Search This Blog

Wednesday, January 18, 2017

ဧရာဝတီမြစ်

ဧရာဝတီမြစ်

အရှည် ၁၃၅၀ -မိုင်
ဖြတ်သန်းရာ ဒေသ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း
မြစ်လက်တက်များ တာပိန်မြစ်၊ မြစ်ငယ်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်၊
ရေဆင်းဧရိယာ ၁၅၈၇၀ဝ-စတုရန်းမိုင် (၄၁၁၀ဝ၀-စတုရန်း ကီလိုမီတာ)
အဆုံးသတ်စီးဝင်ရာ မုတ္တမပင်လယ်၊ ကပ္ပလီပင်လယ်၊

အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwaddy ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးမြစ်ဖြစ်ပြီး မြန်မာပြည်၏ အဓိကသွေးကြောကြီးသဖွယ် မြစ်တစ်ခုလည်း ဖြစ်ပေသည်။ ဧ�ရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ ဗဟိုချက်မနေရာများကို ဖြတ်သန်း စီးဆင်းသွားသည်။ မြစ်ဝှမ်းသည် (၄၁၃, ၆၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အဝန်း၏ (၆၁) ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျား(၂, ၁၇ဝ) ကီလိုမီတာနီးပါး ရှည်လျှားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။

ဧရာဝတီမြစ်သည် ကချင်ပြည်နယ်ရှိ မလိခနှင့် အင်မိုင်ခ (မေခ) မြစ်များပေါင်းဆုံရာမှနေ၍ စတင်စီးဆင်းသည်။ ဤမြစ်ဖျား ခံရာ မြစ်နှစ်စင်းလုံးသည် ဟိမဝန္တာတောင်တန်း၏ အရှေ့တောင်ပိုင်းဒေသမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ အင်မိုင်ခမြစ် သည် ပူတာအိုမြောက်ဘက်ရှိ လင်ဂွေလာ ရေခဲတောင်ထွဋ် (Languela Glacier) မှာ စတင်ပေါ် ထွန်းသည်။ မြစ်ဆုံသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် (၂၈) မိုင် အကွာတွင် တည်ရှိသည်။ ဧရာဝတီအတွင်း စီးဝင်သည့် အဓိကရေဝေမြစ် ၃ ခုမှာ ချင်းတွင်း၊ ရွှေလီနှင့် မြစ်ငယ်မြစ်တို့ ဖြစ်ကြသည်။

နာမည်တူမြစ်

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင် သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။
မြစ်ဆုံ

မိုင်ပေါင်း(၁၃၀၀)ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုန်းတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဖက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စလစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။

ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ၊ ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက်ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ၀ဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။
ပထမမြစ်ကျဉ်း

ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဖက် အကွာအဝေးသည် ကိုက် (၅၀)ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျှက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့် တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရပါသည်။ ကမ်းတစ်ဖက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်၎င်း၊ လက်ဝဲဘက်ကသော်၎င်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ကနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဖက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။

ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။
ဒုတိယမြစ်ကျဉ်း

ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းကန်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စပါတော့သည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းကန်းရွာမှ ရွှေဂူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။ ဆယ့်လေးမိုင်ခန့် ရှည်၍ ပျှမ်းမျှ ကိုက်၁၅၀သာ ကျယ်ပေသည်။ မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ ရွှေဂူမြို့ အနားရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကို၎င်း၊ သောင်ကျွန်း ပြည့်တည်ထားသော ဘုရားစေတီများကို၎င်း တွေ့မြင်ရပြန်သည်။ မြစ်ကြောင်းကလည်း အနောက်ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန်သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့သို့ ရောက်သည်။

ကသာမြို့အောက်နားတွင် အရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပြန်သည်။ သစ်ဖောင်ဝါးဖောင်များ မျှောချလာသည်ကို မြင်ရပြန်လေသည်။ ကသာကိုလွန်သော် ဧရာဝတီသည် တောင်ဘက်သို့ ကွေ့ဆင်းလေသည်။ ကသာမြို့မှ ထီးချိုင့်၊ ၎င်းမှ မဇ္စျိမဒေသ သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာသို့ ရောက်လေသည်။
တတိယမြစ်ကျဉ်း

မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်း စပါတော့သည်။ မလည်ရွာအောက်တွင် တောင်တန်းနိမ့်များမှာ ကမ်းစပ်နှင့်ပို၍ နီးလာသည်ကို တွေ့ရသည်။ အရှေ့ဘက်ကမ်းတွင်လည်း မိုးကုတ်တောင်တန်း မှိုင်းမှိုင်းညို့ညို့ကို တွေ့မြင်ရသည်။ အရှေ့ဘက်ကမ်းပေါ်ရှိ သပိတ်ကျင်းမြို့သည် မိုးကုတ်မြို့၏ ဆိပ်ကမ်းမြို့လည်းဖြစ်လေသည်။ သပိတ်ကျင်းမြို့မှ လွန်သော် သီဟတောရွာနှင့် ဘုရား၊ သုံးဆယ့်ရှစ်မိုင် ခန့်ရှိသော တတိယ မြစ်ကျဉ်းသည် မလည်ရွာမှစ၍ ကျောက်မြောင်းမြို့အနီး၌ ဆုံးလေသည်။
မြေလတ်ဒေသ

ကျောက်မြောင်းသည် အနောက်ဘက် ရွှေဘို၏ ဆိပ်ကမ်းဖြစ်ပြီး ကျောက်မြောင်းအလွန်တွင် မြစ်ပြင်သည် ပြန်လည် ကျယ်ပြန့် လာသည်။ ကျောက်မြောင်း၊ ရွှေဘိုဒေသ ရှုခင်းသည် ခြောက်သွေ့၏။ သစ်ပင်ချုံနွယ်များ ကျဲလာပြီး၊ တောင်များ ညိုပုပ်ပုပ်အရောင် ပြောင်းလာသည်။ မြစ်ကြောင်းကား မြေပြန့်လွင်ပြင်ကို ဖြတ်သန်းစီးဆင်း၍ မြစ်ပြင်ကျယ်လာသည်ကား မှန်၏။ သို့ရာတွင် စည်းသောင် တိမ်သောင် များလွန်း၍ ရေကြောင်းမှာ ရေမွှာ ရေခွဲများဖြင့် ကွဲသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိမြစ်အပိုင်းအတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ကျောက်မြောင်းမှ ရှိမ်းမကား၊ ထိုမှတဖန် မင်းကွန်းကို ဖြတ်သည်။ မင်းကွန်းပုထိုးတော်ကြီး ကို အဝေးမှပင် ဖူးတွေ့နိုင်ပေသည်။ မင်းကွန်းမှသည် မန္တလေးမြို့ ဂေါဝန်ဆိပ်သို့ ရောက်သည်။

ဤတွင် မန္တလေးနှင့် တဆက်တည်းရှိသော အမရပူရမြို့ အစွန် တောင်ပူစာနှစ်ခု ထိပ်၌ရှိသော ရွှေကြက်ယက်စေတီ၊ ရွှေကြက်ကျစေတီ နှစ်ဆူကို ဧရာဝတီမြစ်ပေါ်မှ ဖူးတွေ့ရပြန်သည်။ အမရပူရမြို့၏ အရှေ့တောင်ဘက်ကို လှမ်းကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်နှင့် ယင်းမြစ်၏ တစ်ဘက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းကို တွေ့မြင်ရလေသည်။ အနောက်ဘက်တွင်ကား စစ်ကိုင်းမြို့ ၊ အမရပူရနှင့် စစ်ကိုင်းကြားတွင် စစ်ကိုင်းတံတား က ကူးဆက်ထားပြန်သည်။ စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ နေရာအကွက်ကလည်း ကျလှပေ၏။ အနောက်ဘက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင်၊ အရှေ့ဘက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီဖြူဖြူ အလည်တွင် မြစ်ရေဖွေးဖွေး မြင်ရသည်မှာ ကြည်နူးစရာ အလှအပ ရှုခင်းပါပေတည်း။

စစ်ကိုင်းအလွန်တွင် မြစ်ကြောင်းသည် အနောက်ဘက်သို့ ကွေ့ဝင်သွားသည်။ မကြာမီ ရွာသစ်ကြီးကို ဖြတ်သန်းရသည်။ ၎င်းနောက် မြင်းမူ၊ ဆီမီးခုံ၊ နဂါးပေါက်၊ ရန္တပို စသောရွာများကို ဖြတ်သန်းလာခဲ့ရပြန်သည်။ ထို့နောက် မြစ်ကြောင်းသည် တောင်ဘက်သို့ ပြောင်း၍ စုန်ဆင်းပြန်၏။ မန္တလေးမှ မိုင်ရှစ်ဆယ် ဝေးသောမြင်းခြံမြို့၊ မြင်းခြံဆိပ်ကမ်းကို သင်္ဘောကပ်၍ မရပါ။ ဆိပ်ကမ်းဝတွင် ဧရာမ သောင်ပြင်ကြီးက ထီးထီးချည်း ခံနေလေသည်။ ထို့နောက် မြင်းခြံအောက် အနောက်ဘက် ကမ်းရှိ ပခုက္ကူမြို့ကို ဆိုက်ရောက်ပေသည်။
ဧရာဝတီယဉ်ကျေးမှု

ပခုက္ကူမြို့သည် အလုံ၊ မုံရွာဘက်မှ စီးဆင်းလာသော ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ပေါင်းဆုံရာ အောက်နားတွင် တည်ရှိပြီး၊ အနောက်ဘက်တွင် ယောချောင်း၊ ချင်းတို့၏ ဒေသနှင့်လည်း အဆက်အသွယ် များလေသည်။ ပခုက္ကူမှ စုန်ဆင်းလာခဲ့ရာ အနောက်ဘက်ကမ်းတွင် မြစ်ခြေ၊ ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ တည်ရှိသည်။ ပခုက္ကူမှ ၂၅-မိုင်ခန့် အကွာတွင် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ၊ ဟင်္သာမောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်ကျယ်ကြီးကို တွေ့ရလေသည်။ ညာဘက်တွင် တန့်ကြည်တောင်တန်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီးကမ်းပါး စောက်တို့သည် မြင်ကွင်းတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ ညောင်ဦးမြို့သည် ပုဂံမြို့ဟောင်း၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပုဂံမှာ သောင်ထွန်း၍ လှေသင်္ဘောများ မကပ်နိုင်ပေ။ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စတဲ့ မြန်မာ့သမိုင်းကြီးတွင် ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့သည်။ စဉ်စစ် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည် ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်တော့သည်။

ပုဂံမှသည် မြေဆီမှ ရွှေရည်ထွက်ရာ ရေနံမြေကို ဖြတ်ကျော်လျှက် မြစ်၏ အနောက်ဘက်တွင် ရေနံချပ်နှင့် လမ်းရွာ၊ အရှေ့ဘက်တွင် စဥ့်ကူးနှင့် ချောက်၊ ချောက်မှသည် မိုင် ၄၀-ခန့်ဝေးသော ရေနံချောင်းမြို့၊ ဤနေရာတစ်လျှောက် မြစ်ကြောင်းသည် ဖြောင့်လိုက်၊ ကောက်လိုက် ရှိလေသည်။ မတ်စောက်သော ကမ်းပါးများ၏ ကုန်းပေါ်တွင် မျှော်စင်တွေနှင့် ရေနံတွင်းများ၊ စက်ရုံများကို တွေ့ရလေသည်။ ချောက်မှ သုံးမိုင်အကွာ စလေမြို့၊ စလေမှ ၁၅-မိုင်ဝေးသော ဆင်ဖြူကျွန်းမြို့ကို ဖြတ်ကျော်သည်။ ဆင်ဖြူကျွန်း တစ်ဝိုက်တွင် မြစ်သည် တံစုန်းများ ပေါများသည်။ (တံစုန်းများဆိုသည်မှာ ရေမြုပ်သစ်ပင်၊ သစ်တုံးနှင့် ရေပေါ်ရေမျော သစ်တုံးများကို ဆိုလိုသည်။)

ဆင်ဖြူကျွန်းမှ တစ်ဖန် ရေနံချောင်းအောက်ဘက် ၂၅-မိုင်ခန့် ကွာဝေးသော အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၊ မင်းဘူးမြို့သည် မုန်းချောင်း၊ မန်းချောင်းတို့မှ မြောင်းသွယ်ထားသဖြင့် စိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်လေသည်။ မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့၏ ကျက်သရေဆောင် ရွှေတ၀င်းဝင်းနှင့် မြသလွန်ဘုရားကို ဖူးမြင်ရပြန်သည်။ ထိုမှတဆင့် အရှေ့ဘက် မြစ်ကြောင်းကွေ့သည့်အတိုင်း စုန်ဆင်းလာရာ အနောက်ဘက် ရခိုင်ရိုးမမှ ဖြာထွက်သော တောင်စွယ်သည်၎င်း၊ အရှေ့ဘက် ပဲခူးရိုးမမှ ဖြာထွက်လာသော တောင်စွယ်သည်၎င်း ကမ်းပါးအထိ ရောက်လာသည်ကို တွေ့မြင်ရပြန်သည်။ ထိုမှလွန်သော် အနောက်ဘက်ကမ်းရှိ မင်းလှနှင့် မလွန်၊ ထိုမှ အရှေ့ဘက်ကမ်းရှိ ဆင်ပေါက်ဝဲ၊ မြေထဲမြို့ များကို ဖြတ်လာခဲ့ရသည်။ မြေထဲအောက် အနောက်ဘက်ကမ်းရှိ သရက်၊ ညောင်ပင်ဆိပ်၊ ကမ္ပတို့ကို လွန်သော် ဖိုးဦးတောင်ကို၎င်း၊ အရှေ့ဘက်ကမ်းတွင် ပြည်မြို့ကို၎င်း ချဉ်းကပ်လာပြန်သည်။

မြစ်ဝကျွန်းပေါ်

ပြည်မှ တစ်ဖန် ခွာလေရာ ထုံးဘိုရွာအနီးတွင် မြစ်ကမ်းပါးအရောက် ထိုးထွက်နေသော ကျောက်နံရံကျယ်ကြီးကို တွေ့မြင်ရပြန်သည်။ ယင်းကို အကောက်တောင်ဟု ခေါ်သည်။ ထိုအကောက်တောင် နံရံများတွင် ဘုရားဆင်းတု ပုံတော် အမျိုးမျိုးကို ကြည်ညိုစရာ ထွင်းထုထားသည်ကို မြစ်ထဲမှ ကောင်းစွာဖူးမျှော် တွေ့မြင်နိုင်ပေသည်။ ပြည်မြို့အောက် မိုင်၅၀-ခန့်ရှိ မြန်အောင်ကို ဖြတ်သည်နှင့် မိုးကောင်း၍ စိမ်းစိုသော မြစ်ဝကျွန်းပေါ် အစကို တွေ့မြင်နိုင်သည်။

ဧရာဝတီမြစ်သည် ရေစီးနှင့်အတူ နူံးမြေများကို သယ်ဆောင်ရာက တဖြည်းဖြည်း ပို့လာပြီး မြစ်ဝကျွန်းပေါ် မြေနုကျွန်းများ ဖြစ်ပေါ်လာခဲ့ရလေသည်။ မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ် (မုတ္တမပင်လယ်) ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။ ထိုအခါ ဧရာဝတီမြစ်သည် မြန်အောင်မြို့ အောက်နားမှစ၍ ပုသိမ်မြစ်၊ ရွေးမြစ်၊ ဧရာဝတီမြစ်မကြီး၊ ဖျာပုံမြစ် စသည်ဖြင့် မြစ်ငယ်များ ချောင်းများ ခွဲ၍ခွဲ၍ မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။

ဧရာဝတီမြစ်မကြီးအတိုင်း ကြံခင်း၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်းမြို့များကို ဖြတ်ကျော်ပြီး ညောင်တုန်းမြို့ အောက်ဘက်တွင် ဧရာဝတီမြစ်မကြီးသည် မြစ်ငယ်၊ ချောင်းတိုများ ထပ်မံဖြာထွက်ပြန်သည်။ ညောင်တုန်းမြို့မှ တစ်ဆင့် ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ပန်းလှိုင်၊ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ ရွှေတိဂုံ စေတီတော်ကြီးကို လှမ်း၍ ဖူးမျှော်ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိလေတော့သည်။ ရန်ကုန်၏ တစ်ဖက်ကမ်းတွင် ဒလ၊ တွံ့တေးမြို့ များရှိပြီး ရန်ကုန်ကို ကျော်လျှင် သန်လျင်မြို့ ကိုတွေ့ရပြီး ဧရာဝတီမြစ်သည် မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။

မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် "အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း" ဖော်ပြခဲ့ပါသည်။
သမိုင်းထဲက ဧရာဝတီ

မြန်မာ့ သမိုင်းတစ်လျှောက်တွင် ဧရာဝတီမြစ်သည် အရေးပါသည့် အခန်းမှ ပါဝင်ခဲ့သည်။ ပုဂံခေတ်မှစကာ နောက်ဆုံး ကုန်းဘောင်ခေတ်တိုင် ခေတ်အဆက်ဆက်တွင် အရေးပါသည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး တို့တွင် အသုံးချခဲ့ကြသည်။ မွန်- မြန်မာစစ်ပွဲများဟု ထင်ရှားသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ကာလများအတွင်းတွင် ဧရာဝတီမြစ်သည် အဓိက စစ်ချီတက်ရာလမ်းကြောင်းကြီးဖြစ်ခဲ့သည်။ ဧရာဝတီမြစ်ကမ်းပေါ်ရှိပြည်မြို့သည်လည်း နှစ်ဖက်စစ်ရင်ဆိုင်ရာ ရှေ့တန်းစစ်မျက်နှာဖြစ်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်လည်း အထက်မြန်မာနိုင်ငံတလွှား တိုက်ခိုက်ရာတွင် စစ်ချီလမ်းကြောင်းအဖြစ် ဧရာဝတီမြစ်ကို အဓိကအားဖြင့် အသုံးပြုခဲ့ပြန်သည်။ ထို့အတူ ညောင်ရမ်းခေတ်ဦး မင်းများဖြစ်ကြသည့် အနောက်ဖက်လွန်မင်း နှင့် သာလွန်မင်းတို့လည်း ဧရာဝတီမြစ်ကို စုန်ဆန်သွားလာခြဲ့ကသည်။ ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင်လည်း ရန်သူအင်္ဂလိပ်တို့ကို ခုခံရာတွင် မြစ်ရိုးတစ်လျှောက် ခံတပ်များ တည်ဆောက်ခဲ့ကြရာ မင်းလှခံတပ်နှင့် အင်းဝခံတပ်တို့မှာ နာမည်ကျော်သည်။
မြစ်လက်တက်များ

