Search This Blog

Wednesday, January 18, 2017

အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ ၂


ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော်ကို ဒီ ခန်းမကြီးမှာ ဌာပနာထားကြောင်း၊ ဒီ ခန်းမကြီးဟာ ဘုရားလောင်းတော်တစ်ပါး ကို ရည်စူးတည်ဆောက်ခဲ့ကြောင်း အဲဒီ ငွေပေလွှာပေါ်မှာ ရေးသားထားတယ်။ ရေးသားခဲ့ခေတ်ကာလ ဟာ အေဒီ (၁) စု အလယ်ပိုင်းလောက်က လို့ ယူဆရပြီး ခေတ်နှောင်းပိုင်း ကို ရောက်နေတယ်။ သို့ပေမဲ့ ပိုပြီး ရှေးကျတဲ့ ဗုဒ္ဓ ရှေးဟောင်း သက်သေပစ္စည်းပေါင်းများစွာကို တက္ကသီလာက၊ သီရကပ် မှာ တူး ဖော်တွေ့ရှိခဲ့ပြန်တယ်။ အဲဒီ တူးဖော်တွေ့ရှိတဲ့ အထောက်ထားတွေထဲမှာ ရှေးအကျဆုံးဟာ ဘီစီ (၂) ရာစုကို ရည်ညွှန်းနေပါတယ်။
ဘီစီ (၁) ရာစုလောက်က ဂရိလူမျိုးအချို့ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းခဲ့ပုံကို ရေးထိုးထားတဲ့ ကျောက်စာများကိုလည်း တွေ့ရှိ ကြရတယ်။ ဆွတ် တောင်ကြားမှာတွေ့ရှိခဲ့တဲ့ ဓါတ်တော်အိုးတစ်အိုး ပေါ်က ရေးထိုးစာအရ အဲဒီ ဓါတ်တော်အိုးမှာ သကျမုနိ ဗုဒ္ဓ ရဲ့ ဓါတ်တော်ထည့်သွင်းထားကြောင်း၊ သီအိုဒိုရပ်စ် အမည်ရှိတဲ့ မြိုစား တစ်ဦးက ဒီနေရာမှာ ဌာပနာထားခဲ့ကြောင်း သိရတယ်။ အဲဒီနေရာမှာ နောက်ထပ် တွေ့ရှိခဲ့တဲ့ ကြေးပြားချပ်တစ်ချပ်မှာလည်း ဒီ စေတီတော်ကြီးကို ‘‘မရိဒခ’’ နဲ့ ဇနီးတို့ တည်ထားကိုး ကွယ်ခဲ့ကြောင်း ရေးသားထားတယ်။ ‘‘မရိဒခ’’ ဆိုတဲ့စကားဟာ ဂရိ အုပ်ချုပ်ရေးစနစ်မှာ ‘‘ရုံး’’ ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ ဒီ စကား လုံးကို ‘‘မြို့စား’’ သို့မဟုတ် ‘‘ဘုရင်ခံ’’ လို့ ဘာသာပြန်လို့ရပေမဲ့၊ အဲဒီ ရာထူးနဲ့ ပုဂ္ဂိုလ် အုပ်ချုပ်ခွင့်ရတဲ့ နယ်ပယ်ဟာ ကျယ်ပြန့် လှတယ် လို့ မပြောနိုင်ဘူး။ ထူးခြားတဲ့ အချက်ကဘာလည်း ဆိုတော့ အဲဒီ ခေတ်က ဒီ လို ရာထူးအဆင့်တန်းနဲ့ ၀န်ထမ်းတစ်ဦး ဟာ စေတီတော်ကြီးတစ်ဆူ တည်ထားလောက်အောင် စေတနာ၊ သဒ္ဓါတရားထက်သန်နေတယ် ဆိုတဲ့အချက် ဖြစ်တယ်။
ဂရိ ဗုဒ္ဓဘာသာဝင်တွေကို အသောက မင်းကြီး ခေတ်မှာတောင် တွေ့ကြရ ပါတယ်။ အသောကမင်းကြီး စေလွှတ်ခဲ့တဲ့ ဗုဒ္ဓသာသနာပြုခရီးစဉ်တွေထဲ မှာ ဓမ္မရက္ခိတ အမည်ရှိတဲ့ ဂရိရဟန်းတော်တစ်ပါး ပါဝင်တယ်။ ဒီ ရဟန်းတော်ဟာ အပရန္တ တိုင်းကို သာသနာပြုခရီး ကြွချီခဲ့တာဖြစ်တယ်။ ဆန်ချီက ကျောက်စာတွေထဲမှာလည်းဘဲ ဂရိ အလှူရှင်များရဲ့ အမည်တွေကို တွေ့ရတယ်။ ဒါကြောင့်မို့လို့ ဂရိလူမျိုး အချို့ဟာ အိန္ဒိယ ကိုရောက်ပြီး သိပ်မကြာခင်မှာဘဲ ဗုဒ္ဓ၀ါဒကို သက်ဝင်ယုံကြည်ပြီး ကိုးကွယ်ခဲ့ကြတယ် လို့ ဆိုရမှာ ဖြစ်တယ်။
ဗုဒ္ဓ၀ါဒ ဟာ အကြောင်းအကျိုးဆင်ခြင်ဉာဏ်နဲ့ ကိုယ်ကျင့်တရားကို အခြေခံထားတဲ့ ဘာသာအယူဝါဒ ဖြစ်တဲ့အတွက်တိုင်းတပါး သားတွေ အလွယ်တကူနဲ့ ခံယူကိုးကွယ်နိုင်ပါတယ်။ ဂရိလူမျိုးတွေဟာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမ တရားတော်တွေကိုအဆင်သင့် လက်ခံပြီး၊ စေတီတော်တွေကို ပူဇော်ခဲ့ကြမယ် ဆိုတာ ဖြစ်နိုင်ချေ အများကြီးရှိတယ်။ ဘာကြောင့်တုန်းဆို အဲဒီ ခေတ်က ဗြဟ္မဏ၀ါဒနဲ့ ဟိန္ဒူ ၀ါဒ တွေဟာ အစဉ်လာ ကိုးကွယ်ယုံကြည်မူ ဘာသာတရားတွေဖြစ်နေပြီး ဇာတ်ခွဲခြားမူ စနစ်ကို အခြေခံ ထားတာဖြစ်တယ်။ မနုဓမ္မသတ် ကျမ်းအရ တိုင်ခြားလူမျိုးတွေဟာ မသန့်စင်တဲ့ အရိုင်းစိုင်းတွေဖြစ်တယ် လို့ဆိုထားပါတယ်။ ဒါကြောင့်မို့လို့ ဟိန္ဒူဝါဒကို သက်ဝင်ကူးပြောင်းတဲ့ တိုင်းတပါးသား အရေတွက် မရှိသလောက်နည်းတာ ဖြစ်တယ်။ ဗုဒ္ဓ၀ါဒက တော့ ဓမ္မသဘောတရားတွေနဲ့ ကျိုးကြောင်း ဆင်ခြင်ဉာဏ်ကို အခြေခံထားတဲ့အတွက် တိုင်တပါးသားတွေ ကို ပိုပြီး ဆွဲဆောင် နိုင်တာ ဖြစ်တယ်။ ဒါ့ အပြင် ဗုဒ္ဓတရားတော်များအရ ဇာတ်အလွှာအသီးသီးက လူတန်းစားအားလုံးဟာ တန်းတူဖြစ်ပြီး တိုင်းတပါးသား ဖြစ်လို့ ခွဲခြားသတ်မှတ်တာမျိုး မရှိဘူး။ ဒါကြောင့်မို့ ဂရိလူမျိုးတွေတင် မကပါဘူး၊ အိန္ဒိယနိုင်ငံထဲ ကို ထိုးဖောက် ၀င်ရောက်ခဲ့ကြတဲ့ သက လူမျိုးတွေ၊ ပသီ လူမျိုးတွေနဲ့ ကူရှန် လူမျိုးတွေဟာ ဗုဒ္ဓ၀ါဒကို သက်ဝင်ကိုးကွယ်ပြီး ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ချီးမြှောက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းတွေမှာ တွေ့ကြရတာဖြစ်တယ်။

ကူရှန် မင်းဆက်များ
===============
တရုတ်လူမျိုးတွေက ‘‘၀ီဂါး’’ တွေလို့ ခေါ်တဲ့ ကူရှန်တွေရဲ့ မူလဒေသ ဟာ တန်ဟောင် နဲ့ ချီလီယန်း နယ်ရဲ့ကြား အာရှ အလယ် ပိုင်းဒေသဖြစ်တယ်။ ဘီစီ (၂) ရာစုမှာ ဆွန်နု မင်းဆက်ရဲ့ တိုက်ခိုက်မူကြောင့် ရူံးနိမ့်ပြီး သူတို့ဟာ အနောက်ဘက် ဒေသကို ဆုတ်ခွာ လာခဲ့ကြတယ်။ အဲဒီကနေ အိုဇက်မြစ်ရဲ့ မြောက်ဘက်ဒေသမှာ အချိန်ကာလ တစ်ခုတာ အခြေချနေထိုင်ခဲ့ကြပြီး အနောက်ဘက်က တက်ဆီးယား ကို တိုက်ခိုက်ဖို့ ဆက်လက်ချီတက်ခဲ့တယ်။ ဘီစီ (၁၂၉) ပတ်ဝန်းကျင်မှာ သူတို့ဟာ ယခင် က ဘက်ထရီးယားနယ်ထဲကို ရောက်လာခဲ့ကြပါတယ်။ အဲဒီ အချိန်က ၀ီဂါး မျိုးနွယ်စု (၅) စု ရှိတယ်။ အဲဒီ အထဲမှာ အင်အား အကောင်းဆုံးဟာ ကူရှန် မျိုးနွယ်စု ဖြစ်တယ်။ ကူရှန်တွေဟာ တခြားမျိုးနွယ်စု လေးစုကို တိုက်ခိုက်အောင်နိုင်ပြီး အင်အား ပို ကောင်းလာခဲ့ပါတယ်။ အေဒီ (၁) ရာစု ကုန်ခါနီးမှာ ကုဂျူလ ကဒဖိးလ်စ် ခေါင်းဆောင်တဲ့ ကူရှန်တွေဟာ ပသီပြည်ကို တိုက်ခိုက်အောင်နိုင်ပြီး အိန္ဒိယပြည်ထဲထိ ထိုးဖောက်ဝင်ရောက် လာခဲ့တယ်။ အေဒီ (၂) ရာစု အစောပိုင်းကို ရောက်တဲ့အခါ နာမည်ကျော် ကနိသျှက ဘုရင်ဟာ ကူရှန်တွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ကနိသျှဘုရင်ဟာ ကဒဖိးလ်စ် မင်းဆက်ကို ဖြုတ်ချပြီး ဘုရင်ဖြစ်လာသူ ဖြစ်တယ်။ သူဟာ အိန္ဒိယပြည် အနောက်မြောက်ပိုင်းဒေသ နဲ့ မြောက်ပိုင်းဒေသ တွေ အပါအ၀င် အာရှ အလယ်ပိုင်းကနေ အာဖကန်နစ္စတန် ထိ ကျယ်ပြန့်တဲ့အင်ပါယာကြီးကိုတည်ထောင်နိုင်ခဲ့တယ်။
ကနိသျှက ဘုရင်ရဲ့ အင်ပါယာဟာ အသောကဘုရင်ခေတ်ပြီးရင် အာရှတိုက်တောင်ပိုင်းမှာ အကျယ်ပြန့်ဆုံးအင်ပါယာ ဖြစ် တယ်။ သူရဲ့အင်ပါယာ အတွင်းမှာ အင်ဒီယန်းတွေ၊ ဂရိတွေ၊ သက လူမျိုးတွေ၊ ပသီလူမျိုးတွေ စသည်ဖြင့် လူမျိုးစု ပေါင်းများ စွာ ပါဝင်ခဲ့တယ်။ ဒါ့အပြင် ရောမအင်ပါယာ၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကြား ကုန်သွယ်မူ လမ်းကြောင်းရဲ့ အချက်ခြာကျဆုံးနေ ရာမှာ တည်ရှိတဲ့အတွက် အရှေ့၊ အနောက် ကုန်သွယ်လမ်းကြောင်းပေါ်က လူမျိုးပေါင်းများစွာ ရဲ့ ကွဲပြားခြားနားတဲ့ ယဉ်ကျေးမူ အမျိုးမျိုးရဲ့ ကူလူးဆက်ဆံ မူ၊ တွေ့ဆုံပေါင်းစပ်မူဟာ အဲဒီခေတ် ကနိသျှကမင်းလက်ထက် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ယဉ်ကျေးမှုအသစ်တစ်ရပ် အရှိန်ဟုန်ကောင်းစွာ ဖြစ်ထွန်းစေခဲ့တယ်။ အသစ်ဖြစ်ပေါ်လာတဲ့ မဟာယာန ဗုဒ္ဓဘာသာ ဟာ ကနိသျှက မင်း လက်ထက်မှာ အကြီးအကျယ် ထွန်းကားလာခဲ့တယ်။ ဒါ့အပြင် ဂရိနဲ့ ဂရိကိုရိုမန်ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမူနဲ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ အနုပညာလက်ရာတွေ၊ အဆောက်အဦး ဗိသုကာလက်ရာတွေဟာ ပုံစံအသစ်၊ ဟန်အသစ်နဲ့ ဖြစ်ထွန်းလာခဲ့ပါတယ်။
ဥပမာ ဂန္ဓာရ အနုပညာလက်ရာမှာ သိသာထင်ရှားတဲ့ ဂရိယဉ်ကျေးမှုရဲ့ လွှမ်းမိုးမူကို တွေ့နိုင်တယ်။ ဗုဒ္ဓသာသနိက အဆောက် အဦးတွေမှာ ကော်ရစ်သီယန် ပုံစံ တိုင်လုံးရှည်တွေနဲ့ တိုင်ထိပ် အလှဆင်မူတွေ၊ ဂရိ ပုံစံ မွှမ်းမံခြယ်သမူတွေကိုလည်း တွေ့ကြ ရတယ်။ ဂရိယဉ်ကျေးမူရဲ့ လွှမ်းမိုးမူဟာ အာရှတိုက် အလယ်ပိုင်း၊ တရုတ်နိုင်ငံ တို့ကတဆင့် ဂျပန် နိုင်ငံထိအောင် ပြန့်နှံ့ရောက်ရှိသွား ခဲ့တယ်။ ဥပမာ ဂျပန်နိုင်ငံ၊ နရမြို့က ဟိုရယူဂျီဘုရားကျောင်းမှာဂရိလွှမ်းမိုးမူကို တွေ့နိုင်တယ်။
ဒီခေတ်ကာလ အတွင်းမှာ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်တု ထုပ်လုပ်ခြင်း အတတ်ပညာလည်း ထွန်းကားလာခဲ့တယ်။ ဂရိပုံစံ မျက်နှာ သွင်ပြင်အမူအယာနဲ့ အ၀တ်အစားဟန်၊ အထူးသဖြင့် အ၀တ်တွန့်ခေါက်ပုံ တွေဟာ အဲဒီခေတ်က ပန်းပုအတတ်ပညာမှာ ဂရိ ပန်းပုပုံစံရဲ့ အားကောင်းတဲ့ လွှမ်းမိုးမူကို ဖော်ညွှန်းနေတယ်။ ဗိသုကာအတတ်နဲ့ လူပုံထုလုပ်ခြင်း ပန်းပုအတတ်မှာ ဂရိကိုရိုမန် ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမူကို ပသီ ခေတ်ကတည်းက တွေ့ရှိနေပြီးဖြစ်တယ်။ သို့သော်လည်း အဲဒီခေတ်မှာ ဗုဒ္ဓရုပ်ပွားဆင်းတု တော်ကိုတော့ မတွေ့ကြရသေးပါဘူး။ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို ယခုခေတ် ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ ရှိခဲ့တဲ့ ဂန္ဓရ တိုင်းနဲ့ အိန္ဒိယနိုင်ငံအလယ်ပိုင်းက မထုရာ မှာ ကူရှန်မင်းဆက်ရဲ့ အစောပိုင်းကာလ ဖြစ်တဲ့ အေဒီ (၁) ရာစုနှစ် အကုန်လောက်ကျမှ ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်တယ်။ အေဒီ (၂) ရာစုနှစ်ကိုရောက်တဲ့အခါ ဗုဒ္ဓ၀ါဒဆိုင်ရာ ပန်းပုလက် ရာတွေဟာ အလျင်အမြန် ပြန့်နှံ့ ထွန်းကားနေပြီဖြစ်
တယ်။
ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်တဲ့ ပန်းပုလက်ရာတွေကို ပထမဆုံး ဗုဒ္ဓ၀င်ဇာတ်ကြောင်းတွေနဲ့ ဇာတ်နိပါတ်တွေကို သရုပ်ဖော်တဲ့ ပန်းပု ရုပ်ကြွတွေမှာ အသုံး ပြုခဲ့တာဖြစ်တယ်။ ဒီလို ပန်းပု ရုပ်ကြွတွေကို အိန္ဒိယအလယ်ပိုင်းက ဘာရဟုတ်နဲ့ ဆန်ချီ မှာရှိတဲ့ စေတီတော်တွေနဲ့ သာသနိက အဆောက်အဦးတွေမှာ မွှမ်းမံဖို့ ထုလုပ်ခဲ့ကြတယ်။ သို့ပေမဲ့ အဲဒီ ပန်းပုရုပ်ကြွတွေမှာ ဗုဒ္ဓမြတ်စွာ ကို လူသားအသွင်သဏ္ဌာန်နဲ့ မထုလုပ်ကြသေးဘူး။ သင်္ကေတ တစ်ခုနဲ့သာ ရည်ညွှန်းထု လုပ်ကြကြောင်းတွေ့ရတယ်။
ဂန္ဓာရ အနုပညာ ဖွံ့ဖြိုးထွန်းကားလာတဲ့ အခါမှသာ လူသားအသွင် သဏ္ဌာန် ဗုဒ္ဓဆင်းတုတော်တွေကို စတင်ထုလုပ်ခဲ့တာဖြစ် တယ်။ အစမှာတော့ ရုပ်ကြွတွေထဲမှာ လူသားပုံစံ ဗုဒ္ဓရုပ်ပွားတော်ကို ပြကွက်ရဲ့ အလယ်မှာထားပြီး အခြားရုပ်တုတွေနဲ့ အရွယ် အစားတူ ထုလုပ်ခဲ့ကြတယ်။ သို့ပေမဲ့ နောက်ပိုင်းမှာ ဗုဒ္ဓရုပ်ပွားတော်ကို အခြား ရုပ်တုတွေထက် ပိုလွန်ကြီးမားစွာ ထုလုပ်လာ ခဲ့ကြပြန်ပါတယ်။ နောက်ဆုံးအဆင့်မှာတော့ ဗုဒ္ဓရုပ်ပွားတော်ကို ဗုဒ္ဓ၀င်ပြကွက်တွေနဲ့ သာ ဆက်စပ်ထုလုပ်တာ မဟုတ်တော့ ဘဲ တပါးတည်း သီးခြား ထုပ်လုပ်ပူဇော်ခဲ့ကြပါတော့တယ်။
ရုပ်ကြွတွေမှာ ဗုဒ္ဓမြတ်စွာကို ထုလုပ်တာဟာ ဗုဒ္ဓ၀င်ဇာတ်တော်တွေကို သရုပ်ဖော်ဖို့ ဖြစ်ပေမဲ့ ဗုဒ္ဓဆင်းတုတော်တွေကို သီးခြား ထုလုပ်တာဟာ ပူဇော်ကိုးကွယ်ဖို့ ဖြစ်တယ်။ ဒီလို သီးခြားဗုဒ္ဓဆင်းတုတော်တွေ ကို စေတီတော်တည်းထားကိုးကွယ်တဲ့ ဓလေ့ ကနေ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တွေ ကို သရုပ်ဖော်ဖို့ ထုလုပ်ကြရာက ဖွံ့ဖြိုးဖြစ်ပေါ်လာခဲ့တယ် လို့ ယူဆရတယ်။ ဗုဒ္ဓ၀င်ဇာတ် ကြောင်းစာပေတွေ တိုးတက်ထွန်းကား လာမူကလည်း ဆင်းတုရုပ်ပွားကိုးကွယ်မူမှာ အရေးပါတဲ့အကြောင်းတစ်ရပ် ဖြစ်နိုင်ပါ တယ်။ ဗုဒ္ဓရုပ်ပွားဆင်းတုတော် ထုလုပ်ကိုးကွယ်မူ ဓလေ့ဖြစ်ပေါ်လာရတာဟာ ဂရိပန်းပု ဆရာတွေရဲ့လွှမ်းမိုးမူကြောင့်လား၊ သို့မဟုတ် ဗုဒ္ဓ၀ါဒ ရဲ့ ဗုဒ္ဓမြတ်စွာနဲ့ ပတ်သက်တဲ့ ပူဇော်ကိုးကွယ်မူ ကနေ တိုးတက်ဖြစ်ပေါ်လာသလား ဆိုတာဟာ ခန့်မှန်းငြင်း ခုံကြဆဲဖြစ်ပါတယ်။ အကယ်၍ ဗုဒ္ဓ၀ါဒရဲ့ ဗုဒ္ဓမြတ်စွာ ကို အမြတ်တနိုးပူဇော်ကိုးကွယ်ရာကနေ တိုးတက်ဖြစ်ပေါ်လာတယ် ဆို ရင်တော့ ဒီ ဓလေ့ရဲ့ မူလ ဘူတ ဟာ စေတီတော် တည်းထားကိုးကွယ်မူနဲ့ သတ္တ၀ါတွေကို ဆင်းရဲကနေ ကယ်တင်နိုင်တဲ့စွမ်းအား မျိုး ဗုဒ္ဓမြတ်စွာမှာ ရှိတယ် ဆိုတဲ့ ယုံကြည်မူကြောင့်ဖြစ်ပါလိမ့်မယ်။ သံဃာတော်တွေ စုစည်းသယ်ဆောင်တော်မူခဲ့ကြတဲ့ နိကာယ ဗုဒ္ဓ၀ါဒသဘောအရတော့ ဗုဒ္ဓမြတ်စွာဟာ ခန္ဓာ အကြွင်းအကျန်မရှိတဲ့ အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်တော်မူသွားခဲ့တာ ဖြစ်လို့ ဗုဒ္ဓမြတ်စွာကို သက်ရှိအသွင်သဏ္ဌာန်နဲ့ ဖူးမြော်နိုင်ခွင့်မရှိတော့ပါဘူး။ ဒါကြောင့်မို့လို့ ဗုဒ္ဓမြတ်စွာကို လူသားပုံစံနဲ့ဖြစ်စေ အခြား ဘယ်လို ပုံသဏ္ဌာန်နဲ့ ဘဲဖြစ်စေ ကိုယ်စားပြု ဖော်ပြလို့ မရနိုင်တော့ပါဘူး။
ကူရှန်မင်းဆက်ရဲ့ ပထမဘုရင်တွေဖြစ်တဲ့ ကုဂျူလ ကဒဖိလ်စ် နဲ့ ဝေမာ ကဒဖိလ်စ် ဘုရင်တွေတွေဟာ ဘယ် ဘာသာဝါဒကို ကိုးကွယ်ဆည်း ကပ်ခဲ့ကြသလဲ ဆိုတာကိုတော့ သေချာ မပြောနိုင်ဘူး။ သို့သော်လည်း အဲဒီဘုရင်တွေလက်ထက်က အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားခဲ့တယ်လို့တော့ ခန့်မှန်းနိုင်ပါတယ်။။ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ် အတွင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တက္ကသီလာ က ဓမ္မရာဇိကာ စေတီတော်၊ ကုဏာလ စေတီတော်နဲ့ ကလ၀န ဒေသက ဗုဒ္ဓသာသနိက အဆောက် အဦးအကြွင်းအကျန်တွေ အပါအ၀င် ဗုဒ္ဓသာသနာ ဆိုင်ရာ အဆောက်အဦးပေါင်းများစွာကို တွေ့ ရှိခဲ့ကြရ လို့ဖြစ်တယ်။ အဲဒီ ဒေသတွေမှာ တွေ့ရှိရတဲ့ ဗုဒ္ဓ၀င် အဆောက်အဦးဟောင်း တွေမှန်သမျှ ဟာ ကူရှန်မင်းဆက် လက်ထက်တွင်းမှာ ဆောက်လုပ်ခဲ့တာချည်းဖြစ်တယ်။ ကလ၀န မှာ တူးဖော်တွေရှိခဲ့တဲ့ သံဃာရာမ ဘုန်းကြီးကျောင်းဆောင်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ တွေ့ရှိခဲ့သမျှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ ထဲမှာ အကြီးဆုံးကျောင်းကြီးဖြစ် တယ်။ စေတီတော်ဟောင်းတစ်ဆူရဲ့ ဂူအတွင်းမှာ တွေ့ရှိခဲ့ရတဲ့ ကျောက်စာတစ်ခုဟာ အေဒီ (၇၇) ခုနှစ်ကို ရည်ညွှန်းနေပြီး စေတီတော် မှာ ဓါတ်တော်တွေဌာပနာပြု ပူဇော်ကြောင်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း သံဃာတော်တွေကို လှူဒါန်းကြောင်း ရေးထိုးဖော် ပြ ထားတယ်။ အဲဒီ ကျောက်စာ ဟာ နိကာယ ဗုဒ္ဓ၀ါဒရဲ့ ဂိုဏ်းတစ်ဂိုဏ်း ကို ဖော်ညွှန်းရေးထိုးခဲ့တဲ့ အစောဆုံးကျောက်စာ မှတ် တမ်းဖြစ်တယ်။
အဲဒီထက် နောက်ကျပြီး အေဒီ (၂) ရာစု ရက်စွဲတပ်ထားတဲ့ ကျောက်စာ တစ်ချပ်ကို ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက၊ ပက်ရှဝါ မြို့ အနီးမှာ တွေ့ရှိခဲ့တယ်။ အဲဒီ ကျောက်စာမှာ ကနိသျှက ဘုရင်မင်းကြီးဟာ နာမည်ကျော် ကနိသျှက စေတီတော်ကြီးကို တည်ထား ခဲ့ကြောင်း ရေးထိုးထားပြီး အဲဒီစေတီတော်ဟောင်းရဲ့ အကြွင်းအကျန်ကို ရှာဂျီကီဒေရီ ဒေသမှာ တူးဖော်တွေ့ရှိခဲ့ရ ပါတယ်။ ကနိသျှက သံဃာ့ရာမကျောင်းတိုက်ကြီးမှာ ဌာပနာပြု ပူဇော်ခဲ့တဲ့ ဓါတ်တော်အိုးတစ်လုံး ကိုလည်း တွေ့ရှိခဲ့ကြတယ်။အဲဒီဓါတ်တော်အိုးပေါ်မှာကနိသျှက ကျောင်းတိုက်
ကြီးမှာ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓ၀ါဒဂိုဏ်းဝင် သံဃာတော်တွေ သီတင်းသုံးနေထိုင် ခဲ့ကြောင်း ရေးထိုးပါရှိပါတယ်။ အေဒီ ၁၄၈ ခုနှစ် ရက်စွဲပါ ပက်ရှဝါမြို့အနီးကုရမ်ဒေသက ကြေးစေတီငယ်လေးတစ်ခုပေါ်မှာ ရေးထိုးထားတဲ့ မှတ်တမ်းမှာလည်း ဗုဒ္ဓမြတ်စွာရဲ့ ဓါတ်တော်တွေကို ဌာပနာပြုပြီး သဗ္ဗတ္ထိဝါဒဂိုဏ်းကို ပူဇော်လှူဒါန်းကြောင်းဖော်ပြထားတယ်။
ဗုဒ္ဓ၀ါဒ ဂိုဏ်းအမည်တွေ ဖော်ပြပါရှိတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းက အခြားကျောက်စာတွေကတော့ သဗ္ဗတ္ထိဝါဒဂိုဏ်းသံဃာတွေ အတွက် လှူဒါန်းတဲ့ ရေအလှူမှတ်တမ်းနဲ့ ရေတွင်းအလှူမှတ်တမ်းကျောက်စာတွေဖြစ်တယ်။ အခြားတွေရှိရတဲ့ကျောက်စာ တွေမှာတော့ ကာသယပီယ ဂိုဏ်းအတွက် ကြေးယောက်မ တစ်ချောင်းလှူဒါန်းကြောင်း၊ ဗဟုသုတ္တီယ ဂိုဏ်းနဲ့ ကာသယပီယ ဂိုဏ်းအတွက် မြေအိုးတွေ လှူဒါန်းကြောင်း မှတ်တမ်းတင်ထားတဲ့ ကျောက်စာတွေဖြစ်တယ်။ အဲဒီ ကျောက်စာတွေကို အနီးစပ် ဆုံး အေဒီ (၂) ရာစုက ရေးထိုးခဲ့တယ် လို့ ယူဆရပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓဘာသာဂိုဏ်းဟာ အထူး အားကောင်းခဲ့ပေမဲ့ ဒီဒေသမှာ တွေ့ရှိခဲ့သမျှ စေတီ တော်ဆောက်လုပ် လှူဒါန်းမှု ဆိုင်ရာ ကျောက်စာတွေထဲမှာ ဗုဒ္ဓ၀ါဒ ဂိုဏ်း တစ်ခုတစ်လေရဲ့ အမည် ကိုမျှ ဖော်ပြရေးထိုးခဲ့ တာ မတွေ့ကြရပါဘူး။ အဲဒီ ကျောက်စာတွေကို ခန့်မှန်းချေ အားဖြင့် အေဒီ (၁) ရာစုနှစ် ၀န်းကျင်က ရေးထိုး ခဲ့ကြတာဖြစ်တယ်။ အဲဒီ ကျောက်စာမှတ်တမ်းတွေထဲမှာ ဂရိ ဘုရင်ခံနှစ်ပါးရဲ့ စေတီတော်တည်ထားမူ မှတ်တမ်းပါဝင်သလို သက လူမျိုး ပတိက ရဲ့ တက္ကသီလာ မှာ စေတီတော်တွေတည် ထားမူ မှတ်တမ်းတွေ ပါဝင်ပြီး အခြားတွေ့ရှိရတဲ့ မှတ်တမ်းတွေ လည်းပါဝင်တယ်။
ယနေ့ခေတ် အာဖရိကန်နစ္စတန်နိုင်ငံတွင်းမှာလည်း ဗုဒ္ဓသာသနိက ဆိုင်ရာ ရှေးဟောင်းနေရာတွေကို တူးဖော်တွေ့ရှိခဲ့ကြတယ်။
လန်ဒဟာနဲ့ ကန်ဒဟာရ် မှာ တွေ့ရှိခဲ့တဲ့ အသောကမင်းကြီးကျောက် စာတွေအရ အသောကမင်းကြီးလက်ထက်က အာဖရိကန် နစ္စတန်နိုင်ငံတွင်းမှာ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်နှံ့နေပြီးဖြစ်ကြောင်း သိရှိကြရတယ်။ အဲဒီဒေသမှာ ဗုဒ္ဓ၀ါဒကို ဘယ်လို စတင် လက်ခံခဲ့တယ်၊ ကိုးကွယ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောနိုင်ပေမဲ့ အေဒီ ပထမရာစုနှစ် အတွင်းမှာ ဗုဒ္ဓ၀ါဒ ဟာ အာဖရိကန်နစ္စတန်နိုင်ငံ ရဲ့ ဒေသအချို့မှာ အရှိန်အဟုန်နဲ့ ထွန်းကားပြန့်ပွားခဲ့တယ် ဆိုတာ ကိုတော့ပြောနိုင် ပါတယ်။အဲဒီ တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်း ဗုဒ္ဓ၀င်နေရာတွေထဲမှာ ရဲတိုက်မြို့ ဖြစ်တဲ့ ဗာဂရာမ်မြို့က အဆောက်အဦး အကြွင်းအကျန် တွေ၊ ဗိမာရမ်က စေတီတော်ဟောင်းတွေ၊ ဟဒ္ဒ နဲ့ ရှိတိုရက်ခ် မှာ ရှိတဲ့ ရှေးဟောင်း ဗုဒ္ဓသာသနိက အဆောက်အဦးတွေပါဝင် နေတယ်။ ဒါ့အပြင် ဗုဒ္ဓ၀င် လိုဏ်ဂူ ဘုရားကျောင်းတွေကိုလည်း အနောက်ဘက်ဒေသမှာ တွေ့ရှိခဲ့ကြတယ်။ အဲဒီ လိုဏ်ဂူ ဘုရားကျောင်းတွေထဲမှာ အလွန်ကြီးမားတဲ့ ကျောက်သား ဗုဒ္ဓဆင်းတုတော်ကြီးနှစ်ဆူကို တွေ့ကြရသလို ဗုဒ္ဓ၀င် နံရံဆေးရေးပန်း ချီတွေကိုလည်း တွေ့ရှိရပါတယ်။ ဗာဂရာမ် မြို့ဟာ ရှေးက ကာပိသီ မြို့ဟောင်းနေရာ ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်တယ်။ အဲဒီနေရာမှာ ဗုဒ္ဓ၀င်သရုပ်ဖော်ပုံ ဆေးရေးပန်းချီတွေနဲ့ အခြား ဗုဒ္ဓသာသနိက ဆိုင်ရာရှေးဟောင်းပစ္စည်းများစွာကိုလည်းတွေ့ရှိခဲ့တယ်။ ဗီမာရန် မှာတော့ ရှေးဟောင်း စေတီတော်နေရာကဓါတ်တော်အိုးတစ်လုံးကို တွေ့ရှိခဲ့
ပြီး အဲဒီ ဓါတ်တော်အိုးပေါ်မှာ စေတီတော်ကြီးကို သီဝရသိတ အမည်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓမြတ်စွာရဲ ဓါတ်တော်တွေကို ဌာပနာ ပြုပြီး သက ခေတ်အတွင်းမှာ တည်ထားခဲ့ကြောင်း ဖော်ပြထားတယ်။

