာ နန်းစံနှစ် (၁၀) နှစ်မှာ ''သမ္ဗောဓိ’’ ကိုသွားခဲ့တယ် လို့ ရေးထိုးထားတယ်။ ဒီရေးထိုးမူဟာ အသောကမင်းကြီးဟာသူကိုယ်တိုင်ထူးမြတ်တဲ့ တရားအသိဉာဏ်ရရှိသွားခဲ့တယ်လို့အဓိပ္ပါယ်ထွက်သလိုဗုဒ္ဓမြတ်စွာသဗ္ဗညုတဉာဏ်တော်ရရှိတော်မူခဲ့တဲ့ ဗုဒ္ဓဂါယာဒေသ ကို သွားရောက်ခဲ့တယ် လို့လည်း အဓိပ္ပါယ်ထွက်နေပါတယ်။

အဲဒီအချိန်ကစပြီးအသောကဘုရင်ဟာဗုဒ္ဓမြတ်စွာရဲ့ဘ၀ဖြစ်စဉ်နဲ့ပတ်သက်တဲ့ နေရာဌာနတွေကိုဘုရားဖူးခရီးထွက်ခဲ့တယ်။ နောက်ထပ်ကျောက်စာတစ်ခုကတော့အသောကဘုရင်ဟာနန်းစံနှစ်(၁၂) နှစ်မှာဗုဒ္ဓမြတ်စွာဖွားတော်မူရာ လုမ္ဗိနီကိုသွားခဲ့တယ် လို့ ရေးထိုးထားပါတယ်။အသောက ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ထက်သန်တဲ့ သဒ္ဓါတရားနဲ့ယုံကြည်ကိုးကွယ်ပြီးလိုက်နာကျင့်သုံးခဲ့တယ်။သူ့သြဇာ ဖြန့်ကျန်မူအောက်မှာရှိတဲ့တိုင်းပြည် ဒေသအနှံ့မှာလည်းဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ ထွန်းကားပြန့်ပွားအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်။

စေတီပုထိုးတွေမှာ ဗုဒ္ဓ၀င်ကြောင်းချင်းရာ နတ်ပြည်လောက ရုပ်လုံးရုပ်ကြွတွေ ထုလုပ်တန်ဆာဆင်စေပြီး တိုင်းသူပြည်သားတွေကို ရုပ်ပုံတွေက တဆင့် ဗုဒ္ဓ၀ါဒ အဆုံးအမတွေကို သင်ကြားပေးခဲ့တယ်။

ဒီလိုသင်ကြားမူတွေကြောင့် အရင်တုန်းက ဗုဒ္ဓ၀ါဒအကြောင်းဘာမှမသိကြရတဲ့သာမာန်ပြည်သူတွေဟာ နတ်သားနတ်သမီးတွေအကြောင်းနတ်ပြည်လောကအကြောင်းကိုသိကြရတယ်လို့ကျောက်စာများစွာမှာရေးထိုးဖော်ပြထားတယ်။ နန်းစံနှစ်(၇) နှစ်ကစပြီး(၂၇) နှစ်အထိအသောဘုရင်ကြီးဟာ ဗုဒ္ဓသာသနာတော်ပြန့် ပွား ထွန်းကားဖို့ကြိုးစားဆောင်ရွက်ခဲ့ပြီး ဒီဆောင်ရွက်မူတွေကို ကျောက်စာမှတ်တမ်းတွေနဲ့ ရေးထိုးမှတ် တမ်းတင်ခဲ့တယ်။ ဒီလို ရေးထိုးထားခဲ့တဲ့ ကျောက်စာအများစုကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အချို့ကျောက်စာတွေကို ပြောင်ချောနေတဲ့ ကျောက်ပြားတွေပေါ်မှာ ရေးထွင်း ထားခဲ့ပြီး ကျောက်ချပ်စာ လို့ခေါ်ကြတယ်။ အချို့ကျောက်စာတွေကို ကြီးမားတဲ့ သဲကျောက်လုံးတိုင်ကြီးတွေပေါ် မှာ ရေးထွင်း ခဲ့ပြီး ကျောက်စာတိုင် လို့ခေါ်ကြပါတယ်။ ကျောက်ချပ်စာ ကိုဘဲ နောက်ထပ် နှစ်မျိုးခွဲခြားနိုင်ပါတယ်။ အဓိ က ကျောက်ချပ်စာ(၁၄)ချပ်ကို အသောက ဘုရင်အုပ်ချုပ်စိုးစံသွားခဲ့တဲ့ ဂါနာအပါအ၀င်တိုင်းပြည်နယ်စပ် တစ်လျှောက် ဒေသ(၇) နေရာကနေရှာဖွေတွေ့ရှိခဲ့ကြတယ်။အဲဒီကျောက်ချပ်တွေမှာရှည်လျားတဲ့ကျောက် စာ မှတ် တမ်းတွေပါဝင်ပြီး ကျောက်စာမှတ်တမ်းတွေ ရဲ့ အရေးကြီးတဲ့အချက်လက်တွေ ကို တွေ့ရှိ ကြရ ပါတယ်။သေးငယ်တဲ့အခြား ကျောက်ချပ်စာတွေကိုတော့အိန္ဒိယနိုင်ငံ၊အလယ်ပိုင်းနဲ့တောင် ပိုင်းဒေသ က နေရာ (၇) နေရာမှာရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ ကျောက်စာတွေဟာ အများအားဖြင့် ဗုဒ္ဓ၀ါဒနဲ့ သက်ဆိုင်နေ ပြီး အချို့ကျောက်စာတွေမှာတော့ အသောကဘုရင်ရဲ့မင်းကျင့်တ ရားဆိုင်ရာကျင့်ထုံးတွေကိုရေးထိုး ထားပါတယ်။အသောကဘုရင်က လေ့လာသင်ယူကြဖို့တိုက်တွန်းထား တဲ့ ဗုဒ္ဓတရားတော်သုတ် (၇)သုတ် ပါတဲ့မှတ်တမ်းကျောက်စာချပ်ကို ''ဘာရတ်ထ်’’ မှာတွေ့ရှိခဲ့ပြီး အဲဒီကျောက်ချပ်စာဟာ အသေး စားတွေထဲ က တစ်ချပ်ဖြစ်ပါတယ်။

အကြီးစား၊အသေးစားကျောက်စာတိုင်တွေများစွာ လည်းယနေ့ခေတ် ထိအောင် ကျန်ရစ်ခဲ့ပါတယ်။ ကျောက်စာတိုင်(၆)တိုင်၊သို့မဟုတ်(၇)တိုင်ကိုအဓိကအားဖြင့် အိန္ဒိယနိုင်ငံအလယ်ပိုင်း က နေရာ(၆) နေရာမှာ တွေ့ရှိခဲ့တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့မှတ်တမ်းတွေ ဟာ အများ အားဖြင့် ကျောက်ချပ်စာတွေ မှာပါသလို ဗုဒ္ဓဓမ္မဆိုင်ရာ အဆုံး အမတွေဖြစ်ပါ တယ်။ အဲဒီကျောက် စာတိုင်တွေ ကိုအသောကဘုရင် နန်းစံနှစ် (၂၆) နှစ်မှာ ရေးထိုးစိုက်ထူခဲ့တာဖြစ်တယ်။ အသေး စားကျောက်စာတိုင်တွေ ကို ဗုဒ္ဓ၀င်နေရာတွေဖြစ်တဲ့ ''ဆာရာနတ်ထ်’’ လို၊ ''ဆန်ချီ’’ လို နေရာတွေ မှာ တွေ့ရများတယ်။ ဒီကျောက်စာတိုင်တွေ ကတော့ ဗုဒ္ဓမြတ်စွာရဲ့ တပည့် သံဃာ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတွေ ပါဝင်နေတယ်။ ပြီးတော့ သံဃာတွေ မညီမညွတ်ဂိုဏ်းကွဲသွားနိုင် တဲ့ အန္တာရာယ်တွေကိုလည်း သတိပေးရေးထိုးထားပါတယ်။ ဒီကျောက်စာ တိုင်တွေရဲ့ ထိပ် ဆုံးမှာ အများ အားဖြင့် သတ္တ၀ါတစ်မျိုးမျိုးနဲ့ တန်ဆာဆင်ထားတယ်။ ''ဆာရာနတ်ထ်’’မှာ ရှာဖွေတွေ့ရှိခဲ့ တဲ့ ကျောက်စာတိုင်ရဲ့ ထိပ်မှာ ခြင်္သေလေးကောင် လေးဘက်လေး တန်မျက်နှာ မူနေ ပုံထွင်းထု ထား ပြီးအောက်ဘက်မှာ ဓမ္မစကြာလှည်းဘီး တွေပါတယ်။ ဒီလက်ရာပြောက်မြောက်လှတဲ့ အသောကဘုရင်ရဲ့ သင်္ကေတ အမှတ်တံဆိပ်ကို ဒီနေ့ခေတ် အိန္ဒိယနိုင်ငံရဲ့ နိုင်ငံတော် အမှတ်တံဆိပ် အဖြစ်အသုံးပြုထား ပါတယ်၊ပြီးတော့ဓမ္မလှည်းဘီးပုံကိုတော့ အိန္ဒိယနိုင်ငံ ရဲ့နိုင်ငံတော် အလံပေါ် မှာတွေ့မြင်နိုင် ပါတယ်။ အသောကဘုရင်ရဲ့ကျောက်စာတွေကို(၁၉) ရာစုနှစ်က စပြီးပညာရှင်တွေ စတင်တွေ့ရှိခဲ့ကြ တယ်။ မကြာသေးခင်နှစ်များထိဆက်လက်တွေ့ ရှိနေဆဲဖြစ်တယ်။ ၁၉၄၉ခုနှစ်မှာ အာမေးနီး ယန်း ဘာသာ နဲ့ ရေးထိုးထား တဲ့အသောက ဘုရင်ရဲ့ကျောက်စာ တစ်ချပ်ကို အာဖရိ ကန် နစ်စတန်နိုင်ငံလမ်ပါ က ဒေသမှာ ရှာဖွေတွေ့ရှိခဲ့တယ်။ ဂရိ၊ အာမေးနီးယန်း နှစ်ဘာ သာ ရေးထိုးထား တဲ့ ကျောက်စာ ကိုတော့၁၉၅၈ ခုနှစ်က ကန်ဒဟာရ် ဒေသမှာတွေ့ ရှိခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဒေလီမြို့နယ် အစပ်မှာ လည်း ကျောက် စာချပ်တစ်ချပ်တွေ့ရှိခဲ့ တယ်။ ကျောက်စာ (၃၀) ကျော်ကို အတည်ပြု ထားနိုင်ခဲ့ပြီးဖြစ် တယ်။ဂျိမ်း ပရင့်ဆပ် က ၁၈၇၃ ခုနှစ်မှာ အသောကကျောက် စာတွေ ရဲ့ အဓိပ္ပါယ်တွေကို စတင် ဖော်ထုတ်နိုင်ခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်း အဓိပ္ပါယ် ပိုကောက်နိုင်ခဲ့ရာကနေ အခုတော့ကျောက်စာ ချပ်တွေရဲ့ စကားအဓိပ္ပါယ်ကို အပြည့်အ၀ နီးပါး နားလည်နိုင်ကြပြီဖြစ်ပေမဲ့ ဒွိဟဖြစ်စရာ ကျောက်စာ အဓိပ္ပါယ်များစွာလည်း ကျန်ရှိနေပါသေးတယ်။

အသောကမင်ကြီးဟာဗုဒ္ဓ၀ါဒရဲ့သင်ကြားမူဖြစ်တဲ့လူသားအားလုံးဟာအခြေခံအားဖြင့်အဆင့်တန်းတူညီတယ် ဆိုတဲ့ ဆုံးအမကို လက်ခံယုံကြည်ခဲ့တယ်။ ဒါကြောင့်မို့ သူ အပါဝင် လူသား အားလုံးဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတရားတော်တွေကို လိုက်နာကျင့်သုံးဖို့လိုတယ်။ လူသားအားလုံးဟာကရုဏာတရား ကိန်းအောင်း ပြီး ရိုးသားဖြူ စင်ဖို့လိုတယ် လို့ယုံကြည်ယူဆခဲ့တယ်။ ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ပြည် သူ ပြည် သားတွေ အားလုံး သက်ရှိ သတ္တ၀ါတွေ အပေါ်မှာသနားကြင်နာဖို့၊ မှန်ကန်စွာ ပြောဆိုဖို့၊ စိတ်ရှည် သည်းခံဖို့ အကူညီမဲ့နေသူတွေ ကိုကူညီဖို့တိုက်တွန်းခဲ့တယ်၊ အားပေးခဲ့တယ်။ ဆိုခဲ့တဲ့လူသားကျင့်ဝတ်တွေ ဟာအလွန်ရိုးရှင်းနေပေမဲ့၊ အသောကမင်းကြီးကတော့ ဒီကျင့်ဝတ်တွေဟာ ဘယ်တော့မှ ဖောက်ပြန်ပြောင်း လဲ မူ မရှိတဲ့လူသားအားလုံးလိုက်နာ ကျင့်သုံးသင့်တဲ့သစ္စာတရားတွေအဖြစ်ယုံကြည်လက်ခံခဲ့တယ်။ အဲဒီ ကျင့်ဝတ်တွေကိုနောက် အနာဂတ် မျိုးဆက်တွေ လက်ဆင့်ကမ်းဖို့အတွက် သူဟာဆိုခဲ့ပြီး တဲ့ ကျောက်စာ ချပ်၊ ကျောက်စာတိုင်တွေ မှာရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ကိုယ့်လို ဝေဒနာခံစားမူရှိတဲ့သတ္တ၀ါအားလုံးရဲ့အသက်ကို လေးစားတန်ဖိုးထားဖို့အရေးကြီးတယ်ဆိုတဲ့အချက်ကိုအသောကမင်းကြီးရဲ့ ကျောက်စာတွေမှာထပ်ခါတလဲလဲ ဖော်ပြရေးထိုးထားခဲ့ပါတယ်မလိုအပ်ဘဲသတ်ဖြတ်ညဉ်းဆဲခြင်းကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့တယ်။ အကယ်၍ သတ္တ၀ါတွေကို မဖြစ်မနေသတ်ဖြတ်ရမယ် ဆိုရင်တောင် ကိုယ်ဝန်ဆောင်မိခင်နဲ့ငယ်ရွယ်တဲ့သတ္တ၀ါတွေကိုလုံးဝမသတ်ရဘူး။တိုင်းပြည်အနှံ့မှာ ဆေးရုံတွေဆောက်လုပ်ပေးခဲ့တယ်၊ ဆေးရုံတစ်မျိုးက လူတွေ အတွက်ဖြစ်ပြီး၊ နောက်ထပ် ဆေးရုံတစ်မျိုးက တိရစ္ဆာန်တွေ အတွက်ဖြစ်တယ်။ ဆေးဝါးကုသဖို့လိုအပ်တဲ့ ဆေးပင်တွေကို အထူးစိုက်ပျိုးစေခဲ့ တယ်၊ လမ်းဘေးတွေမှာ အရိပ်ရသစ်ပင်တွေစိုက်ပျိုးစေခဲ့တယ်။ရေတွင်းရေကန်ပေါင်းများစွာတူးဖော်စေခဲ့တယ်။ ခရီးသည်တွေနားခိုဖို့ ဇရပ်၊နားနေရန်ဌာနတွေ၊ သောက်သုံးရေစင်တွေ ခရီး လမ်းမတွေရဲ့ဘေးမှာ တည်ထားစေခဲ့တယ်