အဓိကမြစ်လက်တက်ကြီးများမှာ-

တာပိန်မြစ်
ရွှေလီမြစ်
မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)
မူးမြစ်
ချင်းတွင်းမြစ် တို့ဖြစ်ကြသည်။

ထို့ပြင် ချောင်းလက်တက်များလည်း ရှိသေးသည်။

ချောင်းမကြီးချောင်း (အနောက်ဘက်)
စလင်းချောင်း (အနောက်ဘက်)
မုန်းချောင်း (အနောက်ဘက်)
မန်းချောင်း (အနောက်ဘက်)
မင်းတုန်းချောင်း (အနောက်ဘက်)
ပင်းချောင်း (အရှေ့ဘက်)
ယင်းချောင်း (အရှေ့ဘက်)
ဒေါင်းသေချောင်း (အရှေ့ဘက်)
ဗွက်ကြီးချောင်း (အရှေ့ဘက်)

မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ

ပူတာအို
မြစ်ကြီးနား
ဗန်းမော်
ကသာ
တကောင်း
ကျောက်မြောင်း
မန္တလေး
စစ်ကိုင်း
ချောက်
ပုဂံ-ညောင်ဦး
မကွေး
ပြည်
ဟင်္သာတ
ပုသိမ်

ဧရာဝတီမြစ်ကူး တံတားများ

ဗြိတိသျှကိုလိုနီအစိုးရက ၁၉၃၄ တွင် အင်းဝတံတား(စစ်ကိုင်းတံတား)ကို တည်ဆောက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာကြာသည့်တိုင် တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။

ထပ်မံအသစ်တည်ဆောက်သောတံတားကြီးများမှာ -

ဧရာဝတီတံတား (ရတနာပုံ) (ယခင်အင်းဝတံတားကြီး၏ အထက်ဘက်နား)
ဗလမင်းထင်တံတား (အင်န်မိုင်ခမြစ်ကူး၊ မြစ်ကြီးနားမြို့အနီး၊ ၁၉၉၈၊နိုဝင်ဘာလ)
အနော်ရထာတံတား (ချောက်၊ ၂၀၀၁ခုနှစ်၊ ဧပြီလ)
မကွေးတံတား
ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း၊ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ)
နဝဒေးတံတား (ပြည်မြို့၊ ၁၉၉၇၊စက်တင်ဘာ)
မအူပင်တံတား (မအူပင်၊ ၁၉၉၈၊ဖေဖော်ဝါရီ)
ဧရာဝတီတံတား (ဒေးဒရဲ)

ဧရာဝတီအလှ ဓာတ်ပုံများ

မြစ်ဆုံ အလှ(၁)


မြစ်ဆုံ အလှ(၂)


မင်းကွန်း ပုထိုးတော်ကြီး


သွားလာရေးအတွက် အားထားရသည့် မြစ်မင်းဧရာ

မင်းကွန်း အနောက်ဘက် ဆိပ်ကမ်းဈေး


ရတနာပုံတံတား အလှ


စစ်ကိုင်းတံတား အလှ


စစ်ကိုင်းတောင်ပေါ်မှ ဧရာဝတီ အလှ

မြစ်ရေကြီးချိန် ဧရာဝတီ အလှ


သဘာဝ ဟင်္သာငှက်


ဧရာဝတီ လင်းပိုင်


သဘာဝ မိချောင်း
ယနေ့ခေတ် လေ့လာတွေ့ရှိချက်

ဧရာဝတီမြစ်တွင် ငါးမျိုးစိတ်ပေါင်း (၇၉) မျိုး ခိုလှုံရာနေထိုင်ကြသည့်အပြင်၊ ၂ဝဝ၂ ခုနှစ် အထိလေ့လာချက်များအရ ဧရာဝတီမြစ်ဝှမ်း၌ လူအများ အသိ အမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ (၄) ခုလည်း ရှိသည်။ မြစ်၏ ဇီဝသတ္တ စုံလင်ထွေပြားမှုအကြောင်းနှင့် ပတ်သက်၍ ကောင်းစွာလေ့လာထားသည်များလည်း မရှိသေးချေ။ မကြာသေးမီက တောင်ကျချောင်း ငါးခူမျိုးစိတ် သစ်များကို ထပ်မံတွေ့ရှိခဲ့ပြီး၊ ဧရာဝတီမြစ်ဆုံနှင့် သိပ်မဝေးလှသောနေရာများတွင် ၂ဝဝ၅ ခုနှစ်က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် နုံးတင်မြေနှစ်များ အများဆုံးပို့ချပေးနိုင်သောမြစ်လည်း ဖြစ်သည်။
ကိုးကား

ဝင်းသိမ်း(ကျောင်းအုပ်ကြီး၊ ရေကြောင်းပညာသိပ္ပံ)၏ ဧရာနဒီသိပါသည် ဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။
ဧရာဝတီမြစ်ကို ပိတ်ဆို့၍ ဆည်တည်ဆောက်နေခြင်း (Damming the Irrawaddy) မှ
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း
en.wikipedia.org

ပြဒါးလင်းဂူ

မြန်မာပြည်ရဲ့ အကြီးဆုံးဂူ (သို့)
ကျောက်ခေတ်လူသားများ နေထိုင်ခဲ့ရာ ပြဒါးလင်းဂူ

.
နှစ်ပေါင်းထောင်ချီတဲ့ ဒီ ပြဒါးလင်းဂူကို သွားဖို့အတွက် ရှမ်းပြည် ရွာငံကို ကျွန်မတို့ အဓိက လာခဲ့တာပါ။ ရွာငံရာက်တော့ အဲဒီနေရာကို သိသူတစ်ယောက်သာရှိတယ်တဲ့။ ကံကောင်းလို့ လမ်းပြပေးနိုင်မဲ့ သူ့ကို သိခဲ့ရတယ်။ ရွာငံမှာ သူပဲ လမ်းသိတယ်လို့ပြောပါတယ်။ ကားခကတော့ များတယ်ပေါ့။ တစ်သိန်းတောင်းတယ်။ လမ်းကလဲ ကြမ်းတော့ 4wheels မှာရတာမို့လို့လေ။ ဒီလိုနဲ့ မနက်စောစော ထွက်ခဲ့တယ်။ နှစ်ပေါင်း ၅၀၀၀ ခန့်က လူသားမျိုးနွယ်တွေ နေခဲ့တဲ့နေရာဆိုတော့စိတ်ထဲမှာတော့ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ကြတာပါ
.
ပြဒါးလင်းဂူ နှစ်

တောင်တွေကို ပတ် မတ်စောက်တဲ့ အချို့နေရာတွေကို ဖြတ်ပြီး ၄၅ မိနစ်ကြာတော့ ဂူရှိရာ တောင်ခြေကို ရောက်ခဲ့ပါတယ်။ ပထမဆုံး ပြဒါးလင်းဂူ အမှတ် နှစ်ကို ရောက်ပါတယ်။ တကယ့်ကို ဆန်းကြယ်တဲ့ သဘာဝ ကျောက်ဂူကြီး။ အချို့နေရာတွေက မဲမှောင်နေပြီး အချို့နေရာတွေကတော့ အပေါ်က ကျောက်တုံးများ ပြိုကျထားခြင်းကြောင့် သဘာဝ အလင်းရောင်ကို ရထားပါတယ်။ စစဝင်ခြင်းနေရာမှာ တချို့ သက်တမ်းရင့် ကျောက်များဟာ လက်နေတာ တွေ့ရပြီး ဒါကြောင့် ပြဒါးလင်းဂူလို့ ခေါ်တယ်ဆိုတာ သိရပါတယ်။ မြန်မာပြည်က အကြီးဆုံး ဂူကြီးလို့ ပြောလို့ရပါတယ်။ ပထမပုံကိုကြည့်ပါ။ ကျွန်မက တကယ့် သေးသေးလေးဖြစ်သွားတယ်။

အထဲကို ဝင်လာလိုက်တာ ဆယ်မိနစ်လောက်တော့ရှိတယ်။ ဆက်ဝင်မဲ့နေရာမှာ မြွေတွေ့တာနဲ့ မဝင်ခဲ့ရပါဘူး။ ဒီဂူမှာတော့ ကျောက်ခေတ်လူသားတွေ နေခဲ့တာတော့ မတွေ့ရဘူးပြောတယ်။ ဒီဂူတွေကြောင့် လမ်းဖောက်လိုက်တာလို့လဲပြောပါတယ်။ တကယ်လူဝင်မယ်ဆိုရင် လူရာချီဆန့်လောက်အောင် ကြီးပါတယ်။ ကျွန်မအတွက် ဒီခရီးစဉ်က အကျိုးသိပ်ရှိခဲ့တယ်။ စိတ်မကောင်းစရာကတော့ လေ့လာရေးအဖွဲ့များက ဟိုခြစ် ဒီခြစ် ရေးခြင်းပါ။ ကျွန်မကတော့ သဘာဝအတိုင်း ထိမ်းသိမ်းစေချင်တယ်။ ဘုရားဆင်းတုတွေ ထုပြီး လဲ ဒီဂူထဲ မကိုးကွယ်စေချင်ဘူး။ ဒီပို့စ်ကြောင့်ရောက်ခဲ့ရင်လဲ နံရံတွေမှာ ရေးခြစ်တာတွေ မလုပ်စေချင် အမှိုက်ကစ ပြန်သယ်သွားခြင်းဖြင့် ကူညီစေချင်ပါတယ်။
.
ပြည်မြန်မာအလယ်ဗဟို ရှိသည်ဟုတင်စားခေါ်ဝေါ်ယုံသာမက အမှတ်အသားပြု ထားကြသော ပြက္ခရွှေ တောင်စဉ်၏ အရှေ့ဘက် ရှမ်းကုန်းမြေမြင့်၏အနောက်ဖက် အစွယ်ထိပ်အနီးမန္တလေးတိုင်း ကူမဲမြို့ အနီးကင်းတားဆည် ၏ တောင်ဘက်အခြမ်း ပင်လယ်ရေမျက်နှာပြင်အထက် 1050 ft တွင်တည်ရှိနေသောထုံးကျောက်လှိုဏ်ဂူ အစုအဖွဲ့ များထဲမှ ပြဒါးလင်း(ပဒတ်လှိုဏ်) ဂူအမှတ်၁ နှင့် အမှတ်၂ တို့ တည်ရှိ ပါတယ်။
.
ပြဒါးလင်းဂူ အတွင်း တည်ရှိနေသော ကျောက်ခတ်နှောင်းလက်ရာ နံရံဆေးရေးပန်းချီမျာကို ဒေသခံများအဆိုအရ၁၉၆၈ ခုနှစ် တွင် ရွာငံနယ် ညောင်ချက်ရွာမှ ကလေးငယ်နွားကျောင်းသား၂ဦးမှ စတင်တွေ့ရှိသည်ဟုဆိုသော်လည်

၁၉၆၁ တွင် ဘူမိပညာရှင်လေ့လာရေးအဖွဲ့မှ တွေ့ရှိ၍ သတင်းပေးချက်အရ မဆလ ပါတီ၏ဦးဆောင်မှု့ဖြင့်ရှေးဟောင်းသုတေသနဦးစီးဌာန နှင့် အခြားဌာနပေါင်းစုံ ပါဝင်သောအဖွဲ့နှင့် ၁၉၆၂ Jan 12 မှ 27 ရက်နေ့ အထိကွင်းဆင်းစစ်ဆေး သုတေသနပြု တူးဖော်ခဲ့ကြပြီး ဂူ အမှတ် ၂ တွင် လူနေထိုင်ခဲ့သော အထောက်အထား မတွေ့ရှိရပဲ ဂူအမှတ်တစ်တွင်သာ နံရံပန်းချီများကို တွေ့ရပါတယ်။
.
ပြဒါးလင်းဂူအမှတ် ၁ (နံရံဆေးရေး ပန်းချီရှိသောဂူ)
.
ဂူနှစ်ကနေ ဂူတစ်ကို ကားနဲ့ မိနစ် အနည်းငယ်မောင်းလိုက်ရင် ရောက်ပါတယ်။ ဂူတစ်ကတော့ ကျွန်မပုံထဲကလို သော့ခတ်ထားပါတယ်။ ကျောက်ခေတ်လူသားတွေရဲ့ နံရံဆေးရေးပန်းချီတွေကို ကာကွယ်ဖို့ပါတဲ့။ အဲလို လုပ်ထားတာလေးလဲ ကောင်းပါတယ်။ ဒါကြောင့် ဝင်ရောက် လေ့လာခွင့်မရပေမဲ့ ကိုမောင်မောင်ဦးဆိုသည့် ပြဒါးလင်းဂူလေ့လာရေး ခရီးစဉ်ကြောင့် အောက်ပါအချက်များကို သိခွင့်ရခဲ့ပါသည်။
.
အလျားအနံအမြင့်80×20 ×14 ရှိ ပြီး အထက်ပါသုတေသန အဖွဲ့မှ နံရံဆေးရေးပန်းချီ ၁၂/၁၄ ပုံ နှင့်ကျောက်လက်နက် ပေါင်း၁၆၀၀ ခန့် တွေ့ရှိခဲ့သည့် အပြင် ၄င်းဂူအတွင်းမှ ကျောက်ခေတ်လူသားများ အရိုးအပိုင်းအစ တို့ ကို
Carbon 14 နည်းစဉ်အရ စမ်းသပ်နိင်ရန်

၁၉၇၁ အောက်တိုဘာလတွင် နယူးဇီလန်နိင်ငံ နယူးကလီးယား သိပ္ပံသုတေသန ဗိမ္မာန် သို့ ပေးပို့ စစ်ဆေးခဲ့ရာတွင်မီးသွေး များသည် လွန်ခဲ့သောနှစ်ပေါင်း ၇၇၄၀နှင့် ၆၅၇၀ ခန့် အတွင်းဖြစ်ကြောင်းအရိုး များသည် လွန်ခဲ့သော နှစ်ပေါင်း ၆၅၀၀ ခန့် မှဖြစ်ပြီးCarbon လုံးဝ မပါသော ပစ္စည်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃၄၀၀ကျော်မျှက ဖြစ်ကြောင်း ထို့ ကြောင့် ပြဒါးလင်းဂူ အမှတ်၁ တွင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ခန့် ကအထိ လူအစဉ်အဆက်နေခဲ့ဖွယ်ရှိကြောင်း သိရှိကြရပါသည်။
.
တွေ့ရှိရသော ၁၄ ပုံမှာ
၁။ ဘယ်လက်ဝါး ၉၊ ၄ လက္မ
၂။ညာလက်ဝါး ၁၀၊ ၄ လက္မ
၃။ကင်းခြေများပုံ ၅ပုံ အလျား၃.၁ လက္မ အနံ ၁ ပေ
၎။ပြောင်ပုံ
၅။ဆင် ဒရာယ်ပုံများ
၆။တောဝက်ပုံ (ပီပြင်မှု့အားနဲ)
၇။နေ၀န်းပုံ(တောင်နံရံ ၂ခုကြားမှ နေထွက်လာသောပုံ ယခု တောင်နံရံမထင်ရှား 1994 Aug တွင် UNESCO မှ
Mr.Lu Jun ကိုယ်တိုင် သန့် စင်ခဲ့
၈။၉။ နွားသားအမိပုံ ၈/၄ လက္မ ပီပြင်
၁၀။ နွားသားအမိ (ထုံးရေစီးကြောင့် ဦးခေါင်းပိုင်းမှလွဲ၍ ကျန်အပိုင်းမထင်ရှား)
၁၁ ။ ပြောင်ပုံ ၈/၁၂ လက္မ
၁၂။ ရှုးပျံ ပုံ ၁၀လက္မ ဆေးသားမှေးမှိန်
၁၃။အမည်မသိပုံ ၃လက္မ (တောင်ဆိတ်/နွားပုံဖြစ်နိင်)
၁၄။ အမည်မသိပုံ(ဆေးအစက်အပြောက်သာကျန်ခွဲခြားမရ)
ပြဒါးလင်း ဂူအမှတ်၂ (မြေပုံညွှန်း ခန့်မှန်း CL/854623)
.
ဂူကြီး ၅ခု(တချို့က ၉ခုဟုဆို) တဆက်တစပ်တည်းဖြစ်နေပြီး အခန်း ၆ခန်းပါဝင်၍ ပေ၈၀၀ ခန့် ရှည်လျား အကျယ်ဆုံးနေရာ ၃၀၀ ပေခန့် ကျယ်၍အမြင့်ဆုံးနေရာတွင် ပေ၉၀ခန့် ရှိ၊ အမိုးများပြိုကျထား၍ ၅ ပေ မှ ၁၅ ပေခန့် အထိရှိသော အမိုးပေါက် ၆ခု ရှိနေသောကြောင့် လေ၀င် ထွက် ကောင်းမွန်ပါသည် ။သဘာဝ ထုံးကျောက်ဂူ များဖြစ်သောကြောင့် ကျောက်လည်တိုင် ကျောက်ဆက်မိုးမျှော် /ပန်းဆွဲ များအပြင် ပြဒါးရောင်စဉ်ဖြာနေသော ထုံးကျောက်
Crystal များ ပုံစံအစုံ ဖြင့်တည်ရှိနေကြပါသည်။

လွန်ခဲ့သော နှစ် ၂သန်းခန့် က ပင်လယ်ရေအောက်စီးကြောင်းများကြောင့် ဤ မျှကြီးမားသော သဘာဝ လှိုဏ်ဂူများတည်ရှိခဲ့ခြင်းဖြစ်နိင်ပြီး မြန်မာပြည်အတွင်း အကြီးမားဆုံး ဂူဖြစ်ကြောင်း သိရှိရပါသည်။

2009 Jan တွင် နောက်ဆုံးအကြိမ် တူးဖော်မှု့အဖြစ်အရှေ့ဘက်ဂူ ၁ ကိုတူးဖော်ရာတွင်ကျောက်လက်နက် ၄၀၀ ကျော်ခန့် ထပ်မံရရှိကြောင်း သိရပါသည်။
ပြဒါးလင်း ၂ဂူ အနက် ဂူ ၁ တွင် Cupules ကျောက်ခွက်ငယ်လေးများ ဟုခေါ်သော
Prehistoric Rock Art ကျောက်အနုပညာ အဖြစ်ခွက်ငယ်သဏ္ဏန် Cup shade များ (Man made rock art) ကို အလျားလိုက် ဒေါင်လိုက် တွေ့ရှိထားကြကြောင်းလညိးရှိရပြန်ပါသည်။

၎င်း ကျောက်ခွက်ငယ်လေးများကို ကုန်းတွင်းပိုင်း အရှေ့တောင်အာရှ နိင်ငံများအနက် မြန်မာတနိင်ငံအတွင်းမှာသာ တွေရှိရသောကြောင့် တန်ဘိုးမဖြတ်နိင်ပါ။(ဘရူနိင်း နိင်ငံတွင်တွေ့ရ)၄င်းအပြင် ပြဒါးလင်းဂူသည်

ပြင်သစ်နိင်ငံမှ ကျောက်ခေတ်လူသားတို့ နေထိုင်ရာကမ္ဘာကျော် Lascaux ဂူ၊ စပိန်နိင်ငံမှ Consquer ဂူ များအတွင်းမှ အနုပညာလက်ရာများနှင့်မြန်မာ့ ရေမြေပေါ်မှလက်ရာများသည်လည်း ဆင်တူရိုးမှား တညရှိနေသောကြောင့် ပြဒါးလင်းဂူသည် နိင်ငံ နှင့်လူမျိုးအတွက် အလွန် အရေးကြီး အဖိုး တန်သော ဂူ ဖြစ်ပါကြောင်းတင်ပြအပ်ပါသည်။.
.
ထိုသို့အဖိုးတန်လှသည့် ဂူအကြောင်း စာဖတ်သူများအား ချပြချင်သော်လည်း ဒီပို့စ်ကိုရေးဖို့ ကျွန်မ နှစ်လတိတိ အားယူခဲ့ရပါတယ်။ ကျွန်မကြောင့် လူသိများခြင်းထက် ပျက်စီးမှာကို မလိုလားလို့ပါ။ ရောက်ရှိခဲ့ရင်ဖြင့် နံရံများပေါ် အမည်ထိုးခြင်းနှင့် အမှိုက်ပြစ်ဖြင်းများအား မပြုလုပ်ပါရန် အထူးမေတ္တာရပ်ခံပါရစေရှင်။
.
တစ်ပုံခြင်းစီကြည့်ပေးပါနော်။ နံရံဆေးရေးပုံတွေပါပါတယ်။
.