ကူရှန်ခေတ် .. (အဆက်)
==================
အာဖရိကန်နစ္စတန်နိုင်ငံက ဟဋ္ဋာဒေသမှာ ဗုဒ္ဓသာသနိက ဆိုင်ရာ လက်မှုပစ္စည်းတွေ ထောင်နဲ့ချီပြီး တွေ့ရှိခဲ့တယ်။ တွေ့ရှိ ခဲ့ရတဲ့ ရေတကောင်းတစ်ခုပေါ်က စာသားအရ ကနိသျှမင်းလက်ထက်မှာ ဗုဒ္ဓမြတ်စွာဓါတ်တော်တွေ ဌာပနာတည်ထားတဲ့ စေတီတော်အတွက် လှူဒါန်းခဲ့ကြောင်းသိရတယ်။ ကာဗူးလ်မြို့ရဲ့မြောက်ဘက် ၀ါရဒက်ခ် မှလည်း ကြေးဓါတ်တော်အိုး တစ်လုံး တွေ့ရှိခဲ့ပြီး အဲဒီ အိုးပေါ်မှာ ၀ဂရမ်ရေက ဘုန်းကြီးကျောင်းတော်အတွက် ဗုဒ္ဓဓါတ်တော်တွေ ထည့်သွင်းပူဇော်ပြီး မဟာသံဃိကဂိုဏ်းသံဃာတော်တွေကို လှူဒါန်းခဲ့ကြောင်းဖော်ပြထားတယ်။ ပြီးတော့ ကုဝိရှက ဘုရင်မင်းကြီး ကျမ္မာချမ်းသာ စေကြောင်း ဆုတောင်းစာကိုလည်းတွေ့ရပြီး အေဒီ ၁၇၉ ကူရှန်ခေတ် အတွင်းက ရေးသားခဲ့တာလို့ ယူဆရပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ အာဖရိကန်နစ္စတန်နိုင်ငံ အတွင်းမှာ ရှေးဟောင်း မှတ်တမ်းရေးသားမူ များစွာ တွေ့ရှိခဲ့ပေမဲ့အဲဒီရေးသားမူတွေထဲက အနည်းငယ်မှာသာ နိကာယ ဗုဒ္ဓ၀ါဒဂိုဏ်းအမည်တွေကို ဖော်ပြထားတယ်။
ကနိသျှက ဘုရင်ရဲ့ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓ၀ါဒဂိုဏ်းကို ထောက်ပံ့လှူဒါန်းမူနဲ့ ပတ်သက်ပြီး နာမည်ကျော် ကနိသျှက စေတီတော်မှတ် တမ်းကျောက်စာမှာ ထင်ထင်ရှားရှားဖော်ပြရေးထိုးထားတယ်။ ဒီလို ထောက်ပံ့လှူဒါန်းမူနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီ အချို့ကိုလည်း တွေ့ရတယ်။ ဥပမာ - တရုတ်မူနဲ့ ရှိနေတဲ့ အဿ ဃောသ မထေရ်ရဲ့ အတ္ထုပ္ပတ္တိ ကျမ်းမှာ ကနိသျှကဘုရင်ဟာ အိန္ဒိယနိုင်ငံ အလယ်ပိုင်းကို တိုက်ခိုက်အောင်နိုင်တဲ့အခါ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တော်နဲ့ အ ဿ ဃောသ မထေရ်မြတ်ကို တောင်းဆိုခဲ့တယ် လို့ ဆိုပါတယ်။ ဘုရင်မင်းကြီးရဲ့ တောင်းဆိုမူ၊ ပင့်လျှောက်မူ အရ အဿဃောသ မထေရ်မြတ်ဟာ အိန္ဒိယနိုင်ငံ အနောက် မြောက်ပိုင်းကို ကြွရောက်ပြီး ဗုဒ္ဓသာသနာပြန့်ပွားအောင် ရွက်ဆောင်ခဲ့ကြောင်း၊ ဘုရင်မင်းကြီးဟာ သဗ္ဗတ္ထိဝါဒ ဂိုဏ်းက ပရရှဝ မထေရ်မြတ်ကိုလည်း ကိုးကွယ်ကြောင်းတွေ့ရပြီး ဒီ မထေရ်မြတ်ရဲ့ တိုက်တွန်းမူကြောင့် ရဟန္တာ မထေရ်မြတ် (၅၀၀) ပါဝင်တဲ့ စတုတ္ထသင်္ဂါယနာတင်ခဲ့တယ်။ အဲဒီ သင်္ဂါယနာပွဲမှာ အပိုင်းပေါင်းနှစ် ရာကျော်ရှိပြီး မြောက်များလှတဲ့ မဟာဝိဘာသာကျမ်းတွေကို ပြုစုခဲ့တယ် လို့ ရေးသားထားတယ်။
ကနိသျှက ဘုရင်ရဲ့ နောက်မှာ ၀ါသိသက၊ ဟုဝိသကနဲ့ ၀ါသုဒေ၀ မင်းတွေ ဆက်ခံ အုပ်စိုးခဲ့တယ်။ အဲဒီ မင်းတွေလက်ထက်မှာ ကူရှန်အင်ပါယာဟာ အရှိန်အ၀ါ ကျဆင်းလာပြီး အေဒီ (၃) ရာစုရောက်တဲ့ အခါ အိန္ဒိယနိုင် ငံမြောက်ပိုင်းလောက် ကိုသာ စိုးမိုး အုပ်ချုပ်နိုင်တော့ကြောင်းတွေ့ရတယ်။ အဲဒီ ကူရှန်မင်းဆက် အစောပိုင်းကာလ မှာ မြို့စား သုဒသ ဟာ မထုရာမှာ ဂုဟ ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့ပြီး၊ ခေတ်နှောင်းကာလ နန်းသက် (၄၇) နှစ်အတွင်း ဟုဝိသက ဘုရင်လက်ထက် မထုရာမြို့ရဲ့ အပြင်ဘက် ဂျမာလာပူရ မှာ ဟုဝိသက ကျောင်းတိုက်ကြီးကို လှူဒါန်းခဲ့တယ်။ အဲဒီကျောင်းတိုက်ကြီးကို လှပတဲ့ရုပ်ကြွတွေနဲ့ မွှမ်းမံ တည်ဆောက် ခဲ့ပြီးနောက်ပိုင်း မှာ ဘာသာခြားတွေရဲ့ ဖျက်ဆီးခြင်းခံခဲ့ရလို့ ယခုခေတ်မှာ အုတ်တံတိုင်း အပိုင်းအစများစွာ၊ တိုင်လုံးများစွာနဲ့ ဗုဒ္ဓရုပ်ပွားတော်များစွာရဲ့ အပျက်စီး၊ အကြွင်းကျန်များကိုသာ တွေ့ကြရတယ်။
မထုရာမှာ အခြား ဗုဒ္ဓဘာသာကျောင်းတိုက်ပေါင်းများစွာလည်း ရှိခဲ့တယ်။ အဲဒီ ပတ်ဝန်းကျင်မှာ တွေ့ရှိခဲ့ရတဲ့ ကျောက်စာမှတ် တမ်းရေးသားမူတွေအရ နိကာယ ဗုဒ္ဓဘာသာဂိုဏ်းအချို့က သံဃာတွေတော်တွေရဲ့ ကျောင်းတိုက်တွေ မထုရာမှာ ရှိနေခဲ့ ကြောင်းသိရပြီး အဲဒီ ဗုဒ္ဓ၀ါဒဂိုဏ်းတွေထဲမှာ မဟာသံဃိကဂိုဏ်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ သမိတ္တိယဂိုဏ်း၊ ဓမ္မဂုတ္တိက ဂိုဏ်းအ မည်တွေကို တွေ့ရပါတယ်။ သံဃာ့ဂိုဏ်းအမည်တွေ ဖော်ပြမထားတဲ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ ကျောက်စာမှတ်တမ်းများစွာကိုလည်း တွေ့ကြရတယ်။ မထုရာဟာ ဗုဒ္ဓ၀ါဒရဲ့ အရေးပါတဲ့ ဗဟိုဌာနတစ်ခု ဖြစ်ကြောင်းကို တရုတ် ဘုရားဖူးခရီးသည် ရဟန်းတော်တွေ ဖြစ်တဲ့ ဖဟီယန်နဲ့ ရွှင်ကျန်တို့ ရဲ့ မှတ်တမ်းရေးသားမူတွေကလည်း သိနိုင်တယ်။
မထုရာနဲ့ ဂန္ဓရ ဟာ ဗုဒ္ဓမြတ်စွာရဲ့ ဆင်းတုတော်တွေကို ပထမဆုံး ထုလုပ်ကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းဒေသ နှစ်ခုအဖြစ် ထင်ရှား ပါတယ်။ မထုရာမှာ ပထမဆုံး ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေ ထုလုပ်တဲ့ အချိန်လောက်မှာဘဲ ဂန္ဓာရတိုင်းမှာလည်း စတင်ထုလုပ် ကိုးကွယ်ခဲ့တယ်။ သို့ပေမဲ့ မထုရာရဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေဟာ ဂန္ဓာရ ဆင်းတုတော်တွေကို ပုံတူးကူချတာတော့ မဟုတ်ဘူး။ မထုရာ ဟာ အဲဒီ ခေတ်မတိုင်ခင်ကတည်းက ပုံသွင်းလောင်းတဲ့ အတတ်ပညာ မှာ ထိပ်တန်းဒေသဖြစ်နေပြီး ပညာ ရပ်ဆိုင်ရာ အဆင့်တန်းမြင့် မားနေပြီဖြစ်တယ်။ ပြီးတော့ မထုရာ ဒေသမှာ ထုလုပ်တဲ့ ဗုဒ္ဓဆင်းတုတော် ပုံဟန်ဟာ ဂန္ဓာရပုံဟန် နဲ့ ကွဲပြားခြားနေပါတယ်။ ဒါကြောင့်မို့လို့ ဒီ ဒေသနှစ်ခုဟာ တစ်ခေတ်တည်းမှာဘဲ ဗုဒ္ဓရုပ်ပွားဆင်းတုတော်တွေကို သီးခြားစီ ထုလုပ်ခဲ့တယ်လို့ ယူဆရမှာ ဖြစ်တယ်။
မထုရာက လက်မူပညာရှင်တွေဟာ ဂန္ဓာရ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေကို တွေ့ရှိရာကနေ သူတို့ရဲ့ ကိုယ်ပိုင်ဟန် ဗုဒ္ဓဆင်းတု တော်တွေကို ထုလုပ်ခဲ့တာ ဖြစ်မယ် လို့ မှန်းဆရတယ်။ မထုရာ မှာ ဗုဒ္ဓ၀င်ဖြစ်စဉ်ကို သရုပ်ဖော်ထုလုပ်တာမျိုးကိုတော့ တွေ့ရ အင်မတန် နည်းတယ်။ သို့သော်လည်း လူများစွာက ဘုရားဖူးနေပုံမျိုး ကိုတော့ တွေ့ကြရတယ်။ ခေတ် အစောပိုင်းက ဒီလို ရုပ်ကြွမျိုးမှာ ဗုဒ္ဓမြတ်စွာနေရာကို ဗောဓိပင် သို့မဟုတ် စေတီတော် နဲ့ ဖော်ညွှန်းလေ့ရှိပြီး နှောင်းခေတ်ရောက်မှ လူသားအသွင် ဗုဒ္ဓ္ဂရုပ်ပွားတော်ကို ထုလုပ်တာဖြစ်တယ်။ အဲဒီ နောက်ပိုင်းမှာ ဗုဒ္ဓရုပ်ပွားတော်သက်သက်၊ ဘုရာလောင်းရုပ်ပွားသက်သက်ကို ထုလုပ်လာကြတယ်။ ဒီလို ထုလုပ်တဲ့ မထုရာက ဗုဒ္ဓဆင်း တုတော်တွေကို ကျောက်စာတွေမှာ ဗုဒ္ဓရုပ်ပွားတော်များလို့ ရည်ညွှန်း တာ မတွေ့ရဘဲ ‘‘ရုပ်ပွားတော်များ’’ (ပရတိမာ) လို့သာ ရည်ညွှန်းထား တာကို တွေ့ရတယ်။ သီးခြားထင်ရှားတဲ့ ရုပ်ပွားတော် တွေကိုတော့ ဗုဒ္ဓမြတ်စွာ ထိုင်တော်မူပုံ၊ ဘုရားလောင်း ထိုင်တော်မူပုံ စသည်ဖြင့် ရည်ညွှန်းချက် အချို့ကိုတွေ့ရတယ်။ ရုပ်ပွား တော်တွေကို ရည်ညွှန်းတဲ့ အသုံးနှုန်းကွဲပြားမူဟာ အဲဒီ ရုပ်ကြွတွေကို အသုံးပြုခဲ့တဲ့ နေရာအလိုက် ကွဲပြားမယ်လို့ ယူဆရပါ တယ်။ သို့သော်လည်း အဲလို အသုံးနှုန်းကွဲပြား ရခြင်းရဲ့ နောက်ကွယ်က ဓလေ့အယူဆကိုတော့ မသိကြရပါဘူး။

အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ


အသောကမင်းကြီး နှောင်းခေတ် ရှေးဟောင်းသက်သေများ

အသောကမင်းကြီး (၂၆၈-၂၃၂ ဘီစီ) နတ်ရွာစံတော်မူပြီးတဲ့အခါ တဖြည်းဖြည်းနဲ့ မောရိယ အင်ပါယာနိုင်ငံတော်ကြီးဟာ ယုတ်လျော့လာ ခဲ့ပြီး နောက်ဆုံး ဘီစီ ၁၈၀ လောက်မှာ စစ်သူကြီး ပုသျှမိတြရဲ့ အပြီးတိုင် ချေမှုန်းဖျက်စီးခြင်းခံခဲ့ရတယ်။ ပုသျှမိတြဟာ သုင်္ဂမင်းဆက်ကို တည်ထောင်အုပ်ချုပ်ခဲ့ပေမဲ့ သူ့ရဲ့ အင်ပါယာက ဂင်္ဂါမြစ်ဝှမ်း လွင်ပြင်ကနေ မကျော်လွှား နိုင်ခဲ့ပါဘူး။ အဲ ဒီ အချိန်လောက်မှာဘဲ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းမှာ ဂရိဘုရင်တွေ တစ်ပါးပြီးတစ်ပါး နယ်ချဲ့ဝင်ရောက် လာပြီး မင်းဆက် အတော်တော်များများကို တည်ထောင်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ဒေကန် လွင်ပြင်မှာတော့ အန္ဓရ မင်းဆက် တစ်ဆက်ဖြစ်တဲ့ သာတ၀ါဟန မင်းဆက်တစ်ဆက်ဟာ ဘီစီ (၂) ရာစု ကနေ အေဒီ (၃) ရာစုထိ စိုးမိုးအုပ်ချုပ်သွားခဲ့ ကြတယ်။

ဒီမင်းဆက် အုပ်စိုးသွားတဲ့ နှစ်လေးရာကာလဟာအိန္ဒိယနိုင်ငံတောင်ပိုင်းမှာ နိုင်ငံတည်ငြိမ်အေးချမ်းခဲ့တဲ့အတွက် အားကောင်းတဲ့ ယဉ်ကျေးမှုတစ်ခု ထွန်းကားခဲ့တယ်။ နောက်ဆုံးအနေနဲ့ ယခင်က ကလိင်္ဂင်္တိုင်းနေရာဖြစ်တဲ့ အရှေ့အိန္ဒိယ ကမ်းရိုးတမ်းတစ်လျှောက်မှာ စေတိ မင်းဆက် တည်ထောင်ပါတယ်။ အဲဒီ မင်းဆက်ထဲက တတိယမြောက်ဘုရင်ဖြစ်တဲ့ ခါရဝေလ ဘုရင် (ဘီစီ ၁ စု) ဟာ အထူးထင်ရှားတယ်။ သူ့ရဲ့ အောင်မြင် မူတွေ ရေး ထိုးထားတဲ့ ကျောက်စာတွေ ကိုရှာဖွေတွေ့ရှိခဲ့ပေ မဲ့ ဒီ မင်းဆက်ရဲ့ နောက်ထပ် သမိုင်းကြောင်းကိုတော့ မသိကြရဘူး။

သုင်္ဂမင်းဆက်

ပုရှမိတြ တည်ထောင်ခဲ့တဲ့ သုင်္ဂမင်းဆက်ဟာ နှစ်ပေါင်း (၁၁၂) နှစ်ကြာခဲ့ တယ်။ ပုရှမိတြဟာ ဗြာဟ္မဏ၀ါဒကို ချီးမြှောက်ထောက် ပံ့ပြီး ဗုဒ္ဓ၀ါဒကို ဖိနှိပ်ခဲ့ပေမဲ့ သူ့နောက်ပိုင်း ဘုရင်တွေကတော့ ဗုဒ္ဓ၀ါဒ ကို ထောက်ပံ့ ခဲ့ကြကြောင်းတွေ့ ရတယ်။ ဓါနဘုတိ ၀ါဆိ ပုတြ ဘုရင် ဟာ ဘာရဟုတ်မှာရှိတဲ့ စေတီတော်တစ်ဆူအတွက် မုဒ်ဦးတော် (တောရဏ) တစ်ခုနဲ့ ကျောက်သားကျောင်းဆောင် တစ်ဆောင် (သီလာကမ္မံတ) ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ ကျောက်စာရေးထိုးမူတွေကနေ သိရတယ်။ သူရဲ့သားတော် ၀ါဓပါလ မင်းသားကတော့ စေတီတော် ပတ်လည်က ဘုရားပရ၀ဏ် တံတိုင်းလှူဒါန်းခဲ့တယ် လို့ဆိုပါတယ်။ ဒါ့အပြင် မိဘုရား နာဂရက္ခိတာ ဟာလည်း အဲဒီ တံတိုင်းဆောက်လုပ်ရာမှာ လှူဒါန်းတယ်လို့ ဆိုတယ်။ မထုရာမှာ တွေ့ရတဲ့ ကျောက်စာတွေ မှာလည်း ၀ါဓပါလမင်းသားဟာ အဲဒီနေရာက ဘုရားတံတိုင်းအတွက်လည်း လှူဒါန်းခဲ့တယ် လို့ တွေ့ရတယ်။

ဘာရဟုတ်နဲ့ ဆန်ချီ

ဘာရဟုတ် ဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ အနောက်တောင်ဘက်ယွန်းယွန်း၊ အနောက်ဘက်ကမ်းရိုးတန်းကနေမာဂဓတိုင်းကိုသွားရာလမ်းမကြီးပေါ်မှာတည်ရှိတယ်။ ဒီ လို အချက်ခြာကျတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိတဲ့အတွက် ဘာသာခြားတပ်တွေ ကျူးကျော်ဝင်ရောက်တဲ့အခါ ဘာရဟုတ်မှာရှိတဲ့ ဗုဒ္ဓသာသနိကအဆောက်ဦးတွေဟာလုံးဝဖျက်စီးခြင်းခံခဲ့ရတယ်။၁၈၇၃ခုနှစ်အိန္ဒိယရှေးဟောင်းသုတေသနလေ့လာမူလုပ်တဲ့ ဗြိတိသျှစစ်ဗိုလ် ကမ်နင်ဂမ်ဟာ အဲဒီ အဆောက်ဦးတွေရဲ့ အပျက်အစီးတွေကို စတင်တွေ့ရှိခဲ့တယ်။ တွေ့ရှိခဲ့တဲ့ အရှေ့ဘက်မုဒ်ဦးနဲ့ ကြွင်းကျန်ရစ်တဲ့ တံတိုင်း၊ ပရ၀ဏ် လက်ရန်းတွေကိုကာလကတ္တား ပြတိုက်ကို ပို့ခဲ့ပြီး၊ ပြန်လည်မွှမ်းမံ ပြသထားခဲ့ပါတယ်။အဲဒီမုဒ်ဦးနဲ့တံတိုင်းအကြွင်းကျန်ဟာ ဘာရဟုတ်ရဲ့ ခမ်းနားထည်ဝါ မူကို ဖော်ညွှန်းနေတယ်။ ဓါနဘုတိ ဘုရင်နဲ့ ပတ်သက်တဲ့ ကျောက်စာ ကို အရှေဘက်မုဒ်ဦးက ကျောက်စာတိုင် မှာတွေ့ရှိခဲ့ပြီး၊ အဲဒီနေရာက စေတီဟောင်းဟာ သုင်္ဂမင်းဆက်ရဲ့ အတောက်ပဆုံး ခေတ်ကာလဖြစ်တဲ့ ဘီစီ (၂) ရာစုအလယ်ပိုင်း မှာ တည်ဆောက်ခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

ပါဋလိပုတ် နဲ့ ၀ိဒိသာ ဟာ သုင်္ဂမင်းဆက်ရဲ့ နိုင်ငံရေး အချက်ခြာအကျဆုံး မြို့တွေဖြစ်တယ်။ ၀ိဒိသာ မြို့ဟာ အသောကမင်းကြီး ရဲ့သားတော် မဟိန္ဒ မထေရ်မြတ် ရဲ့ဇာတိမြို့ဖြစ်တဲ့အတွက်ဗုဒ္ဓသာသနာရဲ့အရေးပါဆုံးမြို့တစ်မြို့ဖြစ်ခဲ့လို့ အနီးပတ်ဝန်းကျင် မှာ စေတီဟောင်း အမြောက် အများတွေ့ကြရတယ်။ ဘီလ်သ စေတီတော်တွေ လို့အမည်တွင်တဲ့ စေတီပေါင်း ခြောက်ဆယ်ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တယ်။အဲဒီ စေတီတော်အများစု ဟာပျက်စီးယိုယွင်းနေကြပြီ ဖြစ် ပေမဲ့ဆန်ချီမှာရှိတဲ့ စေတီတော်အကြီး၊အသေး နှစ်ဆယ်လောက်ကတော့ အကောင်းပတိအတိုင်းရှိနေပါသေးတယ်။နာမည်ကျော် ဆန်ချီစေတီတော် ကိုယခုအခါ ကောင်းကောင်းမွန်မွန်ထိန်းသိမ်း ထားတယ်။ စေတီတော်ဟာအလွန်ထည်ဝါတဲ့ အဆောက်အဦးဖြစ်ပြီး၊ ဉာဏ်တော် အမြင့် (၁၄.၄) မီတာနဲ့၊ အချင်းလုံးပတ်ဟာ (၃၇) မီတာ ရှိတယ်။

သုတေသနပြုလုပ်ချက်အရ ဆန်ချီစေတီတော်ဟာ အသောကမင်းကြီး စတင်တည်ထားခဲ့တာဖြစ်ပြီး ယခု ဖူးမြော်ကြရတဲ့ စေ တီတော်ပုံစံဟာ သုင်္ဂမင်းဆက်က ကျောက်သားနဲ့မွှမ်းမံပြီးထပ်ဆင့်တည်ထားတဲ့ စေတီဖြစ်တယ်လို့သိရတယ်။ စေတီတော်ပရ၀ဏ် လက်ရန်းတွေနဲ့ လေးဘက်လေးတန်က စေတီတော် မုဒ်ဦးလေးခု ဟာလည်း ဖြည့်စွက်တည်ဆောက်မူဖြစ်တယ်။ အဲဒီ မုဒ်ဦး တွေထဲမှာ တောင်ဘက်မုဒ်ဦးဟာ ရှေးအကျဆုံးဖြစ်ပြီး အန္ဓရမင်းဆက် အစောပိုင်းကာလမှာတည်ဆောက်ခဲ့တာ ဖြစ်ကြောင်း ကျောက်စာရေးသားချက်တစ်ခုမှာ ဖော်ပြထားတယ်။ဒါကြောင့်မိုလို့ဆန်ချီစေတီတော်ဟာ မောရိယမင်းဆက်၊ သုင်္ဂမင်းဆက်နဲ့ အန္ဓရမင်းဆက်များ အုပ်စိုးစဉ်ကာလတစ်လျှောက်မှာ တစ်ရစ်ခြင်း တိုးချဲ့တည်ထားခဲ့တာဖြစ်ကြောင်း သိရ ပါတယ်။ စေတီတော်ရဲ့ မုဒ်ဦးလေးခုဟာအလွန်ပြောက်မြောက်ပြီးအနုစိတ်တဲ့ရုပ်ကြွတွေနဲ့မွှမ်းမံထားတာဖြစ်လို့အနုပညာသမိုင်းမှာ ကျော်ကြား လှပါတယ်။

သုင်္ဂမင်းဆက်ရဲ့ ဘုရင်အများစုဟာ ဗုဒ္ဓ၀ါဒကို ထောက်ပံ့အားပေးတဲ့ ဘုရင်တွေဖြစ်လို့ ဆန်ချီဒေသမှာ ဗုဒ္ဓသာသနိက အဆောက်ဦးတွေ အမြောက်အများ တိုးပွားလာခဲ့တယ်။ စေတီ ပရ၀ဏ်က တံတိုင်း လက်ရန်း အများစု ဟာ အဲဒီ ခေတ်က ထွင်း ထုခဲ့တာဖြစ်တယ်။ အဲဒီ လက်ရန်းတွေပေါ်က ရုပ်ကြွတွေဟာ ဗုဒ္ဓ၀င်ဇာတ်ကြောင်းတွေနဲ့ ဇာတ်နိပါတ်ဖြစ်စဉ်တွေကို သရုပ် ဖော်ထားပြီး ဗုဒ္ဓ၀င်ဖြစ်စဉ် (၁၅) ခုနဲ့ ဇာတ်နိပါတ်တော် (၃၂) ခု ကို အသေ ချာပြောနိုင်ခဲ့ပြီးဖြစ်တယ်။ ဗုဒ္ဓ၀င်ရုပ်ကြွ တွေမှာ ဗုဒ္ဓမြတ်စွာရဲ့ ပုံတော်ကို လူသားအသွင်နဲ့ သရုပ်ဖော်ထားခြင်းမရှိဘဲ၊ ဗောဓိပင်နဲ့ ပလ္လင်တော်ပုံကိုသာတွေ့ရတယ်။ လူတွေ၊ တိရစ္ဆာန်တွေဟာ အဲဒီပလ္လင်တော်ကို ရှိခိုးနေဟန် ထွင်းထု ထားပါတယ်။ ဒါ့အပြင် ပွင့်တော်မူခဲ့ပြီးတဲ့ ဘုရားခုနှစ်ဆူရဲ့ အမှီပြု ရာ ဗောဓိပင် ခုနှစ်မျိုးကို ထွင်းထုထားတာတွေ့ရလို့ အဲဒီ ခေတ်ကလူတွေဟာ ခုနှစ်ဆူသော ဘုရားကို ယုံကြည်ကိုး ကွယ်ကြတယ် လို့သိရတယ်။

ဘာရဟုတ်က စေတီ တံတိုင်းလက်ရန်းတွေနဲ့ အခြားအဆောက်အဦးတွေရဲ့ အလှူရှင်တွေကို အဲဒီနေရာမှာတွေ့ရှိရတဲ့ကျောက် စာတွေမှာ မှတ်တမ်းတင် ထားတယ်။ ကျောက်စာချပ်ပေါင်း (၂၀၉) ချပ်မှာ ရေးထိုးထားတဲ့ အလှူရှင်တွေကို လေ့လာခြင်းအား ဖြင့် သူတို့နဲ့ပတ်သက်တဲ့ အဖိုးတန် အချက်လက်များစွာကို သိရှိရတယ်။ အလှူရှင်အမည်တွေမှာ ရဟန်းတစ်ပါးချင်း၊ ရဟန်းမ တစ်ပါးချင်းရဲ့ အမည်တွေပါရှိတယ်။ အချို့ရဟန်းတော်၊ ရဟန်းမ များမှာ ‘‘ပေဋကင်’’ ပိဋကတ်သုံးပုံဆောင်’’၊ သို့မဟုတ် ‘‘ ပစနေကာယိကာ’’ နိကာယ်ဆောင်၊ စသည်ဖြင့် ဘွဲ့အမည်တွေကို တွေ့ကြရတယ်။ ဒါကြောင့်မို့ အဲဒီခေတ်က ပိဋကတ်တော် ကို သုတ္တံ ပိဋကတ်၊ ၀ိနည်း ပိဋကတ် စသည်ဖြင့် ခွဲခြားထားပြီး ဆိုတာ ခန့်မှန်းသိရှိနိုင်တယ်။ အဘိဓမ္မာ ပိဋကတ်ကို လည်း ခွဲ ခြားလေ့လာကြမယ် လို့ ယူဆရပါတယ်။ ‘‘နိကာယ်ငါးရပ်’’ ဆိုတဲ့စကားကိုလည်းတွေ့ရလို့ သုတ္တံ ပိဋကတ်တော်ကိုလည်း ပါဠိ ဗုဒ္ဓဘာသာမှာ ယခုရှိနေသလိုမျိုး အပိုင်းငါးပိုင်းခွဲခြားလေ့လာ နေကြပြီလို့ ဆိုနိုင်ပါတယ်။ ဒါအပြင် ‘‘သုတ္တန္တိက’’ သုတ္တံဆောင် ဆိုတဲ့ ဘွဲ့အမည်ကိုလည်း တွေ့ရတယ်။