(ကျောက်စာ ၃)

ဒီလိုကူညီစောင့်ရှောက်ခြင်းနဲ့အသောကမင်းကြီးဟာသူ့တိုင်းပြည်က ပြည်သူပြည်သားတွေ ရဲ့ ဘ၀ ကို ငြိမ်းချမ်းသာ ယာစေခဲ့တယ်၊ လူအပါအ၀င် သတ္တ၀ါအားလုံးရဲ့အပေါ်မှာထားရှိတဲ့ သူ့ရဲ့ မေတ္တာတရား၊ သနားစောင့်ရှောက်မူ (ဒယာ)တရားတွေကို ဖော်လှစ်ပြသခဲ့ပါတယ်။ အသောကမင်းကြီး ရဲ့ကျောက်စာတွေ မှာ မိဘ၊ဆရာသမားနဲ့ သက်ကြီးဝါကြီးတွေရဲ့ဆုံးမစကားကို ရိုသေလေးစားဖို့အ ရေးကြီးကြောင်းကိုလည်း ထပ်ခါတလဲလဲဖော်ပြထားတယ်။ သက်ကြီးရွယ်အိုတွေကို ယဉ်ကျေးစွာဆက်ဆံဖို့လမ်းညွှန်ထားတယ်။ မိတ်ဆွေတွေ၊ ပညာရှိ၊ သမဏ၊ ဗြာဟ္မဏတွေ၊ ဆင်းရဲသားတွေ ၊ကျေးကျွန်တွေကို ကောင်းမွန်စွာ ဆက် ဆံဖို့၊ ဘယ်အဆင့်တန်းမှာ ဘဲဖြစ်ဖြစ်လူသားတစ်ဦးစီမှာရှိတဲ့လူသားဂုဏ်သိက္ခာ ကို လေးစားဖို့တိုက် တွန်း ထားတယ်။ ဒီအပြင်သာမဏ၊ ဗြာဟ္မဏတွေနဲ့ဘုန်းတောင်းယာစကာတွေကို ဆွမ်း၊ ထမင်းလှူဒါန်းစွန့် ကြဲဖို့ လည်း လမ်းညွှန်ထားပါတယ်။ အသောကမင်းကြီး ကိုယ်တိုင်လည်း အမဲလိုက်လေ့ရှိတဲ့ ၀ါသနာ ကို စွန့်လွတ်ခဲ့ပြီး တိုင်းပြည်အနှံ့ ဓမ္မခရီးတွေ လှည့်လည်ခဲ့ကြောင်း ကျောက်စာ မှာ ရေးထိုးဖော်ပြထားတယ်။

(ကျောက်စာ - ၈) ဒီလို ဓမ္မခရီးထွက်တဲ့အခါ အသောကဘုရင်ဟာ ဘာသာရေးခေါင်းဆောင် ကျမ်းတတ်ပုဂ္ဂိုလ်တွေကိုသွားရောက်ဖူးမြင် တယ် ၊ဆွမ်းပစ္စည်းတွေ လှူဒါန်းထောက်ပံ့ တယ်၊ပြီးတော့ သာမာန်ပြည်သူ၊ ပြည်သားတွေနဲ့ တွေ့ဆုံပြီးသူသိထားတဲ့တရား ဓမ္မတွေနဲ့ သူတို့ကို ဟောပြောဆုံးမ ပါတယ်။ ဒီလိုဓမ္မခရီးထွက်ရတာကို အသောကမင်းကြီး အလွန်နှစ်သက်မြတ်နိုး တယ်။ ဘုရင်မင်းကြီး ဟာ အလှူတကာ့ အလှူတွေထဲမှာ ဓမ္မ အလှူကိုအမြတ်ဆုံးလို့ ခံယူထားပြီး ဒီလို သူသိတဲ့ တရားဓမ္မတွေ ကိုမျှဝေရင်း ဓမ္မမိတ်ဆွေပေါင်းများစွာနဲ့ ချစ်ကြည်မူရယူခဲ့တယ်။ တရားဓမ္မဟောကြားခြင်း ဟာ ဟောကြား သူ အတွက် ဒီဘ၀မှာ လည်း ကောင်းကျိုး တရားတွေရမယ် နောင်သံသရာ မှာလည်း မရေမတွက်နိုင်တဲ့ အကျိုးတရားတွေရမယ်လို့အသောကမင်းကြီးယုံကြည်ပါတယ်။ ပြည်သူပြည်သားတွေကိုကာမဂုဏ်အာရုံတွေကိုအလွန်ကျူးမလိုက်စားဖို့၊ကာမဂုဏ်ဆန္ဒတွေကိုပညာနဲ့ထိန်းကြောင်းဖို့ဟောပြောလေ့ရှိတယ်လို့ ကျောက်စာတွေ မှာမှတ်တမ်းတင်ထားတယ်။ အသောကမင်းကြီးဟာတိုင်းပြည်ကိစ္စကို ဆောင်ရွက်ရာမှာအလွန်လုံ့လပြု တယ်။ နိုးကြားတယ်။ တိုင်းရေးပြည်ရေး ကိစ္စကြုံလာရင်သူပွဲတော်တည်နေသည်ဖြစ်စေ ၊ မိဘုရားေ ဆာင်ရောက်နေသည်ဖြစ်စေ၊ ဥယျာဉ်တော်မှာပျော်ပွဲ စားနေသည်ဖြစ်စေ၊ ချက်ချင်းသတင်းပို့ရမယ်လို အမိန့်ထုတ်ထားပါတယ်။ မင်းကြီးဟာ ရှင်ဘုရင်ကောင်းတစ်ပါးဖြစ်အောင် ကြိုးစားခြင်း ၊ကျင့်ကြံခြင်းဟာ တိုင်းပြည်ဘုရင်တစ်ပါးက ပြည်သူတွေအတွက်ဆောင်ရွက်ရမဲ့တာဝန်ဝတ္တရားတစ်ရပ်အဖြစ်ခံယူထားတယ်။ကမ္ဘာပေါ်ကသက်ရှိအားလုံးရဲ့ အကျိုးစီးပွားကို ဆောက်ရွက်ရတာ၊ ဆောက်ရွက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွားတွေကို ဆထက်တပိုး တိုးပွားလာအောင်ကြိုးစားအားထုတ်နေတာဟာအမွန်မြတ်ဆုံးအလုပ်လို့အသောကမင်းကြီးရဲ့ခံယူထားတယ်။ သူရဲ့အုပ်ချုပ်စီမံမူအားလုံးဟာ ပြည်သူပြည်သားနဲ့သက်ရှိအားလုံးအပေါ်မှာ တင်ရှိနေတဲ့ ကျေးဇူးတရား၊ သံသရာကြွေးကိုဆပ်နေရတာဖြစ်တယ်လို့လည်းသူ ခံယူထားပါတယ်။ အသောကမင်းကြီးဟာ ပြည် သူ၊ ပြည်သား သတ္တ၀ါအားလုံးကို ယခု မျက်မှောက်ဘ၀မှာ လည်း ပျော်ရွှင်ချမ်းမြေ့စေချင်တယ်၊ နောင် သံသရာမှာ လည်း ကောင်းမွန်တဲ့ သုဂတိဘုံဘ၀တွေမှာခံစားပျော်ရွှင်စေချင်တယ်။ သူဟာ သူမှတပါး အခြား သတ္တ၀ါအားလုံးကိုသူ့ရဲ့ရင်ဝယ်သား၊သမီးများပမာသဘောထားကြောင်း ကျောက်စာမှာ
ရေးထိုးထားခဲ့ပါတယ်။
(ကျောက်စာ - ၆)

အသောကမင်းကြီးရဲ့ ကျောက်စာတွေထဲမှာ "ဓမ္မ’’ ရဲ့ အဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုထားတယ်။''ကောင်းမြတ် မူ"(sadhu) ၊"မကောင်းမူမှ ကင်းစင်မူ" "ကောင်းမူများစွာဖြင့် ပြည့်စုံမူ’’၊ "သနားစောင့်ရှောက်မူ’’၊ "ပေးကမ်း စွန့်ကြဲမူ’’၊ ‘’မှန်ကန်မူ သစ္စာတရား’’၊ "ကိုယ်၊ နူတ်၊နှလုံးစင်ကြယ်မူ’’စသည်ဖြင့် တွေ့ရပါတယ်။ တရားဓမ္မကို သိရှိနားလည်ခြင်း၊ မျက်မှောက်ပြု ခြင်းဆိုတဲ့ အဓိပ္ပါယ်မှာ”သနားစောင့်ရှောက်မူရှိခြင်း’’၊ "လွတ် လွတ် ပေးကမ်း စွန့်ကြဲနိုင်ခြင်း’’၊ "သစ္စာတရား’’ ၊ "စိတ်နှလုံး စင်ကြယ်မူ”၊ “စိတ်နှလုံး နူးညံ့မူ”၊ “ကောင်းမြတ်မူ” စတဲ့ ကောင်းမြတ်တဲ့ အရည်သွေးတွေပါတယ်။ လူတစ်ယောက်ဟာ ‘’ပေးကမ်းစွန့်ကြဲမူ” ကိုတော့ လုပ်တယ်၊ သိုသော် သူဟာ အာရုံတွေအပေါ်မှာထိန်းချုပ်ထားနိုင်စွမ်း မရှိဘူးဆိုရင် ၊သူတထူးရဲ့ ကျေးဇူးတရားတို့ကို ချေပတတ်ရင်၊ခိုင်မြဲတဲ့ ရိုးသားစင်ကြယ်မူ မရှိဘူးဆိုရင်၊ အထူးကောင်း မွန်သူ မဟုတ်သေးဘူး၊ နိမ့်ကျနေသေးတယ်လို့ ဆိုထားပါတယ်။ ဒီအပြင် "ရက်စက်ကြမ်းကြုတ်မူ’’၊ "လူသားမဆန်မူ’’၊ ဒေါသ၊ မာနတရားများ၊ မနာဝန်တိုမူ စတဲ့ အကုသိုလ်တရားတွေဟာ စိတ်ညစ်နွမ်းမူ ကိလေသာတရားတွေကို ပိုပြီး တိုးပွားစေလိမ့်မယ် လို့ အသောကမင်းကြီးဟာ သူ့ရဲ့ကျောက်စာထဲ မှာ သတိပေးရေးထိုးထားတယ်။
"ကောင်းမူပြု ဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းတာတွေ ကို ပြုလုပ်အားထုတ်တဲ့အခါအစ မှာတော့ အခက်ခဲတွေ့ရလိမ့်မယ်’’ လို့ ဖော်ပြထားတယ်။ အဲဒီနောက်မင်းကြီးကသူဟာ ကောင်းမူ များစွာကို အား ထုတ်ခဲ့ပြီးပြီ လို့ဆက်လက်ရေးထိုးထားတယ်။ (ကျောက်စာ ၄ - ၅ ) အသောကမင်းကြီး ဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးမတော်တွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ဓမ္မအမြင် အယူဆတွေကို နည်း လမ်းနှစ်ခု နဲ့ ပြန့်ပွားထွန်း ကားအောင် အားထုတ်ခဲ့တယ်။ ပထမနည်းက အာဏာစက်နဲ့ ဥပဒေပြဋ္ဌာန်းခြင်း အားဖြင့် တရားဓမ္မတည် တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ တရားဓမ္မနဲ့ပတ်သက်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေတွေဟာ အထူးသဖြင့်သတ္တ၀ါတွေကိုညဉ်းဆဲသတ်ဖြတ်ခြင်းရှောင်ကြဉ်ဖို့နဲ့သက်ဆိုင်တယ်။ အသောကမင်းကြီးဟာ ဒီလိုဥပဒေပြဋ္ဌာန်းခြင်းနည်းလမ်းနဲ့သူရဲ့သတ္တ၀ါတွေအပေါ်ညဉ်းဆဲသတ်ဖြတ်ခြင်းနဲ့ဆိုင်တဲ့ဓမ္မအမြင်၊ကျင့်သုံးဆောက်တည်မူကိုသူ့တိုင်းပြည်က ပြည်သူ၊ ပြည်သားတွေကိုလည်းအာဏာစက်နဲ့ကျင့်သုံးဆောက်တည်စေခဲ့တယ်။ တရားဓမ္မတည်ရှိစေခဲ့တယ်။ နောက်တစ်နည်းကတော့တရားဓမ္မတွေကိုဆင်ခြင်ပွားများစေခြင်း၊ကိုယ်တိုင်သိမြင်အောင် ကျင့်ကြံအားထုတ်စေခြင်းဖြင့်တည်တံ့ပြန့်ပွားစေခြင်းဖြစ်တယ်။ဒီနည်းလမ်းနဲ့တိုင်းသူ ပြည်သားတွေဟာသတ္တ၀ါတွေကိုသတ်ဖြတ်ညဉ်းဆဲခြင်းမပြုဖို့တားမြစ်ရတဲ့အကြောင်းရင်းကို လေးလေးနက်နက်သဘောပေါက်နားလည်သွားကြလိမ့်မယ်။ ပြီးတော့ဒီနားလည်သိမြင်မူ ကနေသူတို့ရဲ့အခြား ပြုလုပ်အားထုတ်မူတွေမှာ လည်းတရားဓမ္မနဲ့ယှဉ်ပြီး ပြုလုပ်အားထုတ်သွားကြလိမ့်မယ် လို့ ဖော်ပြထားပါတယ်။ ဒီလို ကိုယ်တိုင်ဆင်ခြင်ပွားများခြင်း၊ ကျင့်ကြံအားထုတ်ခြင်းဖြင့်သိရှိတဲ့ တရားဓမ္မ အမြင် ဟာ ဥပဒေ တားမြစ်ချက်ကြောင့် ကျင့်ကြံရတဲ့ တရားဓမ္မ ထက်ပိုပြီး အဆင့်တန်းမြင့်ကြောင်း လည်း ရေးထိုး ထားပါတယ်။
(ကျောက်စာ - ၇ )