Credit : ကိုမောင်မောင်ဦး
စိမ်းရောင်စို Activities မန္တလေး
စာညွှန်း ကိုးကား
ကြေးမှုံ Dec 20_ 2012
တက္ကသိုလ်ပညာစာစောင်
ဇင်မင်းဆွေ အတွဲ ၂၆၊ အမှတ် ၅၀၅ (၁၁/၁၇ ၊၂၊၂၀၁၁)

Posted by kotin tun

ကုန်းဘောင်ဘုရင်များ၏ ခေါင်းလောင်းတော်များ


ကုန်းဘောင်ဘုရင်များ၏ ခေါင်းလောင်းတော်များ

မောင်သာ(ရှေးဟောင်းသုတေသန)

မြန်မာ့သမိုင်းတစ်လျှောက် စည်းလုံးသောမြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ သည့်ခေတ်များကို ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်နှင့် တတိယ မြန်မာနိုင်ငံတော်ဟု ပညာရှင်များက ပိုင်းခြားခဲ့ကြသည်။ ယင်းတို့အနက် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ ၁၃၃ နှစ် ကြာရှည်ခဲ့သည့် တတိယမြန်မာနိုင်ငံတော် (ကုန်းဘောင်ခေတ်)အတွင်း ဘုရင် ၁၁ ပါး စိုးစံခဲ့သည်။
ကုန်းဘောင်ခေတ်သည် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာထွန်းကားပြီးချိန်ဖြစ်သဖြင့် ဘုရင်နှင့်ပြည်သူများ လှူဒါန်းခဲ့ကြသည့် ဘုရားစေတီများနှင့် သာသနိက အဆောက် အအုံများကို ယနေ့တိုင် မြင်တွေ့နိုင်ကြပေသည်။ ဗုဒ္ဓဘာသာသမိုင်းတွင် မှတ်တမ်းပြု ခဲ့ရသည့် ပဉ္စမသင်္ဂါယနာတင်ပွဲကို ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံခေတ်တွင် ကျင်းပနိုင်ခဲ့ကာ ပိဋကတ်သုံးပုံကျမ်းများကို ကျောက်ထက်အက္ခရာတင်ခဲ့သည်။

အလောင်းဘုရားဦးအောင်ဇေယျမှ သီပေါဘုရင်အထိ ကုန်းဘောင်ဆက်ဘုရင် များသည် ဗုဒ္ဓဘာသာဆိုင်ရာအလှူဒါနများကို ပြုလုပ်ခဲ့ကြသည့်အနက် မင်းကွန်းခေါင်းလောင်းတော်ကြီးအပါအဝင် သမိုင်းဝင်ခေါင်းလောင်းတော်ကြီးများ သွန်းလုပ် လှူဒါန်းခြင်းလည်း ပါဝင်ခဲ့သည်။ ကုန်းဘောင်ဆက်ဘုရင် ၁၁ ပါးအနက် ခုနစ်ပါး သည် ခေါင်းလောင်းတော်ကိုးလုံးကို သွန်းလုပ်ခဲ့ကြကာ ကမ္ပည်းစာများရေးထိုး၍ စေတီပုထိုးများတွင် လှူဒါန်းချိတ်ဆွဲထားခဲ့ကြရာ ရန်ကုန်မြို့တွင်နှစ်လုံး၊ မန္တလေးမြို့ တွင်နှစ်လုံး၊ ရွှေဘိုမြို့၊ စစ်ကိုင်းမြို့၊ မြန်အောင်မြို့၊ အမရပူရမြို့နှင့် မင်းကွန်းတွင် တစ်လုံးစီ မြင်တွေ့လေ့လာနိုင်ကြသည်။

အလောင်းမင်းတရားခေါင်းလောင်းတော်

အလောင်းမင်းတရားဦးအောင်ဇေယျ(၁၇၅၃-၁၇၆ဝ)သည် မုဆိုးဖိုရွာကို အခြေ ပြုလျက် အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ အနောက်ဘက်တွင် ရခိုင်ဒေသမပါ ချင်း ပြည်နယ်၊ မြောက်ဘက်တွင် ကချင်ပြည် နယ်၊ တောင်ဘက်တွင် တနင်္သာရီကမ်းရိုး တန်းအဆုံးအထိ ကျယ်ပြန့်ခဲ့သောမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သည်။ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့ ရွှေချက်သိုစေတီတွင် ခေါင်းလောင်းနှစ်လုံးရှိရာ အလောင်း မင်းတရားသွန်းလုပ်ခဲ့သည့်ခေါင်းလောင်းနှင့် အလောင်းမင်း တရားကြီး၏ မိဖုရား ခေါင်ကြီးမယ်ယွန်းစံ လှူဒါန်းခဲ့သည့်ခေါင်းလောင်း တို့ ဖြစ်ကြသည်။

အလောင်းမင်းတရားခေါင်းလောင်း၏ ခါးစည်းအထက်တွင် ခေါင်းလောင်းစာများ ကို မြန်မာဘာသာဖြင့် ရေးထိုးထားရာ 'ဇေယျတု၊ တရာတပါး လူမျိုးများ လည်း ကျော်ကြားသတင်း စောရန်ခွင်ကို မညင်မဆန် ပုံကန်မဝန် စောင်မန် ညန်လျက် အလွှန်ပတ်ကုန် ဇမ္ဗူလုန်ကို ယူကြုန်ပိုင်တော်မူစေသော်ဝ်' (မူရင်းသတ်ပုံအတိုင်း)ဟု ဖတ်ရှုနိုင်ကြောင်း ကုန်းဘောင်ခေတ် လက်ရွေးစင်ခေါင်းလောင်းစာများ စာအုပ် တွင် ဖော်ပြထားပေသည်။

ခေါင်းလောင်းခါးစည်းအောက်တွင် ခြင်္သေ့၊ ကျား၊ ဆင်နှင့် နဂါးရုပ်များရှိကာ ယင်းအရုပ်များပတ်လည်တွင် ဥုံစတုဒီသာ အစချီသောဂါထာကို ရေးထိုးထား သည်။ ခြင်္သေ့ရုပ်ဝမ်းပိုက်အောက်တွင် သုံးကွက်ပတ်လည် အင်းကွက်တစ်ခုရှိပြီး အင်းဆန် ဂါထာ ရေးသားထားသည်။

အလောင်းမင်းတရားသည် အတုလယသ မဟာဓမ္မရာဇာဓိရာဇာဂုရု ဘွဲ့တံဆိပ် တော်ရ အတုလဆရာတော် အရှင်ယသ၏ အကြံဉာဏ်များအတိုင်း တိုင်းရေးပြည် မှုများကိုဆောင်ရွက်ခဲ့ရာ ခက်ခဲသောကိစ္စများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ ထို့ကြောင့် အလောင်းမင်းတရားသည် မိမိ၏ဘုန်းတန်ခိုးအာဏာ ကြီးထွား၍ ရန် အပေါင်းကိုအောင်နိုင်ရန် ရည်ရွယ်လျက် အတုလ ဆရာတော်၏ ညွှန်ကြားမှုအတိုင်း ခေါင်းလောင်းကို သွန်းလုပ် ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆရာကြီးဦးစိန်မောင်ဦးက ကောက်ချက်ချခဲ့သည်။

စဥ့်ကူးမင်းခေါင်းလောင်းတော

စဥ့်ကူးမင်းခေါင်းလောင်းကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ချိတ်ဆွဲ ထားသည်။ စဥ့်ကူးမင်း၏ခမည်းတော် ဆင်ဖြူရှင်မင်း(၁၇၆၃-၁၇၇၆)လက်ထက်က မပြီးစီးခဲ့သည့်ခေါင်းလောင်းတော်ကို သားဖြစ်သူ စဥ့်ကူးမင်း(၁၇၇၆-၁၇၈၂)က ပြီးစီးအောင်သွန်းလုပ်ပြီး မြန်မာသက္ကရာဇ် ၁၁၄ဝ ပြည့်နှစ်တွင် ရွှေတိဂုံစေ တီတော် ရင်ပြင် ရာဟုထောင့်(အနောက်မြောက်ထောင့်)တွင် တင်လှူခဲ့သည်။ ဖခင်လက် ထက်တွင် မပြီးစီးခဲ့သောခေါင်းလောင်းကို သားဖြစ်သူစဥ့်ကူးမင်းက ဆက်လက်သွန်း လောင်းလှူဒါန်းခဲ့သဖြင့် စဥ့်ကူးမင်းခေါင်းလောင်းတော်ဟု အမည်တွင်ခဲ့သည်။

အလေးချိန် ၁၅၅၅၅ ပိဿာရှိပြီး အမြင့် ၁၁ ပေ သုံးလက်မ၊ ခေါင်းလောင်းအဝ ခုနစ်ပေ ခြောက်လက်မ၊ ခေါင်းလောင်းဝ နှုတ်ခမ်းလုံးပတ် ၂၂ ပေ ၆ လက်မ၊ ကြေးထု တစ်ပေ ရှစ်လက်မရှိသည့် စဥ့်ကူးမင်းခေါင်းလောင်းတော် တွင် ခေါင်းလောင်းစာ ၁၂ ကြောင်း ရေးထိုးထားသည်။ ဗြိတိသျှတို့သည် စဥ့်ကူးမင်းခေါင်းလောင်းတော်ကို အင်္ဂလန်နိုင်ငံသို့ပို့ဆောင်ရန် ၁၈၂၄ ခုနှစ်တွင် ရွှေတိဂုံစေတီတော်ရင်ပြင်မှ ယူဆောင်သွားခဲ့ကြသည်။

သို့သော် ခေါင်းလောင်းတော်ကိုတင်ဆောင်သွား သည့်သင်္ဘော သည် ခေါင်းလောင်း ကြီး၏အလေးချိန်ကြောင့် တိမ်းစောင်းသွား ခဲ့ရာ ခေါင်းလောင်းကြီးသည် လှိုင်မြစ်အတွင်း နစ်မြုပ်သွားခဲ့သည်။ ယင်းခေါင်းလောင်းတော်ကြီးကိုဆယ်ယူ၍ ၁၈၂၇ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်တွင် ပြန်လည်ချိတ်ဆွဲခဲ့သည်။

ဗဒုံမင်းခေါင်းလောင်းတော်နှစ်လုံး

ကုန်းဘောင်မင်းဆက်၏ ပဉ္စမမြောက်ဘုရင်ဖြစ်သူ ဗဒုံင်း(၁၇၈၂-၁၈၁၃)သည် ခေါင်းလောင်းတော်နှစ်လုံး လှူဒါန်းခဲ့ရာ ကမ္ဘာကျော် မင်းကွန်းခေါင်းလောင်းတော် ကြီးနှင့် စစ်ကိုင်းမြို့ အောင်မြေလောကစေတီတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းတော်တို့ ဖြစ်သည်။

စစ်ကိုင်း အောင်မြေလောကစေတီ ခေါင်းလောင်းသည် စေတီ တော်
အရှေ့စောင်းတန်းမုခ်တွင် တည်ရှိပြီး ဗဒုံမင်းက မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် တင်လှူခဲ့သည်။ ကြေးစင်အလေးချိန် ၂၅ဝဝ ပိဿာဖြင့် သွန်းလုပ်ထားသည့် ယင်းခေါင်းလောင်းသည် အဝ သုံးပေ ငါးလက်မ၊ စောက် ၄ ပေ ၁၁ လက်မ၊ လုံး ပတ် ၁ဝ ပေ ၆ လက်မ ရှိသည်။

ဗဒုံမင်းသည် မင်းကွန်းပုထိုးတော်ကြီးတွင် ခေါင်းလောင်းကြီးတစ်လုံး ချိတ်ဆွဲ ပူဇော်ရန်ရည်ရွယ်၍ မင်းကွန်းရေလယ်ကျွန်းတွင် သွန်းလုပ်ခဲ့သည်။
ယင်းခေါင်း လောင်းကြီးသည် ကမ္ဘာပေါ်တွင် အသံထွက်နိုင်သောခေါင်းလောင်း များအနက် အကြီးဆုံးဖြစ်ပြီး မင်းကွန်းခေါင်းလောင်းဟု ထင်ရှားခဲ့သည်။ အလေးချိန် ကြေး ပိဿာချိန် ၅၅၅၅၅ ခန့်ရှိသည့် ခေါင်းလောင်းပေါ်တွင် 'မင်းဖြူမှန်မှန်ပြော'ဟု ရေးသားထားခြင်းသည် မြန်မာတို့အယူအဆအရ (၅)ဂဏန်းကိုကိုယ်စားပြုသော ကြာသပတေးနံအက္ခရာငါးလုံးဖြင့် ခေါင်းလောင်း အလေးချိန်ကို မှတ်တမ်းတင်ထား ခြင်းဖြစ်သည်။

ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် မင်းကွန်းခေါင်းလောင်းကြီးကို သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့ သည်ဟု ရေး သားထားပြီး ခေါင်းလောင်းကြီး၏အတိုင်းအတာကို အဝအချင်း ၃၁ တောင် ၄ သစ်၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ်၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ်ဟု ဖော်ပြထား သည်။ ခေတ်အတိုင်းအတာအရ အဝ ၁၆ ပေ ၃ လက်မ၊ လုံးပတ် ၅ဝ ပေ ၉ လက်မ၊ အထူ ၆ လက်မမှ ၁ ပေ၊ ခေါင်းလောင်းအမြင့် ၁၂ ပေ၊ နှုတ်ခမ်းမှ ထိပ်ဖျားအထိအမြင့် ပေ ၂ဝ နှင့် ၈ လက်မ ဖြစ်သည်။

ဘကြီးတော်၏ ခေါင်းလောင်းတော်နှစ်လုံး

ဘကြီးတော်ဟုထင်ရှားသည့် စစ်ကိုင်းမင်း(၁၈၁၉-၁၈၃၇)နှင့် နန်းမတော် မိဖုရားခေါင်ကြီးတို့လှူဒါန်းခဲ့သည့် ခေါင်းလောင်းတော်သည် အမရပူရမြို့ တောင်သမန် ရှိ မဟာဝိဇယရံသီပုထိုးတော်ကြီး၏ အရှေ့မြောက်ထောင့်ရင်ပြင်တွင် ရှိသည်။ မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ် တပေါင်းလဆုတ် ၁၃ ရက်တွင် တင်လှူခဲ့သည့် ယင်း ခေါင်းလောင်းသည် အလေးချိန် ကြေးစင် ၁၅ဝဝဝဝ ကျပ်(ပိဿာ ၁၅ဝဝ) ရှိသည်။ အချင်း သံတောင်ငါးတောင်၊ အမြင့် သံတောင်ငါးတောင်နှစ်မိုက်ရှိကာ ပုဇွန် တုပ်ကွေးနေရာတွင် ခြင်္သေ့ရုပ်များသွန်းလုပ်ထားပြီး 'မဟာမေရုမကုဋ ဃဏ္ဍရာဇာ'ဟု ကမ္ပည်းတပ်ခဲ့သည်။ ခေါင်းလောင်းစာများကို ဝက်မစွပ်မြို့စားစာဆို 'ဒုတိယနဝဒေး'ဟု ကျော်ကြားသည့် ဦးနုက ရေးသားခဲ့သည်။

ဘကြီးတော်၏ အခြားခေါင်းလောင်းတော်တစ်လုံးကို ဧရာဝတီတိုင်းဒေသ ကြီး မြန်အောင်မြို့ ရွှေဘုံသာစေတီတွင် မြင်တွေ့နိုင်သည်။ ခေါင်းလောင်းစာတွင် အလောင်းမင်းတရားကြီးသည် သက္ကရာဇ် ၁၁၁၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက် (ခရစ်နှစ် ၁၇၅၅ ခုနှစ် မတ်လ ၂၈ ရက်)သောကြာနေ့တွင် ကူတွတ်မြို့ဟောင်း (လွန် ဆေး)ကို မြန်အောင်ဟုသမုတ်လျက် မြန်အောင် ဘုံသာစေတီကိုတည်ခဲ့ကြောင်း ကမ္ပည်းထိုးထားသည်။

အလောင်းမင်းတရားတည်ထားခဲ့သည့် မြန်အောင်ဘုံသာ ဘုရား၏ မြစ်ကမ်းပြိုပျက်ခဲ့သဖြင့် ဓာတ်တော်များသိမ်းဆည်းထား ရကြောင်း မြန် အောင်မြို့သူကြီး စည်သူရာဇရွှေတောင် က လျှောက်ထား လာသဖြင့် ဘကြီးတော် သည် သက္ကရာဇ် ၁၁၉ဝ ပြည့်နှစ် နှောင်းတန်ခူးလဆုတ် ၂ ရက်(ခရစ်နှစ် ၁၈၂၉ ခုနှစ် မတ်လ ၂၁ ရက်)စနေနေ့တွင် ဌာပနာရင်း ဓာတ်တော်မွေတော်များကို ဓာတ် တော်မွေတော် ရုပ်တုတော်များ ထပ်မံဖြည့် ဆည်း၍ သင့်ရာနေရာသို့ ပြောင်းရွှေ့ တည်လုပ်စေခဲ့ပြီး မြန်အောင်ဘုံသာဟု ကမ္ပည်းတပ်စေခဲ့ကြောင်း ခေါင်းလောင်း စာတွင် ဖတ်ရှုနိုင်သည်။