‘‘ဘာဏက’’လို့ဘွဲ့အမည်တပ်ထားတဲ့ပုဂ္ဂိုလ်ခြောက်ယောက်ကို တွေ့ရတယ်။ ၀ိသုဒ္ဓိမဂ္ဂ ကျမ်းလို ပါဠိကျမ်းဂန်တွေမှာ ဒီဃ နိကာယ်ဆောင်၊ မဇ္ဈိမ နိကာယ်ဆောင်၊ စသည်ဖြင့် ပိဋကတ်ရဲ့ အစိတ်ပိုင်းတစ်ခုကို အထူးပြုလေ့လာကြတဲ့ သံဃာတော်တွေ ရှိကြောင်းတွေ့ရပြီး မဟာယာန ကျမ်းစာတွေမှာလည်း ‘‘ဓမ္မ ဘာဏက’’ ဆိုတဲ့အသုံးနှုန်းကိုတွေ့ရတယ်။ ဘာရဟုတ်က ကျောက်စာတွေမှာတော့ ‘‘ဘာဏက’’ လို့ဘဲ သုံးနှုန်းထားတာဖြစ်လို့ ဘယ်ကျမ်းဂန် အစိတ်ပိုင်းကို ဆောင်ထားတယ် ဆိုတာ ကို မသိကြရဘူး။ ကျောက်စာထဲမှာ တွေ့ရတဲ့ ဘာဏ က ခြောက်ဦးထဲက တစ်ဦးကို “အာရယ’’ (ပညာရှိ) လို့ခေါ်ထားပြီး၊ သုံး ဦး ကိုတော့ ‘‘ဘဒ္ဒန္တ’’ လို့ခေါ်ထားတာတွေ့ရတယ်။ ဒါကြောင့် ဒီ လေးဦးဟာ ရဟန်းဖြစ်မယ် လို့ ခန့်မှန်းရပြီး အခြားနှစ်ဦးက တော့ ထူးခြားတဲ့ ဘွဲ့အမည်မပါလို့ ရဟန်းလို့ သေချာတပ်အပ် မပြောနိုင် ဘူး။ စောစောက ပြောခဲ့တဲ့ ‘‘ပေဋကင်’’ ဘွဲ့အမည်တပ် ထားသူဟာလည်း ‘‘အာရယ ဇာတ’’ လို့ ဖော်ပြထားလို့ ရဟန်းတော်ဖြစ် ပါလိမ့်မယ်။ နိကာယ်ဆောင် ပုဂ္ဂိုလ်ကတော့ ဗုဒ္ဓရက္ခိ တ လို့ သာ ဖော်ပြထားတယ်။ သုတ္တံဆောင်ပုဂ္ဂိုလ်ရဲ့ အမည်ဟာလည်း ‘‘အာရယ စူဠ’’ ဖြစ်ပြီး ရဟန်းတော်ဖြစ်တယ်။

ဆန်ချီဟာ အိန္ဒိယ အလယ်ပိုင်းနဲ့ အနောက်ပိုင်းဒေသတို့ရဲ့ နယ်စပ်၊ ဘာရဟုတ်ရဲ့ အနောက်တောင်ဘက် ယွန်းယွန်းမှာရှိတယ်။ ဆန်ချီမှာ ကျောက်စာပေါင်း (၉၀၄) ခု တွေ့ရပြီး၊ ဘာရဟုတ်ထက် ပိုများပါတယ်။ အဲဒီ ကျောက်စာတွေထဲမှာ စေတီ နံပါတ် (၂) မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ အရိုးဓါတ်တော်အိုးငါးလုံးရဲ့ အောက်ခြေနဲ့ အဖုံးမှာ ရေးထိုးထားတဲ့ ကျောက်စာတွေပါဝင်တယ်။ အဲ ဒီထဲက အရိုးဓါတ်တော်အိုး နှစ်အိုးဟာ ဟိမ၀န္တာဒေသမှာ တရားဓမ္မသင်ကြားပြသ ခဲ့တဲ့ ကဿပအနွယ် ပညာရှိ ရဟန်းတော် နဲ့ ရဟန်းတော် မဇ္ဈိမ မထေရ်တို့ရဲ့ ဓါတ်တော်တွေဖြစ်ကြောင်း သိရှိရတယ်။ သမန္တပါသာဒိက ကျမ်းမှာ အဲဒီ ရဟန်းတော်နှစ်ပါးဟာ အသောကမင်းကြီးခေတ်က ဟိမ၀န္တာဒေသကို ဗုဒ္ဓသာသနာ ပြန့်ပွားဖို့ သာသာနာပြုခရီးကြွချီခဲ့ တဲ့ရဟန်းတော်နှစ် ပါးဖြစ်ကြောင်း ဖော်ပြထားတယ်။ နောက် အရိုးဓါတ်တော်အိုး တစ်အိုးကတော့ “မောဂ္ဂလိပုတ္တ တိဿ” မထေရ်ရဲ့ ဓါတ်တော်တွေပါဝင်တယ် လို့သိရပြီး၊ ဒီ မထေရ်မြတ်ဟာ အသောကမင်းကြီးရဲ့ ဆရာ ဖြစ်ပါ လိမ့်မယ်။ စေတီတော် နံပါတ် (၄) မှာ နောက်ထပ် အရိုးဓါတ် တော်အိုး (၄) အိုးတွေ့ရတယ်။ အဲဒီထဲက ဓါတ်တော်အိုး တစ်အိုးဟာ ‘‘ရှင်သာရိပုတ္တရာ’’ မထေရ်မြတ်ရဲ့ ဓါတ်တော်တွေပါဝင် ကြောင်းရေးသားထားပါတယ်။ အခြားတစ်အိုးကတော့ ‘‘ရှင်မောဂ္ဂလာန်’’ မထေရ်ရဲ့ ဓါတ်တော်အိုးဖြစ်တယ်။ ဒီ ဓါတ်တော်အိုး တွေဟာ ရှင်တော် ဗုဒ္ဓရဲ့ အဂ္ဂသာဝက မထေရ်မြတ် နှစ်ပါးရဲ့ ဓါတ်တော်အိုးတွေဖြစ်မယ် လို့ ယူဆရပါတယ်။ သို့သော်လည်း ဓါတ်တော်အိုးပေါ်မှာ ရေးထိုးထားတဲ့ စာတမ်းဟာ ဘီစီ (၂) ရာစုက စာတမ်းဖြစ်တယ်။

ဆန်ချီစေတီတော် က မုဒ်ဦး (၄) ခုနဲ့ ပရ၀ဏ် တံတိုင်းလက်ရန်းတွေကို ဘီစီ (၁) ရာစုက ဆောက်လုပ်ခဲ့တယ်။ မုဒ်ဦးတွေကို အနုစိတ်လက်ရာ ရုပ်ကြွတွေနဲ့ မွှမ်းမံထားပြီး ဗုဒ္ဓ၀ါဒက အစောင့်ရှောက်နတ်တွေရဲ့ပုံတွေကို ထွင်းထုထားသလို ဗုဒ္ဓ၀င်ဖြစ်စဉ် (၂၈) ကွက်နဲ့ ဇာတ်နိပါတ်ဖြစ်စဉ် (၆) ကွက် ကိုလည်း တွေ့ကြရတယ်။ မုဒ်ဦးနဲ့ ပရ၀ဏ်တံတိုင်းတွေပေါ်မှာ ကုသိုလ်ရှင် များစွာရဲ့ အမည်တွေကိုလည်း ရေးထိုးထားပါရှိပြီး ရဟန်းတော်၊ ရဟန်းမများနဲ့ လူဝတ်ပုဂ္ဂိုလ်တို့ရဲ့ အမည်တွေ ပါဝင်တယ်။ အလှူရှင် အများစုဟာ ဆန်ချီဒေသက မဟုတ်ကြဘူး၊ ဥပမာ ‘‘၀ါဠိဝဟန မှာနေသော ယက္ခီ ထေရီမ ၏ ကုသိုလ်တော်’’ စသည် ဖြင့်တွေ့ရလို့ဖြစ်တယ်။ ရဟန်းတော်နဲ့ ရဟန်းမ အများစုဟာ ၀ိဒိသာက ဖြစ်ပြီး၊ အချို့အလှူရှင်တွေရဲ့ နေရပ်ကိုတော့ ရေးထိုး မထားဘူး။
လူ အမည်တွေ ကိုရေးထိုးတဲ့အခါ ဥပါသကာ၊ ဥပါသိကာ ဆိုတဲ့ အသုံး နည်းပြီး အမည်သက်သက်ကိုသာ ရေးထိုးကြတယ်။ အကြောင်း ရင်းမသိရပါ။ ဂဟပတိ အမည်ငါးနေရာတွေ့ရပြီး သေဋ္ဌိ အသုံးကို (၁၇) နေရာတွေ့ရတယ်။ ဒါကြောင့်မို့ အလှူရှင်အများစု ဟာ ကုန်သည်အလွှာက ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ ဒါ့အပြင် ကျေးရွာတွေ၊ ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေရဲ့ လှူဒါန်းမူကို လည်း နှစ်နေရာ၊ သုံးနေရလောက်တွေ့ရပြီး၊ ဂရိ အလှူရှင်တစ်ဦးရဲ့ မှတ်တမ်းကိုလည်း တွေ့ရပါတယ်။

ကျောက်စာတစ်ခုမှာ နိကာယ်ဆောင် ရဟန်းတော်တစ်ပါးရဲ့ အမည်ကိုတွေ့ ရသလို၊ သုတ္တံဆောင် (သုတ္တတိကိနီ) အမျိုးသမီး တစ်ဦးဖြစ်တဲ့ မဋလဆိကဋ ကအ၀ိသိနာဆိုတဲ့အမည်ကို နှစ်ကြိမ်တွေ့ရတယ်။ နောက်ထပ် သုတ္တံဆောင် အမျိုးသားတစ်ဦး အမည်ကိုလည်း တွေ့ရသလို အခြားကျောက်စာ တစ်ခုမှာတော့ တရား ရွက်ဆောင်သူ ‘‘ဘာဏက’’ ဘွဲ့နဲ့ ရဟန်းတော်တစ်ပါး နဲ့ လူပုဂ္ဂိုလ်တစ်ဦးကို တွေ့ရတယ်။ နိကာယ ဗုဒ္ဓဘာသာ ဂိုဏ်းဟာ ဘာရဟုတ်နဲ့ ဆန်ချီ စေတီတော်တွေ တည်ထားတဲ့အချိန် ကရှိနှင့်ပြီး ဖြစ်မယ် လို့ ခန့်မှန်းရပေမဲ့ အဲဒီ နှစ်နေရာက ကျောက်စာတွေမှာတော့ ဒီလို ဗုဒ္ဓ၀ါဒဂိုဏ်းကို ရည်ညွှန်းချက်မျိုးကို တစ်နေရာမှ မတွေ့ရပါဘူး။

ဆန်ချီနားမှာအန္ဓရ စေတီတော်များနဲ့ဘိုဂ်ျပူရ် စေတီတော်များဆိုပြီး စေတီအစုဝေး နှစ်နေရာရှိပြီး ဒီစေတီတော်တွေကို တစ်စု တည်းပေါင်းပြီး ဘီလ်သ စေ တီတော် များလို့ ခေါ်ပါတယ်။ ဘီလ်သ ရဲ့ အနောက်တောင် ဘက်၊ ရွာငယ်တစ်ခုမှာ တည်ရှိတဲ့အန္ဓရစေ တီတော်သုံးဆူမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်စာတွေမှာ ‘‘မောဂ္ဂိလိပုတ္တ နဲ့ ဟာရီတိ ပုတ္တ’’ ဆိုတဲ့အမည် တွေကို တွေ့ ရှိရတယ်။
ဆန်ချီနဲ့ ဘာရဟုတ် အပြင်၊ အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ တွေ့ရတဲ့ အရေးပါတဲ့ ရှေးဟောင်းဗုဒ္ဓ၀င်နေရာ တစ်ခုကတော့ သကျမုနိ ဗုဒ္ဓ သဗ္ဗညုတ ဉာဏ်တော် ရရှိတော်မူခဲ့ရာ နေရာဖြစ်တဲ့ ဗုဒ္ဓဂါယာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာ အစောပိုင်း ခေတ်ကာလကတည်းက စေတီတည်ထားခဲ့တယ်။ သုင်္ဂမင်းဆက်အတွင်းက ဗုဒ္ဓမြတ်စွာ သမ္မာသမ္ဗောဓိဉာဏ်တော် ရရှိခဲ့ရာ အောင်မြေ ရဲ့ ပတ်ပတ်လည်မှာ အလွန်ကြီးကျယ် ခမ်းနားတဲ့ တံတိုင်းပရ၀ဏ်ကြီးတည်ဆောက်ခဲ့ပေမဲ့ ယခုအခါ မှာ အကြွင်းအ ကျန်မျှ တွေ့ ရပါတော့တယ်။ အဲဒီ အောင်မြေတော်မြတ်ရဲ့ အလယ်ဗဟိုဟာ ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဉာဏ်တော်ရရှိခဲ့စဉ်က သီတင်းသုံး တော်မူခဲ့တဲ့ မဟာဗောဓိညောင်ပင်ရင်းက ပလ္လင်တော်ဖြစ်ပါတယ်။ ဂုပတ မင်းဆက် အတွင်းက ဒီနေရာ မှာ စေတီတော်ကြီးတစ် ဆူတည်ထားခဲ့တယ်။ ယခု ဖူးမြင်နေကြရတဲ့ စေတီတော်ကတော့ နှောင်းခေတ်မှာ ဆက်လက် မွှမ်းမံပြုပြင်ထားတဲ့ စေတီတော် ဖြစ်တယ်။ အဲဒီနေရာမှာ ရှေးအကျဆုံး ကြွင်းကျန်နေဆဲ အစိတ်ပိုင်းဟာ ပရ၀ဏ်တံတိုင်းလက်ရန်းရဲ့ တစ်စိတ် တစ်ပိုင်း သာ ဖြစ်တယ်။ ဒီ တံတိုင်းကို အစဉ်လာအားဖြင့် အသောကမင်းကြီး လှူဒါန်းခဲ့တယ်ပြောပေမဲ့ သုတေသန ရှာဖွေဖော်ထုတ်မူအရ ဘာရဟုတ် က စေတီတော်၊ အဆောက်အဦးတွေ တည်ဆောက်ပြီး မှ ဆောက်လုပ် ခဲ့ခြင်းဖြစ် တယ် လို့ သုံးသပ်ကြတယ်။အဲဒီ တံတိုင်း လက် ရန်းတွေပေါ်မှာ ဗုဒ္ဓ၀င်ဖြစ်စဉ် (၅) ကွက်နဲ့ ဇာတ်နိပါတ်ဖြစ်စဉ် (၂) ကွက်ကို ထုထွင်းထားတယ်။

အိန္ဒိယ အလယ်ပိုင်းမှာ နောက်ထပ် အရေးပါတဲ့ ရှေးဟောင်း ဗုဒ္ဓ၀င်နေရာတွေရှိပါသေးတယ်။ ပါဋိလိပုတ် မှာ အလွန်ခမ်းနား ကြီးကျယ်တဲ့ တံတိုင်းပရ၀ဏ်ဟောင်းရဲ့ အစိတ်ပိုင်းတစ်ခုကို တူးဖော်တွေ့ရှိရပြီး အသောကမင်းကြီး ဆောက်လုပ် လှူဒါန်းခဲ့တဲ့အသောကာရာမ ကျောင်းတိုက်
ကြီးရဲ့ ခမ်းနားမူ ကို ဖော်ညွှန်းနေပါတယ်။အိန္ဒိယနိုင်ငံ အလယ်ပိုင်းမှာ စေတီပုထိုးတော်တွေ၊ ဘုရားကျောင်းတွေ အများကြီး တည်ရှိခဲ့မယ် ဆိုတာ သေချာပါတယ်။ သို့ပေမဲ့ ယနေ့ခေတ်မှာတော့ အကြွင်းအကျန် အနည်းငယ် မျှကိုသာ တွေ့မြင်ကြရတော့တယ်။ ဗုဒ္ဓမြတ်စွာ တရားဦးဟောကြားတော် မူခဲ့တဲ့ ဆာရနာထ် မှာတော့ ဘီစီ (၂) ရာစုက အသောမင်းကြီးရဲ့ သဲကျောက် ကျောက်စာတိုင်ကြီး တစ်တိုင်နဲ့ ဗြာဟ္မဟီ အက္ခရာနဲ့ ရေးထိုးထားတဲ့ ကျောက်စာအမြောက်အများကိုတွေ့ရ တယ်။အဲဒီ နေရာကတံတိုင်းလက်ရန်းတစ်ခုရဲ့ ကျောက်သားပေါ်မှာ ထေရီမ သံဝဟိတာ ရဲ့ကောင်းမူဖြစ်ကြောင်း ရေးထိုးထားပါတယ်။ အသောကရုံ ကျောင်းတိုက်ကြီးမှာ စေတီတော် တည်ရှိခဲ့တာသေချာသလို ဗီဟာပြည်နယ်၊ လောရိယာ နန္ဒင်္ဂရဟ်မှာ လည်း သုင်္ဂမင်းဆက် ဆောက် လုပ်ခဲ့တဲ့ ဗုဒ္ဓ၀င်ရှေးဟောင်းနေရာတစ်ခုကို တူးဖော်တွေ့ရှိခဲ့ကြ တယ်။ အဲဒီ နေရာ မှာ ကြီးမားတဲ့ စေတီတော်တစ်ဆူ တည်ရှိခဲ့ကြောင်း ခန့်မှန်းရပေမဲ့ ကျောက်စာမှတ်တမ်းတွေ ကိုတော့ မတွေ့ရဘူး။

ကာဏ၀ မင်းဆက်

သုင်္ဂမင်းဆက်ရဲ့ ကိုးဆက်မြောက် ဘုရင် ဒေ၀ဘူတိဟာ သူ့ရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ၀ါသုဒေ၀ရဲ့ ပုန်ကန်ထကြွမူကြောင့် လုပ် ကြံခံရတဲ့ အချိန် ဘီစီ (၇၀) လောက် အထိ၊ နန်းစံနှစ် (၁၀) နှစ် လောက်ကြာအောင် အုပ်စိုးသွားခဲ့တယ်။ အဲဒီနောက် ၀ါသုဒေ၀ ဟာ ကာဏ၀ မင်းဆက်ကို တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၄၅) နှစ်လောက်ကြာအောင် ဂင်္ဂါမြစ်ဝှမ်းဒေသမှာ အုပ်ချုပ်စိုးစံသွား ခဲ့တယ်။ သို့သော် ဒီ မင်းဆက်ဟာ တန်ခိုးအာဏာ နည်းပါးတဲ့အတွက် လေးဆက်မြောက်မင်းလက်ထက်မှာ တောင်ဘက်က အန္ဓရမင်းဆက်ရဲ့ လွှမ်းမိုးခြင်းခံ ခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ မာဂဓတိုင်းဟာ နှစ်ကာလ အတော်ကြာအောင် အန္ဓရမင်းဆက် လက်အောက် ရောက်ရှိသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း မက်ဆီဒိုးနီးယား ဘုရင်များ

မောရိယ အင်ပါယာကြီးရဲ့ သြဇာအာဏာ ကျဆင်းလာချိန်၊ ဘီစီ (၁၈၀) လောက်ကစပြီး၊ တိုင်းတပါးတပ်တွေဟာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းကို ထိုးဖောက်ဝင်ရောက်လာပြီး၊ အဲဒီ နောက်ပိုင်း တိုင်းတပါးသားတွေဟာ အဲဒီဒေသမှာ နှစ်ပေါင်း အ တော်ကြာအောင် စိုးမိုးအုပ်ချုပ်သွားခဲ့တယ်။ ထိုးဖောက်ဝင်ရောက်လာတဲ့ တိုင်းတပါးတပ်တွေထဲမှာ ပထမဆုံးတိုင်းတပါး တပ်ဟာ ဂရိတပ်တွေဖြစ်ပြီး၊ သူတို့ကို သက္ကတလို ‘‘ယ၀န’’ ၊ ပါဠိလို ‘‘ယောန’’ လို့ ခေါ်ခဲ့ကြတယ်။ အဲဒီ အမည်နှစ်ခုဟာ ‘‘အိုင်အိုးနီးယား’’ ဒေသနဲ့ ဆက်စပ်နေလိမ့်မယ် လို့ ခန့်မှန်းရပါတယ်။
ဂရိဘုရင် မဟာ အလက်ဇန္ဒားဟာ ဘီစီ (၃၂ရ) မှာ အိန္ဒိယနိုင်ငံထိ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး အိန္ဒိယမှာ ဂရိယဉ်ကျေးမှု၊ ဓလေ့ ထုံးစံတွေကို ပြန့်နှံ့စေခဲ့တယ်။ သို့သော်လည်း သိပ်မကြာခင် ဘီစီ (၃၂၁-၂၉၇) မှာ ဘဲ မောရိယ အင်ပါယာကို တည် ထောင်ခဲ့တဲ့ စန္ဒဂုတ်ဘုရင်ဟာ ဂရိတပ်တွေကို ပြန်လှန်တိုက်ထုတ်နိုင်ခဲ့ပြန်တယ်။ အလက်ဇန္ဒားဘုရင် နတ်ရွာစံတဲ့အခါ အိန္ဒိယနိုင်ငံ အနောက်ပိုင်းဒေသဟာ မက်ဆီဒိုးနီးယား ဘုရင်ရဲ့ အုပ်စိုးမူအောက်မှာ ဆက်လက်ရှိနေခဲ့တယ်။ ဆီလူးဆစ်ဒ် မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ပထမ ဆီလူးကပ် ဘုရင်ဟာ အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ ပါဋလိပုတ်က စန္ဒဂုတ်ဘုရင်ရဲ့နန်းတော် မှာ သံတမန်အဖြစ်ဆောင်ရွက်ဖို့ ၊ ဂရိလူမျိုး မိဂါစ်သီးနက်စ် ကို စေလွှတ်ခဲ့တယ်။ မိဂါစ်သီးနက်စ် ဟာ ပါဋလိပုတ် နန်းတော်မှာ ဘီစီ (၃၀၃) ကနေ ဘီစီ ၂၉၂ အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သူတာဝန်ထမ်းဆောင်စဉ်ကာလ ပါဋလိပုတ်က အတွေ့အကြုံ တွေ ကို ရေးသားမှတ်တမ်းတင်ခဲ့ရာက၊ အဲဒီ မှတ်တမ်း ဟာ ကျော်ကြားထင်ရှားသွားပါတယ်။ ဘီစီ (၃) ရာစု အလယ်ပိုင်းလောက် မှာ ဘက်ထရီးယားပြည် (ယနေ့ခေတ် ဘော်လခ် ဒေသ၊ အိုဇက်စ် မြစ်နဲ့ သိန္ဓု မြစ်ကြား၊ အာဖရိကန်နစ္စတန်မြောက်ပိုင်းဒေသ)နဲ့ ပါသီးယားပြည် တို့ဟာ ဆီလူးဆစ်ဒ် မင်းဆက်ရဲ့ အုပ်ချုပ်မူအောက်ကနေ လွတ်မြောက်သွားခဲ့တယ်။

ဘီစီ (၃) ရာစုကနေ၊ ဘီစီ (၂) ရာစု အလယ်ပိုင်းလောက်မှာ နောက်ထပ် ဆီလူးကပ် ဘုရင်တစ်ပါးဖြစ်တဲ့ဆီးရီးယားပြည် ရဲ့ တတိယ အန်တီယိုကပ် ဘုရင်နဲ့ ဘက်ထရီးယားပြည်ရဲ့ စတုတ္ထမြောက်ဘုရင် ဒီမီထရီးရို တို့ဟာ အိန္ဒိယပြည်ကို ကျူးကျော်ဝင် ရောက်ခဲ့ပြန်တယ်။ သူတို့ဟာ အိန္ဒိယမြောက်ပိုင်းထိ သိမ်းပိုက်နိုင်ခဲ့ပြီး၊ အလယ်ပိုင်းဒေသထိ ၀င်ရောက်နိုင်ခဲ့တယ်။ ဘီစီ ပထမ ရာစုနှစ်ကို ရောက်တဲ့အခါ သက လူမျိုးတို့ရဲ့ဘုရင် မောယုစ် ဟာ အိန္ဒိယပြည် ကို ကျူးကျော်ဝင်ရောက်ခဲ့ပြန်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မက်ဆီဒိုးနီးယန်း ဘုရင်တွေရဲ့ အုပ်စိုးမူကို အဆုံးသတ်သွားစေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ သမိုင်းမှာ မှတ်တမ်းတင်ခဲ့တဲ့ မက်ဆီဒိုးနီးယန်း ဘုရင်တွေထဲမှာ မီနန်ဒရို (ပါဠိ - မိလိန္ဒ) ဘုရင်ဟာ အထူးအရေးပါနေတယ်။ မိနန်ဒရို ဘုရင်ဟာ အိန္ဒိယနိုင်ငံအတွင်းထိ ၀င်ရောက်သိမ်းပိုက်ခဲ့ပြီး အိန္ဒိယပြည် အလယ်ပိုင်းကနေ အာဖရိကန်နစ္စတန် ထိ ကျယ်ပြန့်တဲ့ တိုင်းပြည်ထူထောင်ပြီး ဘီစီ ၁၆၀ ကနေ ၁၄၀ ကာလထိ အုပ်ချုပ်စိုးစံသွားခဲ့တယ်။ သူ့အင်ပါယာ ရဲ့ မြို့တော်ဟာ သာကလမြို့ ဖြစ်တယ်။

မိနန်ဒရိုဘုရင်ဟာ ဗုဒ္ဓဘာသာ ရဟန်းတော် နာဂသေန မထေရ်မြတ်နဲ့ အယူဝါဒရေးရာ စကားပြိုင်ဆိုင်ဆွေးနွေးခဲ့ပြီး နောက်ဆုံး မှာ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူခဲ့တယ် လို့ ဆိုတယ်။ ဘုရင်နဲ့ မထေရ်မြတ်ရဲ့ အခြေအတင်၊ အမေး၊ အဖြေ ပြောဆိုမူတွေကိုစုစည်းမှတ်တမ်းတင် ထားပြီး မိလိန္ဒပဉှာ ကျမ်းအဖြစ် ထင်ရှားပါတယ်။ ဒီကျမ်းရဲ့ ပါဠိမူ မှာ နှောင်းခေတ် ထပ်မံဖြည့်စွက်ချက် တွေ ပါဝင်နေတယ်။ သို့သော်လည်း ကျမ်းဂန်ရဲ့ ရှေးကျတဲ့ အပိုင်းတွေကို တရုတ်ဘာသာပြန်မူနဲ့ တိုက်ဆိုင်ကြည့်နိုင်တယ်။ ပါဠိ၊ တရုတ် မူနှစ်မျိုးစလုံးမှာ တွေ့ရတဲ့ မှတ်တမ်းဟာ ရှေးအကျဆုံးအပိုင်းတွေဖြစ်ပြီး ဘီစီ (၁) ရာစု နဲ့ (၂) ရာစုနှစ်အတွင်းက စိတ် ၀င်စားဖွယ်ကောင်းတဲ့ ဗုဒ္ဓသာသနာရဲ့ အခြေနေကို သိရှိနိုင်ပါတယ်။ ဒီ ကျမ်းဂန်ထဲမှာ မဟာယာန အယူဝါဒ တစ်စွန်းတစ်စမျှ မတွေ့ရှိရပါဘူး။ ဒါဟာ အာဂါမ ကနေ အဘိဓမ္မာကျမ်းဂန်တွေ ဖွံ့ဖြိုးဖြစ်ပေါ်လာမူ ကြားကာလ က ဗုဒ္ဓ၀ါဒရဲ့ အခြေနေကို ပြသနေတယ်။

၁၉၃၇ ခုနှစ်မှာ၊ သိန္ဓုမြစ်ဖျားပိုင်း၊ ဆွတ် တောင်ကြား၊ ရှင်းကော့တ် ဒေသမှာ ဓါတ်တော်အိုးတစ်အိုး တွေ့ရှိခဲ့တယ်။ အိုးပေါ်မှာ ရေးသား ထားတဲ့ စာသားအရ မိလိန္ဒမင်းကြီး ( ကျောက်စာများအရ - မိနဒြ မင်းကြီး) လက်ထက်မှာ ဓာတ်တော်တွေကို ထည့် သွင်းဌာပနာထားတာ ဖြစ်တယ်လို့ သိရတယ်။ ဒီအချက်ဟာ မိလိန္ဒမင်းကြီး လက်ထက် အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ ကို ယုံကြည်ကိုးကွယ်ကြတယ် လို့ ပြောရမဲ့ နောက်ထပ် သက်သေအထောက်အထား တစ်ခုဖြစ်တယ်။

အသောကမင်းကြီးလက်ထက်တုန်းက မဇ္ဈန္တိက မထေရ်မြတ်ဟာ၊ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း ဒေသကို ဗုဒ္ဓသာသနာ ပြု ခရီး ကြွခဲ့တယ်။ ဒီ ဒေသရဲ့ စောစောပိုင်း သမိုင်းအချက်လက်တွေကို မသိရပေမဲ့ သဗ္ဗတ္ထိဝါဒ ဗုဒ္ဓဘာသာ ဂိုဏ်းဟာ ကရှမီးယား(ကသ္မီရ) နဲ့ ဂန္ဓာရ မှာ ထွန်းကားခဲ့တယ် ဆိုတာ သေချာပါတယ်။ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းမှာ၊ စေတီတော် နေရာဟောင်း အဆောက်အဦး အကြွင်းအကျန်များစွာကို တွေ့ရှိခဲ့ရတဲ့အချက်က အဲဒီ ဒေသမှာ ဘီစီ (၂) ရာစု အတွင်းက ဗုဒ္ဓ ၀ါဒ ထွန်းကားပြန့်ပွားခဲ့ကြောင်း ညွှန်ပြနေတဲ့ အချက်ဖြစ်တယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းစေတီတော်တွေထဲမှာ အရေး ပါတဲ့ စေတီတော်တစ်ဆူကတော့ တက္ကသီလာမှာ တွေ့ရှိခဲ့တဲ့ ဓမ္မရာဇိကာ စေတီတော်ဖြစ်တယ်။ ဒီစေတီတော်ရဲ့ ရှေးအကျ ဆုံး အစိတ်အပိုင်းဟာ အသောကမင်းကြီးခေတ်ကို ညွှန်ပြနေတယ်။

အပျက်စီးတွေကနေ ခန့်မှန်းရရင် ဓမ္မရာဇိကာ စေတီတော် ဟာ အလွန်ကြီးမားတဲ့ စေတီတော်ကြီးဖြစ်တယ်။ ပြီးတော့ အနီးနားဘေးပတ်ပတ်လည်မှာလည်း ဘုရားဖူးတွေနေထိုင်ဖို့ အဆောက် အဦးနေရာဟောင်းတွေကိုလည်း တွေ့ကြရတယ်။ ဒါကြောင့်မို့လို့ ဒီ စေတီတော်ကြီးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ခေတ်ကာလ အတော်ကြာတဲ့ထိ အဓိက ဗုဒ္ဓ၀င်နေရာတစ်ခု ဖြစ်ခဲ့မယ် ဆိုတာ သေချာပါတယ်။ ၁၉၁၄ ခုနှစ်မှာ၊ စေတီတော် ကြီး အနီးက ခန်းမဟောင်းများစွာကိုထဲက တစ်ခုကနေ ငွေပြားလိပ်တစ်ချပ်ကို ရှာဖွေတွေ့ရှိခဲ့တယ်။

နာလန္ဒာတက္ကသိုလ်


နာလန္ဒာတက္ကသိုလ်ဟာ ရှေးအိန္ဒိယတက္ကသိုလ်တွေထဲမှာအထင်ရှားဆုံးဖြစ်တယ်။ အိန္ဒိယရှေးဟောင်းဌာနကရှာဖွေတွေ့ရှိခဲ့ ပြီး အပျက်စီး အကြွင်းအကျန်တွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ တည်နေရာတော့ ရှေးဟောင်း မာဂဓတိုင်းရှိရာ ဗီဟာ ပြည်နယ် အတွင်းမှာ ဖြစ်တယ်။ မာဂဓတိုင်းဟာ ဗုဒ္ဓ၀ါဒ စတင်ထွန်းကားရာနေရာဖြစ်ပြီး ယခုခေါ်ဝေါ်နေတဲ့ ဗီဟာ ဆိုတဲ့ အမည်ဟာ ဒီပြည်နယ်တွင်းမှာတွေ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများစွာရဲ့ ၀ိဟာရ ဆိုတဲ့ အမည်ကို အစွဲပြုပြီးဖြစ်ပေါ်လာ တာလို့ ပြောကြပါတယ်။ နာလန္ဒာဟာ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က စည်ကားတဲ့ မြို့တစ်မြို့ဖြစ်ခဲ့တယ်။