ဘုရင်မင်းမြတ်ဟာ သတ္တ၀ါတွေရဲ့အသက်ကို မသတ်ဖို့၊ သက်ရှိအားလုံးကို တန်ဖိုးထားဖို့၊ လူအချင်းချင်း ရိုသေမူ ဂါရ၀တရား ထားဖို့ အထူးအလေးပေးခဲ့တယ်။ သေမိန့်သေဒဏ် ကျခံနေရတဲ့ရာဇ၀တ်သား တစ်ယောက်ကိုတောင်မှ ဆွေမျိုးမိဘတွေ နဲ့တွေ့ဆုံဖို့၊ နောင်သံသရာအတွက် ကောင်းမူကုသိုလ်ပြုလုပ်ဖို့ အတွက် အမိန့်မချမှတ်ခင် (၃) ရက် လွတ် ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ အသောကမင်းကြီးရဲ့နန်းစံသက် (၂၆) နှစ်အတွင်းမှာ (၂၅) ကြိမ်တိုင်တိုင် ရာဇ၀တ်သားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။

(ကျောက်စာ - ၅) အသောကမင်းကြီးအထူးညွှန်ပြရေး ထိုးထားတဲ့ ‘’သူတပါးအ သက်ကို လေးစားမူ’’ ဆိုတဲ့ တရားဓမ္မဟာကိုယ်မှတပါးအခြားသောသတ္တ၀ါတွေဟာကိုယ်လိုဘဲအသက်ရှင်သန်လိုတယ်ခံစားတတ်တယ်ဆိုတဲ့ခံစားသိမြင်မူကိုယ်ချင်းစာတရားပေါ်မှာ အခြေခံထားတာဖြစ်တယ်။ အသောကမင်းကြီး အထူးအလေးနက်ထားတဲ့အခြားကောင်းမြတ်တဲ့ တရားဓမ္မတွေ ကတော့ "ကြင်နာသနားမူ”၊ "ပေးကမ်းစွန့်ကြဲမူ’’၊ "မှန်ကန်ခြင်း သစ္စာတရား’’၊ "ကိုယ်နူတ်စိတ် စင်ကြယ်မူ’’၊ "မိခင်၊ ဘခင်တွေရဲ့ ဆုံးမစကားကို နားထောင်မူ’’၊ "အခြားသူတွေရဲ့အပေါ်မှာ တရားမျှတစွာ ပေါင်းသင်းဆက်ဆံမူ’’ ၊ " မိမိနေထိုင်တဲ့ လူ့ပတ်ဝန်းကျင် ရဲ့ ကျေးဇူးတရားတွေကို နားလည်သိရှိမူ’’ စတဲ့ အရည်အသွေးတွေဖြစ်တယ်။ အသောကမင်းကြီးသိမြင်တဲ့ တရားဓမ္မတော်တွေ ဟာကြွယ်ဝပြည့်စုံလှပါတယ်။

အသောကမင်းကြီးဟာကျင့်သုံးဖို့သူလမ်းညွှန်တိုက်တွန်းထားတဲ့တရားဓမ္မတွေကိုတိုင်းသူပြည်သားတွေ လိုက်နာမူရှိမရှိ စိစစ်စုံစမ်းဖို့၊ စစ်ဆေးဖို့ အတွက် ဓမ္မရေးရာ ၀န်ကြီးတွေကို ခန့်အပ်ထားခဲ့တယ်။ အဲဒီဓမ္မရေးရာဝန်ကြီးတွေဟာငါးနှစ်တစ်ကြိမ်သက်ဆိုင်ရာနယ်တွေကိုသွားရောက်စုံစမ်း၊စစ်ဆေးကြရတယ်။
(သီးခြားကျောက်စာ -၁၊ Dhauli) ။

အသောမင်းကြီးရဲ့ အရှည်လျားဆုံးရေးထိုးခဲ့တဲ့ ကျောက်စာ နံပါတ် (၁၄) မှာ၊မင်းကြီးရဲ့ တရားဓမ္မ အမြင်တွေ ဟာ ဗုဒ္ဓ၀ါဒကလာတယ်လို့အတိအကျဖော်ပြမထားတဲ့အတွက်ကြောင့် အချို့ပညာရှင်တွေ က မင်းကြီးရဲ့ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒ ဟုတ်လေမလား ဆိုတဲ့ သံသယတွေရှိကြပါ တယ်။ သို့သော်လည်း မင်းကြီးရဲ့ ဓမ္မအမြင်ဟာ ဗုဒ္ဓ၀ါဒမှတပါးသော အခြားဘာသာရေးဝါဒ တစ်ခုခုပေါ်မှာ အခြေခံတယ် လို့တော့ ပြောနိုင်စရာမရှိဘူး။ဥပမာ - ဟိန္ဒူဝါဒက "မနုဓမ္မသတ်” မှာ သုံးနှုန်းထားတဲ့ “ဓမ္မ” ဆိုတဲ့အသုံးနှုန်းရဲ့ အဓိပ္ပါယ်ဟာ တရားစီရင်ရေး ဥပဒေ နဲ့သာ သက်ဆိုင်တယ်။ "နိယာယ၀ါဒဂိုဏ်း’’ နဲ့ "ဂျိန်းဝါဒ’’ မှာလည်း "ဓမ္မ’’ ဆိုတဲ့ အသုံးနှုန်းကိုသုံးထားပါတယ်။ သို့သော်လည်း အဲဒီ အသုံးနှုန်းက ဆိုလိုတဲ့ အဓိပ္ပါယ်ဟာ အသောကမင်းကြီးရဲ့ ကျောက်စာတွေက "ဓမ္မ” အသုံးနှုန်းအဓိပ္ပါယ်နဲ့လုံးဝ ကွာခြားနေပါတယ်။ "ဝေဒကျမ်း’’ နဲ့ "ဥပနိသျှကျမ်းဂန်’’ တွေမှာသုံးနှုန်းထားတဲ့ "ဓမ္မ” အဓိပ္ပါယ်ဟာ မင်းကြီး ဆိုလိုတဲ့ အဓိပ္ပါယ်နဲ့တော့နီးစပ်တယ်၊ သို့သော် ထပ်တူကျတယ် လို့တော့ မပြောနိုင်ပါ ဘူး။ "ဥပနိသျှကျမ်းဂန်’’ တွေ ဦးတည်ထားတာကဗြဟ္မာနဲ့ အတ္တ၀ါဒ ဖြစ်တယ်၊ "ဓမ္မ’’ မဟုတ်ဘူး။ အသောကမင်းကြီးရဲ့ ဦးတည်မူ ကတော့ "ဓမ္မ’’ သက်သက်သာဖြစ်တယ်။

"ဘဂ၀ဂ်ဂီတ’’ မှာ "ဓမ္မ’’ ဆိုတာ "ကမ္မယောဂ’’ ကျင့်စဉ်ရဲ့ အဓိကကျတဲ့ကျင့်ဝတ်၊ ကျင့်ထုံးတစ်ခုဖြစ်ပြီး "ဆွဓမ္မ’’ လို့ခေါ်တဲ့ ကျင့်ဝတ်၊ ၀တ္တရားတစ်ခုအဖြစ်တွေ့ရပါတယ်။ "ဘဂ၀ဂ်ဂီတ’’မှာကောင်းမြတ်တဲ့ဓမ္မ ကျင့်ဝတ်၊ကျင့်ထုံးတွေကို ဖော်ပြထားပြီးအများအားဖြင့်အသောကမင်းကြီးရဲ့ကျောက်စာတွေမှာရေးထိုးထားတဲ့ဓမ္မသဘောထား အမြင်တွေနဲ့ တူညီနေတယ်။သို့သော် မတူတဲ့ အချက်ကဘာလဲ ဆိုတော့ "ဘဂ၀ဂ်ဂီတကျမ်း’’က "စစ်’’ ကို ချီးမွမ်းရေးသားထားပြီး အသောကမင်းကြီးက"စစ်’’ ကို ဆန့်ကျင် ရူတ်ချထားတဲ့ အချက်ဖြစ်ပါတယ်။
အခြား ဘာသာဝါဒတွေနဲ့ နှိုင်းယှဉ်တဲ့အခါ "ဓမ္မ’’ ဆိုတဲ့အသုံးနှုန်းဟာ "ဗုဒ္ဓ၀ါဒ’’ မှာ အဓိက အစိတ်ပိုင်းမှာ ရှိနေပါတယ်။ "ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ’’ ဆိုတဲ့ ရတနာသုံးပါးမှာ "ဓမ္မ’’ ဆိုတာ တပါးအပါဝင်ဖြစ် တယ်။ပြီးတော့အသေးစားကျောက်ချပ်စာတွေနဲ့ကျောက်စာတိုင်တွေမှာလည်း အသောကမင်းကြီးဟာ သဒ္ဓါ တရားထက်သန်တဲ့ဗုဒ္ဓ၀ါဒီဘုရင်မင်းမြတ်ဖြစ်ကြောင်းဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ အသောကမင်းကြီး ရဲ့ဓမ္မအမြင်၊ ဓမ္မသဘေားတရားတွေဟာ "ဗုဒ္ဓ၀ါဒ’’ ရဲ့ ဓမ္မအမြင်၊ဓမ္မ သဘောတရား တွေသာဖြစ်ပါတယ်။

အသောကမင်းကြီးဟာသူကိုယ်တိုင်ကဗုဒ္ဓ၀ါဒီအဖြစ်ကူးပြောင်းခဲ့ပေမဲ့အခြားဘာသာတရားတွေကိုလည်းတရားနဲ့အညီချီးမြှောက်ခဲ့တယ်။ဘာသာတရားအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေ၊ကိုးကွယ်ယုံကြည်သူတွေအားလုံးကိုပေးကမ်းလှူဒါန်းမှု၊ပူဇော်မူတွေပြုလုပ်ခဲ့တယ် လို့ ကျောက်နံပါတ် (၁၂) မှာဖော်ပြထားပါတယ်။

အသောကမင်းကြီး


အသောက ဘုရင် ဟာ မာဂဓတိုင်းရဲ့ ဘုရင်ဖြစ်တယ်။ သူ့ရဲ့ ခမည်းတော်ဟာ ဗိန္ဓုသာရမင်းကြီး ဖြစ်ပြီး ဒီမင်းကြီးမှာ မိဘုရား (၁၆) ပါးနဲ့ သားတော် (၁၀၁) ရှိတယ်။ အသောကဘုရင် အကြောင်း မှတ်တမ်းတင်ထားတဲ့ အဓိက ပါဠိ ကျမ်းဂန်တွေကတော့ ‘‘ဒီပ၀ံသ’’ ၊ ‘‘မဟာဝံသ’’၊ နဲ့ ‘‘သမန္တပါသာဒိကာ’’ ကျမ်းတွေ ဖြစ်ပြီး အခြားတွေ့ရတဲ့ ကျမ်းဂန်တွေကတော့ ‘‘ဒိဗျာဝဒါနကျမ်း’’၊ ‘‘အ၀ဒါနသတက’’ ကျမ်းတွေဖြစ်တယ်။

ဒီပ၀ံသနဲ့ မဟာဝံသ မှာတော့ ဗိန္ဓုသာရမင်းကြီးရဲ့ သားတော် (၃) ပါးကို သာဖော်ပြထားတယ်။ သားတော်အကြီးဆုံးက သုမန မင်းသား (မြောက်ပိုင်းကျမ်းဂန်တွေမှာ သုသီမ လို့ရှိတယ်)၊ ပြီးတော့ အမေတူ ညီ၊ အစ်ကိုတွေဖြစ်တဲ့ အသောကမင်းသားနဲ့ အငယ်ဆုံးသား တိဿ မင်းသားလို့ ဆိုထားတယ်။ ပြီးတော့ အသောကမင်းသားမှာ နှမတော်တစ်ယောက်
ရှိကြောင်း၊ အဲဒီ နှမတော်ရဲ့သား အဂ္ဂိဗြာဟ္မဏနဲ့ အသောကမင်းသားရဲ့သမီးတော် သံဃာမိတ္တာတို့ စုံဖက်ရာက မြေးတော် သုမန မင်းသားဖွားမြင်တယ်လို့လည်းတွေ့ရပါတယ်။

မဟာဝံ ဋီကာမှာ အသောကမင်းသားရဲ့ မယ်တော့်အမည်ကို ဓမ္မာလို့ဆိုထားပြီးအဂ္ဂမဟေသီဖြစ်ကြောင်း၊ မောရိယအနွယ်ဖြစ်ကြောင်း တွေ့ရပေမဲ့ ‘‘အသောကာဝဒါနမာလာကျမ်း’’ လိုမြောက်ပိုင်းကျမ်း ဂန်တွေကတော့ မယ်တော်ဟာစမ္ပာ ဗြာဟ္မဏရဲ့သမီးဖြစ်ပြီးသုဘဒရင်္ဂီ ဖြစ်ကြောင်းဆိုထားပါတယ်။ ဓမ္မာ မိဘုရားကြီးမိသားစု ဆည်းကပ်ကိုးကွယ်တာကတော့ အာဇီဝိက ဇနသာန တက္ကတွန်းဖြစ်တယ်။ ဒီအချက်က အသောက ဘုရင်ဟာ အစောပိုင်းကာလမှာ အာဇီဝိက ဂိုဏ်းကို ကိုးကွယ် ဆည်းကပ်ခြင်းရဲ့ အကြောင်းရင်းဖြစ်နိုင်ပါတယ်