သာယာဝတီမင်းခေါင်းလောင်းတော

သာယာဝတီမင်း(၁၈၃၇-၁၈၄၆)သည် မြန်မာသက္ကရာဇ် ၁၂ဝ၃ ခုနှစ် တော် သလင်းလဆုတ် ၇ ရက် (ခရစ်နှစ် ၁၈၄၁ ခုနှစ် စက်တင်ဘာလ ၉ ရက်) တနင်္လာနေ့ တွင် ဒဂုံဆံတော်ရှင် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်ရန် နေပြည်တော် အမရပူရမှ ဥက္ကလာပ (ရန်ကုန်)သို့ ဖောင်တော်ဖြင့် စုန်ခဲ့သည်။ ၁၈၄၁ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် သာယာဝတီမင်း သည် ရွှေတိဂုံစေတီတော်မြတ်အား ဖူးမြော်ခဲ့ကာ စေတီ တော်ငှက်ပျောဖူးမှ ဖိနပ်တော်အထိ ရွှေသင်္ကန်းကပ်လှူခဲ့သည်။

သာယာဝတီမင်းသည် ရွှေတိဂုံစေတီတော်ရင်ပြင်တော်တွင်ချိတ်ဆွဲရန် ခေါင်း
လောင်းကြီးတစ်လုံးကို ၁၂ဝ၃ ခုနှစ် သီတင်းကျွတ်လဆန်း ၁ဝ ရက်နေ့တွင် စတင် သွန်းလောင်းခဲ့သည်။ ခေါင်းလောင်းတော်ကြီးအား သုံးနှစ်ကြာသွန်းလောင်းခဲ့ ရပြီး မြန်မာ သက္ကရာဇ် ၁၂ဝ၆ ခုနှစ် တပေါင်းလတွင် ဟံသာဝတီမြို့ဝန်နှင့် အရာရှိများကြီး ကြပ်ကာ ပွဲသဘင်စုံလင်စွာဖြင့် ရွှေတိဂုံစေတီတော်တွင် ချိတ်ဆွဲ၍ ရေစက်ချလှူဒါန်း ခဲ့သည်။ ခေါင်းလောင်းတော်ကြီးအား 'မဟာတိသဒ္ဒ ဃဏ္ဍရာဇာ'ဟု ဘွဲ့အမည်တပ် ခဲ့သည်။

သာယာဝတီ ခေါင်းလောင်းတော်ကြီး၏ အတိုင်းအတာနှင့် အလေးချိန်တို့ကို ကုန်းဘောင်ဆက်မဟာရာဇဝင်တွင် ''အရပ် ကိုးတောင်တမိုက်သုံးသစ်၊ အနားလုံး ပတ် တဆဲ့ငါးတောင်၊ ခါးစည်းလုံးပတ် တဆဲ့သုံးတောင် တမိုက်လေးသစ်၊ ထု နှစ်မိုက်လေးသစ်၊ ကြေးစင်ချိန်ပိဿာ နှစ်သောင်းငါးထောင်ကိုးရာလေးဆယ်ကျပ် လေးဆဲ့ကိုးကျပ်''ဟု ရေးသားဖော်ပြထားသည်။

(မူရင်းသတ်ပုံအတိုင်းဖြစ်ပါသည်။)

သာယာဝတီမင်းခေါင်းလောင်းကြီးသည် ယခုခေတ်အတိုင်းအတာအရ အမြင့် ပေ ၂ဝ၊ အဝ ၇ ပေ ၆ လက်မ ခန့်ရှိကြောင်း Shwedagon-Symbol of strength and serenity စာအုပ်တွင် ဖော်ပြထားသည်။ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်းကလည်း အနားလုံးပတ် ၂၂ ပေ ၆ လက်မ၊ ထု ၁ ပေ ၃ လက်မ ရှိကြောင်း ရေးသားခဲ့သည်။

ပုဂံမင်းနှင့် မင်းတုန်းမင်း ခေါင်းလောင်းတော်များ

ကုန်းဘောင်မင်းဆက်၏ ကိုးဆက်မြောက်ဘုရင် ပုဂံမင်း(၁၈၄၆-၁၈၅၃)သည် မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်တွင် မဟာလောကရံသီစေတီတော် အား တတိယပစ္စယံ အထက် ကွန်းတောင်တွင် ဓာတ်တော်မွေတော်စသည်တို့ကို ဌာပနာသွင်းပြီး စေတီ တော်အားရည်မှန်းလျက် ခေါင်းလောင်းတော်တစ်လုံး သွန်းလုပ်လှူဒါန်းခဲ့သည်။ ယင်းခေါင်းလောင်းတော်သည် ကြေးစင်သပြာ ၆၇ဝဝဝ ဖြင့် သွန်းလုပ်ထားကာ ခေါင်းလောင်းစာတွင် သဗ္ဗညုတဘုရား အဖြစ်သို့ရောက်ရှိလိုကြောင်း ဆုကြီးပန်ခဲ့ သည်။ ခေါင်းလောင်းစာတွင် ကမ္ပည်းစာ ၁၈ ကြောင်း ရေးထိုးထား၍ ခေါင်းလောင်း တော်အရွယ်ပမာဏကို ထည့်သွင်းရေးထိုးထားခဲ့သည်။ ပုဂံမင်း၏အလှူတော်ခေါင်း လောင်းကို မန္တလေးမြို့ရှိ အိမ်တော်ရာစေတီတွင် မြင်တွေ့နိုင်သည်။ စေတီတော်ကို မဟာလောကရံသီဟု ဘွဲ့မည်တပ်ခဲ့သော်လည်း အိမ်တော်ရာစေတီအဖြစ် ပိုမို ထင်ရှားခဲ့သည်။

အိမ်တော်ရာစေတီသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မတဲရပ်တွင် တည် ရှိပြီး ပုဂံမင်းသည် ဘုရင်မဖြစ်မီ မင်းသားဘဝကစံခဲ့သည့် အိမ်တော်ရာတွင် တည် ထားသည့်စေတီဖြစ်သည်။ ယင်းစေတီဝင်းမှာပင် ပုဂံမင်း၏ညီဖြစ်သူ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈)လှူဒါန်းခဲ့သည့် ခေါင်းလောင်းတော်ကို မြင်တွေ့နိုင်သည်။

မင်းတုန်းမင်းကြီးသည် အလှူတော်ခေါင်းလောင်းကို မြန်မာသက္ကရာဇ် ၁၂၁၆ ခုနှစ် နတ်တော်လတွင် စေတီတော်သို့ သဒ္ဒဒါနအဖြစ် လှူဒါန်းခဲ့ သည်။ ခေါင်းလောင်း တော်ကို ကြေးချိန်သပြာ ခြောက်သောင်းကျော်ဖြင့် သွန်းလုပ်ပြီး မဂ်ဖိုလ်ရောက် ခွင့်အဆင့်ဆင့်ကို ဖြည့်ကျင့်ဆောင်ရွက်လိုကြောင်း ဆုပန်ခဲ့သည်။

ကုန်းဘောင်ခေတ်က မြန်မာရှင်ဘုရင်များ သွန်းလုပ်လှူဒါန်းခဲ့ကြသည့် ခေါင်း လောင်းတော်များတွင် ကမ္ဗည်းစာများ ကိုရေးထိုးထားခဲ့ကြသည်။ ဘုရင်များသည် မိမိတို့သွန်းလုပ်ခဲ့သည့် ခေါင်းလောင်း အရွယ်အစား၊ အလေးချိန်၊ တင်လှူသည့် စေတီဘုရား၊ တင်လှူသည့်နေ့စွဲ၊ ဆုတောင်း စသည့်အချက်များကို ခေါင်းလောင်းများ ပေါ်၌ ရေးထိုး မှတ်တမ်းပြုခဲ့ကြသဖြင့် ခိုင်မာသော သမိုင်းအထောက်အထားများကို သိရှိနိုင်ခဲ့ကြပေသည်။

နိုင်ငံတစ်ခု၏ အတိတ်သမိုင်းကြောင်းကိုဖော်ထုတ်ကြရာတွင် ကျောက်စာများကို အဓိက အားကိုးပြုလေ့ရှိရာ သမိုင်းမှတ်တမ်း တစ်စိတ်တစ်ပိုင်းကို ရေးထိုး ထားလေ့ ရှိ သည့် ခေါင်းလောင်းများသည်လည်း သုတေသီများ အားကိုးပြုကြရ သည့် သမိုင်း အထောက်အထား ရှေးဟောင်းပစ္စည်းများပင် ဖြစ်ကြပေသည်။ ။

ကိုးကား- ကုန်းဘောင်ခေတ် လက်ရွေးစင်ခေါင်းလောင်းစာများ (ဦးစိန်မောင်ဦး)
မြန်မာ့ရက်စွဲသမိုင်း၊ ကုန်းဘောင်ဆက် (ဒေါက်တာသန်းထွန်း)
ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး (ဦးမောင်မောင်တင်)
Source-MOI Webportal Myanmar

အင်းဝ မယ်နုအုဋ္ဌ်ကျောင်း ၂


ပြီးခဲ့တဲ့နှစ် ခရစ်စမတ် ကျောင်းပိတ်ရက်မှာ ပုဂံ မန္တလေး ခရီးသွားဖို့ စီစဉ်တော့ “မန္တလေးရောက်ရင် စစ်ကိုင်း အင်းဝနဲ့ ပင်းယမြို့တွေကို ရောက်အောင် သွားခဲ့ ငါ့သမီး” လို့ မှာလိုက်တဲ့ ဘာမင်ဂန် ဆရာတော် ဦးဥတ္တရဉာဏရဲ့ စကားကြောင့် စစ်ကိုင်းနဲ့ အင်းဝကို အရောက်သွားဖြစ်ခဲ့ပါတယ်။ အချိန်မရလို့ ပင်းယကိုတော့ မရောက်ခဲ့ပါဘူး။ သွားခဲ့သမျှ ခရီးစဉ် အားလုံးကို မရေးဖြစ်ခဲ့ပေမဲ့ အင်းဝသွားခဲ့တဲ့ ခရီးစဉ်ကိုတော့ အလွန်နှစ်သက်မိတာကြောင့် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။

ဒုဋ္ဌာဝတီမြစ်ကို စက်လှေနဲ့ ဖြတ်ကူးစဉ်
စစ်ကိုင်းက အင်းဝကို သွားဖို့ ဒုဋ္ဌာဝတီမြစ်ကို စက်လှေလေးနဲ့ ဖြတ်ကူးချိန်မှာတော့ ညနေ နေမဝင်ခင် အတောက်ပဆုံး အချိန်ပေါ့။ ဒုဋ္ဌာဝတီမြစ်က မိုးအခါဆို ရေစီးသန်သတဲ့ ... ။ ဆောင်းတွင်းကတော့ ရေစီးခပ်နွဲ့နွဲ့ပါပဲ။ မြစ်ကို ဖြတ်အကူး ... စစ်ကိုင်းဘက်ကမ်းက ဘုရားနဲ့ စစ်ကိုင်းတံတားကို စက်လှေပေါ်က ခပ်ပျပျ မြင်ရတယ်။ စက်လှေစီးချိန်က ၃ မိနစ်သာသာရယ် ... ။ စက်လှေစီးခ တယောက်ကို ၂၀၀ ကျပ်တဲ့။ စီးတဲ့သူက ကိုယ်နဲ့မှ ၃ ယောက်ထဲမို့ ဆီဖိုးနဲ့ ကိုက်ပါ့မလားလို့ လှေသမားကို သနားနေမိသေးတယ်။

ရေချိုးဆိပ်လား ဇက်ဆိပ်လား
လှေဆိပ်ရောက်လို့ ဆင်းမယ်ဆိုတော့ လှေအဆင်းမြင်းအတက် စကားပုံကို သတိရမိပြီး စိုးရိမ်စိတ်နဲ့ စိတ်ထဲ ထိတ်မိသေးတယ်။ တကယ်တော့ စက်လှေက ဘာမှ အန္တရာယ်မရှိပါဘူး။ အေးအေးသာသာ ဆင်းနိုင်တဲ့ လှေအဆင်းပါပဲ။ လှေဆိပ်ကအတက် စီးခဲ့တဲ့ စက်လှေကို ပြန်ပြီး ဓာတ်ပုံရိုက်တော့ ရေချိုးအပြီး လုံချည်ရင်လျားနဲ့ အမျိုးသမီးတယောက်ပုံ မရည်ရွယ်ဘဲ ပါလာခဲ့တယ်။ ဒီရေဆိပ်မှာပဲ သူတို့တွေ ရေချိုးကြတာကိုး ... ။

ပြန်ထွက်မယ့် ကူးတို့စက်လှေပေါ်ကို လိုက်မယ့်ခရီးသည်တွေကတော့ အများသားပါပဲ။ ညနေစောင်းမို့ အင်းဝကနေ စစ်ကိုင်းပြန်မယ့် ခရီးသည်တွေက ပိုများနေတာပါ။ စက်လှေစီးမယ့် ခရီးသည်တွေထဲမှာ ဆိုင်ကယ်သမားတွေလည်း ပါတယ်။ ဆိုင်ကယ်နဲ့ စက်လှေပေါ်ကို အတက်အဆင်း လုပ်နေတဲ့ သူတွေထဲမှာ အမျိုးသမီးတွေပါ ပါလို့ တအံ့တသြ အသည်းတယားယား ဖြစ်ရသေးတယ်။ ကိုယ့်မှာတော့ ခြေထောက်နဲ့ လမ်းလျှောက် ရတာတောင် ချော်ကျမှာစိုးလို့ ဘေးနားက ဝါးလုံးတန်းကို မလွတ်တမ်း ဆုပ်ကိုင်ထားရတာကိုး။ ကျွမ်းကျင်ရာ လိမ္မာပေါ့လေ။

မြင်းလှည်းငှားမယ်
လှေဆိပ်မှာပဲ မြင်းလှည်းလေးတွေ ရပ်ထားတာကို တွေ့ရလို့ ငှားဖို့ တစီးကို မေးကြည့်တော့ ... အင်းဝက ထင်ရှားတဲ့နေရာ ၄ ခုကို လိုက်ပို့ရင် နိုင်ငံခြားသားတော့ ၈၀၀၀ ကျပ် ယူပါသတဲ့။ အမတို့က မြန်မာတွေဆိုတော့ မုန့်ဖိုးလေး ပိုပေးပေါ့ ...လို့ ပြောရှာပါတယ်။ သြော် ... အင်း ... ဆိုပြီး ဈေးမဆစ်ဘဲ စီးလာခဲ့တယ်။ အချိန်က နေဝင်လုပြီမို့ မြင်လှည်းသမားလေး ပြောတဲ့ ၄ နေရာလုံး မသွားနိုင်တော့ တာကြောင့် ဗားကရာကျောင်းနဲ့ မယ်နုအုတ်ကျောင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။

မြင်းလှည်းပေါ်က ညနေခင်း
အင်းဝမှာ စီးရတဲ့ မြင်းလှည်းက ပုဂံက မြင်းလှည်းနဲ့ မတူပါဘူး။ မြင်းလှည်းရဲ့ အပြင်အဆင် အခင်းအကျင်းချင်း မတူသလို စီးရတဲ့ အရသာချင်းလည်း မတူဘူး။ သွားရတဲ့ လမ်းလေးတွေချင်းလဲ တူမှမတူဘဲလေ ... ။

ရွာအဝင် လမ်းဆီကနေ ...
သွားရတဲ့ လမ်းကလေးတွေက မြင်ရတဲ့အတိုင်း ရွာစည်းရိုးလေးတွေ တဖက်တချက် ကာရံထားတဲ့ ကြားက ဖုန်နံ့သင်းနေတဲ့ အဝါရောင် လမ်းကလေးတွေ၊ သစ်ပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ အလယ်က မြေလမ်းကလေးတွေပေါ့ … ။

မမေ့နိုင်တဲ့ လမ်းကလေး
အဲဒီလမ်းကလေးတွေပေါ်မှာကလေးလည်း ရှောင်၊ ခွေးလည်း ရှောင်၊ မြင်းလှည်းအချင်းချင်းလည်း ရှောင်ရင်း “ဟဲ့မြင်း” လို့ တွင်တွင်နှင်ပြီး မောင်းလာတဲ့ မြင်းလှည်းပေါ်က အခန့်သား စီးလာလိုက်တာ အင်းဝရဲ့ နာမည်ကျော် မယ်နုအုတ်ကျောင်းကို ရောက်တဲ့အထိဆို လွန်ရော ကျွံရော ဆယ်မိနစ်လောက်ပဲ ကြာတယ်ထင်မိတယ်။
အုတ်ကျောင်းပရဝုဏ် အဝင်ဝ
ခရီးသွားရာသီမို့ ရောက်လေရာရာ လူအများအပြား တွေ့ရတယ်။ အထူးသဖြင့် ရှေးဟောင်းလက်ရာတွေ တန်ဖိုးထားတတ် လေ့လာတတ်တဲ့ နိုင်ငံခြားသားတွေ ပိုများသလိုပဲ။ အုတ်ကျောင်း အဝင်ဝမှာ ရေသန့်ဗူး အချိုရည် စသဖြင့် ရောင်းချတဲ့ ဈေးသည်တွေရှိသလို ဧည့်လမ်းညွှန် ရွှေကြို ကလေးတွေကလဲ အဆင်သင့် စောင့်နေပြီး သူ့ထက်ငါ အပြိုင်အဆိုင် ကြိုဆိုကြတယ်။ မယ်နုအုတ်ကျောင်းရဲ့ သမိုင်းကြောင်းကို မြန်မာလို ရှင်းပြရမလား အင်္ဂလိပ်လို ရှင်းပြရမလား … တဲ့။ တခြားဘာသာစကား ဘယ်နှစ်မျိုးလောက် တတ်ကြသလဲတော့ မသိပါဘူး။ ဧည့်သည်ရောက်တာနဲ့ သူတို့ ဈေးကွက် လွတ်မသွားရလေအောင် သွက်သွက်လက်လက် ပြေးလာကြိုဆိုကြတဲ့ ကလေးနှစ်ယောက်လုံးကို လမ်းညွှန်ပေးဖို့ လက်ခံခဲ့လိုက်တယ်။