ဗုဒ္ဓမြတ်စွာ ဟာ နာလန္ဒာကို ဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ဒီလို ကြွချီတော်မူတဲ့အခါ အမ္ဗ၀န သရက်တောကျောင်းမှာ နောက်ပါ ရဟန်း တော်တွေနဲ့ သီတင်းသုံးနေထိုင်တော်မူခဲ့ကြောင်း သိရတယ်။ နာလန္ဒာဟာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဇာတိမြို့လည်း ဖြစ်တယ်။ အသောကမင်းကြီးဟာ အရှင်မြတ်ရဲ့ဓါတ်တော်တွေကို ဌာပနာတည်ပြီး အရှင်မြတ် ပရိနိဗ္ဗာန်ပြုရာနေရာမှာ စေတီ တော်တစ်ဆူတည်ထားခဲ့တယ်။

ဟရရှ သီလဒိတျ မင်းလက်ထက်မှာ ပညာသင်ယူဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တဲ့ နာမည် ကျော် ခရီးသည် တရုတ်ရဟန်းတော် ရွှင်ကျန်ရဲ့မှတ်တမ်းက တစ်ဆင့် နာလန္ဒာတက္ကသိုလ်ရဲ့ အကြောင်းအရာ အတော်များများကို သိကြရတယ်။ နောက်ထပ် အိန္ဒိယကို လာရောက်ပြီး နာလန္ဒတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တဲ့ တရုတ်ရဟန်းတော် အိချင်း (၆၇၅-၆၈၅) ကလည်း သူ့ရဲ့ မှတ်တမ်းမှာ တက္ကသိုလ်ကြီး အကြောင်းကို ဖော်ပြထားပါတယ်။ သူတို့ထက် ရှေးကျတဲ့ တရုတ် ခရီးသည်ရဟန်းတော် ဖာယီ ယန် လက်ထက်ကတော့ နာလန္ဒာဟာ သာမာန် ဘုန်းကြီးကျောင်းငယ် တစ်ကျောင်းမျှသာ ဖြစ်ကြောင်းသိရတယ်။
တိဘက် သမိုင်းဆရာ တာရာနာထ ကလည်း ဒီ တက္ကသိုလ်ကြီး အကြောင်းရေးသားထားတယ်။

ကုမာရဂုပတဘုရင် (၄၁၅ - ၄၅၅) ဟာ နာလန္ဒာမှာ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို တည်ဆောက်ခဲ့ တယ်လို့ ယူဆရပါတယ်။ ကျောင်းတိုက်ရဲ့ ရည်ရွယ်ချက်ဟာ ဗုဒ္ဓ၀ါဒ ကျမ်းစာတွေကို သင်ကြားပို့ချဖို့ဖြစ်တယ်။ ကျောင်းတိုက် နေရာဟာ မြို့နဲ့ မနီးလွန်း မဝေးလွန်း နေရာမှာ တည်ရှိလို့ ဒီ ရည်ရွယ်ချက်အတွက် အသင့်တော် ဆုံးနေရာတစ်ခုဖြစ်ခဲ့တယ်။

နာလန္ဒာ တက္ကသိုလ်ကြီးဟာ အဲဒီ ကျောင်းတိုက်ကလေးကနေ ဖွံ့ဖြိုးတိုးတက်သွားခဲ့ခြင်းဖြစ်တယ်။ နှောင်းခေတ် ဘုရင်တွေ ဖြစ်တဲ့ ဗုဒ္ဓဂုပတ (၄၅၅ - ၄၆၇)၊ ဇတဂထ ဂုပတ (၄၆၇ - ၅၀၀)၊ ဗလဒိတျ (၅၀၀ - ၅၂၅) နဲ့ ၀ိဇယ ဘုရင် (၅၂၅) တို့ဟာ နာလန္ဒာ တက္ကသိုလ်ကြီးအတွက် တိုးချဲ့ကျောင်းဆောင် အဆောက်အဦးတွေကို ဆောက်လုပ် လှူဒါန်းခဲ့ကြတယ်။ ဗလ ဒိတျ ဘုရင်ဟာ ပေ (၃၀၀) ဉာဏ်တော်ရှိတဲ့ ဘုရားဝတ်ပြုဖို့ အခန်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်။ သူ့ရဲ့သား တော်ကတော့ ပဉ္စမမြောက် ကျောင်းဆောင်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဟရရှ သီလဒိတျ ဘုရင်ကတော့ ဆဋ္ဌမမြောက် ကျောင်းဆောင်နဲ့ တက္ကသိုလ် ပတ်ပတ်လည်က အမြင့် (၉) ပေရှိတဲ့ တံတိုင်းဝန်းကြီးကို လှူဒါန်းခဲ့တယ်။ အေဒီ (၁၀) စုနှစ် ရွှင်ကျန်ရောက်ရှိတဲ့အချိန်မှာ တက္ကသိုလ်ကြီးအတွင်း နေထိုင်ပြီး ပညာသင်ယူတဲ့ ကျောင်းသားပေါင်း (၁၀ ၀၀၀) ရှိတယ်လို့ သိရပါတယ်။ ဒီကျောင်းသားတွေ အားလုံးမှာ အိန္ဒိယနိုင်ငံ ဒေသ အသီးသီးက လာရောက်ပညာသင်ကြားသူတွေ ပါဝင်သလို နိုင်ငံရပ်ခြားက ကျောင်းသားတွေလည်း ပါဝင်ကြောင်းသိရတယ်။

နာလန္ဒာဟာ အဲဒီ ခေတ်ကာလ က အိန္ဒိယမှာ အကြီးမားဆုံး တက္ကသိုလ်ကြီးဖြစ်ခဲ့တယ်။ ကျောင်းတိုက်ကြီးရဲ့ ကျောင်းအုပ် ဆရာတော်ဟာ အိန္ဒိယရဲ့ ကျမ်းအတတ်ဆုံး သံဃာမထေရ်မြတ် ဖြစ်တယ်။ ရွှင်ကျန်ရောက်ရှိတဲ့အချိန်မှာ ကျောင်းတိုက်ရဲ့ ကျောင်းအုပ် အဓိပတိ မထေရ်ဟာ သီလဘာဒြ မထေရ်မြတ်ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ ခေတ် တက္ကသိုလ်ကြီးမှာ ကျောင်းသားပေါင်း (၁၀ ၀၀၀) ၊ စာချ ဆရာပေါင်း (၁၅၁၀) နဲ့ အလုပ်သမားပေါင်း (၁၅၀၀) ရှိခဲ့တယ်။ နိုင်ငံခြားကျောင်းသားတွေထဲမှာ တိဘက်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဆုမတြာ၊ ဂျားဗားနဲ့ သီရိလင်္ကာက ကျောင်းသားတွေပါဝင်ကြောင်းလည်းတွေ့ရတယ်။ နာလန္ဒာ တက္ကသိုလ်ကြီးမှာ ပညာသင်ယူ ခွင့်ရဖို့ လူတွေ့နူတ်မေးစစ်ဆေး မူကို ဖြေဆိုရပါတယ်။ အ၀င် ခန်းမကြီးမှာ စာချ ပါမောက္ခ တစ်ဦးက ကျောင်းသားသစ်တွေကို နူတ်မေး စစ်ဆေးပြီး ဒီ ပါမောက္ခ ဆရာတော်ကို ဒွါရ ပဏ္ဍိတလို့ ခေါ်ကြောင်းသိရတယ်။ သက္ကတ ဘာသာစကားတတ်မြောက်မူဟာ လို အပ်ချက်တစ်ရပ်ဖြစ်ပြီး ဒီဘာသာစကားကို သုံးပြီး သင်ကြားပါတယ်။ အိန္ဒိယမှာ အဆင့်မြင့် ဗုဒ္ဓ၀ါဒစာပေတွေကို သင်ယူမဲ့ တရုတ်ရဟန်းတော်တွေဟာ ဂျာဗားကို အရင်သွားပြီး သက္ကတဘာသာ သင်ရတယ်လို့ ဆိုပါတယ်။

ဝင်ခွင့်စာမေးပွဲဟာ ခက်ခဲလို့ နိုင်ငံခြားကျောင်းသား (၂၀) % သာ ၀င်ခွင့်ရကြပြီး၊ ဒေသခံကျောင်းသားတွေကတော့ (၃၀)% သာ ၀င်ခွင့်ရကြတယ် လို့ ရွှင်ကျန်ရဲ့မှတ်တမ်းမှာ ဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ ပညာရေးအဆင့်တန်းဟာ မြင့်မားမယ်လို့ ခန့် မှန်းရပါတယ်။ ဗုဒ္ဓ၀ါဒ သင်ကြားမူစံနှုန်းအရ ဇာတ်၊ ယုံကြည်မူ၊ လူမျိုးရေး အရ ခွဲခြားမူ မရှိကြောင်းလည်း သိရတယ်။ တက္ကသိုလ်ကြီးမှာ ပြင်ပကျောင်းသား မရှိဘူး။ တက္ကသိုလ်ကြီးကို ဘုရင်ကလှူဒါန်းထားတဲ့ ရွာ (၇) ရွာရဲ့ အခွန်ငွေတွေနဲ့ လည် ပတ်တယ်။ ဗုဒ္ဓဘာသာဝင် အားလုံးအတွက် မဟာယာနကျမ်းစာတွေကို မသင်မနေရ ဖြစ်တယ်။

သို့သော်လည်း အခြား ဗုဒ္ဓ၀ါဒဂိုဏ်း (၁၈) ဂိုဏ်းက ကျမ်းစာတွေကိုလည်း သင်ယူလေ့လာနိုင်ပြီး သိပ္ပံပညာ၊ ဆေးပညာ၊ နက္ခတ်ပညာ၊ ပန်းချီပညာနဲ့ စာပေဘာသာရပ်တွေ လို လောကီဘာသာရပ်တွေကိုလည်း သင်ယူလေ့လာနိုင်ကြောင်း သိရတယ်။ ဟိန္ဒူ ဒ ဿ နရဲ့ ၀ါဒ (၆) ခုကိုလည်း သင်ကြားပြီး ဟိနယာန (ထေရ၀ါဒ) ကျမ်းဂန်တွေကိုလည်း သင်ကြားပါတယ်။ ထေရ၀ါဒဆိုင်ရာ စီးပွားကူး သန်းမူ၊ အုပ်ချုပ်မူနဲ့ နက္ခတ်ပညာတွေလည်း ပါဝင်ကြောင်းသိရတယ်။ တက္ကသိုလ်ရဲ့ နက္ခတ်ကြည့်ရာ အဆောက်အဦးဟာ အလွန်မြင့်မားကြောင်းလည်း သိရတယ်။ ဘာသာရပ်ဆိုင်ရာ ပို့ချမူတွေ၊ အယူဝါဒဆိုင်ရာ အခြေအတင်စကားယှဉ်ပြိုင်မူတွေနဲ့ ဆွေးနွေးမူတွေဟာ သင်ကြားမူရဲ့ အစိတ်ပိုင်းတွေဖြစ်တယ်။ နေ့စဉ် တစ်ရက်တာအတွင်းမှာ ပို့ချသင်ကြားမူအတန်းပေါင်း (၁၀၀) ရှိတယ်ပြီး စည်းကမ်းတင်းကြပ်တယ်လို့ ရွှင်ကျန်ရဲ့မှတ်တမ်းမှာ ဖော်ပြထားတယ်။

နာလန္ဒာ တက္ကသိုလ်ဟာ ဧက (၃၀) ကျယ်တယ်။ ‘‘ရတန-သဂရ’’၊ ‘‘ရတန-နိဒိ’’၊ “ရတန-ရန်ဇန’’ လို့ အမှည့်ပေးထားတဲ့ ကြီး မားတဲ့ စာကြည့်တိုက်ကြီး သုံးခုလည်းရှိတယ်။ အဲဒီထဲက စာကြည့်တိုက်တစ်ခုဟာ အထပ်ကိုးထပ်ပါရှိကြောင်းသိရတယ်။

နာလန္ဒာတက္ကသိုလ် ကနေ ကျော်ကြားတဲ့ ဗုဒ္ဓစာပေပညာရှင်တွေကတော့ ‘‘နာဂဇုန၊ အရိယဒေ၀၊ ဓမ္မပါလ၊ သီလဘဒြ၊ သံဃ ရက္ခိတ၊ ကာမလသေလ၊ ဗ၀ိဝေက၊ ဒီဃနဂ၊ ဓမ္မကိတ္တိ’’ စတဲ့ မထေရ်တွေဖြစ်တယ်။ ဒီ ရဟန်းတော်တွေရဲ့ ကျမ်းဂန်တွေကို တိဘက်နဲ့ တရုတ် ဘာသာပြန်မူတွေမှာ တွေ့နိုင်ပြီး၊ (၁၄) ကျမ်းရှိတယ်။ မူရင်းဘာသာနဲ့ ကျမ်းဂန်တွေကတော့ အေဒီ ၁၀၃၇ ၊
ဘက်ခ်တိ ယာ ခီဂျီ ဦးဆောင်တဲ့ မွတ်စလင် စစ်တပ်ရဲ့ မီးရှို့ဖျက်စီးခြင်းခံခဲ့ရပါတယ်။ ရဟန်းတော်တွေလည်း သတ်ဖြတ်ခံခဲ့ရတယ်။

နာလန္ဒာတက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး စာပေသင်ယူလေ့လာရေးနဲ့ အသိဉာဏ်ရှာဖွေရေး မီးပြတိုက်ကြီးဖြစ်ခဲ့ပြီး နှစ် တစ်ထောင်ကြာအောင် ထွန်းကားခဲ့တယ်။ မာဂဓတိုင်းထိ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ဘက်ခ်တိယာရဲ့ စစ်တပ်ဟာ နာလန္ဒာ တက္ကသိုလ်ကြီးကို မီးတိုက်ဖျက်ဆီးခဲ့တယ်။ ဒီဖြစ်ရပ်ဟာ ရဟန်းတော်တွေ ဆွမ်းစားနေချိန်မှာ ဖြစ်ပျက်ခဲ့တာလို့ ဆို ပြီး ရှေးဟောင်းအထောက်ထားတွေ တူးဖော်တဲ့အခါ အရေးတကြီး စွန့်ပစ်ခဲ့ဟန်ရှိတဲ့ အစား စာဟောင်းတွေကို တွေ့ရှိကြရပါတယ်။ အစေ့အဆံတွေသိုလှောင်ရာ အဆောက်အဦးတွေမှာ တွေ့ရှိခဲ့တဲ့ မီးကြွင်းနေတဲ့ အစေ့ဆန်ဟောင်းတွေဟာ ဒီဖြစ်ရပ် ကိုသက်သေပြုနေကြတယ်။

ဘိက္ခု ကေသရ
ref: The Six Buddhist Universities of Ancient India
by D. Amarasiri Weeraratne

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ၃


ယုံကြည်မူလွန်ကဲခဲ့တဲ့ စာဟမာနက တပ်တွေဟာ ပိုပြီး စနစ်ကျတဲ့ မိုဟာမဒ်တပ်တွေရဲ့ ဒဏ်ကို မခံနိုင်ဘဲ သူတို့ရဲ့မြို့တော် အဂျယမေရုထိ ဆုတ်ခွာခဲ့ရတယ်။ ဒီလို ဆုတ်ခွာတဲ့အခါ အိန္ဒိယမြောက်ပိုင်းလွင်ပြင်ရဲ့ အရှေ့ ဘက်ဆုတ်ခွာရာ လမ်းတစ်လျှောက် စစ်မျက်နှာဟာ အခုခံမရှိ ပွင့်ဟသွားခဲ့ရ တယ်။ နောက်နှစ်မှာဘဲ မိုဟာမဒ်ဟာ ဗရာဏသီနဲ့ ကာညကုဗ်ဂ်ျ ပါဝင်နေတဲ့ ဂါဟဋ၀ါလ ကိုတိုက်ဖို့ သူ့ရဲ့တပ်တွေကို စေလွှတ်ခဲ့တယ်။ အဲဒီ တပ်တွေဟာ အောင်ပွဲ ဆင်ခဲ့ပြီး ဗရာဏသီဟာ လုယက်ဖျက်ဆီးခံခဲ့ရသလို ဘုရားကျောင်း ထောင်ချီလည်း ဖြိုဖျက်ခံခဲ့ရတယ်။

ဘုရားကျောင်းတွေ နေရာ မှာ ဗလီပေါင်းများစွာဆောက်လုပ်ခဲ့တယ်။ ဗရာဏသီရဲ့ အလွန်မှာ ယခင်က ပါလ မင်းဆက်အုပ်စိုးခဲ့တဲ့ နယ်မြေရှိနေတယ်။ သို့သော်လည်း ပါလမင်းဆက်ဟာ အေဒီ ၁၁၆၂ မှာ မြေရှင်မင်း ဆက်ဖြစ်တဲ့ သေနမင်းဆက်ရဲ့ ပုန်ကန်မူကြောင့် နိုင်ငံ ငယ်တွေ အဖြစ် အစိတ်စိတ်ကွဲသွားခဲ့ပါတယ်။ သေနမင်းဆက်ကလည်း တောင့်တင်းခိုင်မာတဲ့ နိုင်ငံတစ်ခု အဖြစ်မရပ်တည်နိုင်ခဲ့ဘူး။ (၁၃) ရာစု အတွင်း ဒီနယ်မြေမှာ ဘာတွေဖြစ်ပျက်ခဲ့တယ် ဆိုတာကိုတော့ အသေချာမပြောနိုင်ဘူး။ သို့ပေမဲ့ သမိုင်းဆရာ တာရာနာထ်ရဲ့ ရေးသားမူအရ ဣရှဝရ(ထာဝရဘုရား၊ရှိဝ သို့မဟုတ် ဗိရှနိုး) ကိုးကွယ်တဲ့ မင်းဆက် (သေနမင်းဆက်ဖြစ်နိုင်တယ်) ဟာ တူရကီတပ်တွေကို မဆန့်ကျင်ခဲ့ဘူးလို့ သိရပါတယ်။ တူရကီတွေဟာ သူတို့ရဲ့ မြေရှင်ဘုရင်ခံတွေထားရှိပြီး အိန္ဒိယအရှေ့ပိုင်းမှာ အင်ပါယာ ချဲ့ထွင်ခဲ့တယ်လို့ ဆိုတယ်။

တူရကီ မှတ်တမ်းတွေအရ စစ်ဗိုလ်ချုပ် ဘက်ခ်တိယာခေါင်းဆောင်တဲ့ ပမာဏမများ တဲ့ မြင်းတပ်တစ်တပ်ဟာ ဘီဟာနဲ့ ဘင်္ဂလားပြည်နယ်ကို ထိုးဖောက် တိုက်ခိုက် ခဲ့ကြောင်း ဖော်ပြထားလို့ စောစောကအချက်ကို ထောက်ခံနေပါတယ်။ အဲဒီ တူရကီတပ်တွေဟာ ပါလမင်းဆက်အတွင်းကတည်ထောင်ခဲ့တဲ့ တက္ကသိုလ်ကြီးတွေကို ရုတ်တရက်ဝင်ရောက်ပြီး မီးရို့ဖျက်ဆီးခဲ့ကြတယ်။ တက္ကသိုလ်တွင်းနေထိုင်သူတွေကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြတယ်။ ပြီးတော့ ဥဒ္ဒဏ္ဍပုရ မှာ တပ်စွဲပြီး မိုင်အနည်းငယ် အကွာမှာ တည်ရှိတဲ့ နာလန္ဒာတက္ကသိုလ်ကြီးကို အကြိမ်ကြိမ် စီးနင်းဝင်ရောက်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြတယ်။ သို့ပေမဲ့ သူတို့ဟာ ထုထည်ကြီးမားပြီး ခိုင်ခံ့ထူထဲတဲ့ တံတိုင်းတွေနဲ့ ဆောက် လုပ်ထားတဲ့ ကျောင်းတိုက်ကြီးနဲ့ ဘုရားကျောင်းကိုတော့ အကြွင်းမ ကျန်အောင် မဖြိုဖျက်နိုင်ခဲ့ဘူး။ သူတို့ အဓိက ဖျက်ဆီးခဲ့တာ ဟာ ပိဋကတ် တိုက်အဆောက်အဦးတွေဖြစ်ခဲ့ပုံရတယ်။

အခြား အလားတူ တက္ကသိုလ်ကြီးတွေကိုလည်း သွားရောက်ဖျက်စီး စေခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့ ဗုဒ္ဓ၀ါဒဆိုင်ရာသာမက လောကီဆိုင်ရာ ကြီးမားတဲ့ ယဉ်ကျေးမှုအမွေနှစ်တွေဖြစ်တဲ့ တက္ကသိုလ်ကြီးတွေဟာ အဲဒီ ခေတ်ကာလမှာဘဲအပြီးတိုင်ပျက်စီးသွားခဲ့ရပါတယ်။ အေဒီ ၁၂၀၆ မှာ ဘက်ခ်တိယာဟာ ကာမရူပ (အာသံ)၊တိဘက်နဲ့ တိဘက် အလွန်မှာရှိတဲ့ တူရကီပိုင်နယ်ကို တိုက်ခိုက်ဖို့အတွက် အစီစဉ်ချပြီး ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ အရှေ့ ဘက်ကို စစ်ချီခဲ့တယ်။ ကာမရူပမှာ သူ့တပ်တွေဟာ အရေးနိမ့်သွားခဲ့ပြီး လုံးဝနီးပါး ချေမှုန်းခံခဲ့ရတယ်။ သူလည်းဘဲ စစ်ပွဲမှာ ကျဆုံးခဲ့တယ်။ တူရကီ စစ်အင်အားအတားအဆီးဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသတစ်လျှောက်မှာ ဆက်လက်ရှိနေသေးပါတယ်။ အဲဒီဒေသကို မွတ်စလင်အခြေချနေထိုင်သူများစွာဝင်ရောက်လာခဲ့တယ်။ အထူးသဖြင့် (၁၃) ရာစု အာရှအလယ်ပိုင်း ကို မွန်ဂိုတပ်တွေ ၀င်ရောက်စိုးမိုးတဲ့အခါ အဲဒီ အခြေနေထိုင်သူတွေဟာ အိန္ဒိယတောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ရောက်ရှိလာခဲ့ တယ်။ အဲဒီ ဒေသမှာ အခြေပြုပြီး တူရကီတပ်တွေဟာ အိန္ဒိယတစ်နိုင်ငံလုံးကို သိမ်းပိုက်စိုးမိုးဖို့ ကြိုးစားခဲ့တယ်။ (၁၄) ရာစု ရောက်တဲ့အခါ သီဟိုဠ်ကျွန်းနဲ့ မျက်နှာချင်းဆိုင်က အိန္ဒိယတောင်ဘက် အစွန်းဆုံးထိရောက်ရှိလာခဲ့တယ်။ သို့သော်လည်း ၁၃၃၆ မှာ အိန္ဒိယ ဒေသခံတပ်တွေဟာ တူရကီ စစ်အင်အားတွေကို တန်ပြန်ခုခံနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်းဒေသတစ် ခုလုံး တစ်စုတစ်စည်းတည်းပါဝင်တဲ့ ၀ိဇယနဂရ နိုင်ငံ ထူထောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ စစ်ရေး၊ နိုင်ငံရေးအားဖြင့် တည်ငြိမ်သွားခဲ့တယ်။သို့ပေမဲ့ မြောက်ပိုင်းက တူရကီတွေကိုတော့ မတိုက်ထုတ်နိုင်ခဲ့ပါဘူး။

တာရာနာထ ရဲ့ရေးသားမူအရ ဗုဒ္ဓဘာသာဝင် စစ်ဘေးရှောင် အများစုဟာ ဗမာပြည်ကိုဖြတ်ပြီး အရှေ့တောင်အာရှနဲ့ တိဘက် ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။ အချို့ကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်းကို တိမ်းရှောင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း က ကလိင်္ဂဟာ (၁၆) ရာစုအထိ လွတ်လပ်တဲ့နိုင်ငံအဖြစ်ရပ်တည်နိုင်ခဲ့တယ်။ ပြီးတော့ ၀ိဇယနဂရနဲ့ အခြားဒေသတွေဖြစ်တယ်။ရဟန်းတော်အချို့ကတော့ တက္ကသိုလ်အပျက်စီးတွေကြားမှာ ဆက်လက်နေထိုင်ခဲ့တယ်။ ဥပမာ ၁၂၃၅ မှာ နာလန္ဒာကို သွား ရောက်ခဲ့တဲ့ တိဘက် ခရီးသည်တစ်ဦးဟာ တက္ကသိုလ်အပျက်စီးတွေကြားမှာ စာသင်သား (၇၀) လောက်ကို သက္ကတသဒ္ဒါသင် ကြားနေတဲ့ ရှေးဘုန်းတော်ကြီးတစ်ပါးကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ စာသင်သားတွေထဲမှာ ဘုန်းကြီးတစ်ပါး၊ နှစ်ပါးမှာ သာ စာအုပ်ရှိတယ်လို့ ဆိုတယ်။ (တူရကီတပ်တွေ ပိဋကတ်တိုက်ကို ဖျက်ဆီးတုန်းက ရယူလွတ်မြောက်ခဲ့တာဖြစ်မယ်) အဲ ဒီ ခရီးသည်ရောက်ရှိနေတဲ့ အချိန်မှာတောင် ဥဒ္ဒဏ္ဍပုရမှာ ရှိတဲ့ တူရကီတပ်တွေဟာ နာလန္ဒာကို ၀င်ရောက်တိုက်ခိုက်ခဲ့တယ် လို့ဆိုတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဒီ တက္ကသိုလ်ထဲမှာ ခေါင်းမာစွာ ဆက်လက်နေထိုင်နေတဲ့ ရဟန်းတော်တွေကို သတ်ဖြတ်ဖို့လို့ ယူဆရသလို၊ အပျက်ဆီးတွေကြားထဲမှာ အဖိုးတန်ရတနာပစ္စည်းတွေ မြုပ်နှံ့ထားရှိမယ်လို့ ယူဆပြီး ထပ်မံတူး ဖော်ရှာဖွေဖို့လည်း ဖြစ်နိုင်ပါတယ်။

အဲဒီ ရဟန်းတော်တွေကို ဥဒ္ဒဏ္ဍပုရက သတင်းပေးတစ်ဦးက သတိပေးတဲ့အတွက် ဘေးကင်းရာနေရာတစ်ခုမှာ တိမ်းရှောင်ခဲ့ရကြောင်း ဆိုထားတယ်။ အဲဒီနောက် တူရကီ စစ်သား (၃၀၀) လောက်ဟာတက္ကသိုလ် အပျက်စီးတွေကြား မွှေနှောက်တူးဖော်ရှာဖွေပြီး သူတို့ရဲ့ အခြေစိုက်စခန်းကို ပြန်သွားခဲ့ပါတယ်တဲ့။ သူတို့ပြန်သွားတဲ့အခါ ရဟန်းတော်အချို့ဟာ မီးကျွမ်းနေတဲ့ တက္ကသိုလ်ကြီးဆီကို တဖန်ပြန်လာပြီး နေထိုင်ကြကြောင်းဆိုထားတယ်။ ခရီးသည် တိဘက် ရဟန်းတော်ကတော့ တက္ကသိုလ်ကြီးဆီကို ကျမ်းစာကူးယူဖို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး သူကူးယူလိုတဲ့ ကျမ်းစာတစ် စောင်မှ မတွေ့ခဲ့ရလို့ တခြားဒေသ ကို ဆက်လက်ထွက်ခွာသွားခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်။

ဆိုခဲ့ပြီးဖြစ်တဲ့ တက္ကသိုလ်အပျက်စီးတွေကြားမှာ စာပေသင်ကြားပို့ချတဲ့ မထေရ်ဟာ ရာဟုလာ သီရိဘဒြာဖြစ်တယ်။ အဲဒီ မထေရ် ရဲ့ နောက်မှာ နောက်ထပ် တပည့် လေးဆက်မကရှိပြီး သူတို့ဟာ
နာလန္ဒာမှာ ဆက်လက်နေထိုင်ခဲ့ကြောင်း သမိုင်းဆရာ တာရာ နာထက ရေးသားထားတယ်။ သို့သော်လည်း ဗုဒ္ဓ၀ါဒ ပိဋကတ် သင်ကြားပို့ချမူလုပ်ငန်းကြီးကိုပြန်လည်အသက်သွင်းဖို့ တော့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဘာကြောင့်တုန်းဆိုတော့ အဲဒီ ခေတ်ကာလမှာ တူရကီတပ်တွေဟာ မာဂဓ ကို အုပ်စိုးနေခဲ့ပြီး ဗုဒ္ဓ၀ါဒရဲ့ ဗဟိဒ္ဓ နှလုံးသည်းပွတ်ဟာ ဖျက်ဆီးခံခဲ့ရလို့ ဖြစ်တယ်။

ဗြာဟ္မဏ၀ါဒဟာ အစပိုင်းကာလမှာ အစ်စလာမ်စစ်ဒဏ်ကြောင့် အကျပ်တည်းတွေကြုံခဲ့ပေမဲ့ နောက်ပိုင်းမှာ အားကောင်း ကောင်းနဲ့ တုန်ပြန်ခုခံနိုင်ခဲ့လို့ အိန္ဒိယပြည် မွတ်စလင်အုပ်ချုပ်သူတွေ လက်အောက်က လွတ်မြောက်တဲ့ကာလထိအောင် ပြန် လည်ရှင်သန်ခဲ့ပေမဲ့ ဘာကြောင့် ဗုဒ္ဓ၀ါဒ ဟာ ဒီဘေးဒဏ်ကို အင်အားနဲ့ မခုခံနိုင်ဘဲ ကျဆုံးခဲ့ရသလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက် ပြီး မှန်းဆကြည့်ကြရပါ တယ်။ ဗုဒ္ဓ၀ါဒဟာ စကားအရှိအတိုင်းပြောရရင် ဘယ်အခြေနေဖြစ်ဖြစ် အတွေးခေါ်ပိုင်းဆိုင်ရာနဲ့ ငြိမ်းချမ်းရေးဝါဒ ဖြစ်တယ်။ အဲလို ကိုးကွယ်မူဝါဒ ဟာ ‘‘မြင့်မြတ်တဲ့ စစ်ပွဲ’’ ကို အခြေပြုပြီး စစ်အောင်နိုင်တဲ့အခါ စိတ်အားထက် သန်တဲ့ နောက်လိုက်တွေဟာ စစ်အတွင်း တိုက်ခိုက်သိမ်းပိုက် လို့ရရှိလာတဲ့ ကြွယ်ဝမူဆုလဒ်တွေကို အပြစ်ရှိတဲ့ အသုံးဆောင်အ ဖြစ်မယူဆဘဲ၊ မြင့်မြတ်တဲ့ ဆုလဒ်အဖြစ်ယူဆတဲ့ ဆန့်ကျင်ဘက် ဘာသာတရားနဲ့ ရင်ဆိုင်ရတဲ့အခါ အာရှအလယ်ပိုင်းနဲ့ အိန္ဒိယပြည် အနောက်မြောက်ပိုင်းက ဗုဒ္ဓ၀ါဒနိုင်ငံတွေဟာ သူတို့ကိုယ် သူတို့ကာကွယ်ဖို့ စိတ်အားထက်သန်တဲ့ စစ်ရေးစိတ်ဓါတ်နဲ့
စစ်သည်တွေ အထင်အရှားမရှိခဲ့ကြောင်း တွေ့ကြရတယ်။