အသောကမင်းသားဟာ ငယ်ရွယ်စဉ်အချိန်က အ၀န္တိတိုင်းက၊ ဥဇ္ဇေနီပြည်မှာ မြို့စားအဖြစ် အုပ်ချုပ်စိုးစံရတယ်။ ဒိဗျာဝဒါနမှာ အသောကမင်းသားဟာ တက္ကသီလက ဥတ္တရပထမှာ တပ်စွဲပြီး သူပုန်ရန်ကို နှိမ်နင်းတယ်။ ပြီးတော့ အစ်ကိုတော် သုသီမနေရာ မှာ ဆက်ခံ အုပ်စိုးတယ် လို့လည်းဖော်ပြထားတယ်။ ဗိန္ဓုသာရမင်းကြီး နာမကျန်းဖြစ်တဲ့အခါ အသောကမင်းသားဟာ ဥဇ္ဇေနီကနေ ပါဋလိပုတ်ကို သွားရောက်ပြီး ခမည်းတော်ရဲ့ ထီးနန်းကို သိမ်းပိုက်စိုးစံပါတယ်။ ဒီ လိုသိမ်းပိုက်စိုးစံဖို့ အတွက် အမေတူ ညီတော် တိဿ ကလွဲပြီး အခြား ညီ၊ အစ်ကိုတော် မင်းသားတွေကို သတ်ခဲ့လို့ ဘုရင်ဖြစ်တဲ့အခါ အသောကမင်းသား ကို စဏ္ဍာသောက ဘုရင်၊ ကြမ်းကြုတ်ရက်စက်တဲ့ အသောကဘုရင်လို့ အမည်တွင်ကြောင်း မဟာဝံသ က ဆိုထားတယ်။ ဒီ လို သတ်ဖြတ်တယ် ဆိုတဲ့ မှတ်တမ်းဟာ ဘယ်လောက်မှန်ကန်မယ်ဆိုတာ မပြောနိုင်ပါဘူး။

ဘာကြောင့်တုန်းဆိုတော့ ပါဋလိ ပုတ် နဲ့ အခြားနေရာတွေမှာ အသောကမင်းကြီးရေးထိုးခဲ့တဲ့ ကျောက်စာတွေအရ၊ ကျောက်စာရေးထိုးတဲ့ ကာလမှာ မင်းကြီးရဲ့ ညီအစ်ကိုတော်၊ ညီမတော်၊ ဆွေမျိုးတော်တွေ အသက်ရှင်လျက်ရှိနေဆဲ ဖြစ်တယ်လို့ ခန့်မှန်းနိုင်လို့ဖြစ်တယ်။ မင်းကြီးဟာ သူရဲ့ညီတော် တိဿ ကို အိမ်ရှေ့ဥပရာဇာ အဖြစ်အပ်နှင်းခဲ့ပေမဲ့ တိဿ မင်းသားဟာ သာသနာဘောင်ဝင်ရောက်ခဲ့ပြီးရဟန္တာမထေရ်မြတ်ဖြစ်ခဲ့တယ်။ ထေရဂါထာ အဋ္ဌကထာမှာ အသောကမင်းကြီးရဲ့ အခြား ညီတော်တစ်ပါးကိုဖော်ပြထားပြီး ၀ိတသောက လို့ အမည်တွင်ပါတယ်။ ဒီ မင်းသားဟာလည်း ရဟန်းအဖြစ် သာသနာဘောင်ဝင်ရောက်ပြီး ရဟန္တာဖြစ်ခဲ့တယ် လို့ ဆိုတယ်။

အသောကမင်းကြီးမှာ မိဘုရား တစ်ပါးမက ရှိတယ်။ သူ့ရဲ့ ပထမ မိဘုရားဟာ ဝေဒိသဂိရိကကုန်သည်တစ်ဦးရဲ့သမီးဖြစ်ပြီးဥဇ္ဇေနီကို အသွား ကုန်သည်အိမ်မှာ နားခိုရင်း တွေ့ဆုံခဲ့တာဖြစ်တယ်။ မိဘုရားရဲ့ အမည်ဟာ ဒေ၀ီဖြစ်ပြီး၊ ဝေဒိသ ဒေ၀ီ လို့ လည်း ထင်ရှားတယ်။ ဝေဒိသမိဘုရားဟာဝိဋဋုဘရန်ကြောင့် ဝေဒိသကို ပြောင်းရွှေ့လာတဲ့ သကျမျိုးနွယ်ကဆင်းသက်လာ တယ်လို့မဟာဗောဓိဝံသမှာ ဖော်ပြထားတယ်။

ဒေ၀ီ မိဘုရားဟာ သားတော် မဟိန္ဒနဲ့ သမီးတော် သံဃမိတ္တာ တို့ကိုဖွားမြင်ခဲ့တယ်။ ဒေ၀ီမိဘုရားဟာ အသောမင်းကြီး ပါဋလိပုတ်မှာ ခမည်းတော်ရဲ့ ထီးနန်းကို ဆက်ခံ စိုးစံတဲ့ အခါ မင်းကြီးနဲ့ အတူလိုက်ပါမသွားပါဘူး။ ဘာကြောင့်တုန်းဆို အသောကမင်းကြီးရဲ့ အဂ္ဂမဟေသီဟာ အသန္ဓိမိတ္တာမိဘုရားကြီးဖြစ်တယ် ဆိုတဲ့ ဖော်ပြချက်ကြောင့်ဖြစ်တယ်။ မင်းကြီးရဲ့ နန်းစံသက် (၁၃) နှစ်မြောက်မှာ အသန္ဓိမိတ္တာမိဘုရားကြီး ကံတော်ကုန်လို့ တိဿ ရက္ခာ ဆိုတဲ့ မိဘုရားတပါးကို ထပ်မံတင်မြှောက်ကြောင်း မဟာ ၀ံသ မှာ ဆိုထားတယ်။ အလ်ဟဘဒ် ကျောက်စာတိုင်မှာ တိဝန ရဲ့မယ်တော် ကာရုဝကီ မိဘုရားဆိုတာကို တွေ့ရပြီး ဒိဗျာဝဒါနမှာ ကဏာလ ရဲ့ မယ်တော် ပဒုမာဝတီ မိဘုရားဆိုတာလည်းတွေ့ရတယ်။ ဖော်ပြခဲ့တဲ့ ရင်သွေးတော်တွေအပြင် ဇလုကာ၊ စာရုမတီ ဆိုတဲ့ အမည်တွေကိုလည်း တွေ့ရပါတယ်။

အသောကမင်းကြီးဟာ သာသနာနှစ် (၂၁၈) နှစ်မှာ ထီးနန်း စိုးစံပြီး၊ နောက် (၄) နှစ်အကြာမှာ ဘိသိက်သွန်းလောင်းခဲ့တယ် လို့ မဟာဝံသမှာ ဖော်ပြထားတယ်။ ဒီ အစဉ်လာ သမိုင်းကျမ်းတွေထဲမှာ အသောကမင်းကြီးရဲ့ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေ အကြောင်းကိုလည်းရေးသားထားတယ်။ မင်းကြီးရဲ့ အမိန့်အာဏာစက်ဟာ မြေအထက် တစ်ယုဇနာ၊ မြေအောက် တစ်ယူဇနာထိ ပြန့်နှံ့ပါတယ် တဲ့။ နတ်တွေဟာ နေ့တိုင်း မင်းကြီးထံကို အနောတတ္တ ရေအိုင်ကနေ ရေတော်ဆက်ရတယ် လို့ဆိုတယ်။ အခြား မွန်မြတ်တဲ့ သုံးဆောင်ဖွယ်ရာတွေကိုလည်း ဆက်သရပါတယ်တဲ့။ ဘီလူးတွေ၊ နဂါးတွေ၊ ကရ၀ိတ်ငှက်တွေနဲ့ ကြွက်တွေတောင် မှ မင်းကြီးထံ နေ့စဉ် ခစားကြရသတဲ့။ အချို့တိရစ္ဆာန်တွေဟာ စားဖိုဆောင်တော်ရဲ့ အပြင်ဘက်ကိုလာရောက်ကြပြီး မိမိတို့ အသားနဲ့ မင်ကြီးစားတော်တည်ဖို့အတွက် ကိုယ်တိုင်လာရောက် အသေခံကြတယ်လို့ ဆိုပါတယ်။

အသောကမင်းကြီး ထီးနန်းတက်စ အချိန်တုန်းကတော့ သူ့ရဲ့ ခမည်းတော် ၀တ်ဆောက်တည်ခဲ့တဲ့ အလှူဝတ်ကို မပြတ်စေ ဘဲ ဆက်လက် အလှူပေးခဲ့တယ်။ သို့သော်လည်း မင်းကြီးဟာ သိပ်မကြာခင်မှာ ဘဲ သူ့ခမည်းတော် လှူဒါန်းခဲ့တဲ့ ဘာသာရေး ဆရာတွေကို စိတ်လိုမကျဖြစ်ပြီး မြင့်မြတ်စင်ကြယ်တဲ့ အလှူခံပုဂ္ဂိုလ်၊ ဘာသာရေး ခေါင်းဆောင်ကို ရှာဖွေခဲ့တယ်။ အဲလို ရှာဖွေနေတဲ့ကာလမှာဘဲ နန်းတော် ပြတင်းပေါက်ကနေ ဆွမ်းခံကြွလာနေတဲ့ မင်းကြီးရဲ့တူတော် နိဂြောဓ သာမဏေကို ဖူးတွေ့ခဲ့ရတာ ဖြစ်တယ်။ နိဂြောဓ သာမဏေကလေးကို ဖူးတွေ့ရတဲ့ အခါ အသောကမင်းကြီးဟာ ချက်ချင်းကြည်ညိုသွားခဲ့ ပြီး နန်းတော်ကို ပင့်ဖိတ်ခိုင်းပါတယ်။ ဒီလို သာမဏေလေးကို ချက်ချင်းကြည်ညိုစိတ်ဖြစ်ရတာဟာ ရှေးအတိတ်ဘ၀က ပါရမီ အတူ ဖြည့်ဆည်းခဲ့ဖူးလို့ ဖြစ်သတဲ့။ အသောကမင်းကြီးရယ်၊ သီဟိုဠ်ကျွန်းရဲ့ ဘုရင် ဒေ၀ါနံ ပိယ တိဿဘုရင်ရယ်၊ နိဂြောဓ သာမဏေရယ် ဒီ သုံးဦးသား ဟာ ရှေးအတိတ်ဘ၀တစ်ခု မှာ ပျားရည်ကုန်သည် ညီနောင်တွေဖြစ်ခဲ့ကြပြီး ပစ္စေက ဗုဒ္ဓါ အရှင် မြတ်တစ်ပါးကို ပျားရည် အတူလှူဒါန်းခဲ့ဖူးပါတယ်။

အသန္ဓိမိတ္တာ မိဘုရားကတော့ အဲဒီ အချိန်တုန်းက ပစ္စေက ဗုဒ္ဓါအရှင်မြတ် ကို ပျားရည် ကုန်သည်တွေထံ ညွှန်ပြခဲ့သူ မိန်းမပျို ဖြစ်ခဲ့ကြောင်း မဟာဝံသ မှာ ဖော်ပြထားတယ်။ နိဂြောဓ သာမဏေကလေး ဟာ အသောကမင်းကြီးကို အပ္ပမာဒ၀ဂ်က တရားဂါထာတော်ကို ဟောကြားတဲ့အခါ၊ မင်းကြီး အလွန်နှစ်သက် ကြည်ညိုမူဖြစ်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး အသောကမင်းကြီးဟာ အစဉ်အဆက်လှူလာတဲ့ အခြားဘာသာ အတွက် လှူဒါန်းမူကို ရပ်ဆိုင်းပြီး၊ နိဂြောဓသာမဏေနဲ့ ဗုဒ္ဓဘာသာ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့ခဲ့တယ်။ နေ့စဉ် လှူ ဒါန်းမူဟာ အသပြာ ငါးသိန်းဖိုး ပမာဏရှိတယ်လို့ သမန္တပါသာဒိကာ မှာဖော်ပြထားတယ်။ အဲဒီ ငါးသိန်းအနက် တစ်သိန်းဟာ နိဂြောဓ သာမဏေ ကို သီခြားလိုအပ်ရာအတွက် လှူဒါန်းတာဖြစ်တယ်။ နောက်ထပ် တစ်သိန်းဟာ ဗုဒ္ဓမြတ်စွာကို ပန်း၊ အမွှေး နံ့သာများနဲ့ ပူဇော်ဖို့အတွက်ဖြစ်ပြီး နောက် တစ်သိန်းကတော့ ဓမ္မပူဇာ အတွက်ဖြစ်တယ်။ နောက်တစ်သိန်းက သံဃာတော်တွေ ရဲ့ ပစ္စည်းလေးပါးအတွက်ဖြစ်ပြီး နောက်ဆုံး တစ်သိန်းကတော့ နာမကျန်းဖြစ်နေသူတွေအတွက် ဆေး အလှူတော်ဖြစ်ပါတယ်။

အခြား အသုံးဆောင်လှူဒါန်းမူတွေအပြင် ပန်းနံ့သာတွေနဲ့ တန်ဆာဆင်ထားတဲ့ မင်္ဂလဆင်ထက်မှာ သင်္ကန်းသုံးစုံတင်ပြီး နေ့စဉ်နေ့တိုင်း နိဂြောဓသာမဏေကို လှူဒါန်းခဲ့သတဲ့။ နိဂြောဓ သာမဏေကလေးဟာ ဒီလို လှူဒါန်းလို့ရရှိလာတဲ့ သင်္ကန်းတွေကို အခြား သံဃာတော်တွေ အတွက် ပြန်လည်လှူဒါန်းကြောင်း မဇ္ဈိမ နိကာယ် အဋ္ဌကထာမှာ တွေ့ရတယ်။

မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ ဟောကြားဆုံးမမူကနေ ဓမ္မခန္ဓာပေါင်း (၈၄၀၀၀) ရှိကြောင်း သိရှိသွားတဲ့ အသောကမင်း ကြီးဟာ ဒီ တရားဓမ္မတွေကို ပူဇော်တဲ့ အနေနဲ့ ကျောင်းတိုက်ပေါင်း (၈၄၀၀၀) ကို မြို့ရွာတွေမှာဆောက်လုပ်လှူဒါန်းခဲ့တယ်။ ပါဋလိပုတ်မှာ အသောကာရာမ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းတယ်။ ဗုဒ္ဓမြတ်စွာရဲ့ဓါတ်တော်တွေကို အညီအမျှ ခွဲဝေပြီး အလားတူ အရေတွက်ရှိတဲ့ စေတီတော်တွေကိုလည်း တိုင်းပြည် နေရာဒေသ အနှံ့ တည်ထားခဲ့တယ်။

မဟာကာလ နဂါးမင်းရဲ့ ကူညီညွှန်ပြမူနဲ့ ဗုဒ္ဓမြတ်စွာရဲ့ သက်ရှိအသွင် ရုပ်ပွားတော်ကို ထုလုပ်ကိုးကွယ်ခဲ့ပြီး အကြီးအကျယ်ပူ ဇော်လှူဒါန်းခဲ့ပါတယ်။
မင်းကြီးရဲ့ နန်းစံသက် (၆) နှစ်မြောက်မှာ အသက်နှစ်ဆယ်ပြည့်ချိန်ရောက်နေတဲ့ သားတော် မဟိန္ဒနဲ့ အသက် (၁၈) နှစ်အရွယ် သမီးတော် သံဃမိတ္တာ တို့ကို မောဂ္ဂလိပုတ္တ တိဿ မထေရ်မြတ်နဲ့ ဓမ္မပါလ မထေရ်မြတ်တို့ထံမှောက်မှာ သာသနာတော်တွင်း သွတ်သွင်းချီးမြှောက်ပြီး ပစ္စယဒါယကာ အဖြစ်ကနေ သာသနာ့ ဒါယကာ အဖြစ်သို့ ခံယူခဲ့ကြောင်း မဇ္ဈိမနိကာယ် အဋ္ဌကထာမှာ ဖော်ပြထားတယ်။

အသောကမင်းကြီးရဲ့ ချီးမြှောက်ထောက်ပံ့မူနဲ့ ရှင် မဟာမောဂ္ဂလိပုတ္တ တိဿ မထေရမြတ်ဟာ (မြောက်ပိုင်း ကျမ်းဂန်တွေမှာ မထေရ်မြတ်ရဲ့ ဘွဲ့တော်ကို ဥပဂုတ္တ လို့ တွေ့ရတယ်) မသန့်မရှင်း ဖြစ်နေတဲ့ သံဃာ ၊ ပရိသတ်နဲ့ တရားတော်တွေကို သန့်ရှင်းစင်ကြယ်အောင် သုတ်သင်ဖို့ တတိယ သင်္ဂါယနာ သံဃာအစည်းဝေးပွဲကို ကြီးမှူး ကျင်းပခဲ့တယ်။ ဒီလို အစည်းဝေး မကျင်းပခင်က သံဃာတော်တွေဟာ သံဃာ့ ပရိတ်သတ် မစင်ကြယ်တဲ့အတွက် ဥပါသ်မပြု ခဲ့ကြဘူးလို့ ဆိုပါတယ်။ သံဃာတော်တွေကို ညီညွတ်စေချင်တဲ့ မင်းကြီးဟာ အမတ်တစ်ယောက်ကို ညီညွတ်အောင် ပြုလုပ်ဖို့ စေခိုင်းတဲ့အခါ နားလည်မူလွဲသွားတဲ့ အမတ်ဟာ ဥပါသ် မပြုတဲ့ သူတော်ကောင်း ရဟန်းတော်တွေကို သတ်စေခဲ့တယ်။ နောက်ဆုံး မင်းကြီးရဲ့ ညီတော် တိဿ မထေရ်မြတ်က တားမြစ်မှသာ အမတ်ကြီးရဲ့ လုပ်ရပ်ဆိုင်းသွားတယ်လို့ မဟာဝံသ မှာ တွေ့ရတယ်။

မင်းကြီးရဲ့ နန်းစံသက် (၁၇) နှစ်မှာ သင်္ဂါယနာတင်ပွဲကြီးပြီးစီး အောင်မြင်တဲ့အခါ အတိုင်းတိုင်းအပြည်ပြည်ကို သာသနာပြု အဖွဲ့တွေ စေလွှတ်ခဲ့တယ်။ (၁) ကသ္မီရ နဲ့ ဂန္ဓရတိုင်းကို မဇ္ဈန္တိက မထေရ်၊ (၂) မဟိသာမဏ္ဍလတိုင်း ကို မဟာဒေ၀ မထေရ်၊ (၃) ၀န၀ါသတိုင်း ကို ရက္ခိတ မထေရ်၊ (၄) ယောန ဓမ္မရက္ခိတ ကို အပရန္တကတိုင်း၊ (၅) မဟာရက္ခိတ ကို ယောနတိုင်း၊ (၇) မဇ္ဈိ မ မထေရ်ကို ဟိမ၀န္တာ၊ (၈) သောဏနဲ့ ဥတ္တရ မထေရ်တို့ကို သုဝဏ္ဏဘူမိ နဲ့၊ (၉) မဟာ မဟိန္ဒ၊ ဣဋ္ဌိယ၊ ဥတ္တိယ၊ သမ္ဗလ၊ မဒ္ဒ သာလ မထေရ်တို့ကို လင်္ကာ ဒီပ သို့ သာသနာ ပြု ခရီးတွေစေလွှတ်ခဲ့တယ်။ ဒီသာသနာပြု ခရီးတွေရဲ့ အသေးစိတ် အကြောင်းချင်းရာတွေကို သမန္တပါသာဒိကာမှာတွေ့နိုင်တယ်။

မင်းကြီးရဲ့ နန်းစံနှစ် (၁၈) နှစ်မြောက်မှာ ဒေ၀ါနံ ပိယတိဿ မင်းရဲ့ တောင်းပန်မူကြောင့် သံဃမိတ္တာထေရီကို ဗုဒ္ဓဂါယာက ဗောဓိပင်ရဲ့ ပင်ပွား အကိုင်းခက်နဲ့အတူ သီဟိုဠ်ကျွန်းကို သာသ နာပြု ခရီး ထပ်မံစေလွှတ်ခဲ့တယ်။ ဒီ မတိုင်ခင်ကာလ ကလည်း မြေးတော် သုမန ဦးဆောင်စေပြီး ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော် အချို့နဲ့ သပိတ်တော်ကို သီဟိုဠ်ကျွန်းက ထူပါရုံစေတီတော်မှာ ဌာပနာပြု ပူဇော်ဖို့ စေလွှတ်ခဲ့ပြီးဖြစ်တယ်။ ဒီအကြောင်းရာတွေ ကို မဟာဝံသမှာ တွေ့နိုင်တယ်။

အသောကမင်းကြီးဟာ နန်းစံသက် (၃၇) နှစ်ထိ စိုးစံတော်မူခဲ့ပြီး နန်းစံသက် နောက်ပိုင်းနှစ်ကာလတွေမှာ မင်းကြီးရဲ့ ဗုဒ္ဓသာ နာအပေါ် ချီးမြှောက်ထောက်ပံ့လှူဒါန်းမူတွေကြောင့် ဓမ္မာသောက ဘုရင်ကြီး အဖြစ်ထင်ရှားပါတယ်။ ဒီပ၀ံသ မှာတော့ အသောက မင်းကြီးရဲ့ ဘွဲ့တော်ကို ပီယဒဿီ လို့ အကြိမ်များစွာ ဖော်ပြထားတယ်။ မင်းကြီးရဲ့ ကျောက်စာတွေထဲ မှာ ရည် ညွှန်းထားတဲ့ ဒေ၀ါနံ ပီယ တိဿ ဆိုတဲ့ ဘွဲ့တော်ကတော့ ၊ ခေတ်ပြိုင် လင်္ကာကျွန်း ဘုရင် တိဿ နဲ့ မင်းကြီး ရဲ့ မြေးတော်ဒဿ ရထ ဘုရင် တို့လည်း သုံးနှုန်းတာကို တွေ့ရတယ်။ ပြီးတော့ ဒီ ဘွဲ့အမည်ကို သီဟိုဠ်ကျွန်းက အခြားဘုရင်တွေလည်း သုံးနှုန်းပါတယ်။
ဒီကျမ်းဂန်တွေထဲမှာ အသောကမင်းကြီးနဲ့ ဒေ၀ါနံပီယ တိဿ ဘုရင်တို့ဟာ မဟိန္ဒမထေရ် သီဟိုဠ်ကျွန်းကို သာသနာပြု မကြွ ရောက်မီ ကတည်းက မိတ်ဆွေတွေ ဖြစ်တယ် လို့ ဆိုထားပါတယ်။ သို့ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်မတွေ့ဘူးကြဘူး။ တိဿ ဘုရင်က အသောကမင်းကြီးထံ လက်ဆောင် ပဏ္ဏာတွေ ဆက်သတဲ့အခါ မင်းကြီးကလည်း တိဿ ဘုရင် ဒုတိယ အကြိမ် ဘိသိက် ခံယူဖို့ အတွက် ထူးခြားကောင်းမြတ်တဲ့ လက်ဆောင်ပဏ္ဏာတွေနဲ့ အတူ ချစ်ကြည်ရေး သံအဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ အသောကမင်းကြီးဟာ ဒီ သံအဖွဲ့နဲ့ အတူ အထူး လက်ဆောင် အဖြစ် အမှာ စကားလည်း ပါးလိုက်ပါတယ်။

‘‘ငါသည် ဘုရား၊ တရား၊ သံဃာ တည်းဟုသော ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည်သည် ဖြစ်၍ သကျပုတ္တ တည်းဟုသော ဗုဒ္ဓမြတ် စွာ၏ တပည့် ဥပါသကာ တစ်ဦးအဖြစ် ခံယူခဲ့လေပြီ၊ အို ... ယောက်ျားမြတ်ဖြစ်သော အဆွေတော် ... သင်သည် လည်း ယုံကြည်မူ သဒ္ဓါတရားကို ဖွင့်လှစ်၍ လောကတွင် အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ ကိုးကွယ်ဆည်းကပ်လေလော့’’
မိလိန္ဒာပဥှာကျမ်းမှာ တော့ အသောကမင်းကြီးနဲ့ ပါဋလိပုတ်ပြည်ရဲ့ ပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ ဗိန္ဒုမတီနဲ့ တွေ့ဆုံမူကိုဖော်ပြ ထားတယ်။ ဒီ ပြည့်တန်ဆာမကလေးဟာ မင်းကြီးကို သစ္စာတရားရဲ့ စွမ်းအားနဲ့ ဂင်္ဂါမြစ်ကြီးကို ပြောင်းပြန် ပြန်စီးဆင်းစေတယ် လို့ ဆိုပါတယ်။ ပေတ ၀တ္ထု အဋ္ဌကထာ မှာတော့ သုရတ္ထတိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ ပိင်္ဂလ ဘုရင်ဟာ မင်းကြီးထံ ၀င်ရောက် ခံစားပြီး အကြံဉာဏ်ပေးလေ့ရှိကြောင်း ဖော်ပြထားတယ်။ ဒီ ဘုရင်ဟာ မင်းကြီးရဲ့ မိတ်ဟောင်း၊ ဆွေဟောင်း သို့မဟုတ်ရင် အကြံပေး ဆရာတစ်ဦးဖြစ်မယ် လို့ ခန့်မှန်းရတယ်။
ဗိမ္ဗိသာရမင်းနဲ့ ပသနဒီ မင်းကို ပဒေသ ရာဇာ လို့ ခေါ်ကြ သလို အသောက ဘုရင်ကြီးကိုတော့ ‘‘ဒီပစက္က၀တ္တိ’’ လို့လည်း ခေါ်
ကြောင်းသိရတယ်။ အသောကမင်းကြီးမှာ ဥတုသုံးလီ စံမြန်းဖို့ ‘‘မဟာ သပ္ပိကာ၊ မောရဂီဝ၊ မင်္ဂလ’’ လို့ ခေါ်တဲ့ နန်းသုံးဆောင် ရှိကြောင်းလည်း တွေ့ရပါတယ်။
အသောကဘုရင်ကြီး သာ မပေါ်ပေါက်ခဲ့ရင် ဗုဒ္ဓသာသနာဟာ ဒီနေ့ခေတ်အခြေနေလောက် ပြန့်ပွားနိုင်ပါ့မလား လို့ သမိုင်းဆရာ တွေက သုံးသပ်ကြပါတယ်။ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး ကျမ်းဂန်တွေကလည်း အမျိုးမျိုးအထွေထွေ ရေးသားကြတာ ကို တွေ့ရတယ်။ ဥပမာ အသောကမင်းကြီး ခေတ်က ရှင် ဥပဂုတ္တ မထေရ်မြတ်နဲ့ ပတ်သက်ပြီး၊ တောင်ပိုင်းထေရ၀ါဒနဲ့ မြောက် ပိုင်း မဟာယန ကျမ်းဂန်တွေမှာ မူအမျိုးမျိုးတွေ့ကြရတယ်။ အိန္ဒိယက နာမည်ကျော် ကဗျာဆရာကြီး တဂိုးကတောင် ရှင်ဥပဂု တ္တမထေရ် နဲ့ ပတ်သက်ပြီး ကဗျာရှည် တစ်ပုဒ်ရေးသားထားကို တွေ့ရတယ်။