မဟာအောင်မြေဘုံစံ ဆိုင်းဘုတ်

အမှန်အတိုင်း ဝန်ခံရရင် … မယ်နုအုတ်ကျောင်းလို့ အများခေါ်ကြတဲ့ ဒီကျောင်းကြီးရဲ့ မူလနာမည်က မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးဆိုတာကို အဲဒီရောက်လို့ ဆိုင်းဘုတ် မြင်တော့မှ သိခဲ့ရပါတယ်။

အံ့မခန်း ကျောင်းတော်ကြီး
ကျောင်းဝင်းထဲ ခြေချလို့ အံ့မခန်းစရာ့ ကျောင်းတော်ကြီးကို မြင်လိုက်ရတဲ့ အခိုက်မှာ ဘကြီးတော် (စစ်ကိုင်းမင်း) ရဲ့ တောင်ညာစံမိဖုရား, ကုန်းဘောင်ဆက် မြန်မာရာဇဝင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ နန်းမတော်မယ်နုရဲ့ အပြစ်တွေကို ခဏတဖြုတ် မေ့လျော့သွားသလို … စိတ်ထဲကနေ သူ့ကို ကျေးဇူးတွေတောင် တင်လို့ … ။ သြော် … ဓားထက်သူဆိုတော့လဲ ဒီလို ခမ်းနားကြီးကျယ်မှုတွေ တည်ဆောက်နိုင်ခဲ့တာ မဆန်းဘူးပေါ့လေ … ။

မြန်မာ့အနုလက်ရာများနှင့်
အုတ်ကျောင်းကြီးပေါ်ကို တောက်ပစွာ ဖြာကျနေတဲ့ ဝင်လုလု နေရောင်ခြည်ကို ကြည့်ရင်း ထက်မြက်လွန်း မောက်မာလွန်းတဲ့ မယ်နုအကြောင်း ဟိုတစ သည်တစ တွေးနေမိတယ်။ နန်းမတော်မယ်နု မဖြစ်ခင် … အင်းဝသူ ရှင်မင်းနုကလေး ဘဝကစလို့ပေါ့။ ကြားဖူးခဲ့တဲ့ ပါးစပ်ရာဇဝင်ထဲမှာ မင်းမျိုးမင်းနွယ်မဟုတ်တဲ့ ရှင်မင်းနုကလေး မြစ်ဆိပ်မှာ ရေချိုးနေတုန်း သူ့ရေလဲလုံချည်ကို စွန်ချီပြီး နန်းတော်ထဲ သွားချခဲ့ရာက တော်ကောက်ခံရပြီး နန်းတွင်း အပျိုတော် ဖြစ် … အဲဒီနောက်မှ ဘကြီးတော်က မိဖုရားမြှောက်ခဲ့သတဲ့။ … ဒီလိုနဲ့ … တနိုင်ငံလုံး “နု” ဆိုတဲ့ စကားလုံးတောင် မသုံးရလေအောင် ပိတ်ပင်နိုင်ခဲ့တဲ့ အာဏာရှင် တောင်ညာစံ မိဖုရားခေါင်ကြီး နန်းမတော်မယ်နုဘဝ ရောက်ခဲ့တဲ့ အထိ … ။

ကျောင်းတော်ကြီးရဲ့ အောက်ဘက် ဝင်ပေါက်များ
မာနတွေ၊ အတ္တတွေ၊ ဒေါသတွေ၊ အာဏာတပ်မက်မှု … လောဘတွေ ခြံရံနေတဲ့ မယ်နုရဲ့ဇာတ်သိမ်းကိုတော့ လောလောဆယ် မတွေးချင်သေးပါဘူး … ။ အုတ်ကျောင်းကြီးကို လှည့်ပတ်ကြည့်ရင်း ဒီကျောင်းတော်ကြီးရဲ့ အနုလက်ရာတွေထဲမှာ စီးမျော ရင်ခုန်နေခဲ့မိပါတယ် … ။

ကျောင်းတော်ကြီးရဲ့ အနုလက်ရာတွေထဲမှာ စီးမျောရင်ခုန် တွေးတောနေရာက လမ်းညွှန်ကလေး နှစ်ယောက်ရဲ့ အသံစာစာကြောင့် အတွေးစတွေ ပြတ်သွားခဲ့ရတယ်။ ဘယ်သူက ဘာအကြောင်းအရာကို ရှင်းပြမယ်၊ ဘယ်လမ်းကြောင်း အရင်သွားမယ် ဆိုတာကို နှစ်ယောက်သား ငြင်းခုန်နေကြတာပါ။ ဒါနဲ့ပဲ သူတို့နှစ်ယောက်ကို … တယောက်က ရှေ့က လမ်းပြပြီး တယောက်ကတော့ သမိုင်းကြောင်းကို ရှင်းပြ ဆိုပြီး အချင်းချင်း အငြင်းမပွါးအောင် ခွဲတမ်းချပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ သူတို့လေးတွေ ခမျာလည်း ခုလိုခေါ်ပြီး မေးမြန်းတဲ့သူရှိမှ မုန့်ဖိုး ပဲဖိုးလေး ရရှာတာ ထင်ပါရဲ့။ သူတို့ပြောတဲ့ ပါးစပ်ရာဇဝင်ကတော့ အမှန်တွေချည်း ဘယ်ဟုတ်ပါ့မလဲ။ ကိုယ်သိထားတဲ့ သမိုင်းနဲ့ ကိုက်ညီချင့်ချိန်ပြီး နားထောင်ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသက်အရွယ်လေးတွေနဲ့ တဝမ်းတခါးကို အပြေးအလွှားဧည့်ကြို ရှင်းပြရင်း ပြေလည်အောင် ဖြေရှင်းနေရတဲ့ ခမျာလေးတွေကို ကရုဏာသက်မိတယ်။

ကျောင်းကြီးရဲ့ အပေါ်ကိုမတက်ခင် ကျောင်း အောက်ဖက်ကို အရင် သွားကြည့်ဖြစ်တယ်။ ကျောင်းအောက်ဖက်ကို ဝင်လိုက်တာနဲ့ ထုကြီးထည်ကြီးနဲ့ တည်ဆောက်ထားတာမို့ စိမ့်အေးလို့ နေပါတယ်။ ကျောင်းကြီးတခုလုံးကို ခံနိုင်အောင် ထောက်မ-ထားတဲ့ အုတ်တိုင်ကြီးတွေရဲ့ ထုဟာ မနည်းမနောပါဘဲ။

ကျောင်းကြီးရဲ့ အောက်ဖက်က အမှောင်ခန်း

“ဒီဘက်က အမှောင်ခန်း၊ ဟိုဘက်အခြမ်းက အလင်းခန်း … အမှောင်ခန်းက မင်းညီမင်းသားတွေကို သတ်တဲ့အခန်း ဖြစ်ပြီး အလင်းခန်းကတော့ တရားအားထုတ်တဲ့ အခန်းပါ”

ဒါက အလင်းခန်း ... တဲ့

လမ်းညွှန်ကလေးရဲ့ ပြောစကားကြောင့် ဟိုဘက် ဒီဘက် ယှဉ်ပြီး ကြည့်လိုက်တော့ အလင်းရောင်ဝင်တဲ့ အနေအထားအရ တခြမ်းမှောင် တခြမ်းလင်းနေလို့ အမှောင်ခန်း အလင်းခန်းတွေ ဖြစ်တော့ဖြစ်နေသား။ ဒါပေမဲ့ ဒီကလေးပြောသလို ဒီကျောင်းကြီးထဲမှာ မင်းညီမင်းသားတွေကို တကယ်ပဲ သတ်ခဲ့တာလား … ဒါက ဘုန်းတော်ကြီး ကျောင်းပဲ မဟုတ်လား၊ ဘယ်လောက်ပဲ ထက်မြက်ပြီး ရက်စက်ပါတယ် ဆိုလဲ နန်းမတော်မယ်နုဟာ ဗုဒ္ဓဘာသာ အမျိုးသမီး တယောက်အနေနဲ့ ဘုန်းကြီးကျောင်းမှာ သူစိတ်ထင်သလို လူတွေသတ်ဖို့ စေခိုင်းလို့ ရနိုင်ပါ့မလား … ။ သူ အဲဒီလိုတွေ သတ်နေရင်ရော ကျောင်းထိုင်ဆရာတော်တွေ ဖြစ်တဲ့ ဆရာတော်ဦးပိုတို့ ဆရာတော်ဦးဗုဓ်တို့က လက်ခံမှာလား … ။

သူဟာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့် သာသနာအတွက် လုပ်ခဲ့တဲ့ ကုသိုလ်တွေလဲ မနည်းပါဘူး။ ဒီ မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးအပြင် အမရပူရ ပုထိုးတော်ကြီး၊ မဟာသကျသီဟ ရုပ်ပွါးတော်၊ စစ်ကိုင်းက ရှင်ဖြူ ရှင်လှ စေတီနဲ့ စောင်းတန်း၊ အမရပူရက ကြေးချိန်တသိန်း ခေါင်းလောင်း၊ ဖလံခုံရွာ အနောက်တိုက် ဘုရားကြီးတို့ကိုလည်း တည်ထားခဲ့ပေတာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတဒင်္ဂမှာတော့ ဧည့်လမ်းညွှန် ကလေးတွေပြောပြတဲ့ မရေရာတဲ့ ပါးစပ်ရာဇဝင်ကို ဟုတ်လိမ့်နိုးနိုး ဇဝေဇဝါ တွေးရင်း အမှောင်ခန်းတွေဘက် လှမ်းကြည့်မိတော့ ကျောထဲ စိမ့်ခနဲ။ ဒီအမှောင်ထုထဲမှာ သေသူတွေရဲ့ ဝိညာဉ်တွေများ ကျင်လည်ကျက်စား နေလေမလား … ဒါမှမဟုတ်လဲ မာန်မာနတွေ ထောင်လွှားခဲ့သမျှ ဇာတ်သိမ်းမလှတဲ့ နန်းမတော်မယ်နုရဲ့ ဝိညာဉ်များ ရှိနေလေမလား … ရယ်ပေါ့ … ။
အမှောင်ဆိုတာ လူ့စိတ်ကို သိမ်ငယ် ခြောက်ချားစေတယ် မဟုတ်လား။

အမှောင်လွှမ်းတဲ့ မြေအောက်ခန်းကနေ ကျောင်းတော်ကြီး အပေါ်ထပ်ကို တက်လိုက်တော့မှ အသက်ဝဝ ရှူနိုင်ခဲ့ရတယ်။ ကျောင်းကြီးရဲ့ မူလဆေးသား အဝါရောင်တွေ ပြယ်လွင့်ပြီး ရေညှိအမည်းတွေ ဟိုဒီ ကွက်နေတာဟာ အိုမင်း ဟောင်းနွမ်းခြင်း ဆိုတာထက် ကျောင်းကြီးရဲ့ ရင့်ကျက် တည်ငြိမ်မှုရဲ့ ပြယုဂ်အဖြစ် ခံစားရပြီး ပိုကျေနပ်မိတယ်။ ကျောင်းကြီးရဲ့ သက်တမ်းကလဲ ရာစုနှစ် နှစ်ခုနီးပါး (အတိအကျပြောရရင် ၁၉၃ နှစ်) ကြာမြင့်ခဲ့ပြီ ဆိုတော့ … ဆေးသုတ်ထားလို့ သစ်လွင် တောက်ပနေတာနဲ့ စာရင် ခုလို မြင်ရတာဟာ ပိုပြီး အနှစ်သာရ ရှိတယ်လို့ ထင်တာပါပဲ။

စင်္ကြန်လမ်း
အတွင်းဘက် စင်္ကြန်လမ်းမှာတော့ ထုံးဖြူသုတ်ထားပြီး မျက်နှာကျက်က တချို့နေရာတွေမှာ အင်္ဂတေတွေနဲ့ ပြန်လည်ဖာထေးထားတာကို တွေ့ရတယ်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်မှာ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ ကျောင်းကြီးကို နန်းမတော်မယ်နုရဲ့ သမီး ဆင်ဖြူမရှင် (မင်းတုန်းမင်းရဲ့ မိဖုရား) က ၁၂၃၄ ခုနှစ်မှာ ပြန်ပြင်ခဲ့တယ်လို့ သိရပေမယ့် ဘယ်လောက်ထိ ပြိုကျပြီး ဘာတွေ ပြန်လည် ပြင်ဆင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေတော့ မတွေ့ပါဘူး။ ဒါကြောင့် အင်္ဂတေတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖာထေးထားတာတွေဟာ ဘယ်ခေတ်က လက်ရာဆိုတာ မသိခဲ့ရဘူး ဆိုပါတော့။

ကျောင်းကြီးပေါ်မှာ
စင်္ကြန်လမ်းရဲ့ ကြမ်းခင်းကိုတော့ ပျဉ်ချပ်ရှည်ကြီးတွေ ခင်းထားပြီး အုတ်ပေါင်းကူး လူဝင်ပေါက်တွေမှာတော့ သစ်သားတံခါးတွေကို တပ်ဆင်ထားပါတယ်။ ဒီစင်္ကြန်လမ်းတွေဟာ အဆောင်မကြီးထဲက သံဃာတော်တွေ သီတင်းသုံးရာ အခန်း ၂ ခန်းကို ပတ်ထားတဲ့ စင်္ကြန်ပတ်လမ်းတွေလို့ သိရတဲ့အတွက် ဒီနေရာ ဒီလမ်းတွေမှာ သံဃာတော်တွေ နေ့စဉ် လျှောက်လှမ်းခဲ့ကြမယ် … ဒီ အဆောင် ဒီအခန်းတွေမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွါးဖို့ အားထုတ် ကျင့်ကြံ ပွါးများ ပို့ချခဲ့ကြမယ် … ဆိုတဲ့အတွေးနဲ့ ကြည်နူးနေတုန်း …

ဘုရားခန်း
“ဟောဟိုက အခန်းကတော့ ဘုရားခန်းပါ၊ အဲဒီအခန်းမှာ မယ်နုက မင်းညီမင်းသားတွေကို သတ်ဖြတ်ခဲ့ပြီး ကြမ်းပေါက်ကနေ အောက်ဖက် မြေတိုက်ထဲက ပစ်ချခဲ့တာ”
ဆိုတဲ့ လမ်းညွှန်ကလေးရဲ့ စကားသံက နားထဲစူးခနဲ ရောက်လာတယ်။
“ဟင် … ဟုတ်လား …. ဘုရားခန်းမှာ ဘာလို့ လူသတ်ရတာလဲ”
“သူတို့ မသေခင် ဘုရားကို အာရုံပြုလို့ရအောင်ပါ၊ ဘုရားရှိခိုးပြီးတာနဲ့ သတ်ပစ်လိုက်တာပဲ။ ဟောဒီကြမ်းပေါက်ကနေ အောက်ကို အလောင်းတွေကို ချတာလေ”
“ဒီကြမ်းပေါက်လေးကနေ??”
ဒီကြမ်းပေါက် ... တဲ့
“အရင်တုန်းက အဲဒီကြမ်းက အရှင်ပေါ့။ မောင်းတံ ခလုတ် ရှိတယ်လေ၊ မောင်းတံဆွဲလိုက်ရင် ကြမ်းက ပွင့်သွားပြီး အလောင်းက မြေတိုက်ထဲ
ရောက်သွားရော”
“ဘုရား … ဘုရား”
“အဲဒီကနေ ဧရာဝတီမြစ်ထဲ ဒါရိုက် ရောက်သွားတာ” ရှေ့ကလမ်းညွှန်တဲ့
ကလေးမလေးကလဲ တခွန်း ဝင်ပြောတယ်။
ဟင် … ဒါတော့ နည်းနည်းများသွားပြီလို့ စိတ်ထဲကပြောမိတယ်။
ဒီကျောင်းကနေ ဧရာဝတီမြစ်ရောက်အောင် အလောင်းတွေ ဘယ်လိုသွားကြပါလိမ့်နော်။ သြော် … ပါးစပ်ရာဇဝင်ဆိုတာ အမျိုးမျိုး ချုံ့နိုင် ချဲ့နိုင်တာပါပဲလား။

တကယ်တမ်း အထောက်အထားအရတော့ အေဒီ ၁၈၂၈ ခုနှစ် ကျောင်းကြီး ဆောက်လုပ် ပြီးသွားချိန်မှာ ကျောင်းဒါယကာ ဒါယိကာမတွေ ဖြစ်တဲ့ ဘကြီးတော်မင်းတရားနဲ့ နန်းမတော်မယ်နုတို့ဟာ ညောင်ကန်ဆရာတော် ဦးပိုထံ ရေစက်ချလှူဒါန်းခဲ့တယ်။ ဆရာတော် ဦးပို ပျံလွန်တော်မူတော့ ဆရာတော်ဦးဗုဓ်ကို ဆက်လက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဆရာတော်ဦးပိုအကြောင်းတော့ သေချာမသိလို့ မပြောလိုပေမယ့် ဗုဓ်အစ ဗုဓ်အလယ် ဗုဓ် အဆုံးမှာ နောက်ဆုံးဗုဓ်အဖြစ် နာမည်ကျော်ခဲ့တဲ့ ဆရာတော် ဦးဗုဓ်ဟာ ဘကြီးတော်မင်းနဲ့ မိဖုရားကြီး နန်းမတော်မယ်နုတို့ အထူးကိုးကွယ်တဲ့ ဆရာတော် ဖြစ်ပေမယ့် မင်းနဲ့မိဖုရားကိုတောင် မျက်နှာသာမပေး စကားများများ မပြောခဲ့ဘူးဆိုတဲ့ စာပေအထောက်အထား များစွာရှိပါတယ်။

ဒီကျောင်းကြီးကို ဆရာတော်ထံ ရေစက်ချချိန်မှာ ဆုံးမသြဝါဒပေးဖို့ လျှောက်တင်တော့ ဆရာတော်က မင်းနဲ့ မိဖုရားကို ...
“မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမသြဝါဒပေးရန်မလို၊ မင်းနဲ့တူအောင် မကျင့်ပါက ငါတို့နှင့်မဆိုင် အဝီစိနှင့်သာ ဆိုင်သည်” လို့ တိုတိုပြတ်ပြတ် သမိုင်းဝင် သြဝါဒ စကားကြီးကို မြွက်ကြားခဲ့တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် နန်းမတော်မယ်နုဟာ ဆရာတော်ထံ နေ့စဉ် ဆွမ်းအုပ်ပို့ပြီး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်တာကြောင့် တနေ့မှာ ဆရာတော့်ကို သီလပေးဖို့ လျှောက်ထားတော့ “ကိုယ့်ဘာသာကိုယ် ဆိုပြီး ဆောက်တည်သွား … ” တဲ့။ အဲဒီလောက် ပြတ်သားပြီး မင်းလိုမလိုက်တဲ့ ဆရာတော်ပါ။
ဒီလို ပုဂ္ဂိုလ်မျိုးဟာ သူ့ကို လှူထားတဲ့ ကျောင်းထဲက ဘုရားခန်းမှာ လူတွေလာသတ်တာကို လက်ခံပါ့မလား … ။