ဒါဟာ အကြမ်းမဖက်မူ အဆုံးမတရားတော်ရဲ့ အကျိုးဆက် အဖြစ် တွေ့ရခြင်းဖြစ်တယ်။ ဒီ မတိုင်ခင် ခေတ်မှာ ဗုဒ္ဓ၀ါဒဟာ အကြမ်းဖက်မူ စစ်လိုလားတဲ့ လူမျိုးစုတွေကြား (အထူးသဖြင့် ကုရှာဏမျိုးနွယ်စုတွေကြား) ပြန့်နှံ့ရောက်ရှိခဲ့ပြီး လက်ခံကိုးကွယ်တဲ့ လူမျိုးစုတွေကို စစ်နဲ့ စစ်ရဲ့ဖျက်ဆီးမူသဘောဟာ အပြစ်ဖြစ်ကြောင်း ထုတ်ဖော်ဟောကြားခြင်းဖြင့် ယဉ်ကျေးစေခဲ့တယ်။ သို့ပေမဲ့ နောက်ထပ် ထပ်မံဝင်ရောက်လာတဲ့ စစ်ဝါဒီ လူမျိုးစုတွေကတော့ တစ်မျိုးတစ်ဘာ သာဖြစ်တယ်။ သူတို့ဟာ သူတို့ အနိုင်ယူတိုက်ခိုက်ခဲ့တဲ့ စစ်ရူံးသူလူမျိုးစုတွေရဲ့ အယူဝါဒကို လက်ခံရယူနိုင်တဲ့အခြေနေမှာမရှိခဲ့ဘူး။ သူတို့မှာ သူတို့ရဲ့ စစ်အောင်နိုင်မူကို ဘာသာရေးအားဖြင့် မှန်ကန် သင့်မြတ်ကြောင်း နဲ့ စစ်ကို ထပ်မံလှုံဆော်မူပေးတဲ့ ကိုယ်ပိုင်ကိုးကွယ်မူ ဘာသာတရား ရှိနေပြီးဖြစ်တယ်။

ကူရှန်မင်းဆက်တွေဟာ တိုင်းပြည်အတွင်းမှာ နေထိုင်တဲ့ မတူညီတဲ့ လူမျိုးစုတွေကြား ညီညွတ်မျှတမူပိုမိုဖြစ်ပေါ်စေခြင်းနဲ့ ကြီးမားကျယ်ပြန့်တဲ့ အင်ပါယာကြီးတစ်ခုကို သာယာခိုင်မာအောင်တည်ဆောက်ရမယ်ဆိုတဲ့ သဘောတရားကို ဗုဒ္ဓ၀ါဒမှာ တွေ့မြင်ခဲ့ ကြတယ်။ တူရကီတပ်တွေဟာ ဒီလို အင်ပါတစ်ခုကို သာယာဝပြောခိုင်မာအောင် တည်ဆောက်ဖို့ စိတ်ကူးမရှိခဲ့ ဘူး။ (အက္ကာဘာဘုရင်လက်ထက်တိုင်အောင်) ။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ အင်ပါယာချဲ့ထွင်ပြီး စစ်အောင်နိုင်ခြင်းဖြင့် ပိုမို များပြားတဲ့ ကြွယ်ဝမူတွေ သိမ်းပိုက်ရရှိဖို့နဲ့ ကျေးကျွန်တွေများစွာပိုင်ဆိုင်ဖို့ အတွက်သာဖြစ်ခဲ့တယ်။

ဗုဒ္ဓ၀ါဒဟာ သူတို့လုပ်ရပ် နဲ့ လူနေမူဘ၀ကို ရူတ်ချခဲ့ပေမဲ့၊ သူတို့ရဲ့ အစ်စလာမ်ဝါဒကတော့ ဘုရားသခင်ရဲ့ အမိန့်တော်အဖြစ် အားပေးချီးမြှောက်မူလုပ် ခဲ့ပြီး ဂုဏ်ယူဝံ့ကြွားဖွယ်အဖြစ်လက်ခံခဲ့တယ်။ ဒီအချက်ဟာ ဗုဒ္ဓ၀ါဒရဲ့ အကျင့်သီလသဘောတရားနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့် ကျင်နေတဲ့ စိတ်အားထက်သန်မြတ်နိုးမူကို ဆွဲဆောင်ထားတဲ့ အမှန်စင်စစ် ဗုဒ္ဓ၀ါဒတိုက်ဖျက်ရေး ၀ါဒတစ်ရပ်ဖြစ်ခဲ့တယ်။ အဲဒီ ၀ါဒမှာ အကြမ်းဖက်မူ၊ လုယက်ဖျက်ဆီးမူ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မူနဲ့ ဘာသာအယူဝါဒဆိုင်ရာ အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးမူ လုပ်ရပ်တွေ ပါဝင်နေခဲ့တယ်။ တူရကီတပ်တွေဟာ အကြမ်းဖက်ခြင်းနည်းလမ်းနဲ့ အိန္ဒိယပြည်ကြီးကို သိမ်းပိုက် ခဲ့ပြီး ယဉ်ကျေးမူကြီးကို ဖျက်ဆီးခဲ့တယ်။

ဗြာဟ္မဏ၀ါဒ ဟာ ဗုဒ္ဓ၀ါဒထက်ပိုပြီး အခြေနေ၊ အချိန်ခါနဲ့ ဆီလျော်အောင် ပြောင်းလဲနိုင်စွမ်းရှိခဲ့တယ်။ တူရကီစစ်အတွင်း အိန္ဒိယပြည်မှာ ဗြာဟ္မဏ၀ါဒဟာ ဗုဒ္ဓ၀ါဒထက် ပိုပြီးအားကောင်းစွာရှိနေခဲ့တယ်။ အထူးသဖြင့် အစ်စလာမ်ဝါဒကို အစွမ်းထက်ဆုံး တုန်ပြန်ခုခံခဲ့တဲ့ အိန္ဒိယတောင်ပိုင်းမှာရှိနေခဲ့ တာဖြစ်တယ်။ အေဒီ ပထမ ရာစုနှစ်အတွင်းမှာ ဗြာဟ္မဏ၀ါဒဟာ အထူးသဖြင့် ဗိရှနိုးဝါဒ နဲ့ ရှီ၀၀ါဒ ဟာ အိန္ဒိယက လူထုအကြားမှာ ဗုဒ္ဓ၀ါဒနဲ့ အပြိုင် တဖြည်းဖြည်းအမြစ်တွယ်လာခဲ့တယ်လို့ ခန့်မှန်းကြတယ်။

ဗုဒ္ဓ၀ါဒဟာ ဇာတ်စနစ်ခွဲခြားမူကို ဆန့်ကျင်ထားပြီး အများအတွက်လွတ်လပ်မျှတတဲ့ အများပေါင်းစုအုပ်ချုပ်ပုံစနစ်ကို ထောက်ခံအားပေးထားပေမဲ့ ဗြာဟ္မဏ၀ါဒကတော့ အလယ်ခေတ် မြေရှင်၊ ကံကျွေးချစနစ်နဲ့ ပေါင်းစည်း တည်ဆောက်ထားပြီး ဇာတ်ခွဲ ခြားမူစနစ်ကို ထောက်ခံအားပေးခဲ့တယ်။ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒမှာ အထူးသဖြင့် ဗိရှနိုးဝါဒနဲ့ ရှီဝ ၀ါဒရဲ့ တစ်ဆူတည်းသော ဖန်ဆင်းရှင် ဘုရားသခင်ဝါဒမှာ ဒီလို ဇာတ်အနိမ့်အမြင့်စနစ်ဟာ ပကတိအမှန်တရားတစ်ခုဖြစ်ပြီး သဘာဝအဖြစ်လက်ခံထား တယ်။ လူသားတွေဟာ သူတို့ထက်မြင့်မြတ်တဲ့ ရေမြေရှင်၊ အရှင်သခင်တွေကိုနာခံရသလို၊ လူသားအားလုံးဟာလည်း ဖန်ဆင်းရှင် ဘုရားသခင်ကို နာခံရတယ်။ (၁၂) ရာစုနှစ် အိန္ဒိယပြည်ရဲ့ဒေသအများစုမှာ ၊ အထူးသဖြင့်တောင်ပိုင်းဒေသ မှာ ပုံစံ မျိုးစုံရှိနေခဲ့တဲ့ ဗြာဟ္မဏ၀ါဒဟာ ဗုဒ္ဓ၀ါဒထက် အများကြီးပိုမိုပြီး ကိုးကွယ်မူများတဲ့ ဘာသာတရားအဖြစ်ရှိနေခဲ့တယ်။ အဲဒီ ခေတ်ကာလမှာ ဗုဒ္ဓ၀ါဒဟာ အတွေးခေါ်ပိုင်းဆိုင်ရာ၊ ကျမ်းဂန် သင်ကြားလေ့လာမူမှာ အများကြီး အားပြုနေခဲ့တယ်။

အဲဒီခေတ် က ဗုဒ္ဓ၀ါဒ အစဉ်အလာရဲ့ ဗဟိုချက်ဟာ လူထုကြားမှာထက် တက္ကသိုလ်စာသင်တိုက်ကြီးတွေမှာ ရှိနေခဲ့တယ်။ အဲဒီ တက္ကသိုလ်စာသင်တိုက်ကြီးတွေ ဖျက်ဆီးခံလိုက်ရတဲ့အခါ ဗုဒ္ဓ၀ါဒ အစဉ်လာကြီး ကျိုးပျက်သွားခဲ့ရပါတယ်။ သာမာန်လူ ထုဟာ ဗုဒ္ဓ၀ါဒရဲ့ လေးနက်တဲ့ သဘောတရားတွေကို နားလည်ခဲ့မှာ မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ အိမ်နီးနားခြင်း ဗိရှနိုးဝါဒီ တွေက ကရ်ရှဏဘုရားနဲ့ ဗိရှနိုးနတ်တွေကို ပူဇော်ကိုးကွယ်မူနဲ့ သူတို့ရဲ့ ဗုဒ္ဓနဲ့ ဗောဓိသတ္တကို ပူဇော်ကိုးကွယ်မူဟာ အများကြီး ကွာခြားတယ်လို့ မြင်ခဲ့မှာ မဟုတ်ဘူး။

ပိဋကတ် ကျမ်းတတ် ရဟန်းတော်တွေရဲ့ လမ်းညွှန်သင်ပြမူမခံယူရတဲ့ ဗုဒ္ဓဘာသာဝင် သာမာန်လူထုဟာ အများကိုးကွယ် ပူဇော်နေတဲ့ ဗြာဟ္မဏ၀ါဒရဲ့ ကိုးကွယ် ယုံကြည်မူတွေနဲ့ ရောထွေးသွား မှာပါဘဲ။ သံကရ ဗြာဟ္မဏနဲ့ ကုမာရိလ ဗြာဟ္မဏတို့လို ဝေဒ ဘာသာရေးခေါင်းဆောင်တွေ ဟာ ဗုဒ္ဓ၀ါဒဘာသာရေး အယူဆတွေကို စကားယှဉ်ပြိုင်အလဲထိုးပြီး ဝေဒ၀ါဒကို ထွန်းကားပြန့်ပွားစေခဲ့ကြောင်း သမိုင်းအစဉ်အလာတွေမှာ တွေ့ရပါတယ်။ ဒီလိုဘဲ အပြန်အလှန်အားဖြင့် ဗုဒ္ဓ၀ါဒဘက်ကလည်း ဓမ္မကိတ္တိမထေရ်ဟာ သံကရနဲ့ ကုမာရိလ တို့ရဲ့ ၀ါဒကို အလဲထိုးချေပခဲ့တယ်။ ဓမ္မကိတ္တိမထေရ် ဟာ ဗြာဟ္မဏနှစ်ဦးနောက်ပေါ်ထွန်းခဲ့တာဖြစ်ပြီး အဲဒီ ဗြာဟ္မဏတွေရဲ့ ဝေဒအယူဆနဲ့ ပတ်သက်ပြီး သူရဲ့ကျမ်း ဂန်တွေမှာ မှားယွင်းကြောင်းဝေဖန်ထောက်ပြခဲ့တယ်။

ပြီးတော့ အလွန်အောင်မြင်တဲ့ သူ့ရဲ့အစဉ်ဆက် ဗုဒ္ဓ၀ါဒဂိုဏ်းတစ်ခုကို ထူထောင်နိုင်ခဲ့လို့ ဗုဒ္ဓ၀ါဒသဘောတရားတွေဟာ အားသာမယ်လို့ ယူဆရတယ်။ ဒါပေမဲ့ ဒီလိုလေးနက်လှတဲ့ သဘောတရား ရေးရာ ပြိုင်ဆိုင်မူဟာ သာမာန်ပြည်သူတွေကို အများကြီးလွှမ်းမိုးနိုင်ခဲ့ပုံ မရပါဘူး။ သာမာန်ပြည်သူတွေအတွက် ဗြာဟ္မဏ၀ါဒ ဆိုတာ ဝေဒ၀ါဒမဟုတ်ဘူး။ ဗိရှနိုးဝါဒ၊ ရှီ၀၀ါဒ သာဖြစ်တယ်။ ပြီးတော့ ဗိရှနိုးဝါဒနဲ့ ရှီ၀၀ါဒရဲ့ ဘာသာရေးခေါင်းဆောင်တွေဟာသံကရရဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဝါဒပေါ်မှာ အခြေမခံတဲ့ ဝေဒ၀ါဒနဲ့ ဝေဒ ပူဇော်မူဓလေ့တွေကိုဝေဖန်တိုက်ခိုက်ခဲ့ကြတယ်။
ဗြာဟ္မဏ၀ါဒရဲ့အင်အားဟာ ဗုဒ္ဓ၀ါဒကို ဆန့်ကျင်တိုက်ဖျက်ခြင်းအပေါ်မှာ မူတည်မနေခဲ့ဘူး။ ဗုဒ္ဓ၀ါဒကို လွင့်စင်သွားစေခဲ့တဲ့ အစ်စလာမ်ဝါဒကို အောင်အောင်မြင်မြင် ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ အပေါ်မှာမူတည်ခဲ့တာဖြစ်တယ်။

ဝေဒ စစ်သည်တွေဟာ ကျုးကျော်ဝင်ရောက်လာသူတွေကို ခုခံပြီး တုန်ပြန်တိုက်ထုတ်ဖို့ အဆင့်သင့်ရှိနေခဲ့သလို ဒီလိုကာ ကွယ် တိုက်ခိုက်ရခြင်းဟာ သူတို့ရဲ့တာဝန်တစ်ရပ်အဖြစ် ခံယူထားခဲ့ကြတယ်။ အကယ်၍ စစ်ပွဲမှာ ကျဆုံးခဲ့ရင်လည်း တာဝန် ကျေပွန်စွာ ထမ်းဆောင်ရင်း သေတာဖြစ်လို့ မြတ်သောသေခြင်းဖြစ်ပြီး
ကောင်းကင်ဘုံမှာ စံစားရမယ်လို့ ခံယူကြတယ်။ အိန္ဒိယပြည်ကြီးနဲ့ ရှေးဟောင်းအစဉ်လာယဉ်ကျေးမူတွေကို ကာကွယ်ရင်း ကျဆုံးခဲ့ကြတဲ့ သူရဲကောင်းတွေ အကြောင်းကို အစဉ်လာ သမိုင်းမှတ်တမ်းတွေမှာ တွေ့ကြရတယ်။ လူထုကြားမှာတွင်ကျယ်ခဲ့တဲ့ သူရဲကောင်းစာပေတွေဟာ ရက်စက်တဲ့ သတ်ဖြတ်အကြမ်းဖက်မူ အာဏာရှင်ဝါဒကနေ အင်ဒီးယန်းယဉ်ကျေးမူကြီးကို ကာကွယ်ဖို့ မျှတမှန်ကန်တယ်လို့ ယူဆတဲ့ ရွပ်ရွပ်ချွံချွံ ခုခံမူ၊ တန်ပြန်တိုက်ခိုက်မူကို အားပေးထောက်ခံခဲ့တယ်။ နောက်ဆုံး အိန္ဒိယနိုင်ငံရဲ့ သဘာဝအစဉ်လာ စိတ်ဓါတ်ဟာ အောင်မြင်မူ ရရှိခဲ့တယ်။ ဒီလို အောင်မြင်ခဲ့ပြီး ဟိုရှေးခေတ် အစဉ်အလာမှာ ရှိခဲ့တဲ့ အတွေးခေါ်ဆိုင်ရာ လွတ်လပ်မူ နဲ့ဆန့်ကျင် ဘက် ၀ါဒ အမြင်ကိုးကွယ်မူဘာသာတွေကို နားလည်လက်ခံနိုင်မူ ဒီနှစ်ခု ပြန်လည် ဖြစ်ပေါ်လာတာနဲ့ ဗုဒ္ဓ၀ါဒ ဟာလည်း တစ်ခေတ်ပြန်လည် ထွန်းပ ဖို့ အခွင့်ပေါ်လာခဲ့ပါတယ်။
ကက်ရှ်မီးယားဒေသဟာ (၁၄) ရာစုမှာ မွတ်စလင်လက်အောက်ခံဖြစ်ခဲ့ပြီး (၁၅) ရာစု အစောပိုင်းမှာ ဆိကန်ဒါ ရဲ့ ဘာသာရေး ဆိုင်ရာ နှိပ်စက် အကြမ်းဖက်မူကြောင့် အဲဒီဒေသမှာ ဗုဒ္ဓ၀ါဒဟာ လဒခ် နယ်မှ တပါး အခြားနယ်တွေမှာ ပျောက်ကွယ်ခဲ့တယ်။ လဒခ်နယ်ဟာ ဗုဒ္ဓ ဘာသာဝင် အများစု နေထိုင်ရာဖြစ်ပေမဲ့ ဗုဒ္ဓ၀ါဒ ဆက်လက်ကိုးကွယ်မူ မပြတ်ဆဲဘဲ ကျန်ရစ်ခဲ့တဲ့ အခြား ဟိမန္တာဒေသတွေမှာ လိုဘဲ အားကောင်းတဲ့ တိဘက် ဗုဒ္ဓဘာသာရဲ့လွှမ်းမိုးမူခံရပြီး သက္ကတလေ့လာသင်ယူမူကတော့ရှေးခေတ် ကာလ ကစပြီး ကွယ်ပျောက်သွားပြီဖြစ်တယ်။

မာဂဓ က စစ်ဘေးဒုက္ခသည်တွေဟာ တောင်ဘက်မှာရှိတဲ့ ကလိင်္ဂ၊ ဂုဂျာရတ်၊ ရာဂျသန်၊ ၀ိဇယ နဂရ နဲ့ အခြားတိုင်းပြည်တွေ ကို ထွက်ပြေးခို လှုံခဲ့ကြတယ်လို့ တာရာနာထ ကရေးသားခဲ့တယ်။ (၀ိဇယနဂရ ဟာ ၁၃၃၆ ကျ မှ တည်ထောင်ခဲ့တာဖြစ်တယ်)ဂုဂျာရတ်နဲ့ အိန္ဒိယ အလယ်ပိုင်း ဟာ အေဒီ ၁၃၀၀ လောက်မှာ ကျဆုံးခဲ့တယ်။ ကလိင်္ဂတိုင်းနဲ့ ၀ိဇယ နဂရကတော့ (၁၆) ရာစု မှာ ကျဆုံးခဲ့တယ်။ စစ်ဒဏ်ခံခဲ့ရတဲ့ အိန္ဒိယတောင်ပိုင်းမှာ ကျန်ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သီဟိုဠ်ကို ရောက်ရှိသွားမယ်လို့ ယူဆရတယ်။

တူရကီတွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုတောင်မှ ရာနှုန်းပြည့် အစ်စလာမ် သာသနာသွတ်သွင်းဖို့ မအောင်မြင့်ခဲ့ဘူး။ အိန္ဒိယ နိုင်ငံကြီးဟာ ကျယ်ပြန့်လွန်း၊ လူဦးရေများလွန်းပြီး ပထ၀ီဝင်အနေထားကလည်း ကွဲပြားလွန်းနေရုံမျှ မကဘူး တူရကီတွေ သိမ်း ပိုက်နိုင်တဲ့ အင်ပါယာကို လည်း လွတ်လပ်တဲ့ သို့မဟုတ် ယာယီအားဖြင့်သာ သိမ်းပိုက်ထားနိုင်တဲ့ ဒေသခံ အိန္ဒိယမင်းတွေ ရဲ့ နိုင်ငံတွေ ၀န်းရံတည်ရှိနေခဲ့တာဖြစ်တယ်

အိန္ဒိယရဲ့ ပင်ကိုယ်သဘာဝ စိတ်ဓါတ်ဟာ ပျောက်ကွယ်မသွားခဲ့ဘူး။ ကာလ ရှည်ကြာစွာ သိမ်းပိုက် ခံခဲ့ရတဲ့ ဒေသတွေမှာတောင်မှ (ရာဂျသန်၊ ကလိင်္ဂ၊ တိရဘုက်တိ) စတဲ့ လွတ်လပ်တဲ့ တိုင်းနိုင်ငံတွေက အများပြည်သူတွေကြား ထွန်းကားပြန့်ပွားနေတဲ့ စာပေတွေရဲ့ လွှမ်းမိုးမူနဲ့ အဲဒီ အင်ဒီးယန်း စိတ်ဓါတ်ဟာ ရှင်သန်လျက်ရှိနေခဲ့တယ်။ (၁၆) ရာစု အထိ အိန္ဒိယဒေသခံ ပြည်သူအများစု ဟာ ဟိန္ဒူတွေဖြစ်တယ်။ အက္ကဘာဘုရင်ဟာအိန္ဒိယ ပြည်ရဲ့ ဒေသများစွာကို သိမ်းပိုက်ပြီး အင်ပါယာထူထောင်တဲ့အခါ ဒီ အချက်ကို သဘောပေါက်ခဲ့ပြီး မူဝါဒသစ်တစ်ရပ်ကို ကျင့်သုံးခဲ့တယ်။ အဲဒီမူဝါဒဟာ အမှန်တကယ်တော့ အစ်စလာမ် မူဝါဒကို ဆန့်ကျင်နေတဲ့ အင်ဒီးယန်း မူဝါဒတစ်ရပ်သာ ဖြစ်ခဲ့တယ်။

သူဟာ ဘာသာရေးဆိုင်ရာ ကွဲပြားမူကို ခွင့်ပြုခဲ့တယ်။ အဲလို ခွင့်ပြုခဲ့တဲ့အတွက် ရာဇပုတ်ဘုရင်တွေရဲ့အင်အားဟာ သူ့စစ်တပ် အတွင်းပါဝင်လာပြီး သူ့ရဲ့အင်ပါယာကို ပိုပြီးခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တယ်။ သို့သော်လည်း အဲဒီ မူဝါဒဟာ သူ့နန်း တော်က ရှေးရိုးစွဲ မွတ်စလင်တွေကို မကျေမနပ်ဖြစ်စေခဲ့တယ်။ အက္ကဘာဘုရင် သေဆုံးတဲ့အခါ ဘာသာရေးဆိုင်ရာ မတူကွဲ ပြားမူ ခွင့်ပြုချက်ဟာ အဆုံးသတ်သွားခဲ့တယ်။ အရင်ကလို ဘာသာရေး အကြမ်းဖက်မူတွေ ပြန်လည် ဖြစ်ပေါ်လာခဲ့တယ်။

အိန္ဒိယ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေ ဖြိုဖျက်ခံခဲ့ရသလို ဟိန္ဒူတစ်ဦး အပေါ်မှာလည်း ဘာသာရေးအခွန်ကို ပြန်လည် ကောက်ခံခဲ့တယ်။ ဒီအချက်တွေကြောင့် နေရာအနှံ့ပြား တော်လှန်ပုန်ကန်မူတွေ ပေါ်ပေါက်ခဲ့ပြီး ဒီတော်လှန်မူကို တဖြည်းဖြည်းနဲ့ မရာထဌ် ပြည်နယ်က ဦးဆောင်ခဲ့တယ်။ ၁၆၇၄ မှာ ရှီဝဂျီဟာ မရာဌ် ပြည်ရဲ့ ဘုရင်ဖြစ်လာခဲ့ပြီး သူ့နောက် ဆက်ခံခဲ့တဲ့ ဘုရင်တွေဟာ သူတို့ရဲ့အင်ပါယာကို အိန္ဒိယတောင်ပိုင်းဒေသအများစု ထိအောင် ချဲ့ထွင်နိုင်ခဲ့တယ်။ အဲဒီနောက် အိန္ဒိယမြောက်ပိုင်း လွတ်မြောက်ရေးအတွက် စတင် ဆင်နွှဲတိုက်ခိုက်ခဲ့တယ်။ (၁၈) ရာစုရဲ့ ပထမနှစ်ဝက်မှာ သူတို့ဟာ ဂင်္ဂါမြစ် တောင်ဘက်ခြမ်းက ဒေသအများစုကို သိမ်းယူနိုင်ခဲ့တယ်။

၁၇၅၀ မှာ တူရကီတွေရဲ့မြို့တော် ဒေလ်ဟီကို သိမ်းယူနိုင်ခဲ့ပြီး အက္ကဘာဘုရင်ရဲ့ အဆက်နွယ်တွေကို အစောင့်ရှောက်ခံ ဘုရင်တွေအဖြစ် ထားခဲ့တယ်။ (၁၉) ရာစုရောက်လာတဲ့အခါ ဗြိတိသျှတပ်တွေရောက်လာပြီး မရာဌ် အင်ပါယာ မဖြစ်ပေါ်လာနိုင်တော့ ပါဘူး။သို့သော်လည်း အရေးကြီးတဲ့အချက်ကတူရကီသြဇာနဲ့ မွတ်စလင်အုပ်ချုပ်ရေး ပြိုလဲသွားခဲ့ပြီး မရာဌ်ပြည်ဟာ အိန္ဒိယနိုင်ငံ ဒေသများစွာမှာ ဘာသာရေးဆိုင်ရာ မတူကွဲပြားမူကို ပြန်တည်ဆောက်ခဲ့တဲ့ အချက်ဖြစ်တယ်။ ဗြိတိသျှတွေကလည်း ဒီ မူဝါဒကို ပိုမိုကျယ်ပြန့်တဲ့ အိန္ဒိယနိုင်ငံ တစ်ခုလုံးမှာဆက်လက် ကျင့် သုံးခဲ့တယ်။ ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေဟာ အိန္ဒိယနိုင်ငံကို ပုန်းလျှိုးကွယ်လျှိုးနဲ့ ဘုရားဖူးသွားစရာ မလိုတော့ဘဲ ၊ ဗုဒ္ဓဂါယာ၊ ဆာရာနထ်နဲ့ အခြားဗုဒ္ဓ၀င်နေရာတွေကို ပြန်လည် ပြုပြင်တည်ဆောက်နိုင်ခဲ့ကြတယ်။ အဲဒီနေရာတွေမှာ ရဟန်းတော်တွေအတွက် ဘုန်းကြီးကျောင်းတွေကိုလည်း တခါပြန်ပြီး ဆောက်လုပ်ခွင့် ရခဲ့ကြတယ်။

အာရပ်နဲ့ တူရကီ စစ်တပ်တွေ အိန္ဒိယနိုင်ငံတွင်း ၀င်ရောက်သိမ်းပိုက်ခြင်းရဲ့ အကျိုးဆက်ကတော့ မာဂဓတိုင်းနဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းကို ဗဟိုပြုထွန်းကားခဲ့တဲ့ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒဂိုဏ်း အများစု ပျောက်ကွယ်သွားခဲ့ရတာဖြစ်တယ်။ အဲဒီ ဘေးဒဏ်က လွတ်မြောက်ပြီး ထွန်းကားပြန့်ပွားခဲ့တဲ့ တစ်ခုတည်းသော ဗုဒ္ဓ၀ါဒဂိုဏ်းကတော့ ထေရ၀ါဒဂိုဏ်းဖြစ်တယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာဂိုဏ်းဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အထူးသဖြင့် သီဟိုဠ်ကျွန်းမှာ ဗဟိုပြုထွန်းကားခဲ့တာဖြစ်ပြီး အခြား အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း အားကောင်းစွာပြန့်ပွားသွားခဲ့တယ်။ တရုတ်နိုင်ငံနဲ့ အဲဒီကတဆင့် ဗုဒ္ဓ၀ါဒကို လက်ခံ ရရှိခဲ့တဲ့ နိုင်ငံတွေမှာတော့ အစောပိုင်းဗုဒ္ဓ၀ါဒဂိုဏ်း တွေနေရာမှာ မဟာယာနဂိုဏ်း (အထူးသဖြင့် ၀ိဉာဏ၀ါဒဂိုဏ်း)က လုံးဝ အစားထိုးနေရာယူသွားခဲ့တယ်။ အဘိဓမ္မာပိဋကတ်ရဲ့ အချို့သောကျမ်းဂန်တွေနဲ့ အခြေခံကျဆုံး ၀ိနည်းကျမ်းတွေကလွဲရင် အားလုံးကို အစားထိုးခဲ့တာဖြစ်တယ်။ ဒါကြောင့်မို့လို့ သုတ္တန္တိကဂိုဏ်း၊ သဗ္ဗတ္ထိဝါဒဂိုဏ်း၊ ဗဟုသုတ္တိယဂိုဏ်းနဲ့ ဓမ္မဂုတ္တိကဂိုဏ်း တွေရဲ့ ကျမ်းဂန်တွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် အနည်းအပါးသာ တွေ့ကြရတာဖြစ်တယ်။

တိဘက်နဲ့ အဲဒီကတဆင့် ဗုဒ္ဓ၀ါ ဒ ပြန့်ပွားသွားတဲ့ နိုင်ငံတွေမှာတော့ အစောပိုင်း ဗုဒ္ဓ၀ါဒဂိုဏ်းတွေရဲ့ကျမ်းဂန်တွေကို တရုတ်နိုင်ငံမှာလောက် မတွေ့ရတော့ပါဘူး။ ဘာကြောင့် တုန်းဆိုတော့ အဲဒီ ဂိုဏ်းတွေဟာ တိဘက်မှာ အခြေတည်ပြီး မဖွံ့ဖြိုးခဲ့တဲ့အတွက်လို့ ယူဆရတယ်။ တိဘက် မှာ ချွင်းချက်အနေနဲ့ တွေ့ရတာက သုတ္တန္တိကဂိုဏ်းနဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ ကျမ်းဂန်အချို့နဲ့ မူလသဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ ၀ိနည်းကျမ်း အချို့ဖြစ်တယ်။ မဟာယာန ဗုဒ္ဓ၀ါဒဂိုဏ်းကတော့ ကျယ်ပြန့်တဲ့ အရှေ့အာရှဒေသတစ်လျှောက်ပြန့်ပွားသွားခဲ့တဲ့ အတွက် ကံကောင်းတယ် လို့ ဆိုရမှာဖြစ်တယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ၂