ဘယ်လိုဘဲဖြစ်စေ၊ ဗုဒ္ဓသာသနာမှာ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြု ပြီး နှစ်တစ်ရာ ကြာမှာ ကျင်းပတဲ့ ဒုတိယသင်္ဂါယနာ ခေတ်နဲ့ အသောကမင်းကြီးလက်ထက်၊ သာသနာ နှစ် (၂၃၅) မှာ ကျင်းပတဲ့ တတိယသင်္ဂါယနာခေတ် ကြားကာလ နှစ်တစ်ရာကျော် လောက်ဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံး ကာလတစ်ခု ဖြစ်ကြောင်းတွေ့ရပါတယ်။ အဲဒီ ခေတ်ကာလမှာ ဘဲ ဗုဒ္ဓ၀ါဒ ဂိုဏ်း ကွဲတွေ သန္ဓေတည်ခဲ့ပြီး အားကောင်းစွာ ရပ်တည်လာခဲ့သလို၊ ထေရ၀ါဒ ဗုဒ္ဓသာသနာဟာ လည်း ဆန့်ကျင်ဘက် ၀ါဒတွေ ကြားမှာ ကြံ့ကြံ့ခံ့ ရပ်တည်ခဲ့တာဖြစ်တယ်။ ဒီလို ရပ်တည်နိုင်ခဲ့ခြင်းမှာ သံဃာတော် အရှင်သူမြတ်တွေရဲ့ ပရိယတ်၊ ပဋိပတ် နှစ်ဖြာကို စွမ်းစွမ်းတမံ အားထုတ်ခဲ့မူကြောင့်ဖြစ် သလို အသောကမင်းကြီးရဲ့ ဗုဒ္ဓသာသနာတော်အပေါ် ချီးမြှောက်ထောက်ပံ့မူကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်းတွေ့ရတယ်။

နောက်ဆုံးအနေနဲ့ သမိုင်းဆရာ အိပ်ခ်ျ ဂျီ ၀ဲလ် ရဲ့ အသောကမင်းကြီးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ကမ္ဘာ့သမိုင်း အကျဉ်းချုပ် စာအုပ် မှာ သုံးသပ်ထားတာလေးနဲ့ နိဂုံးချူပ်ပါရစေ။

‘‘အသောကဘုရင် ဟာ ဘုရင်တွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တယ်။ သူ ဟာ သူ့ခေတ်ထက် အများကြီး ရှေ့ကိုပြေးနေတယ်။ သူ့ရဲ့ လုပ်ငန်းတွေကို ဆက်ခံဖို့ ဘယ်လို အိမ်ရှေ့ဥပရာဇာမှ၊ ဘယ်လို အဖွဲ့စည်းမှ ချန်မထားခဲ့ဘူး၊ သူအုပ်ချုပ်စိုးစံခဲ့တဲ့ ခေတ်ကာလတစ်လျှောက်ဟာသူကံကုန်ပြီး နှစ်တစ်ရာ လောက်အတွင်းမှာ အစိတ်စိတ်မွှာမွှာ ကွဲထွက်ပြီးပြိုလဲပျက်စီးနေခဲ့တဲ့အိန္ဒိယနိုင်ငံရဲ့ ဂုဏ်ယူလွမ်းဆွတ်ဖွယ် ခေတ်ကာလကြီး ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယလူမူ အဖွဲ့အစည်းရဲ့ အဆင့်မြင့်ဆုံး၊ အခွင့်ထူး ခံစားရဆုံး ဗြာဟ္မဏဇာတ်အလွှာဟာ ဗုဒ္ဓ၀ါဒကို အမြဲမပြတ် ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ သူတို့ ဟာ အိန္ဒိယမြေပေါ်မှာ ဗုဒ္ဓ၀ါဒ လွှမ်းမိုးမူကို ချိနဲ့ ယုတ်လျော့သွားစေခဲ့ပါတယ်။ ရှေးဟောင်း တန်ခိုးကြီး နတ်ဘုရား ကိုးကွယ်မူ တွေ၊ မရေမတွက်နိုင်တဲ့ ဟိန္ဒူဝါဒရဲ့ ရိုးရာအစွဲလမ်း ကိုးကွယ်မူတွေဟာ တစ်ကျော့ပြန်ထွန်းကား လာခဲ့ပြန်ပါတယ်။ နှစ်ရာစု များစွာကြာအောင် ဗုဒ္ဓ၀ါဒနဲ့ ဗြာဟ္မဏ၀ါဒ ဟာ ယှဉ်လျက် ထွန်းကားပြန့်ပွားခဲ့ပေမဲ့၊ နောက်ဆုံး ဗုဒ္ဓ၀ါဒဟာ ပြိုကွဲပျောက်ကွယ် ခဲ့ရပြီး အဲဒီ နေရာ မှာ ဗြာဟ္မဏ၀ါဒဟာ ပုံစံ မျိုးစုံနဲ့ အစားထိုးနေရာယူ သွားခဲ့တယ်။ ဒါပေမဲ့ ဗုဒ္ဓ၀ါဒ ဟာ ဇာတ်ခွဲခြားမူ စနစ်ကြီး စိုးတဲ့ အိန္ဒိယတိုက်ငယ် ကို ကျော်လွှားပြီး ဒီနေ့ ခေတ်အထိ ဆက်လက် ရှင်သန်ထွန်းကားနေတဲ့ တရုတ်၊ ယိုးဒယား၊ မြန်မာ ၊နဲ့ ဂျပန် နိုင်ငံများဆီ သို့ ပြန်နှံ့ရောက်ရှိသွားခဲ့ပါတယ်’’

ဘိက္ခု ကေသရ
sources: 1/ Dictionary of Pali Proper Names by Malalasekera
2/Asoka: The Buddhist Emperor of India by Vincent A Smith
3/A Short History of the World by H.G Wells
4/ပါရဂူ၊ ရာဇာနဲ့ သာသနာ
5/အရှင်သံဝရာဘိဝံသ၊ ဗုဒ္ဓနိုင်ငံတော်၊ ဒု-တွဲ
Bhikkhu Kesara's photo.

အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ ၃


အန္ဓရမင်းဆက်များ
==============
အန္ဓရမင်းဆက်တွေကို ခေတ်ကာလ နှစ်ပိုင်းခွဲခြား ထားတယ်။ ပထမခေတ် ဟာ ဒေကန် ကျွန်းဆွယ်မှာ အုပ်စိုးခဲ့တဲ့ခေတ်ဖြစ်ပြီး ဒုတိယခေတ်ကတော့ ဗဟိုသြဇာအာဏာ ကျဆင်းသွားချိန် ဒေသအသီးသီးမှာမင်းပြိုင်တွေ ပေါ်ထွန်းလာခဲ့ခေတ်ဖြစ်တယ်။
ဘီစီ (၂၀၀) လောက်မှာ မောရိယမင်းဆက်ရဲ့ အရှိန်အ၀ါကျဆင်း သွားတဲ့အခါ ဒေကန်ကျွန်း ဆွယ် အနောက်ပိုင်းမှာ အခြေစိုက် တဲ့ သာတ၀ါဟန မင်းဆက် ဟာ သြဇာအာဏာ တက်လာခဲ့တယ်။ သူတို့ရဲ့သြဇာအာ ဏာဟာ အေဒီ (၃) စုထိ လွှမ်းမိုးနိုင်ခဲ့ပြီး ဒက္ခိဏပထ တောင်ပိုင်း ကုန်သွယ်လမ်းကြောင်း ရဲ့အဆုံးဖြစ်တဲ့ ပိုက်ထိုင် (ပရထိဌာန) မှာ ဗဟိုပြုခဲ့တယ်။ သူတို့ဟာ မူလက မြောက်ဘက်ပိုင်းမှာရှိတဲ့ နာဆစ်ခ် နဲ့ အကောလာ ဒေသကနေ ရွှေ့ပြောင်းလာခဲ့ပုံရ တယ်။ အေဒီ(၂) ရာစုကိုရောက်တဲ့အခါ သူတို့ရဲ့ သြဇာအာဏာဟာ အတောက်ပဆုံးဖြစ်ခဲ့ပြီ့း  တောင်ပိုင်းကြားမှာ သဘာဝအတားဆီးကြီး တစ်ခုဖြစ်နေတဲ့ ၀ိန္ဓယတောင်တန်းနဲ့ နာမဒါ မြစ်အထိအောင် ကျယ်ပြန့်တဲ့ဒေသကြီးတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့တယ်။ သြဇာအာဏာ အတက်ဆုံးအချိန်မှာ နာမဒါမြစ်ရဲ့ မြောက်ဘက်ထိအောင်အာဏာစက် ဖြန့်ကျက် ထားနိုင်ခဲ့တယ်။ သူတို့ရဲ့ မြို့တော်ဟာ ခရစ်ရှဏာ မြစ်ကမ်းအနီး အရှေ့ဘက်ပင် လယ်ကမ်းရိုးတန်းပေါ်မှာရှိတဲ့ ဓါညကဋက ဖြစ်တယ်။
အစဉ်အလာ သမိုင်းတွေအရ သာတ၀ါဟန မင်းဆက်ဟာ နှစ်ပေါင်း (၄၅၀) ကြာအောင်အုပ်စိုးခဲ့ပြီး မင်းဆက်ပေါင်း (၃၀) ရှိခဲ့တယ် လို့ဆိုတယ်။ အများအားဖြင့် ဒီဘုရင်တွေရဲ့အမည်တွေဟာ ဆွေစဉ်မျိုးဆက်ထဲ ကဦးစီးပုဂ္ဂိုလ်တွေ ရဲ့အမည်တွေ သာဖြစ်တယ်။ ပိုပြီး တိတိကျကျပြောရရင် သာတ၀ါဟန မင်းဆက်ဟာ မင်းဆက်ပေါင်း (၁၇) ဆက်ကနေ (၁၉) ဆက်ထိရှိခဲ့ပြီး ခန့်မှန်းချေ နှစ်ပေါင်း (၃၀၀) လောက် စိုးမိုးခဲ့တယ် လို့ ပြောရမှာဖြစ်တယ်။ အေဒီ (၃) ရာစုရောက်တဲ့အခါ သာတ၀ါဟန မင်းဆက်သြဇာ ယုတ်လျော့ သွားပြီး ဒေသအသီးသီးမှာ ဒေသခံ ဘုရင်ငယ်တွေဟာ ဒေကန်ဒေသမှာ သူတလူ၊ ငါတမင်း အုပ်းစိုးခဲ့ကြတယ်။ အဲဒီ ခေတ်ကာလအတွင်း မှာဘဲ ဂေါဒါဝတီမြစ်အောက်ပိုင်းဒေသမှာ ဣကရှဝါကု မင်းဆက် တည်ထောင်ခဲ့ပြီး အဲဒီ မင်းဆက်ဟာ ဗုဒ္ဓ၀ါဒကို အခိုင်အမာ ထောက်ပံ့ခဲ့တဲ့ မင်းဆက်ဖြစ်တယ်။ အေဒီ (၄)ရာစုရောက်တဲ့ အခါ ဂုပတ မင်းဆက် ဟာ အိန္ဒိယတစ်နိုင်ငံလုံးကို စုစည်း အုပ်ချုပ်နိုင်ခဲ့ တယ်။
ဒေကန်ဒေသမှာ ဗုဒ္ဓသာသနာရဲ့ ထူးခြားချက်တစ်ခုတစ်ခုက ဘုရားကျောင်း လိုဏ်ဂူတွေဖြစ်တယ်။ အထူးသဖြင့် အနောက် ဘက် ပင်လယ် ကမ်းရိုးတန်းက ဂတ်စ် တောင်တန်း တစ်လျှောက် မှာ တွေ့ရတယ်။ အိန္ဒိယတစ်နိုင်ငံလုံးမှာလိုဏ်ဂူ ဘုရားကျောင်းပေါင်း (၁၂၀၀) လောက် တွေ့ရှိခဲ့ပြီးဖြစ်တယ်။ အဲဒီအထဲမှာ (၇၅) ရာနှုန်းဟာ ဗုဒ္ဓဘာသာ လိုဏ်ဂူ ဘုရားကျောင်းတွေဖြစ်ပြီး အစောဆုံး ဘီစီ (၁) ရာစုနဲ့ (၂) ရာစု ခေတ်အတွင်းက ဖောက်ထွင်းတည်ဆောက်ခဲ့ကြတာဖြစ်တယ်။ အဲဒီ နောက်ပိုင်းရာစုနှစ်အနည်းငယ်အတွင်းမှာ ဒီလိုလိုဏ်ဂူဘုရားကျောင်း ဆောက်လုပ်ခြင်းဓလေ့ ဟာ အိန္ဒိယနိုင်ငံ မှာအတွင်ကျယ်ဆုံးခေတ် အခါတစ်ရပ်ဖြစ်ပေါ်ခဲ့ပါ တယ်။
ဒေကန်ဒေသအတွင်းက နေရာအနှံ့ အပြားမှာ ကျောက်သားတောင် ကတုံးတွေ တွေ့ကြရတယ်။ သစ်ဝါးမရှိတဲ့ ဒေသ ဖြစ်လို့ ဘုန်းကြီးကျောင်းတွေ ကိုကျောက်သားတောင်စောင်းတွေမှာဖောက်ထွင်းတည်ဆောက်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီဒေသ မှာ ဘုန်းကြီးကျောင်းတွေနဲ့ ဘုရားစေတီတွေကို အိန္ဒိယနိုင်ငံက အခြားဒေသတွေမှာလို့ မြေပြန့်မှာ မဆောက်လုပ်ဘဲ ကျောက် ဂူတွေထဲမှာထုဆစ်ဆောက် လုပ်ခဲ့တယ်။ အဲဒီကျောက်ဂူတွေဟာ ကျောက်သားဖြစ်တဲ့အတွက် နှစ်ကာလရှည်ကြာတဲ့ တိုင်အောင် မပျက်စီးဘဲ ကျန်ရှိနေကြလို့ အဲဒီကအထောက်ထားတွေက တဆင့် ရှေးခေတ် အိန္ဒိယနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေရဲ့ နေထိုင်မူ ဘ၀ အတော်များများကို ခန့်မှန်းသိရှိကြရတယ်။ အဲဒီ လိုဏ်ဂူ ဘုရားကျောင်းတွေထဲက အထင်ရှားဆုံး ဂူဘုရားကျောင်းတွေကတော့ အဂျန်တာ၊ ဘာဂျာ၊ ကရလီ နဲ့ အီလိုရာ ဂူကျောင်းတွေဖြစ်တယ်။ အဲဒီ ဂူကျောင်း တွေမှာ ဂူ အမျိုးအစား နှစ်မျိုး ကိုတွေ့ကြရတယ်။ ပထမ ဂူမျိုးဟာ စေတီတော်တစ်ဆူ ပါဝင်ပြီး ဘုရားရှိခိုးပူဇော်ရာ ခန်းမဂူ ကျောင်းဆောင်ဖြစ်တယ်။ ဒုတိယ ဂူ အမျိုးအစားကတော့ ရဟန်းတော်တွေ နေထိုင်ရာ နေရာဖြစ်တယ်။
ဘုရားရှိခိုးပူဇော်ရာ ဂူကျောင်းကိုတော့ စေတိယဃရ လို့ခေါ်ပြီး ကျောက်သား စေတီတော်တွေတည်ရှိတယ်။ အဲဒီစေတီတော်တွေ ဟာ မြေပေါ်မှာတည်ထားတဲ့ စေတီတော်တွေထက်တော့ ဉာဏ်တော်နိမ့်ပြီး လုံးပတ်သေးတယ်။ ရဟန်းတော်တွေ သီတင်းသုံး နေထိုင်တဲ့ အခန်းတွေဟာ အများအားဖြင့် ကြီးမားတဲ့ လေးထောင့် ခန်းမကြီးရဲ့ ပတ်ပတ်လည် မှာရှိကြတယ်။ အခန်းတစ်ခန်း စီဟာ ရဟန်းတော်တစ်ပါး၊ နှစ်ပါး နေ ထိုင်နိုင်တဲ့ပမာဏရှိပြီး အခန်းတွေကို ခန်းမကြီးရဲ့ မျက်နှာစာ သုံးဖက် နံရံတွေမှာ တွေ့ နိုင်ပါတယ်။ အီလိုရာ ဂူကျောင်းက အလွန်ကြီးမား တဲ့ ကျောင်းဆောင်ကြီးကတော့ အထပ်သုံးထပ် ပါဝင်ပြီး ရဟန်းတော်တွေ နေထိုင်နိုင်တဲ့ ဂူပေါင်း တစ်ရာ ကျော်ရှိပါတယ်။ အလယ်က ခန်းမကျောင်းဆောင်ကြီးကိုတော့ ဥပါသ်ပြုရာ ခန်းမ အဖြစ်အသုံး ပြုခဲ့ကြတယ်။ စေတိယဃရ ဂူကျောင်းဆောင်က တိုင်လုံးတွေနဲ့ ၀င်ပေါက်တွေကို အများအားဖြင့် အလှပ အနုလက်ရာတွေနဲ့ မွှမ်းမံခြယ်သထားပေမဲ့ ရဟန်းတော်တွေနေတဲ့ ၀ိဟာရ အခန်းတွေကို ဘာမှခြယ်သမထားဘူး။ သို့သော်လည်း အဂျန်တာဂူ နဲ့ အီလိုရာ ဂူ က ၀ိဟာရ ဂူကျောင်းဆောင်တွေမှာတော့ အနုလက်ရာတွေနဲ့မွှမ်းမံ ထားတာ တွေ့ကြရတယ်။ အထူးသဖြင့် အဂျန်တာဂူကျောင်း က နံရံဆေးရေး ပန်းချီလက်ရာတွေဟာ အထူးကျော်ဇော ထင်ရှားပါတယ်။
နာဆစ်ခ် မြို့ဟာ အဂျန်တာနဲ့ အီလိုရာ ဂူကျောင်းဆောင်ရှိရာဒေသရဲ့ အနောက်ဘက်မှာ တည်ရှိတယ်။ အဲဒီ မြို့ရဲ့ အပြင်ဘက် တောင်စောင်း အလယ်ဆင်ခြေလျောနေရာ မှာ လိုဏ်ဂူဘုရားကျောင်းတွေ ကို တွေ့ရှိခဲ့ကြတယ်။ ဂူ ဘုရားကျောင်းပေါင်း (၂၃) ဂူ ကို တွေ့ရှိခဲ့ရပြီး အစောဆုံး ဘီစီ (၂) ရာစု က ဖောက်ထွင်းတည်ဆောက်ခဲ့ကြောင်းသိရတယ်။ ဂူ နံပါတ် (၁၄) က ကျောက် စာမှာ ကဏှ မင်းကြီးလက်ထက် နာဆစ်ခ်မြို့မှာ နေထိုင်တဲ့ နန်းတော်အရာရှိ အကြီးကဲတစ်ဦးက ဦးစီးဆောက်လုပ်ခဲ့တယ် လို့ ရေးထိုးထားပါတယ်။ အဲဒီ မင်ကြီးဟာ အန္ဓရမင်းဆက်ရဲ့ ဒုတိယမြောက်ဘုရင် ကရစ်ရှဏ မင်းကြီးဖြစ်ပြီး သူဟာ သာတ၀ါဟန မင်းဆက်ရဲ့ ပထမဆုံးဘုရင် သိမုက မင်းရဲ့ ညီတော်ဖြစ်တယ်။ ဒီအချက်သာ မှန်ကန်ခဲ့ရင် အဲဒီ လိုဏ်ဂူ ဘုရားကျောင်းဟာ ဘီစီ (၂) ရာစု ပထမတစ်ဝက် ကာလအတွင်းမှာ တည်ဆောက်ခဲ့တာလို့ ဆိုရမှာဖြစ်တယ်။ ဂူနံပါတ် (၁၃) မှာ ရေးထိုးထားတဲ့ အက္ခရာ ပုံစံတွေကလည်း ဘီစီ (၂) ရာစုနှစ်ကာလ ကိုညွှန်းဆိုနေတယ်။ အဲဒီ ကျောက်စာ အရ ဂူဘုရားကျောင်းအတွက် အလှူငွေ တွေကို ဓံဗိက ကျေးရွာက စုဆောင်းလှူဒါန်းခဲ့ကြောင်းသိရပါတယ်။
ဒီလို ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ လှူဒါန်းမူတွေတွေ့ကြရပေမဲ့ အန္ဓရမင်းဆက် ဘုရင်တွေ အဓိက ကိုးကွယ်ထောက်ပံ့ခဲ့ကြတာ ဟာ ဗြာဟ္မဏ ၀ါဒသာဖြစ်တယ်။ ဒါဟာ အစဉ်လာ အားဖြင့် မြင်းယဇ်ပူဇော်ခြင်းဓလေ့နဲ့ အခြား ဗြာဟ္မဏ၀ါဒ ကိုးကွယ်ပူဇော်မူ ဓလေ့ထုံးစံတွေဟာ အုပ်ချုပ်သူ လူတန်းစားတွေအတွက် ဂုဏ်တစ်ခုအနေနဲ့ လုပ်လေ့လုပ်ထ ရှိခဲ့တဲ့ အချက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အေဒီ (၁) သို့မဟုတ် (၂) ရာစုမှာ သကမင်းဆက်က ကရှဟရာတဘုရင် ဟာ နာဆစ်ခ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။ ဒါကြောင့် ဂူ နံပါတ် (၈) မှာ ကရှဟရာတဘုရင်ရဲ့ ဘုရင်ခံဖြစ်တဲ့ ဥရှဝဒါတ ဟာ ဗုဒ္ဓဘာသာဝင် တွေအတွက် ငွေကြေးနဲ့ လယ်မြေ တွေကို ပူဇော်လှူဒါန်းကြောင်း မှတ်တမ်းရေးထိုးထားတာ ကို တွေ့ရှိရတယ်။ ဥရှဝဒါတ ရဲ့ အမည်ကို ကာရလီက လိုဏ်ဂူ ဘုရားကျောင်းတစ်ခုမှာ လည်းတွေ့ရှိရတယ်။ ဂူ နံပါတ် (၈) နဲ့ (၁ရ) မှာ အခြား သက လူမျိုး တွေရဲ့ အလှူမှတ်တမ်းတွေကို လည်း တွေ့ရှိကြရတယ်။
အေဒီ (၃) ရာစုရဲ့ အစပိုင်းရောက်တဲ့အခါ သာတ၀ါဟန မင်းတွေဟာ နာဆစ်ခ် မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်။ ဂူ နံ ပါတ် (၃) က ကျောက်စာ အရ ဂေါတမီပုတြ သီရိ သာတ ကရုဏီ ဘုရင်ဟာ ကရှဟရာတ ဘုရင်ကို ချေမှုန်း အနိုင်ယူခဲ့ပြီး ဂရိ လူမျိုးတွေ၊ သက လူမျိုးတွေနဲ့ ပလ္လ၀ လူမျိုးတွေကို နှိမ်နင်းနိုင်ခဲ့လို့ ကျယ်ပြန့်တဲ့ တိုင်းနိုင်ငံကြီး ကို ထူထောင်နိုင်ခဲ့တယ် လို့ သိရပါတယ်။ ဒီ ဘုရင်မင်းကြီး ရဲ့ အမည်ကို အဲဒီ ဂူ နံပါတ် (၃) မှာ ဘဲ ဂူတွေနဲ့ လယ်မြေတွေရဲ့ အလှူရှင် အဖြစ် နှစ်ကြိမ် တွေ့ရှိရပါတယ်။ နောက်ထပ် သာတ၀ါဟန ဘုရင်တစ်ပါးဖြစ်တဲ့ သီရိ ပုလုမာရီ မင်းကို လည်း ဂူ နံပါတ် (၃) က အလှူရှင် မှတ်တမ်းစာရင်းတစ်ခု မှာတွေ့ရတယ်။ နံပါတ် (၃) ဂူ က နောက်ထပ် အလှူမှတ်တမ်းကျောက်စာ တစ်ခုမှာ ဂေါတမီ ပုတြ ဘုရင် ရဲ့ မိဘုရားခေါင်ကြီး ဟာ ဒီဂူကျောင်းဆောင်ကို ဘဒါဝနိယဂိုဏ်းသံဃာတော်တွေ အားလှူဒါန်း