ကျောင်းကြီးပေါ်က မဆင်းခင် လူတွေသတ်ခဲ့တယ် ဆိုတဲ့ ဘုရားခန်းမှာ မတ်ရပ်စမ္ပါယ်တော်မူတဲ့ မြတ်စွာဘုရားကို လက်အုပ်ချီရှိခိုးရင်း ဖူးမြော်တော့ မြတ်စွာဘုရားဟာ မဟာကရုဏာတော် ကြီးမားစွာနဲ့ ပြုံးတော်မူနေဆဲ … ။
ဘုရားခန်းထဲက မတ်ရပ် ဗုဒ္ဓရုပ်ပွါးတော်ဟာ ... နားထောင်ကောင်းအောင် ဇာတ်နာအောင် ပြောနေကြတဲ့ ပါးစပ်ရာဇဝင်တွေအကြောင်း သိလို့ပဲ ပြုံးတော်မူလေသလား ... လို့ တွေးရင်း ကျောင်းဝင်းကြီးထဲ လှမ်းကြည့်တော့ ထနောင်းပင် မန်ကျည်းပင်လို အညာဒေသရဲ့ သင်္ကေတ အရိပ်ရအပင်ကြီးတွေနဲ့ အုပ်ဆိုင်းနေတဲ့ ကျောင်းဝင်းကြီးဟာ ချမ်းမြေ့စရာအတိ ... ။ ကျောင်းဝင်းအနောက်ဘက်ကို ကာရံထားတဲ့ အုတ်ရိုးတချို့နေရာတွေမှာတော့ ငလျင်ဒဏ်ကြောင့်လား မသိ မညီမညာ ယိုယွင်း ပျက်စီးနေပြီး မီးသင့်ထားသလို မည်းနေတာတွေလဲ တွေ့ရပါတယ်။

ဒီကျောင်းကြီးကို လာရောက်လေ့လာသူ နိုင်ငံခြားသား၊ ပြည်တွင်းဧည့်သည်တွေနဲ့ ခုချိန်မှာ စည်ကားနေပေမယ့် တချိန်ကတော့ သံဃာတော်တွေ သီတင်းသုံးရာ ... အရိပ်အာဝါသအဖြစ် ဆိတ်ငြိမ် အေးချမ်းလို့ နေမှာပါပဲ။ ဆရာတော်ဦးဗုဓ်ဟာ ပျံတော်မမူခင် အချိန်အထိ ကျမ်းပေါင်း ၆၀ ကျော် ရေးသားပြုစုခဲ့တဲ့အနက် ၄၀ ကျော်ဟာ ဒီကျောင်းကြီး မှာ ရေးသားခဲ့တယ်လို့ သိရတယ်။

နန်းမတော်မယ်နုဟာ ဒီကျောင်းကြီးကို လှူပြီးနောက်မှာ ဘယ်ရွေ့ ဘယ်မျှ ကုန်ကျပါကြောင်းနဲ့ ဒီ့အတွက် အလှူအကျိုး တရား ဟောကြားပေးဖို့ ဆရာတော့်ထံ တောင်းပန် လျှောက်ထားတော့ ဆရာတော်က မယ်နုကို ရေဖလားအပြည့် ခပ်ခိုင်းပြီး အကုန် ပြန်သွန်ခိုင်းတယ်။ ပြီးတော့မှ …
"သွန်ပစ်လိုက်သော ရေသည် လှူ၍ကုန်သော ပစ္စည်းနှင့် တူ၏။ ရေဖလားမှာ ကပ်၍ ကျန်နေသော ရေသည် အလှူအတွက် ရရှိသော အကျိုးနှင့် တူ၏" လို့ ဟောတော် မူပါသတဲ့။

အလွန်ထက်မြက်လွန်းပြီး နု ဆိုတဲ့ စကားလုံးတောင် တနိုင်ငံလုံး မသုံးခိုင်းတဲ့ မိဖုရား နန်းမတော်မယ်နုဟာ ဆရာတော်ဦးဗုဓ်ကိုတော့ အလွန်ရိုသေပြီး ကြောက်ရွံ့ပုံပါပဲ။ တခါသား မင်းနဲ့မိဖုရားကို ဆရာတော်က သီလပေးဖို့ နှုတ်ဆိတ်နေတော့ ဘာကြောင့်များပါလဲ လျှောက်တင်တဲ့အခါ သီလယူမယ့် မင်းကြီးက ထိခြင်းငါးပါးနဲ့ ရှိမခိုးဘဲ တံတောင်ဆစ်အောက်မှာ မှီအုံးခံနေလို့ ဆိုတာကြောင့် ... ပဲ။ ဒါနဲ့ မယ်နုကပဲ ကမန်းကတန်း မင်းကြီး တံတောင်ဆစ်အောက်က မှီအုံးကို ဆွဲထုတ် ပေးလိုက်ရသတဲ့။

အဲဒီလို ရေမြေ့သနင်းကိုတောင် အလိုမလိုက် အကြိုက်မဆောင်တဲ့ ဆရာတော် အပေါ်မှာ မယ်နုဟာ မာနလုံးဝမထားရှာပါဘူး။ တချို့မင်းတွေဆို ရဟန်း သံဃာတော်သော ဘာသော နားလည်တာမှ မဟုတ်တာ။ သူတို့ အကြိုက် မလိုက်ရင် အညှိုးအတေး ထားတတ် အပြစ်ရှာတတ်ကြသေးတာ ကလား ... ။ အဲဒီလို မလုပ်တဲ့အတွက် ဘကြီးတော်မင်းနဲ့ မယ်နုကို ကျေးဇူးတင်လိုက်တာလို့ စိတ်ထဲကနေ ပြောနေမိပါသေးတယ်။ သူတို့ မျက်မာန်တော်ရှရင် ဆရာတော်ခမျာလည်း သာသနာအတွက် အရေးကြီးတဲ့ ကျမ်းစာတွေ အကုန် ပြုစုသွားနိုင်မယ် မထင်ဘူးလေ။

ဆရာတော်ရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေ အောက်မေ့ရင်း ကျောင်းကြီးပေါ်က အဆင်းမှာ မယ်နုရဲ့ နောက်ဆုံးခရီးအတွက် ဆရာတော် မိန့်ကြားခဲ့တဲ့ သမိုင်းဝင် စကားတခွန်းကို သတိရဖြစ်အောင် ရလိုက်မိပါရဲ့ ... ။
***
နန်းတွင်း အရှုပ်အထွေးတွေ ကြားထဲမှာ မယ်နုနဲ့ သူ့အကိုတော် စလင်းမင်းသား မောင်အို အရေးနိမ့်လို့ ဘကြီးတော်မင်းလဲ နန်းချခံရ၊ မယ်နုတို့ကိုလဲ သာယာဝတီမင်းသားက ဖမ်းပြီး ကွပ်မျက်မယ်ဆိုတော့ မယ်နုဟာ မင်းမျိုးမင်းနွယ် မဟုတ်ပေမယ့် မင်းမျိုးလို့ပဲ ယူဆပြီး မင်းသွေးမြေမခစေရအောင် ရေချ ကွပ်မျက်ဖို့ စီစဉ်ခဲ့တယ်။

ကွပ်မျက်ခံရမယ့် မယ်နုဟာ နောက်ဆုံးအနေနဲ့ ဆရာတော်ဦးဗုဓ်ကို ဖူးမြော်ခွင့်တောင်းပြီး ကျောင်းကိုရောက်တော့ ဆရာတော် စာကြည့်နေချိန်ပေါ့ .. ။ မယ်နုက အကျိုးအကြောင်း လျှောက်တင်တော့ ဆရာတော်ဟာ စာကြည့်နေရာက မယ်နုကို ခုလို ပြောလိုက်တယ်။
"မိနု ... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်" တဲ့ ... ။

ဒီစကားကြောင့်ပဲ နန်းမတော်မယ်နုဟာ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ခဲ့တာပါ။ ဟိုးထိပ်ဆုံးမှာ နေခဲ့ရတဲ့ မိဖုရားတပါးဟာ ကိုယ့်ကို သတ်တော့မယ့်အချိန် သေအံ့ဆဲဆဲ မှာ ...
"ငါသေပျော်ပြီ ... ငါသေဝံ့ပြီ ... ဆရာတော်က ငါ့နာမည်ခေါ်ပြီး စကားလဲ ပြောတယ်၊ တရားလဲဟောတယ်၊ ဆရာတော်က ငါ့ကို သေစရိတ်ပေးလိုက်ပြီ ..." စသဖြင့် ဝမ်းမြောက်စွာ ပြောခဲ့ပါသတဲ့။ ဘယ်လောက် ရဲရင့်လိုက်တဲ့ အမျိုးသမီးလဲ ... ။
***

ဒီလိုနဲ့ ...
အင်းဝသူလေး ရှင်မင်းနုဘဝကနေ နန်းတွင်းမှာ ဓားထက်ခဲ့တဲ့ နန်းမတော်မယ်နု အဖြစ် တန်ခိုး အာဏာ ကြီးစိုးခဲ့ရာက ... နောက်ဆုံးမှာတော့ တောင်သမန်အင်းရဲ့ အရှေ့ မြောက်ထောင့် မယ်ဘယက်ကုန်း ကမ်းစပ်မှာ ကတ္တီပါ အိတ်နီနဲ့ ထည့်သွင်းပြီး ရေချ ကွပ်မျက် ခံခဲ့ရတဲ့ မယ်နုရဲ့ ဘဝဖြစ်စဉ်ကို အဖန်ဖန် တွေးရင်း သက်ပြင်းမောတွေနဲ့ ကျောင်းတော်ကြီးကို ကျောခိုင်းခဲ့ပါတော့တယ်။

မေဓာဝီ
http://maydar-wii.blogspot.com/

အင်းဝ မယ်နုအုဋ္ဌ်ကျောင်း


( အင်းဝ မယ်နုအုဋ္ဌ်ကျောင်း)

မန္တလေးမှ ကိုယ်ပိုင်ကားနှင့်  သွားမည် ဆိုလျင် ၁ နာရီ ကျော်ကျော် မောင်းရပါသည်။ လိုင်းကားစီး သွားလိုသူများသည် မန္တလေးမှ တံတားဦးကားကို စီးကာ လိုင်းကားမှ ဆင်းလျင် နောက်တဆင့် မြင်းလှည်းဖြင့် အင်းဝမြို့ဟောင်း အနှံ့ လိုက်လံ ကြည့်ရှု့လို့ ရပါသည်၊

မြန်မာပြည်အနှံ့ ဘုရားဖူးများသည် ယင်းနေရာသို့ အရောက်အပေါက် နည်းကြ၏၊ စစ်ကိုင်း မန္တလေး နှင့် မဝေးသော်လည်း လမ်းကြမ်းသောကြောင့် ခရီးမတွင်ခြင်း ဖြစ်သည်၊ ထို့ကြောင့် လူတိုင်း အယောက် ၁၀၀ မှာ ၁၀ ယောက် ရောက်ဖူးဖို့ ခဲယဉ်းကြသည်။ လူတိုင်း နီးပါး မန္တလေး ရောက်ဖူးသော်လည်း အင်းဝရှိ မယ်နု အုဋ္ဌ်ကျောင်း ကိုတော့ မရောက်ဖူးကြသည်က သာ၍ များမည်ထင်ပါသည်။

ယခုအခါ မန္တလေး မှ တံတားဦးမြို့ကို ဖြတ်ကာ ရန်ကုန်အထိ အမြန်လမ်းမကြီး နောက်ထပ် ဖောက်လု ပ်နေသည်ဖြစ်ရာ နောင်တချိန်တွင် သွားလာရေး ပိုမို လွယ်ကူချောမွေ့မည်ဟု ခန့်မှန်းရသည်။ ယခုအချိန် စာရေးသူတို့ သွားသောအခါတွင် မိုးကျနေပြီဖြစ်သောကြောင့် လမ်းတလျောက် ရွှံ့ဗွက်များလည်း ကျော်လွှားခဲ့ရသည်၊ သမိုင်းကို မြတ်နိုး တန်ဖိုးထားသူ မည်သူမဆို ရောက်အောင် သွားရောက်သင့်သော နေရာ ဖြစ်သည်ဟု ဆိုချင်ပါသည်။

အင်းဝနေပြည်တော်သမိုင်း ခြေရာများ

အင်းဝမြို့ဟောင်းသည် အေဒီ 1364 မှ 1840 အထိ နှစ်ပေါင်း ( ၄၀၀ ) ခန့် ၄ ကြိမ်တိုင်တိုင် မင်းနေပြည် ဖြစ်ခဲ့သော မြို့တော်ဟောင်း တစ်ခုဖြစ်သည်။
ဗြိတိသျှတို့ တိုက်ခိုက် သိမ်းယူခြင်း မပြုမီက မြန်မာနိုင်ငံကို ပြည်ပက Ava အင်းဝ ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။
၁၃၆၄ ခုနှစ် ရှမ်းလူမျိုးတို့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းနေပြည်တော် ပျက်စီးသွားသောအခါ သတိုးမင်းဖျား ( ၁၃၆၄ - ၁၃၆၈ ) က အင်းဝတွင် မင်းနေပြည်တော် တည်ထောင်ကာ မြို့တော်ကို ရတနာပူရ ဟု သမုတ်ခဲ့သည်။

၁၅၂၇ ခုနှစ် ရွှေနန်းကြော့ရှင် ( ၁၅၀၂- ၁၅၂၇ ) ကို ရှမ်းသိုဟန်ဘွားက လုပ်ကြံခဲ့သည်မှ စ၍ အင်းဝကို ရှမ်းမင်းတို့ အုပ်စိုးခဲ့ကြသည်။
၁၅၅၅ တွင် ဟံသာဝတီ ဆင်ဖြူများရှင် ( ၁၅၅၁- ၈၁ ) က အင်းဝကို တိုက်ခိုက် အောင်မြင်ပြီး အင်းဝတွင် ဘုရင်ခံထား အုပ်ချုပ်စေခဲ့ပြန်သည်။
၁၅၉၃ တွင် အင်းဝဘုရင်ခံ မင်းရဲကျော်စွာဟံသာဝတီ သို့ စုန်ရာတွင် မြို့အဖြစ်မှ ရပ်စဲခဲ့သည်။

၁၅၉၉ တွင် ဟံသာဝတီ ဆင်ဖြူများရှင်၏ သားတော်တစ်ပါးဖြစ်သော ညောင်ရမ်းမင်းသား ( ၁၅၉၉ - ၁၆၀၅ ) အင်းဝနေပြည်တော်ကို ပြန်လည်တည်ထောင်ခဲ့သည်။ မြို့တော်ဟောင်းကို အရှေ့ အနောက်နှင့် တောင်အရပ်တို့သို့ တိုးချဲ့ခဲ့သည်။ ရတနာပူရ အမည်ကို ဖျက်ကာ ရွှေဝမြို့ကြီးဟု သမုတ်ခဲ့ပြန်သည်။
၁၇၅၂ ခုနှစ်တွင် မွန်တို့က အင်းဝကို တိုက်ခိုက် အောင်မြင်သိမ်းပိုက်ပြန်သည်

ကုန်းဘောင်မင်းဆက်မှ တတိယမင်းဆက်ဖြစ်သော ဆင်ဖြူရှင် မြေဒူးမင်း ( ၁၇၆၃- ၁၇၇၆ ) က ၁၇၆၅ တွင် ရတနာပူရ ( အင်းဝ ) မင်းနေပြည်တော်အသစ်ကို တတိယအကြိမ် တည်ခဲ့ပြန်သည်။
ဘိုးတော်ဘုရား ( ၁၇၈၂- ၁၈၁၉ ) နန်းတက်ပြီး ၁၇၈၃ တွင် အမရပူရ နေပြည်တော်သစ်ကို တည်ထောင်ခဲ့ရာ အင်းဝနေပြည်တော် ပျက်သုဉ်းခဲ့ရပြန်သည်။

ဘိုးတော်ဘုရားကို ဆက်ခံသူ ဘကြီးတော် ( ၁၈၁၉-၁၈၃၇ ) က ၁၈၂၁ ခုနှစ်တွင် အင်းဝသို့ မင်းနေပြ ည်တော် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
သာယာဝတီမင်း ( ၁၈၃၇- ၁၈၄၆ ) က ၁၈၄၀ ခုနှစ်တွင် အမရပူရ သို့ နေပြည်တော် ပြောင်းရွှေ့သည်မှ စ၍ အင်းဝမြို့ဟောင်းသည် အပြီးတိုင် နေပြည်တော်အဖြစ်မှ ရပ်စဲခဲ့သည်။

သတိုးမင်းဖျား၊ ညောင်ရမ်းမင်းသား၊ ဆင်ဖြူရှင်မြေဒူးမင်း၊ ဘကြီးတော် မင်းတို့သည် အင်းဝကို ပြန်လည်တည် ထောင်သော ရှင်ဘုရင်များ ဖြစ်ကြသည်။
အထက်ပါ အချက်အလက်များသည် ယခုအခါ အင်းဝမြို့ဟောင်း တစ်နေရာ၌ စိုက်ထူထားသော ကမ္ဗည်း ကျောက်စာတိုင် မှ ကူးယူဖော်ပြပါသည်။ သမိုင်းမှတ်တမ်းတို့ ထုံးစံအတိုင်း မူကွဲများစွာ ရှိနေမည်ဟု ထင်ပါသည်။ ခရီးသွားရင်း မှတ်တမ်းတင်သည်ဖြစ်၍ ကွဲလွဲမှုများ တွေ့ရှိပါက နားလည်ခွင့်လွတ်နိုင်ကြမည်ဟု မျှော်လင့်မိပါသည်၊

နန်းမတော် မယ်နု ခြေရာများ

မယ်နု အုတ်ကျောင်း ဟု ထင်ရှားသော မဟာအောင်မြေဘုံစံ ကျောင်းတော်ကြီးကို ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မယ်နုက ညောင်ကန်ဆရာတော် ဦးပို အား တင်လှူပူဇော်ခဲ့သည်။
ဆရာတော် ဦးပို ပျံလွန်တော်မူသောအခါ ဆရာတော် ဦးဗုဓ် အား ထပ်မံ လှူဒါန်းခဲ့သည်။

၁၈၃၈ ခုနှစ်တွင် ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော်လည်း နန်းမတော် မယ်နု ၏ သမီးဖြစ်သော မင်းတုန်းမင်းကြီး၏ မိဖုရားလည်းဖြစ်သော ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ပါသည်။