မဟာမောဟ ကို ကိုးကွယ်တဲ့ သူတွေဟာ နောက်ဆုံးမှာ နတ်တွေရဲ့ ဖျက်စီးခြင်း ကို ခံခဲ့ရတယ် လို့ ရေးသားထားပါတယ်။ ရှရီမဒ် ဘာဂ၀တ် ကျမ်းကတော့ ဗုဒ္ဓ၀ါဒကို မှားယွင်းတဲ့ ၀ါဒ လို့ဆိုတယ်။ နာမည်ကျော် ယုတ္တိဗေဒ ကျမ်းဆရာ ဂနေသောပါဒယာယ ဟာ သူ့ရဲ့ကျမ်းဂန်ထဲမှာ ဗုဒ္ဓ၀ါဒီ တွေကို ပရစဏ္ဍ ပါသဏ္ဍ လို့ သုံးထားတယ်။ ဥဒ ယာန ရဲ့ ကျမ်းတစ်ကျမ်းအမည်ဟာ ဗုဒ္ဓ ဒိက္ကာရ ဖြစ်တယ်။ ဒီ စကားလုံးဟာ ဗုဒ္ဓ၀ါဒ အပေါ်မှာ သူ့ရဲ့ ရန်လို မုန်းထားမူ ကို ဖော်ပြနေတယ်။ ဒိက္ကာရ ဟာ ပြစ်တင်ရူတ်ချမူ လို့ ဆိုလိုတယ်။ ကရဏပုရာဏ်ကျမ်း မှာတော့ တောင်ပိုင်းက ဗုဒ္ဓ၀ါဒီ တွေဟာ ပါသဏ္ဍ သူယုတ်တွေ ဖြစ်တယ် လို့ ဆိုထားတယ်။
ဗုဒ္ဓ၀ါဒဟာအိန္ဒိယနိုင်ငံတောင်ပိုင်းမှာလည်း ဗြာဟ္မဏ၀ါဒီဘာသာရေးခေါင်းဆောင်တွေနဲ့ တရားဟောဆရာတွေရဲ့ ရူတ်ချ ဟောပြောမူတွေကြောင့် အရှိန်အ၀ါ ကျဆင်းခဲ့ရတယ်။ အဲဒီ အထဲမှာ ကုမာရိဠ ဘဋ္ဋဟာ အပြင်းထန်ဆုံးဖြစ်တယ်။ သူဟာ ဝေဒ ပူဇော်ကိုးကွယ်မူ၊ ဝေဒ ဘာသာရေးနဲ့ ဗြာဟ္မဏတွေရဲ့ သာလွန် မြင့်မြတ်မူ ကို အစွမ်းဆုံး ဟောပြောခဲ့သူဖြစ်တယ်။ ဗုဒ္ဓ၀ါဒ ကို ပျောက်ကွယ် မသွားစေခဲ့ရင်တောင် အလဲထိုး ရူံးနိမ့်စေခဲ့တဲ့ တစ်ကျော့ပြန်ထွန်းကားလာတဲ့ ဟိန္ဒူဝါဒဟာ ကုမာ ရိဠ ဘဋ္ဋ (အေဒီ ၇၅၀) နဲ့ သင်္ကရ (အေဒီ ၈၀၀) တို့ရဲ့ အမည်တွေနဲ့ ဆက်စပ်နေတယ် လို့ စီ. အီးလီးယက် က သုံးသပ်ပြထား ပါတယ်။
သလောက၀ါရတ္တိက ကျမ်းမှာ ကုမာရိဠ ဟာ ဝေဒ ဘာသာရေးဆိုင်ရာ ပူဇော်မူ အခမ်းနားတွေမှာ အထူးကျွမ်းကျင်လိမ္မာကြောင်း
ဗုဒ္ဓ၀ါဒ သဘောတရားတွေကို မှားယွင်းဖောက်ပြန်တယ် လို့ ပုံဆောင်သက်သေပြခဲ့ကြောင်း ရေးသားထားတယ်။ ပြီးတော့ သူဟာ ဗုဒ္ဓဘာသာဝင် တွေ ဘာသာကိုးကွယ်မူကြောင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စမှာ အရေးပါတဲ့ နေရာက တာဝန်ရှိခဲ့ကြောင်း သိရတယ်။ ဥဇ္ဇေနီပြည် ဘုရင် သုဓန၀န ဟာ သူ့ရဲ့ အကြံပေးချက်ကြောင့် ဗုဒ္ဓဘာသာဝင် များစွာကို သတ်ခဲ့တယ် လို့လည်း တွေ့ရပါတယ်။ မာဓ၀ ရဲ့ သံကရဒိဂ်ဝိဇယကျမ်းနဲ့ အာနန္ဒာ ဂိရိ ရဲ့ သံကရ၀ိဇယ ကျမ်းတွေမှာ သုဓန၀န ဘုရင်ဟာ ကုမာရိဠ ရဲ့ လှုံဆော်တိုက်တွန်းမူကြောင့် ဗုဒ္ဓဘာသာဝင်များစွာကို ဘာသာတရား ကိုးကွယ်မူ အကြောင်းပြုပြီး သတ်ခဲ့တယ် လို့ တွေ့ရပါတယ်။ ရွှင်ကျန်ရဲ့ ခရီးသွားမှတ်တမ်းမှာတော့ ဥဇ္ဇေနီပြည်မှာ ၀ါဒအယူရေးရာနဲ့ ပတ်သက်ပြီး အလွန်ကျွမ်းကျင်နှံ့စပ် တဲ့ ဗြာဟ္မဏတစ်ဦး အုပ်ချုပ်စိုးစံနေတယ်၊ သူဟာ ဗုဒ္ဓ၀ါဒီ မဟုတ်ဘူး လို့ ရေးသားထားတယ်။ မရ စ္ဆက ဋီကာ ကျမ်းမှာတော့ ဗုဒ္ဓ၀ါဒီ ရဟန်းတော်တွေကို ဥဇ္ဇေနီဘုရင်ရဲ့ယောက်ဖတော်ကနှောက်ယှက်တိုက်ခိုက် တယ်လို့ ဆိုထားတယ်။ သံကရဒိဂ်ဝိဇယ ကျမ်း၊ သံကရ ၀ိဇယကျမ်း၊ ရွှင်ကျန်ရဲ့ ခရီးသွားမှတ်တမ်းနဲ့ မရ စ္ဆက ဋီကာ အရ ဥဇ္ဇေနီပြည်မှာ ဗုဒ္ဓ၀ါဒီ တွေ ဟာ ဗြာဟ္မ ဏတွေရဲ့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင့်မူကို ခံခဲ့ရတယ် လို့ ဖော်ပြနေ ပါတယ်။ ကေရလပြည်ရဲ့ သမိုင်းကို ရေးသားထားတဲ့ ကေရလ ဥတ္ပတ္တိကျမ်းမှာလည်း ကေရလပြည်က ဗုဒ္ဓဘာသာဝင်များစွာ သတ်ဖြတ်ခံခဲ့ရတာဟာ ကုမာရိဠရဲ့ စနက်မကင်းကြောင်းရေး သားထားတယ်။ ဒါကြောင့်မို့လို့ သက္ကတစာပေပညာရှင် ဂေါပိနာထ က၀ိရာဇက ကုနာရိဠ ဟာ ဗုဒ္ဓ၀ါဒရဲ့ သြဇာအရှိန်အ၀ါကို အိန္ဒိယနိုင်ငံမှာ ကျဆင်းစေခဲ့တဲ့ စွမ်းအားအထက်ဆုံး တိုက်ဖျက်ရေးအင်အားစုတွေထဲက တစ်ဦးဖြစ်ခဲ့တယ် လို့ ဆိုထားပါတယ်။
သံကရာစာရ်ယ သို့မဟုတ် သင်္ကရ ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်းက ဗြာဟ္မဏတစ်ဦးဖြစ်ပြီး ဝေဒ နဲ့ ဝေဒန္တ၀ါဒ ထွန်းကားတောက် ပအောင် အကြီးအကျယ်ဆောင်ရွက်ခဲ့သူ ဖြစ်တယ်။ ပြီးတော့ ဗုဒ္ဓ၀ါဒကို ဆန့်ကျင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ သရင်္ဂေရီ ဟိန္ဒ္ဒူ ဘုန်းကြီးကျောင်းကို ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဟောင်း တစ်ကျောင်းနေရာပေါ်မှာ တည်ဆောက်ခဲ့တယ်။ သူ့အကြောင်း အတ္ထုပ္ပတ္တိတွေ မှာ သူ ဟာ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေး လှုပ်ရှားမူတွေဆောင် ရွက်ခဲ့ကြောင်း၊ ပြီးတော့ ဟိမ၀န္တာဒေသ ကနေ အိန္ဒိယ သမုဒ္ဒရာ တစ်လျှောက်ထိ ဗုဒ္ဓဘာသာဝင်များစွာ သတ်ဖြတ်ခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အရေးပါတဲ့နေရာက ပါဝင်ခဲ့ကြောင်းရေး သားထားပါတယ်။ သူ့ရဲ့ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေးလှုပ်ရှားမူတွေကြောင့် ဗုဒ္ဓ၀ါဒဟာ ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေဟာ သူ့လက်အောက်မှာ ထိတ်လန့် တုန်လှုပ်ခဲ့ကြရပြီး ၊ ဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ ကစဉ်ကလျား ထွက်ပြေးခဲ့ရတယ် လို့ ဆိုပါတယ်။ သို့သော်လည်း အချို့ သမိုင်းပညာရှင်တွေ ဟာ သင်္ကရ ဗြာဟ္မဏဟာ ဗုဒ္ဓ၀ါဒကို ဘယ်တုန်းက မှ မဆန့်ကျင်ခဲ့ဘူး၊ ဆန့်ကျင်ရေး လှုပ်ရှားမူတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး လို့ ပြောကြပါတယ်။ အာစီ မိတြကတော့ သင်္ကရရဲ့ရေးသားမူတွေထဲမှာဗုဒ္ဓဘာသာဝင်တွေကိုထူးထူးခြားခြားအမုန်းထားတယ် ဆိုတာ မတွေ့ရဘူး လို့ ဆိုထားပါတယ်။ သို့ပေမဲ့ ဗြာဟ္မဏသုတ္တ သင်္ကရဘာသယ ကျမ်းထဲမှာ သင်္ကရဗြာဟ္မဏရဲ့ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေး ၀ါဒကို တွေ့နိုင်ပါတယ်။ အဲဒီကျမ်း ထဲမှာ ‘‘ဗုဒ္ဓဟာ လူထုရဲ့ ရန်သူဖြစ်တယ်၊ သူဟာအကြောင်းအကျိုးညီညွတ်မူမရှိတဲ့ ၊ နားလည်ရခက်ခဲတဲ့ တရားတွေ ကိုဟော ကြားခဲ့တယ်’’ လို့ ရေးသားပါရှိပါတယ်။

ဆိုခဲ့ပြီးတဲ့ အကြောင်းရာတွေကို ချုပ်လိုက်ရင် ကုမာရိဠ ဘဋ္ဋနဲ့ သင်္ကရ ဗြာဟ္မဏတို့ရဲ့ ပြင်းထန်တဲ့ ဗုဒ္ဓ၀ါဒ ဆန့်ကျင်ရေး လှုံဆော်မူတွေကြောင့် အိန္ဒိယနိုင်ငံက ဒေသတော်တော်များများမှာ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခဲ့ရတယ် လို့ ကောက်ချက်ဆွဲရမှာ ဖြစ်တယ်။ အေဒီ (၁၂) ရာစု အစောပိုင်းမှာ ပဉ္စာလတိုင်းက ဗောဍမာယုဋာ ကို မရောက်လာခင် ၀ါရမသီဝ တစ်ဦးဟာ တောင် ပိုင်းဒေသက ဗုဒ္ဓဆင်းတုတော် တစ်ဆူကို ဖျက်ဆီးခဲ့ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုထားတာကို ဗောဒန် ကျောက်စာမှာ တွေ့ရတယ်။

စာလုကျကျောက်စာမှာတော့ ၀ီရပုရုသ လို့ခေါ်တဲ့ မြေပိုင်ရှင် အကြီးကဲ တစ်ဦးဟာ ဗုဒ္ဓ၀ါဒကို ရန်လိုမုန်းထား ဆန့် ကျင်ခဲ့ကြောင်း၊ သူကြောင့် ဗုဒ္ဓ၀ါဒဟာ အဲဒီ အရပ်မှာ မထွန်းကားခဲ့ကြောင်းနဲ့ သူဟာ ပလ္လင်ပေါ်မှာ ရှီဝ ရဲ့ လိင်အင်္ဂါကို ကိုးကွယ်ခဲ့ကြောင်း ရေးသားထားတယ်။ ၀င်္ဂါလ စစ်တပ်ဟာ သောမပုရမှာ ရှိတဲ့ နာမည်ကျော် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရဲ့ တစ်စိတ်တစ်ပိုင်းကို မီးရို့ ဖျက်စီးခဲ့ကြောင်း၊ ဒီ ဖျက်စီးမူကြောင့် ကရုဏာမိတြာဘွဲ့တော်ရှိတဲ့ ရဟန်းတစ်ပါး ပျံလွန်ခဲ့ကြောင်း မှတ်တမ်းတစ်ခု မှာ ဖော်ပြထား တယ်။ ဒါကြောင့်မို့ လို့ ဗြာဟ္မဏတွေရဲ့ ဗုဒ္ဓ၀ါဒအပေါ် ရန်လိုမုန်းထားမူတွေဟာ အိန္ဒိယနိုင် ငံမှာ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေ အနက်က တစ်ခု ဖြစ်တယ်လို့ ကောက်ချက်ဆွဲ
တာဖြစ်တယ်။ အဲဒီနောက် ပိုင်း ဗြာဟ္မဏ၀ါဒဟာ ဥဒ္ဓယောတကရ၊ ကုမာရိဠ၊ သင်္ကရ၊ ဥဒယန၊ ၀ါစသပတိ မိသရ တို့ရဲ့ ပံ့ပိုးထောက်ပံ့မူ၊ ချီးမြှောက်အားပေးမူ နဲ့ အိန္ဒိယနိုင်ငံရဲ့ ဒေသများစွာမှာ ထွန်းကားပြန့်ပွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၅
=============================
အုပ်ချုပ်သူ ဘုရင်တွေရဲ့ နှိပ်စက်ပိတ်ပင်ခြင်း ကလည်း အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒပျောက်ကွယ်သွားခဲ့ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ်။ သမိုင်းဆရာ အချို့ကတော့ အထူးသဖြင့် ဗြာဟ္မဏ၀ါဒီ ဘုရင်တွေရဲ့ ဗုဒ္ဓဘာသာဝင်တွေ အပေါ်နှိပ်စက် ပိတ်ပင်ခြင်း ဟာ အိန္ဒိယ မှာ ဗုဒ္ဓ၀ါဒ ကျဆုံးစေခဲ့တဲ့ အဓိကကျဆုံး အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
ဗြာဟ္မဏဘုရင် ပုသျှမိတြ သုင်္ဂ (ဘီစီ ၁၈၇ - ၁၅၁) ဟာ ဗုဒ္ဓဘာသာဝင်တွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တယ် လို့ ဆိုပါ တယ်။ တိဘက် သမိုင်းဆရာ တရာနာထ ကတော့ သူဟာ ဗုဒ္ဓ၀ါဒကို နှိပ်ကွပ်ခဲ့သူ ရက်စက်တဲ့ ဗြာဟ္မဏ ဘုရင်တစ်ပါးဖြစ်တယ် လို့ ရေးသားခဲ့တယ်။ တရုတ်နဲ့ ဂျပန် သမိုင်းအချို့မှာ လည်း ပုသျှမိတြ အမည်ဟာ ဗုဒ္ဓ၀ါဒကို နှိပ်ကွပ်ခဲ့တဲ့ ဘုရင်တွေရဲ့ အမည်
စာရင်းမှာ ထိပ်ဆုံးက ပါဝင်နေကြောင်းတွေ့ရတယ်။ ပုရာဏ်ကျမ်းမှာ စစ်သေနာပတိ စစ်သူကြီး ပုသျှမိတြဟာ မောရိယ အင် ပါယာ ရဲ့ နောက်ဆုံးဘုရင် ဗြဟဒြထ ကို လုပ်ကြံသတ်ဖြတ်ပြီး မာဂဓ ထီးနန်းကို သိမ်းပိုက်ခဲ့တယ်။ ပြီးတော့ သုင်္ဂမင်းဆက်ကို စတင် တည်ထောင်ခဲ့ပြီး အဲဒီ မင်းဆက်ဟာ နှစ်ပေါင်း (၁၁၂) ကြာ (ဘီစီ ၁၈၇ - ၇၅) ထီးနန်း စိုးစံခဲ့တယ် လို့ ဆိုပါတယ်။ ဗြဟဒြ ထ လုပ်ကြံခံခဲ့ရခြင်းဟာ နှစ်ပေါင်း (၁၃ရ) နှစ်ကြာစိုးစံခဲ့တဲ့ မောရိယာ အင်ပါယာကို အဆုံးသတ်သွားစေခဲ့တယ်။ ပုသျှမိတြ ရဲ့ မျိုးရိုး အဆက် အနွယ်နဲ့ ပတ်သက်ပြီး ပညာရှင်တွေ အယူဆ အမျိုးမျိုးကွဲကြပေမဲ့ သူဟာ သုင်္ဂ မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ ပထမဆုံး ဘုရင် ဖြစ်တယ် ဆိုတာကိုတော့ အားလုံး လက်ခံထားကြတယ်။ ဒိဗျာဝဒါနကျမ်း နဲ့ တာရာနာထ ရဲ့ ရေးသားမူအရ ပုသျှ မိတြ ဘုရင်ဟာ ဗုဒ္ဓ၀ါဒကို အပြင်းအထန် ရန်လိုမုန်းတီးသူ ဖြစ်ကြောင်းသိကြရတယ်။ သူဟာ စေတီတွေကို ဖြိုဖျက်ခဲ့တယ်။ မဇ္ဈိမ ဒေသ ကနေ ပန်ဂျပ်ပြည်နယ်က ဇာလန္ဓရာ ထိ ဒေသတစ်လျှောက်လုံးက ဘုန်းကြီးကျောင်းပေါင်းများ စွာကို မီးတိုက် ခဲ့ပြီး ကျမ်းတတ် ရဟန်းတွေကိုလည်း သတ်ဖြတ်ခဲ့တယ် လို့ ဒိဗျာဝဒါန မှာ ရေးသားထားတယ်။ သူဟာ ပါဋလိပုတ် က နာမည်ကျော် ကုက္ကုဋာရာမ ကျောင်းတိုက်ကြီးကိုတောင် ဖျက်စီးဖို့ ကြိုးစားခဲ့တယ် လို့ ဆိုပါတယ်။ သို့ပေမဲ့ ကျောင်းတိုက်ကြီးကို အန္တာရာယ် မပြုနိုင်ခဲ့ကြောင်း သိရတယ်။ ပညာရှင်အချို့ကတော့ ပုသျှမိတြဘုရင်ဟာ တစ်ဖက်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေကို ဖျက်စီးခြင်းနဲ့ အခြားတစ်ဖက်က သူနဲ့ ခေတ်ပြိုင် ဗြာဟ္မ ဏ ဘာသာရေးခေါင်းဆောင်တွေရဲ့ အကူအညီနဲ့ ဗြာဟ္မဏ၀ါဒ ယဇ်ပူဇော်ခြင်း ဓလေ့ အခမ်းအနားတွေကို ပြန်လည်ထွန်းစေခြင်းဖြင့် သူ့ဟာ ဗြာဟ္မဏ ၀ါဒ ပြန်လည်ထွန်းကားရေးအတွက် ဦးဆောင် ဘုရင်ဖြစ်ကြောင်း ပြသခဲ့တယ် လို့ဆိုပါတယ်။ ၀ါဒြဘ နဲ့ ယ၀နတိုင်း စစ်ပွဲတွေ အပြီးမှာ မြင်းနှစ်ကောင် ယဇ် ပူဇော် ပွဲ ပြုလုပ်ခဲ့ခြင်းဟာ ပုသျှမိတြရဲ့ ဗြာဟ္မ၀ါဒအပေါ် နက်နက်ရှိုင်းရှိုင်း သက်ဝင်ခြင်းကို ဖော်ပြနေပါတယ်။

ရွှင်ကျန်ဟာ ၀ိကြမဒိတျာ လို့ ထင်ရှားတဲ့ ဘုရင်တစ်ပါးနဲ့ ပတ်သက်ပြီး သူ့မှတ်တမ်းမှာ ရေးသားထားခဲ့တယ်။ အဲဒီ ဘုရင်ဟာ ၀ါသုဗန္ဓုရဲ့ ဆရာ
ဗုဒ္ဓ ဒ ဿ န ပညာရှင် မနောရထ မထေရ် ကို ဖိအားပေး နှောက်ယှက်ခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီ ဘုရင် ဟာ မနောရထ မထေရ်နဲ့ တိတ္ထိဆရာ အယောက် (၁၀၀) တို့ကို အယူဝါဒရေးရာ စကားစစ်ထိုးဖို့ အစည်းဝေးကြီးတစ်ခု ကျင်းပ ပေးခဲ့ပြီး အကယ်၍ မနောရထ ဟာ ဒီစကားစစ်ထိုးပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဗုဒ္ဓဘာသာဝင်တွေဟာ သေဒဏ်ခံရမယ် လို့ အမိန့် ထုတ်ပြန် ခဲ့ကြောင်း ရေးသားထားတယ်။ မနောရထ မထေရ် ဟာ ပြိုင်ဘက် တိတ္ထိခေါင်းဆောင် (၉၉) ယောက်ကို အနိုင်ယူခဲ့ တယ်။

ဒါပေမဲ့ နောက်ဆုံး တတ္ထိ ခေါင်းဆောင်နဲ့ ဆက်လက်ပြီး အယူဝါဒရေးရာ ပြိုင်ဆိုင်ဆွေးနွေးတဲ့အခါ ဘုရင်နဲ့ ဗုဒ္ဓဘာသာ ၀င် မဟုတ်သူ ပြည်သူတွေဟာ အော်ဟစ် ကန့်ကွက်ကြတယ် လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်ကြောင့် မနောရထ မထေရ် ဟာ စိတ် မကောင်းဖြစ်ခဲ့ပြီး ‘‘ပရိသတ် ဟာ တရားမျှတမူ မရှိဘူး’’ လို့ သူ့တပည့် ၀ါသုဗန္ဓုထံ စာရေးသား ပြောဆိုခဲ့ကြောင်း ဖော်ပြ ထားတယ်။ ဒီ ဘုရင်ဟာ နောက်ပိုင်းမှာ စစ်ရှုံးခဲ့ပြီး ပညာရှိတွေကို ပူဇော် အသိမှတ်ပြုတဲ့ ဘုရင်တစ်ပါးက ဆက်ခံ အုပ်စိုးခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီ ဘုရင် လက်ထက်မှာ ၀ါသုဗန္ဓု ဟာ တိတ္ထိဆရာတွေ အားလုံးကို အယူဝါဒ ရေးရာ စကားပြိုင်ဆိုင်ပြီး အနိုင် ယူခဲ့ကြောင်း ဆက်လက်ရေးသားထားတယ်။ ပညာရှင်တွေကတော့ ၀ိကြမာဒိတျာ မင်းဟာ ကြမာဒိတျာဘွဲ့ နဲ့ ၀ိကြမာဒိတျာ ဘွဲ့အမည်တွေနဲ့ ထင်ရှားတဲ့ သ္က န္တဂုပတ ဘုရင်ဖြစ်တယ် လို့ ဆိုပါတယ်။

ဗုဒ္ဓ၀ါဒကို ရန်လိုနှိပ်ကွပ်ခဲ့တဲ့ နောက် ဘုရင်တစ်ပါးကတော့ အာဏာရှင် တုရုရှကလို့ အမည်တွင်တဲ့ မိဟိရကုလ (မိဟိရဂုလ)ဘုရင်ဖြစ်တယ်။
သမိုင်းဆရာ တာရာနာထနဲ့ ဘူစတန်တို့ရဲ့ ရေးသားမူအရ သူဟာ ကသ္မီိရ တိုင်းကို သိမ်းပိုက်အုပ်စိုးခဲ့တဲ့ တုရုရှက ဘုရင်ဖြစ် တယ်။ ကသ္မီရတိုင်းရဲ့ နာမည်ကျော်သမိုင်းဆရာ နဲ့ ရာဇတရ င်္ဂိဏီ ကျမ်းဆရာဖြစ်တဲ့ ကာဠှဟန က ဒီဘုရင်ဟာ ဗုဒ္ဓ၀ါဒကို ရန်လို နှိပ်ကွပ်ခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပြီး သူ့ရဲ့ ရက်စက်မူတွေကြောင့် သူဟာ ယမမင်းနဲ့ ဥပမာပေးရမှာ ဖြစ်တယ် လို့ ဆိုပါ တယ်။ ပြီးတော့ သူ့ရဲ့ရက်စက်မူတွေနဲ့ မကောင်းမူတွေကို အသေးစိတ် မှတ်တမ်းတင်ရရင် မှတ်တမ်းတင်သူပါ မကောင်းမူတွေ နဲ့ ငြိစွန်းသွားနိုင်တယ် လို့တောင် ရေးသားခဲ့တယ်။ မဟိရကုလ ဘုရင်ဟာ ဟိန္ဒူဝါဒ ထွန်းကားပြန့်ပွားဖို့ အတွက် အရေးပါတဲ့ ဆောက်ရွက်မူတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း အဲဒီ မှတ်တမ်းကတစ်ဆင့် သိကြရတယ်။ သူဟာ ရှီဝ နတ်ဘုရားကို ကိုး ကွယ်သူဖြစ်ပြီး ရှရီနဂရ မှာ ရှီဝနတ်ဘုရားကျောင်း တစ်ကျောင်း ဆောက်လုပ်ကိုးကွယ်ခဲ့တယ်။

သူဟာ ဗုဒ္ဓ၀ါဒီတွေကို နှိပ် ကွပ်ခဲ့ပြီး ရက်ရက်စက်စက် ဆက်ဆံပြုမူခဲ့တယ်။ သူ့ရဲ့ ဦးဆောင်လှုံဆော်မူကြောင့် ပန်ဂျပ်ပြည်နယ်နဲ့ ကသ္မီရ မှာ ရှိခဲ့တဲ့ ဗုဒ္ဓ ဘာသာဝင်များစွာ သတ်ဖြတ်ခံခဲ့ရရုံမျှ မကဘူး၊ ဂူကျောင်းဘုရားစေတီများစွာနဲ့ ဗုဒ္ဓသာသနိက အဆောက်အဦးများစွာလည်း ဖျက်စီးခံခဲ့ရတယ်။ သူဟာ ဗုဒ္ဓဘာသာဝင်တွေကို အကျင့်ပျက်ပြီး အာဏာဖီဆန်သူတွေလို့ ယူဆခဲ့တယ်။ ဗုဒ္ဓဘာသာ ဂူကျောင်း ဘုရား၊ စေတီပေါင်း (၁၆၀၀) ကို ဖျက်စီးခဲ့တယ် လို့ ဆိုပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာဝင် အရေအတွက်ပေါင်း ကောဋိ ကိုးရာ ကိုလည်း သတ်ခဲ့တယ် လို့ ဆိုထားတယ်။ သမိုင်းဆရာ အာ.စီ မိတြ ကတော့ ကသ္မီရတိုင်းမှာ ဗုဒ္ဓ၀ါဒ ဟာ မိဟိရ ကုလ ဘုရင် လက်ထက်လောက်က စနစ်တကျနှိပ်ကွပ်ဖျက်စီးခံခဲ့ရတာ နဲ့ ဟရရှ မင်းဆက်နဲ့ ကလသ မင်းဆက်တွေ အတွင်း မကြာခဏ နှိပ်ကွပ်ခံခဲ့ရတာတွေ ပေါင်းမိပြီး အထူး ကံဆိုးခဲ့တယ် လို့ ပြောရမှာဖြစ်ကြောင်း ရေးသားထားတယ်။

ကြာ ပွင့်မျက်နှာတော် သုတ္တံမှာတော့ မိဟိရကုလ ဘုရင်ရဲ့ ဗုဒ္ဓ၀ါဒ အပေါ် ဖိနှိပ်ရန်လိုမူ ကို ဖော်ပြထားတယ်။ သူဟာ ကိပန် မှာရှိတဲ့ ဗုဒ္ဓ၀ါဒီတွေကို သတ်စေခဲ့သလို သူ့ရဲ့ လှုံဆော်မူကြောင့် ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တော်လည်း ကွဲခဲ့ရတယ် လို့ ဆိုပါတယ်။ တရုတ် မှတ်တမ်းကျမ်းတစ်ကျမ်းမှာတော့ သူဟာ ကိပန် က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများစွာကို ဖြိုဖျက်စေခဲ့ပြီး သံဃာတွေကို သတ်စေခဲ့တယ်။ ၂၃ ပါးမြောက် နာယက မထေရ်မြတ်ဖြစ်တဲ့ သိံဟ မထေရ် ဟာ ဒီ ဘုရင်ရဲ့ အမိန်နဲ့ သေဒဏ်ကျခံခဲ့ရတယ် လို့ ဆိုပါတယ်။
ကောသမ္ဗီက ဃောသိတာရာမ ကျောင်းတော် အကြွင်းကျန် အပျက်စီးတွေထဲကနေ နောက်ထပ် ဟန်း လူမျိုး ဘုရင်တစ်ပါး ဖြစ်တဲ့ တောရမာဏရဲ့ အမိန့် တံဆိပ်တုံးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ အချက်က တောရမာဏ ဦးဆောင်ခဲ့တဲ့ ဟန်းလူမျိုး တွေဟာ ဒီ ကျောင်းတော်ကြီးကို ဖျက်စီးခဲ့တယ် လို့ ညွှန်းဆိုနေတယ်။ ဂျိုးဇက် အက်ဒင် ရဲ့ မှတ်တမ်း အရ (၆) ရာစုနှစ် အစ မှာ တရုတ်ပြည်ထဲကို ၀င်ရောက်လာတဲ့ အိန္ဒိယနိုင်ငံသား အရေတွက်ဟာ (၃၀၀၀) လောက်ရှိမယ် လို့ ဆိုပါတယ်။ သူတို့ဟာ ဗြာဟ္မဏ ဘုရင်ရဲ့ နှိပ်စက်မူ ဒဏ်ကို မခံနိုင်လို့ ထွက်ပြေးလာခဲ့တဲ့ဗုဒ္ဓ၀ါဒီတွေဖြစ်ကြောင်း ရေးထားတယ်။ အဲဒီ ဗြာဟ္မဏဘုရင်
ဆိုတာ ဟန်းလူမျိုး ဘုရင်တွေ ဖြစ်နိုင်စရာ အများကြီးရှိတယ်။

နောက်ထပ် ဗုဒ္ဓ၀ါဒကို ရန်လို နှိပ်ကွပ်ခဲ့တဲ့ ဘုရင်ကတော့ ဂေါဒပြည် ဘုရင် သသင်္က ဖြစ်တယ်။ ဂျို ရှီ ရဲ့ မှတ်ချက်အရ ရှေး ခေတ် အိန္ဒိယသမိုင်းက ဗုဒ္ဓ၀ါဒကို ဆန့်ကျင်ခဲ့တဲ့ ဗြာဟ္မဏ ဘုရင်တွေထဲမှာ ပုသျှမိတြ သုင်္ဂ မင်း ပြီးရင် သသင်္က မင်းဟာ အထင်ရှားဆုံး ဥပမာပြုစရာ မင်းဖြစ်တယ် လို့ ဆိုပါတယ်။ ဒီ ဘုရင် ဟာ ပါဋိလိပုတ်မှာ ဗုဒ္ဓဘာသာဝင်တွေ အမြတ်တနိုးပူ ဇော်ခဲ့တဲ့ ဗုဒ္ဓခြေရာတော် တွေပါတဲ့ ကျောက်တုံးတော်ကို ဂင်္ဂါမြစ်ထဲ ပစ်ချစေခဲ့တယ်။ သူဟာ ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာဗောဓိ ညောင်ပင်ကြီးကို အမြစ်ကနေ တူးဖြိုစေခဲ့ ရုံမျှ မက ကြွင်းကျန်နေတဲ့ အပင်နေရာကိုလည်း မီးတိုက်စေခဲ့တယ် လို့ ဆိုပါတယ်။ မဟာဗောဓိပင်ရဲ့ အရှေ့ဘက်မှာ ထားရှိပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ကို ဖယ်ရှားစေခဲ့ပြီး ရှီဝ နတ်ဘုရား ရုပ်တုကို ထားရှိ ပူဇော်ခဲ့တယ်။ မဉ္ဇူ သီရိ မူလက္လပ ကျမ်းမှာ ရေးသားမှတ်တမ်းတင်ထားတဲ့ သသင်္ကမင်းရဲ့ ဗုဒ္ဓ၀ါဒ အပေါ်ရန်လို နှိပ်ကွပ်မူ တွေ ဟာ ရွှင်ကျန်ရဲ့ မှတ်တမ်း ထဲက အတိုင်းပါဘဲ။
ရွှင်ကျန်ရဲ့ ဘ၀ခရီး မှတ်တမ်းထဲမှာ ဟရရှ ဘုရင်လက်ထက်အတွင်း ကနောဂ်ျက ဗြာဟ္မဏတွေရဲ့ ဗုဒ္ဓ၀ါဒအပေါ် ရန်လိုမူကို လည်း တွေ့ရတယ်။ ကနောဂ်ျ က ပညာတတ် ဗြာဟ္မဏတွေဟာ ဟရရှဘုရင်က ဗုဒ္ဓဘာသာကို အထူးထောက်ပံ့ ချီးမြှောက်ခဲ့မူ အပေါ် မနာလို ဖြစ်ပြီး တရုတ် ဗုဒ္ဓဘာသာ ဘုရားဖူးတွေ နားခိုဖို့ တည်ဆောက်ထားတဲ့ တည်းခိုဇရပ်ကို ဖျက်စီးပစ်ခဲ့ပြီး ဘုရင် ကြီး ရဲ့အသက်ကို တောင် လုပ်ကြံဖို့ကြိုးစားခဲ့တယ် လို့ ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၆
==============================