ခဲ့ကြောင်းတွေ့ ရတယ်။ ဂူ နံပါတ် (၆)၊ (၁၀)၊ (၁၅) အပါဝင် ဂူကျောင်း အချို့က ကျောက်စာမှတ်တမ်းတွေမှာတော့ ဒီ ဂူကျောင်းတွေကို အရပ်လေးမျက်နှာကသံဃာ အားလုံးအားလှူဒါန်းကြောင်း ရေးထိုးထားတာ
တွေ့ကြရတယ်။ အခြား ဂူကျောင်းဆောင်တွေကိုတော့ ဘယ်ဂိုဏ်း သံဃာတော် တွေကို လှူဒါန်းခဲ့ကြောင်း မသိကြရဘူး။ ဂူ နံပါတ် (၁၇) မှာ မဟာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းက ကိုးကွယ်လေ့ရှိတဲ့ဆင်းတုတော်တစ်ဆူ ကို တွေ့ကြရပြီး နှောင်းခေတ်ရောက်မှ ထားရှိကိုးကွယ်တာ ဖြစ်တယ် လို့ ယူဆရပါတယ်။
စောစော က ပြောခဲ့တဲ့ ဘဒါဝနိယ သံဃာဂိုဏ်း အမည်ကို ဘုံဘေမြို့နားမှာ တွေ့ရှိခဲ့တဲ့ လိုဏ်ဂူ ဘုရားကျောင်းဆောင်ပေါင်း (၁၀၉) ဆောင်ရှိတဲ့ ကဏှေရီ ဂူ ဘုရားကျောင်းမှာလည်း တွေ့ရှိရပါတယ်။
အဲဒီ ဂူကျောင်းဆောင်တွေရဲ့ အလယ်က ကြီးမား ကျယ်ပြန့် တဲ့ ဂူကျောင်းဆောင်ဟာ စေတီ ခန်းမဖြစ်ပြီး အဲဒီ ခန်းမကြီးကို ဘဒါဝနိယ ဂိုဏ်းခေါင်းဆောင် ရဟန်းတော်တွေအတွက် အေဒီ (၂) ရာစု အကုန် သာတ၀ါဟန မင်းဆက် နှောင်းပိုင်းက ဘုရင်တစ်ပါးဖြစ်တဲ့ နာမည်ကျော် ရာဇညသီရိမင်းကြီး က လှူ ဒါန်းခဲ့ကြောင်း သိရတယ်။ ကဏှေရီက အခြား ဂူကျောင်းဆောင်တွေကို တော့ အေဒီ (၂) ရာစုနဲ့ (၈) ရာစု အတွင်းမှာ ဖောက် ထွင်း ဆောက်လုပ်ခဲ့တာ ဖြစ်တယ်။ ဂူကျောင်း နံပါတ် (၇၀) ဟာလည်း ဘဒါဝနိယ ဂိုဏ်းသံဃာတော်တွေ အတွက် လှူဒါန်းခဲ့ ခြင်းဖြစ်ပြီး ဂူ နံပါတ် (၁၂၊ ၄၈၊ ၇၇၊ ၈၁) တို့ကိုတော့ သံဃာတော် အားလုံးကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ကာရလီ က ဂူ ဘုရားကျောင်းတွေကတော့ ဘုံဘေ - ပူးနား မော်တော်ကားလမ်းမကြီးဘေးက တောင်းစောင်းမှာ ရှိတယ်။
ဒီဂူကျောင်းတွေရဲ့ သက်တမ်းဟာလည်း နာဆစ်ခ်မြို့က ဂူကျောင်းတွေရဲ့သက်တမ်းနဲ့ ခေတ်ကာလ အတူတူလောက်က ဖြစ်တယ်။ လိုဏ်ဂူရဲ့ အလယ်ဗဟိုမှာ စေတီတော်တစ်ဆူနဲ့ ကြီးမားတဲ့ စေတီခန်းမကြီးရှိပြီး အကျယ် ၁၃.၈၇ မီတာ နဲ့ အလျား ၃၇.၈၇ မီတာရှိ တယ်။ ဒီ လိုဏ်ဂူ ခန်းမကြီးဟာ အိန္ဒိယမှာ တွေ့ရသမျှ စေတီဂူခန်းမတွေထဲမှာ အကြီးမားဆုံးဖြစ်တယ်။ အဲဒီ ခမ်းနား တဲ့ ဂူကျောင်းကြီးကို အေဒီ (၁) ရာစုနှစ်အစ မှာ ဖောက်ထွင်းဆောက်လုပ်ခဲ့ပြီး သူဌေးတစ်ဦးက လှူဒါန်းခဲ့ကြောင်း သိရတယ်။ သို့သော်လည်း ဂူ အတွင်းက တိုင်လုံးရှည် (၁၁) ခု ပေါ်မှာလည်း တစ်ဦးချင်း အလှူရှင် စာရင်းတွေကို တွေ့ကြရပါတယ်။ ဗုဒ္ဓ
ဓါတ်တော်တွေ ဌာပနာ ထည့်သွင်းထားတဲ့ တိုင်ရှည်တစ်ခုကို ဓမ္မုတရိယ ဂိုဏ်း က သာတိမိတ အမည်ရှိ တရားရွက်ဆောင်သူ ဘာဏက တစ်ဦးက လှူဒါန်းခဲ့ကြောင်း မှတ်တမ်းရေးထိုးထားတယ်။ တိုင်လုံးရှည် (၉) ခု ကို ဂရိလူမျိုး အလှူရှင်တွေက လှူဒါန်းခဲ့ကြောင်းလည်း တွေ့ရတယ်။ ဒါကြောင့်မို့ ဒီ လိုဏ်ဂူ ဘုရားကျောင်းဟာ စုပေါင်းအလှူကနေ ဖြစ်ပေါ်လာတယ် လို့ ယူဆရပါတယ်။ ကျောက်စာမှတ်တမ်းတစ်ခုမှာတော့ သကလူမျိုး ကရှဟရာတ ဘုရင်ရဲ့ အဆက်အနွယ်တစ်ဦးဖြစ်တဲ့ ဥသဘဒါတအမည်ရှိ ဘုရင်ခံတစ်ဦး ဟာ အိမ်ယာကို စွန့်ခွာပြီး ဂူကျောင်းတွေမှာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ အရပ်လေးမျက်နှာက သံဃာတော်တွေကို ထောက်ပံ့စိမ့်သောငှာ (ပဗ္ဗဇ္ဇိတာနံ စတုဒိသသ သံဃာ) ကရဇိက ကျေးရွာကို လှူဒါန်းခဲ့တယ် လို့ မှတ်တမ်းတင်ထားတယ်။ ဒါကြောင့်မို့လို့ အဲဒီ လိုဏ်ဂူ ဘုရားကျောင်းက စေတီတော် ဂူခန်းမ ဟာ နိကာယ ဗုဒ္ဓ၀ါဒ ဂိုဏ်းတစ်ဂိုဏ်း ကိုသာ ရည်စူးပြီး လှူဒါန်းခဲ့တာ မဟုတ်ဘူး လို့ ကောက်ချက်ဆွဲရမှာ ဖြစ်တယ်။
နှောင်းခေတ်မှာ ဒီဒေသကို သာတ၀ါဟနမင်းတွေ အုပ်စိုးခဲ့ကြတယ်။ အဲဒီနှောင်းခေတ်က ကျောက်စာတွေကို စေတီတော် ခန်းမမှာ တွေ့ရှိကြရတယ်။ အဲဒီထဲက ကျောက်စာတစ်ခုမှာ ကရဇိက ကျေးရွာကို နောက်ဆုံးတော့ ဂူဘုရားကျောင်းမှာ သီတင်သုံး နေထိုင်တော်မူတဲ့ မဟာသံဃိကဂိုဏ်းဝင် ရဟန်းတော်တွေနဲ့ သာမဏေတွေကို လှူဒါန်းခဲ့တယ် ရေးထိုးထားတယ်။ ဒီ ကျောက်စာဟာ နှောင်းခေတ်မှာ မဟာသံဃိကဂိုဏ်းဝင် သံဃာတော်တွေက ဂူဘုရားကျောင်းကို စိုးမိုးခဲ့ကြောင်းညွှန်ပြနေတယ်။ စေတီတော် ခန်းမရဲ့ မြောက်ဘက် ရဟန်းတော်တွေနေထိုင်တဲ့ အခန်းတစ်ခန်းမှာ လည်း ကျောက်စာတစ်ခုတွေ့ရတယ်။အဲဒီ ကျောက်စာ မှာ သီရိပုလုမာရီ မင်းကြီးရဲ့ နန်းစံနှစ် (၂၄) နှစ်အတွင်း မှာ အခန်း (၉) ခန်းပါတဲ့ ဂူကျောင်းဆောင် အစည်းဝေး ခန်းမတစ်ခုကို မဟာသံဃိကဂိုဏ်းဝင် သံဃာတော်တွေအတွက် လှူဒါန်းခဲ့တယ် လို့ ရေးသားပါရှိတယ်။
ဘာဂျာက ဂူဘုရားကျောင်းဆောင်တွေကတော့ ကာရလီ အနီးမှာတည်ရှိတယ်။ အဲဒီ ဂူဘုရားကျောင်းရဲ့ အလယ်ဟာ စေတီတော်ခန်းမဖြစ်ပြီး ခန်းမရဲ့ တစ်ဖက်စီမှာ ရဟန်းတော်တွေနေဖို့ ဂူ အခန်းငယ်တွေပါရှိတယ်။ ခန်းမဆောင် ဂူ အပါအ၀င် ဂူ တွေ အားလုံးဟာ မကြီးမားလှဘူး။ ဘီစီ (၁) ရာစု သို့မဟုတ် အဲဒီထက် ရှေးကျတဲ့ ကာလ က ဖောက်ထွင်းဆောက်လုပ်ခဲ့ပြီး ကာရလီက ဂူကျောင်းတွေထက် ရှေးကျပါတယ်။ အဲဒီ ဂူတွေထဲမှာ နံပါတ် (၁၇) ဂူဟာ ရှေးအကျဆုံးဖြစ်တယ်။ အဲဒီ ဂူဘုရား ကျောင်းကနေ ကျောက်စာ (၈) ခု ကိုတွေ့ရတယ်။ ကျောက်စာ(၄)ခုဟာအလှူရှင် စာရင်းတွေဖြစ်တယ်။ နောက်ထပ် ကျောက်စာ(၄)ခုကိုတော့ ဂူအစွန်မှာ ရှိတဲ့ စေတီငယ်လေးတွေ ပေါ်မှာ တွေ့ရှိရပြီး စေတီတော် အတွင်းမှာ အရိုးအိုးဌာပနာ ထည့်သွင်းထားတဲ့ မထေရ်မြတ်တွေရဲ့ ဘွဲ့တော်တွေကို ရေးထိုးထားခြင်းဖြစ်တယ်။ ဘာဂျာ ဂူမှာ သီတင်း သုံး နေထိုင်သွားခဲ့ တဲ့ ရဟန်းတော်တွေဟာလည်း သီးခြား နိကာယ ဗုဒ္ဓ၀ါဒ ဂိုဏ်းကွဲတစ်ဂိုဏ်းနဲ့သာသက်ဆိုင်တဲ့ သံဃာတွေ မဟုတ်နိုင်ဘူးလို့ ယူဆရပါတယ်။
ပူးနားမြို့ မြောက်ဘက် (၄၆) မိုင်အကွာမှာ ဇုန္နာမြို့ တည်ရှိတယ်။ အဲဒီ မြို့အနီးမှာ ဘီစီ (၁) ရာစု နဲ့ အေဒီ (၂) ကြားမှာ ဖောက်ထွင်း ဆောက်လုပ်ခဲ့တဲ့ ဂူဘုရားကျောင်း အကြီးအသေး အပါအ၀င် ဂူပေါင်း(၁၅၀) ကျော် ရှိတဲ့ ၊ ဘုရားကျောင်းနေရာ (၅) နေရာကို တွေ့ရှိခဲ့ကြတယ်။ အဲဒီ ဂူကျောင်းတွေ အတွင်းကတော့ ကျောက်စာပေါင်း(၃၀) လောက် တွေ့ရှိခဲ့ရပြီး စေတီခန်းမ အလှူမှတ်တမ်း၊ ဂူကျောင်းအလှူမှတ်တမ်း၊ ရေစည်အလှူမှတ်တမ်း၊ သရက်ပင် အလှူမှတ်တမ်း၊ လယ်မြေ အလှူ မှတ်တမ်း တွေကို ရေးထိုးထားတာဖြစ်တယ်။ အဲဒီ အလှူရှင် မှတ်တမ်းတွေထဲမှာ အများစုဟာ ဒေသခံ အလှူရှင်တွေဖြစ်ပြီး၊ ဂရိလူမျိုး အလှူရှင်တွေနဲ့ သကလူမျိုး ဘုရင်ခံတစ်ဦးရဲ့ အလှူကိုလည်းတွေ့ ရတယ်။ ဂူကျောင်းတစ်ဆောင်နဲ့ ရေစည်ကို ဓမ္မုတရိယ ဂိုဏ်းဝင် ဘိက္ခုနီ ရဟန်းမ တွေကို လှူဒါန်းခဲ့ကြောင်း မှတ်တမ်းကျောက်စာ တစ်ခုလည်း တွေ့ရပြီး ဒီကျောက်စာဟာ ဂူဘုရားကျောင်း တစ်ဆောင်ကို ဘိက္ခုနီ သံဃာတွေအတွက် လှူဒါန်းကြောင်းဖော်ပြထားတဲ့ တစ်ခုတည်းသော ကျောက်စာဖြစ်တယ်။ ဘိက္ခူနီ သံဃာတွေဟာ ဂူကျောင်းတွေထဲမှာ ထက် မြို့မှာ သီတင်းသုံးနေထိုင်လို့ ဒီ လို့ အတွေ့နည်းရတာ ဖြစ်နိုင်ပါတယ်။
အဂျန်တာ ဒေသမှာ ဂူဘုရားကျောင်းပေါင်း (၂၈) ကျောင်းတွေ့ရ တယ်။ စေတီတော် ဂူကျောင်းတွေဖြစ်တဲ့ ဂူနံပါတ် (၉၊ ၁၀)
နဲ့ ရဟန်းတော်တွေ သီတင်းသုံးခဲ့တဲ့ ဂူနံပါတ် (၁၂၊ ၁၃) တို့ဟာ ရှေးအကျဆုံး ဂူကျောင်းတွေဖြစ်ပြီး အေဒီ(၁)ရာစုအစောပိုင်းက ဖောက်ထွင်း ဆောက်လုပ်ခဲ့တာဖြစ်တယ်။ နံပါတ် (၁၀) စေတီတော် ဂူခန်းမ ကို ပုလုမာယိ ဘုရင်ရဲ့ ဆွေးမျိုးတော်တွေ လှူဒါန်းခဲ့ပြီး၊ ရဟန်းတော်တွေသီတင်းသုံးတဲ့ ဂူနံပါတ် (၁၂) ကို ကုန်သည်တွေ လှူဒါန်းခဲ့ကြောင်း ကျောက်စာတွေအရ သိရ ပါတယ်။ ၀ိဟာရဂူတွေဖြစ်တဲ့ဂူနံပါတ်(၁၁၊၁၄၊၁၅)တို့ဟာ နောက်မှ ဖောက်ထွင်းဆောက်လုပ်ခဲ့တာဖြစ်တယ်။ ကျန်တဲ့ ဂူ ဘုရားကျောင်းတွေ ကို တော့ ဂုပတ ခေတ်မှ ဆက်လျက် ဖောက်လုပ်ခဲ့တာဖြစ်ပြီး အဲဒီ ဂူကျောင်းတွေဟာ အထူးသဖြင့် ဂူ နံ ပါတ် (၁) နဲ့ (၂) ဟာ အလွန်အသေးစိတ် တဲ့ အနုပညာ ရုပ်ကြွလက်ရာတွေနဲ့ လှပတဲ့ နံရံဆေးရေး ပန်းချီးကားတွေကြောင့် အထူးကျော်ကြားပါတယ်။
အီလိုရာ ဂူဘုရားကျောင်းတွေဟာ လည်း အဂျန်တာ ဂူအနီးမှာ တည်ရှိပြီး ဂူပေါင်း (၃၄) ဂူ ပါဝင်ပါတယ်။ ရှေးအကျဆုံး ဂူတွေ ဟာ ဂူ နံပါတ် (၁) ကနေ (၁၂) ထိဖြစ်ပြီး ဗုဒ္ဓဘာသာ နဲ့ သက်ဆိုင်တဲ့ ဂူဘုရားကျောင်းတွေဖြစ်တယ်။ ဂူနံပါတ် (၁၀) ဟာ စေတိယ ဂူဖြစ်ပြီး ကျန်ဂူတွေဟာ ၀ိဟာရ ဂူတွေဖြစ်တယ်။ ဒီ ဂူကျောင်းတွေအားလုံးဟာ ဂုပတခေတ်က လက်ရာတွေဖြစ်တယ်။ အသေးစိတ် အနုလက်ရာတွေနဲ့ မွှမ်းမံထားပြီး နှောင်းခေတ် အဂျန်တာ ဂူတွေမှာ တွေ့ရသလိုမျိုး မဟာယာန ဗုဒ္ဓဘာသာဆိုင် ရာ ရုပ်ပွားဆင်းတုတွေကိုလည်း တွေ့ကြရတယ်။ ဂူ နံပါတ် (၁၃) ကနေ (၂၉) ဟာ ဟိန္ဒူ ၀ါဒနဲ့ သက်ဆိုင်တဲ့ ဂူဘုရားကျောင်း တွေဖြစ်တယ်။ အဲဒီ ဂူတွေထဲ မှာ လက်ရာ အမြောက်ဆုံး ရုပ်ကြွလက် ရာတွေရှိတဲ့ ကာအိလာသ ဘုရားကျောင်းဟာ အထူးထင်ရှားတယ်။ ကျန်တဲ့ ဂူ ကျောင်း ငါး ခု ကတော့ ဂျိန်းဘာသာဝင်တွေရဲ့ ဂူ ဘုရားကျောင်းတွေဖြစ်တယ်။

ဘိက္ခု ကေသရ
ref: The Evolution of the Order after Asoka
by Hirakawa Akira
photos: online sources
Posted by bhikkhukesara