မဟာအောင်ပြေဘုံစံကျောင်း ( မယ်နုအုတ်ကျောင်း ) သည် ဇေတ၀န်ဆောင်နှင့် ပြသာဒ်ဆောင်ပါဝင်သော သစ်သားဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဍာန်တူအောင် တည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင် ခေတ်နှောင်း ပန်းရံ ပန်းပု ပန်းတမော့ စသော မြန်မာ့ ဗိသုကာ လက်ရာများဖြင့် ထင်ရှားကျော်ကြားနေပါသည်။

နှစ်ပေါင်း ( ၁၈၉ ) နှစ် ကြာခဲ့ပြီဖြစ်သော နန်းမတော် မယ်နု အုတ်ကျောင်းပါ
အောက်ထပ်မှာ မြေအောက် လှိုဏ်ခေါင်းတွေ မရေတွက်နိုင်အောင် ပါတယ်၊ အတွင်းထဲ လိုက်လံ ကြည့်ရှုလိုလျင် ဓာတ်မီး ပါမှ အဆင်ပြေပါမယ်၊
အခြားနေရာတွေမှာ မြင်တွေ့ရဖို့ ခဲယဉ်းတဲ့ ကျွန်းသား ရေနံချေး သုတ် တံခါးများ လည်းရှိပါတယ်။

အပေါ်ထပ်က လှိုဏ်တွေမှာတော့ ပုဂံခေတ်ကပုံစံ လက်ရာ ဆင်းတုတွေလဲ ဖူးတွေ့နိုင်ပါတယ်။ ရိုးစင်းတဲ့ ကျွန်းသားတံခါးတွေကိုလဲ တွေ့ရခဲပါတယ်။

အတိတ် တစ်ချိန်က ရှင်ဘုရင် အချစ်တော် မိဖုရားဖြစ်ခဲ့စဉ် အင်းဝတနိုင်ငံလုံး နု ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင့် မရှိခဲ့ပါဘူး တဲ့၊ နုနုထွဋ်ထွဋ် ဆိုတဲ့ စကားလုံးအစား အိအိထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ် လို့ ကြားသိဖူးခဲ့တယ်၊

အဲဒီလောက်အထိ အတ္တကြီးမား မာနခက်ထန်ကာ သြဇာအာဏာ ကြီးမားခဲ့တဲ့ မိဖုရားဟာ တနေ့မှာတော့ မိမိရဲ့ မာနတွေကြောင့်ပဲ ရှင်ဘုရင်ရဲ့ အမျက်တော်ရှကာ သေဒဏ်ပေးခံခဲ့ရတယ်၊ ဒီအခါ ဘယ်သူမှ မရှုနိုင် မကယ်နိုင် ဖြစ်နေဆဲ ဘုရင် ကိုးကွယ်ခံ စာတတ်ပေတတ် ကျမ်းပြုဆရာတော်ကြီး ဦးဗုဓ် ထံ သွားကာ တပည့်တော်မကို ကယ်တော်မူပါအုံးဘုရား လို့ အသနားခံရတယ်၊ အဲဒီအခါ ဆရာတော်ကြီးက -
“ မိနု ၀ဋ်ကြွေးရှိက ဆပ်ရလိမ့်မယ် ” လို့ ပြန်ပြောလိုက်သတဲ့။ ဆိုလိုတာက ၀ဋ်ကြွေးပါခဲ့လျင် မလွတ်နိုင်ဘူး ဆိုတဲ့ သဘောပါ။

မာန ဆိုတဲ့ သဘောက --

ရုပ်ချောလွန်းရင်လဲ မာနတတ်တတ်တယ်၊
ပိုက်ဆံ ချမ်းသာလွန်းရင်လဲ မာနတတ်တတ်တယ်၊
ရာထူး အာဏာ သြဇာကြောင့်လဲ မာနတတ်တတ်တယ်၊
တတ်ထားတဲ့ ပညာတွေကြောင့်လဲ မာနတတ်တတ်တယ် လို့ မြတ်ဗုဒ္ဓက ဟောထားခဲ့တယ် မဟုတ်လား ………

နောက်ဆုံးတော့လဲ မာလွန်းရင် န တတ်တယ် ဆိုတဲ့ ရှေးစကားအရ အတိတ်တချိန်က အင်းဝတနိုင်ငံလုံးကို ခြယ်လှယ်နိုင်ခဲ့တဲ့ မိဖုရားမယ်နု ဟာ သေဒဏ်က မလွတ်နိုင်ပဲ ဘ၀ဆုံးသွားရရှာတယ် ..
ကြောက်စရာ သတိထားစရာ .. မာနတွေ ဒေါသတွေ အတ္တတွေ .. သံဝေဂ ယူစရာတွေနဲ့ ပြည်နှက်နေခဲ့တဲ့ အင်းဝနေပြည်တော်ဟောင်းက အပြန်မှာတော့ စာရေးသူရဲ့ ရင်ထဲမှာ အမည်မဖော်ပြနိုင်တဲ့ မွန်းကျပ်မှု ဝေဒနာတွေ နဲ့ လေးကန်သော ခြေလှမ်းတွေနဲ့ ပြန်လှည့်ခဲ့မိပါတော့သည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

တရုတ်-မြန်မာ ပထမ စစ်ပွဲ


တစ်ချိန်တုန်းက..မြန်မာ ရာဇ၀င်မှာ.. တိတိ ကျကျပြောရရင် ၁၇၆၀ မှာ..မြန်မာနိုင်ငံ မှာ စစ်ရေး အအောင်မြင်ဆုံးဖြစ်တဲ့.. ဆင်ဖြူရှင် ဘုရင် ဆိုတာ နာမည်ကြီးခဲ့ပါတယ် ။

အဲဒီ ဘုရင် လက်ထက်မှာ အလောင်းမင်းတရား လက်ထက်က
မအောင်မြင် ခဲ့တဲ့ အယုဒ္ဓယ (ထိုင်းနိုင်ငံ) ကိုအောင်မြင်ခဲ့ သလို..၊
ကမ္ဘာ့ သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ် ကျူးကျော်စစ် ဖြစ်တဲ့
တရုတ်-မြန်မာ စစ်ပွဲ ( Seno - Burmese War) (၄) ကြိမ်စလုံးကို
တိုက်ခိုက်အောင်မြင်ခဲ့ပါတယ် ။

တရုတ်-မြန်မာ ပထမ စစ်ပွဲ
-----------------------------
၁၇၆၅ ခုနှစ် မတ်လ အတွင်းမှာ ဆင်ဖြူရှင် မင်းတရားကြီးဟာ အယုဒ္ဓယကို တိုက်ခိုက် သိမ်းပိုက်နေတဲ့ အချိန် အတွင်းမှာ အခွင့်ကောင်း ယူပြီး တရုတ် စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို စတင်လုပ်ကြံ လာပါတယ် ။

ထိုစဉ် က ဗိုလ်ချုပ်နေမျိုး သီဟပတေ့ နဲ့ မြန်မာ တပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံ ကနေ ယိုးဒယား ကို
ချီတက်နေချိန်ဖြစ်ပါတယ်။ ဆင်ဖြူရှင် မင်းသည် လက်ဝဲ ဝင်းမှူး နေမျိုးစည်သူကို စစ်သည် သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။

တရုတ် တို့က စစ်သည်များ ထပ်မံဖြည့်တင်း ၍ ကျိုင်းတုံ ကို အထပ်ထပ် ဝန်းရံ တိုက်ခိုက်ပါတယ်။ ကျိုင်းတုံ မြို့တွင်း က တပ်တွေ ကလည်း ထွက်တိုက် တာနဲ့ တရုတ်တွေ ဆုတ်ခွာပြေးရပါတယ် ။ တရုတ် တို့ နောက် သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ပြီး မဲခေါင်မြစ် အရောက်တွင် တရုတ် စစ်မှူး ကျဆုံးသွားပါတယ် ။

အဲဒီ စစ်ပွဲမှာ တရုတ်တို့ ဖက်မှ စုစုပေါင်း စစ်သည် ငါးသောင်း၊ မြင်းတစ်သောင်း အထိ ချီတက် လာပြီး တရုတ် စစ်သည် တစ်သောင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မရှု မလှ ဆုံးရှုံးခဲ့ရသည့် အတွက် ယူနန် ဘုရင်ခံ လျူစောက် မှာ မိမိကိုယ်ကို မိမိ အဆုံး စီရင်သွားပါတယ်။

တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
-----------------------------
၁၇၆၆ မှာ ဒုတိယအကြိမ် အနေနဲ့ တရုတ် တို့ဟာ ယူနန် ဘုရင်ခံသစ် ဦးဆောင်ပြီးဗန်းမော်ကြောင်းကနေ
ချီတက်လာပြန်ပါတယ်၊

ဆင်ဖြူရှင် ဟာ တရုတ် တပ်ကြီး မရောက်မီလေးတွင် ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့် တင်းသော မြန်မာ စစ်တပ်ကြီး တစ်တပ် ကို ဗန်းမော် တောင်ဘက်ရှိ မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံ သို့ စစ်ကူ လွှတ်လိုက်ပါတယ် ။



ဗန်းမော်မြို့ ကို မြန်မာ တို့ဟာ တင်းကြပ်စွာ ထိန်းသိမ်းခြင်း မပြုတဲ့ အတွက် တရုတ် တို့ဟာ လွယ်လင့် တစ်ကူ ဗန်းမော် ကို သိမ်းပိုက်နိုင်ကြပါတယ်။

ဆင်ဖြူရှင် ဟာ တရုတ် တို့ကို တွေ့ဆုံ တိုက်ခိုက်ရန် ဝန်ကြီး မဟာစည်သူ ကွပ်ကဲ တဲ့ စစ်တပ်ကြီးကို
ဧရာဝတီမြစ် အနောက်ဘက်ကမ်း မှ ချီတက်စေ၍ အခြား စစ်တပ်ကြီး တစ်တပ်ကို ဧရာဝတီ မြစ်ကြောင်း မှ လှေ များဖြင့် နေမျိုး စည်သူ ကို ကွပ်ကဲ၍ ချီတက်စေပါတယ်..။

ကျိုင်းတုံ မှာ မြန်မာ စစ်တပ်ကြီး သည် အကြိမ်ကြိမ် ထိုးစစ် ဆင်လာတဲ့ တရုတ် တို့ကို စစ်ကူများ ရောက် လာ သည့် တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။

နေမျိုးစည်သူ စစ်တပ်ကြီး ဟာ ဗန်းမော် ကို ပြန်လည် သိမ်းပိုက် လိုက်ပြီး တရုတ် စစ်တပ် ကို နှစ်ဘက် ညှပ်ပြီးကောင်းတုံ ခံတပ်မှမြန်မာ တပ်များ က ရှေ့မှ ထွက်တိုက်ကာ နေမျိုးစည်သူ တပ် က တရုတ် တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ပါတယ် ။

တရုတ် တို့က ... ၎င်းတို့သည် မြန်မာ တို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက် သံယို များစွာဖြင့် ကျဆုံးကြသည်ဟု မှတ်တမ်းများတွင် ဝန်ခံထားကြပါတယ်၊

တရုတ် စစ်မှူး ချိုဟန်ပိုင် ဟာ ကျန်နေတဲ့ စားနပ် ရိက္ခာများကို ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်...၊
ဧရာဝတီ အနောက်ဘက် ကမ်းခြေ မှ ချီတက် လာသော မြန်မာ တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော် တွင် ဖြတ်ကူးပြီးနောက် ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးမှာ စခန်းချ နေသော
တရုတ် စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊

မြန်မာ တို့ဟာ တရုတ် စစ်တပ် ကို ဖိနင်း တိုက်ခိုက်ရင်း နေမျိုးစည်သူ ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍
စန္ဒား တိုင်အောင် ချီတက်ကြပြီး မဟာသီဟ သူရ ၏ စစ်တပ်ကြီး နဲ့ ပူးပေါင်း မိကြပြန်ပါတယ် ။

နယ်စပ် ရှိ တရုတ် တို့ရဲ့ ခံတပ် များကို မြန်မာ စစ်တပ်ကြီးတွေက သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ် ကိုလည်း ရရှိ ခဲ့ပါတယ် ။ တရုတ် မှတ်တမ်းတွေမှာ ယူနန် ဘုရင်ခံဟာ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟု ဆိုပါတယ်။

တရုတ် ဧကရာဇ် ချင်းလုံ ကို ယူနန် ဘုရင်ခံဟာ လိမ်လည် လှည့်ဖျားပြီး အစီရင်ခံတဲ့ အတွက် တရုတ် ဧကရာဇ် ဟာ အဲဒီ ယူနန် ဘုရင်ခံကို ပီကင်း ကိုခေါ်ပြီး ကိုယ့်ကိုယ် ကို အဆုံးစီရင်စေခဲ့ပါတယ်၊

တရုတ်-မြန်မာ တတိယစစ်ပွဲ
-------------------------------
အဓိက ပြောချင်တာ ကတော့ တတိယ စစ်ပွဲ မှာပါ..

၁၇၆၇ ခုနှစ်မှာ တရုတ် တို့ တတိယ အကြိမ် ချီလာပြန်ပါတယ် ။ ယူနန် ဘုရင်ခံ ရာထူး ကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ချုပ်ကြီး တစ်ဦး လို့ အသိအမှတ် ပြုခံရတဲ့ မင်းယွီ ကို ခန့်အပ်ပြီး စစ်သည် ၅၀၀၀၀ ပါဝင် တဲ့ တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ် ။ မင်ယွီ ဟာ သူ့တပ်ကိုနှစ်ပိုင်း ခွဲပြီး တစ်တပ်ကို သူကိုယ်တိုင် လိုက်ပါပြီးသိန္တီ ကို ချီတက်ပါတယ်၊

မင်ယွီ ဟာ မန်ချုး ဧကရာဇ် ချင်းလုံ ရဲ့သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန် နိုင်ငံကြီး ကို တိုက်ခိုက် သိမ်းပိုက်အောင်နိုင် ခဲ့တဲ့ အတွက်ဘုရင် က သူ့ သမီး နဲ့ ထိမ်းမြား လက်ဆက်ပေးထားသူ ဖြစ်ပါတယ် ။
တရုတ် သမိုင်းမှာ ထင်ရှားတဲ့ စစ်သူကြီးတစ်ဦးဖြစ်ပါတယ်..။

သိန္တီမြို့ ကို တရုတ် တပ်တွေက အလွယ်တစ်ကူ သိမ်းပိုက်ပြီးတဲ့ အခါမင်းကြီး မဟာစည်သူ ကွပ်ကဲ တဲ့ မြန်မာ တပ်ကြီး ဟာ တရုတ်တို့ စစ်ဦး ကို ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော် မှ ထွက်ခဲ့ပါတယ် ။ မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီး ဟာ ရွှေစာရံ မှ မြစ်ငယ်မြစ် ကို ဆန်တက်ပြီး လျှင် တရုတ် တပ် ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ် ။

နေမျိုးစည်သူ ကွပ်ကဲ တဲ့ တတိယ မြန်မာ့ စစ်ကြောင်းဟာ တရုတ် စစ်မှူး အာဆင်ဂျီး ကွပ်ကဲသော တပ် ကို ဆီးပြီး တိုက်ခိုက်ဖို့ ချီတက်ခဲ့ပါတယ် ။

ဂုတ်ထိပ် အရပ် မှာ မဟာစည်သူ တပ် နဲ့ မင်းယွီ ၏ တပ်တို့ တွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားရာ မြန်မာ တို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊

အဲဒီနောက်မှာ တရုတ်တပ်တွေဟာ ဆက်လက် ချီတက် လာပြီး တစ်ကြောင်း က ယခု ၀မ်ခေါင်းရွာ (ယခုမေမြို့ အနီးစခန်း အနီး) အထိရောက်လာခဲ့ သလို အင်းဝ အနီးမှာ ရှိတဲ့ မြစ်ငယ် မြစ် ကမ်း အနီးကမှ စဥ့်ကူး အထိရောက်ခဲ့ပါတယ်.. ။ အရမ်းကို နီးကပ်တဲ့ အနေအထားပါ...။

ဆင်ဖြူရှင် ဟာ အဲဒီအနေအထား ကို သိရက် နဲ့ ပျာယာခတ် မနေပဲတည်ငြိမ် ရင့်ကျက် စွာ ရင်ဆိုင်ခဲ့ပါတယ်၊
အဲဒီအချိန်က..မြန်မာနိုင်ငံ ရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင် ၏ ပြုမူချက်ပေါ်တွင် မူတည်ခဲ့တာပါ ။

မြန်မာ့သမိုင်း ရဲ့အပြောင်းအလဲကြီး တစ်ခုကို ဆင်ဖြူရှင် လက်ထက်မှာ ရင်ဆိုင်ခဲ့ရတာပါ.. တစ်ချက် တိမ်း တာနဲ့ တစ်နိင်ငံလုံး တုန်လှုပ် ခြောက်ခြား ၍ အစည်းပြေပြိး တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့် တစ်ကူ ကျရောက်မယ့် အနေအထားပါ၊

ဆင်ဖြူရှင် ဘုရင်ဟာ ရန်သူ တရုတ် တပ်မကြီးတွေ နီးကပ်နေတာကို.. တုန်လှုပ်မှု မရှိပဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ဖြင့် စစ်တပ်များ ကို ပြန်လည် စုစည်းခဲ့ပါတယ်။

တရုတ် စစ်သူကြီး မင်းယွီ သည်လည်း အခက်အခဲ များကို ရင်ဆိုင်နေရတဲ့ အတွက်ဆင်ဖြူရှင် ရဲ့ တုန်လှုပ်မှု မရှိတဲ့ တုန့်ပြန်မှုကို တွေ့ရတဲ့ အခါ အင်းဝနေပြည်တော်ကို သူ့ တပ်တစ်ခုတည်း နဲ့ မသိမ်းပိုက်နိုင်တော့ လို့ ယူဆ လာပါတယ်၊

အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ မြန်မာ စစ်သူရဲတွေဖြစ်တဲ့ မဟာသီဟ သူရ နဲ့ တိမ်ကြား မင်းခေါင် တို့ရဲ့ မြန်မာ တပ်ကြီးတွေ ဟာလဲ တရုတ် စစ်တပ် အချင်းချင်း မဆက်မိအောင် အဆက် အသွယ် ဖြတ်ပြီးလျှင် တရုတ် စစ်ကူ တပ်နဲ့ ရိက္ခာထောက် တပ်များကို ဟန့်တား ဖြတ်တောက် ထားလိုက်ပါတယ်၊