အေဒီ (၇) ရာစု ပါရှား ကျဆုံးသွားတဲ့အခါ အာရပ် အောင်နိုင်သူတွေဟာ ပါရှန် အင်ပါယာရဲ့ မြောက်ဘက်ပိုင်းမှာ လှည့်လည် နေထိုင်ကြတဲ့ တူရကီ လူမျိုးစုတွေနဲ့ ပေါင်းစည်းသွားခဲ့ကြတယ်။ သူတို့ဟာ ဘုံရန်သူကို တိုက်ခိုက်ရာမှာ အထူးသဖြင့်အောင် နိုင်ခဲ့တဲ့ အာရပ်တွေရဲ့ အယူဝါဒကို လွယ်လင့်တကူ လက်ခံခဲ့ကြပါတယ်။ အဲဒီ အချိန်က အယူဝါဒ များစွာထွန်းကားနေပေမဲ့ ဗုဒ္ဓ၀ါဒီ အများစု နေထိုင်တဲ့ အာရှအလယ်ပိုင်း ကိုလည်း အာရပ်တွေ အောင်နိုင်ခဲ့ပြီး အစ်စလာမ်ဘာသာ သွတ်သွင်းခဲ့တယ်။ အီရန် နိုင်ငံအတွင်းမှာတော့ အဲဒီ ခေတ်ကာလ က အနောက်ဘက် အကျဆုံး တိုင်းပြည်ဖြစ်တဲ့ အိန္ဒိယ ဂျ ဂုဍ မင်းဆက် အုပ်စိုးရာ ဒေသ ထိရောက်လာခဲ့ပြီး အေဒီ ၆၅၀ မှာ တန်ပြန် ခုခံမူနဲ့ ကြုံခဲ့ရတယ်။ (အဲဒီ မင်းဆက်ဟာ ယာဒ၀ မင်းဆက် က ဂဂျနီ ကို ဗဟိုပြုပြီး တည်ထောင်ခဲ့တဲ့ ဒီနေ့ခေတ် ကန်ဒဟာ ဒေသဖြစ်တယ်)။ အေဒီ (၈) ရာစု အစောပိုင်းမှာ အာရပ်တွေ ဟာ သိန္ဓုနိုင်ငံကို ကုန်းကနေရော၊ ပင်လယ်ကနေပါ တိုက်ခိုက်ခဲ့ပြီး တဖြည်းဖြည်း သိမ်းပိုက်နိုင်ခဲ့တယ်။ အေဒီ (၈) ရာစု နှောင်းပိုင်းရောက်တဲ့အခါ သိန္ဓု ဒေသ ကို ခြေကုပ်ယူပြီး တက္ကသိုလ်နဲ့ တကွ ၀လဘိ ဒေသ ကို ဖျက်စီးနိုင်ခဲ့တယ်။ သို့သော်လည်း အိန္ဒိယ ‘‘ရာဇပုတ်’’ မင်းတွေ အထူးသဖြင့် ပရတိဟာရ က မင်းတွေရဲ့ တန်ပြန်ခုခံမူကြောင့် အာရပ်တွေဟာ သိန္ဓု ဒေသ ကို တဖန် ဆုတ်ခွာခဲ့ရပြန်တယ်။ အဲဒီ ခေတ်ကာလမှာ အနောက်ဘက် တိုင်းနိုင်ငံက ဗုဒ္ဓဘာသာ ရဟန်းတော်များစွာဟာ ပါလ အင်ပါယာ ကို စစ်ဘေးရှောင် ထွက်ပြေးခဲ့ကြရတယ်။ တူရကီ တွေဟာ အာရှမှာ အင်အားအကောင်းဆုံး အစ်လာမ်ဘုရင် တွေဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ အိန္ဒိယနိုင်ငံရဲ့ရတနာမြေ၀င်ပေါက်ကို ပိတ်ဆို့နေတဲ့ ဂျဂုဋ မင်းဆက် ကို အကြိမ်ကြိမ်တိုက်ခိုက် ခဲ့ပြီး အေဒီ (၉) ရာစု အကုန်လောက်မှာ အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့တယ်။ ယာဒ၀ အဆက်နွယ်တွေကတော့ ရာဂျသန်ကိုဆုတ် ခွာခဲ့ပြီး ဂျိုင်ဆလမီယား မှာ အခြေပြုနေခဲ့တယ်။ ရှေးဟောင်း ယာဒ၀မင်းဆက်ရဲ့ မြို့တော် ဂဂျနီဟာ ဂန္ဓာရတိုင်းကိုတိုက်ဖို့ အတွက် တူရကီတွေရဲ့ ခြေကုပ်နေရာဖြစ်ခဲ့တယ်။ ကာပိရှနဲ့ ကုဘ (ကာဗူးလ်) အပါအ၀င် ဂန္ဓာရတိုင်းဟာ အရင်က ကူရှန် မင်းဆက်ရဲ့ အဆက်အနွယ်ဖြစ်ပုံရတဲ့ ဆာဟိ သို့မဟုတ် ခတ္တိယမင်းဆက်တွေ အုပ်စိုးခဲ့တာဖြစ်တယ်။ သို့သော်လည်း အေဒီ (၉) ရာစု အလယ်ပိုင်းရောက်တဲ့အခါ ဗြာဟ္မဏမင်းဆက် ဖြစ်တဲ့ ဆာဟိ မင်းဆက်က လုပ်ကြံသိမ်းပိုက်ပြီး ကျယ်ပြန့်တဲ့ အင်ပါယာ တစ်ခုထူထောင်ခဲ့နိုင်ခဲ့လို့ တူရကီတပ်တွေကို နောက်ထပ် တစ်ရာစုလောက် တန်ပြန်ခုခံထားနိုင်ခဲ့တယ်။ အဲဒီ နောက် ဂဂျနီ (ဂန်ဇနီ) မှာ တူရကီမင်းဆက်တစ်ဆက် (ယမီနီမင်းဆက်) တက်လာပြီး ဂန္ဓာရတိုင်းကို အပြင်းထန်ဆုံး စစ်ဆင် ခဲ့တယ်။ အဲဒီ စစ်ပွဲဟာ အိန္ဒိယနိုင်ငံအတွက် ရှည်ကြာလွန်းတဲ့ စစ်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး မကြုံဘူးလောက်အောင် ရက်စက်ပြင်းထန် ခဲ့တယ်။ ခေတ်ပြိုင်သမိုင်း မှတ်တမ်းဆရာတွေက ‘‘တူရကီစစ်ပွဲတွေ’’ ဟာ အိန္ဒိယမှာ ဘုရင်အချင်းချင်း အင်အားပြိုင်ဆိုင်တိုက် ခိုက်တဲ့ စစ်ပွဲတွေနဲ့ အများကြီးကွာခြားပြီး စစ်ပွဲ ပုံစံသစ်ဖြစ်တယ်လို့ မှတ်တမ်းတင်ခဲ့ကြရတယ်။ အိန္ဒိယနိုင်ငံဟာ ယဉ်ကျေးမူကြီး တစ်ခုလုံး လုံးဝ ပြိုလဲမသွားအောင် ခုခံတိုက်ခိုက်ခဲ့ရတယ်။ အေဒီ (၁၀) ရာစုအကုန်နဲ့ (၁၁) ရာစုအစ အတွင်း မှာ တိုက် ပွဲ အကြိမ်ကြိမ် ဆင်နွှဲပြီး ဆာဟိစ် တပ်တွေဟာ ကာပိရှနဲ့ ဂန္ဓာရတောင်ကြားရောက်အောင် တိုက်ထုတ်ခံခဲ့ရတယ်။
အေဒီ ၁၀၂၀ ကို ရောက်တဲ့အခါ ဆာဟိစ်မင်းဆက် ဟာ နယ်မြေအားလုံး ဆုံးရူံးခဲ့ရပြီး သူတို့ရဲ့ လက်ကျန်တပ်တွေကတော့ကက် ရှ်မီးယား သို့မဟုတ် မာလ၀ ဒေသက ပရမာရ ရာဇပုတ် တိုင်းပြည်မှာ ခိုလှုံခဲ့ရတယ်။ အဲဒီနောက် တူရကီ ခေါင်းဆောင် ဆူလ်တန် မိုဟာ မဒ် ဟာ ပရတိဟာရ ပြည်ကို တိုက်ခိုက်ခဲ့ပြန်တယ်။ သူ့ အတွက် ကံကောင်းတာက အဲဒီ အချိန်က ပရတိဟာရ မှာ အင်ပါယာ ပြိုကွဲနေပြီး မြေရှင်တွေ တကွဲတပြား ကြီးစိုးနေတာဖြစ်တယ်။ အဲဒီ နောက် ဆက်ပြီး ကျယ်ပြန့် တဲ့ ဒေသတစ်လျှောက် ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြန်တယ်။ သိမ်းပိုက်ရာဒေသ တစ်လျှောက်မှာ လုယက်ဖျက်ဆီးမူတွေအကြီးကျယ်လုပ်ခဲ့ သလို၊ ကျေးကျွန်ပေါင်းများစွာကိုလည်း ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်။ ရတနာ ပစ္စည်းပေါင်းများစွာစုနေတဲ့ ဘုရားကျောင်းပေါင်း ထောင်ချီကိုလည်း ဖြိုချဖျက်စီးခဲ့တယ်။ မထုရာ မြို့လည်း လုယက်ဖျက်ဆီး ခံခဲ့ရတယ်။ ပရတိဟာရ တပ်မကြီးတစ်ခုလုံးကျ သွားတဲ့အခါ မြို့တော် ကာညကုဗ်ဂ်ျ လည်းဘဲ ဖျက်ဆီးခံခဲ့ရပါတယ်။ ဘုရားကျောင်းပေါင်း (၁၀၀၀၀) လောက်ဟာ လက်မူပစ္စည်းတွေနဲ့ အတူ ဖျက်ဆီးခံခဲ့ရပြီး အဲဒီကျောင်းတိုက်တွေမှာ မပြေးဘဲ ကျန်ရစ်သူတွေ သတ်ဖြတ်ခံခဲ့ရတယ် လို့ ဆိုပါတယ်။ နောက်ဆုံး စန္ဒြာတရိယ ဘုရင် ၀ိဓျဓရ ဟာ တူရကီတပ်တွေကို တားဆီးနိုင်ခဲ့တယ်။ သို့သော်လည်း မိုဟာမက်ဒ်ရဲ့ တပ်တွေဟာ ပန်ဂျပ်ပြည်နယ် အပါဝင် သိန္ဓုနယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး သူ့ရဲ့ အင်ပါယာအတွင်း သွတ်သွင်းနိုင်ခဲ့လို့ အိန္ဒိယမှာ ကျယ်ပြန့်တဲ့ တူရကီအင်ပါယာတစ်ခု တည်ထောင်နိုင်ခဲ့တယ်။ ဒီလို တူရကီတပ်တွေနဲ့ အိန္ဒိယက ဒေသခံ တိုင်းပြည် ငယ် အသီးသီးက တပ်တွေရဲ့ ဆက်တိုက် စစ်ပွဲတွေပြီးတဲ့အခါ နောက်ထပ် နှစ်ပေါင်း (၁၅၀) လောက်ကြာတဲ့အထိ ထူးခြားတဲ့ ပြောင်းလဲမူတွေ ကို မတွေ့ခဲ့ကြရဘူး။
အဲဒီ ခေတ်တစ်လျှောက် ထူးခြားချက်တစ်ခုကဘာလဲဆိုတော့ အိန္ဒိယနိုင်ငံအတွင်းမှာ တိုင်းပြည်ငယ်များစွာ တကွဲတပြားရှိနေခဲ့ တာဖြစ်ပြီး ဘယ်တိုင်းပြည်ကမှ အင်ပါယာတစ်ခုဖြစ်အောင် မစုစည်းနိုင်ခဲ့တဲ့အချက်ဖြစ်တယ်။
အေဒီ ၁၁၇၃ မှာ အာရှအလယ်ပိုင်းက တူရကီဘုရင် မိုဟာမဒ်ဟာ ယာမီနီမင်းဆက်ကို ဖြုတ်ချခဲ့တယ်။ အေဒီ ၁၁၇၈ မှာသူဟာ ဂူဂျာရတ်ပြည်ကို တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ဘဲ တပ်များစွာ ဆုံးရှုံးခဲ့ရတယ်။ အဲဒီ ခေတ်မှာ တကွဲတပြားဖြစ်နေတဲ့ အိန္ဒိယ က တိုင်းပြည်ငယ်တွေဟာ ခုပြောခဲ့သလိုတိုင်းပြည်ငယ် တစ်ခုက တူရကီတပ်တွေကို တိုက်ခိုက်အောင်နိုင်ခဲ့တယ်ဆိုရင် သူတို့အတွက် အဲဒီ တူရကီတပ်တွေဟာ ခြိမ်းချောက်နိုင်ခဲ့ပုံမရဘူး။ အင်အားကြီးထွားလာတဲ့ ရာဇပုတ် ပြည်ငယ်တစ်ခုဖြစ်တဲ့ စာဟမာနပြည် ဟာ ကာညကုဗ်ဂ်ျ ကနေ အင်ပါယာထောင်ဖို့ ကြိုစားလာတဲ့ ဂါဟဍ၀ါလပြည်ကို စစ်ကြေငြာတိုက်ခိုက်ခဲ့တယ်။ တူရကီအင်ပါယာနဲ့ အိမ်နီးချင်းတိုင်းပြည်ငယ်တွေဖြစ်တဲ့ ဂူဂျာရတ်နဲ့ စန္ဒြာတရေယ ပြည်တို့ကိုလည်း စစ်ကြေငြာခဲ့တယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း

ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမှာ အေဒီ (၇) ရာစုက စတင်ပြီး အရှိန်အ၀ါ ကျဆင်းလာခဲ့ကြောင်း စာပေမှတ်တမ်း အချို့အရ သိရှိကြရတယ်။ ဒီအချက် ကို တရုတ် ခရီးသည် ရဟန်းတော်တွေရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ခန့်မှန်းကြတာဖြစ်တယ်။ အဲဒီ တရုတ် ရဟန်းတော် တွေကတော့ ရဟန်းတော် ဖဟီယန် (အေဒီ ၃၉၉-၄၁၄)၊ ရဟန်းတော် ဆောင်ယွန် (အေဒီ ၅၁ဂ)၊ ရဟန်းတော် ရွှင်ကျန် (အေ ဒီ ၆၂၉ - ၄၅)၊ နဲ့ ရဟန်းတော် အိချင်း (အေဒီ ၆၇၁-၉၅) တို့ဖြစ်ပါတယ်။
အေဒီ (၅) ရာစု အတွင်း အိန္ဒိယနိုင်ငံ ကို ဘုရားဖူးရောက်ရှိခဲ့တဲ့ တရုတ် ရဟန်းတော် ဖဟီယန် ဟာ အိန္ဒိယနိုင်ငံရဲ့ ဒေသများ စွာမှာ ဗုဒ္ဓ၀ါဒ ထွန်းကားဆဲဖြစ်ကြောင်း တွေ့မြင်ခဲ့တယ်။ သို့သော်လည်း ကာညကုခ်ျ၊ ကပိလ၀တ်၊ ရာမဂါမ၊ ဝေသာလီနဲ့ ဂါယာ မှာ တွေ့မြင်ခဲ့ရတဲ့ ဗုဒ္ဓသာသနာ အခြေနေနဲ့ ပတ်သက်ပြီး ဖဟီယန်ဟာ ၀မ်းနည်းပက်လက် ဖြစ်ခဲ့ရပါတယ်။ ကာညကုခ်ျမှာ ထေရ၀ါဒ ဘုန်းကြီးကျောင်း နှစ်ကျောင်းမျှသာ တွေ့ခဲ့ရတယ်။ ကပိလ၀တ်မြို့တော်ကြီးကတော့ အုပ်ချုပ်သူဘုရင်မရှိ၊ ပြည်သူ ပြည်သားတွေ ဆိတ်သုဉ်းလုနီးပါးဖြစ်နေပြီး သံဃာအနည်းငယ်၊ အိမ်လေးငါးဆယ် လုံးနဲ့ တောရိုင်းကြီး ပမာ ဖြစ်နေတာကို သူတွေ့မြင်ခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်။ ရာမဂါမ မှာ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဝေသာလီမှာ လည်း ဘုန်းကြီး ကျောင်း တစ်ကျောင်းမျှသာ ကျန်တော့ပြီး သာဝတ္ထိမြို့ကြီးကတော့ ပျက်စီးတိမ်ကော နေခဲ့ပြီ လို့ ဆိုထားတယ်။
အေဒီ (၆) ရာစု အစောပိုင်းမှာ အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တဲ့ တရုတ်ရဟန်းတော် ဆောင်ယွန်နဲ့ တောက်ရှန် တို့ဟာ ကာညကု ခ်ျမှာ ဗုဒ္ဓ၀ါဒ ဘုရားကျောင်းများစွာတွေ့ခဲ့ရတယ်။ သို့ပေမဲ့ အဲဒီ ဘုရားကျောင်းတွေမှာ ရဟန်းတော်၊ ရဟန်းမ တစ်ပါးတစ်လေ မှ မတွေ့ရဘူးလို့ မှတ်တမ်း တင်ထားပါတယ်။ ကာညကုခ်ျ ဟာ ဟရ်ရှ မင်းဆက်များ လက်ထက်မှာ အကြီးအကျယ် ဖွံ့ဖြိုးထွန်း ကားခဲ့တဲ့ ဗုဒ္ဓ၀ါဒ ဗဟိုဌာနဖြစ်ခဲ့ပေမဲ့ အဲဒီ ခေတ်ကာလ ကတည်းက ဗြာဟ္မဏ၀ါဒီများစွာနဲ့ နတ်ကိုးကွယ်သူများ စွာလည်း အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာဖြစ်တယ်။ အဲဒီ မှာ ဘုန်တော်ကြီးကျောင်းတွေရှိနေပေမဲ့ ဘုရားကျောင်း၊ စေတီအရေအတွက် ဟာ ဘုန်းကြီးကျောင်းအရေအတွက်ထက် သာလွန်များပြားနေတယ်လို့ ဆိုပါတယ်။
ရဟန်းတော် ရွှင်ကျန်ရောက်ရှိခဲ့ချိန် ဝေသာလီမှာ ဗုဒ္ဓသာသနာ တိမ်ကောပျောက်ကွယ် သွားပြီလို့မဆိုနိုင်သေးဘူး။ အဲဒီမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းအတော်များများကို တွေ့နေရဆဲဖြစ်တယ် လို့ဆိုပါတယ်။ သို့ပေမဲ့လို့ အဲဒီ ဘုန်းတော်ကြီးကျောင်း တွေမှာ သုံးလေးကျောင်းက လွဲလို့ အခြားကျောင်းတိုက်တွေဟာ သံဃာများစွာ မတွေ့ရဘူးလို့ ဆိုပါ တယ်။ ပြီးတော့ဟိန္ဒူဘုရား ကျောင်း တွေနဲ့ ဟိန္ဒူ အယူဝါဒ ကိုးကွယ်မူ အမျိုးမျိုးဟာ ဝေသာလီမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေတာ ကို သူတွေ့ခဲ့ရတယ်။ဒါ့အပြင် ဒီဂမ္ဘရ ဂျိန်းဝါဒ ကလည်း ဝေသာလီ မှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နေပြီး ဖြစ်တယ် လို့ ဆိုတယ်။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ ဆွတ် တောင်ကြားမှာတည်ရှိခဲ့တဲ့ ဥဒယာန (ဥဒ္ဒိယာန) ဟာ ဗုဒ္ဓသာသနာရဲ့ အရေးပါတဲ့ ဗဟိုနေရာ တစ်ခု ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၁၄၀၀၀) ရှိပြီး သံဃာတော်အပါး (၁၈၀၀၀) သီတင်းသုံး နေထိုင်ခဲ့တယ် လို့ ဆိုတယ်။ သို့ပေမဲ့ ရဟန်းတော် ရွှင်ကျန် ရောက်ရှိခဲ့တဲ့ အချိန်မှာ ဘုန်းကြီးကျောင်းတွေ အလွန်နည်းပါးနေပြီး ရဟန်းတော်တွေဟာလည်း ၀ိနည်းစည်းကမ်းနဲ့ အညီ မနေထိုင်ကြတော့ဘဲ ပဉ္စလက်အတတ်တွေ၊ ပျောက်စေ အတတ်တွေကိုသာ လိုက်စားနေကြတယ် လို့ ဆိုတယ်။ ဂန္ဓာရတိုင်းမှာတော့ ဘုန်းကြီးကျောင်း (၁၀၀၀) လောက်ဟာ ပျက်စီးတိမ်ကောနေပြီး သံဃာအနည်းငယ် မျှသာကျန်ရှိတော့ကြောင်း၊ အမြတ်တနိုး ကိုးကွယ်ပူဇော်ခဲ့ကြတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သပိတ်တော်လည်း ပျောက်ဆုံးသွားခဲ့ကြောင်း မှတ်တမ်းမှာ ဖော်ပြထားတယ်။ ဘာသာခြား တိတ္ထိတွေကိုလည်း တွေ့ရပြီး ဗုဒ္ဓ၀ါဒ ဟာ ဂန္ဓာရတိုင်း ရဲ့ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာ ဆိတ်သုဉ်းလုနီးပါးဖြစ်နေပြီ လို့ သိရပါတယ်။
တက္ကသီလာ၊ သိင်္ဃပုရနဲ့ ဥရသ မြို့တွေဟာ တခေတ်တခါက ဗုဒ္ဓ၀ါဒ အကြီးအကျယ် ဖွံ့ဖြိုးထွန်းကားရာ မြို့တွေဖြစ်ခဲ့ပေ မဲ့ ၊ ရွှင်ကျန်ရောက်ရှိတဲ့ အချိန်မှာ မှေးမှိန် တိမ်ကောနေပြီ လို့ သိရပါတယ်။ ဘုန်းကြီးကျောင်းတွေများ စွာ ရှိပေမဲ့ သံဃာတွေ ကင်းမဲ့ ဆိတ်သုဉ်းနေပြီ လို့ ဆိုတယ်။ ကသ္မီရ တိုင်းရဲ့ ဒေသများစွာမှာလည်း ဗုဒ္ဓသာသနာဟာ နိမ့်ကျပျက်စီးနေခဲ့ပြီး ရာဇတရင်္ဂိနီ မှတ်တမ်းအရ ဆိုရင် အဲဒီ ဒေသက သံဃာတွေဟာ (၆) ရာစုလောက်က စပြီး အိမ်ထောင်သားမွေးလုပ်ကြတယ် လို့ သိရပါတယ်။
လာလိတ ဒိတျာ ဘုရင် (အေဒီ ၇၃၃-၆၉) ဟာ ဘုန်းကြီးကျောင်းတွေ ၊ စေတီတွေ လှူဒါန်းခဲ့တယ် လို့တွေ့ရပေမဲ့ သူ့နောက်ပိုင်း ဆက်ခံတဲ့ ဘုရင်တွေဟာ ရှီဝ နတ်ဘုရား ကိုးကွယ်တဲ့ ဘုရင်တွေဖြစ်တယ်။ ဆင်းဒ် ဒေသ မှာ ဗုဒ္ဓဘာသာ ၀င် (၁၀၀၀၀)ခန့် နဲ့ ဘုန်းကြီးကျောင်းပေါင်း (၁၀၀) လောက်ရှိတယ် လို့ တွေ့ရတယ်။ သို့ပေမဲ့ အဲဒီ ဗုဒ္ဓဘာသာဝင်တွေ ဟာ ဗုဒ္ဓတရားတော် အဆုံးအမ တွေကို တလေးတစား မလိုက်နာကြတော့ ဘူး လို့ ရွှင်ကျန်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ အာရပ်တွေ ၀င်ရောက် သိမ်းပိုက်ခဲ့တဲ့ ခေတ်ကာလထိ အဲဒီ ဆင်းဒ် ဒေသမှာ ဗုဒ္ဓဘာသာဝင်တွေ ရှိနေဆဲ ဖြစ်တယ်လို့ဆိုပေမဲ့အကြွင်းအကျန်မျှသာ ဖြစ်ပြီးအား
မကောင်းတော့ကြောင်းတွေ့ရတယ်
ထာနေရွှ ဒေသမှာ ဘုန်းကြီးကျောင်း (၃) ကျောင်းသာ တွေ့ရပြီး နတ်ဘုရားကျောင်းတွေ ရာပေါင်းများစွာရှိနေခဲ့တယ်။ မထုရာ မှာတော့ ဘုန်းကြီးကျောင်း (၂၀) နဲ့ သံဃာ (၃၀၀၀) လောက် သီတင်းသုံးနေ ထိုင်ခဲ့ကြကြောင်း ဖဟီယန်ရဲ့ မှတ်တမ်းမှာ ရေးသားခဲ့ပေမဲ့ ရွှင်ကျန်ခေတ်ကို ရောက်တဲ့ အခါ သံဃာ (၂၀၀၀) မျှသာ ရှိတော့ကြောင်း သိရတယ်။ သုဂန မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း (၅) ကျောင်းမျှသာ ရှိခဲ့ပေမဲ့ နတ်ဘုရားကျောင်းကတော့ (၁၀၀) ကျော်လောက်ရှိနေပြီး ဖြစ်တယ်။ မဏိပူရ မှာ ဘုန်းကြီးကျောင်းက (၁၀) ကျောင်း၊ နတ်ဘုရားကျောင်းက (၅၀)နဲ့ ဗြာဟ္မပုတ္တမှာ ဘုန်းကြီးကျောင်း (၅) ကျောင်း၊ နတ် ဘုရားကျောင်း (၁၀) ကျောင်း စသည်ဖြင့် အဲဒီ ခေတ်က ထင်ရှားတဲ့ မြို့ရွာတိုင်းမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ နည်းပါးနေပြီး ဟိန္ဒူဝါဒ အားကောင်းခိုင်မာနေကြောင်း တွေ့ရပါတယ်။
ဗုဒ္ဓ၀ါဒ ထွန်းလင်းခဲ့တဲ့ ကောသမ္ဗီမှာ ဘုန်းကြီးကျောင်း (၁၀) ကျောင်းရှိနေပေမဲ့ တိမ်ကောပျက်စီးနေကြပြီလို့ ဖော်ပြထားပြီး နတ်ဘုရားကျောင်းတွေကတော့ (၅၀) လောက်ရှိနေခဲ့ပါတယ်။ ၀ိသာခါမှာလည်း ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘုန်းကြီးကျောင်းတွေ မရှိလောက်နည်းပါးနေပြီး သာဝတ္ထိမှာတော့ ဘုန်းကြီးကျောင်းတွေ အားလုံးနီးပါး ပျက်စီးတိမ်ကောနေပြီး နတ်ဘုရားကျောင်း တွေ ရာချီ ရှိနေကြောင်း ရေးသားထားတယ်။ ဗာရာဏသီမှာ ဘုန်းကြီးကျောင်း (၃၀) နဲ့ သံဃာတော်ပေါင်း (၃၀၀၀) ထောင် လောက် သီတင်းသုံးနေထိုင်ကြတယ် ဆိုပေမဲ့ နတ်ဘုရားကျောင်းပေါင်းဟာ (၁၀၀) လောက်ရှိနေပြီး ရှီဝ ၀ါဒီ တွေ (၁၀၀၀၀) လောက် ရှိနေကြောင်းသိရတယ်။
ခုဖော်ပြခဲ့တဲ့ မှတ်တမ်းအချက်လက်တွေဟာ အဲဒီ ခေတ်ကာလ အိန္ဒိယ နိုင်ငံအတွင်း ဒေသ အသီးသီးမှာ ဗုဒ္ဓ၀ါဒ မှေးမှိန် တိမ်ကောလာနေကြောင်းပြသနေပြီး တစ်ချိန်တည်းမှာဘဲ ဟိန္ဒူဝါဒ ဟာ အရှိန်အဟုန်နဲ့ အင်အားကောင်းစွာ ဖွံ့ဖြိုးလာနေ ကြောင်း ဖော်ပြနေပါတယ်။ ဖဟီယန်ရဲ့ မှတ်တမ်းအရ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယနိုင်ငံမှာ ခပ်စောစော နှစ်ကာလက စတင်ပြီး အရှိန် အ၀ါ ကျဆင်းလာခဲ့ကြောင်း သိရပြီး ရွှင်ကျန်နဲ့ အိချင်းရဲ့ မှတ်တမ်းတွေကတော့ အေဒီ (၇) ရာစု အိန္ဒိယနိုင်ငံမှာဗုဒ္ဓ၀ါဒအားနည်းယုတ်လျော့နေပြီ ဖြစ်ကြောင်း ပြသနေပါတယ်။ အဲဒီ ခေတ် အိန္ဒိယနိုင်ငံက ဒေသ အတော်တော်များများမှာ ဗုဒ္ဓ၀ါဒဟာ အဓိက ကိုးကွယ်ရာ ဘာသာတရား တစ်ခု မဟုတ်တော့ဘူး လို့ ဆိုရမှာဖြစ်တယ်။
-ဆက်ရန်-
ဘိက္ခု ကေသရ
ref: The Rise and Decline of Buddhism in India
by Kanai Lal Hazra
ပုံ - google