မင်းယွီ ၏ စစ်တပ်ကြီးဟာ ရှေ့သို့ တိုး၍ သာ ချီတက်လျက် ရှိတဲ့ အချိန် ရိက္ခာများအရေးတစ်ကြီး လို၍ နေတဲ့ အချိန်မှာ မှ မင်းယွီ ၏ တပ်ကို ရိက္ခာများ အရောက် ပို့ဖို့ အပြင်း ချီတက် ထိုးဖောက် လာသော တရုတ် ရိက္ခာထောက် တပ်တွေဟာ မြန်မာ တို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါ သို့ ဆုတ်၍ ထိုမှ တစ်ဆင့်
လားရှိုး သို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာ သွားပါတယ်၊

မင်ယွီ ရဲ့ တပ်ဟာ အင်းဝမြို့ နဲ့ အနီးဆုံးနေရာကိုရောက် လာတဲ့ အချိန်မှာ မြန်မာစစ်တပ် က အခြား စစ်မှူး၊ စစ်ကဲတွေ ဟာ အင်းဝနေပြည်တော် ကို ပြန်လည် ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ် ။

ဒါပေမဲ့ မင်းကြီး မဟာသီဟသူရ က" နောက်ထပ် တရုတ် စစ်ကူ နဲ့ ရိက္ခာတပ် မရောက်ရန် သာလျှင် အဓိက အရေးထား ရမယ် "လို့ အမိန့်ပေးခဲ့တာပါ ။ စစ်သူရဲ နေမျိုးစည်သူ ဟာ ကျိုင်းတုံ ကနေ မဟာသီဟ သူရ စစ်တပ်ကြီးနှင့် လာရောက် ပူးပေါင်းပါတယ် ။ ပြီးတော့ သိန္တီ ကို မြန်မာတပ် နှစ်တပ် ပေါင်းပြီး အပြင်း တိုက် တဲ့  အခါ သိန္တီ မှာ ရှိနေတဲ့ တရုတ် စစ်မှူးကြီး တာဆင်ဂါး ဟာ ထိတ်လန့်မှု ပြင်းပြပြီး မိမိ လည်မျို ကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်ပါတယ်... ။

အဲဒီနောက်ပိုင်းမှာ မင်ယွီ ရဲ့ စစ်တပ်ကြီးပဲ ကျန်ပါတော့တယ်..၊ ဤတွင် မြန်မာတို့ အဖို့ တစ်ရန် အေးကာ မင်းယွီ ဘက်သို့ ဦးလှည့် နိုင်လေတော့သည်။ မင်းယွီဟာ သူ့အကြောင်းသူ သိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့ပါတယ် ။

မင်းယွီ ဟာ သူ့ရဲ့ ရိက္ခာထောက် တပ် များကို ဖြတ်တောက် ခဲ့သော မြန်မာ တပ်ကြီး ဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက် တွင်ရောက်နေကြောင်း သိတဲ့ အတွက် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ
မြောက်ဘက် တူရူ သို့ ဆုတ်ခွာခဲ့ပါတယ်. ။

ပထမပိုင်း ဂုတ်ထိပ်မှာ အရေး ရှုံးနိမ့်ခဲ့တဲ့.. မဟာစည်သူဟာ သူရဲ့ စစ်တပ်ကြီး ကို ပြန်လည် စုရုံးပြီး
မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်း များကို ကျော်ဖြတ် ကာ မင်းယွီ ၏ တပ်ကို အမှီ လိုက်ပါတယ်၊

မင်းယွီ ၏ တပ်ကြီး ကို မောင်းလန် မှ မင်းယု သို့ အလှည့်တွင် ဝိုင်းမိ ခဲ့ပြီး အပြင်း အထန် တိုက်ခိုက် ခဲ့တဲ့ အတွက် မင်ယွီရဲ့ တပ်ဟာ အကျအဆုံး များလာခဲ့ပါတယ်၊

မြန်မာ တပ်တွေရဲ့ တိုက်ခိုက်မှုဟာ တရုတ် တပ်တွေရဲ့ အင်အား ၃၀၀၀၀ ကို ၃ ရက် လုံးလုံး အပြင်းအထန် တိုက်ခိုက်တဲ့ အတွက် တရုတ် မင်ယွီ ရဲ့ စစ်သည် အင်အားဟာ ၂၅၀၀ ပဲ ကျန်ရှိခဲ့ပါတယ် ။ မြန်မာ စစ်သည်တွေ ရဲ့ ဓားတွေဟာ သွေးတွေ နဲ့ လက်တွေမှာစေးကပ်ပြီး ခွါမရဖြစ်ခဲ့တယ် လို့ ကမ္ဘာ့သမိုင်း မှာရေးသားခဲ့ကြပါတယ်၊

မြန်မာ တို့ဟာ တရုတ်တပ်ကြီး ကို ထွက်ပေါက် မရှိအောင် တင်းကြပ်စွာ ပိတ်ဆို့ ဝန်းဝိုင်း ထားကြတဲ့ အတွက် တရုတ် ဧကရာဇ် က သူ့သမက်တော် မင်ယွီ ကို လှမ်းပို့ တဲ့ ပြန်ဆုတ်ခွာဖို့ အမိန့်စာတောင် မင်ယွီဆီ ကို မရောက်ခဲ့ပါဘူး.. ။

မြန်မာ တပ်တွေ အ၀ိုင်း ခံရတဲ့ အချိန်မှာ မင်ယွီ ဟာ သူရဲကောင်း ပီသစွာသူရတဲ့ ရိက္ခာကိုတောင် ဒဏ်ရာ ရတဲ့ တရုတ် စစ်သည်တွေကိုကျွေးပြီး သူကိုယ်တိုင် ကတော့ သစ်ရွက်တွေကိုသာ စားခဲ့တယ် လို့ တရုတ် ရာဇ၀င်မှာ ရေးသားခဲ့ကြပါတယ် ။

နောက်ပိုင်း မှာ မင်ယွီ ဟာ သူရဲ့ ကျစ်ဆံမှီး ကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံ ကို ပေးပို့စေပြီး သူကိုယ်တိုင် ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ် ။ အဲဒီ တိုက်ပွဲမှာ မြန်မာ တပ်တွေဟာ အင်အား ငါးသောင်းရှိတဲ့
တရုတ် တပ်တွေကိုအောင်နိုင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
-----------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်မှာ တရုတ် တို့ဟာ နယ်စပ် မှာ ၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ပြန်လည် ၀င်ရောက်လာပါတယ် ။ စစ်မှူးကြီး မှာလည်း မန်ချူး အစိုးရတို့ လွန်စွာ အားထားရတဲ့ မန်ချူး လူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်၊

ဖူဟင်း ၏ တပ်သည် ငှက်ဖျားရောဂါ ထူထပ် လှသော မိုးကောင်း နယ်မြေ တွင် အလဟဿ လှည့်လည်၍
နှစ်လ တိုင်တိုင် အချိန်ဖြုံး ခဲ့ပါတယ်၊ မြန်မာ တပ်ကြီး မိုးကောင်းနယ် သို့ ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍ လှည့်ကြပါတယ် ။

ရွှေကူ မြောက်ဘက်တွင် ဖူဟင်း ၏ တပ်သည် အီလယ်တူ စစ်တပ် နဲ့ ပေါင်းမိခဲ့ပါတယ်၊ ထို့နောက် မန်းဝန်း မှ ချီလာသော တပ်နှင့် တစ်ဖန် ပေါင်းမိပြန်၍ ဗန်းမော် ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ် ။ သို့သော် ဗန်းမော် ဟာ မြန်မာ တို့ အဖို့ အရေးပါ အားထားသော စခန်းဌာန မဟုတ်ခဲ့ပါ ။

ဗန်းမော် ကို သိမ်းပိုက်ပြီးနောက် တရုတ် တို့သည် မြို့တစ်မျှ ကြီးမား လှသော ခံတပ် ကို ကောင်းတုံ အရှေ့ ဘက် ၁၂ မိုင် အကွာ ရှိ ရွှေညောင်ပင် စခန်းတွင် တည်ဆောက်ခဲ့ပြီး စစ်တပ်နှင့် အတူ ပါလာသော လက်သမား များကို လှေ သမ္ပာန် ရာပေါင်း များစွာ တည်ဆောက်စေ၍ ကောင်းတုံ ကို လှေ တပ်ဖြင့် ဝိုင်းကြ ပါတယ်၊

အဲဒီနောက် တရုတ် တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော မြန်မာတွေ ရဲ့ ကောင်းတုံ ခံတပ် ကို အမြောက် လက်နက် များ စုံလင်စွာဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်၊

မြန်မာ စစ်မှူး စစ်ကဲ တို့ဟာ ယခင် အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ် ကို ဖြတ်တောက်ရန် စစ်တပ်ကြီး တစ်တပ် စေလွှတ်ပြီး တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်...

ကောင်းတုံ ကို မြန်မာ့ ရေတပ် မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း တရုတ် တို့၏ လှေသမ္ပာန် များသည် လည်း မြန်မာ တပ်၏ ထွင်းဖောက်ခြင်း ကို ခံကြရပါတယ်. ။.

ထို့နောက် ရွှေညောင်ပင် တရုတ်ခံတပ် ကို မြန်မာတို့ အပြင်းအထန် ၀င်ရောက် သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ် ကို မြန်မာ တို့ ရသောအခါ တရုတ် တို့သည် ကောင်းတုံ ကို ဝန်းရံနေသော တပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ် ။

မြန်မာတို့ ၏ ခံတပ် အခြေ ၌ တရုတ် တို့သည် အတုံး အရုံး စုပုံ ကျဆုံးကြပါတယ် ။ တရုတ် တို့ရဲ့ ထွက်ပေါက် အားလုံး ကိုလည်း မြန်မာ များက ပိတ်ဆို့ပြီး ဖြစ်တဲ့ အတွက် တရုတ်ဘုရင် ဟာ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်း ခဲ့ပါတယ်၊

(၂)

ထူးခြားတာ တစ်ခုကို တွေ့ရပါတယ်...။

တရုတ် က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းတာကို တရုတ် တို့ စကား ကမ်းလှမ်း လာလျှင် ဗိုလ်ချုပ် မဟာသီဟသူရ ဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ် ။ဘုရင့် အမိန့်ကို မခံယူတော့ဘဲ လက်ခံခဲ့ ပါတယ်၊

ထို သတင်းကိုကြားတာ နဲ့ ဆင်ဖြူရှင်မင်း ဟာ အမျက်တော် ရှသွားပါတယ် ။ ပြီးတော့ တရုတ်ဆီ ကနေ ရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး.. လက်ဆောင် ပဏ္ဍာတွေကို အဲဒီ စစ်တပ်ကြီး က အကြီးအကဲ ဗိုလ်မှူး တပ်မှူး တို့ရဲ့ဇနီး များအား ရွက်စေလျက် သုံးရက် တိုင်တိုင် နေလှန်းခဲ့တယ်လို့ ရာဇ၀င်မှာဖေါ်ပြခဲ့ပါတယ် ။
yinkhwinlam24.blogspot.

ကပ္ပိယ ဖိုးတေ

Posted by ko kyaw lwin

ငဇင်ကာ နှင့် အနောက်ဘက်လွန်မင်း


ငဇင်ကာ နှင့် အနောက်ဘက်လွန်မင်း
အနောက်ဘက်လွန်မင်းမှ တောင်ငူကို အောင်နိုင်ပြီးသော် နတ်ရှင်နောင်ကို ဘုရင်ခံအဖြစ် ပြန်လည် ခန့်အပ်ပြီးနောက် အင်းဝနေပြည်တော်သို့ ပြန်ကြွတော်မူလေ၏။ ထိုအခွင့်အရေးကို စောင့်နေသော သန်လျင်ငဇင်ကာသည် အေဒီ ၁၆၁၂ ဇူလိုင်လတွင် တောင်ငူသို့ အပြင်းချီတက်လာလေသည်။ တောင်ငူမြို့ စစ်သူကြီးဖြစ်သော မင်းရဲကျော်စွာလည်း ရဲမက်အများဖြင့် မြို့ပြင်မှခံတိုက်လေ၏။ ငဇင်ကာ၏ တပ်များကို မခံနိုင်သဖြင့် မြို့တွင်းဝင်ကာ ခုခံပြန်၏။ သို့သော်လည်း တောင်ငူမြို့ရိုးက ကျယ်ပြီး ခုခံသော ရဲမက်များနည်း
သောကြောင့် ငဇင်ကာတပ်သားများ မြို့ရိုးကို ကျော်နိုင်ကာ တောင်ငူမြို့ကိုရလေသည်။

မင်းရဲကျော်စွာလည်း မြို့တွင်းရောက်လာသော ပေါ်တူဂီတပ်သားများကို အပြင်းခုခံရာ တိုက်ပွဲတွင် သေနတ် သင့်ပြီး ကျရူံးလေ၏။ နတ်ရှင်နောင်၏ မယ်တော် နှင့် မိဖုရားတချို့လည်း ဝေါစီးကာ အခြွေအရံနှင့် မြို့မှ ထွက် ပြေးရလေ၏။ နတ်ရှင်နောင်မယ်တော် နှင့် မိဖုရား အင်းဝသို့ ရောက်လာရာ အနောက်ဘက်လွန်မင်း မှ ပင်းယမြို့လယ်တွင် နန်းတော်ဆောက်ပေးကာ နေထိုင်စေလေ၏။

ငဇင်ကာလည်း နတ်ရှင်နောင်နှင့်တကွ ကိုယ်လုပ်တော်မောင်းမများကိုသန်လျင်သို့ ခေါ်ဆောင်သွားလေ၏။
တောင်ငူတွင်ဖြစ်ပျက်ခဲ့သည်ကိုများကို အကြောင်းစုံသိရပြီးသော် အနောက်ဘက်လွန်မင်းသည် ရဲမက်အများအပါးဖြင့် သန်လျင်သို့အပြင်းချီတက်လေသည်။

သန်လျင်သို့ ရောက်လျှင် ငဇင်ကာထွက်မပြေးအောင် ပင်လယ်ဘက်မှ လှေတပ်ကြီးများဖြင့် ပိတ်ဆို့ထား
စေလေ၏။ ထိုနောက် သန်လျင်မြို့ ပတ်ပတ်လည်တွင် တပ်တော်များကို ချလေသည်။ သန်လျင်မြို့တွင်းတပ် လည်း အမြှောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်၏။သန်လျင်မြို့၏ မြို့ရိုးမှာ အခိုင်အခံရှိသဖြင့်
မြို့ရိုးပျက်အောင် ဥမင်တူးပြီး ဖြိုစေပြီးနောက် ပတ်ပတ်လည် ၀ိုင်းရံနေသော အင်းဝတပ်သားများ အလုံးအရင်း ၀င်တိုက်သဖြင့် သန်လျင်မြို့ကျလေသည်။

ငဇင်ကာနှင့်တကွ အပေါင်းအပါကိုလည်း ဖမ်းမိလေ၏။ငဇင်ကာမှ နတ်ရှင်နောင်အကူအညီတောင်းသဖြင့် စစ်ချီရခြင်းဖြစ်ကြောင်း လျှောက်ထားသဖြင့် အနောက်ဘက်လွန်မင်းလည်း နတ်ရှင်နောင်ကို စစ်ဆေး မေးမြန်းပြန်၏။ နတ်ရှင်နောင်မှ မိမိမစေဟုသာ ပြန်လည် မိန့်ကြားလေသည်။ ထိုအခါ ကြက်ရိုးပင်ရွာကို စားသော ရွာစားမှ နတ်ရှင်နောင်သည် ငဇင်ကာကို စာတခု ပို့ကြောင်း သို့သော် ထိုစာ တွင် မည်သည့်အကြောင်းအရာ ပါသည်ကို မိမိမသိပါဟု လျှောက်ထားရာ အနောက်ဘက်လွန်မင်းလည်း နတ်ရှင်နောင်ကို မြို့လယ်တွင်သတ်စေဟု အမိန့်တော်ချလေသည်။

ငဇင်ကာကိုလည်း တံကျင်တင်ပြီး မြို့လယ်တွင်ထားလေ၏။ သန်လျင်ကိုရပြီးသော် တလခန့်ကြာလျှင် သင်္ဘောငါးစင်းနှင့် ကုလားပသီ ( parsee လူမျိုး၊ အီရန် လူမျိုးမှ ဆင်းသက်လာသူများဖြစ်၏) ၃ ထောင်ကျော်ခန့် သန်လျင်ကိုရောက်လာ၏။ ထိုသူများသည် ငဇင်ကာမှ စစ်ရေးအတွက် အကူအညီတောင်းထားသူများ ဖြစ် လေ၏။အနောက်ဘက်လွန်မင်းလည်း လှေအတွင်းဝန်ကို သူတို့ဘက်မှ စတိုက်လျှင် အပြင်းအထန်ပြန်တိုက်စေဟု အမိန့်ပြန်လေ၏။

ပသီကုလားတို့လည်း သန်လျင်ရောက်လျှင် ငဇင်ကာ၏ အရိပ်အယောင်ကို မမြင်သဖြင့် အင်းဝလှေတပ်ကို စတင်တိုက်ခိုက်လေ၏။ လှေအတွင်းဝန်လည်း အပြင်းအထန်ပြန်လည်ခုခံ၏။ ထိုအခါ သင်္ဘောငါးစင်း အနက် တစင်းမှာ ထွက်ပြေးသွားပြီး လေးစင်းကို ဖမ်းမိလေသည်။ အသက်ရှင်လျက်ရှိသော ကုလားပသီ တို့ကိုလည်း မကွပ်မျက်ဘဲ သန်လျင်တွင်နေရာချပေးလေ၏။

အနောက်ဘက်လွန်မင်းမှ သန်လျင်ကိုတိုက်ခိုက်သိမ်းနိုင်သော သတင်းကို မုတ္တမစားကြားလျှင် ရွှေငွေများ ကို လှေအပြည့်တင်ကာ အင်းဝဘုရင်ထံအညံခံ ၀င်လေ၏။ အနောက်ဘက်လွန်မင်းလည်း မိမိ၏ ညီတော် စစ်ကိုင်းစားကိုရေးမြို့သို့ စေလွှတ်ကာ နယ်စပ်ရေးရာကို ခိုင်မာအောင်လုပ်ဆောင်စေလေ၏။ စစ်ကိုင်းစား ရေးမြို့တွင် ရှိနေသည်ဟု ယိုးဒယားမင်းကြားလျှင် လူသူအများဖြင့် ၀င်ရောက်တိုက်ခိုက်ကာ စစ်ကိုင်းစားကို ဖမ်းမိပြီး ထားဝယ်သို့ ယူဆောင်သွားလေ၏။ (ထိုအချိန်က ထားဝယ်သည် ယိုးဒယားလက် အောက်တွင်ရှိ၏။)

Posted by သမိုင်း ပုံရိပ်