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၂
=============================
ယခု ဘာသာပြန်နေတဲ့ စာအုပ်ကို ရေးသားတဲ့ စာရေးဆရာဟာ အိန္ဒိယနိုင်ငံ ကာလကတ္တား တက္ကသိုလ်က ပါဠိ ပါမောက္ခ ဒေါက်တာ ကာနိုင် လာ ဟဇ်ရ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓသာသနာ ကွယ်ပျောက်ခဲ့ရခြင်းရဲ့ အကြောင်းရင်း (၈) ချက်ကို ထုတ်နုတ်တင်ပြထားပြီး တစ်ချက်ခြင်းစီ ကို အဲဒီ ခေတ်ကာလအကြောင်းရေးသားထားတဲ့စာပေတွေကနေ ကောက်ချက်ဆွဲပြထားတယ်။ အဲဒီ ကောက်ချက်တွေကို ဖတ်ရတာ ထိတ်လန့်စ ရာတွေချည်းပါဘဲ။ စာအုပ် ရဲ့ အမည်က ‘‘အိန္ဒိယနိုင်ငံ ဗုဒ္ဓသာ သနာ ပေါ်ထွန်းခြင်းနှင့် ကွယ်ပျောက်ခြင်း’’ ဖြစ်ပြီး ၁၉၉၄ ခုနှစ်က ထုတ်ဝေထားတာဖြစ်တယ်။ သက်ဆိုင်ရာ ကျမ်းဂန်ကိုးကား ချက်တွေကတော့ စာမျက်နှာတိုင်းအပြည့်ဖြစ်တယ်။ ခုပြောမဲ့ သမိုင်းဆရာရဲ့ ကောက်ချက်တွေ မှန်မမှန်ကတော့ ဆက်လက် သုတေသန လုပ်ရမဲ့ ကိစ္စဖြစ်ပါတယ်။ မှန်သည်၊ မှားသည် ထက် ခုပြောတဲ့ သမိုင်းဆရာရဲ့ တင်ပြချက်တွေဟာ ဗုဒ္ဓဘာသာဝင် တွေအတွက် သမိုင်းသင်္ခမ်းစာ ယူသင့်တဲ့အချက်တွေ ပါဝင်နေတယ် လို့ ယူဆပါတယ်။ ဒါကြောင့် အကြောင်းရင်း (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ရဟန်းမများ ၀ိနည်းစည်းကမ်းလိုက်နာမူ လျော့ရဲလာခြင်း။
၂။ ဗုဒ္ဓ၀ါဒ ဂိုဏ်းများစွာ ကွဲထွက်ခြင်း။
၃။ မဟာယာန၀ါဒ၊ တန္တရ ၀ါဒ ဖွံ့ဖြိုးလာခြင်းနှင့် ဟိန္ဒူဝါဒ
ကိုးကွယ်ပူဇော်မူ ဓလေ့များ ဗုဒ္ဓ၀ါဒတွင် လွှမ်းမိုးစိမ့်ဝင်လာခြင်း။
၎။ ဗြာဟ္မဏ၀ါဒ၏ ဗုဒ္ဓ၀ါဒ အပေါ်ရန်လို တိုက်ခိုက်ခြင်းနှင့် ဗြာဟ္မဏ ဘာသာရေးခေါင်းဆောင်အချို့၏ အယူဆပိုင်းဆိုင်ရာ
အကြီးကျယ် ပြစ်တင်ရူံချ၍ စနစ်တကျ ဝေဖန်တိုက်ခိုက်ခြင်း။
၅။ ဗုဒ္ဓ၀ါဒအပေါ် အဆိုးမြင်ဝါဒ၊ ဒုက္ခ၀ါဒ ဟု ထင်မြင်လာကြခြင်း။
၆။ ဘာသာခြားမင်းတို့၏ ဖိနှိပ် ဖျက်စီးခြင်း။
၇။ မူစလင်များ ဖိနှိပ် ဖျက်စီးခြင်း။
၈။ အုပ်ချုပ်သူဘုရင်နှင့် မင်းစိုးရာဇာတို့၏ အထောက်ပံ့ မရခြင်း။
ဒီ အကြောင်းရင်း တစ်ချက်ခြင်းစီ ကို ဝေဖန်ပြထားတာ၊ ထိတ်လန့်စရာကောင်းပါတယ်။ ဆက်လက်ပြီး အချိန်ရသလောက် ဘာသာပြန် မျှဝေပါ့မယ်။
အားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ ..။
ဘိက္ခု ကေသရ
ref: The rise and decline of Buddhism in India by Kanai Lal Hazra

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၃
==============================
မဟာယာန ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားလောင်းကိုးကွယ်သူများနဲ့ မဟာယာန သုတ္တံ တရားတွေကို ရွတ်ဖတ်သရဇ္ဈယ်သူတွေ ဖြစ်တယ် လို့ အေဒီ (၇) ရာစု ဗုဒ္ဓ၀ါဒ အခြေနေကို ဝေဖန်တဲ့ သမိုင်းဆရာတွေ က ပြောကြပါတယ်။ မဟာယာန ဗုဒ္ဓ၀ါဒီ တွေဟာ ဗုဒ္ဓ၀ါဒမှာ ရုပ်ဆင်းတု ကိုးကွယ်တဲ့ ဓလေ့တွေ ၊ အန္တာရာယ်ကင်း မန္တာန်တွေ ရွတ်ဖတ်ပူဇော်တဲ့ ဓလေ့တွေ၊ ဘာသာရေး ပူဇော် ပွဲ အခမ်းအနားတွေကို စတင်ကျင့်သုံးခဲ့တယ်။ ဒီ လို ကျင့်သုံးရင်း တဖြည်းဖြည်းနဲ့ မဟာယာန ၀ါဒထဲမှာ ရိုးရာ ယုံကြည်မူတွေ ဟာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ် အဖြစ် ရောယှက်ဝင်ရောက် သွားခဲ့ပါတယ်။ အိန္ဒိယက ဗုဒ္ဓစာပေ ပညာရှင် လေမနိ ဂျို ရှီ ကတော့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓ၀ါဒရဲ့ အရှိန်အ၀ါ ကျဆင်းသွားခဲ့ရတာဟာ ဟီနယာန (ထေရ၀ါဒ) ဗုဒ္ဓ၀ါဒ ရဲ့ အားနည်းချက်ကြောင့် ဆိုတာ ထက် မဟာယာန ဗုဒ္ဓ၀ါဒီ တွေရဲ့ ချို့ယွင်းအားနည်းချက်တွေ ကြောင့်ဖြစ်တယ် လို့ သုံးသပ်ထား ပါတယ်။
မဟာယာန ဗုဒ္ဓ၀ါဒ ပေါ်ထွန်းလာတဲ့ အတွက် ဗုဒ္ဓဘာသာဝင် အရေအတွက် တိုးပွားလာခဲ့တာကိုလက်ခံပေမဲ့ ဘာသာတရားရဲ့ အရည်အသွေး၊ ဂုဏ်ရည်လည်း ကျဆင်းသွားခဲ့ရပါတယ် တဲ့။ ဗုဒ္ဓမြတ်စွာ ဟာ ဗုဒ္ဓ၀ါဒ နဲ့ ပတ်သက်ပြီး ဘာသာရေး အခမ်းအနား တွေ တခမ်းတနား ဆင်ယင် ကျင်းပပူဇော်တဲ့ ဓလေ့ကို အမြဲလိုလို ကန့်ကွက် ရူတ်ချကြောင်းတွေ့ရပါ တယ်။ ဒါကြောင့်မို့လို့ အစောပိုင်း ခေတ် ဗုဒ္ဓ၀ါဒမှာ ဘာသာရေးပူဇော်ပွဲ အခမ်းနားတွေဟာ အရေးပါတဲ့ နေရာမှာ မရှိကြောင်း တွေ့ကြရ တာဖြစ်တယ်။ သို့သော် လည်း နှောင်းခေတ် ဗုဒ္ဓ၀ါဒ မှာ ဒီလို ပူဇော်ပွဲတွေဟာ နေရာယူလာပြီး တဖြည်းဖြည်းနဲ့ ဗုဒ္ဓ၀ါဒဟာ ဟိန္ဒူ ၀ါဒနဲ့ နီးစပ်လာခဲ့တယ်။ ဗုဒ္ဓ၀ါဒနဲ့ ဟိန္ဒူ ၀ါဒ ဟာ မကွဲမပြား၊ အရောရော အထွေးထွေးဖြစ် သွားခဲ့ရပါတယ်။ အဲဒီ ခေတ်က လူတွေဟာ ဗိရှနိုးနတ်ဘုရား ကို ကိုးကွယ်တာနဲ့ ဗုဒ္ဓ ကို ကိုးကွယ်တာ ဘာမှ မကွာ ခြားဘူး လို့ တွေးခေါ်လာခဲ့ကြသလို ရှီဝ နတ်ဘုရား၊ အ၀လောကိတ ဘုရားလောင်းနတ်နဲ့ တာရာ၊ ပါရ၀တီ နတ်တွေကို လည်း တတန်းတည်း သဘောထားခဲ့ကြတယ်။
မဟာ ယာန ဗုဒ္ဓ၀ါဒ ဟာ ဗြာဟ္မဏတွေရဲ့ ထောက်ပံ့မူနဲ့ ဖွံ့ဖြိုးအားကောင်းခဲ့တာ ဖြစ်တယ် လို့ အချို့သမိုင်းဆရာတွေက သုံး သပ်ကြပါတယ်။ တိဘက်သမိုင်းဆရာ တာရာနာထ က သူ့ရဲ့ သမိုင်းကျမ်းထဲမှာ ကူရှန်ခေတ် အတွင်းတုန်းက ၀ိဒူ အမည်ရှိ တဲ့ ဗြာဟ္မဏတစ်ယောက်ဟာ ပါဋလိပုတ်မှာ မဟာယာန ကျမ်းစာတွေရဲ့ မူပွားပေါင်း (၁၀၀၀) ကို ကူးယူးဖြန့်ဝေစေခဲ့တယ် လို့ ရေးသားထားတယ်။ ပြီးတော့ သူရသေန တိုင်းမှာ မဟာယန ဗုဒ္ဓ၀ါဒ ထွန်းကားပြန့်ပွားခဲ့ရတာ ဟာ အဓိကအားဖြင့် ကုလိက ဗြာဟ္မဏရဲ့ ပံ့ပိုးကူညီမူကြောင့်ဖြစ်တယ် လို့ ဆိုပါတယ်။ ဗြာဟ္မဏ ညီနောင်နှစ်ဦးဖြစ်တဲ့ သင်္ကရပတိနဲ့ မုဒဂရ တို့ဟာ မဟာယာန ဘုန်းကြီး မဟာဒေ၀ရဲ့ လမ်းညွှန်မူနဲ့ ဗုဒ္ဓ၀ါဒလမ်းစဉ် လွတ်မြောက်မူကို ရှာဖွေခဲ့တယ် လို့လည်း တွေ့ရတယ်။ အဿဃောသ ၊ အာရစတ၊ အာစရိယ ဇေတရိ၊ ရတန ၀ဇီရ၊ သင်္ကရာ နန္ဒ၊ အာစရိယ သီလဗဒြာ၊ ဓမ္မကိတ္တိ စတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓ၀ါဒီ တွေမဟုတ်ကြပါ ဘူး။ ဗြာဟ္မဏ၀ါဒီ တွေသာ ဖြစ်တယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ မဟာယန၀ါဒ ယုတ္တိဗေဒ ဖွံ့ဖြိုးတိုးတက်အောင် အများကြီး အထောက်အပံ့ပြုခဲ့ကြတယ်။ ရှီဝ ၀ါဒီတွေဟာလည်း ဗုဒ္ဓ၀ါဒ ကို အများကြီး လွှမ်းမိုးခဲ့ကြောင်းတွေ့ကြရတယ်။ ဘာကြောင့်တုန်းဆိုတော့ တရုတ် ခရီးသွားရဟန်းတော် ရွှင်ကျန်ဟာ နာလန္ဒာက ဗုဒ္ဓ၀ါဒီ ဘုန်းတော်ကြီးတွေနဲ့ ရှီ၀၀ါဒီ ရသေ့ တွေဟာ ဘာမှ မကွာခြားသလိုဘဲ လို့ သြရိဿ ပြည်နယ်က ဗုဒ္ဓ၀ါဒီ ရဟန်းတော်တွေ ရဲ့ ဝေဖန်ပြောကြားမူကို ကြားခဲ့ရကြောင်း သူ့ရဲ့ ခရီးသွားမှတ်တမ်း မှာ ရေးသားထားလို့ဖြစ်တယ်။
မဟာယာန ဗုဒ္ဓ၀ါဒရဲ့ ပန်းတိုင်ဟာ ဘုရားလောင်းဖြစ်တယ်။ မဟာယန ဘုန်းတော်ကြီးတွေနဲ့ လူဝတ်ကြောင်တွေဟာ ဘုရား လောင်း ကျင့်စဉ်ကို ကွဲပြားခြားနားမူ မရှိဘဲကျင့်ကြံနိုင်ပါတယ်။ ရွှင်ကျန်၊ ကာလဟဏနဲ့ စစ-နာမ တို့ဟာ ‘‘အိမ်ထောင်သားမွေး’’ လုပ်တဲ့ မဟာယာန ဘုန်းတော်ကြီးတွေကို အဲဒီ ခေတ်မှာ တွေ့ရှိရကြောင်းမှတ်တမ်းတင်ထားတယ်။ ဂျိုရှီကတော့ အဲဒီ ဘုရား လောင်းဝါဒ ဟာ အိမ်ထောင်ပြုတဲ့ ဘုန်းကြီးဂိုဏ်းကို ဖြစ်ပေါ်စေခဲ့ပုံ ရတယ် လို့ သုံးသပ်ပါတယ်။ မဟာယန ဗုဒ္ဓ၀ါဒီတွေဟာ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒမှာ လက်မခံခဲ့တဲ့ အလေ့အထတွေ၊ အယူဝါဒတွေကို စတင်လက်ခံကျင့်သုံးယူဆခဲ့ကြောင်း တွေ့ကြ ရတယ်။ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒမှာ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မူတွေ၊ တန်ခိုးအစွမ်းနဲ့ ဆိုင်တဲ့ ဘာသာရေး ပူဇော်ပွဲ အခမ်းနားတွေ၊ နတ်သား၊ နတ်သမီးတွေကို အရေးတကြီးကိုးကွယ်မူတွေကို မတွေ့ကြရပါဘူး။ သို့သော်လည်း မဟာယာန ဗုဒ္ဓ၀ါဒီတွေကတော့ ဒီလို အလေ့အထတွေကို ဗုဒ္ဓ၀ါဒရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍအဖြစ် စတင်ကျင့်သုံးခဲ့ကြတယ်။ သူတို့ဟာ ဗုဒ္ဓ၀ါဒကို အကြီးအကျယ် ပြောင်းလဲပစ်လိုက်တယ်။ ဒီလို ပြောင်းလဲကျင့်သုံးမူတွေက ဗုဒ္ဓ၀ါဒကို သာမာန်လူတွေနဲ့ ပိုပြီးနီးစပ်သွားစေတယ်လို့ ဆိုနိုင်ပေမဲ့ ခေတ်ကာလ ရှည်ကြာတဲ့အခါ ဒီကျင့်သုံးမူတွေက ဗုဒ္ဓ၀ါဒရဲ့ မူလသဘောတရား၊ အယူအဆတွေနဲ့ မူလအနှစ်သာရတွေကို ပျောက်ဆုံးသွားစေခဲ့ပါတယ်။
အေဒီ (၈) ရာစုနဲ့ (၉) ရာစုဟာ ဗုဒ္ဓ၀ါဒ မှာ အရေးပါတဲ့ ရာစုနှစ်တွေဖြစ်ပါတယ်။ ဒီရာစုနှစ်တွေကစပြီး နောက်ပိုင်းမှာ ဗုဒ္ဓ၀ါဒ ဟာ အပြောင်းလဲတွေ စတင် ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ကြရလို့ဖြစ်တယ်။ မန္တာန်ရွတ်ဖတ်မူတွေ၊ ဓါရဏီဓလေ့တွေ၊ မုဒြာ အယူအဆ တွေ၊ မဏ္ဍလ သဘောတရားတွေနဲ့ အခြား တန္တရ ဓလေ့ထုံးတမ်းတွေကို အဲဒီခေတ် မဟာယာန ဗုဒ္ဓ၀ါဒမှာ စတင်လက်ခံကျင့် သုံးခဲ့တာဖြစ်တယ်။ ခေတ်ကာလ ရှည်ကြာလာတာနဲ့ တန္တရ ကိုးကွယ်မူ ဓလေ့ထုံးတမ်းတွေဟာ မဟာယာန ဗုဒ္ဓ၀ါဒမှာ အရေး ပါတဲ့ အခန်းကဏ္ဍ ဖြစ်လာခဲ့တယ်။ ပြီးတော့ ဗုဒ္ဓ၀ါဒ တစ်ခုလုံးကိုလည်း သိသာစွာ လွှမ်းမိုးခဲ့တယ်။ ဆိုခဲ့တဲ့ တန္တရ၀ါဒ ဓလေ့ထုံး တမ်းတွေကို အဓိက အားပြုလာတဲ့ မဟာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းဟာ တန္တရ မဟာယာန ဗုဒ္ဓ၀ါဒ ဂိုဏ်းအဖြစ် ထင်ရှားလာခဲ့တယ်။
အဲဒီ တန္တရ၀ါဒ ဟာ နှောင်းခေတ်မှာ ပဉ္စလက်ဝါဒ၊ လိင်မူဆိုင်ရာကိုးကွယ်မူ ၀ါဒနဲ့ တဆူတည်းသော ဘုရားသခင်ဝါဒ စသည်ဖြင့် ကိုးကွယ်မူ ၀ါဒ တွေ ရောယှက်ပါဝင်ခဲ့ကြောင်းလည်း တွေ့ကြရတယ်။ အရိုင်းဆန်တဲ့ ကျင့်သုံးမူဓလေ့များစွာနဲ့ စိတ်ကူးပေါက်ရာ အယူအဆတွေလည်း ဗုဒ္ဓ၀ါဒ အတွင်းဝင်ရောက်ခဲ့တယ်။ ဒီလို ဓလေ့၊ အယူတွေဟာ ဗုဒ္ဓ၀ါဒတစ်ခုလုံးကို ထိခိုက်စေခဲ့ရုံတင်မက ဘူး ဗုဒ္ဓ၀ါဒီ ရဟန်းသံဃာတော်တွေရဲ့ ၀ိနည်းစည်းကမ်းလိုက်နာမူကိုလည်း ဆိုးဆိုးဝါးဝါး ပျက်ပြားစေခဲ့တယ်။ ဒါတင်မကဘူးအစောပိုင်းခေတ် ဗုဒ္ဓ၀ါဒရဲ့ မူလ သဘောတရားနဲ့ လိုက်နာကျင့်ကြံမူတွေကိုလည်း အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တယ်။
ပါလ မင်းဆက် ခေတ်ကာလ အတွင်း အိန္ဒိယနိုင်ငံက ဗုဒ္ဓ၀ါဒဟာ တန္တရ၀ါဒ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီ တန္တရ ဗုဒ္ဓ၀ါဒကနေ ထပ်မံပြီး မန္တရယာန ဗုဒ္ဓ၀ါဒ ပေါ်ပေါက်ခဲ့တယ်။ အဲဒီ နောက်တစ်ခါတည်း ၀ဇီရ ယာန၊ သဟဇ ယာန၊ ကာလစကြယာန ဗုဒ္ဓ၀ါဒ စသည်ဖြင့် ၀ါဒ အမျိုးမျိုး ဖြစ်ပေါ် လာခဲ့ပြီး မူလ ဗုဒ္ဓ၀ါဒ ကိုအားနည်းယုတ်လျော့သွားစေခဲ့တယ်။ ဒါကြောင့်မို့ အဲ ဒီ ခေတ်ကာလ မှာ ဗုဒ္ဓ၀ါဒဟာ ကိုးကွယ်သူ နည်းပါးလာခဲ့ပြီး ဗြာဟ္မဏ၀ါဒ ဟာ ထွန်းကားပြန့်ပွားလာခဲ့တာဖြစ်တယ်။
တဖြည်းဖြည်းနဲ့ ဟိန္ဒူဝါဒ ကိုးကွယ်ပူဇော်မူ ဓလေ့ထုံးစံတွေဟာ ဗုဒ္ဓ၀ါဒ မှာ အထူးအရေးပါထင်ရှားလာခဲ့တယ်။ ဒီ အချက်ဟာ မူလ ဗုဒ္ဓ၀ါဒ ကို အားနည်းယုတ်လျော့စေခဲ့ပြီး ဗုဒ္ဓ၀ါဒ ပျောက်ကွယ်ဖို့ အတွက် နိမိတ်ဆိုးဖြစ်စေခဲ့ပါတယ်။ တန္တရ ဗုဒ္ဓ၀ါဒနဲ့ ရှီဝ ၀ါဒ၊ သာကတ တန္တရ ၀ါဒ တွေဟာ ထူးမခြားနား ဖြစ်လာခဲ့တယ်။ တန္တရ ဗုဒ္ဓ၀ါဒီ တွေဟာ ဟိန္ဒူဝါဒီ တွေလိုဘဲ ‘‘သာကတ ပီဌ’’ ဒေသ တွေကို မြင့်မြတ်တဲ့ ဒေသတွေလို့ လက်ခံလာခဲ့ကြတယ်။ ၀ဇီရ ယာန ဗုဒ္ဓ၀ါဒ ဟာ မူလ ဗုဒ္ဓ၀ါဒ နဲ့ ဖြောင့် ဖြောင့်ကြီး ကွဲပြားခြားနား သွားခဲ့ပါတယ်။ ဥပမာ ၀ဇီရ ယာန ကျမ်းဂန်တစ်ခု မှာ လွတ်မြောက်မူကို ယခု မျက်မှောက်ဘ၀ မှာ ဘဲ သံသရာရဲ့ အကူညီနဲ့ ရရှိနိုင်ပြီး အဲဒီ သံသရာ ဟာ နိဗ္ဗာန် ဖြစ်တယ် လို့ ရေးသားထားပါတယ်။ ၀ဇီရယာန မှာ ငါးပါး သီလရဲ့ အခန်းကဏ္ဍ မရှိတော့ပါဘူး။ ‘‘ပဉ္စမကာရ’’ သဘောတရားနဲ့ ဘာသာရေးပူဇော်မူ အခမ်းအနား ငါးရပ် ဟာ ငါးပါးသီလ ရဲ့ နေရာမှာ အစားထိုးဝင်ရောက်ခဲ့ တယ်။ ၀ဇီရယာန ဟာ ‘‘မဟာသုခ’’ သဘောတရားကို အရေးတကြီး ရှေ့တန်းတင်ထားပြီး အဲဒီ မဟာသုခ ကို ယောဂိနိ နဲ့ ဘာသာရေး ဆိုင်ရာ ပေါင်းစပ်ခြင်းအားဖြင့် ရရှိနိုင်တယ် လို့ ဆိုထားပါတယ်။ ဂျို ရှီ ရဲ့ စကားနဲ့ မှတ်ချက်ပြုရ ရင်တော့ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒ ရဲ့ အကြောင်းအကျိုးဆင်ခြင်မူ၊ သဘောအမှန်အတိုင်း ထိုးထွင်းသိမြင်ခြင်းဆိုင် ရာ ပွားများလေ့ကျင့်မူ တွေပျောက်ကွယ်သွားခဲ့ပြီး အယူးသီး တဲ့ မှော်၊ ပျောက်စေ၀ါဒနဲ့ လိင်၊ အာရုံခံစားမူ လျှိုဝှက် ဆန်းကြယ် တဲ့ ကိုးကွယ်မူ ၀ါဒ အဖြစ်ပြောင်းလဲသွားခဲ့တယ်။ ဥပမာ အစောပိုင်း ဗုဒ္ဓ၀ါဒမှာ ရာဂ တရားကို အဆိုးဆုံး မီး အဖြစ်ဟောကြား ထားခဲ့ပေမဲ့ ၀ဇီရ ယာန ဗုဒ္ဓ၀ါဒ ကတော့ အဆင့်မြင့်တဲ့ ချမ်းသာပျော်ရွှင်မူ အဖြစ်လက်ခံယူဆ ထားပါတယ်။ အချုပ်ပြောရရင် တော့ မဟာယာန ဗုဒ္ဓ၀ါဒီတွေဟာ ဗုဒ္ဓ၀ါဒကို လူကြိုက်များစေဖို့အတွက် အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒ မှာ လုံးဝ လက်မခံခဲ့တဲ့ ကျင့်သုံးမူတွေကို စတင်လက်ခံ ကျင့်သုံးခဲ့ကြတယ်။
ဗုဒ္ဓ၀ါဒအတွင်းမှာ ဟိန္ဒူ ၀ါဒ ကိုးကွယ်ပူဇော်မူ ဓလေ့တွေကို လက်ခံကျင့်သုံးခြင်းနဲ့ ၀ဇီရယာန ဗုဒ္ဓ၀ါဒီတွေရဲ့ တလွဲကျင့်သုံးမူ၊ ကိုးကွယ်ပူဇော်မူတွေဟာ အစောပိုင်းခေတ် ဗုဒ္ဓ၀ါဒက ဦးတည်ခဲ့တဲ့ ဘာသာရေး ပန်းတိုင်တွေ ပျောက်ဆုံးစေခဲ့ပြီး ဒီအချက်တွေ ဟာ အိန္ဒိယ နိုင်ငံမှာ ဗုဒ္ဓ၀ါဒ ကျဆုံးစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုသော အကြောင်းရင်းဖြစ်စေခဲ့တယ်။
-ဆက်ရန်-
ဘိက္ခု ကေသရ
ref: The Rise and Decline of Buddhism in India
by Kanai Lal Hazra

အိန္ဒိယနိုင်ငံ ဗုဒ္ဓ၀ါဒ ကွယ်ပျောက်ခြင်း ... ၎
================================
ဗြာဟ္မဏ တွေရဲ့ ဗုဒ္ဓ၀ါဒ အပေါ်ရန်လို အမုန်းထားမူ ဟာလည်း အိန္ဒိယမှာဗုဒ္ဓ၀ါဒကွယ်ပျောက်ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်။ နှောင်းခေတ် ဗြာဟ္မဏ၀ါဒမှာ ဗုဒ္ဓကို အ၀တာရ ကိုယ်ပွားဘုရား တစ်ဆူအဖြစ် လက်ခံခဲ့တာ မှန်ပေမဲ့ ဗြာဟ္မဏတွေ ဟာဗုဒ္ဓ၀ါဒီတွေကိုရင်းနှီးဖော်ရွေခဲ့တယ်၊ နှစ်သက်ခဲ့ တယ်ဆိုတဲ့ လက္ခဏာမျိုးကိုတော့ မတွေ့ကြရဘူး။ သူတို့ဟာ ဗုဒ္ဓ၀ါဒီ တွေကို အမြဲလိုလို ရန်ရှာ အမုန်းထားခဲ့ကြောင်းသာတွေ့ကြရတယ်။ ဗုဒ္ဓမြတ်စွာ သက်ရှိထင်ရှား ရှိစဉ်ကာလ ကတည်းက စပြီး သူတို့ဟာ ဗုဒ္ဓမြတ်စွာ နဲ့ ဗုဒ္ဓ၀ါဒ ကိုဆိုးဆိုးဝါးဝါး အမုန်းထားကြကြောင်းကျမ်းဂန်မှတ်တမ်းတွေမှာ တွေ့ကြရတယ်။
ခုဒ္ဒကနိကာယ် မှာ ကာသိဘာရဒွါဇ ဗြာဟ္မဏဟာ ဗုဒ္ဓကို မချေမငံ ဆက်ဆံကြောင်းတွေ့ရတယ်။ အဂ္ဂိက ဘာရဒွါဇ ဗြာဟ္မဏက တော့ ဗုဒ္ဓမြတ်စွာကို ‘‘ဇာတ်နိမ့်’’ လို့ နှိမ့်ချ ခေါ်ဝေါ်ကြောင်းလည်း တွေ့ရပါတယ်။ သံယုတ္တနိကာယ်မှာတော့ ဗြာဟ္မဏရွာ ဟာ ဗုဒ္ဓမြတ်စွာကို ဆွမ်း တစ်စေ့မှ မလောင်းလှူဘူး လို့ ဆိုပါတယ်။ ဒီဃနိကာယ် မှာ သောဏဒဏ္ဍ ဗြာဟ္မဏဟာ သူ့ရဲ့ ဗြာဟ္မဏ အသိုင်းဝိုင်းက သူ့ကို ပြစ်တင် ကဲ့ရဲ့မှာ စိုးရိမ်တဲ့အတွက် ဗုဒ္ဓမြတ်စွာကို ဖူးတွေ့ဖို့ တုံ့ဆိုင်းခဲ့ရကြောင်း မှတ်တမ်းတင်ထားတယ်။ ရှင်မောဂ္ဂလာန် ဟာ တိတ္ထိတွေ သို့မဟုတ်ရင် ဗြာဟ္မဏ၀ါဒီတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရကြောင်း ဓမ္မပဒ အဋ္ဌကထာမှာရေးသားထားတယ်။
ဂေါတမီပုတြ သာတကရာနီ ဘုရင်ဟာ ဗုဒ္ဓ၀ါဒီတွေကို ဆန့်ကျင်နှိမ်နင်းဖို့ ဆောင်ရွက်ခဲ့ကြောင်းတွေ့ရတယ်။ ဒီ ဘုရင်ဟာ အမြဲတမ်း သူ့ကိုယ်သူ အတုမရှိ ဗြာဟ္မဏလို့ ဆိုလေ့ရှိပြီး ခတ္တိယတွေရဲ့ မာနကို နှိမ် ချိုးခဲ့ရုံမျှ မကဘူး ဇာတ်ရောနှောမူကိုလည်း တားမြစ် ပိတ်ပင် ခဲ့တယ်။ ရွှင်ကျန်ဟာ သူ့ရဲ့မှတ်တမ်းထဲမှာ သာတ၀ါဟန ဘုရင်တပါးဟာ ဗုဒ္ဓ၀ါဒ ကျမ်းတတ် ရဟန်းတော် တပါး ဖြစ်တဲ့ နာဂဇုန ကို သတ်ခဲ့တယ် လို့ ရေးသားထားတယ်။ အဲဒီ သတ်ခဲ့တဲ့ ဘုရင်ဟာ ဂေါတမီပုတြာ ဘုရင်ဖြစ်ကြောင်း ဂျိုရှိက ထုတ်ဖော်ရေးသားပြီးဖြစ်တယ်။ ရာမာယဏဇာတ်ထဲက အယောဓယ ကဏ္ဍမှာ ဗုဒ္ဓကို ဘုရားမဲ့ ၀ါဒီ အဖြစ် ရေးသားထား တယ်။ ရာဂျန၀ါလ်ကျ ကျမ်းမှာ တော့ အ၀ါရောင် သင်္ကန်းကို ၀တ်ဆင်ထားတဲ့ ဗုဒ္ဓ၀ါဒီ ရဟန်းတစ်ပါးကို မြင်တွေ့ရခြင်းဟာ အိပ်မက်ထဲ မှာ မြင်တွေ့ရင်တောင် မကောင်းတဲ့ အတိတ် နိမိတ်ဖြစ်ပြီး ဝေးဝေးရှောင်ခြင်းဟာ အကောင်းဆုံးဖြစ်တယ် လို့ ဆို ထားပါတယ်။ ဗြာဟ္မဏာရာဒိယ ပုရာဏ်ကျမ်းမှာတော့ ဗြာဟ္မဏ တစ်ယောက်ဟာ ဘေးအန္တာရာယ်နဲ့ ကြုံတွေ့လို့ ဗုဒ္ဓဘာသာ ၀င်တစ်ဦးရဲ့ အိမ်အတွင်းဝင်ရောက်မိရင်တောင် အပြစ်ကြီးတစ်ခု ကျူးလွန်မိတာ ဖြစ်တယ် လို့ ဆိုထားတယ်။ အဂ္ဂိပုရာဏ် ကျမ်းကတော့ သုဒ္ဓေါဒန ဘုရင်ရဲ့သားဟာ နတ်ဆိုးတွေရဲ့ လှည့်ဖြားမူကြောင့် ဘုရားဖြစ်အောင် ကြိုးစားခဲ့တယ် လို့ ပြောထား တယ်။ သွားက ဖြူဖြူ၊ မျက်လွှချထားလျက်၊ ဦးပြည်း သင်္ကန်းအနီရောင်နဲ့ ဇာတ်နိမ့်တွေဟာ သူတို့ဘာသာရေး အမူတွေကို ဆောက်ရွက်လေ့ရှိတယ် လို့ ၀ါယု ပုရာဏ်ကျမ်းကတော့ ဗုဒ္ဓ၀ါဒီ ရဟန်းတွေကို နှိမ့်ချရေးသားထားတယ်။ ဗိရှနိုး ပုရာဏ်ကျမ်း မှာ ဗုဒ္ဓ ဟာ အကြီးအကျယ်သွေးဆောင်ဖြားယောင်းသူဖြစ်တယ်။ ဒါကြောင့် မဟာမောဟ လို့အမည်ထင်ရှားတယ်။ သူဟာ နတ်ဆိုးတွေကို လှည့်ဖြားပြီး အဟိံသ၀ါဒနဲ့ နိဗ္ဗာန် သဘောတရားတွေကို သင်ကြားခဲ့တယ်။ လူတွေကို ဝေဒ ကျင့်ဝတ်တွေနဲ့ ဝေဒ ဘာသာ တရားကနေ ကင်းကွာအောင် လုပ်ခဲ့တယ်။